Showing posts with label မေးဖြေပြီးသမျှ [Q / A]. Show all posts
Showing posts with label မေးဖြေပြီးသမျှ [Q / A]. Show all posts

သေသူအတွက် ကုသိုလ်လုပ်တဲ့အခါ ဘယ်လိုစိတ်ထားနဲ့ ဘယ်လိုပြုလုပ်သင့်ပါသလဲ

မင်္ဂလာပါ အရှင်ဘုရား
နှစ်သစ်မင်္ဂလာ ဖြစ်ပါစေရယ်လို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ဘုရား။

နှစ်သစ်မင်္ဂလာမှာ တပည့်တော်နဲ့ ထပ်တူ သိလိုကြတဲ့သူတွေအတွက် တပည့်တော်ကို မေးလျှောက်ခွင့်ပြုပါဦးဘုရား။
မေး။ ။ မိဘတစ်ယောက်ယောက် ဆုံးသွားလို့ ရည်စူးပြီး ကုသိုလ်ပြုကြတဲ့အခါ ထားအပ်တဲ့ စိတ်နေစိတ်ထားနဲ့ ဘယ်လိုမျိုးတွေ ဆောင်ရွက်ပေးရင် သွားလေသူအတွက် အကောင်းဆုံးဖြစ်နိုင်မယ်ဆိုတာ ရှင်းလင်းပြောပြပေးစေချင်တာပါဘုရား။

ကွယ်လွန်ခြင်း တစ်နှစ်ပြည့်ကို သံဃာတော်တွေကို ဆွမ်းကပ်၊ တရားနာပြီး လူပရိသတ်ကို ဧည့်ခံကျွေးမွေးပါ့မယ်။ ဒီလိုလုပ်ဆောင်တဲ့အခါ ဘယ်လိုစိတ်ထားမျိုးန လုပ်ဆောင်ရမှာပါလဲဘုရား။ ကောင်းမှုအစုစုအတွက် ဘယ်လိုအမျှပေးရမယ်ဆိုတာမျိုး၊ ကွယ်လွန်သူအတွက် ထိရောက်စေတဲ့ အလှူမျိုးကို ညွှန်ပြပေးစေချင်ပါတယ်ဘုရား.... ။ ဒါ့အပြင် ဘုရားဟော နိပါတ်တော်တွေမှာလည်း ရက်လည်၊ လလည်၊ နှစ်လည်လုပ်ခဲ့တဲ့ အလေ့တွေရှိပါသလား၊ ဘုရားက ဘယ်လိုညွှန်ပြသွန်သင်ခဲ့တယ်ဆိုတာမျိုး ရှင်းလင်းညွှန်ပြ ဆုံးမပေးစေချင်ပါတယ်ဘုရား ....
အရှင်ဘုရားရေးသားတဲ့စာတွေကို အဆက်မပြတ် လေ့လာအားပေးရင်း မှတ်သားနာယူနေသူပါဘုရား ...
ရိုသေစွာရှိခိုးလျှက်

တပည့်တော်
ကိုသန့်
(ကလေး)

မင်္ဂလာပါ ဒကာ ကိုသန့်
အလုပ်တွေ မအားတာနဲ့ ဒကာတော်ရဲ့ သိလိုတာလေးတွေကို ဖြေကြားပေးဖို့ နောက်ကျသွားပါတယ်။ နားလည်ပေးစေချင်ပါတယ်။

ဖြေ။ ။ သေသူကိုရည်စူးပြီး ကုသိုလ်လုပ်တာကို စာပေကတော့ မတကဘတ္တလို့ ခေါ်ပါတယ်။ သေသွားတဲ့သူက သွားပြီဖြစ်ပေမယ့် ကျန်ခဲ့တဲ့သူတွေမှာ သေသူအတွက် ကုသိုလ်ကောင်းမှုလေးတွေ လုပ်ပြီး အမျှအတမ်း ပေးဝေတဲ့ အလေ့အကျင့်ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘုရားဟောနဲ့အညီ ပြုလုပ်ကြတဲ့ အလေ့အကျင့် ဖြစ်ပါတယ်။ မိဘနဲ့ သားသမီးတွေမှာဆိုရင် မိဘတွေကို ရည်စူးပြီး သားသမီးတွေအနေနဲ့ လုပ်ကိုလုပ်ပေးရမယ်ဆိုပြီး သားသမီး ဝတ္တရား တစ်ခုအဖြစ်တောင် ဘုရားက ဟောတော်မူပါတယ်။ အဲဒီ သားသမီး ဝတ္တရာတွေထဲမှာ လှူမျှဝေ၍ဆိုတဲ့ ဝတ္တရားတစ်ခုလည်း ပါဝင်ပါတယ်။ အလှူကို အမျှဝေပေးရမယ်ဆိုတဲ့အချက်ပါ။

အမျှဝေပေးရမယ်ဆိုတဲ့ စကားအရ သေသူတွေအတွက် တိုက်ရိုက်ချမ်းသာအောင် ပစ္စည်းဝတ္ထုတွေ ဘာတွေညာတွေ စတာတွေ ပေးပို့လို့မရဘဲ ကုသိုလ်ကောင်းမှု လုပ်ပြီး အဲဒီ ကုသိုလ်ရဲ့ အဖို့ဘာဂကိုသာ အမျှဝေပေးလို့ ရတာဖြစ်တဲ့ အတွက် အဓိက အချက်နှစ်ချက်ကို သတိပြုကြရမှာ ဖြစ်ပါတယ်။
တစ်အချက်က ကုသိုလ်ကောင်းမှုကို အရင်လုပ်
နှစ်အချက်က အဲဒီလို လုပ်ပြီးရရှိလာတဲ့ အကျိုးတရားကို တစ်ခါမျှဝေပေးဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ဆိုတော့ကား ဒီအချက်နှစ်ချက်လုံးမှာ ကုသိုလ်လုပ်နေတဲ့ ကိုယ်ကိုယ်တိုင်ပဲ အဓိက ကျနေတာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်က ကုသိုလ်ကောင်းမှုကို အပြည့်အဝ ရနိုင်အောင် အရင်လုပ်ဖို့ ပိုအရေးကြီးပါတယ်။ အပြည်အဝ ရဖို့အတွက် ပြတ်သားတဲ့ စေတနာ၊ ထက်သန်တဲ့ သဒ္ဓါ၊ ဖြူစင်တဲ့ ပစ္စည်းဝတ္ထု၊ ပြည့်စုံတဲ့ ကိုယ်ကျင့်သီလ၊ အကျင့်သီလ ပြည့်စုံလှတဲ့ အလှူခံပုဂ္ဂိုလ် စတဲ့ အချက်လေးတွေနဲ့ အညီ လုပ်နိုင်မယ်ဆိုရင် ကောင်းမှုအကျိုးကို အပြည့်အဝ ရနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို ကိုယ်ကအရင် ပြည့်စုံအောင် ကုသိုလ်တွေလုပ်၊ ကိုယ်ကိုယ်တိုင် ရပြီးပြီဆိုရင် ကိုယ်ရထားတာကို ကိုယ်မျှဝေချင်တဲ့ ပုဂ္ဂိုလ်ကို ရည်စူးပြီး အမျှပေးဝေရမှာ ဖြစ်ပါတယ်။ အဲဒီအမျှပေးဝေတာကို ရည်စူးတဲ့ ပုဂ္ဂိုလ် ရနိုင်၊ မရနိုင်ဆိုတာက ဘဝပြောင်းသွားသူရဲ့ ရောက်ရှိနေတဲ့ ဘုံဘဝအပေါ်မှာ မူတည်နေတာရယ်၊ ရောက်ရှိတဲ့ ဘုံဘဝကနေ သာဓုခေါ်နိုင်၊ မခေါ်နိုင် အပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။ ဒါက သေသူဘက်က အပိုင်းပဲ ဖြစ်ပါတယ်။ သေချာတာက သေသူမရလည်း ကိုယ်ကတော့ ရအောင်ယူထားနိုင်ရင် ရပြီးသားပဲ ဖြစ်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး ဘုန်းဘုန်းရေးထားပြီး ဖြစ်တဲ့ သေသူရည်မှန်း ကုသိုလ်စွမ်း ဆိုတဲ့ ဒီပို့စ်လေးကို ပြန်ဖတ်ကြည့်စေချင်ပါတယ်။

ဆိုလိုတာက သေသူကိုရည်စူးပြီး ကုသိုလ်လုပ်တဲ့ အခါမှာ သေသူအတွက် လိုအပ်နိုင်တဲ့ နေစရာ၊ ဝတ်စရာ၊ စားစရာ စတဲ့ အရာတွေကို အာရုံပြုပြီး အဝတ်သင်္ကန်း၊ ဆွမ်းကျောင်းဆေး စတဲ့ ပစ္စည်းအလှူတွေကို ပြတ်သားတဲ့ စေတနာ၊ ထက်သန်တဲ့ သဒ္ဓါ၊ သန့်ရှင်းတဲ့ ပစ္စည်းဝတ္ထု၊ ပြည့်စုံတဲ့ အလှူခံပုဂ္ဂိုလ် စတာတွေကို အကောင်းဆုံး ပြင်ဆင်ပြီး ကိုယ်ကိုယ်တိုင် အရင်ဆုံး ကုသိုလ်ကို အပြည့်အဝရအောင် ကြိုးစားကာ အမျှဝေတဲ့ အခါမှသာ အဲဒီရရှိလာတဲ့ ရလာဘ်ကို သေသူအတွက်လည်း ထပ်တူထပ်မျှ ရပါစေဆိုတဲ့ စိတ်ထားနဲ့ ပြုလုပ်ပေးဖို့လိုကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီလို ကိုယ်ကိုယ်တိုင် ကုသိုလ်ကောင်းမှုကို စိတ်ပါလက်ပါ သန့်သန့်ရှင်းရှင်း ပြုလုပ်ပြီး အမျှဝေမယ်ဆိုရင် ကိုယ့်အတွက်လည်း အကျိုးကြီးသလို သွားလေသူအတွက်လည်း အကယ်၍ လိုအပ်နေတဲ့ ဘုံဘဝမှာ ဖြစ်နေခဲ့မယ်ဆိုရင် အကောင်းဆုံး အကျိုးသက်ရောက်မှုကို ဖြစ်စေမှာ အမှန်ပဲ ဖြစ်ပါတယ်

Read more »

Facebook က အမေးတစ်ပုဒ် (၇)

Zin Nway Ei Win
မေး။ သီလဆိုတာ ငါးပါးသီလကို ဆိုလိုတာပါလားဘုရား။
တကယ်လို့ ငါးပါးသီလကို တိတိကျကျ မဆောက်တည်နိုင်ဘူးဆိုရင် အဲဒီလူက တကယ်ကို မကောင်းတဲ့လူ၊ မစင်ကြယ်တဲ့ လူတစ်ယောက်ဖြစ်သွားတာလား အရှင်ဘုရား။
ငါးပါးသီလ တခါကျိုးပြီဆိုတာနဲ့ နောက် စောင့်ထိန်းလဲ အကျိုးရှိပါသလားဘုရား။
ကျုးလွန်လိုက် စောင့်ထိန်းလိုက်ဆိုရင်ရော အဲဒီသီလက အကျိုးမရှိတဲ့သီလဖြစ်ပါသလား ဘုရား။

မနာပ ဒါယီ အရှင်ဝိစိတ္တ ‎>> Zin Nway Ei Win
ဖြေ။ လူတွေအတွက် အခြေခံ သီလကတော့ ငါးပါးသီလပဲ ဖြစ်ပါတယ်။ ငါးပါးသီလကို ကောင်းကောင်းလုံနေရင်ကိုပဲ ဘဝသံသရာမှာ အကောင်းဆုံး အားကိုးရာ ဖြစ်နေပါပြီ။ သီလကို တိတိကျကျ မစောင့်ထိန်းနိုင်တဲ့အတွက် တစ်သက်လုံးမကောင်းတဲ့သူ၊ မစင်ကြယ်တဲ့သူ၊ ယုတ်မာတဲ့သူလို့ မဆိုနိုင်ပေမယ့် သူတော်ကောင်းတစ်ယောက်အဖြစ်တော့ ခံယူနိုင်မှာ မဟုတ်ပါဘူး။ ဒီငါးပါးသီလဟာ လူတွေအတွက်တော့ တစ်သက်လုံးလုံနေရင် တစ်သက်လုံးကောင်းပေမယ့် မစောင့်ထိန်းတာနဲ့စာရင် စောင့်ထိန်းနိုင်တဲ့အချိန်ဟာ အကောင်းဆုံး အချိန်ဖြစ်ပါတယ်။ စောင့်ထိန်းရင်း ငါးပါးသီလ ကျိုးပေါက်သွားခဲ့လည်း နောက်ထပ်စောင့်ထိန်းနိုင်တဲ့အချိန်မှာ အချိန်မရွေးစောင့်ထိန်းနိုင်ပါတယ်။

ကုသိုလ်နဲ့အကုသိုလ်က တစ်ကန့်စီအကျိုးပေးတာ ဖြစ်တဲ့အတွက် စောင့်ထိန်းနိုင်ရင် ကောင်းတဲ့အကျိုးကို ဖြစ်စေမှာ ဖြစ်ပြီး မစောင့်ထိန်းနိုင်လို့ ချိုးဖောက်တဲ့အခါမှာလည်း မကောင်းတဲ့အပြစ်ကတော့ ရောက်လာမှာ ဖြစ်ပါတယ်။ မေးခွန်ရှင် မေးသလို သီလဟာ ကျူးလွန်လိုက် စောင့်ထိန်းလိုက်လုပ်မိရင်လည်း ကျူးလွန်တဲ့အခါ အပြစ်ရမှာဖြစ်ပြီး စောင့်ထိန်းတဲ့အခါမှာလည်း ကောင်းကျိုးရစေမှာ ဖြစ်ပါတယ်။ အဓိကကတော့ စေတနာကောင်းကောင်းနဲ့ မကျူးလွန်မိအောင် အရင်ကြိုးစားပြီး မသိလို့ ကျူးလွန်မိလိုက်ရင်လည်း အသိဝင်တဲ့အခါ ပြန်ပြီးစောင့်ထိန်းနိုင်အောင် ကြိုးစားရပါတယ်။ တစ်ခါကျူးလွန်မိလို့ မထူးတော့ပါဘူးဆိုပြီး မထူးဇာတ်ခင်းတာထက်စာရင် အသိသတိဝင်တဲ့အခါမှာ ရနိုင်သလောက်ပြန်တည်ဆောက်နိုင်ရင် အဲဒီအတွက် ကောင်းတဲ့အကျိုးသက်ရောက်မှုကတော့ ရှိနေမှာအမှန်ပဲ ဖြစ်ပါတယ်။

Zin Nway Ei Win
သဘောပေါက်ပါပီ အရှင်ဘုရား။ တပည့်တော် ငါးပါးသီလကို ကျူးလွန်နေပါလားလို့ သိသိကြီးနဲ့ ကျူးလွန်တဲ့အချိန်တွေလည်း ရှိပါတယ်ဘုရား။ ဒါပေမယ့် တတ်နိုင်သလောက် စောင့်ထိန်းဖို့ ကြိုးစားပါ့မယ် အရှင်ဘုရား.. _/\_

Read more »

Facebook က အမေးတစ်ပုဒ် (၆)

Aye Mya Mya Moe
မေး။ အရှင်ဘုရား သိချင်တာလေတခုရှိလို့ပါဘုရား။
မိုးညှင်းသမ္ဗုဒ္ဓေ ကိုအလုံး 1000 ပုတီးစိပ်ရင် ဆုတောင်းပြည့်တယ်ဆိုတာ ဟုတ်ပါသလားဘုရား။

မနာပ ဒါယီ အရှင်ဝိစိတ္တ
ဖြေ။ ကိုယ်လုပ်ထားတဲ့ ကောင်းမှုကုသိုလ်ရဲ့ အကျိုးပေးချိန်နဲ့ တောင်းဆုပြုထားမှု တိုက်ဆိုင်ကြုံတွေ့သွားတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီဘုရားကိုသွားပြီး ဒီလို ပုတီးစိပ်တိုင်း ဆုတောင်းပြည့်နိုင်တာတော့ မဟုတ်ပါဘူး။ ကောင်းမှုနဲ့ မကောင်းမှုဆိုတာ ပြုလုပ်တဲ့သူနဲ့ အကျိုးပေးချိန် တိုက်ဆိုင်မှ၊ အကျိုးပေးခွင့်သာမှ အကျိုးပေးတာ ဖြစ်ပါတယ်။ အကျိုးပေးချိန် မတန်သေးရင် ကောင်းတာတွေ လုပ်နေပေမယ့် မကောင်းတာတွေနဲ့ ကြုံတွေ့နေရတတ်ပြီး မကောင်းတာတွေ လုပ်နေသူတွေလည်း ကောင်းတာလေးတွေ ကြုံနေရတတ်ပါတယ်။ ဒါက ကောင်းမှုမကောင်းမှု အကျိုးပေးချိန် မတန်သေးလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကောင်းကံဆိုတာ များများလုပ်ပေးနိုင်လေ ကံကောင်းမှုတွေ များများရောက်လာလေဖြစ်ပြီး ကံကောင်းမှုကြောင့် ကောင်းကျိုးတွေ များများရောက်လာတာဟာ ဆုတောင်းပြည့်တာပါပဲ။

ဒါကြောင့် ဆုတောင်းပြည့်တာ မပြည့်တာ ကံရဲ့အလုပ်ဖြစ်ပြီး ကုသိုလ်ကောင်းမှုလုပ်တာက ကိုယ့်ရဲ့အလုပ်ပဲ ဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် သီလကိုအခြေခံတဲ့ ကုသိုလ်ကောင်းမှုသာ များများလုပ်ဖို့ တိုက်တွန်းလိုပါတယ်။

Aye Mya Mya Moe
မေး။ ကျေးဇူးတင်ပါတယ် အရှင်ဘုရား။ မေတ္တာကိုဘယ်လိုပို့ရမလဲ ပြောပြပါလားဘုရား။ တပည်တော်မ အလုပ်ရှာဖို့ ဘယ်လိုပို့ရမလဲမသိ ဖြစ်နေလို့ပါဘုရား။ ဒီမြို့နယ်မှာ ရှိတဲ့နေရာ ၄ ၅ ခုကို ရှာမှာဆိုတော့ မေတ္တာပို့ရအောင်လည်း နေရာအတိအကျ မသိဘူး။ အလုပ်ရှင်လဲ အတိအကျမသိတော့ ဘယ်လိုပို့ရမလဲ မသိဘူးဖြစ်နေလို့ပါဘုရား။ ဘယ်လိုလုပ်ရမလဲ ရှင်းပြပေးပါအုံးဘုရား။

မနာပ ဒါယီ အရှင်ဝိစိတ္တ
ဖြေ။ မေတ္တာပို့ရမယ့် နေရာနဲ့ မေတ္တာပို့ရမယ့် ပုဂ္ဂိုလ်ကို အတိအကျ မသိပေမယ့် အလုပ်ရှာဖို့ မသွားခင် ဒါမှမဟုတ် သွားနေတဲ့အချိန်မှာတော့ ဘယ်နေရာ၊ ဘယ်ကုမ္ပဏီကို သွားမယ်ဆိုတာ ကြိုတင်စဉ်းစားထားပြီး ဖြစ်တတ်ပါတယ်။ အဲဒီလို အချိန်မှာ ကိုယ်သွားမယ့် ကုမ္ပဏီရှိရာ နေရာဒေသဝန်းကျင်ရှိ သမ္မာဒေဝနတ်ကောင်းနတ်မြတ်များနဲ့ သူတော်ကောင်းများ၊ ပြီးတော့ ကုမ္ပဏီ ပိုင်ရှင်များနဲ့ ဝန်ထမ်းများ၊ ဆိုင်ရာတာဝန်ရှိသူများနဲ့ ကိုယ်နဲ့ရှေးရှေးဘဝ တစ်ခုခုက ပတ်သက်ဆက်နွယ်ဖူးသူများ စသဖြင့် မြင်ဖူးတွေ့ဖူးခြင်း မရှိပေမယ့် စိတ်ကမှန်းပြီး စေတနာအမှန်နဲ့ မေတ္တာပို့ပေးနိုင်ပါတယ်။ မမြင်ဖူး၊ မရောက်ဖူးပေမယ့် အမည်ပညတ် သဘောအားဖြင့် ဘယ်နေရာ၊ ဘယ်ကုမ္ပဏီ၊ ဘယ်ကုမ္ပဏီပိုင်ရှင် ဘယ်ဝန်ထမ်းစတာတွေဆိုတာ အမှန်တကယ် ရှိနေတာတွေဖြစ်တဲ့အတွက် အဲဒီလို အမည်ပညတ်ရှိနေတာတွေကိုပဲ စိတ်ကမှန်းပြီး ပို့သပေးလို့ ရပါတယ်။ မျက်နှာအသွင်အပြင်နဲ့ ပုံရိပ်ကို တိုက်ရိုက်မမြင်နိုင်ပေမယ့် အမည်ပညတ်တွေနဲ့ မှန်းပြီးပို့သပေးလို့ ရပါတယ်။

ဥပမာ အလုပ်သွားရှာမယ့်နေရာကို စရောက်ရောက်ချင်း “ဤအရပ်ဤဒေသဤဝန်းကျင်၌ ရှိကြကုန်သော သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များနဲ့တကွ အားလုံးသော သူတော်ကောင်းအပေါင်း မြင်အပ်မမြင်အပ်တဲ့ ပုဂ္ဂိုလ်သတ္တဝါအပေါင်းကို ကိုယ်နဲ့တစ်သားတည်းထားပြီး ဘေးရန်ကင်းပါစေ ကိုယ်ဆင်းရဲခြင်း ကင်းပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းပါစေ၊ ချမ်းသာစွာ မိမိခန္ဓာဝန်ကို ရွတ်ဆောင်နိုင်ပါစေ” စသဖြင့် ပို့သပေးနိုင်ပါတယ်။ ကိုယ်နဲ့ထပ်တူစိတ်ထားဖို့ လိုတယ်ဆိုတာက ကိုယ်ဘေးရန်ကင်းချင်သလို သူတို့လည်းကင်းပါစေ၊ ကိုယ်ကိုယ်ဆင်းရဲခြင်း ကင်းချင်သလို သူတို့လည်း ကင်းပါစေ၊ ကိုယ်စိတ်ဆင်းရဲခြင်း ကင်းချင်သလို သူတို့လည်း ကင်းပါစေ စသဖြင့် ကိုယ်နဲ့ယှဉ်ပြီး စေတနာထားကြည့်စေချင်တဲ့ သဘောပဲဖြစ်ပါတယ်။

ပြီးတော့ နေရာအတိအကျ ကြိုတင်သိထားရင်တော့ အဲဒီနေရာကို စိတ်ထဲမှာမှန်းပြီး အကြိမ်ကြိမ် မေတ္တာပို့ထားပေးလို့ ရပါတယ်။ အဲဒီလိုပဲ ကုမ္ပဏီတစ်ခုခုကို သွားတဲ့အခါ သွားမယ့်ကုမ္ပဏီရဲ့ အမည်နဲ့ကုမ္ပဏီပိုင်ရှင်၊ ဝန်ထမ်းများ၊ ဤကုမ္ပဏီနှင့် ပတ်သက်ဆက်နွယ်လျက်ရှိတဲ့ ပုဂ္ဂိုလ်များစသဖြင့် အားလုံးကို စိတ်ကမှန်းပြီး ခုနပြောသလို မေတ္တာပို့ပေးလို့ ရပါတယ်။ တစ်ခုတော့ရှိပါတယ်။ တစ်ခုခုကို လိုချင်လို့ မေတ္တာပို့တဲ့ သဘောသက်ရောက်ပေမယ့် မေတ္တာပို့တဲ့အခိုက်မှာတော့ စိတ်မှာ မျှော်လင့်ချက်အကင်းဆုံးနဲ့ တကယ်ချမ်းသာစေလိုတဲ့ စိတ်စေတနာ သက်သက်နဲ့ မေတ္တာပို့နိုင်အောင် ကြိုးစားသင့်ပါတယ်။ လိုချင်တာရှိလို့ မေတ္တာပို့ပေးတဲ့ သဘောဆိုရင်တော့ အကျိုးသက်ရောက်မှုက ထင်သလောက် မဖြစ်ပေါ်နိုင်တဲ့အတွက် ဘာပဲဖြစ်ဖြစ် မေတ္တာပို့တဲ့အခိုက်မှာတော့ စိတ်ကိုအသန့်ရှင်းဆုံးထားပြီး အရိုးရှင်းဆုံးအာရုံပြုမှုနဲ့ ပို့သပေးနိုင်အောင် ကြိုးစားသင့်ပါတယ်။ အဲဒီလို ဖြစ်ဖို့လည်း တိုက်တွန်းလိုပါတယ်။

Read more »

Facebook က အမေးတစ်ပုဒ် (၅)

Kaungmyat Thu
ဆရာတော် အရှင်ဘုရား... ကံကံ၏ အကျိုးကျေးဇူးဆိုတာ ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ပဲ ဆိုင်ပါသလားဘုရား။ အလုပ်ကောင်းပြီး စေတနာမကောင်းရင် ကံကောင်းပါသလားဘုရား။ စေတနာကောင်းပြီး အလုပ်မကောင်းရင်ရော ကံဆိုးပါသလားဘုရား။ လူတိုင်းမှာ အမှားကိုယ်စီ ရှိကြပါတယ်ဘုရား မရှောင်နိုင်လို့ မှားခဲ့ရင် ကံဆိုးပါသလားဘုရား။ ကရုနာရှေ့ထားပြီး ပြန်လည်ဖြေကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ဘုရား။

Ashin Vicitta ‎>> Kaungmyat Thu
ကံဆိုတာ အလုပ်ကိုပြောတာဖြစ်ပြီး အလုပ်ဆိုတာမှာလည်း စေတနာပါတဲ့ အလုပ်ကသာ အကျိုးသက်ရောက်မှုကို ဖြစ်စေတာ ဖြစ်ပါတယ်။ စေတနာ စေတသိက်ဟာ စိတ်ကိုလှုံဆော်ပေးတဲ့ အရာဖြစ်ပြီး ကောင်းတဲ့အလုပ်တွေမှာလည်း စေတနာက ယှဉ်နေပြီး မကောင်းတဲ့အလုပ်တွေမှာလည်း စေတနာက ယှဉ်နေတတ်ပါတယ်။ ဒါကြောင့် ကောင်းတဲ့အလုပ်တွေ ဖြစ်ပေမယ့် စေတနာမပါရင်၊ စေတနာအားနည်းရင် အကျိုးသက်ရောက်မှုလည်း မရှိဘဲ အားနည်းနေတတ်သလို၊ မကောင်းတဲ့ အလုပ်တွေမှာလည်း စေတနာ မပါရင်၊ စေတနာ မရှိရင် အကျိုးသက်ရောက်မှုလည်း မရှိဘဲ ဖြစ်နေတတ်ပါတယ်။ အကျိုးသက်ရောက်မှုကောင်း ရှိခြင်းမရှိခြင်းဟာ ကံကောင်းခြင်း၊ မကောင်းခြင်းပဲ ဖြစ်ပါတယ်။ ဒီသဘောအရ ပုထုဇဉ်ပုဂ္ဂိုလ်တွေအတွက် ကောင်းတဲ့အလုပ်တွေမှာ စေတနာကောင်းရှိဖို့လိုသလို၊ တကယ်လို့ ကောင်းတဲ့အလုပ်တွေမှာ စေတနာ မပါခဲ့ရင်လည်း ကောင်းကျိုးမရရုံလောက်သာဖြစ်ပြီး အပြစ်သက်ရောက်မှုက မရှိနိုင်တဲ့အတွက်ဖြေဆည်လို့ ရနိုင်ပေမယ့် မကောင်းတဲ့အလုပ်တွေမှာတော့ မလုပ်ဘဲ နေနိုင်အောင် ကြိုးစားတာက အကောင်းဆုံးပါပဲ။ မရှောင်နိုင်လို့ မဖြစ်မနေ လုပ်ရတဲ့ အခါ မကောင်းတဲ့ အလုပ်တွေမှာတော့ စေတနာမပါအောင် အထူးကြိုးစားရမှာ ဖြစ်ပါတယ်။

ခက်တာက ပုထုဇဉ်ပုဂ္ဂိုလ်တွေရဲ့ စိတ်ဟာ ဘယ်လောက်ပဲ ခိုင်ပါတယ်ပြောပြော သဒ္ဓါတရား မမြဲသေးတဲ့အတွက် တစ်ခါတလေ စေတနာမပါဘူးလို့ ဆိုနေပေမယ့် စေတနာ ပါသွားတာတွေက အများကြီးပါပဲ။ အဲဒီလို အမြဲပြောင်းနေတဲ့အတွက် ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် လုပ်တဲ့အခါမှာ စေတနာ မပါအောင် ကြိုးစားပေမယ့် ပါသွားတာတွေရှိတတ်သလို၊ စေတနာပါအောင် ကြိုးစားပေမယ့်လည်း မပါတတ်တာတွေလည်း ရှိတတ်ပါတယ်။ လုပ်တဲ့သူရဲ့ စိတ်အစဉ်နဲ့ စေတနာမှာပဲလိုက်ပြီး အကျိုးသက်ရောက်မှု ရရှိမရှိ၊ ကံကောင်းမကောင်းဆိုတာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ စိတ်စေတနာဟာ မတည်ငြိမ်တဲ့အတွက် ကောင်းတဲ့အလုပ်တွေမှာ လုပ်နိုင်သမျှ၊ လုပ်လို့ရသလောက် လုပ်ကြရမှာဖြစ်ပြီး မကောင်းတဲ့အလုပ်တွေမှာတော့ ရှောင်နိုင်သမျှ ရှောင်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ဒါလေးကို ပြန်ဖတ်ကြည့်ပါဦး။
http://www.facebook.com/note.php?note_id=215589285128027

Read more »

Facebookက အမေးတစ်ပုဒ် (၄)

ဘုန်းဘုန်းရဲ့ facebook (http://www.facebook.com/ashinvicitta) note commentမှာ မေးထားလို့ဖြေထားတဲ့ အမေးအဖြေ အချို့ဖြစ်ပါတယ်။ အများဖတ်ပြီး အမြတ်ရစေဖို့၊ တစ်လုံးတစ်ပါဒဖြစ်ဖြစ် အသိရစေဖို့ တစ်ဆင့်ပြေလည် မျှဝေလိုက်ပါတယ်။

Kaungmyat Thu
မေး။ အရှင်ဘုရား.. တပည့်တော် တစ်ခုလောက်မေးပါရစေ။ ဗုဒ္ဓဟောတဲ့ တရားတော်တွေထဲမှာ မပြစ်မှားကောင်းတဲ့ မိန်းမ ၂၀ ဆိုတာ ရှိပါတယ်ဘုရား။ မပြစ်မှားကောင်းတဲ့မိန်းမကို ပြစ်မှားမိရင် ကံထိုက်တယ်ဆိုတာတော့ သိပါတယ်ဘုရား။ တပည့်တော် သိချင်တာက မပြစ်မှားကောင်းတဲ့ မိန်းမရှိရင် ပြစ်မှားကောင်းတဲ့ မိန်းမရော ရှိပါသလားဘုရား။ ကရုနာရှေ့ထားပြီး ပြန်လည်ဖြေကြားပေးပါရန် မေတ္တာရပ်ပါတယ်ဘုရား။

Ashin Vicitta ‎>> Kaungmyat Thu
ဖြေ။ မပြစ်မှားကောင်းတာ ရှိရင် ပြစ်မှားကောင်းတာလဲ ရှိမှာပဲဆိုပြီး ဝေါဟာရပညတ် တစ်ခုခုကို ရှာကြံပြီး တွေးလို့တော့ မဖြစ်ပါဘူး။ အကုသိုလ်တစ်ခုဟာ မလုပ်ကောင်းတဲ့အကုသိုလ်၊ လုပ်ကောင်းတဲ့ အကုသိုလ်ဆိုတာ မရှိဘဲ အကုသိုလ်မှန်သမျှ ရှောင်ကြဉ်ကြရမှာ ဖြစ်သလို ပြစ်မှားခြင်းဆိုတဲ့ အကုသိုလ်မှာလည်း ပြစ်မှားကောင်းတယ်ဆိုတဲ့ အရာမျိုး မရှိဘဲ ပြစ်မှားမှု မှန်သမျှ မပြစ်မှားမိအောင် ရှောင်ကြဉ်ရမှာပဲ ဖြစ်ပါတယ်။ တကယ်တော့ မေးခွန်းရှင် မေးထားတဲ့ မပြစ်မှားကောင်းတဲ့ မိန်းမ(၂၀)ဆိုတာ ကာမဂုဏ်နဲ့ ပတ်သက်ပြီး မသွားလာ မကျူးလွန်ကောင်းတဲ့ အဂမနီယဝတ္ထု (၂၀)ကို အသေးစိပ်ဖော်ပြပေးထားတာဖြစ်ပြီး ဒီအဂမနီယဝတ္ထု (၂၀) (ဒီမှာ ပြန်ဖတ်နိုင်)ကို ရှောင်ကြဉ်နေရင် ကာမေသုမိစ္ဆာစာရ မဖြစ်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ စာပေမှာ ဖော်ပြထားတဲ့ ဒီအယောက် (၂၀)ဟာ တစ်လင်တစ်မယား စနစ်ကို ကျော်လွန်ပြီး ကျူးလွန်နိုင်တဲ့ အရာမှန်သမျှ အကုန်ဖော်ပြထားပြီး ဖြစ်တဲ့အတွက် ကျန်တဲ့ပြစ်မှားကောင်းတယ်ဆိုတဲ့ အရာတွေလည်း မရှိနိုင်တော့ပါဘူး။ အမှန်တော့ ကာမဂုဏ်မှန်သမျှ မလုပ်ဘဲ နေနိုင်ရင်ကောင်းပေမယ့် ပုထုဇဉ်များအဖို့ အဲဒီလို မရှောင်နိုင်သေးရင်လည်း တစ်လင်တစ်မယား စနစ်ကိုကျင့်သုံးပြီး ဒီအကျင့်ကလွဲတဲ့ ကျန်တဲ့အရာတွေမှာ မသွားလာ၊ မပြစ်မှားကြဖို့ ဒီနေရာမှာ ပညတ်သတ်မှတ်ပေးခြင်း ဖြစ်ပါတယ်။ ဆိုတော့ကား မိမိတို့ အနေနဲ့ ဒုစရိုက်အမှုကို ရှောင်ကြဉ်လိုက်ရင် သုစရိုက်အမှုကိုလည်း စောင့်ထိန်းပြီးသား ဖြစ်သလို မပြစ်မှားကောင်းတဲ့ အဂမနီယဝတ္ထုတွေကို ရှောင်ကြဉ်လိုက်ရင် ကာမေသုမိစ္ဆာစာရ သီလကိုလည်း စောင့်ထိန်းပြီးသားဖြစ်တဲ့ သဘောမျိုးလို့ နားလည်သဘောပေါက်ပြီး မကျူးလွန်သင့်တဲ့အရာတွေကိုသာ မကျူးလွန်မိအောင် ထိန်းသိမ်းနေထိုင်ဖို့ပဲ အဓိက ဖြစ်ပါတယ်။

Hohone Kyin
မေး။ ဆရာတော်ဘုရား တပည်တော် လျောက်ခွင့်ပြုပါဘုရား။ မကောင်းတဲ့အကုသိုလ် လုံးဝမလုပ်ရင် ကုသိုလ်ရ နိုင်ပါသလား ဘုရား။

Ashin Vicitta ‎>> Hohone Kyin
ဖြေ။ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ဆိုတဲ့ ဘုရားစကားတော် ရှိပါတယ်။ ဘုရားစကားတော်အရ ကြည့်ရင်ရှင်းပါတယ်။ အကုသိုလ်ရှောင်၊ ကုသိုလ်ကိုဆောင်၊ ပြီးတော့ စိတ်ဖြူစင်အောင်လုပ်တဲ့။ သတ္တဝါတွေ အနေနဲ့ ရှေးဦးစွာ လုပ်သင့်တာက မကောင်းမှု အကုသိုလ်ကို ရှောင်ကြဉ်ရမယ့် အလုပ်ဖြစ်ပါတယ်။ ဒီတော့ မကောင်းမှုကို ရှောင်လိုက်ရုံနဲ့ ကုသိုလ်ရသလားဆိုတော့ ကုသိုလ်က အမျိုးမျိုးရှိပါတယ်။ ကိုယ်ရှောင်လိုက်တဲ့ မကောင်းမှုက သီလနဲ့ပတ်သက်တဲ့ သူတစ်ပါးအသက်ကို သတ်ခြင်းအလုပ်၊ သူတစ်ပါးဥစ္စာကို ခိုးခြင်းအလုပ် စသည်ဖြင့် ဖြစ်နေမယ်ဆိုရင် အဲဒီမကောင်းမှုတွေကို ရှောင်လိုက်တာနဲ့ သီလကိုထိန်းပြီးဖြစ်လို့ သီလကုသိုလ်လည်း ရသွားပါတယ်။ ဒုစရိုက်အမှုကို မလုပ်ဘဲ ရှောင်ကြဉ်တဲ့အခါ သုစရိုက်အမှု ကုသိုလ်ကလည်း အလိုလို ဖြစ်သွားတဲ့ သဘောမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် တစ်ချို့ကုသိုလ်တွေကျတော့ အကုသိုလ်ကို ရှောင်နေရုံနဲ့ မဖြစ်ဘဲ သီးသင့်လုပ်ယူမှကို ရပါတယ်။ ဥပမာ ဒါနကုသိုလ်ဆိုရင် လက်တွေ့ပေးကမ်းလှူးဒါန်နိုင်မှ ရတဲ့သဘောမျိုး၊ ဥပုသ်သီလလို ကုသိုလ်မျိုးကလည်း လက်တွေ့စောင့်ထိန်းနိုင်မှသာ ရတဲ့သဘောမျိုး၊ သမထကုသိုလ်၊ ဝိပဿနာကုသိုလ်တွေဆိုတာကလည်း လက်တွေ့လိုက်နာကျင့်ကြံနိုင်မှသာ ရနိုင်တဲ့ သဘောမျိုးရှိပါတယ်။ ဒါကြောင့် အရေးကြီးဆုံးက ဘုရားရှင် မိန့်တော်မူသလို မကောင်းမှုအကုသိုလ်ကို ရှောင်နိုင်အောင် အရင်ကြိုးစားပြီး နောက် ကုသိုလ်ကောင်းမှုကို ရယူဆောင်နိုင်အောင် ပြုလုပ်ကာ ကိုယ့်စိတ်ကို အဖြူစင်ဆုံးဖြစ်အောင် အားထုတ်ရမှာပဲ ဖြစ်ပါတယ်။

Read more »

Facebookက အမေးတစ်ပုဒ် (၃)

ဘုန်းဘုန်းရဲ့ facebook (http://www.facebook.com/ashinvicitta) မှာ မက်စေ့ခ်ျကဏ္ဍမှာ မေးထားလို့ဖြေထားတဲ့ အမေးအဖြေ အချို့ဖြစ်ပါတယ်။ အများဖတ်ပြီး အမြတ်ရစေဖို့၊ တစ်လုံးတစ်ပါဒဖြစ်ဖြစ် အသိရစေဖို့ တစ်ဆင့်ပြေလည် မျှဝေလိုက်ပါတယ်။

Mi Su
မေး ။ အရှင်ဘုရား…
အာသဝေါတရားလေးပါးကို ရှင်းပြပေးပါ ဘုရား

Ashin Vicitta
ဖြေ။ အာသ၀ဆိုတဲ့ စကားလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ယိုစီးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ သွယ်ဝိုက်တဲ့ သဘောတွေကတော့ စွဲလမ်းစေခြင်း၊ ကပ်ငြိစေခြင်းသဘောဖြစ်ပြီး ဒီတရားတွေက သတ္တဝါတွေကို ဘ၀သံသရာမျိုးစုံမှာ ကျင်လည်အောင် လုပ်ပေးတတ်တဲ့ သဘောရှိပါတယ်။ အဲဒီ အာသဝ တရားတွေက
ကာမာသ၀ – ကာမဂုဏ်အာလုံကို တပ်မက်စွဲလမ်းတဲ့လောဘ။
ဘ၀ါသ၀ – ဘ၀အမျိုးမျိုးကို တပ်မက်စွဲလမ်းတဲ့လောဘ။
ဒိဋ္ဌာသ၀ – ငါ ရှိတယ်။ သူရှိတယ်၊ ယောကျာင်္း မိန်းမ၊ ပုဂ္ဂိုလ်သတ္တ၀ါရှိတယ် လို့ အယူမှားတဲ့ ဒိဋ္ဌိ။
အ၀ိဇ္ဇာသ၀ – အမှန်ကိုမသိတဲ့ မောဟတို့ပဲ ဖြစ်ပါတယ်။
ဒီတရားတွေကိုတော့ ဝိပဿနာဉာဏ်နဲ့ ဖြတ်မှပဲ အကြွင်းမဲ့ကုန်ဆုံးကာ အာသဝေါတရားလေးပါးရဲ့ ကင်းရာကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုကြရမှာ ဖြစ်ပါတယ်။

Mi Su
မေး။ ဗောဓိဉာဏ်၏ အင်္ဂါအစိတ်အပိုင်း ဖြစ်ကုန်သော သတိ၊ ပညာ (ဓမ္မဝိစယ)၊ "ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ ၊သမာဓိ၊ ဥပေက္ခာ၊ ဤတရား ခုနှစ်ဖြာတို့ကို ဗောဇ္ဖျင်တရားများ ဖြစ်ကြသည်ဟူ၍ တရားအားလုံးကို သိမြင်တော်မူသော မြတ်စွာဘုရားက ထုတ်ဖော်ဟောကြားပေ၏။"...........
၁)အရှင်ဘုရား ဗောဇ္ဖျင်တရား(၇)ပါးမှ ပဿဒ္ဓိ ဆိုတာ တပည့်တော် နားမလည်ပါဘုရား၊ ဖြေကြားပေးတော်မူပါ ဘုရား။
၂)မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ မာရ်ငါးပါးကို အောင်မြင်တော်မူသည်။
အရှင်ဘုရား ထို မာရ်ငါးပါးကို လည်း သိလိုပါသဖြင့် ဖြေကြားပေးတော်မူပါဘုရား။

Ashin Vicitta
ဖြေ။ ဗောဇ္ဈင် (၇) ပါး
ဗောဓိဟူသော သစ္စာလေးပါးကို သိကြောင်းတရားအပေါင်း၏ အစိတ်အစိတ်ကို ဗောဓိအင်္ဂ= ဗောဇ္ဈင်္ဂ= ဗောဇ္ဈင်လို့ ခေါ်ပါတယ်။ ဒီဗောဇ္ဈင်လည်း ခုနှစ်ပါးရှိပါတယ်။
၁။ သတိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ အောက်မေ့မှုသတိ
၂။ ဓမ္မ၀ိဇယသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ ဆိုင်ရာတရားများကို စိစစ်တတ်တဲ့ ပညာ
၃။ ၀ီရိယသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ အားထုတ်မှု ၀ီရိယ
၎။ ပီတိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ နှစ်သက်ရွှင်လန်းမှု ပီတိ
၅။ ပဿဒ္ဓိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ ငြိမ်းအေးမှု ပဿဒ္ဓိ
၆။ သမာဓိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ တည်ကြည်မှု သမာဓိ
၇။ ဥပေက္ခာသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ လျစ်လျူရှုမှု တတြမဇ္ဈတ္တတာ
ဒီဗောဇ္ဈင် (၇)ပါးမှာ ပဉ္စမမြောက် ဗောဇ္ဈင်တရားဟာ ပဿဒ္ဓိ သမ္ဗောဇ္ဈင်ပဲ ဖြစ်ပါတယ်။ စိတ် မငြိမ်သက်မှု စိတ်အကြံများမှုကြောင့် ဖြစ်တဲ့ ကိုယ်စိတ်နှစ်တန် ပူပန်ခြင်း ခပ်သိမ်းမှာ အစဉ်အတိုင်း အေးငြိမ်းလာခြင်းသဘောဟာ ပဿဒ္ဓိ ဖြစ်ပါတယ်။ တဏှာ လောဘများ လျော့ပါးလာတဲ့အခါ စိတ်ဟာလည်း ငြိမ်းအေး ချမ်းသာလာပါတယ်။ တဏှာ လောဘ ဒေါသများ လျော့ပါးလာတာနဲ့အမျှ စိတ်မှာ ပူလောင်ခြင်းများ ကင်းမဲ့သွားပါတယ်။ ဒီအခြင်းအရာဟာ ပဿဒ္ဓိရဲ့ အခြင်းအရာပဲ ဖြစ်ပါတယ်။

မာရ်ငါးပါး
ဘုရားရှင်တိုင်းဟာ မာရ်ငါးပါးကို အောင်မြင်တော်မူပြီး လောကမှာ အထွတ်အမြတ်ဆုံးဖြစ်တဲ့ သဗ္ဗညုတ ဘုရားအဖြစ်ကို ရောက်ရှိတော်မူလေ့ ရှိပါတယ်။ မာရ်ဆိုတာ မာရဆိုတဲ့ပါဠိ စကားကို မြန်မာမှုပြုထားတာ ဖြစ်ပါတယ်။ မာရရဲ့ အဓိပ္ပါယ်က သေခြင်း သေစေခြင်းလို့ အဓိပ္ပါယ်ရပြီး သတ်ရှိသတ္တဝါများကို သေစေတတ်တဲ့ တရားလို့လည်း နားလည်ထားနိုင်ပါတယ်။ အဲဒီမာရ်တွေဟာ
၁။ ဒေ၀ပုတ္တ မာရ် = မာရ်နတ်
(သေအောင် သတ်တတ်သည့် နတ်သားလို့ အဓိပ္ပါယ်ရပါတယ် ။ နတ်ပြည် ၆-ထပ်၏ အပေါ်ဆုံးထပ် (ပရနိမ္မိတ ၀သ၀တ္တီ နတ်ပြည် - ကာမဂုဏ်ကို အလိုရှိတိုင်း ပြီးစေသော ဘုံ) မှ နတ်ဆိုးတစ်ဦးလို့ ဆိုပါတယ်)
၂။ ကိလေသ မာရ် = ကိလေသာဆယ်ပါး
(ကိလေသာ တရားဟာ ရယူလက်ခံထားသူရဲ့ စိတ်နှလုံးကို ပူလောင်ဆင်းရဲအောင် နှိပ်စက်တတ်တဲ့ တရားပဲ ဖြစ်ပါတယ်။ ဒီကိလေသာရှိနေသမျှ သံသရာတွင်းမှ မလွတ်ဘဲ တ၀ဲလည်လည် ကျင်လည်ပြီး သေပြီးရင်းသေ နေရဦးမည်ဖြစ်တဲ့အတွက် ကိလေသာကိုလည်း သတ်တတ်တဲ့ မာရ်လို့ ခေါ်ခြင်း ဖြစ်ပါတယ်။)
၃။ အဘိသင်္ခါရ မာရ် = ပြုပြင်စီရင်မှု
(ပြုလုပ်ကျင့်ကြံ အားထုတ်ထားတဲ့ ကုသိုလ်ကံ ၊ အ ကုသိုလ်ကံ တွေကို အဘိသင်္ခါရ မာရ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ကုသိုလ်ကံကြောင့် ကောင်းရာ သုဂတိ ရောက်ခြင်း အကုသိုလ်ကံကြောင့် မကောင်းရာ ဒုဂ္ဂတိဘ၀ရောက်ခြင်းများ ရှိနေပေမယ့် ရောက်ရာဘဝမှာလည်း နောက်ထပ်တစ်ဖန် သေရ ဦးမှာ ဖြစ်တဲ့အတွက် ကုသိုလ်ကံ ၊ အကုသိုလ်ကံ တို့မှာလည်း တဖန်သေမယ့် ဘ၀ကိုရအောင် ပြုလုပ်ရာ ရောက်နေတဲ့ သတ်တတ်၊ သေစေတတ်တဲ့ မာရ်ပဲ ဖြစ်ပါတယ်။)
၎။ ခန္ဓ မာရ် = ခန္ဓငါးပါး
(ခန္ဓမာရ် ဆိုရာမှာ ခန္ဓာကိုယ်ရှိနေသမျှ ဒီခန္ဓာကိုယ်ဟာ သေရမည်အမှန်ပဲ ဖြစ်ပါတယ်၊ ခန္ဓာကိုယ်မရှိတော့မှ သေရခြင်းကင်းမှာ ဖြစ်ပါတယ်။၊ ဒါကြောင့် ခန္ဓာကိုယ်ဟာလည်း သေရခြင်း အကြောင်းတစ်ရပ် ဖြစ်ပါတယ်။ ဒါကိုရည်ရွယ်ပြီး ခန္ဓမာရ်- ခန္ဓာတည်းဟူသော သေမှုသေခင်း တစ်ရပ်လို့ ဆိုခြင်း ဖြစ်ပါတယ်။)
၅။ မစ္စု မာရ် = သေခြင်းတရား
(မစ္စုဆိုတာ သေခြင်းပဲ ဖြစ်ပါတယ်။ မွေးလို့သေ သေပြီးနောက်မှာ ဘဝသစ်တစ်ခါ ပြန်ဖြစ်၊ အဲဒီလို တစ်ဘဝပြီး တစ်ဘဝ ထပ်ထပ်ကျင်လည်မှုတွေ ရှိနေရတာ ဖြစ်ပါတယ်။ ကိလေသာမကုန်သေးသမျှ သေပြီးနောက်မှာ မွေးခြင်းဖြစ်လာပြီး မွေးနေသမျှ သေနေကြရမှာ ဖြစ်လို့ သေခြင်းတရားဟာလည်း နောက်ထပ်တစ်ခါ သေစေတတ်တဲ့ မာရ်တစ်မျိုးလို့ ဆိုခြင်းဖြစ်ပါတယ်။) တို့ပဲ ဖြစ်ဖြစ်သည်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ