သုရာမေရယသိက္ခာပုဒ်သည် ဘုရားဟော ဟုတ်မဟုတ်… ကာယာနုပဿနာကို ပြောင်းပြီးအားထုတ် သင့်မသင့်…

Q. အရှင်ဘုရား..
(၁) ဒုစရိုက် ၁၀ ပါးရှောင်ကြဉ်ဖို့ကိုသာ မြတ်စွာဘုရား ဟောခဲ့သည်၊ ငါးပါးသီလအဖြစ် သုရာမေရယ ရှောင်ကြဉ်ရသော သိက္ခာပုဒ်မှာ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံပြီးမှ နှောင်းသံဃာတို့ ဖြည့်စွက်သည်ဟု ဖတ်ရပါသည်။ ဟုတ်ပါသလားဘုရား။ တပည့်တော် မူးယစ်သေစာ သောက်စားခြင်း မရှိသလို ထိုသိက္ခာပုဒ်ကို ကျုးလွန်တော့မည်လည်း မဟုတ်ပါ။ သို့သော် အမြတ်တနိုး စောင့်ထိန်းလာခဲ့သော သိက္ခာပုဒ်တစ်ခုသည် ဘုရားဟောမဟုတ်ဟု သိလိုက်ရသဖြင့် ဟုတ် မဟုတ် သိလိုပါသည်ဘုရား။
(၂) နောက်မေးလျှောက်လိုသည်မှာ တပည့်တော်သည် မေတ္တာဘာဝနာ ပွားခြင်းနှင့် ရုပ်နာမ်တို့ကို အနိစ္စဒုက္ခအနတ္တ ရှုခြင်း (ခန္ဓကမ္မဌာန်း) နှစ်မျိုးကို စီးဖြန်းရလျှင် အလွန် ပျော်မွေ့စိတ်အားသန်ပါသည်။ ၀င်လေထွက်လေကို ရှုမှတ်ခြင်း၊ ဖောင်းပိန်ရှုမှတ်ခြင်းများကို ဘယ်လိုကြိုးစားလုပ်လုပ် စိတ်မပါပါ။ ဓမ္မမိတ်ဆွေများ အာနာပါနကမ္မဌာန်း၊ ကာယနုပဿနာ များဖြင့် တရားတက်ကြ၊ တရားတွေ့ကြသည်ကို ကြားသိရလျှင်လည်း အားအလွန်ကျသော်လည်း လိုက်လုပ်လျှင် စိတ်မပါ၊ ကြာရှည် လုပ်လို့ မရပါ။ လက်ရှိ စိတ်အားထက်သန်သော ကမ္မဌာန်းများကိုသာ ဆက်အားထုတ်ရမလား၊ ကာယာနုပဿနာကို စိတ်ဝင်စားလာအောင် စိတ်ကို ပြုပြင်ယူရမလား သိလိုပါသည်ဘုရား။
(အောင်မြင့်)


A. (၁) သုရာမေရယသိက္ခာပုဒ်ဟာ ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီး နောက်မှပေါ်ပေါက်လာတဲ့ သိက္ခာပုဒ်ဆိုတာ မဟုတ်ပါဘူး။ ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူတဲ့ သိက္ခာပုဒ်ဖြစ်ပါတယ်။ ဒုစရိုက်ဆယ်ပါး ရှောင်ရန်ဟောတော်မူသလို သုရာမေရယမှ ရှောင်ရန်လည်း ဟောတော်မူပါတယ်။ အတိအကျပြောရရင် နိဒါန၀ဂ္ဂသံယုတ်၊ ပဉ္စပဒသိက္ခာပုဒ် စာမျက်နှာ ၃၇၇မှာ ငါးပါးသီလကို တိုက်ရိုက်ဟောထားတာရှိပြီး ငါးခုမြောက်အဖြစ် သုရာမေရယဟု တိုက်ရိုက်ပါရှိပါတယ်။ ဒါ့အပြင် ငါးပါးသီလနှင့် စပ်၍ဟောထားချက်များ၊ ငါးပါးသီလစောင့်ထိန်းရကျိုးများ၊ ငါးပါးသီလလွန်ကျူးပြစ်များကို ဟောထားချက်များမှာလည်း သုရာမေရယနှင့်စပ်ပြီး ဟောထားတာများ ပါရှိပါတယ်။ ပိဋကသုံးပုံ နေရာအတော်များများမှာ ဝေနေယျအမျိုးမျိုးကို လိုက်ပြီးဟောထားတဲ့ ငါးပါးသီလနှင့်စပ်လျဉ်းတဲ့ တရားတော်များ အမြောက်အများ ရှိပါတယ်။ ကျမ်းညွှန်းများအဖြစ် ခုဒ္ဒကပါဠိတော်၊ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်၊ ၀ိမာနပါဠိတော်၊ အပါဒါန ပါဠိတော်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်၊ ရာဇသုတ်၊ ဂိဟိသုတ် စသည်တို့တွင် လေ့လာကြည့်ရှုနိုင်ပါတယ်။ ဘုရားဟော ဒေသနာတော်ဆိုတာ သေချာစွာလက်ခံယုံကြည် လိုက်နာသင့်ပါတယ်။ ပါဠိတော်ကျမ်းကိုးများကိုသာ ဒီနေရာမှာ ဖော်ပြပေးလိုက်ပြီး အဋ္ဌကထာအဖွင့်များလည်း များစွာရှိပါတယ်။ အဋ္ဌကထာအဖွင့်များကား ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးမှ ပေါ်ပေါက်လာမှုများ ဖြစ်သဖြင့် မပေးတော့ဘဲ သင်္ဂါယနာတင်ကျမ်းများဖြစ်တဲ့ ပါဠိတော်ကျမ်းကိုးများသာ ဖော်ပြလိုက်ပါတယ်။ သံသယကင်းစွာ လက်ခံပါဟု ထပ်မံတိုက်တွန်းလိုပါတယ်။
(၂) တစ်ဦးနှင့်တစ်ဦး စရိုက်မတူညီတဲ့အတွက် တရားအားထုတ်ရာမှာလည်း နည်းစနစ်များလိုက်ပြီး တရားတက်မှု မတက်မှု ရှိတတ်ပါတယ်။ မေတ္တာဘာဝနာပွားများခြင်း၊ ရုပ်နာမ်တို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုခြင်းတို့ဟာလည်း ကောင်းတဲ့နည်းများဖြစ်ပါတယ်။ ဒါပေမယ့် ဘာဝနာအားထုတ်တဲ့အခါ သမထနည်း ၀ိပဿနာနည်းရယ်လို့ နှစ်မျိုးရှိပါတယ်။ မေတ္တာပွားများခြင်း၊ အနုဿတိပွားများခြင်းများဟာ သမထဘာဝနာများဖြစ်ပြီး သမာဓိအားကောင်းမှုများကို ဖြစ်စေပါတယ်။ ခန္ဓာကိုယ်ကို အနိစ္စ စသည်ရှုသည့်အခိုက်တွင်လည်း ၀ိပဿနာဉာဏ်ဖြစ်အောင် ရှုနိုင်ပါက ကောင်းတဲ့နည်းပဲဖြစ်ပါတယ်။ သို့သော် သတိပဋ္ဌာန်နည်းကျကျ ရှုချင်ပါက အာနာပါနကို အခြေခံသည့် ကာယာနုပဿနာစတဲ့ နည်းများကို တိုက်ရိုက်ကြိုးစား ရှုနိုင်ပါတယ်။ အဲဒီနည်းတွေ ရှုပေမယ့် ဘယ်လိုမှမရဘူးဆိုရင် မိမိနှစ်သက်တဲ့နည်းနဲ့ ရှုနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့ပဲ ရှုရှုဝိပဿနာဆိုတာဟာ ရုပ်နာမ်တို့ရဲ့ ပေါ်ရာပေါ်ရာကိုလိုက်ပြီး သတိကပ်ကာ ရှုမှတ်နေခြင်းကို ဆိုတာဖြစ်တဲ့အတွက် ရုပ်နာမ်တို့အပေါ်မှာ သတိမပြတ် ရှုမှတ်နေနိုင်ခြင်းဟာ အဓိကကျပါတယ်။ လိုက်ပြီး ရှုမှတ်တယ်ဆိုတာ သတိကပ်ပြီး လိုက်သိနေတာကို ပြောတာပါ။ စိတ်မှာ တစ်ခုခုပေါ်ရင်လည်း ပေါ်တဲ့အတိုင်းလိုက်သိ။ ခန္ဓာကိုယ်မှာ ပူ၊ အေး၊ နာကျင် စသည်တစ်ခုခု ပေါ်ရင်လည်း ပေါ်တဲ့အတိုင်း လိုက်လိုက်ပြီး သိနေတာကို ရှုမှတ်တယ်လို့ ဆိုတာပါ။ အဲဒီလို ရုပ်နာမ်တို့ရဲ့ ပေါ်ရာပေါ်ရာကို လိုက်ပြီးရှုမှတ်နေခြင်းဟာလည်း ခုနပြောခဲ့တဲ့ ကာယာနုပဿနာ စတဲ့သတိပဋ္ဌာန်လေးပါမှာ အကျုံးဝင်ပြီး ဖြစ်ပါတယ်။ အာနာပါနပဲဖြစ်ဖြစ်၊ ဖောင်းတာပိန်တာပဲဖြစ်ဖြစ် အခြေခံအားဖြင့် ကာယာနုပဿနာမှာ အကျုံးဝင်ပြီးဖြစ်တဲ့အတွက် အားထုတ်တဲ့ ယောဂီအနေဖြင့် ၀ိပဿနာဖြစ်အောင် စိတ်မှာပဲပေါ်ပေါ် ခန္ဓာကိုယ်မှာပဲပေါ်ပေါ် ဖြစ်သမျှ ပေါ်သမျှ အာရုံများမှာ သတိကပ်ပြီး လိုက်ရှုမှတ်နေခြင်းဟာ အဓိကကျပါတယ်။ ဒါကြောင့် သမထနည်းမဟုတ်ဘဲ ၀ိပဿနာနည်း ဖြစ်ပါက ဘယ်နည်းမဆို မိမိအားသန်ရာကို လိုက်ပြီး အားထုတ်နိုင်တာ ဖြစ်တဲ့အတွက် ကိုယ်နဲ့သင့်လျှော်ကိုက်ညီတဲ့ နည်းကိုသာ သတိကပ်လျက် ပေါ်ရာပေါ်ရာလိုက်ကာ ကြိုးစားရှုမှတ် အားထုတ်ကြည့်ပါဟု တိုက်တွန်းလိုပါတယ်။

Read more »

အရဟံဂုဏ်တော်အား ကြည်ညိုကြည့်ခြင်း…

မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးတို့တွင် အရဟံ ဂုဏ်တော်ကို ပထမဆုံးဂုဏ်တော်အဖြစ် ပိဋကတ်စာပေများ၌ တွေ့ရမည်ဖြစ်၏။ ဘုရားရှင်၏ဂုဏ်တော်များ အကြောင်းပြောကြလျှင်လည်း အရဟံစသော ဂုဏ်တော်ကိုးပါးဟူ၍ ပြောလေ့ရှိကြ၏။ ထို့အပြင် အရဟံဂုဏ်တော်နှင့် ပတ်သက်၍လည်း အဋ္ဌကထာများတွင် အမျိုးမျိုးဖွင့်ဆို ချီးကျူးတော်မူကြ၏။ ထင်ရှားသည့် ဖွင့်ဆိုချက်များမှာ

မြတ်စွာဘုရားသည်…
၁။ အလုံးစုံသော ကိလေသာအပေါင်းမှ ကင်းစင်တော်မူခြင်း
၂။ သံသရာစက်လည်ပတ်မှု အကန့်တို့ကို ဖျက်ဆီးတော်မူပြီးဖြစ်ခြင်း
၃။ လူ၊ နတ်၊ ဗြာဟ္မာ သတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ခြင်း
၎။ အလုံးစုံသော ကိလေသာမှန်သမျှကို အကြွင်းအကျန်မရှိ ပယ်သတ်တော်မူပြီးဖြစ်ခြင်း
၅။ ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုအကုသိုလ်ကို ပြုတော်မမူတတ်ခြင်း စသော အကြောင်းတို့ကြောင့် အရဟံဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏ ဟူသည့် ဖွင့်ဆိုချက်များ ဖြစ်၏။


ထိုဂုဏ်တော်အဖွင့်များတွင် စာရေးသူနှင့် စာဖတ်သူတို့ အထူးသဖြင့် ကြည်ညိုကြည့်သင့်သည့် အချက်မှာ နံပါတ် (၅) အဖွင့်ဖြစ်သည့် ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုအကုသိုလ်ကို ပြုတော်မမူခြင်း ဟူသော အချက်ပင်ဖြစ်၏။ ထိုဖွင့်ဆိုချက်ကို မိမိတို့၏ ကိုယ်တွေ့အခြေအနေနှင့် ချိန်ထိုးကြည့်လျှင် ပိုပြီးကြည်ညိုတတ်ပေမည်။ မိမိတို့ တစ်ယောက်တည်း တိတ်ဆိတ်ပြီး မမြင်ကွယ်ရာမှာ ရှိနေသည့်အခိုက် ဖြစ်တတ်သည့် စိတ်အစဉ် အခြေအနေများနှင့် ယှဉ်ကြည့်လျှင် ပိုပြီးထင်ရှား၏။ မှန်ပါသည်။ မည်သူမဆို ပုထုဇင်မှန်သမျှ စိတ်အစဉ် မတည်ငြိမ်ကြသဖြင့် မကောင်းသည့် အကုသိုလ်များနှင့် မပြတ်ယှဉ်တွဲ နေတတ်ကြ၏။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တို့ကို အမှီပြု၍ မကောင်းသည့် ကာယကံမှုများ၊ ၀စီကံမှုများ၊ မနောကံမှုများ ဖြစ်ပေါ်တတ်ကြ၏။ အထူးသဖြင့် မမြင်ကွယ်ရာတွင် ရှိသည့်အခိုက်၌ ပိုပြီးဖြစ်တတ်ကြ၏။ တစ်ခါတစ်ရံ အခန်းထဲတွင် တစ်ယောက်တည်း ရှိသည့်အခါ အာရုံတစ်ခုခုကို အမှီပြု၍ မကောင်းသည့် အကုသိုလ်များ ဖြစ်ပေါ်တတ်သည်ကို သတိပြုမိကြမည်ဖြစ်၏။ တစ်ယောက်တည်း ရှိနေသည့်အခိုက်တွင် စိတ်ကိုသတိဖြင့် မကပ်ဘဲ နေမိပါက တစ်စုံတစ်ယောက်ကို အကြောင်းပြု၍ဖြစ်စေ၊ တစ်စုံတစ်ခုကို အကြောင်းပြု၍ဖြစ်စေ မကောင်းသည့် စိတ်အတွေးများ ဖြစ်ပေါ်တတ်ကြ၏။ ယင်းမကောင်းသည့် စိတ်အတွေးတွင် မရပ်မိကြဘဲ လက်တွေ့ကာယကံမြောက် ပြုသည်အထိ အာရုံနောက်ကို စိတ်လိုက်ကာ ကျူးလွန်မိတတ်ကြ၏။

စိတ်ဟူသည်ကလည်း အခက်သားပင်။ အပြောင်းအလဲ အဖြစ်အပျက် မြန်ဆန်လှသည့်အတွက် တဒင်္ဂအခိုက်မှာပင် အကုသိုလ်မျိုးစုံကို ကျူးလွန်မိတတ်၏။ အပြုခံအာရုံနှင့် ပြုတတ်သည့်သဘော တို့ကြောင့် ဖြစ်ပေါ်လာတတ်သည့် စိတ်အမျိုးမျိုးသည် အကြောင်းအကျိုး ဆက်စပ်နေ၏။ ဥပမာအားဖြင့် ရူပါရုံနှင့် စက္ခုပသာဒတို့ ပေါင်းစုံမိသည့်အခါ စက္ခုဝိညာဏ်ဟူသော မြင်သိစိတ်ဖြစ်သကဲ့ ဖြစ်၏။ တစ်ယောက်တည်း ရှိနေသော်လည်း အာရုံတစ်ခုခုကို အမှီပြု၍ မကောင်းသည့် အကုသိုလ်များ ဖြစ်ပေါ်တတ်၏။ တစ်ယောက်တည်း မမြင်ကွယ်ရာ အရပ်မှာဖြစ်နေခြင်းကပင် မကောင်းသည့် အကုသိုလ်များ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးသကဲ့သို့ ဖြစ်နေတတ်၏။ ``ငါတစ်ယောက်တည်း ရှိတာပဲ… ဘယ်သူ့မှ မသိလောက်ပါဘူးလေ… `` စသည့် စိတ်အကြံဖြင့် မကောင်းမှုကို ကျူးလွန်မိတတ်၏။ ထိုသို့ တစ်ယောက်တည်း ရှိနေသည့်အခိုက်တွင် တရားနာခြင်း၊ တရားအားထုတ်ခြင်းစသည့် ကောင်းသည့်စိတ်၊ ကောင်းသည့်လုပ်ရပ်များထက် ``ဘယ်သူမှ မရှိတုန်း ... ဘာလေးတော့ လုပ်လိုက်ဦးမှ… ဘာလေးတော့ ကြည့်လိုက်ဦးမှ…`` စသည့် မကောင်းသည့် စိတ်အကြံ၊ လုပ်ရပ်များက ပို၍အဖြစ်များတတ်၏။ အဘယ့်ကြောင့်ဆိုသော် စိတ်၏ သဘောကပင် ` မကောင်းမှုမှာ မွေ့လျော်တတ်ခြင်း (ပါပသ္မိံ ရမတိ မနော)` သဘော ရှိသည်၏ အဖြစ်ကြောင့်ဖြစ်၏။

အမှန်စင်စစ် တစ်ယောက်တည်း ဆိတ်ကွယ်ရာ အရပ်၌ ရှိနေသဖြင့် မည်သူမျှ မသိလောက်ပါဘူးဟူသော အတွေးဖြင့် မည်သည့်အလုပ်ကို မည်မျှပြုလုပ်သည်ဖြစ်စေ အခြားသူများ မသိနိုင်သော်လည်း မိမိကိုယ်ကို မိမိကား သိနိုင်၏။ မိမိကိုယ်ကို မိမိလိမ်လည် လှည့်စား၍မရနိုင်ပေ။ တိတ်ဆိတ်ကွယ်ရာမှာ မည်မျှပင် ရှောင်တိမ်းပြီး နေပါစေ မိမိစိတ်ကိုကား ရှောင်တိမ်း၍ မရနိုင်ပေ။ တိတ်ဆိတ်ကွယ်ရာတွင် ကောင်းသည့်အလုပ်များဖြင့် နေနိုင်ပါက အတိုင်းထက်အလွန် ကောင်းသော်လည်း မကောင်းသည့် အတွေးအကြံများဖြင့် မကောင်းမှုများကို ပြုလုပ်မည်ဆိုပါက မည်မျှပင် မမြင်ကွယ်ရာ၌ပင် ဖြစ်ပါစေ ဖုံးကွယ်၍ မရနိုင်ပေ။ ပတ်ဝန်းကျင်ကို ဖုံးကွယ်၍ ရနိုင်သော်လည်း မိမိကိုယ်ကို ဖုံးကွယ်လိမ်ညာ၍ မရပေ။ အဘယ့်ကြောင့်ဆိုသော် မိမိ၏လုပ်ရပ်ကို မိမိသာလျှင် အသိဆုံးဖြစ်သောကြောင့်ပင် ဖြစ်၏။ ထို့ကြောင့်လည်း မကောင်းမှုသည် ဆိတ်ကွယ်ရာမရှိဟု ဆိုကြခြင်းဖြစ်၏။ ဆိတ်ကွယ်ရာ မရှိသကဲ့သို့ စိတ်ကွယ်ရာလည်း မရှိပေ။ မည်သူမျှ မသိလောက်သည့် ဆိတ်ကွယ်ရာ အရပ်ပင် ဖြစ်သော်လည်း မိမိ၏ စိတ်ကွယ်ရာအရပ်ကား မရှိနိုင်ဟူသော သဘောကို ဆိုလို၏။ မြတ်စွာဘုရားသည် ထိုသဘောကို လွန်မြောက်ပြီးသည့် အတုမရှိ အနှိုင်းမဲ့ဖြစ်၏။

မှန်ပါသည်။ မြတ်စွာဘုရားရှင်သည်ကား အလုံးစုံသော ကိလေသာမှန်သမျှကို အကြွင်းအကျန်မရှိ ပယ်သတ်တော်မူပြီးသည်၏ အဖြစ်ကြောင့် မည်မျှပင် ဆိတ်ကွယ်ရာ အရပ်ဖြစ်သော်လည်း မကောင်းမှု အကုသိုလ်ကို မပြုတော့ပေ။ မိမိတို့ ပုထုဇင်များသည် ``ပုထုကိလေသေ ဇနေတီတိ ပုထုဇ္ဇနော- ကိလေသာတို့ မပြတ်ဖြစ်နေတတ်သောကြောင့် ပုထုဇင် မည်၏`` ဟူသည့် အဖွင့်အတိုင်းပင် ကိလေသာများဖြင့် အမြဲမပြတ် ဆက်ဆံနေတတ်ကြ၏။ အာရုံအမျိုးမျိုးကို အမှီပြု၍ မကေင်းမှုများ မပြတ်ဖြစ်ပေါ် နေတတ်၏။ အများနှင့်နေသည့် အခါဖြစ်စေ၊ တစ်ယောက်တည်း နေသည့်အခါဖြစ်စေ မကောင်းသည့် အကုသိုလ်များ ဖြစ်နေတတ်ကြ၏။ တစ်ခါတစ်ရံ ``မမြင်အပ်ရာ ကိလေသာ သူဟာသူငြိမ်း၏`` ဟူသော မဟာစည်ဆရာတော်ကြီး၏ ဆုံးမမှုအတိုင်း အပြင်မထွက်၊ ပြင်ပရှိ အာရုံများနှင့် မတွေ့သည့်အတွက် အကုသိုလ် ကိလေသာများ မဖြစ်နိုင်သော်လည်း မည်မျှပင် တစ်ယောက်တည်း ဆိတ်ကွယ်ရာ အရပ်တွင် ရှိနေပါစေ မိမိ၏စိတ်ကိုမိမိ ကောင်းသည့်အာရုံများနှင့် ရှိနေအောင် အားမထုတ်ပါက မကောင်းမှုများ ပို၍ဖြစ်ပေါ်လာတတ်၏။ စင်စစ် အများနှင့်နေသည်ဖြစ်စေ တစ်ယောက်တည်း ရှိနေသည်ဖြစ်စေ မိမိ၏စိတ်မှာ မကောင်းသည့် ကိလေသာများ မဖြစ်ရန် အရေးကြီး၏။ အထူးသဖြင့် ဆိတ်ကွယ်ရာ အရပ်တွင် တစ်ယောက်တည်း ရှိနေသည့်အခါ မကောင်းသည့် အတွေးအမြင် အကြံအစည်၊ အပြောအဆို၊ အလုပ်အကိုင်များ မဖြစ်ရန် လိုအပ်၏။ ထိုကြောင့် ထိုသို့ ဆိတ်ကွယ်ရာမှာ တစ်ယောက်တည်း ရှိနေသည့်အခါ မြတ်စွာဘုရားရှင်၏ အရဟံ ဂုဏ်တော်ကို အာရုံပြုလျှက် ``ဘုရားရှင်သည် ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှု အကုသိုလ်ကို ပြုတော်မမူပါတကား`` ဟု မြတ်ဗုဒ္ဓထံ စိတ်ညွှတ်၍ မကောင်းသည့် စိတ်မဖြစ်အောင် ကြိုးစားသင့်၏။ မမြင်ကွယ်ရာမှာ တစ်စုံတစ်ခု မကောင်းမှုအကုသိုလ် ဖြစ်ရန်အကြောင်း ပေါ်လာသည့်အခါ မြတ်စွာဘုရားရှင်၏ ဤအရဟံ ဂုဏ်တော်အဖွင့်ကို အာရုံပြု၍ မပြုဖြစ်အောင် အလေ့အကျင့် လုပ်ပေးသင့်၏။ စိတ်ဟူသည် တဖြည်းဖြည်း လေကျင့်ပေးရသည့် သဘောရှိသည့်အတွက် အသေးအဖွဲလေးဟူ၍ အထင်မသေးဘဲ တတ်နိုင်သမျှ လေ့ကျင့်ပေးရန် လိုအပ်၏။ အရဟံဂုဏ်တော်ကို စံပြု၍ မိမိတို့ သန္တာန်မှာ ဖြစ်ပေါ်လာမည့် မကောင်းစိတ်များကို တဖြည်းဖြည်း ဖယ်ရှားနိုင်အောင် ကြိုးစားသင့်၏။

သို့ဖြစ်၍ ဘုရားရှင်ကို ကြည်ညိုသည့်ပုဂ္ဂိုလ်များ သိထားရမည့်အချက်မှာ နှလုံးသားဝယ် ဘုရားတည်နိုင်အောင် ကြိုးစားသင့်သည့် အချက်ပင်ဖြစ်၏။ နှလုံးသားဝယ် ဘုရားတည်သည်ဆိုရာတွင် ဘုရားရှင်၏ အဆုံးအမအတိုင်း နေထိုင်ခြင်းကို ဆိုလို၏။ ဘုရားရှင်သည် ကိုးကွယ်သူများအတွက် နည်းပြလမ်းညွှန်ပေးသည့် အနှိုင်းမယ့် အရှင်ဖြစ်၏။ ဘုရားရှင်ကို အမှန်တကယ် ကြည်ညိုသည်ဆိုပါက ဘုရားရှင်ထုံး နှလုံးမူသင့်၏။ ဘုရားရှင်သည် ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှုအကုသိုလ်ကို မပြုတတ်သည်ကို အတုယူကာ မိမိတို့သည်လည်း ဆိတ်ကွယ်ရာ အရပ်တွင် မကောင်းမှု အကုသိုလ်ကို မပြုမိအောင် ကြိုးစားအားထုတ်သင့်၏။ ဤကဲ့သို့ နေပြခြင်းသည် ဘုရားရှင်ကို ပူဇော်ရာရောက်၏။ ဘုရားရှင်၏ အဆုံးအမကို နှလုံးသားဝယ် အမှန်တကယ် တည်ပြရာရောက်၏။ ထို့ကြောင့် စာရေးသူအပါအ၀င် အားလုံးသော ဗုဒ္ဓဘာသာဝင် သူတော်စင်များသည် နှလုံးသားဝယ် ဘုရားတည်ရာရောက်အောင် ``ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှု အကုသိုလ်ကို ပြုတော်မမူ တတ်သည်ဖြစ်၍ အရဟံ`` ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူသည့် ဘုရားရှင်၏ ဂုဏ်ကို အာရုံပြု ကြည်ညိုပြီး မိမိတို့လည်း ဆိတ်ကွယ်ရာအရပ်တွင် ရှိသည့်အခါ မကောင်းမှု အကုသိုလ်ကို မပြုဖြစ်အောင် ကြိုးစားကာ ဘုရားရှင်အား ပူဇော်ကြပါစို့ ဟူ၍….

Read more »

နီးပါလျက်နဲ့ မဝေးစေလို…

``တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခု၏ တန်ဘိုးကို ဝေးနေသည့်အခါ၊ မရှိသည့်အခါမှ ပိုပြီးသိရ၏`` ဟု ပြောလေ့ရှိကြ၏။ မှန်ပါသည်။ တန်ဘိုးသိမှ တန်ဘိုးရှိ၏ဟု ဆိုသည့်အတိုင်းပင် တန်ဘိုးဟူသည် ထိုတန်ဘိုးကို မသိနားမလည်ပါက အနီးကပ်နေသော်လည်း အလေးမထားမိ၊ ဂရုမပြုမိပဲ ရှိတတ်ကာ ဝေးနေသကဲ့သို့ ဖြစ်တတ်၏။ ဝေးနေသော်လည်း တန်ဘိုးကိုသိသဖြင့် နီးအောင်လုပ်ကာ အလေးဂရုပြုကြသဖြင့် နီးနေသကဲ့သို့ ဖြစ်တတ်၏။ ဤနေရာတွင် ပြောလိုသည့် တန်ဘိုးဟူသည် ဘ၀တန်ဘိုး၊ စစ်မှန်သည့်အမှန်တရား၏ တန်ဘိုး၊ ကိုးကွယ်ခံထိုက်၊ အားကိုးထိုက်သည့် ရတနာတို့၏ တန်ဘိုးကို ဆိုလို၏။ ထိုတန်ဘိုးများသည် မိမိတို့အနီးတွင် ရှိနေသော်လည်း အလေးမထားမိ၊ တန်ဘိုးမထားမိ၊ ရယူရကောင်းမှန်း မသိမှု စသည်စသည့် မသိမှုများကြောင့် နီးကားနီး၏ သို့သော်ဝေးနေ၏ဟု ဆိုရခြင်းဖြစ်၏။

ထိုသဘောသည် အခြားအရာများထက် မျက်မှောက်ခေတ် မြန်မာဗုဒ္ဓဘာသာ အများအတွက် ပို၍မှန်နေသည်ဟုပင် ဆိုရမလို ဖြစ်နေ၏။ ခေတ်ကာလ ပြောင်းလဲမှုအနေ အထားအရ မြန်မာဗုဒ္ဓဘာသာ အများစုတို့သည် အနှစ်သာရ တန်ဘိုးများနှင့် နီးလျက်နဲ့ဝေးနေသကဲ့သို့ ဖြစ်နေကြ၏။ အူမတောင့်မှ သီလစောင့်၏ဟူသော စကားအတိုင်းလိုက်ကာ အူမတောင့်အောင် ကြိုးစားရင်း အချိန်ကုန်ကောင်းနေကြ၏။ ရုပ်ပိုင်းဆိုင်ရာနောက်ကို လိုက်ရင်း အနှစ်သာရများနှင့် ဝေးဝေးလာကြ၏။ အူမတောင့်အောင် ကြိုးစားပြီးရင် သီလစောင့်မယ်ဟူသော ရည်ရွယ်ချက်များဖြင့် ကြိုးစားနေကြသည်ဆိုက မည်သည့်အချိန်တွင် အူမတောင့်ကြမည်နည်း။ ထိုသို့ကြိုးစားရင်းဖြင့် သီလစောင့်ချိန် မရောက်တော့ဘဲ ဘ၀ပြောင်းသွားကြသည် မှာလည်း မရေမတွက်နိုင်အောင် ရှိနေကြ၏။ အရာအားလုံးသည် အမြဲတမ်းမတည်မြဲ ပြောင်းလဲနေသည်ကို သတိပြုပြီး ယခုလို နီးနေသည့်အခိုက်တွင် တန်ဘိုးကိုသိကာ အရယူရမည့်အချိန်တွင် ရုပ်ပိုင်ဆိုင်ရာနောက်ကို လိုက်နေကြသဖြင့် အနှစ်သာရ တန်ဘိုးများနှင့် ဝေးနေကြခြင်းဖြစ်၏။ သို့ဆိုလျှင် မည်သည့်အချိန်တွင် အလိုပြည့်မည်နည်း၊ မည်သည့်အချိန်တွင် အနှစ်သာရ တန်ဘိုးတွေဘက်ကို လှည့်ကြမည်နည်းဟု မိမိတို့ကိုယ်ကို ပြန်လည်မေးစိစစ်ရန် လိုအပ်လာပေ၏။ မဆုံးနိုင်သည့် လောဘအလိုကို လိုက်နေမည်ဆိုပါက အနှစ်သာရများနှင့် နီးနေသော်လည်း တဖြေးဖြေးဝေးနေကြမည်မှာ အမှန်ပင်ဖြစ်၏။

အမှန်စင်စစ် စာရေးသူတို့ မြန်မာနိုင်ငံသည် ကျန်သည့်အရာများတွင် ဂုဏ်ယူနိုင်စရာ မရှိသော်လည်း ဘာသာတရားနှင့် ပတ်သက်လာလျှင် ကမ္ဘာမှာ မြန်မာဟု လက်မထောင်နိုင်၏။ အထူးသဖြင့် ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် ပတ်သက်လာလျှင် ထေရ၀ါဒနိုင်ငံချင်းတူသည့် သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဘောဒီယား၊ လာအိုနိုင်ငံတို့ထက် အစစအရာရာ ပြည့်စုံသည့်အပြင် ကမ္ဘာတွင်လည်း ထင်ရှားသည့် နိုင်ငံဖြစ်၏။ မြတ်ဗုဒ္ဓ၏ တရားတော်များကို ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွပ်ခြင်းမပြု တစ်သမတ်တည်း ထိန်းသိမ်းစောင့်ရှောက် ထားသည့်နိုင်ငံအဖြစ်၊ မြတ်ဗုဒ္ဓသက်တော်ထင်ရှား ရှိစဉ်ကအတိုင်း လိုက်နာကျင့်သုံး နေထိုင်သည့်နိုင်ငံအဖြစ်၊ မြန်မာနိုင်ငံသည်သာ ဗုဒ္ဓနိုင်ငံတော်အဖြစ် တင်စားရလောက်အောင် ဗုဒ္ဓဘာသာနှင့် ပတ်သက်လာလျှင် ထင်ရှားသည့် နိုင်ငံဖြစ်၏။ မြန်မာနိုင်ငံသို့ သွားရောက်ကာ ပြန်လာကြသည့် နိုင်ငံခြားသားများကဆိုလျှင် မြန်မာနိုင်ငံသည်သာ အမှန်တကယ် ချမ်းသာသည့်နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်သားတို့သည် ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့ဆင်းရဲကြသော်လည်း စိတ်ပိုင်းဆိုင်ရာတွင် အခြားနိုင်ငံများထက်သာကြောင်း စသည်ဖြင့် ဂုဏ်ယူစွာ ပြောဆိုလေ့ရှိတတ်ကြ၏။ ထို့ကြောင့်လည်း ၎င်းတို့ကိုယ်တိုင် မြန်မာနိုင်ငံသို့ သွားရောက်ကာ အပင်ပန်းအဆင်းရဲခံပြီး တရားဓမ္မများ ကျင့်ကြံအားထုတ်ကြ၏။ ဓမ္မအနှစ်သာရများကို တွေ့ရှိကာ ရဟန်းဘ၀ကို ခံယူသည်အထိ ၎င်းတို့ဘ၀ကို ပြောင်းလဲလိုက်ကြ၏။ အချို့မဟာယာနရဟန်းတော်များ ဆိုလျှင်လည်း မိမိတို့မဟာယာန ရဟန်းအဖြစ်ကို စွန့်လွတ်ကာ ထေရ၀ါဒ ရဟန်းအဖြစ်ခံယူ၍ ၀ိနည်းသိက္ခာ အကျင့်တရားများကို စောင့်ထိမ်းကုန်ကြ၏။ ထို့အပြင် မိမိတို့ဆိုင်ရာ နိုင်ငံအသီးသီးသို့ ပြန်ရောက်သည့်အခါတွင်လည်း မိမိတို့ရရှိခဲ့သည့် အနှစ်သာရတန်ဘိုးများကို တစ်ဆင့် ပြန်လည် ဖြန့်ဝေပေးနေကြသည်ကို တွေ့ရ၏။ ထိုသူတို့၏ လက်တွေ့ဆောင်ရွက်ချက်များကို ကြည့်ပါက ဝေးနေသော်လည်း နီးနေကြသူများဖြစ်နေကြသည်ကို တွေ့ရမည်ဖြစ်၏။ တန်ဘိုးကိုသိသဖြင့် တန်ဘိုးရှိသူများ ဖြစ်နေကြ၏။

တစ်ဘက်ကပြန်ကြည့်လျှင် စာရေးသူတို့ မြန်မာဗုဒ္ဓဘာသာများသည် ထိုသူတို့ထင်သကဲ့သို့ လက်တွေ့ဘ၀မှာ အမှန်တကယ်ချမ်းသာသူများ ဖြစ်ကြ၏လားဟု မိမိကိုယ်ကို မိမိစစ်တမ်းထုတ်ရန် လိုအပ်လာ၏။ နိုင်ငံခြားသားများ ကောက်ချက်ချသကဲ့သို့ မိမိတို့နိုင်ငံသည် အနှစ်သာရရှိ၊ တန်ဘိုးရှိသည့် ဗုဒ္ဓနိုင်ငံဖြစ်နေသော်လည်း မိမိတို့ကိုယ်တိုင် ထိုအနှစ်သာရများကို ရရှိနေကြပြီလားဟု ပြန်လည်သုံးသပ်ရန် လိုအပ်လာ၏။ စင်စစ် လက်တွေ့မျက်မှောက် ဘ၀တွင် ထိုသို့မဟုတ်ကြပေ။ မြန်မာဗုဒ္ဓဘာသာဝင် အများစုသည် အမည်ခံဗုဒ္ဓဘာသာဝင် အများစုသာ ဖြစ်နေကြသည်ကို တွေ့ရ၏။ ဗုဒ္ဓဘာသာဟု အမည်ခံထားသော်လည်း မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များသာ တဖြည်းဖြည်းများလာကြ၏။ ဗုဒ္ဓဘာသာဟု ဆိုသော်လည်း ဗုဒ္ဓအကြောင်းမသိ၊ ဗုဒ္ဓ၏အဆုံးအမကို နားမလည်၊ ဗုဒ္ဓ၏ ညွှန်ကြားချက်ကို မလိုက်နာသည်များက များနေ၏။ ထိုသို့ မသိမှုများနေသည်ကို တတ်သိနားလည်သည့် ရဟန်းသံဃာ၊ လူပုဂ္ဂိုလ်များထံ မေးမြန်းရန်လည်း အားမထုတ်ကြဘဲ ဖြစ်နေကြ၏။ သိတတ်နားလည်မှု ပညာအားနည်းလာ ကြသဖြင့် ကိုယ်ကျင့်သီလ စောင့်ထိမ်းမှုများလည်း ချို့တဲ့လာကြ၏။ တစ်ဘက်ကပြန်ကြည့်လျှင် တိုင်းပြည်မပြည့်စုံမှုကြောင့် လူတွေကိုယ်ကျင့်သီလ ပျက်ဆီးကြသည်ဟု ဆိုနိုင်သော်လည်း ကိုယ်ကျင့်သီလဟူသည် ကိုယ်ကိုယ်တိုင်ကျင့်ရသည့် သီလဖြစ်သဖြင့် မည်သူတရား ပျက်ပျက်ကိုယ်မပျက်အောင် နေမည်ဆိုသည့် ခံယူချက်ထားမည်ဆိုက အထိုက်အလျောက် ထိမ်းနိုင်ကြမည်ဖြစ်၏။ တိုင်းပြည်မွဲသည့်အတွက် ကိုယ်ကျင့်သီလပျက်ကြသည်ဟု ဆိုလျှင် ချမ်းသာသည့် နိုင်ငံများတွင်လည်း ကိုယ်ကျင့်သီလ ပျက်နေကြသည်ပဲ မဟုတ်လားဟု စောဒကတက်နိုင်၏။ မည်သို့ဆိုစေ ကိုယ်ကိုယ်တိုင် ကျင့်နိုင်ပါက ပျက်စရာအကြောင်း နည်းနိုင်၏။ တစ်ဘ၀ တစ်နပ်စား မလုပ်မိရန်သာ အရေးကြီး၏။

စင်စစ် အခြေခံအားဖြင့် ကြည့်ပါက ဘာသာတရားအပေါ် မသိမှုများလာခြင်းသည် အကြောင်းပေါင်း စုံသွား၍သာ ဖြစ်၏။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများကြောင့် ယခင်က မခံစားဖူးသေးသည့် အသစ်အဆန်း ရုပ်ဝတ္ထုများနောက်ကို လိုက်နေကြသည်က တစ်ကြောင်း၊ မိဘဆရာသမားများ၏ သွန်သွင်သင်ဆုံးမမှုကို ခံယူရန်လိုအပ်သော်လည်း မိဘများမှာ စားဝတ်နေရေးအတွက် ကြိုးစားရှာဖွေနေရသဖြင့် အချိန်မပေးနိုင်သည်က တစ်ကြောင်း၊ မညှာတမ်းပြောရလျှင် ယနေ့ခေတ် မိဘများကိုယ်တိုင် ဘာသာတရား အနှစ်သာရများနှင့် မသိဝေးကွာလာနေသည်က တစ်ကြောင်း၊ လူငယ်များကိုယ်တိုင်ကပင် ယုံကြည်မှုသဒ္ဓါတရား နည်းလာကြသဖြင့် ဘာသာတရားရဲ့ အားနည်းချက်များကို ကြည့်ကာ ဘာသာတရား မရှိလည်းဖြစ်သည် ဟူသည့် အတွေးများဝင်လာသည်က တစ်ကြောင်း စသည့်စသည့် အကြောင်းများကြောင့် ဖြစ်သည်ဟု ဆိုနိုင်၏။

သို့သော် ဖြေသာစရာ ကောင်းသည်မှာ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာလူငယ်များသည် အခြားနိုင်ငံများတွင် ကြုံတွေ့ကြရသည့် လောကဓံအမျိုးမျိုးကြောင့် စိတ်ဓာတ်အမျိုးမျိုကျလာရာက ငြိမ်းချမ်းမှုကိုရှာရင်း ဘာသာတရား၏ အနှစ်သာရများကို တွေ့ရသဖြင့် ဘာသာတရားအပေါ် တဖြည်းဖြည်းပြန်လည် စိတ်ဝင်တစား လေ့လာ အားထုတ်လာကြည့်သည့်အပြင် မိမိတို့သိသမျှကို တစ်ဆင့်ပြန်၍ မျှဝေပေးလာကြသည်ကို တွေ့ရသည့် အချက်ပင်ဖြစ်၏။ ခလုပ်ထိမှ အမိတကြသည်ဟုပဲ ပြောပြော၊ ဝေးမှတန်ဘိုး သိသည်ဟုပဲ ဆိုဆို ဤကဲ့သို့ ဘာသာတရား အပေါ်စိတ်ဝင်တစား ရှိလာကြသည်ကပင် ဖြေသာစရာ တစ်ခုဖြစ်လာမိ၏။ မဖြေနိုင်သည်က ပြည်တွင်းရှိ နီးပြီးဝေးနေကြသူများနှင့် ပြည်ပရောက်နေသော်လည်း အပျော်အပါး၊ အသောက်အစား၊ အလောင်းအစားများနှင့် အချိန်ကုန်နေကြသူများ အတွက်ဖြစ်၏။ ထိုသူများအတွက် ရင်လေးလာမိ၏။ မည်သည့်အချိန်တွင် အနှစ်သာရများ နောက်ကိုလိုက်ကြမည်နည်းဟု မေးခွန်းထုတ်လာမိ၏။ ငယ်ပါသေးသည် နောက်မှလေ့လာ ကျင့်ကြံအားထုတ်ကြတာပေါ့ဟု ဆိုပါက အဲဒီအချိန်မရောက်မီ သေသွားပါက မည်ကဲ့သို့ဖြေကြမည်နည်းဟု တွေးကာ ကရုဏာသက်လာမိ၏။ နောင်တရသည့်အချိန်သည် နောက်ကျသွားသည့် အချိန်မဖြစ်ပါစေနှင့်ဟု ဆုတောင်းနေမိ၏။ အားလုံးသိကြသည့်အတိုင်း သေခြင်းတရားဟူသည် အချိန်၊ အရွယ်သတ်မှတ်ချက်မရှိ အမြဲလာနေတတ်သောကြောင့် ဖြစ်၏။ မသေမီ မိမိဘ၀အတွက် ဘာလုပ်ပြီးပြီလဲဟု မေးကြည့်ရန် လိုအပ်၏။ မလုပ်ရသေးလျှင် အချိန်မရှိတော့သဖြင့် ယခုထလုပ်ရန် လိုအပ်နေပြီဖြစ်၏။

အခြားသူများ၊ အခြားနိုင်ငံသားများနှင့် စာလျှင် မိမိတို့မြန်မာ နိုင်ငံသားများမှာ စစ်မှန်သည့် အနှစ်သာရများ အဆင်သင့်ရှိ၏။ အနီးလေးမှာ ရှိ၏။ သို့ဖြစ်လျှက် မည်သည့်အတွက်ကြောင့် ဝေးအောင်လုပ်နေကြသနည်းဟု မိမိကိုယ်ကို မေးခွန်းထုတ်ရန် လိုအပ်လာ၏။ အဝေးမှာ ရှိသူများက စစ်မှန်သည့်အနှစ်သာရ အတွက် မိုင်ပေါင်းမြောက်များစွာ ဝေးကွာသည့်အရပ်မှလာ၍ ငွေကုန်၊ အချိန်ကုန်၊ လူပင်ပန်းခံကာ လာရောက်လေ့လာနေကြပါလျက် အနီးလေးမှာရှိသည့် မိမိတို့က မည်သည့်အတွက် ဝေးနေကြသနည်းဟု မိမိကိုယ်ကို စိစစ်ရန် လိုအပ်လာ၏။ အခြားဘာသာဝင်များနှင့် တွေ့ဆုံစကား ပြောကြသည့်အခါ မိမိတို့က မိမိတို့ကိုးကွယ်သည့်ဘာသာ အကြောင်းဘာမှ မသိမပြောတတ်သည့်အခါ မိမိတို့ဘာတွေ လိုအပ်နေသည်ကို ဆင်ခြင်ရန် လိုအပ်လာ၏။ အတိုဆုံးနှင့် အလွယ်ဆုံး ပြောရလျှင် နီးလျက်နဲ့ ဝေးနေကြသောကြောင့်သာ ဖြစ်၏ဟု ဆိုနိုင်၏။

သို့ဖြစ်၍ အချုပ်အားဖြင့် သတိပြုရန်မှာ မိမိတို့သည် အနှစ်သာရများကို ပိုင်ဆိုင်ထားသည့် သူများဖြစ်သည်ကို မမေ့ကြရန်နှင့် ယင်းအနှစ်သာရ အဆုံးအမများကို သိအောင်လေ့လာ ကြိုးစားပြီး အနီးလေးမှာ ရှိသည့် အနှစ်သာရ သစ္စာတရားများကို ဝေးမသွားရန်၊ နီးလျက်နဲ့ မဝေးကြစေရန် အချိန်ရှိသည့် အခိုက် ကြိုးစားလိုက်ကြရန် လိုအပ်နေပြီ ဟူသည့် အချက်ပင် ဖြစ်ပါကြောင်း သတိပေးတိုက်တွန်း လိုက်ရပေသည်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ