Showing posts with label အားဖြည့်ဓမ္မစကားများ. Show all posts
Showing posts with label အားဖြည့်ဓမ္မစကားများ. Show all posts

စိတ်အားဖြည့် စကားစုလေးများ (၇)…

ဘုန်းဘုန်းရဲ့ အင်တာနက် စာမျက်နှာမှာ ရေးခဲ့တဲ့ တွေးမိသမျှ စာစုများထဲက စာဖတ်သူများကို အားဖြစ်စေမယ့် သတိပေးစကား နှလုံးသား အာဟာရလေးများကို ထုတ်နှုတ်ပြီး ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ စာတစ်ပုဒ်လုံးကို ဖတ်ရတာထက် စာတစ်ပိုဒ်လောက်၊ စာတစ်ကြောင်းလောက်၊ စကားလုံးတစ်လုံးလောက်က စိတ်အားအင်ကို ပိုပြီးဖြစ်စေတတ် ပါတယ်။ ဒါကြောင့် စိတ်အင်အား အသိတရားလေးများ တိုးပွားစေဖို့ အောက်ဖော်ပြပါ ကောက်ချက်လေးများကို ထပ်မံတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဖတ်မှတ်ကျင့်ကြံပြီး တစ်ဆင့် ပြန်လည် မျှဝေနိုင်ကြပါစေ…

ခွင့်လွတ်စေချင်…
ဘာပဲဖြစ်ဖြစ် ခွင့်လွတ်ကြည့်စေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခွင့်မလွတ်နိုင်ဘဲ ရန်ငြိုးဖွဲ့ကြရာမှ ဖြစ်ပေါ်ခဲ့တဲ့ အပြန်အလှန် အငြိုးအတေး အာဃာတ၊ ကလဲ့စားချေမှုတွေဟာ သံသရာကို ရှည်ကြာစေပြီး လွတ်မြောက်ရာအမှန် နိဗ္ဗာန်နဲ့ ဝေးနေတတ်လို့ပဲ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်အရ ခွင့်မလွတ်ဘဲ နေလို့ရပါတယ်။ ဒါပေမယ့် ခွင့်မလွတ်ဘဲ နေခြင်းရဲ့ နောက်ကွယ်မှာ ဖြစ်ပေါ်လာမယ့် ရလာဘ်တွေအတွက်တော့ ကိုယ်ကိုယ်တိုင်ပဲ ပြန်ခံရမှာဖြစ်ပါတယ်။ သံသရာအဆုံးသတ်ဖို့ ကိုယ်လုပ်တဲ့ ကောင်းကံ၊ မကောင်းကံတွေကို အဆုံးသတ်မှ ဖြစ်မှာပါ။ အငြိုးအတေးတွေနဲ့ လုပ်နေကြတဲ့ လုပ်ရပ်တွေကို ခွင့်လွတ်သီးခံမှုနဲ့ အဆုံးသတ်မှပဲ ပြီးဆုံးကြမှာပါ။ ကံတွေကို ဉာဏ်နဲ့ဖြတ်မှပဲ သံသရာလည်မှုက ရပ်မှာဖြစ်ပါတယ်။ အဲလိုမှ မဟုတ်ဘဲ ခံလိုက်ရလို့ မကျေနပ်ချက်တွေနဲ့ ခွင့်မလွတ်နိုင်ဘူးဆိုပြီး အငြိုးအတေးတွေထားကာ ပြန်လည်တုံ့ပြန်ကြမယ် ဆိုရင်တော့ ကိုယ့်အတွက်လည်း အတုံ့အလှည့် ပြန်ဖြစ်ကာ သံသရာအဆက် ရှည်ကြာလျက်နေမှာပဲ ဖြစ်ပါတယ်။

အူမ,တောင့်ရေး ဦးစားမပေးသင့်…
“အူမ,တောင့်မှ သီလစောင့်”ဆိုတဲ့ စကားပုံကို အကြောင်းပြပြီး အူမ,တောင့်ရေး ဦးစားပေးနေသူတွေ ရှိပါတယ်။ ဘုရားရှင်ကတော့ “သီလမလုံခြုံဘဲ နှစ်ပေါင်းတစ်ရာကျော် အသက်ရှင်ပြီး နေရတာထက် သီလလုံခြုံပြီး တစ်နေ့တစ်ရက် တစ်မနက်မျှ အသက်ရှင်၍ နေရတာက ပိုမြတ်ကြောင်း…” မိန့်တော်မူပါတယ်။ ဘုရားရှင်အလိုအရ အူမ,တောင့်အောင် ကြိုးစားရင်း အူမ, တောင်လာတဲ့အတွက် အသက်တွေ ရာထောင်မက ရှည်နေပေမယ့် သီလမလုံခြုံရင် အဲဒီပုဂ္ဂိုလ်ရဲ့ အသက်ရှင်နေမှုဟာ အနှစ်မရှိတဲ့ အသက်ရှင်နေမှုပဲ ဖြစ်ပြီး အူမ,မတောင့်လို့ အသက်မရှည်ပေမယ့် သီလလုံခြုံပြီး နေသွားရမယ်ဆိုရင် အဲဒီနေရတဲ့ အခိုက်ဟာ အနှစ်ရှိတဲ့အခိုက်၊ တန်ဘိုးရှိတဲ့အခိုက်လို့ နားလည်သဘော ပေါက်နိုင်ပါတယ်။ အကျင့်သီလလုံခြုံရေးဟာ အဓိကဖြစ်ပြီး စားဝတ်နေရေးဟာ တဒင်္ဂအခိုက်အတန့်မျှသာ ဖြစ်ပါတယ်။ သီလနဲ့ယှဉ်လာရင် အသက်ပင် စွန့်လွတ်တဲ့အထိ ထိန်းသိမ်းသင့်ပါတယ်။ သေချာတွေးကြည့်ရင် သံသရာအဆက်ဆက်၊ ငတ်ခဲ့တာတွေ များခဲ့သလို အကြိမ်ကြိမ် သေခဲ့ပေါင်းလည်း များခဲ့ပါပြီ။ အူမ,မတောင့်လို့ သေမယ်ဆိုရင်လည်း အကြိမ်ကြိမ် သေခဲ့ဖူးပြီးသား ဖြစ်တဲ့အတွက် ဒီတစ်ဘ၀ ထပ်သေလည်း မထူးပါဘူးလို့တောင် ဆိုနိုင်ပါတယ်။ သီလမလုံဘဲ သီလသေရင်တော့ အူမ,မတောင့်လို့ ဒီဘ၀မှာ သေရတာထက် အဆပေါင်းမြောက်များစွာ မကောင်းတဲ့အကျိုးတွေနဲ့ ပိုလို့တောင် အူမ,မတောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် သီလကို ဦးစားပေးကြဖို့ ဆုံးမတော်မူခြင်း ဖြစ်ပါတယ်။

တကယ့်ရှက်စရာ…
လောကမှာ အရှက်လွဲနေတဲ့သူတွေ တော်တော်များပါတယ်။ ရှက်စရာ မဟုတ်တဲ့အရာတွေမှာ ရှက်နေပြီး ရှက်ရမယ့်အရာတွေကျတော့ မရှက်ဘဲ ဖြစ်နေတတ်တာတွေ အများကြီး ရှိပါတယ်။ လောကီနယ်ပယ်မှာ ရှိနေကြတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှု၊ မပြည့်စုံမှု၊ ပညာတတ်မှု၊ မတတ်မှု၊ ဂုဏ်ရှိမှု မရှိမှုတွေဟာ တကယ်တော့ ရှက်စရာတွေ မဟုတ်ဘဲ ကိုယ်ကျင့်တရားတွေ ပျက်စီးတာ၊ လောက၀တ်တွေ ဖောက်ပျက်တာ၊ ဓမ္မ၀တ်တွေ ချွတ်ယွင်းတာ စတာတွေကသာ တကယ့်ရှက်စရာတွေပဲ ဖြစ်ပါတယ်။ ပိုပြီး ရှက်စရာကောင်းတာက ကိုယ်အမှားလုပ်မိတာကို မသိဘဲ အမှားကို အမှန်လို့ ထင်ပြီး ဘယ်သူဘာပြောပြော ကိုယ်ကအမှန်ဆိုတဲ့ တစ်ယူသန် အစွဲနဲ့ ဇွတ်အတင်း မဟုတ်တာကို ကိုင်စွဲထားတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ရှက်တတ်မယ်ဆိုရင် ကိုယ့်ကိုယ်ကို ပြန်ပြီး ရှက်သင့်ပါတယ်။ ကိုယ်လုပ်တာ ကိုယ်အသိဆုံး ဖြစ်တဲ့အတွက် ကိုယ်မကောင်းတာ လုပ်တဲ့အခါလည်း ဘယ်သူမှ မသိဘူးဆိုပေမယ့် သေချာတွေးကြည့်ရင် ကိုယ်ကိုယ်တိုင်က သိနေတာဖြစ်လို့ ကိုယ့်ကိုယ်ကို ပြန်ရှက်နေရမယ့် အဖြစ်ပါ။

မန်းတောင်ရိပ်ခို..
အသက်လေးရယ် ရှည်စေလို မန်းတောင်ရိပ်ကိုခို ဆိုတဲ့ စကားကို နားလည်မှုအမှားနဲ့ အသက်ရှည်ချင်ရင် မန္တလေးတောင်ရိပ်ကို သွားရောက်ပြီး ခိုခိုင်းတယ်လို့ မထင်ပါနဲ့။ ဒီမှာပြောတဲ့ မန်းတောင်ရိပ်ဆိုတာ မန္တလေးတောင်ရဲ့ အရိပ်ကို ဆိုလိုတာ မဟုတ်ပါဘူး။ မန်းဆိုတဲ့ ငါးပါးသီလ၊ တောင်ဆိုတဲ့ သူတော်ကောင်းတရား ခုနှစ်ပါးနဲ့ ရိပ်ဆိုတဲ့ သတိပဋ္ဌာန်တရား လေးပါးတွေကို ဆိုလိုတာဖြစ်ပါတယ်။ ဒီတရားတွေကို လိုက်နာကျင့်သုံးပြီး ဒီတရားအရိပ်မှာ ခိုလုံစေတာကို ပြောတာပဲ ဖြစ်ပါတယ်။ အမှန်တော့ ဘယ်နေရာမှာပဲ နေနေ၊ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ဒီမန်းတောင်ရိပ်ဆိုတဲ့ တရားတွေနဲ့သာ နေနိုင်မယ်ဆိုရင်တော့ တကယ့်ကို အသက်ရှည်ပြီး အခက်ဝေကာ ရမ္မက်ပြေမယ့် မန်းတောင်ရိပ်ကြီးမှာ နေနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် တကယ့်ခိုရမယ့် မန်းတောင်ရိပ်တွေဖြစ်တဲ့ သီလတရား၊ သူတော်ကောင်းတရားနဲ့ သတိပဋ္ဌာန်တရားတွေကိုသာ ခိုနိုင်အောင် ကြိုးစားကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။

ရှက်တတ်မယ်ဆိုရင်…
အရက်မသောက်တဲ့ သူတွေက အရက်သောက်တာ တစ်ခုလောက်ကိုပဲ ရှက်စရာလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ရှက်တတ်မယ်ဆိုရင် အရက်သောက်တာမှ မဟုတ်ပါဘူး။ မကောင်းမှုမှန်သမျှ ရှက်ရမယ့် အရာတွေပဲ ဖြစ်ပါတယ်။ သူ့များအသက်သတ်တာ၊ သူများပစ္စည်းခိုးတာ၊ သူများသားမယား ပြစ်မှားတာ၊ အိမ်ထောင်ရေးဖောက်ပြန်တာ၊ လိမ်ညာပြောဆိုတာ စတာတွေဟာလည်း ရှက်ရမယ့် အရာတွေပါပဲ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ လူတစ်ဦးနဲ့ တစ်ဦးအဆင်မပြေဖြစ်အောင် ဂုံးတိုက်တာ၊ ယုတ်မာရိုင်းစိုင်းပြီး ကြမ်းတမ်းတဲ့ စကားကိုပြောဆိုတာ၊ သူ့အတွက်လည်း အကျိုးမရှိ ကိုယ့်အတွက်လည်း အကျိုးမရှိတဲ့ စကားမျိုးကို ပြောဆိုတာ စတာတွေကလည်း ရှက်စရာတွေပါပဲ။ ပြီးတော့ သူတပါးအပေါ် အဘိဇ္ဈာပွားတာ၊ သူတပါးစည်းစိမ် ဥစ္စာ ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်တာ၊ အယူဝါဒ လွဲမှားတာတွေဟာလည်း ရှက်စရာတွေထဲမှာ ပါနေပါတယ်။ ဒီလို မကောင်းတဲ့ အလုပ်တွေနဲ့ ပျော်မွေ့နေတာတွေကမှ တကယ့်ရှက်စရာတွေ ဖြစ်နေတာပါ။ ဒါကြောင့် ကိုယ်တကယ် ရှက်ရမယ့် အရာတွေမှာ မရှက်ဘဲ မရှက်ရမယ့် အရာတွေမှာ ရှက်နေတတ်တဲ့ အရှက်လွဲနေသူတွေ အနေနဲ့ လွဲနေတာတွေကို အချိန်မီ အသိဝင်ကာ ရှက်သင့်တာတွေကို ရှက်ပြီးရှောင်ရှားနိုင်အောင် ကြိုးစားဖို့ လိုတယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

ရေလိုက်လွဲနေခြင်း…
အရက်ဆိုတာ သောက်ခါစကတော့ ကိုယ်က သူ့ကိုသောက်တာပါပဲ။ နောက်တော့ သူက ကိုယ့်ကို ပြန်သောက်လာပါတယ်။ သူ့ကို မသောက်ရရင် မနေနိုင်အောင်ကို သူက ချည်နှောင်လာပါတယ်။ ဘယ်လောက်ထိ ချည်နှောင်လာလဲဆိုရင် ဘာမှမသိတဲ့ အထိကို ချည်နှောင်လာတာပါ။ အရက်က ကိုယ့်ကို သောက်နေတာကို သောက်မှန်းမသိတော့ တစ်လွဲဆံပင်ကောင်းပြီး အကောင်းကို မကောင်းထင်၊ မကောင်းကို အကောင်းထင်ကာ ရေလိုက်လွဲကုန်တာ ဖြစ်ပါတယ်။ အရက်သောက်မှ လူရာဝင်တယ်၊ မိတ်ဆွေအပေါင်းအသင်း ပေါတယ်၊ ခေတ်မှီတယ်ဆိုတဲ့ အတွေးတွေနဲ့ အလိုက်လွဲနေကြတာ ဖြစ်ပါတယ်။ တစ်လွဲအတွေးတွေနဲ့ ကိုယ့်ကိုယ်ကို “သောက်သောက်စားစား၊ လူ့မင်းသား”လို့ ထင်နေကြတာ ဖြစ်ပါတယ်။ ပိုက်ဆံရှိတုန်း၊ အလုပ်ရှိတုန်း၊ သန်တုန်းမြန်တုန်း၊ မသေခင်တုန်းတော့ လူ့မင်းသားလို့ ထင်ချင်ထင်ကြမှာပေါ့။ အဲ… ပိုက်ဆံလည်းမရှိ၊ အလုပ်လည်းမရှိ၊ ကုသိုလ်လည်းမရှိ၊ သီလလည်း မရှိရင်တော့ ကိုယ့်စကားနဲ့ကို လူ့ငနွားပြန်ဖြစ်တတ်တယ် ဆိုတာတော့ သတိပြုကြဖို့ လိုပါတယ်။

အစမလုပ်မိပါစေနဲ့…
မကောင်းတဲ့အလုပ်ဆိုတာ လုပ်ပါများရင် အဲဒီမကောင်းမှုကို မကောင်းမှုလို့ မမြင်တော့ဘဲ နေ့စဉ်ပုံမှန် လုပ်နေကျ အလုပ်တစ်ခုလိုထင်ပြီး ပျော်ပျော်ပါးပါး လုပ်နေမိတတ်ပါတယ်။ အသေးအဖွဲ မကောင်းမှုလေးဆိုပေမယ့် လုပ်ပါများရင် ကြီးလာတတ်ပါတယ်။ လုပ်နေကျ ဖြစ်သွားရင်လည်း အကုသိုလ်လို့ မထင်တတ်ပြန်ပါဘူး။ ငါးတွေခုတ်ထစ်ပြီး ရောင်းနေတဲ့ ငါးစိမ်းသယ်တွေလို့ပေါ့။ ငါးအရှင်တွေကို သတ်ပြီး ခုတ်ထစ်ပါများလာတော့ အကုသိုလ်လို့ မမြင်တော့ဘဲ နေ့စဉ်အလုပ်တစ်ခုလို ထင်ပြီး သီးချင်းလေးတစ်အေးအေးနဲ့ ပျော်ပျော်ပါးပါး လုပ်နေမိတော့တာပါ။ ဒါကြောင့် မကောင်းတဲ့အလုပ်ဆိုတာ အသေးအဖွဲလေးက စပြီး အစမလုပ်မိဖို့ လိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

တကယ်သတ်ချင်ရင်…
လောကကြီးမှာ ကိုယ့်ကိုယ်ကို ပြန်သတ်လေ့ရှိကြတဲ့ သူတွေရှိပါတယ်။ ဒါဟာ လွဲမှားတဲ့ လမ်းစဉ်ဖြစ်ပါတယ်။ တကယ်သတ်သင့်တဲ့ ကိုယ်တွင်းကိလေသာတွေကို မသတ်ဘဲ ရုပ်တရားဖြစ်တဲ့ ဒီခန္ဓာကိုယ်ကြီးကို သတ်နေလို့ကတော့ အလေ့ကျပေါက်တဲ့ မျက်ပင်တွေလို သတ်လေရှင်လေ၊ ဖြတ်လေတက်လေပဲ ဖြစ်နေမှာ ဖြစ်ပါတယ်။ အမှန်တကယ် ဒုက္ခတွေကို ငြီးငွေ့လို့ ဒုက္ခငြိမ်းရာ ရောက်အောင် သတ်ချင်တယ်ဆိုရင်တော့ ခန္ဓာကိုယ် ရုပ်တရားတွေကို သတ်နေလို့ မရပါဘူး။ ကိုယ့်ရဲ့ကိုယ်တွင်းမှာ ဖြစ်ပေါ်နေတဲ့ လောဘ၊ ဒေါသ၊ မောဟစတဲ့ ကိလေသာတရားများကို သတ်မှတကယ့် ဒုက္ခငြိမ်းမှာ ဖြစ်ပါတယ်။ အပြင်ပိုင်းရုပ်တရားတွေကို သတ်ဖို့လွယ်ပေမယ့် အတွင်းကိလေသာ တရားများကိုတော့ သတ်ဖို့ခက်လှပါတယ်။ ဒီအတွင်း ကိလေသာတွေကို သတ်ဖို့အတွက်ကတော့ ဉာဏ်လက်နက်တစ်ခုနဲ့ပဲ သတ်နိုင်ပါလိမ့်မယ်။ ၀ိပဿနာအားထုတ်လို့ ဖြစ်ပေါ်လာတဲ့ ဉာဏ်လက်နက် တစ်ခုတည်းနဲ့ပဲ ဒီအတွင်း ကိလေသာတွေကို အမြစ်ပြတ် ချေမှုန်းသတ်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပြန်သတ်ကြရာမှာ ကိုယ့်ရဲ့ရုပ်တရားကို ပြန်သတ်ဖို့ မဟုတ်ဘဲ အတွင်းမှာရှိတဲ့ ကိလေသာတရားတွေကို သတ်ရမှာလို့ ဆိုခြင်းဖြစ်ပါတယ်။

ဒါနလေးနဲ့တော့…
မြန်မာဗုဒ္ဓဘာသာ အများစုဟာ ဒါနလုပ်ရတာကို သဘောကျ ကျေနပ်တတ်ကြပါတယ်။ ဘယ်လောက်အထိ ကျေနပ်ကြသလဲဆိုရင် ဒါနလုပ်နေရရင် အားလုံးပြီးပြည့်စုံပြီလို့ ဆိုကြတဲ့အထိ ကျေနပ်တတ်ကြပါတယ်။ အဲဒါကောင်းတာပေါ့။ ဘာပြောစရာရှိလို့လဲဆိုတော့ ဒါနလုပ်တာ မကောင်းဘူးလို့ ဆိုတာမဟုတ်ပါဘူး။ ကောင်းပါတယ်။ ဒါပေမယ့် အဓိကကျတဲ့ သီလ၊ ကုသိုလ်နဲ့ ဘာဝနာကုသိုလ်တွေကို ပိုပြီး ကြိုးစားအားထုတ်သင့်တယ်လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။ ဒါနတွေ ဘယ်လောက်ပဲလုပ်လုပ် သီလမလုံခြုံရင် မကောင်းတဲ့ဘုံတွေမှာ ပြန်ဖြစ်နိုင်သလို၊ ဘာဝနာ မပါပြန်ရင်လည်း လွတ်မြောက်မှုနဲ့ အလှမ်းဝေးနေပြန်ပါတယ်။ ဒါကြောင့် အဓိကကျတဲ့ သီလကို လုံအောင်ထိန်းပြီး ဒါနလေးနဲ့ရံကာ ဘာဝနာပါတွဲလိုက်ကြဖို့ အထူးသတိပေး တိုက်တွန်းရခြင်း ဖြစ်ပါတယ်။ သီလလုံမှ ဒါနအကျိုးပေး ကောင်းနိုင်သလို သီလလုံမှလည်း ဘာဝနာဉာဏ် အဖြစ်မြန်ပါတယ်။ ဒါကြောင့် ဒါနလုပ်တာ ကောင်းပေမယ့် ဒါနတစ်ခုတည်းတော့ မကောင်းနိုင်ဘူးလို့ ဆိုခြင်းဖြစ်ပါတယ်။ သီလ၊ ဘာဝနာပါတွဲကြဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။

ဒါနသီလဘာဝနာ စုံပါလေမှ..
သီလလုံရင် အပါယ်လုံပြီး ဒါနပါရင် ချမ်းသာလာကာ ဘာဝနာပွားရင် တဏှာပါးမှာ ဖြစ်တဲ့အတွက် သီလကို အခြေခံတဲ့ ဒါန၊ ဘာဝနာတွေကို အစုံပါအောင် လုပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ဒီလို ဒါန၊ သီလ၊ ဘာဝနာ စုံပါလေမှ ကြုံလာလေသမျှ ဒုက္ခတွေက အမှန်မသွေ အကုန်ခွာလေမှာ ဖြစ်ပါတယ်။

Read more »

စိတ်အားဖြည့် စကားစုလေးများ (၆)…

ဘုန်းဘုန်းရဲ့ အင်တာနက် စာမျက်နှာမှာ ရေးခဲ့တဲ့ တွေးမိသမျှ စာစုများထဲက စာဖတ်သူများကို အားဖြစ်စေမယ့် သတိပေးစကား နှလုံးသား အာဟာရလေးများကို ထုတ်နှုတ်ပြီး ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ စာတစ်ပုဒ်လုံးကို ဖတ်ရတာထက် စာတစ်ပိုဒ်လောက်၊ စာတစ်ကြောင်းလောက်၊ စကားလုံးတစ်လုံးလောက်က စိတ်အားအင်ကို ပိုပြီးဖြစ်စေတတ် ပါတယ်။ ဒါကြောင့် စိတ်အင်အား အသိတရားလေးများ တိုးပွားစေဖို့ အောက်ဖော်ပြပါ ကောက်ချက်လေးများကို ထပ်မံတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဖတ်မှတ်ကျင့်ကြံပြီး တစ်ဆင့် ပြန်လည် မျှဝေနိုင်ကြပါစေ…

ကိုယ်ကကောင်းမှ သူလည်ကောင်းမယ်…
ဘယ်သူမဆို အကောင်းကိုပဲ အလိုရှိတတ်ကြရာမှာ အကောင်းများဖြစ်စေဖို့် ကိုယ်ကိုယ်တိုင် အရင်ဆုံး ကောင်းပြရန် လိုအပ်ပါတယ်။ ကိုယ်က မကောင်းရင် သူတစ်ပါးလည်း ကောင်းမှာမဟုတ်တဲ့အတွက် ကိုယ်ကိုယ်တိုင် မကောင်းမဖြစ်ဖို့ ကြိုးစားသင့်လှပါတယ်။ အကောင်းအစစ်ဆိုတာ မကောင်းမဖြစ်ဖို့ လိုအပ်တဲ့အတွက် အကြောင်းအပြစ်ကို ကောင်းပြစ်ဖို့် လိုအပ်ပါတယ်။ အကြောင်းကောင်းရင် အကျိုးကောင်းမှာဖြစ်ပြီး အကျိုးကောင်းခြင်းဟာ အတုံ့အလှည့်ကောင်းခြင်းပဲ ဖြစ်ပါတယ်။ အတုံ့အလှည့်ကောင်းခြင်းဟာ အကောင်းလုပ်ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ဒီိအတုံ့အလှည့်များရဲ့ တုံ့ပြန်မှုများဟာ ကိုယ့်ရဲ့ အလုပ်များကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူမဆို အတုံ့အလှည့်ကောင်းများ ဖြစ်ပေါ်စေဖို့ အလုပ်လက်နက်ကောင်းနဲ့ အကြောင်းကောင်းအောင် ကြိုးစားကာ မိမိက အရင်အကောင်းများနဲ့ ကောင်းပြဖို့် လိုတယ်ဆိုတာ သတိပြုရမှာ ဖြစ်ပါတယ်။

စွမ်းအားကိုယ်စီ…
လောကမှာ လူတိုင်းလူတိုင်း ဘာပဲဖြစ်ဖြစ် ကိုယ်ပိုင်အစွမ်းအစများနဲ့ ကိုယ်တိုင်လှမ်းကြွနိုင်တာ ဖြစ်တဲ့အတွက် အစွမ်းအစဆိုတာ အစလုပ်လိုက်မှ စွမ်းလာတတ်တဲ့ သဘောရှိတယ်ဆိုတာ မမေ့ကြဘဲ သူများကို အားကိုးမှီခိုနေတာထက် ကိုယ်ပိုင်အစွမ်းအစ ကိုယ်စီရှိနေကြတဲ့ ကိုယ့်ကိုယ်ကိုပဲ အားကိုးမှီခိုကြဖို့၊ အမှီတစ်ခုခုနဲ့ ကိုယ်ပိုင်အစွမ်းကို အားပြုတဲ့အခါမှာလည်း တစ်ခြားအရာများထက် တရားကိုပဲ အားပြုကြဖို့၊ ကိုယ့်ကိုယ်ကိုယ်နဲ့ တရားမှတစ်ပါး ကိုးကွယ်ရာ မရှိဘူးဆိုတာ သတိပြုမိကြဖို့ အထူးလိုအပ်လှပါတယ်။ ဘာပဲဖြစ်ဖြစ် စမိဖို့က အရေးကြီးပြီး စပြီးရင် စွမ်းလာမှာဖြစ်လို့ အစနဲ့အစွမ်းကို အစွမ်းအစဖြစ်ဖို့ ကိုယ့်အားကိုယ်ကိုးရင်း ကိုယ့်အစွမ်းကိုယ် ပြနိုင်အောင် ကြိုးစားလိုက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

အတုံ့အလှည့်…
သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှု ရှိတယ်လို့ ဆိုသလိုပဲ စေတနာပါတဲ့ လုပ်ရပ်တိုင်းမှာလည်း တန်ပြန်ဖြစ်ပေါ်တတ်သည့် အတုံ့အလှည့်ဆိုတာ ရှိနေပါတယ်။ အဲဒီအတုံ့အလှည့်ဟာ် ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် လုပ်တဲ့သူရဲ့ အပေါ်တွင်မှာပဲ မူတည်ပါတယ်။ လုပ်တဲ့သူက အကောင်းပြုလုပ်ရင် တန်ပြန်သက်ရောက်မှုရဲ့ အတုံ့အလှည့်ဟာလည်း ကောင်းမှာဖြစ်ပြီး လုပ်တဲ့သူက မကောင်းပြုလုပ်ရင် တန်ပြန်သက်ရောက်မှုရဲ့ အတုံ့အလှည့်ဟာလည်း မကောင်းဖြစ်မှာ ဖြစ်ပါတယ်။ ကိုယ်နဲ့ဖြစ်ဖြစ်၊ နှုတ်နဲ့ဖြစ်ဖြစ်၊ စိတ်နဲ့ဖြစ်ဖြစ် ပြုလုပ်ပြောဆိုကြံစီမှုများဟာ ကိုယ်ကိုယ်တိုင်ရဲ့ ရွေးချယ်မှုပဲဖြစ်ပြီး အဲဒီအပြုအမူ အပြောအဆို အကြံအစီများရဲ့ တန်ပြန်သက်ရောက်မှုဟာလည်း ရွေးချယ်ပြုလုပ်ခဲ့တဲ့ ကိုယ့်ထံပဲ ပြန်လာမယ့် အတုံ့အလှည့်များ ဖြစ်ပါတယ်။ အပြုအမူကောင်းရင် အတုံ့အလှည့်ကောင်းမှာဖြစ်ပြီး အပြုအမူဆိုးရင် အတုံ့အလှည့် ဆိုးမှာပဲ ဖြစ်ပါတယ်။

မရှိခိုးနိုး မလှစုန်းနိုး..
“မရှိခိုးနိုး၊ မလှစုန်းနို”လို့ ဆိုတဲ့အတိုင်း လောကကြီးမှာ မရှိရင် သူခိုးလို့ အထင်ခံရတတ်၊ မလှရင် စုန်းလို့အထင်ခံရတတ်ပေမယ့် ကိုယ်ကိုယ်တိုင် ကိုယ့်ကိုယ်ကို သူခိုးလို့ အထင်မခံမိစေဖို့၊ သူများကို ဒုက္ခပေး ပြုစားတတ်တဲ့ စုန်းလို့ အထင်မခံမိစေဖို့ အဓိကကျတယ်ဆိုတာ ပြောချင်တာပါ။ ဘယ်သူက ဘယ်လောက်ပဲ အထင်သေး၊ နှိမ့်ချနေပါစေ ကိုယ့်ကိုယ်တိုင် ကိုယ့်ကိုယ်ကို ပြန်ပြီး အထင်သေး၊ နှိမ့်ချမှု မဖြစ်စေဖို့ အရေးကြီးပါတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကို ယုံကြည့်မှုရှိနေဖို့၊ အထင်မသေးမိဖို့က ကိုယ်ကိုယ်တိုင် အကျင့်သီလကောင်းနေမှ ဖြစ်မှာပါ။ မွဲနေတဲ့အပြင် အကျင့်ပါ မကောင်းဘူးဆိုရင်တော့ သူတပါးက အထင်သေးနှိမ့်ချတာကို ခံရတဲ့အပြင် ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် လိပ်ပြာမသန့် ဖြစ်တတ်ပါတယ်။ နောက်ဆုံးတော့ ရုပ်ပိုင်းဆိုင်ရာ ဘယ်လောက်ပဲ မွဲမွဲ ကိုယ့်ကိုယ်ကိုယ် အကျင့်မမွဲအောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။

ကံမြင့်ချင်ရင်…
ကံနိမ့်ကံမြင့်ဆိုတာ ဘ၀မှာ လူတိုင်းကြုံတွေ့ရမယ့် လောကဓံသဘော ဖြစ်တဲ့အတွက် ကံနိမ့်နေတဲ့အခါ စိတ်ဓာတ်မကျဘဲ အကောင်းတွေပဲ ကြိုးစားလုပ်နိုင်တာဟာ ကံကောင်းချင်တဲ့သူတွေရဲ့ တစ်ခုတည်းသော နည်းလမ်းဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ ကံမြင့်နိုင်မယ့် လုပ်ရပ်တွေဖြစ်တဲ့ မကောင်းတဲ့ ဒုစရိုက်အမှုတွေကို ရှောင်ပြီး ကောင်းတဲ့သုစရိုက်တွေနဲ့ နေထိုင်နိုင်အောင် ကြိုးစားခြင်းဟာ နိမ့်ကျတာတွေကို တစ်ခါပြန်ဆယ်နိုင်တဲ့ ဘယ်သူ့ကိုမှ မထိခိုက်တဲ့ ကျင့်စဉ်တစ်ခု ဖြစ်ပါတယ်။ အဆိုးတွေကြုံလေလေ သီလကို အထူးလုံအောင် ထိန်းလေလေ၊ မကောင်းတဲ့ တိုက်ခိုက်မှုတွေနဲ့ များများ တိုက်ခိုက်ခံရလေလေ ကိုယ့်စိတ်ကို မယိမ်းယိုင်အောင် သမထအလုပ် ၀ိပဿနာ အလုပ်တွေနဲ့ ကြိုးစားအားထုတ်လေလေ ဆိုရင်တော့ ဘယ်လိုနိမ့်ကျမှုမျိုးမဆို ခံနိုင်ရည်ရှိပြီး အမြင့်ကို တစ်ခါပြန်တက်နိုင်မယ်ဆိုတာ သေချာလှပါတယ်။

အကြောင်းကောင်းမှ အကျိုးကောင်း...
တကယ်တော့ လောကမှာ အကောင်းအဆိုးဆိုတာ တစ်ခြားသူက လုပ်ပေးလို့ ရတာမဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ပဲ လုပ်ရတာ ဖြစ်ပါတယ်။ ကိုယ်ကောင်းချင်ရင် ကိုယ်ကောင်းပြင်ဖို့ လိုအပ်သလို ကိုယ်မကောင်းချင်ရင်လည်း ကိုယ်မပြောင်းဘဲ နေလို့ရပါတယ်။ အကောင်းအဆိုး အနိမ့်အမြင့်ဆိုတာ အကြောင်းအကျိုးရဲ့ နိယာမတစ်ခု ဖြစ်တဲ့အတွက် အကျိုးကောင်းအောင် အကြောင်းကောင်းကြရမှာ ဖြစ်ပါတယ်။ အကျိုးဆိုတာ ကမ္မဖလဖြစ်ပြီး ကံရဲ့ရလာဘ်ဖြစ်ပါတယ်။ ကံဆိုတာ လုပ်ဆောင်ချက် ဖြစ်တဲ့အတွက် လုပ်ဆောင်ချက်ကောင်းရင် အကျိုးရလာဘ်ကောင်းမှာ ဖြစ်ပြီး လုပ်ဆောင်ချက်ဆိုးရင် အကျိုးရလာဘ် ဆိုးမှာဖြစ်ပါတယ်။ အကျိုးဆိုးတာဟာ ကံနိမ့်တာဖြစ်ပြီး အကျိုးကောင်းတာဟာ ကံမြင့်တာ ဖြစ်တဲ့အတွက် ကံနိမ့်နေရင် အကြောင်းဖြစ်တဲ့ လုပ်ဆောင်ချက်ကောင်းနဲ့ပဲ မြှင့်ရမှာ ဖြစ်ပါတယ်။ ဒါဟာ တစ်ခုတည်းသော ကံမြှင့်ရာ နည်းလမ်းပဲ ဖြစ်ပါတယ်။

လူမွဲပေမယ့် အကျင့်မပွဲပါစေနဲ့…
မွဲရင်လူရာမ၀င်ဖြစ်ပြီး အနှိမ်ခံရတဲ့အတွက် စိတ်ဓာတ်ကျသူတွေ ရှိတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကံအကျိုးပေး မကောင်းလို့ မွဲလာခဲ့ရတဲ့ အဖြစ်မှာ ဒီလိုမွဲတဲ့အတွက် ထင်ခံရတဲ့ အပြစ်တွေ လိုက်တွေး၊ လိုက်ခံစားနေလို့ကတော့ ပြီးမှာမဟုတ်တော့ပါဘူး။ မွဲလို့ဖြစ်ရတဲ့ ဆိုးကျိုးဟာ အတိတ်က ကိုယ်လုပ်ခဲ့တဲ့ ကံရဲ့ တန်ပြန်သက်ရောက်မှုလို့ သဘောထားပြီး လက်ရှိမွဲနေတဲ့ ဘ၀ကနေ နောင်ကျင်လည်ရမယ့် ဘ၀တွေအထိ ဒီသက်ရောက်မှုတွေ ပါမသွားအောင်ပဲ ကြိုးစားရတော့မှာပါ။ လူမွဲပေမယ့် စိတ်မမွဲအောင်၊ လူမွဲပေမယ့် စေတနာ မမွဲအောင်၊ လူမွဲပေမယ့် သဒ္ဓါမမွဲအောင်၊ လူမွဲပေမယ့် အကျင့်မမွဲအောင်ပဲ အတတ်နိုင်ဆုံး ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဘယ်သူတွေ ဘယ်လိုထင်ထင် ကိုယ်ရဲ့အသွင်တွေ မမွဲဖို့ပဲ ကြိုးစားရမှာ ဖြစ်ပါတယ်။ အကျင့်မွဲရင် အသွင်မွဲတတ်တဲ့အတွက် အသွင်မမွဲအောင် အကျင့်မမွဲဖို့ သတိပြုရမှာ ဖြစ်ပါတယ်။ မွဲလို့ အထင်သေးခံ၊ အနှိမ်ခံနေရတဲ့ ဘ၀မှာ အကျင့်ကောင်းအောင် ကြိုးစားပြီး သူတို့မလုပ်နိုင်တဲ့ အကျင့်လေးတွေနဲ့ပဲ အနိုင်ယူနိုင်အောင် အားထုတ်ရမှာ ဖြစ်ပါတယ်။

လူဖြစ်စေ…ရဟန်းဖြစ်စေ…
အမှန်တော့ လူပဲဖြစ်ဖြစ် ရဟန်းပဲဖြစ်ဖြစ် ဘယ်ဘ၀မှာပဲ ရှိရှိ ကုသိုလ်ကောင်းမှုဆိုတာ ကြိုးစားအားထုတ်နိုင်သူတွေ အတွက်ပဲ ဖြစ်ပါတယ်။ ရဟန်းဖြစ်နေပေမယ့် ကုသိုလ်ကောင်းမှု မလုပ်ရင် ရဟန်းဘ၀ဟာ ကုသိုလ်မရနိုင်တဲ့ ဘ၀ဖြစ်ပြီး လူဖြစ်နေပေမယ့် မကောင်းမှုကိုရှောင်ပြီး ကောင်းမှုကို ဆောင်ထားရင် လူ့ဘ၀ဟာ ကုသိုလ်ရနိုင်တဲ့ ဘ၀ဖြစ်ပါတယ်။ လူဖြစ်ဖြစ် ရဟန်းဖြစ်ဖြစ် ရရှိထားတဲ့ ဘ၀ကို တန်ဘိုးရှိအောင် အသုံးချရင်း ရရှိထားတဲ့ အနေအထားများနဲ့ ရနိုင်သမျှ ကုသိုလ်တရားများ ကြိုးစားပွားများနိုင်ရင် အဲဒီဘ၀ဟာ အမြတ်ဆုံးဘ၀၊ အကောင်းဆုံးဘ၀၊ ကုသိုလ်အရဆုံး ဘ၀ပဲဖြစ်ပါတယ်။ ဒါကြောင့် လူပဲဖြစ်ဖြစ်၊ ရဟန်းပဲ ဖြစ်ဖြစ် ရရှိထားတဲ့ဘ၀မှာ ကုသိုလ်ရအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

ကိုယ့်ကံကိုယ်မြှင့် စိတ်မညစ်နဲ့…
ကံမကောင်း အကြောင်းမလှလို့ မကောင်းတွေကျနေတဲ့ သူတွေအနေနဲ့ ကံတစ်ခါကောင်းလို့ အကြောင်းလှပြီး အကောင်းရရလေအောင် ကိုယ့်ကံကိုယ်စစ်ကာ ကောင်းတာတွေနဲ့ နှစ်နိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။ ကံနိမ့်နေလို့လိုဆိုကာ စိတ်ညစ်ညစ်နဲ့ အဆိပ်ဖြစ်စေမယ့် မကောင်းတဲ့အလုပ်တွေကို မလုပ်ကြဘဲ အဆိုးများအတွက် အတိုးပွားပြီး အကျိုးများစေမယ့် ကောင်းတဲ့အလုပ်တွေကိုပဲ ကြိုးစားလုပ်နေကြဖို့ လိုပါတယ်။ ဘယ်အရာမဆို အချိန်ဆိုတာ ရှိတဲ့အတွက် အချိန်တန်ရင် အဆိုးတွေပျောက်ပြီး အကောင်းရောက်လာမှာကို သဘောပေါက် ဆင်ခြင်ကာ အခိုက်အတန့် ကံနိမ့်နေတဲ့ ကာလလေးမှာ မကောင်းတဲ့အလုပ်တွေနဲ့ စိတ်မညစ်ဘဲ ကောင်းတဲ့အလုပ်တွေနဲ့သာ ကိုယ့်ကံကိုယ်မြှင့်ကြဖို့ အထူးလိုအပ်ပါတယ်။

Read more »

စိတ်အားဖြည့် စကားစုလေးများ… (၅)

ဘုန်းဘုန်းရဲ့ အင်တာနက် စာမျက်နှာမှာ ရေးခဲ့တဲ့ တွေးမိသမျှ စာစုများထဲက စာဖတ်သူများကို အားဖြစ်စေမယ့် သတိပေးစကား နှလုံးသား အာဟာရလေးများကို ထုတ်နှုတ်ပြီး ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ စာတစ်ပုဒ်လုံးကို ဖတ်ရတာထက် စာတစ်ပိုဒ်လောက်၊ စာတစ်ကြောင်းလောက်၊ စကားလုံးတစ်လုံးလောက်က စိတ်အားအင်ကို ပိုပြီးဖြစ်စေတတ် ပါတယ်။ ဒါကြောင့် စိတ်အင်အား အသိတရားလေးများ တိုးပွားစေဖို့ အောက်ဖော်ပြပါ ကောက်ချက်လေးများကို ထပ်မံတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဖတ်မှတ်ကျင့်ကြံပြီး တစ်ဆင့် ပြန်လည် မျှဝေနိုင်ကြပါစေ…

အသိအကျင့် ထပ်တူဖြစ်မှ
သညာသိနဲ့ ပညာသိ၊ တစ်နည်းအားဖြင့် စာအသိနဲ့ အကျင့်အသိ၊ သို့မဟုတ် လေ့လာသိနှင့် ကျင့်ကြံသိများဟာ နည်းမှန်လမ်းမှန်နဲ့ သိထားဖို့ လိုပါတယ်။ ပိဋကတ်စာပေနဲ့ လောကီပညာရပ်တွေကို ကောင်ကောင်းသိရှိနေရုံနဲ့ မလုံလောက်ဘဲ အဲဒီအသိနောက်ကို အကျင့်ပါလိုက်ဖို့် လိုအပ်ပါတယ်။ အကျင့်အားသန်လို့ အကျင့်ကို ကြိုးစားအားထုတ်တဲ့ အခါမှာ နည်းမှန်လမ်းမှန်နဲ့ အကျင့်မှန်ရန် လိုအပ်ပါတယ်။ တစ်ပိုင်းတစ်စ အကျင့်မျှလောက်နဲ့ မှန်တယ်လို့ ယူဆပြီး အဟုတ်မထင်ဖို့် သတိပြု ဆင်ခြင်ရပါမယ်။ အဲလိုမှ မဟုတ်ရင် စာသမားလည်း အကျင့်မပါက မာန်ထောင်မိတတ်သလို အကျင့်သမားလည်း စာအသိမရှိ၊ အကျင့်မမှန်ပါက အဆုံးမရောက်ဘဲ တလွဲမာန ၀င်တတ်ပါတယ်။ အဲဒီလို အသိရောအကျင်ပါ့ နဲနဲလေးလောက်နဲ့ ကိုယ့်ကိုယ်ကို အဟုတ်ထင်ကာ မာန၀င်မိပါက အမှန်မနီး အချည်းနှီးဖြင့် ဆင်းရဲအတိဖြစ်ကာ အပါယ်အထိပင် သက်ဆင်းနိုင်တတ်ပါတယ်။ ဒါကြောင့် ပိဋကတ်အစွယ် မထောင်ဘဲ အပါယ်ဘောင်မှ ရှောင်နိုင်ကြစေရန် အသိနဲ့အကျင့် ထပ်တူဆင့်ရန် ကြိုးစားသင့်ကြပါတယ်။

ကိုယ့်ကိုယ်ကိုစစ် ကံမပြစ်နှင့်…

လောကမှာ အဆိုးတွေကြုံတိုင်း ကိုယ်ကိုယ်ကို မစစ်ဘဲ ကံနိမ့်နေတယ်ဆိုကာ ဟိုမေးဒီမေး ဟိုလုပ်ဒီလုပ် လိုက်လုပ်တတ်တဲ့ သူတွေရှိပါတယ်။ ကိုယ်အားကိုယ်ကိုးဖို့ထက် သူများကို သွားအားကိုးမိတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို မယုံဘဲ သူများကို သွားယုံပြီး သူပြောတဲ့အတိုင်း လိုက်လုပ်နေတတ်ကြပါတယ်။ တကယ်တော့ ဗုဒ္ဓဘာသားများဟာ ယုံကြည်မှုကို စူးစမ်းဆင်ခြင်မှုနဲ့ ပေါင်းစပ်ဆင်ခြင်သင့်ပါတယ်။ နေရာတကာ အယုံကြည် မလွယ်သင့်ပါဘူး။ ဘယ်သူမပြု မိမိမှုဆိုသလို သေချာတွေးကြည့်ရင် အဆင်ပြေမှု မပြေမှုဆိုတာ ကိုယ်ကိုယ်တိုင် လုပ်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ အကျိုးရလာဘ်ပါပဲ။ အကောင်းအဆိုး ဆိုတာက လူတိုင်းကြုံတွေ့ရမယ့် လောကဓံပါ။ လောကမှာ ရှိနေရင်တော့ အကောင်းတွေနဲ့ ကြုံနေတတ်ရသလို အဆိုးတွေလည်း ရောက်နေမှာပါပဲ။ ဒီလောကဓံကို ဘာပဲလာလာ ခံနိုင်ရည်ရှိအောင် လုပ်ရမှာ ကိုယ်ကိုယ်တိုင်ပါ။ ကိုယ့်ရဲ့ လုပ်ရပ်တွေကို ကိုယ်ဆင်ခြင်ရမှာပါ။ အဲဒါကို ကိုယ့်ကိုယ်ကို အားမကိုးဘဲ သူများသွားအားကိုးတော့ “ကံနိမ့်နေတာ အိမ်မှာကိုးကွယ်ထားတဲ့ ကျောက်ဆင်းတုတော်က ခိုက်လို့ပါ၊ အဲဒီဆင်းတုကို သွားစွန့်လိုက်ပါ” ဆိုလို့ ခိုင်းတဲ့အတိုင်း လုပ်ရင်းက ကိုယ်ပါအပြစ်ဖြစ်ကာ ဘုရားမကြောက်၊ ကံမကြောက် ဖြစ်ကုန်တဲ့ သူတွေရှိပါတယ်။ နောက်ဆုံးတော့ အားကိုးအရှာလွဲပြီး ဗေဒင်ဆရာ၊ လောကဓာတ်ဆရာတွေကို အားကိုးမိလို့ အဲဒီဆရာများ ရိုက်တာခံရတဲ့အတွက် မလုပ်သင့်တဲ့ အကုသိုလ် အလုပ်ကို လုပ်ဖြစ်ကုန်တော့တာပါ။ အမှန်ဖြစ်သင့်တာက အဆိုးတွေ ကြုံနေ၊ အဆိုးတွေ များနေရင် အကောင်းကို များများလုပ်သင့်တာပါ။ အဆိုးတွေပြီးရင် အကောင်းတွေ လာလိမ့်မယ်ဆိုတဲ့ ခံယူချက်နဲ့ အဆိုးဒဏ်ကို ကြံ့ကြံ့ခံပြီး အကောင်းတွေပဲ ဖိလုပ်သင့်ပါတယ်။ အကောင်းတွေ လုပ်နေရင်း အဆိုးတွေ ကြုံခဲ့ရင်တောင် တအားဆိုးဆိုးဝါးဝါးတော့ မဖြစ်နိုင်ပါဘူး။ ဒီလိုမဟုတ်ဘဲ အဆိုးတွေကြုံလို့ သူများအားကိုးပြီး ခိုင်းတဲ့အတိုင်းလိုက်လုပ်မိရင် အဆိုးတွေဟာ ပိုပြီးဆိုးလာတတ်ပါတယ်။ အပါယ်လားစေနိုင်တဲ့ အဆိုးတွေအထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပြန်စိစစ်ပါ၊ ကံကိုချည်းပဲ အပြစ်ပုံမချပါနဲ့လို့ ဆိုခြင်းဖြစ်ပါတယ်။

အနှစ်ရှိသော ကြီးရင့်ခြင်း..
တကယ်တော့ အသက်အရွယ်ကြီးတိုင်း အနှစ်ရှိတာ မဟုတ်ပါဘူး။ အသက်ရှင်ခိုက်မှာ အနှစ်ရှိအောင် နေထိုင်သွားနိုင်ခြင်းကသာ အနှစ်ရှိခြင်းဖြစ်ပါတယ်။ အနှစ်သာရရှိရှိနဲ့ တစ်ရက်တစ်မနက် နေထိုင်သွားနိုင်ခြင်းကသာ အနှစ်မရှိဘဲ နှစ်ပေါင်းတစ်ရာကျော် နေသွားခြင်းထက် သာလွန်ပါတယ်။ စာလိုပြောရရင် ကိုယ်ကျင့်တရားမကောင်း၊ ကုသိုလ်ကောင်းမှုမရှိဘဲ နှစ်ပေါင်းအကြာကြီး အသက်ရှင် နေရခြင်းထက် ကိုယ်ကျင့်သိက္ခာအပြည့်နဲ့ တစ်နေ့တစ်ရက် တစ်မနက်လောက် အသက်ရှင် နေထိုင်သွားရခြင်းက ပိုအနှစ်သာရရှိပါတယ်။ ကုသိုလ်ကောင်းမှုများနဲ့ တစ်နေ့တစ်မနက် နေ့ထိုင်ခြင်းကသာ အကုသိုလ်တရားများနဲ့ နှစ်ပေါင်းတစ်ရာကျော်မက အသက်ရှင် နေထိုင်ရခြင်းထက် သာလွန်ကောင်းမြတ်ပါတယ်။ ဒါကြောင့် တစ်ရက်ပြီးတစ်ရက် ကြီးရင့်သွားနေကြတဲ့ သတ္တ၀ါတွေဟာ အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ကိုယ့်သန္တာန်မှာလည်း ကုသိုလ်အနှစ်သာရများ တိုးပွားနေအောင် ကြိုးစားနိုင်ကြရမှာ ဖြစ်ပါတယ်။ သေရမယ့်အချိန်ကို တဖြည်းဖြည်းကူးသွားနေတဲ့ ဘ၀ရဲ့ ကြီးရင့်ခြင်းဟာ ကုသိုလ်တရား၊ ကိုယ်ကျင့်တရားများနဲ့ အနှစ်ရှိတဲ့ ကြီးရင့်ခြင်းများဖြစ်ဖို့် လိုအပ်လှပါတယ်။ အဲဒီလိုဖြစ်အောင် အချိန်ရှိတုန်း ကြိုးစားကြဖို့လိုပါတယ်။

သူ့ကိုသတ်မှ တကယ်ပြတ်မှာ…
လောကမှာ တစ်ချို့လူတွေဟာ ဒုက္ခမျိုးစုံနဲ့ ကြုံတွေရတဲ့အခါ မခံမရပ်နိုင်ဖြစ်ပြီး နောက်ဆုံး ကိုယ့်ကိုယ်ကို အဆုံးစီရင်ကာ သတ်သေတဲ့အထိ ဘ၀ကို အရှုံးပေးတတ်ကြပါတယ်။ တကယ်တော့ ဒုက္ခတွေငြိမ်းဖို့ အတွက် ကိုယ့်ကိုယ်ကို သတ်သေလို့ မပြီးပါဘူး။ သူ့ကို သတ်နိုင်မှ ပြီးမှာ၊ ငြိမ်းမှာ၊ အဆုံးသတ်မှာပါ။ သူဆိုတာက တစ်ခြားမဟုတ်ပါဘူး။ ဒုက္ခတွေကို ဖြစ်စေတဲ့ တွယ်တာမှု သံယောဇဉ်လို့ခေါ်တဲ့ တဏှာပါ။ အမှန်ဒုက္ခငြိမ်းချင်ရင် ဒုက္ခဖြစ်ကြောင်း အကြောင်းတရားကို သတ်ရပါမယ်။ ဒီအကြောင်းတရားကို သတ်နိုင်မှ အကျိုးတရားဖြစ်တဲ့ ဒုက္ခက ငြိမ်းမှာပါ။ စာလိုပြောရင် သမုဒယသစ္စာလို့ခေါ်တဲ့ တွယ်တာမှု တဏှာကို ပယ်နိုင်မှ ဒုက္ခသစ္စာလို့ခေါ်တဲ့ ဆင်းရဲဒုက္ခအပေါင်းမှ ငြိမ်းအေးနိုင်မှာပါ။ ကြောင်းကျိုးဆက်စပ်မှု ပဋိစ္စသမုပ္ပါဒ်နည်း အရပြောရရင် မသိမှုအ၀ိဇ္ဇာ၊ တွယ်တာတပ်မက်မှု တဏှာတွေကြောင့် ဘ၀သံသရာ ကျင်လည်မှုတွေ တိုးပွားနေပြီး အဆုံးမရှိဖြစ်ကာ ဒီဒုက္ခသံသရာမှကင်းရာ နိဗ္ဗာန်နဲ့ ပိုပိုဝေးနေကြခြင်း ဖြစ်ပါတယ်။ တစ်ချို့က ဒီသဘောတရားကို တစ်လွဲနားလည်ပြီး ``ခန္ဓာရှိတဲ့အတွက် ဒီလိုဒုက္ခတွေ ကြုံနေရတာဖြစ်တယ်၊ ဒီခန္ဓာမရှိရင် ဒီဒုက္ခတွေလည်း ငြိမ်းမှာပဲ``ဆိုတဲ့ အတွေးနဲ့ ခန္ဓာမရှိအောင် ကိုယ့်ကိုယ်ကို သတ်သေတာတွေ လုပ်ကြပါတယ်။ ဒီနည်းဟာ အလွန်လွဲမှားတဲ့ နည်းပါ။ ဒီလို သတ်သေရုံနဲ့ ဒီဒုက္ခတွေက မငြိမ်းပါဘူး။ ဒီဘ၀အဆုံး သတ်သွားပေမယ့် နောက်ထပ်ဘ၀တစ်ခုက ထပ်ရနေဦးမှာပါ။ နောက်ထပ်ဘ၀ထပ်ရလို့ ခန္ဓာပြန်ရလာရင် ဒီဒုက္ခတွေကလည်း ထပ်ပြီးဖြစ်နေဦးမှာပါ။ အမှန်ဒုက္ခငြိမ်းချင်ရင် ဒီဒုက္ခတွေ ဖြစ်အောင် ခန္ဓာကိုယ်ကို ဖြစ်စေတတ်၊ ခန္ဓာအိမ်ကို ဖွဲ့တတ်တဲ့ တဏှာဆိုတဲ့ အကြောင်းတရားကိုသတ်မှ အမှန်ငြိမ်းမှာပါ။ ရရှိလာတဲ့ ခန္ဓာအစုဖြစ်တဲ့ ကိုယ့်ကိုယ်ကိုသတ်လို့ ဒုက္ခက မပြတ်ပါဘူး။ ဒီဒုက္ခကို ဖြစ်ပေါ်စေတဲ့ တဏှာဆိုတဲ့ သူ့ကိုသတ်မှ ဒုက္ခအမှန် ပြတ်မှာပါ။

နောင်တကင်းရာသို့…
လောကမှာ ရှိတဲ့ပုထုဇင်မှန်သမျှ နောင်တမရဖူးတဲ့သူ မရှိပါဘူး။ နဲနဲလေး၊ အခိုက်အတန့်လေးလောက် ဖြစ်ဖြစ် ရဖူးတဲ့သူတွေချည်းပါပဲ။ နောင်တ အားလုံးရဲ့ တရားခံဟာ လုပ်သင့်လုပ်ထိုက်တာကို မလုပ်မိလိုက်ခြင်းနဲ့ မလုပ်သင့် မလုပ်ထိုက်တာကို လုပ်မိလိုက်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ အလွယ်ပြောရရင် ကိုယ်ကိုယ်တိုင်ရဲ့ အလုပ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ နောင်တဖြစ်အောင် လုပ်တာလည်း ကိုယ်ပဲဖြစ်သလို နောင်တမဖြစ်အောင် လုပ်တာလည်း ကိုပဲဖြစ်ပါတယ်။ လုပ်သင့်တာကို မလုပ်မိတဲ့ နောင်တထက် ပိုဆိုးတာက မလုပ်သင့်မလုပ်ထိုက်တဲ့ အမှားကို ကျူးလွန်မိတဲ့အတွက် ဖြစ်ခဲ့ရတဲ့ နောင်တက ပိုဆိုးပါတယ်။ အမှားလုပ်မိတယ်ဆိုတာ အမှားအမှန်ကို မခွဲခြားနိုင်မိလို့ ဖြစ်ပါတယ်။ အမှားအမှန် မခွဲခြားနိုင်ခြင်းဟာ အငြိုးအတေး အာဃာတတွေနဲ့ စိတ်ဆိုးစိတ်တိုတတ်တဲ့ ဒေါသစိတ်တွေကြောင့် ဖြစ်ပါတယ်။ ဒေါသော အတ္ထံ နဇာနာတိလို့ ဆိုသလို ဒေါသဖြစ်ရင် အကြောင်းအကျိုး၊ အကောင်းအဆိုးကို မသိဘဲ၊ အမှားအမှန်ကို မခွဲခြားတတ် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီနောင်တဟာ လွန်ကျူးမိပြီးမှ ဖြစ်တတ်ကြတာဆိုတော့ ကိုယ့်လုပ်ရပ်အတွက် ပြန်တော့ပေးဆပ်ရပါတယ်။ တကယ်လို့များ ဒီနောင်တတွေရဲ့ အကြောင်းဖြစ်တဲ့ အမှားကျူးလွန်မှုကို မလုပ်ဖြစ်ခဲ့ရင်၊ အမှားမကျူးလွန်ခင် စိတ်ကို ထိန်းနိုင်ခဲ့မယ်ဆိုရင် ဒီလို နောင်တရတဲ့အထိ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါကြောင့် နောင်တမဖြစ်ချင်ရင် ဘာပဲဖြစ်ဖြစ် အမှားမကျူးလွန်မိခင် ကိုယ့်စိတ်ကို ထိန်းကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

တုံ့ပြန်မှုကို တုံ့ပြန်မပြုနဲ့…
လူအမျိုးမျိုးရှိတဲ့အတွက် တုံ့ပြန်မှု အမျိုးမျိုးလည်း ရှိမှာပါပဲ။ ကြိုက်တဲ့လူက ကောင်းတာတွေနဲ့ တုံ့ပြန်မှာဖြစ်ပြီး မကြိုက်တဲ့သူကတော့ အဆိုးနဲ့ တုံ့ပြန်မှာ ဖြစ်ပါတယ်။ ဒါဟာ လောကဓံ သဘောပါပဲ။ လောကဓံရှစ်ပါးလုံး ကြုံရတတ်ပေမယ့် အများဆုံး ကြုံရတာက ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းဆိုတဲ့ လောကဓံတွေပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း ချီးမွမ်းခြင်း ခံဖူးကြသလို ကဲ့ရဲ့ခြင်းလည်း ခံဖူးကြပါတယ်။ ခံနေရဦးမှာပါပဲ။ မတူညီတဲ့သူ၊ မတူညီတဲ့ စရိုက်၊ မတူညီတဲ့ အတွေးအခေါ် ရှိနေတဲ့ သူတွေနဲ့ တွေ့နေသမျှတော့ ဒီလိုကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းဆိုတဲ့ မတူညီတဲ့ တုံ့ပြန်မှုတွေက ရှိနေကြမှာပဲ ဖြစ်ပါတယ်။ သဒ္ဓါတရား ဓာတ်ခံရှိတဲ့သူတွေဟာ ကောင်းတဲ့သဘောတွေနဲ့ တုံပြန်နေကြမှာဖြစ်ပြီး သဒ္ဓါတရား မရှိသူတွေကတော့ အဆိုးတွေနဲ့ တုံ့ပြန်ကြမှာ မလွဲပါဘူး။ ဒါဟာ ရှောင်လွဲမရတဲ့ လောကဓံပဲ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ဘယ်လိုတုံ့ပြန်မှုမျိုးပဲလာလာ ခံနိုင်ရည်ရှိအောင် ကြိုးစားလိုက်ခြင်းဟာ အကောင်းဆုံးပါပဲ။ ဘယ်လိုတုံ့ပြန်မှုမျိုးလာလာ ကိုယ့်စိတ်ကို ကိုယ်မယိမ်းယိုင်အောင်၊ မတုန်မလှုပ် ခံနိုင်အောင် လေကျင့်နေထိုင်ခြင်းဟာ အကောင်းဆုံးပါပဲ။

ပျက်ပေမယ့် မဖျက်မိစေနဲ့…
လောကမှာ ပျက်စီးခြင်းနဲ့ ဖျက်စီးခြင်းလို့ နှစ်မျိုးရှိပါတယ်။ ပျက်စီးခြင်းဟာ အလိုအလျောက် သဘ၀အတိုင်း ဖြစ်တတ်တဲ့ သဘောဖြစ်ပြီး ဖျက်စီးခြင်းကတော့ ကိုယ်ကိုယ်တိုင်နဲ့ တစ်စုံတစ်ယောက်ရဲ့ ပယောဂကြောင့် ဖြစ်ပေါ်တတ်တဲ့ သဘောဖြစ်ပါတယ်။ ပယောဂပါလာရင် လုပ်ဆောင်ချက်ပါလာပြီး လုပ်ဆောင်ချက်ရှိလာရင် စေတနာလည်း ရှိလာနိုင်ပါတယ်။ စေတနာပါတဲ့ အလုပ်ဖြစ်ရင် ကံမြောက်လာနိုင်ပြီး ကံမြောက်လာရင် တန်ပြန်အကျိုးပေးမှုလည်း ရှိလာနိုင်ပါတယ်။ ပျက်စီးတတ်တဲ့ သဘောဖြစ်တဲ့အတွက် ပျက်စီးမှုမှာ ဘာမှု ထိခိုက်မှု မရှိနိုင်ပေမယ့် ဖျက်စီးမှုကြောင့် ပျက်စီးသွားတဲ့ သဘောဆိုရင်တော့ တန်ပြန်သက်ရောက်မှုကို ခံရမှာ ဖြစ်ပါတယ်။ စာပေမှာ ဗျသနခေါ် ပျက်စီးခြင်းတရား ငါးပါးရှိကြောင်း ဖော်ပြထားပါတယ်။ အဲဒီဗျသနတရားငါးပါးမှာ ဉာတိဗျသန (အမျိုးများပျက်စီးခြင်း)၊ ဘောဂဗျသန (စည်းစိမ်ဥစ္စာများ ပျက်စီးခြင်း)၊ ရောဂဗျသန (အနာရောဂါကြောင့် ပျက်စီးခြင်း) တွေကြောင့် သတ္တ၀ါတွေကို အပါယ်ငရဲအထိ ကျရောက်မှုကို မဖြစ်စေပေမယ့် သီလဗျသန (သီလပျက်စီးခြင်း)၊ ဒိဋ္ဌိဗျသန (အယူဝါဒ ပျက်စီးခြင်း) တွေကြောင့်ကတော့ အပါယ်ငရဲအထိ ကျရောက်စေနိုင်ပါတယ်။ ဒါကြောင့် ပျက်စီးချိန်တန်လို့ ပျက်စီးကြတဲ့ သဘောတရားတွေမှာ တုန်လှုပ်မှု မရှိကြစေဘဲ ဖျက်စီးမှ ပျက်စီးတတ်တဲ့ ပျက်စီးမှုတွေကိုတော့ အကြောက်တရားနဲ့ မပျက်အောင် ထိန်းကြဖို့ လိုပါတယ်။

အလိုကျချင်ရင် မလိုကြနဲ့…
လူတိုင်းလူတိုင်း တစ်ခုခုတော့ အလိုမကျ ဖြစ်တတ်ကြပါတယ်။ တကယ်တော့ အလိုမကျ ဖြစ်တယ်ဆိုတာ အလိုရှိနေကြလို့ပဲ ဖြစ်ပါတယ်။ အလိုရှိနေတဲ့အတွက် ကိုယ်လိုတဲ့အတိုင်း မဖြစ်တော့ အလိုလို အားမရဖြစ်ကာ မလိုချင်တာရပြီး အလိုမကျ ဖြစ်ကုန်တာပဲ ဖြစ်ပါတယ်။ လိုနေသမျှ အလိုမကျ ဖြစ်နေမှာ အမှန်ပါပဲ။ လိုချင်ဖြစ်ချင်တာတွေ များလေလေ အလိုမကျတာတွေ များလေလေပဲ ဖြစ်နေမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဖြစ်ချင်တိုင်း ဖြစ်လို့မရတဲ့ လောကမှာ ဖြစ်နေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဖြစ်ချင်တာ ဖြစ်နေမယ်ဆိုရင် မမြဲခြင်းသဘော မရှိတော့ဘဲ မြဲခြင်းသဘောပဲ ရှိနေမှာ ဖြစ်ပေမယ့် လောကကြီးဟာ မြဲတာတစ်ခုမှ မရှိဘဲ မမြဲတာတွေပဲ ရှိနေလေတော့ အတ္တမဟုတ်၊ အနတ္တဆိုတာ အထင်အရှား ဖြစ်စေပါတယ်။ ဒါကို မသိတဲ့အတွက်ကြောင့် ဖြစ်ချင်မှုလိုချင်မှုတွေနဲ့ ဖြစ်ချင်လိုချင်နေကြလို့လည်း သတ္တ၀ါတွေဟာ လိုတာမရဘဲ အလိုမကျ ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် “အလိုကျချင်ရင် မလိုကြနဲ့”လို့ ဆိုခြင်းဖြစ်ပါတယ်။

ကံကောင်းလိုသော်…
ကံကောင်းချင်တဲ့သူဟာ ကုသိုလ်များမျာလုပ်ဖို့ လိုပါတယ်။ ကုသိုလ်လုပ်ခြင်းဟာ အကောင်းလုပ်ခြင်း ဖြစ်တဲ့အတွက် အလုပ်ကောင်းခြင်းပဲ ဖြစ်ပါတယ်။ အလုပ်ကောင်းရင် အကျိုးပေးကောင်းမှာဖြစ်ပြီး အကျိုးပေးကောင်းခြင်းဟာ ကံကောင်းခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ဘယ်သူကမှ လုပ်ပေးလို့ ဖြစ်လာခြင်း မဟုတ်၊ ကိုယ်ကိုယ်တိုင် လုပ်ခဲ့ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကံကောင်းချင်ရင် ဘာဗေဒင် ယတြာမှ မလိုဘဲ ကုသိုလ်ကောင်းမှုပဲ များများဖိလုပ်ကြဖို့ လိုပါတယ်။

အတုယူတတ်ဖို့လို….
လောကကြီးမှာ နေ့စဉ်ကျင်လည် ဖြတ်သန်းနေရတဲ့ လှုပ်ရှားမှုတွေကပဲ ယူတတ်၊ မြင်တတ်တဲ့ သူတွေအတွက် ကောင်းတာတွေ၊ ကုသိုလ်ဖြစ်စရာတွေ အများကြီး ဖြစ်နေ၊ ရှိနေတယ်ဆိုတာ သတိပြုမိကြဖို့ပါ။ ဘယ်လိုနေရာ၊ ဘယ်လိုအချိန်၊ ဘယ်လိုလူမျိုးဆီကမဆို ကောင်းတဲ့၊ ကုသိုလ်ဖြစ်စေမယ့် အရာတွေဆို အတုလိုက်ပြီး ကျင့်သုံးယူတတ်ဖို့နဲ့ အပြစ်ဖြစ်စေ၊ အကုသိုလ်ဖြစ်စေမယ့် အရာတွေဆို ရှောင်ပယ်နိုင်အောင် ကြိုစားကြဖို့ပါ။ အမှန်တော့ ဘယ်သူ့ကိုပဲကြည့်ကြည့်၊ ဘယ်နေရာမှာပဲ နေနေ ကောင်းတဲ့ဘက်က ကြည့်တတ်မြင်တတ် ယူတတ်ရင် ကုသိုလ်ဖြစ်နေတာပါပဲ။ ကုသိုလ်ဖြစ်အောင် ကြည့်တတ်၊ ကုသိုလ်ဖြစ်အောင် ယူတတ်ရင် ကုသိုလ်ဖြစ်နေတာပါပဲ။ စာလိုတော့ ယောနိသောမနသိကာရလို့ ဆိုပါတယ်။ ယောနိသောမနသိကာရဆိုတာ နှလုံးသွင်းမှန်ကန်တာကို ဆိုပါတယ်။ တစ်နည်းအားဖြင့် အကုသိုလ်မဖြစ်အောင် နှလုံးသွင်းတတ်တာကို ဆိုပါတယ်။ အကုသိုလ်မဖြစ်အောင် နှလုံးသွင်းဖို့ဆိုတာ အကုသိုလ်မဖြစ်အောင် ကြည့်တတ်၊ မြင်တတ်မှ ဖြစ်တာပါ။ ဒီလိုကြည့်တတ်ဖို့အတွက် အကောင်းမြင်တတ်တဲ့ အကျင့်ရှိမှ ဖြစ်ပါတယ်။ ဒါကြောင့် အကောင်းဘက်က ကြည့်တတ်မြင်တတ်ရင် အကုသိုလ်မဖြစ်ဘဲ အပြစ်အဖြစ် သက်သာပါတယ်။ ကောင်းတာကို ကြည့်တတ်တဲ့အတွက် ကောင်းတာလေးတွေမြင်ပြီး ကောင်းတာတွေ ယူလာတတ်ပါတယ်။ ဒါကိုပဲ အတုယူတာလို့ ဆိုနိုင်တာပေါ့။ ကောင်းတဲ့အတုလိုက်မှုပါပဲ။

Read more »

စိတ်အားဖြည့် စကားစုလေးများ (၄)…

ဘုန်းဘုန်းရဲ့ အင်တာနက် စာမျက်နှာမှာ ရေးခဲ့တဲ့ တွေးမိသမျှ စာစုများထဲက စာဖတ်သူများကို အားဖြစ်စေမယ့် သတိပေးစကား နှလုံးသား အာဟာရလေးများကို ထုတ်နှုတ်ပြီး ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ စာတစ်ပုဒ်လုံးကို ဖတ်ရတာထက် စာတစ်ပိုဒ်လောက်၊ စာတစ်ကြောင်းလောက်၊ စကားလုံးတစ်လုံးလောက်က စိတ်အားအင်ကို ပိုပြီးဖြစ်စေတတ်ပါတယ်။ ဒါကြောင့် စိတ်အင်အား အသိတရားလေးများ တိုးပွားစေဖို့ အောက်ဖော်ပြပါ ကောက်ချက်လေးများကို ထပ်မံတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဖတ်မှတ်ကျင့်ကြံပြီး တစ်ဆင့် ပြန်လည် မျှဝေနိုင်ကြပါစေ…

သံသရာကြွေး မတင်ပါစေနဲ့…
အခုဘ၀မှာတောင် အတိတ်ဘ၀တွေက လုပ်ခဲ့တဲ့အကြွေးတွေကို ကျေအောင်မဆပ်နိုင်သေးဘဲ လက်ရှိလုပ်နေတဲ့ ကိုယ့်ရဲ့မကောင်းတဲ့ လုပ်ရပ်တွေကြောင့် နောက်ထပ် ပေးဆပ်ရမယ့် သံသရာနဲ့ချီတဲ့ အကြွေးတွေ ထပ်တိုးနေမယ်ဆိုရင်တော့ အကြွေးကင်းရာ နိဗ္ဗာန်နဲ့ကတော့ ဝေးပြီးရင်းဝေးရင်း ဖြစ်နေပါလိမ့်မယ်။ ကိုယ့်ရဲ့လုပ်ရပ်တစ်ခုဟာ စေတနာပါပါနဲ့ လုပ်လိုက်မိရင် အကြွေးဖြစ်စေပါတယ်။ အကြွေးဆိုရင်တော့ ပေးဆပ်ရမှာပါ။ ထုံးစံအတိုင်း ပေးဆပ်တဲ့အခါ အရင်းရော အတိုးရော ပေးဆပ်ရသလို ဘာမှမဟုတ်ပါဘူးဆိုပြီး လုပ်လိုက်တဲ့ မကောင်းတဲ့ လုပ်ရပ်တစ်ခုဟာ သူ့ရဲ့တန်ပြန် အကျိုးပေးကို ခံရတဲ့အခါမှာ ပေးဆပ်ရတဲ့ အတိုးက ဖော်မပြနိုင်အောင် များပါတယ်။ တစ်ချို့အတိုးတွေဆို အောက်ကနေ ပြန်မတက်နိုင်လောက်အောင်၊ ဘုရားပွင့်သော်လည်း ဘုရားသာသနာနဲ့ ကြုံခွင့်မရအောင်၊ အကြွေးဆပ်ပြီးပြန်တော့လည်း ကောင်းတဲ့သုဂတိဘ၀မှာ ကောင်းကောင်းမွန်မွန် မဖြစ်သေးဘဲ အိုနာကျိုးကန်းအဖြစ် ပြန်ဖြစ်အောင်အထိ အပိုပေးဆပ်လိုက်ရတာတွေ ရှိပါတယ်။ အတိုးပေါ် အတိုးထပ်တဲ့ သဘောပါပဲ။ ဒါဟာ မကောင်းတဲ့ လုပ်ရပ်တစ်ခုကြောင့် ပေးဆပ်ရတဲ့ အကုသိုလ်အကြွေးရဲ့ သဘောပဲ ဖြစ်ပါတယ်။ စာလိုပြောတော့ ကံကံရဲ့အကျိုးပဲပေါ့။

အကြွေးဆပ်ရင်း အကြွေးမထပ်ပါစေနဲ့…
အကြွေးဆပ်နေရတဲ့ ကိုယ့်ဘ၀ကို မမေ့ကြပါနဲ့။ အတိတ်ဘ၀တစ်ခုခုက တင်ကျန်လာတဲ့ အကြွေးတွေကို ဒီဘ၀မှာ လာဆပ်ရင်း အကြွေးပေါ် အကြွေးမထပ်အောင်၊ အတိုးပေါ် အတိုးမထပ်အောင် ကြိုးစားကြဖို့လိုပါတယ်။ ဒီလိုကြိုးစားတဲ့အခါ တစ်ဘ၀တစ်နပ်စာကို ကြည့်ပြီး ဖြစ်သလို မလုပ်ကြပဲ သံသရာနဲ့ချီကာ ပေးဆပ်ရမယ့် အတိုးကြွေးကို တွေးလို့ ကြိုးစားလုပ်ကိုင်ကြဖို့ လိုပါတယ်။ မကောင်းတဲ့ စိတ်စေတနာနဲ့ လုပ်တဲ့လုပ်ရပ်များရဲ့ အကြွေးအတိုးဟာ ကြောက်စရာ ကောင်းလောက်အောင် ကြီးမားတယ်ဆိုတာ သဘောပေါက်ပြီး ဘာပဲလုပ်လုပ် ကောင်းတဲ့စိတ် စေတနာလေးတွေနဲ့ လုပ်ကြရပါမယ်။ သေချာတာကတော့ အကြွေးရှိရင် ဆပ်ရမယ်ဆိုတာပါပဲ။ အဓိကကတော့ “အကြွေးဆပ်ရင်း အကြွေးထပ်နေသူများ မဖြစ်စေကြဘဲ အကြွေးဆပ်ရင်း အကြွေးမထပ်အောင်သာ ကြိုးစားကြဖို့”ပါပဲ။

ရုပ်ကိုပဲပြင် စိတ်မပြင်လျှင်…
အပုတ်ကောင် ဖြစ်နေတဲ့ ဒီရုပ်ဟာ နေ့စဉ်ပြင်နေရပါတယ်။ နေ့စဉ်သန့်ရှင်းအောင် လုပ်နေရပါတယ်။ တစ်နေ့မပြင်ရင် တစ်နေ့အနံ့ထွက်နေတာ ဆိုတော့ နေ့တိုင်းနေ့တိုင်း မရိုးနိုင်အောင်ကို ပြင်နေရပါတယ်။ မပြင်ဘဲ ထားမယ်ဆိုရင်လည်း ခန္ဓာကိုယ်မှာ ရှိတဲ့ အပေါက်တွေက ထွက်လာသမျှ အရာဟာ ဘာတစ်ခုမှ ကောင်းတာမရှိတော့ ရွံရှာဖွယ်ပဲ ဖြစ်နေပါတော့တယ်။ ဒါကလည်း ဒီရုပ်တရားဟာ အကောင်ပုတ်ဆိုတာ သိနိုင်တဲ့ အသိဉာဏ်ရှိမှ ဖြစ်မှာပါ။ တစ်ချို့ မသိကြတော့ ဒီအပုတ်ကောင်ဖြစ်တဲ့ ရုပ်ကောင်ကိုပဲ အဟုတ်ထင်ကာ မာနတွေ ၀င်နေကြပါတယ်။ အပေါ်ယံအရေပြားကို ရွှေအလား ထင်မှတ်ပြီး အမျိုးမျိုးနဲ့ ချယ်သနေကြပါတယ်။ နောက်ဆုံးတော့ ပြင်မဆုံးဖြစ်နေတဲ့ ဒီရုပ်ဟာ သေရင်ထားခဲ့ရမယ့် အကောင်ပုတ်ဆိုတဲ့ အမည်ပညတ်တစ်ခုပဲ ဖြစ်နေပါတယ်။ ဒါကို မသိတော့ ဟန်ဆောင်မှုများနဲ့အတူ အခိုက်အတန့်သာဖြစ်တဲ့ ပြင်ထားတဲ့ရုပ်အပေါ် အစွဲတရားတွေနဲ့ အလွဲအမှား စိတ်ထားတွေအထိ ဖြစ်နေကြတာ ဖြစ်ပါတယ်။ ရုပ်ကိုအမှီပြုပြီး စိတ်ပါဒုက္ခ ဖြစ်နေကြပါတယ်။ ရုပ်ကို သန့်ရှင်းအောင် လုပ်နေပေမယ့် စိတ်ကို မသန့်ရှင်းမိကြတော့ အကုသိုလ် အညစ်အကြေးတွေနဲ့ လောဘမျက်နှာ၊ ဒေါသမျက်နှာ၊ မောဟမျက်နှာ၊ မာနမျက်နှာ၊ ဣဿာ၊ မစ္ဆရိယ မျက်နှာတွေအဖြစ် ပြောင်းပြောင်းနေကုန် ပါတော့တယ်။ လှချင်လို့ မျက်နှာကို ခွဲစိပ်ပြုပြင် အလှဆင်ပေမယ့် ပိုပိုလှမလာဘဲ ကိလေသာလွှမ်းတဲ့ မျက်နှာတွေနဲ့ အိုအိုလို့သာ ပိုပြလာပါတော့တယ်။ ဒါကြောင့် လှချင်လို့ ပြင်ကြရင်လည်း ရုပ်ကိုလည်းပြင် စိတ်လည်းပြင်ကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။ ရုပ်မလှပေမယ့် စိတ်လှနေရင် လူလည်းလှလို့ အခုဘ၀မှာရော သံသရာမှာပါ အလှတရားတွေ ပိုင်ဆိုင်နေရမှာ အမှန်ပဲ ဖြစ်ပါတယ်။

စိတ်အညစ်အကြေး စိတ်နဲ့ဆေး…
မြတ်ဗုဒ္ဓကတော့ စိတ်ကို အထူးသတိပြုဖို့ အမြဲမိန့်တော်မူပါတယ်။ စိတ်ကိုပြင်ဖို့ အမြဲတိုက်တွန်းတော် မူပါတယ်။ ရုပ်ကို သန့်ရှင်းအောင် ပြုပြင်ကြသလို စိတ်ကိုလည်း သန့်ရှင်းအောင် ပြုပြင်ကြဖို့ အထူးဟောတော်မူပါတယ်။ ရုပ်မှာ အညစ်အကြေးတွေ စွန်းထင်လာတဲ့အခါ သန့်ရှင်းအောင် ဆေးကြောပေးရသလို စိတ်မှာ အညစ်အကြေးတွေ ဖြစ်ရင်လည်း သန့်ရှင်းအောင် ဆေးကြောပေးကြဖို့ ညွန်ပြတော်မူပါတယ်။ “ရေကြောင့်ဖြစ်တဲ့ ရွှံ့ပေရင် ရေနဲ့ဆေးမှပဲ သန့်ရှင်းသွားတတ်သလို၊ စိတ်ကြောင့်ဖြစ်တဲ့ အညစ်အကြေးဟာလည်း စိတ်နဲ့ဆေးမှပဲ သန့်ရှင်းနိုင်ကြောင်း..” ဆုံးမတော်မူပါတယ်။ အရင်းစစ်တော့ စိတ်မညစ်စေဖို့ပါပဲ။ စိတ်မှာ အညစ်အကြေးတွေ မဖြစ်ဖို့ပါပဲ။ အကယ်၍ စိတ်မှာသာ အညစ်အကြေးဖြစ်ပြီး စိတ်ညစ်နွမ်းပြီဆိုပါက ရုပ်ကို ဘယ်လောက်ပဲ လှအောင်ပြင်နေပါစေ အကျိုးမပြီး အချည်းနှီးပဲ ဖြစ်နေတတ်ကြောင်း သတိပြုကြဖို့ လိုအပ်လှပါတယ်။

ရုပ်ကိုလည်းပြင် စိတ်လည်းပြင်…
နေ့စဉ်နေ့စဉ် ရုပ်ကိုပြင်နေကြသလို စိတ်ကိုလည်း တစ်နေ့ထက် တစ်နေ့ ကောင်းတဲ့စိတ်၊ ကိလေသာနည်းတဲ့စိတ်၊ ဒေါသနည်းတဲ့စိတ်၊ မာနနည်းတဲ့စိတ်၊ မနာလိုမှု၊ ၀န်တိုမှု နည်းတဲ့စိတ်လေးတွေ ဖြစ်အောင် မမေ့မလျော့ မပေါ့မဆတဲ့ သတိတရားနဲ့ ပြုပြင်ပေးကြည့်ကြဖို့၊ စိတ်ကြောင့် ဖြစ်ပေါ်လာတတ်တဲ့ အညစ်အကြေးများကို စိတ်နဲ့ပဲ သန့်ရှင်းအောင် ဆေးကြောပြုပြင်ပေးကြဖို့၊ ရုပ်ကိုပြင်ဖို့ အချိန်၊ လူ၊ ငွေ၊ ပစ္စည်းစတာတွေနဲ့ အားစိုက်ကြိုးစား ပြုပြင်ကြသလို စိတ်ကိုလည်း သီလ၊ သမာဓိ၊ ပညာသတိတရားများနဲ့ ကြိုးစားအားထုတ်ကာ ပြုပြင်ပေးကြဖို့ ဆုံးမဟောကြား ပေးကြခြင်း ဖြစ်ပါတယ်။ ဖြစ်သင့်တာကတော့ ရုပ်ကိုလည်းပြင် စိတ်လည်းပြင်တတ်ကြဖို့ပဲ ဖြစ်ပါတယ်။

ခလုပ်မထိခင် အမိတပါ…
ခလုပ်ထိမှ အမိတလို့ ဆိုကြပေမယ့် ခလုပ်ထိအောင် စောင့်မနေကြဘဲ ခလုပ်မထိခင် ပြင်ဆင်ကြဖို့ လိုပါတယ်။ အမိတ,ချင်ရင် အမိက မ,နိုင်ချိန်မှာ တ,နိုင်အောင် ကြိုးစားကြဖို့ပါ။ ခလုပ်ဆိုတာ သွားရင်းလာရင်းနဲ့လည်း အသွားမတော်ရင် အချိန်မရွေး ထိနိုင်တဲ့အတွက် သွားရင်းသွားရင်း အမိမကယ်နိုင်တဲ့ အဝေးရောက်မှ ခလုပ်ထိလို့ အမိတ,မယ်ဆိုရင် အမိလည်း မမ,နိုင်ပါဘူး။ ကိုယ်ထူကိုယ်ထ ဆိုသလို ကိုယ်ထူပြီး ကိုယ်ထမှ ဖြစ်မှာပါ။ အဓိကကတော့ ထိမှတ,တာထက် မထိခင် ကြိုတင်ပြီး မထိအောင် သတိပြုဆင်ခြင်တာက ပိုကောင်းပါတယ်။

ကျင့်ယူပါ...
လောကီပိုင်းမှာပဲ ဖြစ်ဖြစ် လောကုတ္တပိုင်းမှာပဲ ဖြစ်ဖြစ် တောင့်တနေဖို့ထက် လက်တွေ့လုပ်ဆောင် ကျင့်ကြံနေဖို့က အရေးကြီးပါတယ်။ ရချင်တာကို တောင်းပြီးယူတာထက် လုပ်ပြီးယူတာက လက်တွေ့ကျကာ တန်ဘိုးရှိပါတယ်။ တောင်းတဲ့အခါ တောင်းတိုင်းမရနိုင်ပေမယ့် ကျင့်ကြံနိုင်ရင်တော့ ကျင့်ကြံတဲ့အတိုင်း ရနိုင်ပါတယ်။ သူများပေးမှကမ်းမ ရမယ့်အရာကို စောင့်မျှော်တောင့်တ မနေဘဲ ကိုယ်ကိုယ်တိုင် ကြိုးစားလုပ်ကိုင်ပြီး ရတာက ပိုပြီးအဓိပ္ပါယ် ပြည့်ဝပါတယ်။ ဒါကြောင့် တောင်းတယ်ဆိုတာဟာ အတောင်းမတော်ရင် အမုန်းရတတ်တဲ့အပြင် ကုသိုလ်ရေးနဲ့ ပတ်သက်ပြီး ဆုတောင်းမတော်ရင် တဏှာရဲ့ ချယ်လှယ်မှုနဲ့ နိမ့်ကျတဲ့ ဘ၀ကို ရောက်စေနိုင်တဲ့အတွက် ဘာပဲဖြစ်ဖြစ် တောင်းမနေကြဘဲ ကိုယ်ကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ ကျင့်ကြံကျိုးကုတ်မှုတွေနဲ့ လက်တွေ့ရအောင် လုပ်ယူကျင့်ယူကြပါလို့ တိုက်တွန်းလိုပါတယ်။

မရှိတောင့်တ ရှိကြောင့်ကြ…
စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရ၊ ဂုဏ်ပကာသနတွေဟာ မရှိရင်လည်း တောင့်တတတ်သလို ရှိရင်လည်း ကြောင့်ကြနေရတတ်တဲ့ အတွက် စိတ်အလိုအတိုင်း လိုချင်တာနောက်ပဲ လိုက်မနေကြဖို့၊ ရရှိလာတဲ့ အရာများအပေါ်မှာလည်း စိုးရိမ်ကြောင့်ကြမှုများနှင့် အလွန်အကျွံဖြစ်ကာ တွေးတောပူပင်မှု မများကြဖို့၊ ဒုက္ခဆိုတာ မရှိလည်းဖြစ်၊ ရှိလည်းဖြစ်တဲ့အတွက် မရှိတဲ့အခါမှာလည်း မရှိတဲ့အတိုင်းအတာနဲ့ လိုချင်တောင့်တမှုကို ထိန်းချုပ်ပြီး ရှိတဲ့အခါလည်း ရှိတဲ့အပေါ်မှာ မာနမ၀င် သတိထင်ကာ စိုရိမ်ကြောင့်ကြမှု မများကြဖို့၊ မရှိတောင့်တ ရှိကြောင့်ကြတတ်တဲ့ စည်းစိမ်ဥစ္စာ ရာထူးဌာနန္တရ ဂုဏ်ပကာသနတွေ ရှိခြင်း မရှိခြင်းအပေါ်မှာ အကြောင်းပြု၍ ဖြစ်ပေါ်လေ့ရှိတဲ့ ဒုက္ခအပေါင်းကို သတိပညာနှင့် စဉ်းစားဆင်ခြင် အသိဝင်ကြဖို့ လိုပါတယ်။

အာရုံနောက်ကို စိတ်မလိုက်စေနဲ့...
လောကမှာ ဒုက္ခအပေးဆုံး အရာဟာ စိတ်ပဲလို့ ဆိုကြသလို ဒီစိတ်ကြောင့် ကိုယ်အပါအ၀င် သတ္တ၀ါတွေဟာ ဒုက္ခပင်လယ် ဝေနေကြတာပါ။ အဲဒါ သူများက ဒုက္ခပေးလို့ မဟုတ်ဘဲ ကိုယ့်စိတ်က ကိုယ့်ကိုပြန်ပြီး ဒုက္ခပေးလို့ ဖြစ်တာပါ။ လက်တွေ့ဘ၀မှာပဲ ကြည့်ကြည့်လေ စိတ်က ဒုက္ခပေးနေတော့ တွေ့သမျှ အဆင်း၊ အသံ၊ အနံ့စတဲ့ အာရုံတွေအပေါ်မှာ လိုက်ပြီးကိုယ်ပါ ဒုက္ခဖြစ်နေတာ။ သိတဲ့အတိုင်းပဲ စိတ်က သူကြိုက်တဲ့ အဆင်း၊ အသံ၊ အနံ့စတာတွေဆို ခဏခဏ လိုချင်နေပြီး သူမကြိုက်တဲ့ အဆင်း၊ အသံစတာဆို ထစ်ခနဲဆို စိတ်တိုလိုက်၊ စိတ်ကောက်လိုက်၊ စိတ်ညစ်လိုက် ဖြစ်နေပြန်ပါတယ်။ ပိုဆိုးတာက ဒီစိတ်က တစ်သမှတ်တည်း မရှိတာပါ။ လိုရင်တစ်မျိုး မလိုရင်တစ်မျိုး အမျိုးမျိုးဖြစ်နေတာပါ။ စိတ်ကကြိုက်လို့ လိုချင်နေတာကို ကိုယ်ကပါလိုက်ပြီး နေလို့ကတော့ ရှာပေတော့လို့ပဲ ပြောရမလိုဖြစ်နေတယ်။ ဆုံးကို မဆုံးနိုင်တော့ပါဘူး။ ဒါကြောင့် စိတ်က ကြိုက်ကြိုက် မကြိုက်ကြိုက် သူ့ကို အဲဒီအဆင်း၊ အသံစတဲ့ အာရုံနောက်ကို မလိုက်အောင် ထိန်းဖို့ပြောကြတာ ဖြစ်မှာပါ။

ပျက်စီးချိန်တန်လို့ ပျက်စီးနိုင်ပေမယ့်...
ဖြစ်ခြင်းပျက်ခြင်း၊ အောင်မြင်ခြင်း ရှုံးနိမ့်ခြင်း၊ ချမ်းသာခြင်း ဆင်းရဲခြင်း စတာတွေဟာ လောကဓံတရားများ ဖြစ်သလို အကြောင်းအကျိုး ဆက်စပ်နေတဲ့ တရားများလည်း ဖြစ်တဲ့အတွက် အချိန်တန်ရင် မလွဲမသွေ ကြုံတွေ့ရမယ် ဆိုတာကို နားလည်သဘောပေါက်ထားဖို့် လိုအပ်ပါတယ်။ အပျက်မှမဟုတ် အဖြစ်လည်း အချိန်ကာလကျလာရင် ဖြစ်လာတတ်၊ ရောက်လာတတ်တယ်ဆိုတာ သိရှိထားပြီး အကောင်းပဲဖြစ်ဖြစ် အဆိုးပဲဖြစ်ဖြစ် ဖြစ်သမျှကို “ဒါလည်းပဲ ပြီးသွားမှာပါပဲ” ဆိုတဲ့ ခံယူချက်နဲ့ အမှတ်သတိ မပြတ်ရှိကာ ရင်ဆိုင်နိုင်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။ ဒီလို အကောင်းအဆိုး လောကဓံကို ခံနိုင်ခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်ပြီး ဘ၀အောင်မြင်တိုးတက်ရေးရဲ့ အဓိက သော့ချက်ဖြစ်ပါတယ်။ ဒါကြောင့် ပျက်စီးချိန်တန်လို့ ပျက်စီးနိုင်ပေမယ့် ပျက်စီးမှုနှင့် ကြုံတွေ့တဲ့အခါ မမေ့မလျော့ မပေါ့မဆတဲ့ သတိတရားနဲ့ ရဲရဲရင်ဆိုင် ကျော်လွားနိုင်ရင် အထိနာ အကျနာ သက်သာနိုင်မှာဖြစ်လို့ ပညာတရား၊ သတိတရား မမှားရအောင် အကျင့်တရား မချွတ်မှားဘဲ ကြိုးစားကျင့်ကြံ နေထိုင်ဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

Read more »

စိတ်အားဖြည့် စကားစုလေးများ (၃)…

ဘုန်းဘုန်းရဲ့ အင်တာနက် စာမျက်နှာမှာ ရေးခဲ့တဲ့ တွေးမိသမျှ စာစုများထဲက စာဖတ်သူများကို အားဖြစ်စေမယ့် သတိပေးစကား နှလုံးသား အာဟာရလေးများကို ထုတ်နှုတ်ပြီး ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ စာတစ်ပုဒ်လုံးကို ဖတ်ရတာထက် စာတစ်ပိုဒ်လောက်၊ စာတစ်ကြောင်းလောက်၊ စကားလုံးတစ်လုံးလောက်က စိတ်အားအင်ကို ပိုပြီးဖြစ်စေတတ် ပါတယ်။ ဒါကြောင့် စိတ်အင်အား အသိတရားလေးများ တိုးပွားစေဖို့ အောက်ဖော်ပြပါ ကောက်ချက်လေးများကို ထပ်မံတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဖတ်မှတ်ကျင့်ကြံပြီး တစ်ဆင့် ပြန်လည် မျှဝေနိုင်ကြပါစေ…

တရားအားထုတ်တယ်ဆိုတာ…
တရားအားထုတ်တယ်ဆိုတာ တကယ်တော့ “တရားတဲ့ အားတွေ ထုတ်တာပါ”ပဲ။ ကိုယ့်သန္တာန်မှာရှိတဲ့ မတရားတဲ့ အားတွေ အပြင်မထွက်အောင် မတရားတဲ့ အားတွေ မပေါ်အောင် တရားတဲ့အားတွေနဲ့ အနိုင်ယူတာကို တရားအားထုတ်တယ်လို့ ဆိုတာပါ။ မတရားတဲ့ အားဆိုတာ တခြားမဟုတ်ပါဘူး။ လောဘ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ ကိလေသားတရားတွေကို ပြောတာပါ။ ပုထုကိလေသေ ဇနေတီတိ ပုထုဇ္ဇနော- ကိလေသာတွေ မပြတ်ဖြစ်နေတဲ့ အတွက်ကြောင့် ပုထုဇဉ်လို့ ဆိုတဲ့အတိုင်း ပုထုဇင်များမှာ ကိလေသာတရားများ အမြဲမပြတ် တိုးတက်ဖြစ်ပွား နေတတ်ပါတယ်။ တစ်နေ့တစ်နေ့ ပြန်တွေးကြည့်လိုက်ရင် မတရားတဲ့ အားတွေဖြစ်တဲ့ ကိလေသာတွေနဲ့သာ အချိန်ကုန်နေတတ်တာကို တွေ့ရပါတယ်။ အချိန်မရွေး သူများကိုကြည့်ပြီး၊ သူများပိုင်ဆိုင်တာတွေကြည့်ပြီး လောဘဖြစ်လိုက်၊ အလိုမကျတာတွေနဲ့ တွေ့တဲ့အခါ ဒေါသဖြစ်လိုက်၊ ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့ မာနတွေဖြစ်လိုက်၊ အမှားကို အမှန်ထင်၊ အမှန်ကို အမှားထင်တဲ့ မောဟဖြစ်လိုက် စသည်စသည်ဖြင့် နေ့စဉ်မပြတ် တစ်မျိုးပြီးတစ်မျိုး အကုသိုလ် ကိလေသာတွေ ဖြစ်နေတဲ့အတွက် တရားတာတွေ ပျောက်ပျောက်နေပြီး မတရားတာတွေပဲ ရောက်ရောက်နေတတ်ပါတယ်။ ဒါဟာ ပုထုဇင်တွေရဲ့ သဘာဝပါပဲ။ ဒါကြောင့် ဒီမတရားတဲ့ ကိလေသာတွေ မဖြစ်အောင်၊ မတရားတဲ့ အားတွေအဖြစ်နည်းအောင် တရားတဲ့အားတွေ ထုတ်ကြတာ ဖြစ်ပါတယ်။ ဒါကိုပဲ တရားအားထုတ်တယ်လို့ ဆိုကြခြင်းပါ။

ဉာဏ်ဝီရိယ ပြည့်စုံမှ ကံကကူညီမည်…
လူဟာ ဘုန်းကံကြီးမားပြီး အရာရာကို ဖန်တီးနိုင်တဲ့ သူဖြစ်သော်လည်း ကံ ဉာဏ် ၀ီရိယတို့ကို အသုံးပြုပြီး ရရှိလာတဲ့ ဘ၀ကို တန်ဘိုးရှိအောင် အသုံးမပြုနိုင်ရင် လူပီသတဲ့ လူလို့မဆိုနိုင်ပါဘူး။ တချို့ လူ့ဘ၀ကို ရလာပေမယ့် ရရှိလာတဲ့ ဘ၀ကို ဖြစ်သလို နေပစ်လိုက်တတ်ပါတယ်။ အရာရာကို ဖန်တီးနိုင်တဲ့ လူ့ဘ၀မှာ ကိုယ်လိုချင်တဲ့ပုံစံ မဖန်တီးဘဲ တန်ဘိုးမဲ့တဲ့ လူအဖြစ် ဖြုန်းတီးပစ်တတ်ပါတယ်။ ကြိုးစားရင် ဖြစ်နိုင်တဲ့ ဘ၀ကို မကြိုးစားဘဲ ကံကိုသာ အပြစ်ပုံချတတ်ပါတယ်။ ကံ မကောင်းပါဘူးလို့ဆိုကာ ကိုယ့်ရဲ့ ပစ္စုပ္ပန် အစွမ်းကို မေ့ထားလိုက်ကြပါတယ်။ ဉာဏ်နဲ့ ၀ီရိယကိုပယ်ပြီး အတိတ်ကံ မကောင်းလို့ ဒီလိုဘ၀မျိုး ဖြစ်နေရတာလို့ ဘာမှမလုပ်ဘဲ မခိုင်လုံတဲ့ အကြောင်းပြများနဲ့ပဲ အဖော်ပြုနေကြပါတယ်။ တကယ်တော့ လူအဖြစ် မွေးဖွားပေးလိုက်တာနဲ့တင် အတိတ်ကံ၏ အကျိုးပေးမှု ပြီးဆုံးသွားပါပြီ။ ပစ္စုပ္ပန် တိုးတက်ဖို့ အတွက်ကတော့ ပစ္စုပ္ပန်မှာ လုပ်ရမယ့် လူရဲ့ တာဝန်ပဲဖြစ်ပါတယ်။ အမှန်တော့ ကံဆိုတာ အလုပ်ကို ဆိုတာဖြစ်တဲ့အတွက် အလုပ်ကောင်းရင် ကံကောင်းမှာဖြစ်ပြီး အလုပ်ဆိုးရင်တော့ ကံဆိုးမှာပဲပေါ့။ ဒါကြောင့် ကံရဲ့အကျိုးပေးကောင်းကို လိုချင်ရင် ဉာဏ်ဝီရိယနဲ့ပဲ ကြိုးစားရယူဖို လိုပါတယ်။ ဉာဏ်ဝီရိယ ရှိပါမှ ကံကကူညီမည်လို့ ဆိုတဲ့အတိုင်း စေတနာကောင်းပါတဲ့ ဉာဏ်ဝီရိယနဲ့ ကြိုးစားရင် ကံလည်းကောင်းလာမှာ ဖြစ်ပါတယ်။

လူ့…လူ…လူး…
လူ့ဘ၀ဟာ အရာရာကို ဖန်တီးနိုင်စွမ်းရှိတဲ့ ဘ၀၊ အမြင့်မြတ်ဆုံး ဘ၀၊ တန်ဘိုးအရှိဆုံး ဘ၀ဖြစ်ပေမယ့် အဲဒီဘ၀ကို အချည်းနှီးဖြစ်စေ၊ ပစ္စုပ္ပန် သံသရာ အစစအရာရာတွင် လု့နေ၊ မကောင်းတဲ့ လုပ်ရပ်များကြောင့် မကောင်းတဲ့ ဘုံဘ၀များမှာပဲ လူးနေရတဲ့ ဘ၀များအဖြစ် ပြောင်းလဲပစ်နိုင်တာလည်း လူပဲဖြစ်တဲ့အတွက် လူသားများဟာ လူပီသတဲ့ လူများဖြစ်စေဖို့၊ လုနေရသည့် လူများမဖြစ်စေဖို့နဲ့ လူးနေရတဲ့ လူများမဖြစ်စေဖို့ အသိဉာဏ်ပညာပါတဲ့ အားထုတ်မှုကို လက်ကိုင်ထားပြီး စေတနာကောင်းနဲ့ ကိုယ်လိုချင်တဲ့အရာကို ရအောင်ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရရှိလာတဲ့ တန်ဘိုးရှိတဲ့ လူအဖြစ်ကို လုရင်း၊ လူးရင်းနဲ့ အချိန်မကုန်ကြစေဘဲ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ ကုသိုလ် အကုသိုလ်ကို သိရှိလိုက်နာကျင့်သုံးပြီး စေတနာကောင်းပါတဲ့ လုပ်ရပ်များနဲ့ လူပီသတဲ့ လူများဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

အစမလုပ်နဲ့ အဆုံးမရှိ ဖြစ်တတ်တယ်…
စိတ်ဆိုတာကလည်း သိတဲ့အတိုင်း မကောင်းတဲ့ဘက်မှာပဲ ပျော်မွေ့တတ်ပါတယ်။ ကောင်းတဲ့အလုပ်ကို လုပ်ဖို့ခက်သလောက် မကောင်းတဲ့အလုပ်ကျတော့ အချိန်မရွေး အလွယ်တကူ ထလုပ်ဖြစ်တတ်ပါတယ်။ ဒါကြောင့် မကောင်းတဲ့ အလုပ်၊ မကောင်းတဲ့ အကျင့်ဟာ လုပ်ဖို့လွယ်၊ ဖြစ်ဖို့လွယ်တဲ့ အတွက် စပြီးမလုပ်မိအောင် ကြိုးစားဖို့နဲ့ ကောင်းတဲ့အလုပ်၊ ကောင်းတဲ့အကျင့်ကတော့ လုပ်ဖို့ဖြစ်ဖို့ ခက်တဲ့အတွက် ချက်ချင်းထလုပ်နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။ မကောင်းတဲ့အလုပ်၊ မကောင်းတဲ့ အကျင့်ဟာ ဘာမှမဖြစ်လောက်ပါဘူး ဆိုပြီး စမ်းသပ်တဲ့ သဘောနဲ့တောင် မလုပ်မိကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။ သူများလုပ်တာတွေ့လို့ လုပ်ကြည့်တာမျိုး၊ သူမျိုးတိုက်တွန်းလို့ လုပ်ကြည့်တာမျိုးကအစ ဘယ်လိုသဘောမျိုးနဲ့မှကို မလုပ်မိကြဖို့ သတိပေးကြခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီလို စမ်းသပ်တာ၊ စမ်းလုပ်တာကစပြီး နောက်ပိုင်းဖြတ်ဖို့ ခက်လာကာ ဘ၀ကို ဒုက္ခဖြစ်စေနိုင်တဲ့အထိ ဖြစ်သွားတတ်လို့ပဲ ဖြစ်ပါတယ်။

မာနလေးတွေ လျှော့ကြည့်ပါ…
မာနဟာ တက်ကြွခြင်း၊ ထောင်လွှားခြင်း သဘောရှိပါတယ်။ မာနအားကြီးလာရင် အရိုအသေ ပြုတတ်တဲ့ ဂါရ၀တရားတွေ ခေါင်းပါးလာတတ်ပါတယ်။ မာနကြီးလာရင် ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တဲ့ နိဝါတ တရားတွေ ဆုတ်ယုတ်လာတတ်ပါတယ်။ ဂါရ၀၊ နိဝါတဆိုတာ မင်္ဂလာ တရားတော်တွေပါ။ မာနကြောင့် ဒီမင်္ဂလာတရားတွေ မရှိဖြစ်လာရင် ကိုယ့်သန္တာန်မှာ ကျက်သရေ မရှိဖြစ်လာတာနဲ့ အတူတူပါပဲ။ မင်္ဂလာမရှိဘူးဆိုရင် အမင်္ဂလာပဲပေါ့။ အမင်္ဂလာဆိုတာ အကုသိုလ်ပါပဲ။ ဒါဆိုရင် မင်္ဂလာမရှိတဲ့သူဟာ အကုသိုလ်ရှိနေတဲ့သူပဲပေါ့။ သေချာဆက်စပ် တွေးကြည့်လိုက်တော့ မာနတရား လက်ကိုင်ထားမိတဲ့ အတွက် ကိုယ်ကိုယ်တိုင် အကုသိုလ်ကောင်ကြီး ဖြစ်မှန်းမသိ ဖြစ်နေတော့တာပါ။ မာနဆိုတဲ့ ကိလေသာဟာ သူ့ကိုစွဲကိုင်ထားတဲ့ သူတွေကို မင်္ဂလာမရှိအောင်၊ အကုသိုလ်ကောင် ဖြစ်အောင်အထိ တွန်းပို့နိုင်တဲ့အတွက် မာနတရားဟာ မထားသင့်၊ မရှိသင့်တဲ့အရာ ဖြစ်ပါတယ်။ တကယ်တော့ ပညာတွေ ဘယ်လောက်တတ်တတ် မာနကြီးပါက အရိုအသေမဲ့တတ်ပါတယ်။ ရုပ်အဆင်းအင်္ဂါ ဘယ်လောက်ပဲလှလှ မာနကြီးပါက စက်ဆုတ်ရွံ့ရှာခံရ တတ်ပါတယ်၊ ရာထူးဌာနန္တရ ဘယ်လောက်ပဲကြီးကြီး ခက်ထန်မောက်မာပါက အမုန်းခံရတတ်ပါတယ်။ စာသင်စာပြ တရားဟော တရားပြ ဘယ်လောက်ပဲ ကောင်းကောင်း မာနကြီးပြီး ခက်ထန်မောက်မာပါက အကဲ့ရဲ့ခံကာ ရှောင်ပယ်ခံရတတ်ပါတယ်။ ဒါဟာ မာနရဲ့ ဆိုးကျိုးတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ဆိုးကျိုးတွေ မဖြစ်အောင် မာနလေးတွေ လျှော့ကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။

တကယ့်ဒုက္ခငြိမ်းရာဆိုတာ…
တစ်ချို့ဆင်းရဲ့တဲ့ နိုင်ငံက လူများက ချမ်းသာတဲ့ နိုင်ငံကိုအားကျကြ၊ ချမ်းသာတဲ့သူတွေကို ကြည့်ပြီး “သူတို့တွေ ဒုက္ခငြိမ်းလိုက်ကြတာ”လို့ ဆိုတတ်ကြပါတယ်။ တကယ်တော့ နာမ်ရုပ်နှစ်ခုနဲ့ ဖွဲ့စည်းထားတဲ့ သတ္တ၀ါတွေ မှန်သမျှ ဘယ်နေရာ၊ ဘယ်နိုင်ငံ၊ ဘယ်ဒေသမှာပဲရှိရှိ ဒုက္ခငြိမ်းတယ်ဆိုတာ မရှိပါဘူး။ ဒုက္ခကိုယ်စီပိုက်ပြီး နေနေကြသူတွေပဲ ဖြစ်ပါတယ်။ ခန္ဓာဝန်လက်စ မသိမ်းသေးသမျှ ဒုက္ခငြိမ်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နောက်ထပ်တစ်ဖန် ဘ၀သစ်ကို မဖြစ်စေနိုင်တော့တဲ့ ကိလေသာကုန်ခမ်း နိဗ္ဗာန်လမ်းကို မရောက်သေးသမျှ ခန္ဓာဝန်လက်စ သိမ်းနိုင်မှာ မဟုတ်ဘဲ ခန္ဓာရှိနေသူမှန်သမျှ ဒုက္ခငြိမ်းတယ်ဆိုတာ မရှိပါဘူး။ သူ့ဒုက္ခနဲ့ သူဆိုတာ ရှိနေကြတာပါပဲ။ မရှိတောင့်တ၊ ရှိကြောင့်ကြလို့ ဆိုသလို မရှိတော့လဲ မရှိလို့တဲ့အလျှောက်၊ ရှိတော့လည်း ရှိတဲ့အလျှောက် ဒုက္ခဖြစ်တာပါပဲ။ အမှန်အကြွင်းမဲ့ ဒုက္ခငြိမ်းစေနိုင်တာကတော့ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ကိလေသာတွေငြိမ်းမှ အလုံးစုံငြိမ်းမှာပါ။ ဒါကြောင့် တကယ့်ဒုက္ခငြိမ်းရာဟာ ကိလေသာအပေါင်း ငြိမ်းရာပါလို့ ဆိုခြင်းဖြစ်ပါတယ်။

ကိုယ်ကျင့်သီလ…
ပါးစပ်က ဗုဒ္ဓဘာသာလို့ ဘယ်လောက်ပဲ ပြောပြော၊ သီလတွေ ဘယ်လောက်ပဲ ယူယူ လက်တွေ့အားဖြင့် ကိုယ်ကိုယ်တိုင် ရအောင်မကျင့်နိုင်သေးရင်တော့ ကိုယ်ကျင့်သီလတွေ ရနေတယ်၊ တည်နေတယ်လို့ မပြောနိုင်သေးပါဘူး။ ကိုယ်ကျင့်မှ ကိုယ်ရမှာဖြစ်တဲ့ ဒီသီလဟာ ကိုယ်ကိုယ်တိုင်ပဲ လုပ်ယူရပါတယ်။ သူများပေးလို့ မရပါဘူး။ တောင်းပြီးယူရတဲ့ အရာမဟုတ်ဘဲ ကိုယ်ကိုယ်တိုင် ကျင့်သုံးပြီး ရယူရတဲ့ အရာဖြစ်ပါတယ်။

မဖြစ်ပါရစေနဲ့…
ပုထုဇင်တွေဟာ အမြဲလိုချင်နေတတ်၊ ရချင်နေတတ်၊ ဖြစ်ချင်နေတတ်ပါတယ်။ ဒါကြောင့်လည်း ဘာလေးပဲလုပ်လုပ် လိုချင်ဖြစ်ချင်ရချင်တဲ့ စိတ်ဆန္ဒတွေနဲ့ တောင့်တကြပါတယ်။ ဒီစိတ်ကြောင့်ပဲ ဘာကုသိုလ်လေးပဲ လုပ်လုပ် ဖြစ်ပါရစေ၊ ရပါရစေ စသဖြင့် ဆုတောင်းလေ့ရှိကြပါတယ်။ ဖြစ်ချင်တာတွေက များတဲ့အတွက် ကုသိုလ်လေးကနဲနဲ တောင်းတာတွေက အများကြီး ဖြစ်နေကြပါတယ်။ ကုသိုလ်ကောင်းမှုလုပ်တဲ့သူ အတော်များများရဲ့ အသံတွေ နားထောင်လိုက်ရင် သူတို့ပြုတဲ့ ကုသိုလ်အပေါ် ဖြစ်ချင်တဲ့ ဆန္ဒတွေနဲ့ တောင်းနေကြတာကို ကြားနေရမှာပါ။ မဖြစ်ပါရစေနဲ့လို့ ဆုတောင်းပြီး ကုသိုလ်လုပ်သူ အတော်ရှားလှပါတယ်။ တကယ်လို့ မဖြစ်မနေ တောင်းချင်တယ်ဆိုရင်လည်း ဖြစ်ပါရစေလို့ တောင့်တနေမယ့်အစား လောဘမဖြစ်ဖို့၊ ဒေါသမဖြစ်ဖို့၊ မောဟမဖြစ်ဖို့၊ မာနမဖြစ်ဖို့၊ ဣဿာ၊ မစ္ဆရိယမဖြစ်ဖို့ စသဖြင့် တောင်းတာက ပိုပြီးအဓိပ္ပါယ်ပြည့်ဝ၊ အနှစ်သာရ ရှိပါတယ်။ ဖြစ်ပါရစေလို့ပဲ ဆုတောင်းဆုတောင်း မဖြစ်ပါရစေနဲ့လို့ပဲ တောင့်တတောင့်တ အမှန်တော့ နှစ်ခုလုံး တောင့်တတာတွေပါ။ ဒါပေမယ့် ဖြစ်ပါစေလို့ တောင့်တမှုကတော့ သံသရာရှည်မှုကို ဖြစ်စေတတ်ပြီး မဖြစ်ပါရစေနဲ့လို့ တောင့်တမှုကတော့ လွတ်မြောက်မှုကို ဦးတည်စေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆုတောင်းနေ့ဖို့ထက် လက်တွေ့ကျင့်ကြံဖို့က အရေးကြီးပါတယ်။ ဒီလို ကျင့်ကြံတဲ့အခါမှာတော့ ဦးတည်ချက် မှန်ဖို့လိုပါတယ်။ တစ်ချို့ ကုသိုလ်တွေ အမျိုးမျိုး လုပ်ကြပါတယ်။ ဒီလိုလုပ်နေကြပေမယ့် ဦးတည်ချက်ကတော့ လူ့စည်းစိမ် နတ်စည်းစိမ် စတာတွေကို ရစေဖို့ဖြစ်နေပါတယ်။ တစ်ချို့ကျတော့ ဒီစည်းစိမ်တွေကို မရည်ရွယ်ပါဘူး။ လောဘကင်းမှု၊ ဒေါသကင်းမှု၊ မောဟကင်းမှု၊ နိဗ္ဗာန်မျက်မှောက်ပြုမှုတွေကို ဦးတည်ပါတယ်။ ဒီဦးတည်ချက်နဲ့ပဲ ဖြစ်ပါရစေဆိုတာတွေနဲ့ ဆန့်ကျင်ပြီး မဖြစ်ပါရစေနဲ့ ဆိုတာကို ရည်ရွယ်ကြပါတယ်။ ဒီလို မဖြစ်ပါရစေနဲ့လို့ ရည်ရွယ်မှုကတော့ လွတ်မြောက်မှုအတွက် ဦးတည်ချက်ကောင်း ဖြစ်စေပါတယ်။ ဒါကြောင့် ဖြစ်ပါရစေဆိုတာထက်၊ မဖြစ်ပါရစေက ပိုကောင်းပါတယ်။

အသေကောင်းဖို့်…
လောကသားတွေဟာ နေဖို့အတွက် ကြိုးစားကြသလို သေဖို့အတွက်လည်း ကြိုးစားသင့်ကြပါတယ်။ အနေကောင်းအောင် ပြင်ဆင်ကြသလို အသေကောင်းအောင်လည်း ပြင်ဆင်ကြဖို့ လိုပါတယ်။ နေတဲ့အခိုက်မှာ မတောင့်မတ မကြောင့်မကျ နေနိုင်အောင် အားထုတ်ကြသလို သေတဲ့အခိုက်မှာလည်း မပူမပင် မပင်မပန်း သေနိုင်အောင် အားထုတ်သင့်ကြပါတယ်။ မတောင့်မတ နေနိုင်အောင် ရှာဖွေကြရင်း မကြောင့်မကျ သေနိုင်အောင်လည်း ရှာသင့်ပါတယ်။ ဆိုလိုတာက ဘ၀နေဖို့အတွက် ငွေကြေးပစ္စည်းဥစ္စာ ရအောင်ရှာရင်း နေခြင်းရဲ့နောက် သေခြင်းအတွက်လည်း သတိတရား လက်ကိုင်ထားနိုင်အောင် တရားတစ်ခုခု ရအောင်ရှာသင့်ပါတယ်။ ဒီလိုအသေကောင်းဖို့ တရားရှာတဲ့အခါ အကောင်းဆုံကတော့ ၀ိပဿနာ တရားပဲကောင်းပါတယ်။ ၀ိပဿနာ အားထုတ်ဖူးတဲ့သူ သတိပဋ္ဌာန်တစ်မျိုးမျိုးကို အထူးပြု အားထုတ်ဖူးသူတွေဟာ အနေကောင်းနေသူတွေဖြစ်ပြီး အသေကောင်းသူတွေဆိုလည်း မမှားပါဘူး။ တရားအားထုတ်ထားတဲ့ သူတစ်ယောက်အဖို့ သာမန်သူတွေ မခံနိုင်တဲ့ အကောင်းအဆိုး လောကဓံတွေကို ကောင်းကောင်းခံနိုင်ရည် ရှိလာကြပါတယ်။ လောကသားတွေ ဒုက္ခရောက်ကြ၊ ပျက်စီးကြတယ်ဆိုတာလည်း ဒီလောကဓံကို မခံနိုင်ကြလို့ပဲ ဖြစ်ပါတယ်။ တရားအားထုတ်ခြင်းဖြင့် လောကဓံကို ခံနိုင်ရည် ရှိနေတဲ့သူဟာ ဘာအခက်အခဲမဆို ခံနိုင်ရည်ရှိနေတဲ့ အနေကောင်းသူတွေ ဖြစ်နေကြပါတယ်။ ဒီအလုပ်ကို အားထုတ်ရင်း ဒီအတိုင်းပဲ အမှတ်သတိ မပြတ်ရှိသွားမယ်ဆိုရင် အသေလည်းကောင်းမှာ သေချာပါတယ်။

ဥပေက္ခာပြုလိုက်ပါ…
လောကမှာ လုပ်ယူလို့၊ ပြုပြင်လို့ မရတဲ့ အရာတွေ၊ မရတဲ့သူတွေ အများကြီး ရှိပါတယ်။ အဲဒါမျိုးကို မရရအောင် ပြုပြင်နေရင် ကိုယ်ပဲစိတ်ပင်ပန်း လူပင်ပန်း ဖြစ်တတ်ပါတယ်။ ကိုယ့်လမ်း ကိုယ်လျှောက်နေချိန်မှာ သူတစ်ပါးကို အမှီပြုပြီး ကိုယ်ကိုယ်တိုင်ပါ နစ်မွန်းလာနိုင်ပါက အဲလိုအရာမျိုး၊ အဲလိုလူမျိုးကို ရှောင်ဖို့လို၊ ဥပေက္ခာပြုလိုက်ဖို့ လိုပါတယ်။ အမှန်တော့ ဥပေက္ခာပြုတယ်ဆိုတာ သူတစ်ပါးကို အမှီပြုပြီး ကုသိုလ်လည်းမဖြစ် အကုသိုလ်လည်း မဖြစ်အောင် နေလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ကုသိုလ်မရချင် နေပါစေ အကုသိုလ် မဖြစ်ဖို့တော့ လိုပါတယ်။ တစ်ခါတစ်လေ ဥပေက္ခာပြုကြည့်လိုက်လို့ အပြုခံရတဲ့သူဟာ နောင်တရပြီး ပြုပြင်ပြောင်းလဲ သွားတတ်တာလည်း ရှိပါတယ်။ သေချာတာကတော့ ဥပေက္ခာပြုလိုက်တဲ့အတွက် ကိုယ်ကိုယ်တိုင် အရင်ဆုံး သက်သောင့်သက်သာ ဖြစ်သွားတယ်ဆိုတာတော့ အမှန်ပါပဲ။ ဒါကြောင့် တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်ကို အကြောင်းပြုလို့ အကုသိုလ်ဖြစ်မယ်၊ စိတ်ပင်ပန်းလူပင်ပန်း ဖြစ်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် လစ်လျူရှုနိုင်အောင်၊ ဥပေက္ခာပြုနိုင်အောင် ကြိုးစားကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။

ကံမသိ မှန်ကြည့်ပါ…
မှန်ဟာ ကြည့်သူများကို အရှိအတိုင်း ထင်ရှားစေသလို ကံတရားဟာလည်း ပြုသူများကို မျက်နှာလိုက်ခြင်း၊ မျက်နှာသာပေးခြင်း မရှိဘဲ အရှိအတိုင်း အကျိုးသက်ရောက်မှု ရှိစေပါတယ်။ မှန်ပါတယ်။ မှန်ကြည်တဲ့အခါ မြန်မာပဲကြည့်ကြည့် ကိုရီးယားပဲကြည့်ကြည့်၊ အမေရိကန်ပဲကြည့်ကြည့်၊ ဂျပန်ပဲကြည့်ကြည့်၊ ဖြူသူပဲကြည့်ကြည့် မဲသူပဲကြည့်ကြည့် ဘယ်သူပဲကြည့်ကြည့် မှန်မှာ်ပေါ်လာတဲ့ ထင်ဟပ်မှုဟာ အရှိအတိုင်းပင် ဖြစ်ပေါ်စေသလို ကံတရားဟာလည်း ဘယ်နိုင်ငံ၊ ဘယ်လူမျိုးက ဘာအလုပ်ကိုပဲ လုပ်လုပ် တန်ပြန်အကျိုးသက်ရောက်မှုမှာ အဲဒီသူတို့ ပြုတဲ့အတိုင်း၊ သူတို့စိတ်စေတနာ အတိုင်းပဲ ဖြစ်ပေါ်စေပါတယ်။ ကံတရားရဲ့ အကျိုးပေးမှုမှာ ဂုဏ်ပကာသနမရှိ၊ ရာထူးဌာနန္တရမရှိ၊ ပစ္စည်းဥစ္စာမရှိ သတ္တ၀ါမှန်သမျှအပေါ် တစ်ပြေးညီတည်းပါပဲ။ ဒါကြောင့် ကိုယ်ဘာပဲလုပ်လုပ် ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်ကိုပြန်ပြီ အကျိုးသက်ရောက်မှု ဖြစ်စေမှာဖြစ်တဲ့အတွက် မှန်ကြည့်ပြီး လုပ်ကြဖို့ တိုက်တွန်းခြင်း ဖြစ်ပါတယ်။

Read more »

စိတ်အားဖြည့် စကားစုလေးများ (၂)…

ဘုန်းဘုန်းရဲ့ အင်တာနက် စာမျက်နှာမှာ ရေးခဲ့တဲ့ တွေးမိသမျှ စာစုများထဲက စာဖတ်သူများကို အားဖြစ်စေမယ့် သတိပေးစကား နှလုံးသား အာဟာရလေးများကို ထုတ်နှုတ်ပြီး ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ စာတစ်ပုဒ်လုံးကို ဖတ်ရတာထက် စာတစ်ပိုဒ်လောက်၊ စာတစ်ကြောင်းလောက်၊ စကားလုံးတစ်လုံးလောက်က စိတ်အားအင်ကို ပိုပြီးဖြစ်စေတတ် ပါတယ်။ ဒါကြောင့် စိတ်အင်အား အသိတရားလေးများ တိုးပွားစေဖို့ အောက်ဖော်ပြပါ ကောက်ချက်လေးများကို ထပ်မံတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဖတ်မှတ်ကျင့်ကြံပြီး တစ်ဆင့် ပြန်လည် မျှဝေနိုင်ကြပါစေ…

တကယ်ဖြစ်ချင်ရင် တကယ်လုပ်…
ဘာမှမလုပ်ရင် ဘာမှမဖြစ်သလို တစ်ခုခုကို လုပ်နေရင်လည်း အလုပ်ကနေ ပြန်ပြီးအကျိုးသက်ရောက်စေတယ် ဆိုတာ အလုပ်လုပ်နေတဲ့သူတိုင်း ခံစားရတဲ့ လက်တွေ့ကျတဲ့ သာဓကတစ်ခုဖြစ်ပါတယ်။ ဘာမှမဖြစ်ချင်ရင်တော့ ဘာမှမလုပ်ဘဲ နေလို့ရပေမယ့် တစ်ခုခုဖြစ်ချင်ရင်တော့ တစ်ခုခုကို လုပ်မှဖြစ်မှာပါ။ ဘာမှမလုပ်တဲ့ သူတွေအတွက် အချိန်တွေဟာ အချည်းနှီးပိုနေတတ်၊ အချည်းနှီး ကုန်ဆုံးနေတတ်ပေမယ့် အလုပ်လုပ်နေသူတွေ အတွက်ကတော့ အချိန်မလောက်ဘဲ ရှိတတ်ပြီး ကုန်ဆုံးသွားသမျှ အချိန်တွေဟာလည်း အကျိုးရှိတဲ့ ကုန်ဆုံးမှုတွေချည်းပါပဲ။

ဘာပဲဖြစ်ဖြစ် သိနေပါစေ…
တစ်စုံတစ်ခုကိုဖြစ်စေ တစ်စုံတစ်ယောက်ကိုဖြစ်စေ အကြောင်းပြုပြီး ကိုယ့်သန္တာန်မှာ မကောင်းတဲ့စိတ် ဖြစ်ပေါ်လာတဲ့အခါ အဲဒီစိတ်ဖြစ်တာကို ချက်ချင်းသိနိုင်အောင် သတိပြုသင့်ပါတယ်။ အဲဒီစိတ်ဖြစ်ခိုက်တွင် “ငါ့မှာ ဒီစိတ်ဖြစ်နေပါလား“လို့ သိလိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီစိတ်ဟာရှေ့ဆက် မဖြစ်တော့ဘဲ ရပ်တန့်သွားပါတော့တယ်။ ဒါကြောင့် ဘာစိတ်ဖြစ်ဖြစ် ဖြစ်ခိုက်ကို သိအောင်ကြိုးစားပါလို့ ဆိုခြင်းဖြစ်ပါတယ်။

မစွဲလန်းမိပါစေနဲ့…
စွဲလန်းမိရင် အမှန်ကို မမြင်ဖြစ်လာတတ်ပါတယ်။ မမြဲတဲ့သဘောကို မြဲတယ်လို့ ထင်လာတတ်ပြီး မရှိကို အရှိလို့ ထင်လာတတ်ပါတယ်။ မပိုင်တာကို ပိုင်တယ်လို့ ထင်လာတတ်ပြီး ငါမဟုတ်သည်ကို ငါဟုထင်လာတတ်ပါတယ်။ ဒါကြောင့်လည်း ငါ၊ ငါ့ဥစ္စာ၊ ငါ့ရာထူး၊ ငါ့ဂုဏ်ဝါစတဲ့ ငါစွဲများဖြင့် အချိန်ကုန်ကာ လောဘ၊ ဒေါသ၊ မောဟ၊ မာနစသည် ပြိုင်လာကြခြင်းဖြစ်ပါတယ်။ သေချာတာကတော့ အကောင်းပဲဖြစ်ဖြစ် အဆိုးပဲဖြစ်ဖြစ် စွဲလန်းမိရင် မကောင်းဖြစ်တတ်ပြီး ဒုက္ခရောက်တတ်တယ်ဆိုတဲ့ အချက်ကို သတိပြုရပါမယ်။

သတိ… မှားတတ်သည်…
လောကမှာ အမှားဆိုတာ ဘယ်သူမှ မကင်းကြပါဘူး။ ပုထုဇင်ပုဂ္ဂိုလ်များဖြစ်၍လည်း ပိုလို့တောင် အမှားရှိတတ်ကြပါတယ်။ ဒီလိုအမှားတွေကိုသာ လိုက်ပြီးတစ်ခုချင်း အပြစ်ပုံချနေကြမယ်ဆိုရင် အမှားဟာ အမှန်ဖြစ်လာမှာ မဟုတ်တော့ဘဲ အငြိုးအတေးတွေပဲများလာကာ အဆုံးမသတ်နိုင် ဖြစ်တတ်ကြပါတယ်။ မာနတွေပြိုင်ကာ အနိုင်ပြုလာတတ်ပါတယ်။ အမှားတစ်ခုကို အကြောင်းပြုပြီး မကောင်းမှုတွေ လုပ်ဖြစ်လာတတ်ကြပါတယ်။ ဒီလို မကောင်းမှုတွေအထိ လုပ်လာတတ်ပြီဆိုရင်တော့ ဒီဘ၀မှာတင်မဟုတ်ဘဲ နောင်သံသရာအထိ အကျိုးဆက်တွေ ဖြစ်ကုန်ပါတယ်။ နောင်ဘ၀အထိ ပါလာပြီဆိုရင်တော့ သံသရာက ရှည်လာလေပြီပေါ့။ ဒီဘ၀မှာတောင် ဒီလိုဒုက္ခတွေနဲ့ ကျင်လည်နေကြရတာ နောင်သံသရာအထိ ပါသွားပြီဆိုရင်တော့ ဘ၀အဆက်ဆက် ဒုက္ခတွေက ပြောမပြနိုင်အောင်ပါပဲ။ ရှည်လိုက်မယ့် သံသရာကလည်း ခံပေတော့လို့ပဲ ဆိုရတော့မလို မဆုံးနိုင်တော့ပါဘူး။ ဒါကြောင့် အမှားမကင်းတဲ့ ပုထုဇင်လူသားတွေ ဖြစ်နေကြတဲ့အတွက် ဒီအမှားကို အကြောင်းပြုပြီး သံသရာ မရှည်ကြဖို့၊ သူမှားတယ်၊ ကိုယ်မှန်တယ်ဆိုပြီး မာနတွေ မပြိုင်မိကြဖို့၊ အတတ်နိုင်ဆုံး ခွင့်လွှတ်ပြီး သီးခံခ၀ါချနိုင်ဖို့ သတိပြုသင့်ကြပါတယ်။

အနေချောင် အသေကြပ်၊ အနေကြပ် အသေချောင်…
တကယ်တော့ လောကကြီးမှာ နေဖို့ခက်သလောက် သေဖို့လည်း ခက်ကြပါတယ်။ ဒါကြောင့် နေဖို့ကြိုးစားကြသလို သေဖို့လည်းကြိုးစားသင့်ပါတယ်။ အနေချောင်ဖို့ ကြိုးစားကြသလို အသေချောင်ဖို့လည်း ကြိုးစားသင့်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အနေချောင်ဖို့ ကြိုးစားရင်း အသေမချောင်ဘဲ ဖြစ်နေကြတာတွေပဲ များနေတာကို တွေ့ရပါတယ်။ ဆရာတော်ကြီးတစ်ပါး အမိန့်ရှိဖူးတာ အမှတ်ရမိပါတယ်။ ``အနေချောင်ရင် အသေကြပ်မယ်၊ အနေကြပ်မှ အသေချောင်မယ်``တဲ့။

အပြစ်မတင်မိကြပါစေနဲ့…
တကယ်တော့ အပြစ်တင်တတ်တဲ့ အကျင့်ရှိတာ လူတစ်ယောက်အတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ အပြစ်တင်တတ်တယ်ဆိုကတည်းက အပြစ်ကြည့်တတ်လို့ အပြစ်တင်တတ်တာပါ။ အပြစ်ကြည့်တတ်ပြီဆိုရင်တော့ ကုသိုလ်စိတ်နဲ့ ကြည့်တာမဟုတ်ဘူး ဆိုတာသေချာပါတယ်။ ဒါဆိုရင် အကုသိုလ်ပဲပေါ့။ ဟုတ်ပါတယ်။ အပြစ်ဆိုတာ လူတစ်ယောက်ရဲ့ အားနည်းချက် မကောင်းတဲ့အချက်ပဲ ဖြစ်ပါတယ်။ အဲဒီအပြစ်ကို ကြည့်တတ်တဲ့သူဆိုရင်လည်း မကောင်းတဲ့အချက်ကို မြင်တတ်တဲ့အတွက် မကောင်းတဲ့စိတ်ပဲ အရင်ဖြစ်မှာပါ။ မကောင်းတဲ့စိတ်ဖြစ်ရင် အကုသိုလ်စိတ်ဖြစ်ပြီး အယောနိသော မနသိကာရ ဆိုတဲ့ မကောင်းတဲ့ နှလုံးသွင်းစိတ်ထား ဖြစ်ပါတယ်။ အယောနိသောမနသိကာရ ဖြစ်နေတဲ့ သူတစ်ယောက်ဟာ ကုသိုလ်ဖြစ်ဖို့လည်း ခက်သွားတတ်ပါတယ်။ ဒါကြောင့် ဘာပဲကြည့်ကြည့် ဘာပဲတွေးတွေး အကုသိုလ်မဖြစ်အောင် ယောနိသောမနသိကာရ စိတ်လေးနဲ့ အကောင်းဘက်က ကြည့်တတ်အောင် ကြိုးစားသင့်ပါတယ်။ အဲဒီလို အကောင်းဘက်က ကြည့်တတ်ကြမယ်ဆိုရင် ဘာကိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် အမှီပြုပြီး အကုသိုလ်စိတ်ဖြစ်ဖို့ ခက်ခဲသွားတတ်ပါတယ်။

ကိုယ့်ကိုယ်ကိုသာ ပြိုင်လိုက်ပါ…
မပြိုင်နဲ့ ဆိုပေမယ့်။ ကိုယ့်ကိုယ်ကိုတော့ ပြိုင်နေရပါမယ်။ ယနေ့ငါနဲ့ မနက်ဖြန်ငါဟာ မတူအောင် ပြိုင်နေရပါမယ်။ မကောင်းပြိုင်ဖို့ မဟုတ်၊ အကောင်းပြိုင်ဖို့ပါ။ ယနေ့ငါဟာ ကံငါးပါးမလုံသေးပေမယ့် မနက်ဖြန်ငါကတော့ ကံငါးပါးလုံစေရမယ်လို့ ပြိုင်ရပါမယ်။ ယနေ့ငါဟာ ကိုယ်ကျင့်တရား မကောင်းပေမယ့် မနက်ဖြန်ငါကတော့ ကိုယ်ကျင့်တရားကောင်းရမယ်လို့ ပြိုင်ရပါမယ်။ ယနေ့ငါဟာ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တွေကို ဒီလောက်ပဲ လုပ်နိုင်သေးပေမယ့် မနက်ဖြန်ငါကတော့ ဒီထက်ပိုပြီး လုပ်နိုင်ရမယ့်လို့ ပြိုင်ရပါမယ်။ ဒီနေ့ငါဟာ စိတ်ထားလေးတွေကို ဒီလောက်ပဲ ပြုပြင်နိုင်သေးပေမယ့် မနက်ဖြန်ငါကတော့ ဒီထက်ပိုပြီး ပြုပြင်နိုင်ရမယ်လို့ ပြိုင်ရပါမယ်။

ရတာမလို လိုတာမရ ဤလောက…
သတ္တ၀ါတွေဟာ ရနေတာကို မကျေနပ်နိုင်၊ မတင်းတိမ်နိုင်ဖြစ်တတ်ပြီး မရသေးတာကို လိုချင်တတ်တာ သဘာဝဖြစ်ပေမယ့် ရှိသမျှအတိုင်းအတာ၊ ရသမျှအတိုင်းအတာ၊ ကံပေးသမျှ အတိုင်းအတာလေးနဲ့တော့ ရောင့်ရဲ့နိုင်အောင် ကြိုးစားသင့်ပါတယ်။ ဒီလိုမှ မရောင့်ရဲ့နိုင်ရင် ရချင်မှု၊ လိုချင်မှု၊ ရသမျှကို အလိုမကျနိုင်မှု၊ ရပြီးတော့လည်း ထပ်ရချင်မှု၊ သူ့ရှိတာကို အားကျမှု စတာတွေကြောင့် ဒီဟာတွေနောက်ကို လိုက်ရင်းလိုက်ရင်း မဆုံးနိုင်အောင်ပင် ဖြစ်နေတတ်ပါတယ်။ သေချာတာကတော့ ကိုယ်ကဘယ်လိုပဲ လိုချင်ရချင်နေပေမယ့် လောကကြီးဟာ သူ့သဘောအတိုင်းသာ ဖြစ်နေတော့ လိုချင်တာကို ရချင်မှလည်း ရနိုင်မှာ၊ ရတဲ့ဟာလည်း ကိုယ်လိုချင်တဲ့ဟာ ဖြစ်ချင်မှဖြစ်မှာဆိုတာပါပဲ။ ဒါကြောင့် ရတာမလို လိုတာမရတဲ့ လောကကြီးမှာ ရချင်မှုနောက်တွေပဲ လိုက်မနေကြပဲ ရသမျှ ရှိသမျှအပေါ်မှာသာ ရောင့်ရဲနိုင်အောင်၊ ကျေနပ်နိုင်အောင် ကြိုးစားသင့်ကြပါတယ်။

ရောင့်ရဲနိုင်ပါမှ…
“ရှိတာလေးနဲ့ ရောင့်ရဲပါ“တဲ့။ ဒီစကားလေးက သိပ်တန်ဘိုးရှိပါတယ်။ ဗုဒ္ဓစာပေမှာတော့ “တုဋ္ဌီ သုခါ ယာ ဣတရေန= ရသမျှ၊ ရှိသမျှနဲ့ ကျေနပ်နှစ်သိမ့်နိုင်ခြင်းဟာ ချမ်းသာ၏“ လို့ ဖော်ပြထားပါတယ်။ သိကြတဲ့အတိုင်းပဲ ရတာလေးအပေါ်မှာ မရောင့်ရဲနိုင် မကျေနပ်နိုင်ကြတော့ တစ်ချို့က ပိုပြီးရအောင် ကြိုးစားကြပါတယ်။ ပိုပြီးလိုချင် ပိုပြီးရချင်တော့ တရားတာရော မတရားတာရော မသိတော့ဘဲ ရဖို့တစ်ခုတည်းကြည့်ပြီး လုပ်မိကြရာက ပစ္စုပ္ပန်မှာရော သံသရာမှာပါ ဒုက္ခဖြစ်ကြရပါတယ်။ ရချင်တဲ့ လိုချင်တဲ့ လောဘဆိုတာ အကန့်လေးနဲ့ တားပေးရပါတယ်။ အဲဒါကို တုဋ္ဌီ (ရောင့်ရဲတင်းတိမ်နိုင်ခြင်း)လို့ ခေါ်ပါတယ်။ အကန့်မထားရင် ရပြီးရင်းရချင်၊ လိုပြီးရင်းလိုချင် ဖြစ်လာတတ်ပါတယ်။ ရပြန်တော့လည်း ကျေနပ်နှစ်သိမ့်မှု မဖြစ်နိုင်ဘဲ နောက်တစ်ခုကို ရဖို့အားထုတ်လာတတ်ပါတယ်။ ဒီလိုနဲ့ မဆုံးနိုင်တော့ဘဲ နောက်ဆုံးတော့ အလိုမကျမှုတွေနဲ့သာ လည်နေကြပါတော့တယ်။

အနာနဲ့ ဆား…
ဆားရဲ့ပင်ကို သဘာဝက ငန်တတ်ပါတယ်။ အငန်ဟာ အနာတစ်ခုခုနဲ့ ထိတွေရင် စပ်ခြင်းပူခြင်းကို ဖြစ်ပေါ်စေပါတယ်။ အနာမရှိဘဲ သာမန်ဆိုရင်တော့ ဘာခံစားမှုကိုမှ မဖြစ်စေပါဘူး။ ဒါကြောင့် ဆားကိုအသုံးပြုတဲ့သူချင်း၊ ဆားကို ကိုင်တဲ့သူချင်း အတူတူ ဘာအနာမှ မရှိတဲ့သူ ကိုင်တာနဲ့ အနာရှိတဲ့သူ ကိုင်တာမှာ ခံစားချက် ကွာတယ်လို့ ဆိုတာပါ။ သူများတွေ ကိုင်တဲ့အခါ ဘာမှမဖြစ်ဘဲ ကိုယ်ကိုင်မှပဲ ပူတယ်စပ်တယ် ဆိုရင်တော့ ကိုယ့်မှာ အနာတစ်ခုခု ရှိနေလို့ ဖြစ်တာပါ။ ကိုယ့်မှာ ဘာအနာမှ မရှိရင် ဖြစ်စရာ အကြောင်းမရှိပါဘူး။

စိတ်မနာမိပါစေနဲ့…
အနာ နှစ်မျိုးရှိပါတယ်။ ရုပ်မှာဖြစ်တဲ့ အနာရယ်၊ စိတ်မှာဖြစ်တဲ့ အနာရယ်ပါ။ ရုပ်မှာဖြစ်တဲ့အနာကတော့ တကယ်တမ်းပြောရရင် အနာလို့တောင် ပြောလို့မရပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ရုပ်တရားကိုက အနာကြီးဖြစ်နေတာကိုး။ စိတ်မှာဖြစ်တဲ့ အနာကတော့ အလွန်ကြောက်စရာကောင်းပါတယ်။ ပိုပြီးနာကျင်လေ ပိုပြီးဒုက္ခရောက်လေပါပဲ။ ဒီအနာဖြစ်ပြီဆိုရင်တော့ ပျောက်အောင်ကုဖို့လည်း မလွယ်လှပါဘူး။ ဒါကြောင့် စိတ်အနာမဖြစ်အောင် အထူးကြိုးစားဖို့ လိုပါတယ်။ စိတ်မှာအနာဖြစ်ပြီဆိုရင်တော့ အရင်ဆုံးခံစားရတာက ကိုယ်ကိုယ်တိုင်ပါ။ ကိုယ့်ကိုယ်ကို အမှီပြုပြီး ကိုယ့်စိတ်မှာ အနာဖြစ်ရင်လည်း ကိုယ်ပဲအရင်ခံရမှာဖြစ်ပြီး သူများကိုအမှီပြုပြီး ဖြစ်ရင်လည်း သူများထက်အရင် ကိုယ်ကိုယ်တိုင်ပဲ နာကျင်ရတာပါ။ သေချာပြန်တွေးကြည့်တော့ စိတ်မှာအနာဖြစ်ပြီဆိုရင် ကိုယ့်ကြောင့်ပဲဖြစ်ဖြစ် သူ့ကြောင့်ပဲဖြစ်ဖြစ် နာကျင်စွာ ခံစားလိုက်ရတာကတော့ ကိုယ်ပဲဖြစ်ပါတယ်။

ကြွား… ကြွ… ကျ…
မြန်မာအများစုဟာ အကြွားသန်ကြပါတယ်။ မရှိ ရှိတာ ရှာကြံ ကြွားတတ်ကြပါတယ်။ တကယ်တော့ ကြွားလို့သိတာထက် မကြွားဘဲ သိတာက ပိုကောင်းပါတယ်။ သေချာတွေးကြည့်ရင် အကြွားလွန်ရင် ကြွတတ်ပါတယ်။ ကြွလာပြီဆိုရင်တော့ ကျဖို့အတွက် ရှေးပြေးနိမိတ်ပါပဲ။ ဒါကြောင့် မကြွားမိကြပါစေနဲ့။ ကြွားမိရာက ကြွလာတတ်ပြီး နောက်ဆုံး ကျသွားတတ်ပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ