Showing posts with label ဟိုဟိုဒီဒီသတင်းများ. Show all posts
Showing posts with label ဟိုဟိုဒီဒီသတင်းများ. Show all posts

တိပိဋကနဲ့ ကိုရီးယား

စာမရေးဖြစ်တာ အတော်ကြာသွားပြီ ဖြစ်ပါတယ်။ ကြာဆို ပြီးခဲ့တဲ့ ၅လပိုင်း ၂၃ရက်နေ့ကတည်းကနေ ဒီနေ့အထိပါပဲ။ ဒီရက်တွေမှာ ဘုန်းဘုန်းအနေနဲ့ မြန်မာပြည်က ကြွတော်မူလာတဲ့ နဝမမြောက် တိပိဋကဓရ ဆရာတော် ဒေါက်တာ အရှင်ဂန္ဓမာလာလင်္ကာရနဲ့ အတူရှိနေပြီး ဆရာတော်ရဲ့ တရားပွဲတွေနဲ့ ခရီးစဉ်တွေမှာ အစအဆုံး လိုက်ပါပြီး ကိုရီးယားလို ဘာသာပြန်ပေးနေရလို့ပဲ ဖြစ်ပါတယ်။ တိပိဋကဆရာတော်ဟာ ကိုရီးယားနိုင်ငံသား ထေရဝါဒဆရာတော် ဦးဗုဒ္ဓရက္ခိတရဲ့ ဖိတ်ကြားချက်ကြောင့် ကိုရီးယားနိုင်ငံသားများကို ထေရဝါဒ ဓမ္မများ ဟောကြားပြသပေးတော်မူဖို့ ကြွရောက်တော်မူလာခြင်း ဖြစ်ပါတယ်။ ကိုရီးယား နိုင်ငံသားများ မြတ်ဗုဒ္ဓရဲ့ အစစ်အမှန်တရားတော်များ၊ ပြင်ဆင်ဖြည့်စွက်နုတ်ပယ်ထားခြင်း မရှိဘဲ ဘုရားဟောအတိုင်း လက်ခံကျင့်သုံးနေတဲ့ ထေရဝါဒ ဓမ္မများကို တွေ့ထိခံစားနိုင်ဖို့ ရည်ရွယ်ပြီး ပိဋကတ်တော်နဲ့ ပတ်သက်လို့ ယုံကြည်စိတ်ချနိုင်တဲ့ တိပိဋကဓရ ဆရာတော်ကို ပင့်ဖိတ်ပြီး တရားဓမ္မ ဟောပြောပြသစေတော်မူတာ ဖြစ်ပါတယ်။

ဒီလို တိပိဋကဓရ ဆရာတော်များနဲ့ အခြားခြား ထေရဝါဒ ရဟန်းတော်များကို ပင့်ဖိတ်ပြီး တရားဓမ္မ ဟောပြပြသစေတဲ့ ဆရာတော် ဦးဗုဒ္ဓရက္ခိတရဲ့ ရည်ရွယ်ချက်ကလည်း အမတန် ဂုဏ်ယူဝမ်းမြောက်ဖွယ် ကောင်းလှပါတယ်။ မဟာယာန ဗုဒ္ဓဘာသာ အခြေခိုင်ထားတဲ့ ကိုရီးယားနိုင်ငံမှာ ထေရဝါဒ ဓမ္မများကို တဖြည်းဖြည်းနဲ့ လူသိများလာအောင်၊ မြတ်ဗုဒ္ဓရဲ့ ဟောကြားချက် အစစ်အမှန်များကို လက်တွေ့သိရှိ ခံစားနိုင်အောင်နဲ့ ထေရဝါဒ ရဟန်းတော်များရဲ့ ဘဝနဲ့ဓမ္မကို လက်တွေ့နဲ့ တစ်ထပ်တည်း သိရှိ သဘောပေါက်သွားအောင် စတဲ့ ဦးတည်ချက်များနဲ့ တိပိဋကဆရာတော်ရဲ့ သာသနာပြု ခရီးစဉ်ကို စီစဉ်ခဲ့ခြင်း ဖြစ်တယ်လို့ ဆရာတော် ဦးဗုဒ္ဓရက္ခိတက ကိုရီးယားနိုင်ငံသား ယောဂီများကို ပြောကြားခဲ့ပါတယ်။

တိပိဋကဆရာတော်ရဲ့ ဓမ္မခရီးစဉ်တွေမှာ တလျှောက်လုံး အနီးကပ်ရှိနေခဲ့တဲ့ ဘုန်းဘုန်းကတော့ တရားနာလာကြတဲ့ ကိုရီးယားတွေကိုကြည့်ပြီး အတော့်ကို အားရကျေနပ်နေမိခဲ့တာ အမှန်ပဲ ဖြစ်ပါတယ်။ တိပိဋကဆရာတော်ရဲ့ ဂုဏ်တော်အစွမ်းတွေရယ်၊ ဆရာတော် ဦးဗုဒ္ဓရက္ခိတရဲ့ တိပိဋကနဲ့ ပတ်သက်တဲ့ ချီးကျူးဂုဏ်ပြုမှုတွေရယ်ကြောင့် တစ်ချို့တစ်ချို့ ကိုရီးယား ယောဂီတွေဟာ တိပိဋက ဆရာတော်ကို ဖူးတွေ့ရတာနဲ့ကို ကျေနပ်ဂုဏ်ယူမိတဲ့အကြောင်း လျှောက်ထားကြပါတယ်။ တစ်ချို့ဆိုရင် တိပိဋကဆရာတော်ကို ဖူးနေရင်းနဲ့တောင် ဝမ်းသာလွန်းလို့ ကျခဲ့ရတဲ့ မျက်ရည်တွေနဲ့ ဖြေမဆည်နိုင်အောင် ဖြစ်သွားတာတွေလည်း ရှိခဲ့ကြပါတယ်။ ထူးထူးခြားခြား ကိုဝန်ဆောင်ထားတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ဆိုရင်လည်း ကလေးမွေးခါနီး ဆရာတော်ကို ဖူးပြီးမှ မွေးပါမယ်ဆိုလို့ ဖူးခွင့်ပေးခဲ့ရပါသေးတယ်။ တိပိဋကဆရာတော်နဲ့ ထေရဝါဒ မြန်မာရဟန်းတော်များက အဲဒီအမျိုးသမီးအတွက် စုပေါင်းပြီး အင်္ဂုလိမာလသုတ်ကို ရွတ်ဖတ်သရဇ္ဈာယ် ပေးလိုက်ကြပါတယ်။ နောက်နေ့မှာ အဲဒီအမျိုးသမီးဆီက သတင်းကြားရပါတယ်။ ကလေးကို မပင်မပန်းနဲ့ အလွယ်တကူပဲ မွေးဖွားဖြစ်ခဲ့တဲ့အကြောင်း ဒါဟာ ဆရာတော် သံဃာတော်များရဲ့ ကျေးဇူးပဲ ဖြစ်ပါကြောင်း ပြန်ကြားခဲ့ရပါတယ်။

တိပိဋက ဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရရဲ့ ဓမ္မခရီးစဉ်မှာ ကိုရီးယားယောဂီများကို မြတ်ဗုဒ္ဓရဲ့ တရားဦးဒေသနာဖြစ်တဲ့ ဓမ္မစက္က ပဝတ္တနသုတ် ဒေသနာတော်နဲ့ အနတ္တလက္ခဏသုတ် ဒေသနာတော်များကို နေ့စဉ်မပြတ် (၂)ပတ်တိတိ ဟောကြားပို့ချ ပေးခဲ့ပြီး ကြိုကြားကြိုကြား ကိုရီးယား တရားပွဲများနဲ့ မြန်မာဘုန်းတော်ကြီးကျောင်းများမှာ လုပ်ဖြစ်ခဲ့တဲ့ မြန်မာတရားပွဲများ ပါဝင်နေတာ ဖြစ်ပါတယ်။ ကိုရီးယားလူမျိုးများကို အဓိကထား သာသနာပြု ကြွလာတာ ဖြစ်တဲ့အတွက် ကိုရီးယားများရဲ့ အစီအစဉ်အတိုင်းပဲ ဆရာတော်အနေနဲ့ ကြွရောက်ချီးမြောက်ပေးတော်မူခြင်း ဖြစ်ပါတယ်။ ကိုရီးယားတရားပွဲတွေမှာ ဆရာတော်က မြန်မာလိုဟော ဘုန်းဘုန်းက ကိုရီးယားလို ဘာသာပြန်ပေးပြီး နောက်ပိုင်းမှာ အမေးအဖြေ ကဏ္ဍကို ထည့်သွင်းပေးထားပါတယ်။ မြန်မာတရားနာ ပရိတ်သတ်တွေနဲ့ ကွာခြားတာက နိုင်ငံခြားသား အတော်များများဟာ တရားနာပြီးတာနဲ့ မေးခွန်းပေါင်းစုံကို မေးတတ်ကြခြင်းပဲ ဖြစ်ပါတယ်။

တိပိဋက ဆရာတော်ကတော့ တရားဟောရတာထက် အမေးအဖြေလေးတွေ လုပ်ပေးရတာ ပိုပြီး စိတ်ဝင်းစားဖို့ကောင်းကြောင်း မိန့်တော်မူပါတယ်။ ဆရာတော်ရဲ့ ထူးခြားချက်က မေးလာသမျှ မေးခွန်းတွေကို ပိဋကအထောက်အထားများနဲ့ လိုရင်းရောက်အောင် ဖြေကြားပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ တရားနာလာကြတဲ့ ကိုရီးယားယောဂီတွေဟာ ဆရာတော်ရဲ့ ဟောကြားဖြေကြားချက်တွေကို နာယူပြီး “ဒါကြောင့် တိပိဋကလို့ ဆိုတာနေမှာပဲ”ဆိုတဲ့ ခံစားချက်တွေ ကိုယ်စီရှိသွားကြတယ် ဆိုတာကိုတော့ ခေါင်းတညိတ်ညိတ် ဖြစ်နေကြတဲ့ သူတို့ကိုကြည့်ပြီး ဘုန်းဘုန်းသိရှိလိုက်ရပါတယ်။

တကယ်တမ်းကျတော့ တိပိဋကဆိုတဲ့ အသုံးအနှုန်းဟာ ကိုရီးယား ဗုဒ္ဓဘာသာတွေမှာလည်း ပြောဆိုသုံးနှုန်း နေကြတာတွေ ရှိပါတယ်။ တစ်ချို့ ကိုရီးယား ရဟန်းတော်များဆိုရင်လည်း ပိဋကတ်ဆောင်ဆိုတဲ့ ဘွဲ့ထူးတွေနဲ့ ဟောပြောနေကြတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် သူတို့ပိဋကတ်ဆောင်တွေနဲ့ ဘုန်းဘုန်းတို့ တိပိဋကဓရ ဆရာတော်တွေနဲ့ကတော့ ဘယ်လိုမှကို ယှဉ်လို့မရတာ ဖြစ်ပါတယ်။ မြန်မာပြည်က ပိဋကတ်ဆောင်တွေဟာ အားလုံးသိကြတဲ့အတိုင်း တကယ့်ကိုယ်ပဲ ဉာဏ်ပညာထက်မြက်မှ၊ တကယ်ကိုပဲ ပါရမီပါမှ၊ တကယ့်ကိုပဲ လုံ့လဝီရိယ ပြည့်စုံမှ ဒီလိုဘွဲ့ထူးနဲ့ ထိုက်တန်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း တိပိဋက စာမေးပွဲတွေကိုကြည့်ရင် နှစ်ပေါင်း (၆၀)ကျော် နီးပါးကျင်းပလာခဲ့တာ ဒီနေ့အထိ ပိဋကဆောင် တိပိဋကဓရ ဆရာတော်များအနေနဲ့ (၁၃)ပါးပဲ ပေါ်ထွက်လာနိုင်သေးတာ ဖြစ်ပါတယ်။ အဲဒီလို ခက်ခက်ခဲခဲ ရရှိလာခဲ့တဲ့ ဂုဏ်ဒြပ်နဲ့ အညီပါပဲ မြန်မာထေရဝါဒ တိပိဋကဆရာတော်တွေဟာ အရည်အချင်းရော၊ အရည်အတွက်ပါ ပြည့်စုံနေကြတော့တာ ဖြစ်ပါတယ်။

ကိုရီးယား ယောဂီသူတော်စင်များကတော့ မြန်မာပြည်က တိပိဋကဆရာတော်များရဲ့ အရည်အချင်းကို လက်တွေ့သိရှိသွားပြီးနောက်မှာ “ဒါမှ ပိဋကတ်ဆောင်အစစ်”လို့ အချင်းချင်း ပြောဆိုသွားကြတော့တာ ဖြစ်ပါတယ်။ ပရိတ်သတ်တွေရဲ့ အဲဒီလို အသံတွေကြောင့်ပဲ တိပိဋကဆရာတော်ကို ပင့်ဖိတ်တော်မူတဲ့ ဆရာတော် ဦးဗုဒ္ဓရက္ခိတမှာ အားရကျေနပ်နေပြီး “သူဆန္ဒဟာ မြန်မာပြည်မှာ ဒီလို ဗုဒ္ဓဓမ္မတွေအပေါ်မှာ ကျွမ်းကျင်ထက်မြက်ပြီး ဘုရားဟောနဲ့အညီ နေထိုင်ကျင့်သုံး နေကြတဲ့ ဘုရားသားတော်များနဲ့ တပည့်သာဝကတွေ အများကြီးရှိနေတယ်ဆိုတာ သူတို့ကို သိစေချင်တာဖြစ်ကြောင်း၊ ဒီလို ဆရာတော်တွေကို များများပင့်ပြီး ထေရဝါဒ သာသနာကို ကိုရီးယားနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာအောင် လုပ်ရမှာ ဖြစ်ကြောင်း” စသဖြင့် မိန့်တော်မူခြင်း ဖြစ်ပါတယ်။

ရှိစေတော့။ ပြောချင်တာက တိပိဋက ဆရာတော်ရဲ့ ကိုရီးယား သာသနာပြု ခရီးစဉ်နဲ့ ကိုရီးယား နိုင်ငံသား ယောဂီသူတော်စင်များရဲ့ ပီတိအမြင်တွေအကြောင်းပဲ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ဝိပဿနာ အလုပ်တွေအပေါ်မှာ စိတ်ဝင်တစားလုပ်လာ၊ မြန်မာပြည် သာသနာရဲ့ ထွန်းပြောင်မှုများကို သိရှိလာကြတဲ့ ကိုရီးယားနိုင်ငံသား ဗုဒ္ဓဘာသာ အများဟာ အခုနောက်ပိုင်းမှာ မဟာယာန ဗုဒ္ဓဘာသာရဲ့ ဟောကြားချက်များ၊ ကျင့်စဉ်များထက် ဘုရားဟောတရားတော်များကို ပြင်ဆင်ဖြည့်စွက် နုတ်ပယ်ခြင်း မရှိဘဲ အော်ရဂျယ်နယ်အတိုင်း လက်ခံကျင့်သုံး နေထိုင်ကြတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာရဲ့ ဟောပြောပို့ချမှုများ၊ ကျင့်စဉ်များကို ပိုပြီး စိတ်ဝင်တစားရှိလာ၊ ပိုပြီး လက်တွေ့ကျင့်ကြံနေထိုင်လာကြတဲ့ အကြောင်း သိစေချင်တာ ဖြစ်ပါတယ်။

အခုဆိုရင် တိပိဋကဆရာတော်ဟာ မြန်မာပြည်ကို ပြန်ကြွသွားပြီ ဖြစ်ပေမယ့် ကျန်ခဲ့ကြတဲ့ ကိုရီးယားတွေ ကြားမှာတော့ မြန်မာပြည်က တိပိဋကဓရ ဆရာတော်အကြောင်း၊ မြန်မာဗုဒ္ဓဘာသာ ရဟန်းတော်များ အကြောင်းနဲ့ ဗုဒ္ဓတရားတော်နဲ့ တည်ဆောက်ထားတဲ့ မြန်မာလူမျိုးများရဲ့ ဘဝနေထိုင်မှုများ အကြောင်းတွေကတော့ ကိုရီးယားတွေရဲ့ နှုတ်ဖျားမှာ ပြောကောင်းနေကြတုန်းပဲ ဖြစ်ပါကြောင်း ဝမ်းမြောက်စကား မျှဝေပွားရင်း တိပိဋကဆရာတော်ရဲ့ ကိုရီးယားသာသနာပြု ခရီးစဉ်အကြောင်း တစ်စေ့တစ်စောင်း တင်ပြလိုက်ရပါတယ်။

Read more »

လင်းလက်နေတဲ့ အလင်းစက် (သို့) မနာပဒါယီ စာကြည့်တိုက်


ပြီးခဲ့တဲ့ ၁-၁-၂၀၁၂ရက်နေ့က ဘုန်းဘုန်းရဲ့ မွေးဖွားရာ ဇာတိဖြစ်တဲ့ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ အုတ်ဝင်းကျေးရွာမှာ နှစ်သက်ဖွယ်ကို ပေးလှူခြင်းလို့ အဓိပ္ပါယ်ရတဲ့ မနာပဒါယီ ကျေးရွာစာကြည့်တိုက်ကို ဖွင့်လှစ်လှူဒါန်းဖြစ်ခဲ့ပါတယ်။ စုစုပေါင်း ကုန်ကျစရိတ် သိန်းခြောက်ဆယ်ကျော် တန်ဘိုးရှိခဲ့တဲ့ ဒီစာကြည့်တိုက် အလှူတော်ကို ဘုန်းဘုန်းရဲ့ သီးသန့် နဝကမ္မအလှူတော်များ၊ ဓမ္မပူဇာအလှူတော်များကို အရင်းတည်ပြီး ကိုရီးနိုင်ငံ၊ ဒယ်ဂူးမြို့ အနီးဝန်းကျင်မှာ ရောက်ရှိနေကြတဲ့ မြန်မာဒကာဒကာမများရဲ့ စာကြည့်တိုက် အဆောက်အအုံ အလှူအပါဝင် အများပေါင်းစုပြီး လှူဒါန်းကြတဲ့ စာအုပ်ပေါင်းစုံနဲ့ တန်ဆာဆင်ကာ ဖွင့်လှစ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ စာကြည့်တိုက်ဖွင့်ပွဲ အထိမ်းအမှတ်အနေနဲ့ အဲဒီစာကြည့်တိုက်ရှေ့ ကွင်းပြင်မှာ မဏ္ဍပ်ထိုးပြီး အကြိုတရားပွဲ (၃)ရက်ပြုလုပ်ပေးရင်း သံဃာတော်အပါး (၂၀)အား ဆွမ်း၊ သင်္ကန်းစတဲ့ အလှူပစ္စည်းများ ဆက်ကပ်လှူဒါန်းတဲ့ သံဃာ့ပူဇော်ပွဲနဲ့ ကျေးရွာတစ်ရွာလုံးမှာရှိတဲ့ အသက် (၆၅)နှစ်အထက် အဘိုးအဖွား အယောက် (၅၅)ယောက်အား ပူဇော်တဲ့ သက်ကြီးပူဇော်ပွဲ အပါအဝင် ဖွင့်ပွဲနေ့မှာ တစ်ရွာလုံးကို မုန်းဟင်းခါးအလှူများလည်း ကျွေးမွေးလူဒါန်းမှု ပြုလုပ်ပြီး စာကြည့်တိုက်အလှူတော်ကို တခြားကုသိုလ်တော်များနဲ့ပါ အချိုပေါ်သကာလောင်း ကုသိုလ်အပေါင်းတွေ လောင်းဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ကုသိုလ်တွေပေါင်းရံပြီး အများသူငါကို ပညာအလင်းနဲ့ နှစ်သက်မှုကို ဖြစ်စေခဲ့တဲ့ ဒီ“မနာပါဒယီ” စာကြည့်တိုက်အလှူတော်ဟာ အခုတော့ ဒီစာကြည့်တိုက် ကျေးဇူးကြောင့် အုတ်ဝင်းကျေးရွာအပါအဝင် အနီးအနားဝန်းကျင်မှာရှိတဲ့ ကျေးရွာအတော်များများအထိ ပညာနဲ့အကျိုးပြုရင်း အသိပညာ အလင်းစက်တွေ ပေးဝေလျှက် ရှိနေပြီ ဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်း စာလာဖတ်သူတွေ၊ စာအုပ်လာငှါး၊ စာအုပ်လာအပ်သူတွေ၊ သတင်းစာ၊ ဂျာနယ်လာကြည့်သူတွေ၊ ရွာမှာရှိတဲ့ မူလတန်းလွန် ကျောင်းသားတွေရဲ့ အတန်းလိုက် အထွေထွေ ဗဟုသုတအဖြစ် နေ့စဉ်နေတိုင်း စာကြည့်တိုက်က စာအုပ်တစ်ခုခုကိုဖတ်ပြီး အတန်းထဲမှာ ပြောဆိုဆွေးနွေးစေတဲ့ အစီအစဉ်တွေ စသဖြင့် စာကြည့်တိုက်တံခါးဟာ အမြဲတမ်းကို ပိတ်မထားနိုင်အောင်ပဲ ဖြစ်နေပြီ ဖြစ်ပါတယ်။

စာကြည့်တိုက်ဖွင့်ပွဲနေ့က ရွာသူရွာသားတွေကို ဘုန်းဘုန်းပြောခဲ့တဲ့ “စာကြည့်တိုက်ဖွင့်တယ်ဆိုတာ ပိတ်ထားဖို့မဟုတ်၊ အလှပြဖို့ မဟုတ်ဘဲ ဖွင့်ထားပြီး ဖတ်ရှုကြဖို့သာ ဖြစ်တဲ့အတွက် အမြဲတမ်း ဖွင့်ကာ အမြဲဖတ်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်” ဆိုတဲ့ ဒီအမှာစကားကို လက်တွေ့အားဖြင့် အကောင်အထည် ဖော်သွားနေကြတာကို သိလိုက်ရတဲ့အတွက် ဘုန်းဘုန်းမှာ ဒီပီတိတွေနဲ့ “အော်… အများသူငါအတွက် အကောင်းဆုံး နှစ်သက်စေမှုကို ပေးဖြစ်ခဲ့ပါလား၊ တကယ့်ကိုပဲ မနာပဒါယီ ဆိုတဲ့ ကလောင်အမည်နဲ့ အန်ဝင်ခွင်ကျ ဖြစ်နေပါရော့လား”လို့ တွေးရင်း ကိုယ်ကိုယ်တိုင်လည်း ကိုယ့်လုပ်ရပ်အတွက် ဂုဏ်ယူဖြစ်ခဲ့သလို ကိုယ့်ရဲ့အလှူတွေ အတွက် အားဖြည့်ပေးခဲ့တဲ့ ဒကာဒကာမအပေါင်းကိုလည်း ကုသိုလ်ကောင်းမှုတွေအတွက် အမျှပေးဝေကာ မေတ္တာရေများ အထပ်ထပ် သွန်းလောင်းနေဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ စာကြည့်တိုက်ဖွင့်တယ်ဆိုတာ ပိတ်ထားဖို့ မဟုတ်ပါဘူး။ ဒီစာကြည့်တိုက်ကနေ အများသူငါ၊ အထူးသဖြင့် ကလေးသူငယ်တွေရဲ့ အသိဉာဏ်ပညာတွေကို ဖွင့်ပေးဖို့ပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာရှိတဲ့ ပြန်ဆက်က ဖွင့်တဲ့စာကြည့်တိုက်တွေကိုကြည့်ရင် အများအားဖြင့် ပိတ်ထားတာကိုပဲ တွေ့နေရတော့ တစ်ချို့ကလည်း ဘုန်းဘုန်းတို့ စာကြည့်တိုက်လည်း ဒီလိုပဲလို့ ထင်ကြတာတွေ ရှိပါတယ်။ တစ်ချို့ အမြင်ကျဉ်းတဲ့ ရွာသူရွာသားတွေကဆိုရင် ဒီလောက်အကုန်အကျများတဲ့ စာကြည့်တိုက်ကို လုပ်မယ့်အစား တစ်အိမ်ကို ဘယ်လောက်ဆိုပြီး ပေးလိုက်တာက ပိုအကျိုးရှိမယ်လို့တောင် မကြားတကြား ပြောကြတာတွေ ရှိပါတယ်။ စားဝတ်နေရေး အဆင်မပြေတဲ့ သူတွေအနေနဲ့ လက်တလောအနေအထားအရ ဒီလိုပြောကြတာ ဖြစ်ပေမယ့် စာပြီးရင် မစင်ဖြစ်သွားမယ့် အစီအစဉ်ထက် အများသူငါကို ရေရှည်အကျိုးပြုမယ့် စာကြည့်တိုက်အစီအစဉ်ကို ပိုပြီးအလေးပေး ဆောင်ရွတ်ရတာ ဖြစ်တယ်လို့ သူတို့တွေကြားအောင် ဖွင့်ပွဲနေ့ကလည်း ဘုန်းဘုန်းထည့်ပြော ဖြစ်ခဲ့ပါသေးတယ်။

ပြောချင်တာက မြန်မာပြည်မှာ လိုအပ်နေတဲ့ နေရာတွေ အများကြီးရှိပေမယ့် အဲဒီအထဲက လိုအပ်အချက်တစ်ခု ဖြစ်တဲ့ မျိုးဆက်သစ်တွေရဲ့ အသိပညာ ဗဟုသုတ တိုးတက်ဖြစ်ထွန်းရေးဟာလည်း အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိနေတဲ့အတွက် ကိုယ့်တစ်နိုင်တစ်ပိုင် ကိုယ့်ဝန်းကျင်မှာ ဖြည့်ပေးသင့်တာလေးတွေ ဖြည့်ပေးနိုင်အောင် ကြိုးစားတဲ့ အနေနဲ့ လိုအပ်တဲ့နေရာလေးတစ်ခုမှာ ပညာရေး အထောက်အကူ ဖြစ်စေမယ့် စာကြည့်တိုက် အလှူကို အများပေါင်းစုပြီး ကောင်းမှုပြုလိုက်တဲ့အကြောင်းနဲ့ ဒီကောင်းမှုရဲ့ အကျိုးရလာဘ် အနေနဲ့ မျိုးဆက်သစ် ကလေးသူငယ်တွေ စာပေအပေါ် ဝါသနာပါကာ စာကြည့်တိုက်မှာ ပျော်နေကြတယ်ဆိုတဲ့ အကြောင်း စသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။

ဒီထက်ပိုပြီး ဝမ်းသာစရာကောင်းတာက ဘုန်းဘုန်းတို့ စာကြည့်တိုက်ဟာ တခြားတခြား စာကြည့်တိုက်တွေလို ဖွင့်ပြီးပိတ်ထားတဲ့ စာကြည့်တိုက်မျိုး မဟုတ်ဘဲ ပိတ်ဖို့အားနာရလောက်အောင် စာဖတ်သူများနဲ့ အထူးစည်ပင်နေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ မျိုးဆက်သစ်တွေ ပညာအလင်းရောင် ရစေဖို့ ဖွင့်လှစ်ပေးခဲ့တဲ့ ဒီစာကြည့်တိုက်ဟာ အခုအချိန်မှာ တကယ့်ကိုပဲ အလင်းစက်လေးတွေနဲ့ လင်းလက်နေမယ့် ပုံရိပ်တွေ တွေ့လာရတာ ဖြစ်တဲ့အတွက် ဦးဆောင်သူရော၊ လူဒါန်းသူတွေ အနေနဲ့ပါ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရမှာဖြစ်ပြီး ဒီအလှူဟာလည်း အမှန်ပဲ လိုအပ်နေတဲ့နေရာမှာ လိုအပ်တဲ့ အလှူကို လှူဒါန်းရာရောက်တဲ့အတွက် အကျိုးသက်ရောက်မှုဟာလည်း ဖော်မပြနိုင်အောင် တိုးတက်ကောင်းမွန်နေတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

တစ်ဖက်ကလည်း ဒီလိုအကျိုးရှိတဲ့ အရာလေးတွေ မပျောက်ပျက်အောင် ရေရှည်ထိန်းသိမ်း စောင့်ရှောက်ရမှာ ဖြစ်သလို လိုအပ်နေတဲ့ စာအုပ်စာတမ်း၊ ရံပုံငွေ စတာတွေကိုလည်း အဆက်မပြတ် ပံ့ပိုးနေကြရမှာ ဖြစ်ပါတယ်။ ဒါဟာ ဘုန်းဘုန်းတို့ စာကြည့်တိုက်အတွက်သာ မဟုတ်ဘဲ လုပ်ပြီးရင် ပြီးပြီးရောထားကာ ထိန်းသိမ်းစောင့်ရှောက်မှု မရှိဘဲ ပစ်ထားတတ်တဲ့ မြန်မာပြည် တစ်ဝန်းလုံးမှာရှိတဲ့ လူအတော်များများရဲ့ အကျင့်စရိုက်တွေအတွက်လည်း လိုအပ်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ နေရာဒေသ အတော်များများမှာ ဒီလိုထိန်းသိမ်းစောင့်ရှောက်မှု မရှိလို့ ပျက်ဆီးနေတာတွေဟာလည်း အများကြီး ရှိနေတတ်ပါတယ်။ စတော့စလိုက်တာ ဖြစ်ပေမယ့် ကောက်ရိုးမီးလို တစ်ဟုန်းဟုန်းတောက်ပြီး ခဏလေးညိမ်းသွားတဲ့ ပုံစံမျိုး မဖြစ်အောင်၊ အစကောင်းပြီး အနှောင်းသေချာအောင်လည်း လုပ်ဖို့လိုအပ်နေတာ အမှန်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် အလုပ်တစ်ခု လုပ်တဲ့အခါ မလုပ်ခင် အကျိုးသက်ရောက်မှု ရှိမရှိ အရင်စဉ်းစားပြီး ရှိတဲ့အရာကို လုပ်ပြီးရင်လည်း ထိန်းသိမ်းစောင့်ရှောက်နိုင်အောင် ကြိုးစားကြရမယ်ဆိုတာ မနာပဒါယီ စာကြည့်တိုက်အလှူက သက်သေပြလိုက်တာကို စံနမူနာယူပြီး နောက်နောင်လည်း အကျိုးရှိမယ့်နေရာတွေမှာ အတတ်နိုင်ဆုံး ရွေးချယ်ကူညီပံ့ပိုးရင်း နောက်ထပ်အလင်းစက်တွေကို ပိုပိုပြီး လင်းလက်ပေးနိုင်အောင် ပါရမီဖြည့်နိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း မနာပဒါယီ စာကြည့်တိုက်အလှူမှာ အားဖြည့်လှူဒါန်းကြတဲ့ ကိုရီးယားရောက် စိတ္တသုခ ရွှေညီအစ်ကိုများနဲ့ အလှူအပေါ် သာဓုခေါ်လိုကြတဲ့ သူတော်ကောင်းအပေါင်း ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်စေဖို့ အဆက်မပြတ် လင်းလက်နေတဲ့ အလင်းစက်လေးတစ်ခုအကြောင်း တစ်ဆင့်ပြန်လည် မျှဝေလိုက်ရပါတယ်။

မနာပဒါယီ စာပန်းချီ ရှည်တည်ကာလ တိုင်စေသော်။ ။

Read more »

မြန်မာပြည်တွင် ရှိနေသည်။

မြန်မာပြည်တွင် ရှိနေသည်။
ရေးစရာတွေ ရှိနေပမယ့် လုပ်စရာတွေ ပိနေတဲ့အတွက်
မရေးအား၊ မတွေးအားတဲ့အပြင် အင်တာနက်ကိုလည်း အလေးမထားနိုင်ဘဲ ဖြစ်နေသည်။
အလေးထားဖို့ တွန်းအားပို့ပေမယ့် မတွန်းနိုင်တဲ့ အင်တာနက် speedကြောင့် မကြည့်နိုင်ဘဲ မသိမသာပဲ ထားနေခဲ့ရသည်။

ခုတောင်မှ လူခြေတိတ်ချိန်မို့ မခို့တရို့နဲ့ ပို့နိုင်သလောက် ဟိုပို့ဒီပို့လုပ်ရင်း အင်တာနက် စာဖတ်ပရိတ် သတ်တွေကို အရိပ်အမြွက် နှုတ်ခွန်းဆက်လိုက်ရခြင်း ဖြစ်သည်။

ပြည်တော်ကထွက်ပြီး အပြန်ခရီးဆိုရင်တော့ အတိုးချထားတဲ့ အတွေးစတွေနဲ့ တွေ့ကြုံခဲ့သမျှ
အတွေ့အကြုံ အဝဝကို ရသမျှနဲ့ စာပန်းချီခြယ်သပြဖို့ အချက်အလက် မှန်သမျှ မှတ်လို့ရသလောက် မှတ်ကျောက်လုပ်နေပါကြောင်း...

Read more »

သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ (သို့) အနှစ်သာရရှိရှိ ကုန်ဆုံးသင့်တဲ့နေ့

မနက်ဖြန် (၁၂-၁၀-၂၀၁၁)ဟာ မြန်မာ့ပြက္ခဒိန် သတ်မှတ်ချက်တွေအရ မြန်မာသက္ကရာဇ် ၁၃၇၃ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေပဲ ဖြစ်သလို ဘာသာရေးဆိုင်ရာ ပွဲတော်တွေအရလည်း အဘိဓမ္မာ အခါတော်နေ့ဖြစ်ကာ ဥပုသ်သီတင်း စောင့်သုံးချင်တဲ့ သူတွေအတွက်လည်း ထူးခြားတဲ့ ဥပုသ်နေ့ အခါသမယ ဖြစ်ပါတယ်။ ဘုရားသားတော် ရဟန်းသံဃာတော်များ အတွက်တော့ ညီညွတ်ရေးအတွက် တွေ့ဆုံဖိတ်ခေါ်ရင်း တစ်ညီတစ်ညွတ်တည်း သိမ်အတွင်းမှာ စုပေါင်းပြီး ကံဆောင်ကြမယ့် ပဝါရဏာနေ့ပဲ ဖြစ်ပါတယ်။ ဆိုတော့ကား ဒီသီတင်ကျွတ်လပြည့်နေ့လို နေ့ထူးနေ့ရက်တစ်ခုဟာ သတ်မှတ်ချက်တွေနဲ့မှ ကောင်းမှုကုသိုလ် တစ်ခုခုကို လုပ်ဖြစ်တတ်ကြတဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တွေအတွက် အကောင်းဆုံး ကုသိုလ်ပြုရာ နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။ အကုသိုလ် အလုပ်တွေမှာဆိုရင် အချိန်မရွေး၊ အခါမရွေး ပေါ့ပေါ့ပါးပါးလေးတွေ လုပ်တတ်ကြပေမယ့် ကုသိုလ်အရေးဆိုရင် ဘာဖြစ်လို့ညာဖြစ်လို့၊ ဘာနေ့မဟုတ်လို့၊ ညာနေ့မဟုတ်လို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ရက်ကောင်းရက်မြတ်တွေကို ရွေးလေ့ရှိတတ်သူတွေအတွက် အကောင်းဆုံးနဲ့ အထူးခြားဆုံး နေ့တစ်နေ့ပဲဖြစ်လို့ ဒီလိုနေ့မျိုးမှာ ကောင်းမှုတစ်ခုခုတော့ ရအောင်ယူနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ထူးခြားမှုတွေ ပေါင်းစုံထားတဲ့ ဒီသီတင်းကျွတ်လပြည့်နေ့ဟာ ရဟန်းသံဃာတော်များရဲ့ ပုရိမဝါဆိုဝါကပ်ရာ သီတင်းကာလ ကျွတ်လွတ်ပြီးဆုံးခြင်းကို ရည်ညွန်းထားသလို မြတ်စွာဘုရားရှင် (၇)ဝါမြောက်မှာ တာဝတိံသာ နတ်ပြည်သို့ ကြွရောက်ကာ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုသိတနတ်သားကို ဝါတွင်းသုံးလ ကာလပတ်လုံး အဘိဓမ္မာဒေသနာတော် ဟောကြားချီးမြင့်ပြီးလို့ လူ့ပြည်ကို ပြန်လည်ကြွရောက် ဆင်းသက်တော်မူတဲ့ အဘိဓမ္မာ ဓမ္မသဘင်ရဲ့ ပုံရိပ်ကိုလည်း ဖော်ဆောင်ထားတာ ဖြစ်တဲ့အတွက် အဓိဋ္ဌာန်တစ်ခု အနေနဲ့ ကုသိုလ်ပြုကာ ပူဇော်လိုသူတွေအဖို့ အကောင်းဆုံး အချိန်အခါ သမယပဲ ဖြစ်ပါတယ်။ ဟိုဟိုဒီဒီ ကိစ္စတွေနဲ့ ကုသိုလ်အရေးကို အလေးမပေးနိုင်သူတွေအနေနဲ့ ဒီလိုနေ့မျိုးမှာတော့ ဥပုသ်သီလလေးဆောက်တည်ပြီး ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုပူဇော်ကာ တရားလေးလည်းနာ၊ ဝိပဿနာ အလုပ်လေးလည်း တတ်နိုင်သမျှ အားထုတ်ကြည့်နိုင်မယ်ဆိုရင် အလွန်တန်ဘိုးရှိတဲ့ နေ့တစ်နေ့ ဖြစ်သွားမှာ အသေအချာပဲ ဖြစ်ပါတယ်။ ဘုရားရှင်ကို ပူဇော်တဲ့ ပူဇော်မှုတွေထဲမှာ ကုသိုလ်ကောင်းမှုလုပ်ပြီး ပူဇော်ခြင်းဟာ အကောင်းဆုံးနဲ့ အနှစ်အရှိဆုံးဖြစ်တဲ့အတွက် ဘဝမှာ ထူးထူးခြားခြား ပူဇော်မှုတစ်ခုအဖြစ် ကိုယ့်ကိုယ်ကို အဓိဋ္ဌာန်ပြုကာ ဘုရားရှင်ကို ကုသိုလ်အစုနဲ့ ပူဇော်သမှု ပြုနိုင်မယ်ဆိုရင် ကိုယ်အတွက်တော့ တကယ့်ကိုပဲ အနှစ်သာရပြည့်ဝတဲ့ နေ့ထူးနေ့မြတ်တစ်ခု ဖြစ်သွားမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဒီတော့ကား ဟိုအလုပ်၊ ဒီအလုပ်၊ ဟိုကိစ္စ၊ ဒီကိစ္စစတဲ့ အကြောင်းအမျိုးမျိုးတွေနဲ့ ဟိုဟာမလုပ်နိုင်၊ ဒါမလုပ်နိုင် ဖြစ်နေကြတဲ့ ပုဂ္ဂိုလ်အတော်များများ အနေနဲ့လည်း အထူးစဉ်းစားသင့်တာက အချိန်ဆိုတာ ရအောင်ယူမယ်ဆိုရင်၊ အလုပ်ဆိုတာ ရအောင်လုပ်မယ်ဆိုရင် သူ့ဟာနဲ့သူတော့ ဖြစ်ကိုဖြစ်သွားတတ်တယ်ဆိုတဲ့ အချက်ကို ဆင်ခြင်ပြီး ကိုယ့်ဘဝမှာ ထူးထူးခြားခြားအနေနဲ့ ကုသိုလ်အလုပ်ကို မအားတဲ့ကြားက ခက်ခက်ခဲခဲ ရအောင်ယူနိုင်ခဲ့တယ်ဆိုတဲ့ သစ္စာပြုချက်နဲ့ ချိန်ထိုးလိုက်ရင် အရေးကြီးပါတယ်ဆိုတဲ့ ကိစ္စတွေဟာ ဘာမှအရေးမကြီးတော့ဘူးဆိုတာ ကောင်းကောင်းသိမြင် ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။ အလုပ်ဆိုတာ အထူးသဖြင့် ကောင်းတဲ့အလုပ်ဆိုတာ ယုံကြည်တဲ့ သဒ္ဓါတရား၊ ပြင်းပြတဲ့ဆန္ဒတရား၊ လက်တွေ့ဆန်တဲ့ ဝီရိယတရား စတာတွေနဲ့ ပေါင်းစုနိုင်မှ အကောင်းအစုတွေဆိုတာလည်း အကောင်အထည်ပေါ်ကာ လိုရာဆန္ဒပြည့်ဝနိုင်ကြမှာ ဖြစ်တဲ့အတွက် မကောင်းမှုမှာ ပျော်မွေ့တတ်တဲ့ ကိုယ့်စိတ်ကို မလုပ်ဖူးတဲ့ ကုသိုလ်ထူးကို လုပ်ဖြစ်အောင် ကြိုးစားရင်း ထူးခြားတဲ့ကုသိုလ်ထူးမှာ ပျော်မွေ့နိုင်အောင် တွန်းအားပေးရမှာ ဖြစ်ပါတယ်။

ဒါကြောင့် မကောင်းတဲ့အလုပ်တွေဆိုရင် ဘာတွန်းအား၊ ဘာဖိအား၊ ဘာအကူအညီမှ မလိုဘဲ အချိန်မရွေး၊ နေရာမရွေး လုပ်ဖြစ်တတ်ကြပေမယ့် ကောင်းတဲ့အလုပ်တွေဆိုရင် တွန်းအားလေးတွေ၊ အကြောက်တရားလေးတွေနဲ့မှ လုပ်ဖြစ်တတ်ကြတဲ့ သတ္တဝါတွေအတွက် ကုသိုလ်လုပ်ဖို့ အကောင်းဆုံး တွန်းအားတစ်ခုအဖြစ် သတိပြုဆင်ခြင်ပြီး ဘဝမှာ ကုသိုလ်ကောင်းမှုကို အခက်အခဲတွေကြားက ရအောင်ယူဖူးတယ်ဆိုတဲ့ မှတ်ကျောက်တစ်ခု တင်နိုင်ဖို့အတွက် မနက်ဖြန် (၁၂-၁၀-၂၀၁၁)မှာ ရောက်လာမယ့် သီတင်းကျွတ်လပြည့်နေ့လို နေ့ထူးနေ့မြတ်မျိုးမှာ ဥပုသ်သီလ ဆောက်တည်ကာ တတ်နိုင်သမျှ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ အကျင့်တရားများကို ကြိုးစားအားထုတ်ကြပါရန် အသိပေးတိုက်တွန်းရင်း ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်တစ်ခုမှာ ဘုန်းဘုန်းအနေနဲ့လည်း သံဃာတော်များရဲ့ ပဝါရဏာပွဲမှာ ဘုရားသားတော် ရဟန်းတစ်ပါး အနေနဲ့ အခြားအခြား အခက်အခဲများ ရှိနေပေမယ့် မဖြစ်မနေ ပါဝင်ဆင်နွဲနိုင်အောင် ကြိုးစားဖို့ အဓိဋ္ဌာန် ပြုထားသလို ဗုဒ္ဓဘာသာဝင် သူတော်ကောင်းများ အနေနဲ့လည်း တတ်နိုင်သမျှ ဥပုသ်သီတင်းသီလများကို စောင့်ထိန်းပြီး ရသမျှ ကုသိုလ်များကို ပြုနိုင်အောင် ကြိုးစားကြဖို့ ထပ်မံတိုက်တွန်းကာ သတိပေး နှိုးဆော်လိုက်ရပါတယ်။

မနက်ဖြန် သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့မှာ ကုသိုလ်တစ်ခုခု ပြုကြပါစို့ သူတော်ကောင်းတို့….။

Read more »

စိတ္တသုခ၏ ကိုရီးယား + မြန်မာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ

ဒယ်ဂူးအသံမှ ကူးယူဖော်ပြပါသည်

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒယ်ဂူး၊ ကိုရီးယား)၏ ကျောင်းအကျိုးဆောင်အဖွဲ့မှ ဦးဆောင်၍ လာမည့် ၁၇-၇-၂၀၁၁ (ဝါဆိုလပြည့်ကျော် ၂ရက်)နေ့တွင် တတိယအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ဒယ်ဂူးမြို့ရှိ စိတ္တသုခ ဘုန်းတော်ကြီးကျောင်း၌ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၊ ရခိုင်ဒေသရှိ၊ ဂရိမုန်တိုင်းဒဏ်ခံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ကျောင်းတွင်လည်း စိတ္တသုခ အဖွဲ့သားများ၏ ဝါဆိုသင်္ကန်းကပ် အလှူတော်အဖြစ် ၁၅-၇-၂၀၁၁ (ဝါဆိုလပြည့်)နေ့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

စိတ္တသုခ၏ ယခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် (၂)နေရာ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ကျောင်းအကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးရွှန်းဝင့်နွယ်က “ကျွန်တော်တို့ ကိုရီးယားရောက် မြန်မာအလုပ်သမားတွေ အနေနဲ့ ဘာသာ၊ သာသနာအကျိုး၊ လူမှုအကျိုးတွေကို တတ်နိုင်သလောက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ချင်တာရယ်၊ အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေမှာ အကျိုးတစ်ခုခု ဖြစ်ထွန်းစေချင်တာရယ်၊ စိတ္တသုခ ကျောင်းဒကာဒကာမများရဲ့ အလှူများကို ကိုရီးယားနိုင်ငံမှာရော၊ မြန်မာနိုင်ငံမှာပါ လှူဒါန်းပြီးသား ဖြစ်စေချင်တာရယ် စတဲ့ရည်ရွယ်ချက်တွေကြောင့် ဒီနှစ်ဝါဆိုသင်္ကန်း အလှူကို (၂)နေရာမှာ လှူဒါန်းကြဖို့ အခုလို အကောင်အထည် ဖော်ဖြစ်ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ လိုအပ်တဲ့နေရာတွေ များနေပေမယ့် အဓိကလိုအပ်တဲ့ နေရာကို လှူကြမယ်လို့ ကျွန်တော်တို့ ဆရာတော်အပါအဝင် လူကြီးတွေနဲ့ တိုင်ပင်ကြတဲ့အခါ ဂိရိမုန်တိုင်းဒဏ်ကို ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ မြေပုံမြို့မှာရှိတဲ့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတစ်ကျောင်းကို လှူဒါန်းဖို့ ရွေးချယ်ဖြစ်ကြောင်း၊ မြေပုံမြို့မှာရှိတဲ့ အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းမှာ ရဟန်းသံဃာ အပါး (၂၀)နဲ့ ဆယ်တန်းကျောင်းသားကျောင်းသူ အယောက် (၄၀)လောက်ကို ဝါဆိုသင်္ကန်းနဲ့ လိုအပ်တဲ့ ပညာရေးဆိုင်ရာ အလှူတွေလှူဒါန်းဖို့ အပါအဝင် တစ်နေ့တာ ဆွမ်းဆက်ကပ်လှူဒါန်းဖို့လည်း စီစဉ်ဆောင်ရွတ်ထားကြောင်း၊ မြန်မာပြည်မှာက ဝါဆိုလပြည့်နေမှာ ပြုလုပ်ပြီး ကိုရီးယားမှာကတော့ တနင်္ဂနွေနေ့နဲ့ တိုက်ဆိုင်အောင် ဝါဆိုလပြည့်ကျော် (၂)ရက်နေ့မှာ လုပ်မှာဖြစ်ပြီး ကိုရီးယား+မြန်မာ အလှူနှစ်ခုကို အများပေါင်းစုလို့ တစ်ပေါင်းတည်း ရေစက်ချ အမျှဝေမှာ ဖြစ်ကြောင်း” စသည်ဖြင့် ဒယ်ဂူးအသံအား ရှင်းလင်းပြောကြားသည်။

ထို့အပြင် ၁၇-၇-၂၀၁၁ရက်နေ့တွင် ကျင်းပပြုလုပ်မည့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ဒါဆန်စက်မှုဇုန်ရှိ မြန်မာရွှေညီအစ်ကိုများကလည်း အဆိုပါအလှူပွဲသို့ ကြွရောက်လာသည့် သံဃာတော်များနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့အား အထူးစပါယ်ရှယ် မြန်မာအစားအစာများဖြင့် လှူဒါန်းကျွေးမွေး ဧည့်ခံမည်ဖြစ်ပါသဖြင့် ကိုရီးယားရောက် မြန်မာများ အနေဖြင့် မည်သူမဆို ကြွရောက်ချီးမြှောက်ကာ သာဓုအနုမောဒနာ ခေါ်ဆိုပေးကြဖို့ ဒယ်ဂူးအသံမှတစ်ဆင့် ဖိတ်ကြားအပ်ပါကြောင်း သတင်းရရှိသည်။

ထို့ကြောင့် ရပ်နီးရပ်ဝေးရှိ ကိုရီးယားရောက် ရွှေမြန်မာများ အနေဖြင့်လည်း ၁၇-၇-၂၀၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် စိတ္တသုခ၏ ကိုရီးယား+မြန်မာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ အတူတကွ ကြွရောက်၍ ကုသိုလ်ယူကြပါရန် ကျောင်းအကျိုးဆောင်များနှင့် အလှူရှင်များကိုယ်စား ဒယ်ဂူးအသံ ဝိုင်းတော်သားများမှ ထပ်မံ၍ အသိပေးဖိတ်ကြားလိုက်ရပါသည်။

Read more »

ဒယ်ဂူး စာပေဆွေးနွေးဝိုင်း အသိပေးဖိတ်ကြားခြင်း


၂၀၁၁ ကိုရီးယား စာပေပွဲကျင်းပရေး ကော်မတီနှင့် စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း အကျိုးဆောင်များ၏ ဦးဆောင်မှုဖြင့် စီစဉ်ဆောင်ရွတ်ထားသည့် နိုင်ငံကျော် စာရေးဆရာ ဆရာဖေမြင့် နိုင်ငံကျော် ပန်းချီကာတွန်းဆရာ ဆရာအော်ပီကျယ်နှင့် ကိုရီးယားနိုင်ငံ အောက်ပိုင်းရှိ စာပေချစ်ခင်သူတို့၏ စာပေဆွေးနွေးဝိုင်းနှင့် ဆရာတပည့် ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံကြမည့် စုံညီပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ ရွှေညီအစ်ကို မောင်နှစ်မအပေါင်းအား အတူတကွ ပါဝင်ဆင်နွဲနိုင်ဖို့ ကြွရောက်ကြပါရန် လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၂၉-၅-၂၀၁၁ (တနင်္ဂနွေနေ့)
အချိန် = နေ့လယ် ၂နာရီမှ ၅နာရီအထိ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

မှတ်ချက်။ ။
ဆရာများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ကြွရောက်လာကြသော ပရိတ်သတ်အပေါင်းအား စိတ္တသုခ လူမှုကူညီရေး အသင်းနှင့် ကိုသက်နိုင်+မသင်းသင်းဌေးတို့မှ လဘက်ရည်နှင့် ကော်ပြန့်လိပ်ကြော်များဖြင့် ကျွေးမွေးဧည့်ခံမည် ဖြစ်ပါသည်။
ရည်ညွန်း = ဟန်းဂုရွာ

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ