Showing posts with label ဓမ္မရသစာစုများ. Show all posts
Showing posts with label ဓမ္မရသစာစုများ. Show all posts

ဝေဒနာနှင့် အပြိုင်


ဝေဒနာဆိုတဲ့ ဒီပါဠိဝေါဟာရ စကားလုံးဟာ ခံစားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ခံစားခြင်းမှန်သမျှ ကောင်းတဲ့ခံစားခြင်းပဲ ဖြစ်ဖြစ်၊ ဆိုးတဲ့ခံစားခြင်းပဲ ဖြစ်ဖြစ်၊ အကောင်းလည်းမဟုတ်၊ အဆိုးလည်းမဟုတ်တဲ့ ခံစားခြင်းမျိုးပဲဖြစ်ဖြစ် ဘယ်လိုခံစားမှုမျိုးကိုမဆို အလွယ်ပြောဆိုကြရမယ်ဆိုရင် အားလုံးဟာ ဝေဒနာတွေချည်းပါပဲ။ ဘယ်သူကြောင့်ပဲ ခံစားခံစား၊ ဘာကြောင့်ပဲ ခံစားခံစား၊ ဘယ်လိုမျိုးပဲ ခံစားခံစား စိတ်မှာဖြစ်ပေါ်လာတဲ့ ခံစားမှု သဘောမှန်သမျှ အားလုံးဝေဒနာလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ခံစားခြင်းသဘောဟာ ဖြစ်ပေါ်ရာ အာရုံကို အမှီပြုပြီး စိတ်မှာသိမှတ် ခံစားတဲ့ သဘောဖြစ်တဲ့အတွက် အကောင်းဆိုလည်း ခံစားမှာဖြစ်ပြီး အဆိုးဆိုလည်း ခံစားမှာဖြစ်ကာ မဆိုးမကောင်းဆိုလည်း ခံစားမှာ ဖြစ်ပါတယ်။ ဒီလိုသိရှိခံစားတာကိုပဲ စာလိုပြောတော့ ဝေဒနာ ဖြစ်ပေါ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ပုထုဇဉ်အတော်များများက ဝေဒနာလို့ ပြောလိုက်တာနဲ့ မကောင်းတဲ့ ခံစားမှုလို့ပဲ နားလည်သဘောပေါက် လက်ခံထားတတ်ကြပါတယ်။ ဘယ်သူတော့ ဘာဝေဒနာ ခံစားနေရလို့၊ ဘယ်သူတော့ ဘယ်သူကြောင့် ဘယ်လိုဝေဒနာတွေ ဖြစ်နေလို့၊ ဘယ်သူတော့ ဘာကြောင့် ဘယ်လိုဝေဒနာမျိုးကို ပြင်းပြင်းထန်ထန် ခံစားနေရလို့ စသဖြင့် ရောဂါတစ်ခုခုကြောင့် ခံစားရတဲ့ ခံစားမှု သဘောကိုပဲ ဝေဒနာလို့ ပြောဆို သုံးနှုန်းတတ်ကြပါတယ်။ ချမ်းသာတဲ့ခံစားမှု၊ ငြိမ်းချမ်းတဲ့ ခံစားမှု၊ ဝမ်းမြောက်တဲ့ ခံစားမှုစတဲ့ ကောင်းတဲ့ ခံစားမှုများကိုတော့ ဝေဒနာလို့ ပြောဆိုခြင်း မရှိကြပါဘူး။ ဒါကြောင့်လည်း ဝေဒနာရဲ့ သဘောအမှန်ကို မသိကြဘဲ အခိုက်အတန့် ချမ်းသာနေတဲ့ ခံစားမှုတွေ နောက်ကိုလိုက်ကာ ဆင်းရဲတဲ့ ခံစားမှုတွေ ရောက်လာမှပဲ ဝေဒနာဖြစ်ပြီလို့ သတ်မှတ်ရင်း ကြောက်လန့်တုန်လှုပ် သွားတတ်ကြတာ ဖြစ်ပါတယ်။ ဝေဒနာရဲ့ သဘာဝကို မသိတဲ့အတွက် မကောင်းတဲ့ ခံစားမှုကို လက်မခံနိုင်ဘဲ ကောင်းတဲ့ခံစားမှုတွေမှာသာ အပြိုင်လိုက်ကာ ခံစားနေကြတော့တာ ဖြစ်ပါတယ်။ တဒင်္ဂခံစားမှုမျိုးဖြစ်တဲ့ ချမ်းသာတဲ့ခံစားမှုကို လိုလားတောင့်တရင်း မကောင်းတဲ့ ဝေဒနာတွေနဲ့အပြိုင် ရုန်းမထွက်နိုင် ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။

အမှန်တော့ ရုပ်နာမ်နှစ်ပါးရှိနေသမျှ သတ္တဝါအားလုံးဟာ ခံစားနေကြရမှာ ဖြစ်ပါတယ်။ ကောင်းတာတွေလည်း ခံစားရမှာ ဖြစ်သလို မကောင်းတာတွေလည်း ခံစားရမှာ ဖြစ်ပါတယ်။ တစ်ခါတလေ ကောင်းတာလည်းမဟုတ်၊ မကောင်းတာလည်း မဟုတ်တဲ့ ခံစားမှုတွေကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။ ဒီလို ရုပ်နာမ်ရှိလို့ ဝေဒနာရှိတဲ့ သဘောမှာ ခံစားခြင်း ဝေဒနာရဲ့ အဖြစ်မှန်ကို မသိကြတော့ သူ့ကျတော့ ကောင်းတာတွေကို တွေ့ကြုံခံစားရတယ်၊ ငါ့ကျတော့ မကောင်းတာတွေပဲ တွေ့ကြုံခံစားရတယ်၊ င့ါကျမှ ဒီလိုဝေဒနာဖြစ်တယ်၊ သူ့ကျတော့ ဒီလိုဝေဒနာ မဖြစ်ဘူး စသဖြင့် တွေးထင်ကာ ကိုယ်ဖြစ်တဲ့ မကောင်းတဲ့ ခံစားမှုများကိုပဲ ဝေဒနာလို့ ထင်နေတတ်ကြတာတွေ ရှိပါတယ်။ ရုပ်နဲ့စိတ်ကို အမှီပြုပြီး ဖြစ်ပေါ်တတ်တဲ့ ဝေဒနာရဲ့ သဘောအမှန်ကို မသိတဲ့အခါကျတော့ ဘာလေးပဲဖြစ်ဖြစ် အလွယ်တကူ ခံစားတတ်ကြပါတယ်။ ထစ်ခနဲဆို ခံစားလိုက်၊ ထစ်ခနဲဆို ခံစားလိုက် ဖြစ်နေကြတဲ့ အတွက်ကြောင့်လည်း ဝေဒနာကို ဝေဒနာလို့ မမြင်နိုင်ဘဲ အကောင်းအဆိုး ခံစားမှုတွေနဲ့ ကောင်းရင်ကျေနပ်လိုက်၊ မကောင်းရင် မကျေနပ်လိုက် ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ မကောင်းတဲ့ ခံစားမှု ဝေဒနာတွေ ခံစားလာရတဲ့အခါမှာ စိတ်မှာမထိန်းနိုင် မသိမ်းနိုင်ဖြစ်ပြီး ကြောက်လန့် တုန်လှုပ်ကြတော့တာ ဖြစ်ပါတယ်။

တကယ်တော့ ဒါဟာ ဝေဒနာလို့ ခေါ်တဲ့ ခံစားခြင်းရဲ့ သဘောသဘာဝကို မသိလို့ပဲ ဖြစ်ပါတယ်။ ခံစားခြင်းရဲ့ သဘောအမှန်ကို သိလာကြမယ်ဆိုရင် ဘယ်လိုဝေဒနာမျိုးပဲလာလာ ကြောက်လန့်တုန်လှုပ်မှာ မဟုတ်သလို ဒီခံစားမှုတွေကိုလည်း လိုချင်တောင့်တကြမှာ မဟုတ်ပါဘူး။ အဲဒီအခါမျိုးမှာ ဒီအကောင်းအဆိုး ခံစားမှု ဝေဒနာတွေက ရုန်းထွက်နိုင်အောင် ကြိုးစားလာကြမှာ ဖြစ်ပါတယ်။ ဝေဒနာတွေ မလိုချင်တော့ဘူး၊ ဝေဒနာတွေကနေ ရုန်းထွက်ချင်ကြတယ်ဆိုရင် အကောင်းအဆိုး စတဲ့ ဝေဒနာတွေကနေ ခွာနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ ဝေဒနာကို ခွာနိုင်ဖို့အတွက် ဒီအကောင်းအဆိုး စတဲ့ ခံစားမှုတွေမှာ တပ်မက်နေတဲ့ သံယောဇဉ်တွေကို ခွါနိုင်ဖို့လိုပါတယ်။ ဝေဒနာအပေါ်မှာ ဖြစ်ပေါ်နေတဲ့ ဒီသံယောဇဉ်တွေကို ခွါနိုင်ဖို့အတွက်လည်း ဝေဒနာရဲ့ သဘောအမှန်ကိုသိပြီး ဝေဒနာရဲ့ ဖြစ်စဲဖြစ်ခိုက် ပေါ်စဲပေါ်ခိုက်ကို သတိတရားနဲ့ သူနိုင်ကိုယ်နိုင် အပြိုင်မှတ်နိုင်အောင် ကြိုးစားလေ့ကျင့်ရမှာ ဖြစ်ပါတယ်။ တရားအားထုတ်တယ်ဆိုတာ ဒီလိုခံစားမှု ဝေဒနာတွေရဲ့ သဘောအမှန်ကို သိအောင်ကြိုးစား အားထုတ်ကြတာ ဖြစ်ပါတယ်။ ဝေဒနာကို ဝေဒနာလို့ အမှန်အတိုင်း မြင်နိုင်အောင် စိတ်အစဉ်ကို လေ့ကျင့်ပေးတာ ဖြစ်ပါတယ်။

ဝေဒနာရဲ့ သဘောကလည်း သတိဝိရီယ တရားတွေနဲ့ ကျော်လွှားနိုင်မှ အမှန်ကို သိလာနိုင်မှာ ဖြစ်ပြီး ဒီဝေဒနာအပေါ်မှာ ဖြစ်ပေါ်နေတဲ့ သံယောဇဉ်တွေကို ဖြတ်တောက်နိုင်မှာ ဖြစ်ပါတယ်။ အလေ့အကျင့်နည်းပြီး သတိဝိရီယနည်းတဲ့ သူတွေဆိုရင် ဝေဒနာရဲ့ သဘောအမှန်ကို သိဖို့မပြောနဲ့ ဒီခံစားခြင်း ဝေဒနာရဲ့ ချယ်လှယ်မှုနောက်တောင် သိသိချည်းနဲ့ လိုက်နေမိတတ်ပါတယ်။ တစ်ခါတလေ တရားအားထုတ်တဲ့ ယောဂီတွေမှာတောင် ဒီခံစားမှု ဝေဒနာတွေကြောင့် တရားက ရှေ့မတက်ဘဲ ဖြစ်နေတာတွေလည်း အများကြီးရှိတတ်ပါတယ်။ တရားအားထုတ်တဲ့အခါမှာ တစ်ချို့ယောဂီတွေ အနေနဲ့ ခံစားရတဲ့ နာကျင်ကိုက်ခဲ ပူအေးစတဲ့ မကောင်းတဲ့ ဝေဒနာတွေကို သည်းမခံနိုင်၊ အဲဒီဝေဒနာတွေကို ကျော်လွှားနိုင်အောင် မမှတ်နိုင်တဲ့အခါကျတော့ ဒီဝေဒနာတွေမှာပဲ အချိန်တွေကြာနေကာ တရားက ရှေ့မတက်ဘဲ ဖြစ်နေတာတွေ ရှိတတ်သလို တချို့ကျပြန်တော့ တရားအားထုတ်ရင်း သမာဓိနိမိတ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ငြိမ်းအေးခြင်း၊ ပေါ့ပါးခြင်း၊ သာယာခြင်း၊ နူးညံ့ခြင်းစတဲ့ကောင်းတဲ့ ဝေဒနာတွေအပေါ်မှာ သာယာနှစ်သက်နေပြီး မှတ်ပစ်ရမယ့် ဝေဒနာကို မမှတ်နိုင်တဲ့အတွက် တရားက ရှေ့မတက်တာတွေလည်း ရှိတတ်ပါတယ်။

ဒါဟာ မကောင်းတဲ့ ခံစားမှုတွေ အပေါ်မှာ သတိ၊ သမာဓိ၊ ဝိရိယ ခန္တီ တရားတွေနဲ့ အနိုင်မယူနိုင်တဲ့ အတွက်ကြောင့် ဖြစ်သလို ကောင်းတဲ့ခံစားခြင်းတွေ အပေါ်မှာလည်း သတိတရား၊ ဝိရီယတရားတွေနဲ့ မဖြတ်တောက်နိုင်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ခံစားခြင်းဆိုတဲ့ ဝေဒနာဟာ သည်းခံခြင်းတရား၊ သတိ၊ ဝိရီယ၊ သမာဓိတရားတွေနဲ့ မဖြတ်တောက်နိုင်သေးသမျှ ဒီဝေဒနာရဲ့ ချယ်လှယ်မှုကြောင့် ဝေဒနာနဲ့အပြိုင် ရုန်းမထွက်နိုင်အောင် ချည်နှောင်ထားတတ်တဲ့ သဘောရှိပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီခံစားခြင်း ဆိုတဲ့ဝေဒနာရဲ့ သဘောအမှန်ကို သိအောင်ကြိုးစားပြီး သတိဝိရီယ စတဲ့တရားတွေနဲ့ အပြိုင်အနိုင်ယူနိုင်အောင် ကြိုးစားရမှာ ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

တရားအားထုတ်နေတဲ့ ယောဂီတွေမှာ ဒီလိုအကောင်းအဆိုး ခံစားချက် ဝေဒနာတွေကြောင့် တရားမတက်နိုင်ဖြစ်ကာ ဝေဒနာကနေ ရုန်းမထွက်နိုင်ဘဲ ရှိနေကြသလို သာမန်နေ့စဉ် ဘဝမှာ စာဝတ်နေရေး ကျန်းမာရေးအတွက် လှုပ်ရှားကျင်လည် နေရသူတွေမှာလည်း ဒီလိုခံစားမှုတွေကြောင့် ဝေဒနာနဲ့အပြိုင် ရုန်းမထွက်နိုင်တာတွေလည်း အများကြီး ရှိတတ်ပါတယ်။ ရုပ်နာမ်နှစ်ခုနဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါတိုင်းမှာ တွေ့ကြုံရတတ်တဲ့ ဝေဒနာတွေက ရုပ်ဖောက်ပြန်ခြင်းကြောင့် ခံစားရတဲ့ ဝေဒနာနဲ့ စိတ်ဖောက်ပြန်ခြင်းကြောင့် ခံစားရတဲ့ ဝေဒနာရယ်လို့ နှစ်မျိုးရှိနေတတ်ကြရာမှာ ရုပ်ဖောက်ပြန်ခြင်းကြောင့် ဖြစ်လာတဲ့ ခံစားချက် ဝေဒနာက အများအားဖြင့် မကောင်းတဲ့ ဝေဒနာတွေ ဖြစ်နေတတ်ပြီး စိတ်ကြောင့်ဖြစ်ပေါ်တတ်တဲ့ ဝေဒနာကတော့ သတ္တဝါတစ်ဦးချင်းရဲ့ စိတ်ခံစားမှုကိုလိုက်ပြီး အကောင်းအဆိုး ခံစားမှု ကွဲပြားတတ်ပါတယ်။ ဘယ်လိုပဲ ကွဲပြားကွဲပြား အရင်းစစ်တော့ အားလုံးဟာ ဝေဒနာတွေပဲ ဖြစ်ပါတယ်။ ဒီရုပ်နာမ်ဝေဒနာတွေဟာ ပုထုဇဉ်တွေ အပေါ်တွယ်တာမှုတွေနဲ့ ချည်နှောင်ထားပြီး ရုန်းမထွက်နိုင်အောင်လည်း အားပေးထိန်းချုပ် ထားတတ်ပါတယ်။

တချို့ဆို ဒီဝေဒနာတွေကြောင့် ဘဝကို အရှုံးပေးတဲ့အထိ ဖြစ်သွားတတ်သလို တစ်ချို့ဆိုလည်း သတိလက်လွတ်ဖြစ်ကာ အရူးတစ်ယောက်လို ဖြစ်သွားကြတာတွေလည်း ရှိတတ်ပါတယ်။ အတော်များများကတော့ ရုပ်မှာဖြစ်ပေါ်လာတဲ့ ခံစားချက်၊ စိတ်မှာဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကြောင့် ကောင်းလိုက်ဆိုးလိုက်နဲ့ ဘဝမှာ ငြိမ်သက်တယ်ဆိုတာ တစ်ခါမှ မရှိဘဲ ဖြစ်နေတတ်ကြပါတယ်။ အလွယ်တကူ ခံစားတတ်တဲ့ ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ခံစားမှုရယ်၊ ဝေဒနာရဲ့ သဘောအမှန်ကို မသိမှုတွေရယ်ကြောင့်လည်း သတ္တဝါတွေဟာ ဝေဒနာရဲ့ ချယ်လှယ်မှုနောက် တကောက်ကောက် လိုက်နေမိကာ ဝေဒနာနဲ့အပြိုင် ရုန်းမထွက်နိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလို ရုန်းမထွက်နိုင်သေးသမျှ ခံစားမှုတွေနောက်လိုက်ရင်း သတ္တဝါတိုင်းဟာ ဒုက္ခကိုယ်စီ ရှိနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒီလို ဒုက္ခတွေ ရှိနေတတ်ကြတဲ့ အတွက်ကြောင့်လည်း ပညာရှိ သူတော်ကောင်းတွေက ဝေဒနာကနေ ခွါနိုင်အောင် ကြိုးစားဖို့ တိုက်တွန်ကြခြင်း ဖြစ်ပါတယ်။ ဝေဒနာကနေ ခွာနိုင်အောင် ဝေဒနာရဲ့ သဘောသဘာဝကို သိအောင်ကြိုးစားပြီး ခံစားခြင်းကို ခံစားခြင်းလို့ပဲ အရှိအတိုင်းမြင်ကာ အကောင်းအဆိုး မခွဲခြားဘဲ ခန္တီတရား၊ သတိဝိရီယ တရားများနဲ့ ကျော်လွှားနိုင်အောင် အားထုတ်ကြဖို့ သတိပေးကြခြင်း ဖြစ်ပါတယ်။ ဒါမှပဲ ဝေဒနာနဲ့အပြိုင် ရုန်းထွက်နိုင်ကြမှာ ဖြစ်ပါတယ်။

ဆိုလိုတာက ခံစားခြင်းလို့ဆိုတဲ့ ဝေဒနာဟာ သတ္တဝါတွေကို အကောင်းအဆိုး မကောင်းမဆိုး အမျိုးမျိုးနဲ့ အလွယ်တကူ ခံစားစေကာ ဒုက္ခကိုယ်စီ ဖြစ်နေစေတတ်တဲ့အတွက် ဘယ်လိုခံစားမှုမျိုးပဲလာလာ ဒါဟာ ဝေဒနာရဲ့ သဘောပဲလို့ အမှန်အတိုင်း သိရှိကာ ခံစားခြင်းအပေါ်မှာ ဖြစ်ပေါ်တတ်တဲ့ တွယ်တာမှု သံယောဇဉ်တွေကနေ ရုန်းထွက်နိုင်အောင် ကြိုးစားရမှာ ဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ ဝေဒနာဆိုတာ ခံစားခြင်းကိုပဲ ဆိုတာဖြစ်တဲ့အတွက် ဘယ်လိုဝေဒနာပဲဖြစ်ဖြစ် ကောင်းရင်လည်း ကောင်းတဲ့သဘော၊ မကောင်းရင်လည်း မကောင်းတဲ့သဘော၊ ကောင်းတာလည်းမဟုတ် မကောင်းတာလည်း မဟုတ်ရင်လည်း ကောင်းမကောင်းတဲ့ သဘောတွေကို အရှိအတိုင်း သိနိုင်အောင် ကြိုးစားပြီး သည်းခံခြင်းတရား၊ သတိတရား၊ ဝိရီယတရား စတာတွေနဲ့ ဝေဒနာကို အန်တုလို့ အပြိုင်ပြုနိုင်အောင် လေ့ကျင့်ရမှာဖြစ်ကြောင်း သိစေလိုတာ ဖြစ်ပါတယ်။ ဘာကြောင့်ပဲခံစားခံစား၊ ဘယ်သူ့ကြောင့်ပဲ ခံစားခံစား၊ ဘယ်လိုမျိုးပဲ ခံစားခံစား ခံစားခြင်းမှန်သမျှဟာ ဝေဒနာတွေပဲလို့ အမှန်သိကာ ဘာပဲဖြစ်ဖြစ် အလွယ်တကူ ခံစားမှုနောက်ကို မလိုက်ဖြစ်အောင် ကိုယ့်ကိုယ်ကို ပြုပြင်ထိန်းသိမ်းကြရမှာ ဖြစ်ကြောင်း အသိပေးလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ပြိုင်ဆိုင်မှုတွေ ပြင်းထန်လွန်းတဲ့ ဒီနေ့ခေတ်ကြီးမှာ အပြိုင်ခံစားတတ်တဲ့ သဘောတွေကလည်း သူသူကိုယ်ကိုယ် အတူတူ ရှိနေတတ်ကြပြီး ခံစားခြင်းကို အကြောင်းပြုပြီး ဖြစ်ပေါ်တတ်တဲ့ ဒုက္ခတွေကလည်း ရုန်းမထွက်နိုင်သမျှ ရှိနေကြမှာ ဖြစ်တဲ့အတွက် ဒီဒုက္ခတွေကနေ လွတ်ငြိမ်းလိုကြသူများ အနေနဲ့ အလွယ်တကူ ဖြစ်ပေါ်တတ်တဲ့ ခံစားမှု ဝေဒနာတွေမှာ ဘယ်သူ့ကြောင်၊ ဘာကြောင့်ပဲ ဖြစ်ပေါ်ဖြစ်ပေါ် ဖြစ်ပေါ်သမျှ ခံစားမှုသဘောကို အရှိအတိုင်း သိအောင်ကြိုးစားပြီး ဒီခံစားမှုအပေါ်မှာ ကပ်ငြိနေတတ်တဲ့ သံယောဇဉ်ကို သတိ၊ သမာဓိ၊ ဝိရီယ၊ ပညာ၊ ခန္တီစတဲ့ တရားတွေနဲ့သာ ကျင့်ကြံအားထုတ်ရင်း ဝေဒနာနဲ့အပြိုင် ရုန်းထွက်နိုင်အောင် တစတစလေ့ကျင့်ကြဖို့ အလေးဂရု တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။
အားလုံး… ဝေဒနာကို ခွါနိုင်ကြပါစေ…။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

ယုံကြည်မှုဖြင့် ဘဝကို တည်ဆောက်ခြင်း


ယုံကြည်မှုဟူသော စကားကို ဘာသာတရားတိုင်းက အထူးအလေးပေး ပြောဆိုကြ၏။ ယနေ့ခေတ်တွင် ထင်ရှားနေသည့် ဘာသာကြီးလေးခုတွင် ဟိန္ဒူဘာသာကလည်း ဗြဟ္မာကြီးကို ယုံကြည်ရန် ပြောထား၏။ ဗုဒ္ဓဘာသာကလည်း ရတနာသုံးပါးနှင့် ကံကံ၏အကျိုးကို သက်ဝင်ယုံကြည်ရန် ညွန်ကြားထား၏။ ခရစ်ယန်ဘာသာကလည်း ယေရှုခရစ်တော်နှင့် တမန်တော်ကို ယုံကြည်ကြရန် အလေးအနက် တိုက်တွန်းထား၏။ အစ္စလာမ်ဘာသာကလည်း အလ္လာအရှင်မြတ်နှင့် တမန်တော်ကို ယုံကြည်ကိုးကွယ်ရန် အထူးတင်းကျပ်စွာ ဟောပြောထား၏။ ဘာသာတရား အားလုံးက ယုံကြည်မှုနှင့် ပတ်သက်၍ အရေးကြီးကြောင်း လမ်းညွှန်ထားပေ၏။ ကိုးကွယ်ရာတွင် ယုံကြည်မှုကို အခြေခံ၍ လိုက်နာကျင့်သုံးနိုင်မှ မိမိတို့၏ ဘဝသည်လည်း မှန်ကန်ကောင်းမြတ်သည့် ဘဝတစ်ခု ဖြစ်နိုင်ကြောင်း သင်ကြားပြသကြ၏။

သို့သော် ယုံကြည်မှုကို သင်ကြားမှု အပိုင်းတွင် အခြားအခြား ဘာသာများက သင်ကြားမှု အပိုင်းနှင့် ဗုဒ္ဓဘာသာ၏ သင်ကြားမှုအပိုင်း အဓိပ္ပါယ်ဖွင့်ဆိုချက် ကွဲပြားနေသည်ကို တွေ့ရမည် ဖြစ်၏။ ဗုဒ္ဓဘာသာတွင် ယုံကြည်မှုကို သဒ္ဓါဟုဆိုပြီး ထိုသဒ္ဓါဟူသည့် ယုံကြည်မှုသည် ရတနာသုံးပါးနှင့် ကံကံ၏ အကျိုးကို ယုံကြည်မှုမျိုး ဖြစ်ပြီး ထိုယုံကြည်မှုကို တည်ဆောက်မှုသည် မိမိ၏ ရွေးချယ်မှုဖြင့်သာ တည်ဆောက်ရခြင်း ဖြစ်၏။ ရတနာသုံးပါးကို ယုံကြည်ခြင်းဟူသည်မှာလည်း မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးများက “ငါဘုရားကိုယုံ၊ ငါဘုရားဟောသည့် တရားကိုယုံ၊ ငါဘုရား၏ တပည့်သား သံဃာတော်များကို ယုံ”ဟူသည့် ငါစွဲများဖြင့် ယုံကြည်စေမှုမျိုး မဟုတ်ဘဲ ဘုရား၊ တရား၊ သံဃာများ၏ ဂုဏ်တော်များကိုသာ ယုံကြည်စေခြင်းမျိုး ဖြစ်၏။ ကိုးကွယ်ယုံကြည်ရာတွင် ကိုးကွယ်ယုံကြည်ထိုက်သည့် ဂုဏ်အင်္ဂါများ ရှိမှသာ မှန်ကန်သည့် အကျိုးသက်ရောက်မှုကို ဖြစ်စေပြီး ထိုသက်ရောက်မှုကို ရတနာသုံးပါး၏ ဂုဏ်တော်များအား ဆည်းကပ်ပူဇော်ခြင်းဖြင့် ရရှိနိုင်သဖြင့် ရတနာသုံးပါး၏ ဂုဏ်တော်များကို ယုံကြည်စေခြင်း ဖြစ်ကာ ရုပ်ပိုင်းဆိုင်ရာ ပုဂ္ဂိုလ်ဒြပ်များကို ယုံကြည်စေခြင်း မဟုတ်ပေ။ “ကံကံ၏ အကျိုးကို ယုံကြည်ခြင်း”သည်လည်း တစ်စုံတစ်ဦး၊ တစ်စုံတစ်ခုနှင့် သက်ဆိုင်ခြင်း မရှိဘဲ မိမိ၏ စေတနာပါသည့် လုပ်ဆောင်ချက်များနှင့်သာ သက်ဆိုင်နေသဖြင့် ဘဝတစ်ခု တည်ဆောက်မှုတွင် အခရာကျသည့် အချက်အဖြစ် ယုံကြည်စေခြင်း ဖြစ်၏။ 

အချို့ဘာသာများတွင် မည်သည့်အကြောင်း အရာပင်ဖြစ်စေ ဟိန္ဒူကလည်း ဗြဟ္မာကြီးကို အပြည့်အဝယုံကြည်ရန်၊ ခရစ်ယန်ကလည်း ထာဝရ ဘုရားသခင်ကို အခိုင်အမာ ယုံကြည်ရန်နှင့် အစ္စလာမ်ကလည်း အလ္လာမ် အရှင်မြတ်ကို ဘာပဲဖြစ်ဖြစ် အလုံးစုံ ယုံကြည်ရန် တိုက်တွန်းကြ၏။ ထိုသို့ တိုက်တွန်းခြင်းမှာလည်း ထိုအရှင်မြတ်များသည် မိမိတို့၏ သက်ရှိသက်မဲ့ အရာအားလုံး ဘဝတစ်ခုလုံးကို ဖန်ဆင်းပေးထားသည့် ဖန်ဆင်းရှင်များ ဖြစ်နေခြင်းကြောင့်ပင် ဖြစ်ကြောင်း ကောက်ချက်ချနိုင်မည် ဖြစ်၏။

ဗုဒ္ဓဘာသာတွင်ကား ယုံကြည်မှုသည် အရေးကြီးသည့် အချက်ဖြစ်သော်လည်း ဘာပဲဖြစ်ဖြစ် မျက်စိမှိတ်ပြီး ယုံကြည်ရမည့် ယုံကြည်မှုမျိုး မဟုတ်ဘဲ မိမိ၏ ဝေဘန်ပိုင်းခြား စိစစ်လက်ခံမှုဖြင့်သာ ယုံကြည်ရမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်၏ လက်တွေ့လိုက်နာ ကျင့်သုံးခြင်းဖြင့် ရရှိလာသည့် အတွေ့အကြုံ အသိဉာဏ်ဖြင့်သာ မှားလျင်ပယ်ပြီး မှန်လျင်လက်ခံကာ ယုံကြည်ရမည်ဖြစ်ကြောင်း ရှင်တော်ဗုဒ္ဓက လမ်းညွှန်ပြသတော်မူခြင်း ဖြစ်၏။ ဗုဒ္ဓရှင်တော်မြတ်သည် လူသားမှ ဘုရားဖြစ်လာသည့် မဟာလူသား တစ်ပါးသာဖြစ်သဖြင့် လူသားများ လက်တွေ့ကျင့်သုံးပြီး အမှန်တကယ် ရရှိနိုင်သည့် အကျိုးသက်ရောက်မှုကိုသာ ယုတ္တိကျကျ သင်ပြတော်မူ၏။ ကိုယ်တော်မြတ်ကိုယ်တိုင်ပင် မျက်စိမှိတ်ယုံကြည်သည့် မျက်ကန်းယုံကြည်မှုမျိုးကို အားမပေးဘဲ အရာအားလုံးကို တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်က ဖန်ဆင်းပေးသည်ဟူသည့် အယူအဆကိုလည်း မှန်ကန်ကြောင်း ထောက်ခံတော်မမူပေ။

အကယ်၍ မဖြစ်မနေ ဖန်ဆင်းရှင်ဟူသည့် စကားလုံးဖြင့် သုံးနှုန်းပြောဆိုရမည် ဆိုလျင်ကား ဗုဒ္ဓအလိုတော်အရ မိမိသည်သာ မိမိ၏ ဖန်ဆင်းရှင်ဖြစ်ပြီး မိမိ၏ လုပ်ဆောင်ချက်များသည်သာ မိမိဘဝကို ဖန်ဆင်းပေးသည့် ဖန်ဆင်းရှင်အဖြစ် ညွန်ပြရမည်သာ ဖြစ်၏။ မိမိ၏ ကံ ဉာဏ် ဝီရိယ သုံးမျိုးသည်သာ မိမိဘဝ၏ အကောင်းအဆိုးကို ပုံဖော်ပေးမည့် ဖန်ဆင်းရှင် (creator) အဖြစ် စိစစ်လက်ခံကြရမည်သာ ဖြစ်၏။ အနှိုင်းမဲ့ ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်သည်ပင် သတ္တဝါတစ်ဦးဦး၏ ဘဝကို ပုံဖော်ဖန်တီးပေးလေ့ မရှိဘဲ ဤသည်က ကောင်းသည့်အရာ၊ ဤသည်က မကောင်းသည့်အရာ၊ မကောင်းသည်ကိုရှောင်ပြီး ကောင်းသည်ကို ဆောင်ရန် ဟုသာ လမ်းညွှန်ပေးလေ့ရှိ။ ဗုဒ္ဓသည် ဖန်ဆင်းရှင်မဟုတ်ဘဲ၊ လမ်းညွှန်သူ သက်သက်သာ ဖြစ်သည်။

ထိုသို့ အကောင်းအဆိုးကို ညွှန်ပြလေ့ရှိသည့် မြတ်စွာဘုရားရှင်သည် ယုံကြည်မှုနှင့် ပတ်သက်၍လည်း ဘာပဲဖြစ်ဖြစ် ယုံကြည်လေ့ရှိသည့် မျက်ကန်းယုံကြည်မှုကို အားမပေးဘဲ မိမိယုံကြည် ကိုးကွယ်ရာတစ်ခုသည် မှန်လား၊ မှားလား၊ ကိုးကွယ်သင့်သလား၊ မကိုးကွယ်သင့်သလား ဟူသည့်အချက်ကို မိမိကိုယ်တိုင်သာလျှင် အသိဉာဏ်နှင့် ယှဉ်ကာ ယုံကြည်ကိုးကွယ်ရန် တိုက်တွန်းတော်မူလေ့ရှိ၏။ သဒ္ဓါဟူသည့် ယုံကြည်မှုကို ပညာဟူသည့် စူးစမ်းဆင်ခြင်တတ်သည့် ဉာဏ်ပညာဖြင့် တွဲဖက်ကာ ကျင့်သုံးရန် မိန့်တော်မူလေ့ရှိ၏။ ယုံကြည်မှုအားကောင်းပြီး ဉာဏ်မပါလျင် အလွဲများကို ကိုးကွယ်မိတတ်ပြီး ယုံကြည်မှု မပါသည့် ဉာဏ်ပညာသက်သက် ဖြစ်နေပြန်လျင်လည်း ကောက်ကျစ်စဉ်းလဲ သွားတတ်သဖြင့် သဒ္ဓါနှင့်ပညာ အညီအမျှပါအောင် ကြိုးစားရန် ဟောပြတော်မူ၏။ ထိုအချက်ကို အခိုင်အမာ တည်ဆောက်နိုင်ရန်အတွက် အရေးကြီးသည့် အရာမှာ မမေ့မလျော့ခြင်းဟူသည့် သတိပင်ဖြစ်ကြောင်း ဗုဒ္ဓရှင်တော်မြတ်က အထပ်ထပ် မိန့်မှာတော်မူခဲ့၏။ 

မည်သူမဆို မိမိတို့၏ ဘဝကို တည်ဆောက်ရာတွင် ယုံကြည်မှုကို အခြေခံထားကာ တည်ဆောက်ရမည် ဖြစ်သော်လည်း ထိုအခြေခံ ဆောက်တည်မှု အားလုံး၏ အချုပ်မှာ သတိသာဖြစ်သဖြင့် သတိတရားသာ လက်ကိုင်ထားလျင် မှန်ကန်သည့် ယုံကြည်မှု၊ မှန်ကန်သည့် ရွေးချယ်မှုနှင့် မှန်ကန်သည့် လုပ်ဆောင်မှုများ ဖြစ်နေကြမည်ဖြစ်ပြီး ထိုမှန်ကန်မှုများကပင် မိမိတို့၏ ဘဝကို မှန်ကန်သည့် ဘဝများအဖြစ် ပုံဖော်ပေးသွားခြင်း ဖြစ်၏။ သတိရှိနေသူသည် အမှားကို မလုပ်မိစေဘဲ အမှန်ကိုသာ လုပ်မိနေသဖြင့် မှန်ကန်သည့် အကျိုးသက်ရောက်မှုကို ဖြစ်နေစေပြီး ထိုအကျိုးသက်ရောက်မှုသည် မှန်ကန်သည့် ဘဝအဆက်ဆက်ကို ဖြစ်ပေါ်စေကာ နောက်ဆုံးပန်းတိုင်ဖြစ်သည့် နိဗ္ဗာန်အထိပင် ရောက်စေနိုင်ကြမည်သာ ဖြစ်၏။

ဆိုလိုသည်မှာ ဘဝတွင် မည်သည့်ကိစ္စမဆို ယုံကြည်မှုသည် အဓိကကျသဖြင့် ကိုးကွယ်မှုအပိုင်းတွင်လည်း ယုံကြည်မှုကို အခြေခံကာ မှန်ကန်သည့် ဆည်းကပ်ကိုးကွယ်မှု ဖြစ်အောင် တည်ဆောက်ကြရာတွင် အရာရာကို ယုံကြည်လက်ခံသည့် မျက်ကန်းယုံကြည်မှုမျိုး မဖြစ်စေဘဲ စူးစမ်းဆင်ခြင်၊ ခွဲခြမ်းဝေဘန်တတ်သည့် ဉာဏ်ပညာနှင့် ပေါင်းစပ်ထားသည့် ယုံကြည်မှုမျိုးဖြင့် တည်ဆောက်ကြရမည် ဖြစ်ပြီးထိုသို့မှန်ကန်သည့် တည်ဆောက်မှုမျိုး ဖြစ်စေရန်မှာလည်း သဒ္ဓါနှင့်ပညာကို အလွန်အကျွံ မဖြစ်အောင် သတိတရား လက်ကိုင်ထားကာ ထိန်းညှိကြရမှာ ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်၏။ သတိရှိနေလျင် သဒ္ဓါလည်းမှန်၊ ပညာမှန်ပြီး ကိုးကွယ်ရာအမှန်ကိုပါ တည်ဆောက်နိုင်မည်ဖြစ်သဖြင့် သတိပညာပါသည့် ယုံကြည်မှုမျိုးဖြင့် ဘဝကို တည်ဆောက်ရမည်ဖြစ်ကြောင်း သတိပြုရမည် ဖြစ်၏။ 

ထို့ကြောင့် ယုံကြည်မှုဖြင့် ဘဝကို တည်ဆောက်လိုကြသော သူများသည် မှန်ကန်သည့် ယုံကြည်မှုဖြင့် မှန်ကန်သည့် ဆည်းကပ်ကိုးကွယ်မှု ဖြစ်စေရန် မိမိတို့၏ ယုံကြည်မှုကို သတိပညာတရားများဖြင့် ထိန်းညှိကာ အစွန်းမရောက်သည့် ယုံကြည်မှုမျိုးဖြစ်အောင် ကြိုးစားကြရမည်သာ ဖြစ်ပါကြောင်း အသိပေးတင်ပြရင်း ဗုဒ္ဓဘာသာ ရှုထောင့်မှ ဖွင့်ဆိုပြသည့် သဒ္ဓါအကြောင်း တစ်စေ့တစောင်းကို ဗဟုသုတအဖြစ် ပြန်လည်မျှဝေလိုက်ရပါသည်။

အားလုံး မှန်ကန်သည့် ယုံကြည်မှုဖြင့် ဘဝမှန်ကို တည်ဆောက်နိုင်ကြပါစေ။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

လေးဆယ်ကျော်အချစ် ဘယ်လိုချစ်မလဲ


“လေးဆယ်ကျော်အချစ် ဘယ်လိုချစ်မလဲ”
ဓမ္မကထိက ဝေါဆရာတော် အရှင်သုမင်္ဂလရဲ့ တရားခေါင်းစဉ်လေးတစ်ခုပါ။ ဒီခေါင်းစဉ်လေးကို ကြိုက်လွန်းလို့ ကိုယ့်ဘဝနဲ့ချိန်ထိုးထားတဲ့ အတွေးလေးတွေကို စာတစ်ပုဒ်အဖြစ် ရေးထုတ်ဖြစ်တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ မကြာခင် အသက် (၃ဂ)နှစ်ပြည့်ကာ (၄၀)နားကို တဖြည်းဖြည်းကပ်လာတဲ့ ဘဝရဲ့ ဖြတ်သန်းမှုတွေကို စဉ်းစားရင် လေးဆယ်ကျော်လာရင် ဘဝကို ဘယ်လိုဖြတ်သန်းမလဲ၊ ဘဝကို ဘယ်လိုချစ်ကြည့်မလဲ၊ သက်တမ်းတစ်ဝက်ကျိုးလာနေတဲ့ ဘဝဖြတ်သန်းမှုမှာ ကျန်တဲ့အချိန်တွေကို ဘယ်လိုနေထိုင်ကြည့်မလဲ စတဲ့ မေးခွန်းတွေလည်း အတွေးတွေနဲ့ မေးထုတ်ဖြစ်ခဲ့ပါတယ်။ 

တကယ်တော့ ပုထုဇဉ် သတ္တဝါ မှန်သမျှ အတ္တကတော့ ရှိနေကြတာ ဖြစ်ပါတယ်။ အဲဒီအတ္တကို အခြေခံထားတဲ့အတွက် ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အမြဲဦးစားပေးနေလေ့ ရှိတတ်ပါတယ်။ အချစ်ဆိုရင်လည်း ကိုယ်လိုချင်သလို ချစ်ပစ်လိုက်ကြသလို ကိုယ့်ကိုလည်း ချစ်စေချင်တတ်ကြပါတယ်။ ကိုယ်ချစ်ခဲ့ရတဲ့ အချစ်တွေအကြောင်း ပြန်တွေးကြည့်ရင် ငယ်ငယ်ကလေးဘဝတုန်းကလည်း အမေကိုချစ်လိုက်ရတာ၊ အဖေကိုချစ်လိုက်ရတာ၊ အဖိုးအဖွားတွေကို ချစ်လိုက်ရတာနဲ့ ချစ်လို့ကို မဆုံးနိုင်သလို အရွယ်လေး ရောက်လာပြန်တော့လည်း ကိုယ်နှစ်သက်တဲ့ သူတွေကို အရူးအမူးချစ်လိုက်ကြပြန်ပါတယ်။ အသက်အရွယ်တွေ ရလာပြန်တော့လည်း အချစ်တွေက မကုန်သေးဘဲ ဟိုမြေးကိုချစ်လိုက်ရ၊ ဒီမြေးကိုချစ်လိုက်ရ၊ ဟိုဟာစိတ်မချလို့ ပူလိုက်ရ၊ ဒီဟာစိတ်မချလို့ စိုးရိမ်လိုက်ရနဲ့ အချစ်တွေဟာ အဆုံးကို မသတ်နိုင်တော့အောင်ပဲ ဖြစ်ပါတယ်။ ကလေးငယ်ဘဝမှာလည်း ကလေးဘဝ၊ ကလေးအတွေးနဲ့ ကိုယ့်ကိုဦးစားပေးတဲ့အချစ်၊ ဆယ်ကျော်သက်အရွယ်မှာလည်း ကိုယ့်ဆန္ဒကို ဦးစားပေးတဲ့အချစ်၊ လေးဆယ်ကျော်လို့ အရွယ်လွန်ဘဝကို ရောက်လာတဲ့အခါမှာလည်း ကိုယ့်အတ္တကို ဦးစားပေးတဲ့ အရွယ်လွန် အချစ်တွေနဲ့ ချစ်ပြီးရင်းချစ်နေကြရတဲ့ ဘဝဖြတ်သန်းမှုမှာ ကိုယ့်ကိုယ်ကို တကယ်ချစ်တဲ့ အချစ်တွေနဲ့ ချစ်ခဲ့ကြဖူးလားဆိုတော့ ပြောရတာ အတော်ခက်လှပါတယ်။ 

အချစ်တွေနဲ့ မကင်းနိုင်သေးတဲ့ အနေအထားမှာ ဘဝကို အသက်အရွယ်အလိုက် အချစ်တွေနဲ့ ဖြတ်သန်းခဲ့ကြပေမယ့် လေးဆယ်ကျော်လာတဲ့ ဘဝနောက်ပိုင်းအချိန်တွေမှာ ချစ်တဲ့အချစ်တွေကိုတော့ ပုံစံတစ်မျိုးနဲ့ ပြောင်းချစ်နိုင်အောင် ကြိုးစားသင့်လှပါတယ်။ အရွယ်တိုင်းမှာ ကိုယ့်ကိုယ်ကို ဦးစားပေးတဲ့ အတ္တတွေနဲ့ ပုံစံအမျိုးမျိုး ချစ်ခဲ့ကြပေမယ့် လေးဆယ်ကျော်လာတဲ့ အခါမှာတော့ ကိုယ့်ကိုယ်ကို ချစ်တဲ့အချစ်တွေ ပြောင်းသင့်လှပါတယ်။ ကိုယ်ကချစ်လိုက်ရတာ၊ ကိုယ့်ကိုအချစ်ခံရတာတွေဟာ ကိုယ့်အကျိုးကို လိုလားတဲ့ချစ်ခြင်းတွေလို့ ထင်ရပေမယ့် တကယ်တမ်းကြတော့ အဲဒီအချစ်တွေဟာ ကိုယ့်အတ္တကို ဦးစားပေးပြီး ချစ်ခဲ့ကြတဲ့ အချစ်တွေဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို တကယ်ချစ်တဲ့ အချစ်တွေလို့ ပြောလို့မရပါဘူး။ ကိုယ့်ကိုနစ်မွန်းစေမယ့် အချစ်တွေပဲ ဖြစ်ပါတယ်။ ပုံစံအမျိုးမျိုးနဲ့ ချစ်ခဲ့ကြတဲ့ အချစ်တွေဟာ တွယ်တာမှု သမုဒယ တဏှာကို ဦးစားပေးပြီး ချစ်ခဲ့ကြတဲ့ အချစ်တွေ ဖြစ်တဲ့အတွက် အချစ်ကြီးလေး ဘဝသံသရာမှာ အပြစ်ကြီးလေပဲ ဖြစ်ပါတယ်။ 

အမှန်တော့ ကိုယ့်ကိုယ်ကို တကယ်ချစ်ရင် ကိုယ့်ဘဝသံသရာအရေး ဦးစားပေးတဲ့ အချစ်တွေနဲ့ ချစ်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဘဝသံသရာ နစ်မွန်းစေမယ့် အချစ်တွေကို ရှောင်ရှားပြီး ဘဝသံသရာ လွတ်မြောက်ရာကို ရွေးချယ်ပြီး နေထိုင်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ တဒင်္ဂ ခံစားချက်ကို ဦးစားပေးပြီး သံသရာနဲ့ချီတဲ့ ပေးဆပ်မှုမျိုး မဖြစ်အောင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။  တွယ်တာမှု သံယောဇဉ်ကို ဦးစားပေးတဲ့ အချစ်တွေကနေ ရုန်းထွက်ဖြစ်ပြီး အကျင့်တရားကို ဦးစားပေးတဲ့ လေ့ကျင့်နေထိုင်မှုမျိုးနဲ့ ကိုယ့်ကိုယ်ကို ချစ်နိုင်အောင် လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။ ကိုယ့်ကျင့်တရားမကောင်း၊ အပြစ်မကင်းတဲ့ ပုံစံမျိုးနဲ့ ဘဝကို ပုံဖော်နေတဲ့ အနေအထားကနေ ကိုယ်ကျင့်တရား ကောင်းအောင်ထိန်းသိမ်း စောင့်ရှောက်ပြီး အပြစ်ကင်းတဲ့ အလုပ်တွေမှာ အားထုတ်နေတဲ့ ပုံစံမျိုးနဲ့ ကိုယ့်ကိုယ်ကို ချစ်နိုင်အောင် အားထုတ်ကြရမှာ ဖြစ်ပါတယ်။ အရင်တုန်းက လုပ်နေကျဖြစ်တဲ့ မကောင်းတဲ့ အလုပ်တွေကနေ ရှောင်ရှားပြီး မလုပ်ဖူးသေးတဲ့ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ အလုပ်တွေမှာ လုပ်လာနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒီလို နေထိုင်မှုမျိုးကသာ ကိုယ့်ကိုယ်ကို တကယ်ချစ်ရာ ရောက်မှာဖြစ်ပါတယ်။ 

မြတ်စွာဘုရားရှင်က “မိမိကိုယ်ကို ချစ်အပ်၏ဟု သိပါမူ ထိုမိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက်ရာ၏။ ပညာရှိသည် အရွယ်သုံးပါးတွင် တစ်ပါးပါးသော အရွယ်၌ (လုံ့လပြုကာ) သုတ်သင်ရာ၏”လို့ ဟောကြားဆုံးမရင်း ကိုယ့်ကိုယ်ကို ချစ်ရင် ကိုယ့်ကိုယ်ကို ပြင်ဆင်ကြဖို့၊ ကိုယ့်ကိုယ်ကို အရွယ်အလိုက် အပြစ်ကင်းအောင် နေထိုင်ကြဖို့ မိန့်တော်မူပါတယ်။ ဘုရားစကားတော်အတိုင်း ဆိုရင်တော့ လေးဆယ်ကျော်မှ မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် တကယ်ချစ်တဲ့သူဟာ ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင် ကုသိုလ်တရားတွေနဲ့ နေထိုင်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ သူများကိုချစ်ဖို့ထက် ကိုယ့်ကိုယ်ကို အရွယ်တိုင်းမှာ သန့်ရှင်းအောင် ကြိုးစားရင် ကိုယ့်ကိုယ်ကို ချစ်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ 

ဟုတ်ပါတယ်။ အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး ရောက်လာတတ်တဲ့ သေခြင်းတရားကို ခဏထားပြီး လက်ရှိသက်တမ်းအရ ပြောကြမယ်ဆိုရင် လေးဆယ်ကျော်ဆိုတာ ဘဝရဲ့ သက်တမ်းတစ်ဝက် ကျော်လာနေတော့တာ ဖြစ်ပါတယ်။ ဒီလို အသက်အရွယ်အထိ ကိုယ့်ကိုယ်ကို မချစ်နိုင်သေးဘဲ သူများကိုချည်း ချစ်နေလို့ကတော့ ကိုယ်သေရင် အဲဒီအချစ်တွေက ကောင်းရာကို တွန်းပို့ပေးမှာ မဟုတ်ပါဘူး။ လေးဆယ်ကျော်အချစ်နဲ့ ကိုယ့်ကိုယ်ကို ချစ်နိုင်ဖို့ဆိုတာ ကိုယ်အသက်အရွယ်အရ ပြုပြင်နေထိုင်၊ ဆင်ခြင်လိုက်နာ၊ ကျင့်သုံးရမယ့် အရာတွေအပေါ်မှာ ကြိုးစားနေထိုင် ကျင့်သုံးခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်အသက်အရွယ် ရလာတာနဲ့အမျှ ကိုယ့်ကိုယ်ကို ချစ်လာနိုင်တဲ့ သူတစ်ယောက်ဖြစ်အောင် ကိုယ်ကျင့်တရားလေးတွေ ကောင်းအောင်ထိန်းသိမ်းပြီး စွမ်းနိုင်သမျှ ဒါနလုပ်တာ၊ သမထဘာဝနာ၊ ဝိပဿနာ ဘာဝနာ အားထုတ်တာတွေကို လုပ်ကြရမှာ ဖြစ်ပါတယ်။ ဟိုသံယောဇဉ်၊ ဒီသံယောဇဉ်တွေနဲ့ ကိုယ့်ကိုယ်ကို မေ့ပြီး သူများတွေအပေါ်မှာ အချစ်တွေနဲ့ သမုဒယပိုနေတာတွေကို လျော့ချပြီး ကိုယ့်ရဲ့သံသရာ အရေးကိုတွေးကာ ကောင်းတဲ့အလုပ်တွေမှာ အချိန်ပေးခြင်းဟာ ကိုယ့်ကိုယ်ကို ချစ်တာပဲ ဖြစ်တဲ့အတွက် ဒီလိုအချစ်မျိုးနဲ့ ချစ်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ 

တစ်ခါတလေ တစ်ချို့တချို့ သူတွေနဲ့ ဆုံဖူးပါတယ်။ သူတို့အရွယ်တွေကြည့်တော့လည်း ငယ်တော့တဲ့ အရွယ်တွေ မဟုတ်ဘူး။ လုပ်နေတဲ့အလုပ်တွေက မဟုတ်တာတွေပဲ များနေပြီး ဟိုသံယောဇဉ်၊ ဒီသံယောဇဉ်၊ ဟိုအချစ်ဒီအချစ်တွေနဲ့ လုံးချာလိုက်နေတဲ့ အဖြစ်ပါ။ ကိုယ့်အသက်အရွယ်အရ ကိုယ့်ကိုယ်ကို ဆင်ခြင်ဖို့ စိတ်ကူးမရှိသေးဘဲ ဘယ်လိုပျော်လိုက်မယ်၊ ဘယ်လိုစားလိုက်မယ်၊ ဘယ်လိုသောက်လိုက်မယ်၊ ဘယ်လိုကဲလိုက်မယ် စသဖြင့် အပျော်အပါးတွေမှာပဲ လိုက်စားလို့ ကောင်းနေကြတဲ့ အဖြစ်တွေပါ။ ဒီလို အရွယ်လေးရလာလို့မှ ကိုယ့်ကိုကိုယ် သတိဝင်ကာ မပြုပြင်ဘဲ နေကြမယ်ဆိုရင် ဘယ်အချိန်ကျမှ ပြုပြင်ကြ၊ ဆင်ခြင်ကြမလဲဆိုတာ စဉ်းစားစရာပဲဖြစ်ပြီး အချိန်နှောင်းမှ သံဝေဂရလို့ ပြုပြင်မယ်ဆိုတဲ့အခါ နောက်ကျသွားတတ်တာကိုလည်း သတိပြု ဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။ 

အသက်အရွယ်ဆိုတာ သေချာပေါက် ပြောလို့မရသလို ဘယ်အရွယ်မှာ ဘယ်လိုနေလိုက်ကြမယ်ဆိုတာလည်း ကွတ်တိတွက်လို့ မရတဲ့ သဘောတွေ ရှိနေတဲ့အတွက် တစ်နှစ်ထက်တစ်နှစ် ကြီးရင့်လာတဲ့ ကိုယ်အဖြစ်ကို သတိပြုဆင်ခြင် ပြုပြင်နေထိုင်ကြရမှာ ဖြစ်ပါတယ်။ တဖြည်းဖြည်း အသက်အရွယ်ရလာကြတဲ့ အပိုင်းမှာ သူများကို ချစ်ဖို့ထက် ကိုယ့်ကိုယ်ကို ချစ်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဘယ်သူဘာပြောပြော ပြင်စရာဆိုတာကတော့ ကိုယ်ကိုယ်တိုင်ပဲ ပြင်ကြရမှာ ဖြစ်တဲ့အတွက် အချိန်မရလို့ ငယ်ဘဝက မပြင်မိကြရင်လည်း လေးဆယ်နားကပ်လာ၊ လေးဆယ်ကျော်လာတဲ့ အခါမှာတော့ သတိတရနဲ့ကို ပြင်ကြရမှာ ဖြစ်ပါတယ်။ အရင်တုန်းက ကိုယ့်ကိုယ်ကို ချစ်ဖို့ထက် သူများကို ချစ်ဖို့ပဲ ကြိုးစားနေရကနေ လေးဆယ်ကျော် အရွယ်ချည်းကပ်လာတဲ့ အခါမှာတော့ သူများကိုချစ်ဖို့ထက် ကိုယ်ကိုယ့်ကို ကုသိုလ်တရားတွေနဲ့ ချစ်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် တဖြည်းဖြည်း အကျပိုင်းကို ချည်းကပ်လာတဲ့ ကိုယ့်အသက်အရွယ်အရ သူများကို ချစ်ဖို့ထက် ကိုယ့်ကိုယ်ကို ချစ်နိုင်ကြဖို့ ကြိုးစားကြရမှာ ဖြစ်တဲ့အတွက် ကိုယ့်ကို်ယ်ကို တကယ်ချစ်ရာရောက်အောင် ကိုယ့်ရဲ့လက်ရှိ သူများတွေအပေါ်မှာ၊ အခြားခြား သံယောဇဉ် ဖြစ်စရာအပေါ်မှာ တွယ်တာမှုများ၊ အချစ်တွေ ပွားနေကြရာကနေ ရုန်းထွက်ပြီး ကိုယ်မလုပ်ဖူးသေးတဲ့ ကုသိုလ်အလုပ်တွေ၊ မထိန်းဖူးသေးတဲ့ သီလတွေ၊ မလှူဖူးတဲ့ အလှူတွေ၊ မကျင့်ဘူးတဲ့ သမထ၊ ဝိပဿနာ အကျင့်တွေကို ကျင့်ကြံကြိုးကုတ်အားထုတ်ပြီး အရွယ်လွန်အချစ်ကနေ သံသရာလွန်မြောက်ရာ အဖြစ်များအထိ ကိုယ်ကိုယ်ကို ချစ်ကြည့်ကြရမှာ ဖြစ်ပါကြောင်း လေးဆယ်ကျော်အချစ် ဘယ်လိုချစ်မလဲဆိုတဲ့အပေါ် အရွေးတော်အောင် အသိစကား ပါးလိုက်ရပါတယ်။ 

Read more »

ဧည့်သည်


“လာတုန်းကလည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။
ပြန်သွားတော့လည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း…”

ကိုရီးယားဧည့်သည်များနှင့်အတူ မြန်မာပြည်အထက်ပိုင်း ခရီးထွက်စဉ်က စာရေးသူတို့ အဖွဲ့သည် မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး၏ မင်းကွန်းတောင်ရိုး၊ ဓမ္မနာဒ ကျောင်းတိုက်ကြီးသို့လည်း သွားရောက်ကာ ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းများအား ကြည့်ရှုလေ့လာ ကြည်ညိုဖြစ်ခဲ့၏။ ဆရာတော်ဘုရားကြီး၏ ကျောင်းတိုက်သို့ရောက်သည့်အခါ ဆရာတော်ကြီး သီတင်းသုံး နေထိုင်တော်မူသွားသည့် နေရာ၊ ဆရာတော်ဘုရားကြီး ရေးသားပူဇော်သွားသည့် စာပေများကို ကြည့်ရှုလေ့လာ ရှင်းလင်းပြောကြားပေးရင်း ဆရာတော်ကြီး၏ ဧည့်သည်အကြောင်း ရေးစပ်ထားသည့် အထက်ပါ ကဗျာလေးကို အထူးသတိထားမိခဲ့၏။ ယခင်ကတည်းက ရထားပြီး ဖြစ်သော်လည်း အမှတ်တမဲ့သာ ရှိခဲ့သည့် ထိုကဗျာလေးသည် ယခုတစ်ခါ ပြန်လည်ဖတ်မှတ်မိသည့် အချိန်တွင်ကား အနှစ်သာရရှိသည့် ကဗျာတစ်ပုဒ်အဖြစ် စိတ်ထဲတွင် စွဲထင်သွားခဲ့တော့၏။ အထပ်ထပ် ရွတ်ဖတ်ရင်း ဆိုလိုရင်း အဓိပ္ပါယ်ကိုပါ ကိုရီးယား ဧည့်သည်များအား ရှင်းပြပေးဖြစ်ခဲ့၏။ မြန်မာပြည်သို့ ဧည့်သည်အဖြစ် ရောက်ရှိလာခဲ့ကြသည့် ကိုရီးယား ဧည့်သည်များအား ဆရာတော်ကြီး ဆိုလိုသည့် ဧည့်သည်အကြောင်း ပြန်လည်ဟောကြားပေးဖြစ်ခဲ့၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် တရားပွဲကြွစဉ် ဝေါမြို့၊ အဗျားဗိုလ်တဲရွာရှိ နောင်တော်ကြီးတစ်ပါး၏ ကျောင်းသို့ ခေတ္တဝင်ကာ ဆွမ်းစားနေစဉ် ဆွမ်းစာကျောင်းတွင် ရေးသားချိတ်စွဲထားသည့် ဆရာတော်ကြီး၏ ဧည့်သည်အကြောင်း ကဗျာကို နောက်ထပ်တစ်ဖန် ဖတ်မှတ်ခဲ့ရပြန်ပါ၏။ နောင်တော်ကြီးက “ဧည့်သည်တိုင်း၏ လမ်းခရီး” ဟူသော ခေါင်းစဉ်ဖြင့် မင်းကွန်းဆရာတော် ဘုရားကြီး၏ သီးကုံးရေးသားမှုကို အောက်ပါအတိုင်း စုစည်းပူဇော်ထား၏။

လာတုန်းကလည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။
ပြန်သွားတော့လည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။
လာပြီးတော့နား မသွားသေးခင်
ချိန်လေးတွင်မှ ဝန်းကျင်ယှက်နွယ်
နှောင်ကြိုးသွယ်ခဲ့။
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ
မလိုဒေါသ လိုလောဘနှင့်
ဘဝရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ခါ
သုတ်သုတ်ဆောလျင် ခရီးနှင်သည်
ဒို့လျင် ဧည့်သည်ပါတကား။ ။

ငါသည်ပင်မူ
ခေါ်သူမရှိ ရောက်လာမိစဉ်
နှင်သူမရှိ ပြန်ဖို့ရှိ၏။
ငါနေသည့်အိမ် ငါ၏အိမ်ဟု
ငါ့အိမ်မှာထား ငါ့မယားနှင့်
ငါ့လင်သားနှင့် ငါးသားသမီး
ငါ့ပစ္စည်းဟု ယူသည့်စိတ်စွဲ အမှတ်လွဲခဲ့။
အမှန်မှာမူ
ငါလာသောခါ လက်ဗလာတည်း
ပြန်ရပါလျင် လက်ချည်းပင်တည်း
ငါ့တွင် ကိုယ်ပိုင်မရှိပါတကား။
လာသူလာလည်း လာစမ်းပါစေ မဆီးလေနှင့်
သွားသူသွားလည်း သွားစမ်းပါစေ မတားလေနှင့်
တို့တတွေမှာ သဘာဝလျှင် အမိရင်ဝယ်
ထွက်ဝင်ခိုနား ခရီးသွားသည့်
ဧည့်သည်တွေပါတကား…။ ။ (မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး)

ဆရာတော်ကြီး၏ အထက်ပါ ကဗျာများကို ဖတ်မှတ်ပြီး နောင်တော်ကြီးကျောင်းမှ အပြန်ခရီးတွင် ဟိုကြွဒီကြွဖြင့် ဧည့်သည်လာ ဧည့်သည်သွား ဖြစ်နေသည့် မိမိဘဝကိုမိမိ ပြန်လည်သတိပြု ဆင်ခြင်မိနေခဲ့၏။ ထို့အတူ သံဝေဂဉာဏ်လည်း ဖြစ်နေခဲ့၏။ အထူးသဖြင့် စာရေးသူ လျှောက်လှမ်းနေသည့် ဘဝတစ်လျှောက်တွင် တွေ့ကြုံခဲ့ရသည့် အခိုက်အတန့်ဆုံကာ ကွဲကွာသွားခဲ့ကြသည့် ဧည့်သည်များ အကြောင်းကိုလည်း သတိတရ ဖြစ်နေခဲ့ပြန်၏။ မခေါ်ဘဲနှင့်ရောက်လာပြီး မနှင်ဘဲနှင့် ပြန်သွားခဲ့ကြသည့် ဧည့်သည်များအကြောင်းကိုလည်း အတွေးနယ်ချဲ့နေမိ၏။

မှန်၏။ စာရေးသူ အပါအဝင် ပုထုဇဉ်သတ္တဝါမှန်သမျှ အားလုံးဧည့်သည်ချည်းသာ ဖြစ်ပါ၏။ အိမ်ပိုင်ယာပိုင်မရှိ ဟိုဟိုဒီဒီ ကျင်လည်နေကြရသည့် သတ္တဝါများ ဖြစ်သဖြင့် ဧည့်သည်လာ၊ ဧည်သည်သွား အဖြစ်နှင့်သာ အချိန်ကုန်နေကြရ၏။ ထိုသို့ ဧည့်သည်အဖြစ်နှင့် ဟိုဟိုဒီဒီ အတည်တကျမရှိ ဖြစ်နေသဖြင့်လည်း တစ်ခါတရံ အိမ်ကောင်းများတွင် လည်ပတ်ခဲ့ရသည်များ ရှိခဲ့ကြသကဲ့သို့ တစ်ခါတရံ အိမ်စုတ်များတွင် နေခဲ့ရသည်များလည်း ရှိခဲ့ကြ၏။ တစ်ခါတရံ အိမ်ရှင်ကောင်းများနှင့် ကြုံခဲ့ရသကဲ့သို့ တစ်ခါတရံ အိမ်ရှင်ဆိုးများနှင့်လည်း ကြုံခဲ့ကြ၏။ မည်သို့သော အခြေအနေမျိုးတွင် ရှိခဲ့ပါစေ ဧည့်သည်များ ဖြစ်နေသဖြင့် အချိန်တန်လျင် အိမ်ပြန်ခဲ့ကြရသည်သာ ဖြစ်ပါ၏။ ဧည့်သည်အဖြစ်ဖြင့် သွားရောက်လည်ပတ်စဉ် ကြုံတွေ့ခဲ့ရသည့် သံယောဇဉ် မှန်သမျှသည်လည်း အချိန်တန်သည့်အခါ ချန်ခဲ့ကြရသည်သာ ဖြစ်ပါ၏။ ဧည်သည်များ ဖြစ်နေသမျှ အချိန်တန်လျင် အိမ်ပြန်ကြရမည်မှာ ဓမ္မတာပင် ဖြစ်ပါ၏။ သို့သော် မိမိပြန်မည့်အိမ်သည် မည်သို့သော အိမ်ဖြစ်မည် ဆိုသည်ကိုကား မိမိကိုယ်တိုင်မှတပါး၊ မိမိ၏ တည်ဆောက်မှုများမှတပါး၊ မိမိ၏ ဖန်တီးမှုများမှတပါး အခြားမရှိသည်သာ ဖြစ်ပါ၏။

ဤကား ခေတ်စကားနှင့် ပြောသည့် ဧည့်သည်အကြောင်းပင် ဖြစ်ပါ၏။ ဓမ္မစကားဖြင့် ပြောလျှင်ကား အရိယာ မဖြစ်သေးသည့် ပုထုဇဉ်များသည် သံသရာ ခရီးသွားနေကြသည့် ဧည့်သည်များ ဖြစ်နေပြီး ထိုဧည်သည်များ၏ အိမ်ဟူသည်ကား (၃၁) ဘုံ၊ တစ်နည်းအားဖြင့် သွားရာဂတိ (၅)မျိုးသာ ဖြစ်နေပါ၏။ သံသရာခရီး သွားနေကြသည့် ခရီးသွား ဧည့်သည်မှန်သမျှ အချိန်တန် အိမ်ပြန်ကြသည့်အခါ လူတို့နေရာ ဘုံဌာနခေါ် လူ့အိမ်၊ နတ်တို့စံရာ ဘုံဌာနခေါ် နတ်အိမ်၊ တိရစ္ဆာန်တို့သွားရာ ဘုံဌာနခေါ် တိရစ္ဆာန်အိမ်၊ ပြိတ္တာတို့ ကျင်လည်ရာ ဘုံဌာနခေါ် ပြိတ္တာအိပ်နှင့် ငရဲသားများ ခံစားရာဘုံဌာနခေါ် ငရဲအိမ်ဟူသည့် အိမ်များသို့သာ ပြန်ကြရမည် ဖြစ်ပါ၏။ ထိုအိမ်ငါးမျိုးတွင် လူ့အိမ်နှင့် နတ်အိမ်တို့သည် အိမ်ကောင်းများဟု ဆိုနိုင်ပြီး တိရစ္ဆာန်အိမ်၊ ပြိတ္တာအိမ်၊ ငရဲအိမ်တို့ကား အိမ်ဆိုးများဟု ဆိုရမည်သာ ဖြစ်ပါ၏။ မည်သို့ပင် အိမ်ဆိုးအိမ်ကောင်း ကွဲပြားနေသော်လည်း သံသရာခရီးသွား ဧည့်သည်များသည်ကား အချိန်တန်လျင် မိမိတို့ ဖန်တီးတည်ဆောက်ထားသည့် အတိုင်းသာ မိမိတို့နှင့်သင့်လျော်သည့် မိမိတို့အိမ်သို့သာ ပြန်ကြရမည် ဖြစ်ပါ၏။

သို့ဆိုလျင် သံသရာ ခရီးသွား ဧည့်သည်များအဖို့ အိမ်ပြန်သည့်အခါ မည်သည့်အိမ်သို့သွား၍ မည်သည့်အရာကို ယူဆောင်သွားမည်နည်းဟူသည့် အချက်ကို စဉ်းစားဖွယ် လိုအပ်လာပေ၏။ နောင်ထပ်လယ်စရာ အိမ်မရှိအောင် ယခုလက်ရှိ ဧည့်သည်အဖြစ် နေရသည့်အဖြစ်ကို အဆုံးသတ်ထားနိုင်လျင်ကား အိမ်ဆိုးအိမ်ကောင်း ရွေးစရာမလိုဘဲ အိမ်လယ်ရသည့် အလုပ်မှ ကင်းလွတ်သွားမည် ဖြစ်သော်လည်း ထိုသို့မလုပ်နိုင်သည့် ဧည့်သည်တစ်ယောက်အဖြစ်သာ နေထိုင်သွားမည်ဆိုပါက မကောင်းသည့် အိမ်များသို့လည်း သွားရောက်နေရမည် ဖြစ်ပါ၏။ ထို့ကြောင့် အိမ်စဉ်လှည့်လည် နေရသည့် ဧည့်သည်အဖြစ်မှ ကင်းလွတ်စေရန် အိမ်ပိုင်ယာပိုင်လေးရှိထားရန် လိုအပ်ကြောင်း ဆိုခြင်းဖြစ်ပါ၏။ သံသရာခရီးသွား ဧည့်သည်အဖြစ်မှ ကုသိုလ်ကောင်းမှုများဖြင့် တည်ဆောက်ထားသည့် ကိုယ်ပိုင်အိပ်ပိုင်ရှင်၊ သစ္စာဉာဏ်ဖြင့် အရယူထားသည့် တည်မြဲသည့် သွားရာဂတိပိုင်ရှင်များအဖြစ် ယခုလက်ရှိအချိန်ကို အသုံးချကာ ကြိုးစားတည်ဆောက် ထားသင့်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

သို့သော် ပုထုဇဉ်သတ္တဝါတို့သည်ကား ဧည့်သည်အဖြစ် နေနေရသည့် မိမိတို့၏ ဘဝအမှန်ကို မေ့လျော့ကာ ငါဟူသော အတ္တများကြောင့် ခဏတာဘဝတွင် အစအရာ မကစွာဖြင့် ချစ်ကြမုန်းကြဖြစ်ကာ မလိုသည့်အခါ ဒေါသဖြစ်လိုက်၊ လိုသည့်အခါ လောဘဖြစ်လိုက်ဖြင့် ဧည့်သည်အဖြစ်မှ ရုန်းမထွက်နိုင်ဘဲ တစ်အိမ်မှတစ်အိမ်သို့ ကူးပြောင်းလို့သာ နေနေကြပေ၏။ ဧည့်သည်အဖြစ်ဖြင့် ခဏတာ ရောက်လာခဲ့သည့် မိမိတို့၏ အဖြစ်ကို မေ့လျော့ကာ ငါ့သား၊ ငါးသမီး၊ ငါ့ဇနီး၊ ငါ့ဥစ္စာ စသည်များ အပေါ်တွင်သာ အကျေနပ်ကြီး ကျေနပ်နေလေ ကြတော့၏။ အမှန်အားဖြင့် မိမိကိုယ်တိုင် ဧည့်သည်အဖြစ် ရောက်လာခဲ့စဉ်ကပင် ဘယ်ကလာ၍ ဘယ်အိမ်တွင် နားရမည်ကို မသိနိုင်သည့်အပြင် ရောက်လာချိန်ကတည်းကလည်း မည်သည့်အရာမျှ ပါလာခဲ့သည် မဟုတ်သည်မှာ သတိပြုရမည့် အချက်ပင်ဖြစ်၏။

ထို့အတူ ဧည့်သည်လုပ်ရင်း အချိန်တန် အိမ်ပြန်သွားသည့် အခါတွင်လည်း ကုသိုလ်ကောင်းမှုမှလွဲ၍ ဘာတစ်ခုမျှ ယူဆောင်မသွားနိုင် ကြသည်ကို အထူးသတိ ပြုသင့်ပေ၏။ အကောင်းဆုံးကား ယခုလက်ရှိ အချိန်မှာပင် ဟိုအိမ်ဒီအိမ် လယ်နေရသည့် သံသရာ ခရီးသွား ဧည့်သည်များအဖြစ်မှ ရုန်းထွက်ကာ တစ်ယောက်တည်းလာ တစ်ယောက်တည်း သွားမှုများကင်းရာ သံသရာအဆုံးဖြစ်သည့် နိဗ္ဗာန်သို့သာ အရောက်သွားနိုင်ရန် ကြိုးစားသင့်လှပေ၏။ သို့မဟုတ်လည်း လားရာဂတိ မြဲမြံသွားသည့် အရိယာအဖြစ်သို့ရောက်အောင် ကြိုးစားလိုက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါ၏။

ထို့ကြောင့် အချုပ်အားဖြင့် လက်ချည်းဗလာ လာခဲ့ရပြီး လက်ချည်းဗလာ ပြန်သွားရမည့် ဧည့်သည်အဖြစ်ဖြင့် ရောက်ရှိနေသည့် မိမိတို့၏ လက်ရှိဧည့်သည်ဘဝကို အဆုံးသတ်ကာ လားရာဂတိ အမှန်ရှိသည့် အိမ်ပိုင်ယာပိုင် အိမ်ရှင်များအဖြစ် ကုသိုလ်တရား ကြိုးစားပွားရင်း သုဂတိဘဝမှသည် နိဗ္ဗာန်အထိ အရောက်လှမ်းနိုင်စေရန် အချိန်ရှိခိုက် လုံ့လစိုက်ကြပါဟု စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပေတော့၏။

Read more »

ဘယ်သူပြိုင်လို့ နိုင်ပါ့မယ်


သူငယ်ချင်း နှစ်ယောက်…
တစ်ယောက်က အသောက်အစား အပျော်အပါးမှာ ဝါသနာထုံပြီး တစ်ယောက်ကတော့ အေးအေးဆေးဆေး နေတတ်ကာ စာဖတ်၊ သူချင်းနားထောင်၊ အင်တာနက်ထိုင်၊ တစ်ခါတလေ တရားနာ၊ တရားစာဖတ် နေလေ့ရှိတတ်သူ။ မတူညီတဲ့ စရိုက်တွေနဲ့ အတူတွဲနေတတ်ကြသူ အချင်းချင်း တစ်ခါတလေ ကိုယ့်ဝါသနာ သူ့ဝါသနာမှာ အတူပါလာအောင် ပြောဆိုကြ၊ အဖော်ဆွယ်တတ်ကြပါတယ်။ သူတို့နှစ်ယောက်လည်း ဒီလိုပါပဲ။

အသောက်အစား အားသန်တဲ့ သူငယ်ချင်းက အတူသောက်ဖို့ အဖော်ညှိပါတယ်။ “ငါ့ကို ခင်ရင် တစ်ခွက်လောက်တော့ ချကွာ” စတဲ့ အပြောတွေနဲ့ စည်းရုံးတတ်ပါတယ်။ တစ်ယောက်ကလည်း “ဟာ… ဒါတော့ ကျွန်တော်မလုပ်ပါရစေနဲ့၊ ခင်တာနဲ့ သောက်တာတခြားစီပါဗျာ” ဆိုပြီး ပြန်လည်ငြင်းဆန် တတ်ပါတယ်။

အေးအေးဆေးဆေးနဲ့ စာဖတ်ဝါသနာပါသူ၊ တရားနာတတ်သူ သူငယ်ချင်းကလည်း တစ်ခါတလေ “အစ်ကို ဒီတရားလေးကောင်းတယ် နာကြည့်ပါလား”လို့ တိုက်တွန်းတဲ့အခါ တစ်ယောက်က “ဟာ ကွာ တရားဘာလို့ နာမှာလဲ၊ ဒို့အသက်အရွယ်က တရားနာရမယ့် အရွယ်မဟုတ်ဘူး” ဆိုပြီး တိုက်တွန်းတဲ့သူကိုတောင်မှ အထူးအဆန်းသဖွယ် မြင်တတ်ကြည့်တတ် ပြန်တယ်တဲ့လေ။ 

မတူညီတဲ့ သူနှစ်ယောက်ရဲ့ ဆုံမှတ်မှာ ဘယ်သူက ဘယ်ဘက်ကို ပါသွားပြီး ဘယ်သူက ဘယ်လိုပြောင်းသွား မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ကောင်းတဲ့အလုပ်တွေမှာ စိတ်ထက်သန်နေတဲ့ သူငယ်ချင်းကပဲ သူ့စိတ်ကို ခိုင်မြဲအောင် ထိန်းသိမ်းထားနိုင်မလား၊ ဒါမှမဟုတ် သူပါသောက်ဖြစ်သွားလေမလား၊ သိပ်သောက်တတ်တဲ့ သူငယ်ချင်းကပဲ အသောက်တွေလျော့ပြီး အေးအေးဆေးဆေးလေးနဲ့ စာဖတ်တရားနာတဲ့ အလုပ်တွေမှာ စိတ်ဝင်စားလာလေမလား။ ဘယ်သူမှ သေချာပေါက် မပြောနိုင်ပါဘူး။

သေချာတာကတော့ စိတ်ဟာ မကောင်းတဲ့ဘက်မှာ ပိုပျော်တတ်တယ်ဆိုတာ သေချာသလို ပြုပြင်မှု အားကြီးတဲ့သူဟာလည်း မကောင်းကနေ အကောင်းဘက်ကို ပြောင်းလဲလာတတ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ပျက်အဆင် ပြင်ခဏဆိုတဲ့ အသိနဲ့ ကိုယ့်ကိုယ်ကို အသိဝင်ပြီး ပြုပြင်နိုင်တဲ့သူဟာ ဘယ်သူမှ ပြိုင်ဖို့မလိုတဲ့ ကိုယ်ကိုယ်ကို အနိုင်ရတဲ့သူဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ 

ဟုတ်ပါတယ်။ ဒီနေ့ခေတ်မှာ လူငယ်တွေ၊ အထူးသဖြင့် ပြည်ပရောက်တဲ့ လူငယ်တွေကြားမှာ အသောက်အစား၊ အပျော်အပါး လိုက်စားလွန်းတဲ့ သူတွေများလာတာကို တွေ့ရတတ်သလို ငယ်ပေမယ့်လည်း ဘာသာတရားနဲ့ လူမှုရေးများမှာ ကြိုးစားလုပ်ကိုင်လာကြတဲ့ လူငယ်တွေလည်း တဖြည်းဖြည်း တိုးပွားလာနေတာကို သတိပြုမိကြမှာ ဖြစ်ပါတယ်။ ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာရင်း ပြည်တွင်းမှာ မရှိတဲ့ လွတ်လပ်မှု၊ အထိန်းအကွပ်မဲ့မှု၊ ငွေတွေလက်ထဲမှာ ရှိလာမှု၊ အပေါင်းအသင်းတွေရဲ့ စည်းရုံးမှု၊ စိတ်ဖိစီးမှု စတာတွေကြောင့် တစ်ချို့လူငယ်တွေဟာ လောကဓံကို မခံနိုင်ဘဲ ဖြစ်ချင်ရာဖြစ် ဘဝကို နေချင်သလို နေပစ်ရင်း အသောက်အစား အပျော်အပါးဘက်ကို ရောက်သွားတတ်တာတွေ ရှိသလို တစ်ချို့လည်း အဆင်မပြေမှုတွေ၊ ဒုက္ခတွေကို ကျော်လွှားနိုင်ဖို့ မကောင်းတာနဲ့ မဖြေဘဲ ကောင်းတာတွေနဲ့ ဖြေနိုင်အောင် အားကိုးရာကို ရှာရင်း တရားနာဖြစ်၊ တရားစာဖတ်ဖြစ်၊ တရားထိုင်ဖြစ်ရာက လောကဓံကို ခံနိုင်ရည်ရှိလာကာ ဘဝမှာ ဓမ္မလေးတွေ တွဲပြီး နေလာကြတဲ့ သူတွေလည်း ရှိနေကြတော့တာ ဖြစ်ပါတယ်။

ဒီလို မတူညီတဲ့ ဆုံမှတ်တွေဘက်ကို ရောက်သွား၊ ပြောင်းသွားကြတဲ့ သူတွေဟာ များသောအားဖြင့် အပေါင်းအသင်းကြောင့် ဖြစ်သွားတတ်တာတွေလည်း အများကြီးပဲ ဖြစ်ပါတယ်။ အပေါင်းအသင်းကြောင့် သောက်တတ် စားတတ်သွားတတ်တဲ့ သူတွေရှိသလို အပေါင်းအသင်းကြောင့် ဘာသာတရား အဆုံးအမများမှာ နေတတ်ထိုင်တတ်သွားတဲ့ သူတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ အပေါင်းအသင်းဟာ လူတစ်ယောက်ရဲ့ ပြောင်းလဲမှုမှာ အများကြီး အရေးကြီးလှတာ ဖြစ်ပါတယ်။ 

အပေါင်းအသင်းနဲ့ ပတ်သက်ပြီး ဗုဒ္ဓစာပေတွေမှာတော့ “မကောင်းတဲ့ အလုပ်တွေမှာ အပေါင်းအပါ ဖြစ်စေတဲ့ သူဟာ ကလျာဏမိတ္တဆိုတဲ့ မိတ်ကောင်းဆွေကောင်း မဖြစ်နိုင်ကြောင်းနဲ့ ကောင်းတဲ့အလုပ်တွေမှာ အပေါင်းအဖော်ဖြစ်မှသာ မိတ်ကောင်းဆွေကောင်း အစစ်ဖြစ်နိုင်ကြောင်း” စသဖြင့် ဆိုထားတာရှိပါတယ်။ ဒီအဆိုအရဆိုရင်တော့ တစ်ချို့အပေါင်းအသင်းတွေဟာ မသောက်တတ်တဲ့သူကို သောက်တတ်လာအောင်၊ မကောင်းတာ မလုပ်တတ်တဲ့သူကို လုပ်တတ်လာအောင် နည်းပေးလမ်းပြ စည်းရုံးကြတာ ဖြစ်တဲ့အတွက် မိတ်ဆွေကောင်း မဟုတ်ဘူးလို့တောင် ပြောရမှာ ဖြစ်ပါတယ်။ ကိုယ်မပြောင်းနိုင်လို့၊ ကိုယ်ကြိုက်လို့၊ ကိုယ်ရုန်းမထွက်နိုင်သေးလို့ မကောင်းတာတွေ လုပ်ဖြစ်နေရင်လည်း သူများတွေ ပါလာအောင်၊ ကိုယ်နဲ့အဖော်ရှိလာအောင်တော့ မလုပ်သင့်ပါဘူး။ 

တစ်ချို့ ဒကာလေးတွေကို တွေ့ဖူးပါတယ်။ ဘာသာရေးနဲ့ အလွန်အကျွမ်းဝင်ပြီး စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ တရားနာတာ၊ တရားထိုင်တာ၊ တရားမေးလျှောက်တာ စသဖြင့် လုပ်နေကြတာတွေပါ။ သူတို့အပြောအရ သူတို့ထဲက တစ်ချို့ဟာ အရင်က အလွန်သောက်တတ်စားတတ် အပျော်အပါးတွေမှာ လိုက်စားတတ်ခဲ့ကြပေမယ့် အခုအချိန်မှာတော့ ဘာသာတရားရဲ့ အဆုံးအမအောက်မှာ ဘဝဟာ တည်ငြိမ်နေကြောင်း၊ လောကဓံကို ကောင်းကောင်းကြီး ခံနိုင်ရည် ရှိလာနေကြောင်း စသဖြင့် သိခဲ့ရပါတယ်။ သူတို့တွေရဲ့ အပြောင်းအလဲကတော့ အပေါင်းအသင်းကောင်းအပေါ် အမှီပြုခဲ့ရတဲ့ ကျေးဇူးကြောင့်ဆိုတာ သက်သေပြုစရာပဲ ဖြစ်ပါတယ်။ 

ဒါတွေကိုကြည့်ရင် ဘဝမှာ ဘယ်သူပဲ ဖြစ်ဖြစ် ကောင်းချင်ရင်လည်း ခဏ၊ မကောင်းချင်ရင်လည်းခဏပဲ ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ့်ကိုယ်ကို ပြုပြင်လိုက်နိုင်မှုပဲ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် အားလုံးဟာ ဘာမှအကြာကြီး မဟုတ်တဲ့အတွက် ကိုယ့်ကိုယ်ကို ရုန်းထွက်နိုင်တဲ့ အခိုက်ဟာ ပြောင်းလဲမှုရဲ့  အောင်မြင်မှု တစ်ဝက်ပဲဖြစ်ပါတယ်။ မကောင်းတဲ့သူဟာလည်း ပြောင်းလိုက်ရင် ကောင်းသွားမှာ ဖြစ်သလို ကောင်းနေတဲ့သူဟာလည်း အမှားလိုက်ရင် မကောင်းဘက်ကို အလွယ်တကူ ပြောင်းသွားစေတော့တာ ဖြစ်ပါတယ်။ 

အရင်းစစ်တော့ ကောင်းခြင်းမကောင်းခြင်း၊ ပြောင်းခြင်းမပြောင်းခြင်းဟာ ကိုယ်ကိုယ်တိုင်ရဲ့  ပြုပြင်မှုနဲ့ ကိုယ်ပေါင်းသင်းတဲ့ အပေါင်းအသင်းရဲ့ အားပြုမှုဟာ အခရာပဲဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ပြုပြင်မယ်ဆိုတဲ့ စိတ်ရယ်၊ လက်တွေ့အကောင်အထည်ဖော်တဲ့ ဝီရိယရယ်၊ အကောင်းဘက်မှာ အထောက်အကူ ပေးနိုင်မယ့် မိတ်ကောင်းဆွေကောင်းကို ရှာဖွေပေါင်းသင်းမှုရယ် စတာတွေနဲ့ ပူးတွဲပြီး ကြိုးစားအားထုတ်လိုက်မယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ မရှိနိုင်ပါဘူး။ လက်တွေ့မလုပ်သေးလို့ မဖြစ်သေးတာပဲ ရှိရင်ရှိမယ်၊ လုပ်လို့နောက်ကျသွားတာ၊ ပြောင်းပေမယ့် မကောင်းတာ၊ ပြုပြင်ပေမယ့် မဖြစ်တာဆိုတာ အဆုံးအထိသွားရင် မဖြစ်နိုင်စရာ မရှိပါဘူး။ ဖြစ်ကိုဖြစ်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ကိုယ့်အလိုပါအောင် အပြိုင်ပြုခြင်းပဲ ဖြစ်ပါတယ်။ 

တကယ်တော့ ပြိုင်ဆိုင်မှုတွေထဲမှာ ကိုယ့်ကိုယ်ကို ပြိုင်ဆိုင်ခြင်းဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို မကောင်းတာတွေကနေ ရုန်းထွက်နိုင်အောင် ပြိုင်ဆိုင်တာ၊ မကောင်းတဲ့ အမှုအကျင့်တွေကနေ ကောင်းတဲ့အမူအကျင့်တွေအဖြစ် ပြောင်းနိုင်အောင် ပြိုင်ဆိုင်တာ၊ မကောင်းမှုမှာ ပျော်မွေ့တတ်တဲ့ စိတ်ကို ကောင်းမှုမှာ ပျော်နိုင်အောင် ပြိုင်ဆိုင်တာ၊ လုပ်နေကျ မကောင်းတဲ့ အလုပ်တွေကနေ မလုပ်ဘဲ နေနိုင်အောင် ပြိုင်ဆိုင်တာ၊ မလုပ်ဖူးသေးတဲ့ ကုသိုလ်အလုပ်တွေမှာ လုပ်နိုင်အောင် ပြိုင်ဆိုင်တာ စတာတွေဟာ ဘယ်သူပြိုင်လို့မှ မနိုင်နိုင်တဲ့ ကိုယ့်ကိုယ်ကို အပြိုင်ပြုခြင်းပဲ ဖြစ်ပါတယ်။ ဒီလို အပြိုင်အဆိုင်မျိုးကသာ အကောင်းဆုံးနဲ့ အမြတ်ဆုံး ပြိုင်ဆိုင်မှုပဲ ဖြစ်ပါတယ်။ 

ဆိုလိုတာက ဘဝမှာ အပေါင်းအသင်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အာရုံတွေနဲ့ အပြိုင်အဆိုင် ပြုလာကြတဲ့ အပေါ်မှာ သူပြိုင်ကိုယ်ပြိုင်၊ သူဆွဲကိုယ်ဆွဲ သူလုပ်ကိုယ်လုပ် စတဲ့ မဟုတ်တရုတ် အားပြိုင်မှုတွေနဲ့ ဆွဲရာနောက်ကို ပါသွားပြီး မကောင်းတဲ့ အလုပ်တွေကို လုပ်ဖြစ်ကြတာထက် ဒီလို အလုပ်တွေကို မလုပ်ဖြစ်အောင်၊ လုပ်ဖြစ်နေရင်လည်း အမြန်ရုန်းထွက်နိုင်အောင် ကိုယ့်ကိုယ်ကို ပြုပြင်ပြီး ကိုယ့်စိတ်နဲ့ကိုယ့်ကို ကိုယ်လိုသလို ပြိုင်ဆိုင်ခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကို အပြိုင်ပြုခြင်းကသာ ဘယ်သူမှ မနိုင်နိုင်တဲ့ အကောင်းဆုံး အနိုင်ရခြင်းပင်ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။ 

ဒါကြောင့် လူငယ်သဘာဝ၊ ပုထုဇဉ်အစဉ်အလာအရ စိတ်ဟာ မကောင်းတဲ့ အာရုံတွေမှာ သာယာပျော်ရွှင်လေ့ ရှိတတ်ပေမယ့် ဒီအာရုံတွေကနေ ရုန်းထွက်နိုင်ဖို့ ပြုပြင်မှု အပိုင်းမှာ ကိုယ့်စိတ်ကို ထိန်းကျောင်းနိုင်မှုဟာလည်း အရေးပါလှတာ ဖြစ်တဲ့အတွက် ပြုပြင်လိုတဲ့စိတ်ရယ်၊ လက်တွေ့ အကောင်အထည်ဖော်တဲ့ ဝီရိယရယ်ကို အရင်းတည်ကာ အပေါင်းအသင်းကောင်းတွေရဲ့ ကူညီမှုနဲ့ မကောင်းတာကနေ ကောင်းလာအောင် ကိုယ့်ကိုယ်ကို ပြိုင်ဆိုင်ခြင်းကသာ ဘယ်သူပြိုင်လို့မှ နိုင်မည်မဟုတ်တဲ့ အကောင်းဆုံး အနိုင်ရခြင်းပဲ ဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမှာပဲ ရှိနေရှိနေ ကိုယ့်ကိုယ်ကို မြင်အောင်ကြည့်၊ ကိုယ့်ကိုယ်ကို သိပြီး ကိုယ့်အသိနဲ့ကို ညှိကြဖို့ အသိပေးတင်ပြရင်း မှားနေရင်လည်း ပြင်ဆင်ကြဖို့ စေတနာထား မေတ္တာအားဖြင့် အလေးဂရု တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »

အမျက်ပြေ၍ အခက်ဝေစေရန်


မည်သူမဆို ဘ၀တွင် အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများသည်လည်း များပြားလာနေမည်သာ ဖြစ်၏။ ထိုအတွေ့အကြုံများတွင် အကောင်းများရှိသကဲ့သို့ အဆိုးများလည်း ရှိတတ်၏။ အမှန်များရှိသကဲ့သို့ အမှားများလည်း ရှိတတ်၏။ အကောင်းနှင့် အမှန်ဖြစ်ခဲ့သည့် အတွေ့အကြုံများသည် ကောင်းနေပြီးသား ဖြစ်သဖြင့် အထွေအထူး ပြောင်းစရာ မရှိသော်လည်း အဆိုးများနှင့် အမှားများကား မကောင်းသဖြင့် ပြောင်းပစ်ရန်လိုအပ်၏။ မမှန်သဖြင့် ပြင်ရန်လိုအပ်၏။ ထိုအမှားများသည် ကိုယ်ထိလက်ရောက် လုပ်ခဲ့သည့် အမှားများ၊ နှုတ်ဖြင့်ပြောဆိုခဲ့သည့် အမှားများ၊ စိတ်ဖြင့် ပြစ်မှားခဲ့သည့် အမှားများဟူ၍ အမျိုးမျိုးရှိတတ်ရာတွင် မည်သည့်အမှားမျိုးပင် ဖြစ်စေ အချိန်မီ သတိဝင်၍ ပြုပြင်နိုင်လျှင် အမှန်ဖြစ်လာပြီး အကောင်းအဖြစ် ပြောင်းသွားမည်သာ ဖြစ်၏။ အမျက်ပြေ၍ အခက်ဝေမည်သာ ဖြစ်၏။ အရေးကြီးသည်မှာ အချိန်မနှောင်းခင် ပြောင်းပြင်နိုင်မှုသည်သာ အဓိကဖြစ်၏။

မှန်၏။ ဘ၀တွင် မည်သူမဆို တစ်ခါတစ်ရံ သတိလက်လွတ် လုပ်လိုက်မိသည့် လုပ်ရပ်များ ရှိတတ်၏။ သတိလက်လွတ် ပြောလိုက်မိသည်များ၊ အကြောင်းအရင်း အစစ်အမှန်ကို မသိဘဲ မိမိစိတ်အထင်ဖြင့် ပြစ်မှားမိတတ်သည်များလည်း ရှိတတ်၏။ သတိလက်လွတ် လုပ်လိုက်မိတတ်သော်လည်း စေတနာပါသွားသည့် အခါ ထိုလုပ်ရပ်များသည် တစ်ဖန်အကျိုး ပြန်ထင်လာတတ်၏။ ပုထုဇင်များ ဖြစ်နေ၍လည်း တစ်ခါတစ်ရံ ပုထုဇင်တို့ သဘောသဘာဝအတိုင်း စိတ်ထင်သည့်အတိုင်း ပြုလုပ်ပြောဆိုကြံစည်မိတတ်၏။ တစ်စုံတစ်ယောက်ကို အကြောင်းပြု၍သော် လည်းကောင်း၊ တစ်စုံတစ်ခုကို အကြောင်းပြု၍သော် လည်းကောင်း အပြုမှား၊ အပြောမှား၊ အကြံအစည်မှားများ ဖြစ်ပေါ်တတ်၏။ ပြုလုပ်သူ မိမိသည် ဘာမျှမသိလိုက်သော်လည်း မိမိလုပ်ခဲ့သည့် အလုပ်၏ အကျိုးရလာဘ်က တန်ပြန်အကျိုး ပေးမှုကို ဖြစ်ပေါ်စေတတ်၏။ ထို့ကြောင့် မည်သည့်အချိန်၊ မည်သည့်နေရာ၊ မည်သူနှင့်မဆို တဒင်္ဂပဲဖြစ်ဖြစ် အတူတကွ ရှိနေကြသည့် အခိုက်တွင် မသိနိုင်သည့် လုပ်ရပ်များကြောင့် တစ်ဦးအပေါ်တစ်ဦး သတိလက်လွတ် ပြုမူပြောဆိုကြံစည်မှုများ ရှိနိုင်ကြသဖြင့် အကယ်၍ အပြစ်တစ်စုံတစ်ရာ ရှိခဲ့ပါက ကျေပါစေကြောင်း ၀န်ခံတောင်းပန်မှုများ၊ ခွင့်လွတ်သီးခံမှုများနှင့် သံသရာအစဉ်အဆက် ပါမသွားရန် ကြိုးစားအားထုတ်သင့်ကြောင်း တိုက်တွန်းကြခြင်း ဖြစ်၏။

မိမိ၏ မကောင်းမှု လုပ်ရပ်များသည် ကာယကံမြောက် ကျူးလွန်မိသည်အထိ ရောက်မသွားသေးပါက ယခုဘ၀မှာပင် တစ်ဦးအပေါ်တစ်ဦး ၀န်ချတောင်းပန်မှုများ ပြုလုပ်ကြခြင်းဖြင့် အပြစ်များ ပြေငြိမ်းသွားကာ ကောင်းကျိုးများကို ဖြစ်နိုင်ပေ၏။ မိမိသည် ပုထုဇင်ဖြစ်သဖြင့် တစ်စုံတစ်ယောက်အပေါ်တွင် အလုံးစုံ ပြည့်စုံစွာ မသိနိုင်တတ်ပေ။ မသိနိုင်သဖြင့်လည်း မိမိစိတ်နှင့် အခန့်မသင့်သည့်အခါ မိမိမအလိုအတိုင်း မဖြစ်သည့် အခါမျိုးတွင် အနည်းဆုံး နှုတ်ဖြင့်သော်လည်းကောင်း၊ စိတ်ဖြင့်သော်လည်းကောင်း အပြစ်ဖြစ်ဖွယ် အပြောအဆို ကြံစည်မှုများ ပြုလုပ်တတ်ပေ၏။ အကယ် ထိုတစ်စုံတစ်ယောက်သည် မိမိထက် အကျင့်သီလပြည့်စုံသူ ဖြစ်ခဲ့ပါက မိမိပြောဆိုကြံစည်မှုများသည် အပြစ်တစ်စုံတစ်ရာ ဖြစ်ပေါ်တတ်ပေ၏။ တစ်ဘက်သူက မသိနိုင်သော်လည်း မိမိလုပ်ရပ်ကို မိမိက သိနိုင်သဖြင့် တန်ပြန်သက်ရောက်မှုလည်း မိမိထံသို့သာ ရောက်လာတတ်ပေ၏။ ထို့ကြောင့် မည်သို့ပင်ဖြစ်စေ တစ်စုံတစ်ယောက် အပေါ်တွင် အပြစ်ရှိက ခွင့်လွတ်ကြရန် တောင်းပန်သမှု ပြုကြသင့်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

ဗုဒ္ဓလက်ထပ်က သောရေယျ အမည်ရသည့် သာဝတ္ထိပြည်သား သူဋ္ဌေးသား တစ်ယောက်ရှိ၏။ တစ်နေ့ ထိုသူဋ္ဌေးသားသည် အပေါင်းအသင်း သူငယ်ချင်းများနှင့်အတူ ရေကစားရန် ရေချိုးဆိပ်သို့ ထွက်လာခဲ့၏။ ထိုအချိန်သည် အရှင်မဟာကစ္စည်း မထေရ်သည်လည်း မြို့တွင်းသို့ ဆွမ်းခံဝင်ရန် ရေချိုးဆိပ်တွင် ရေသပ္ပါယ်တော်မူနေသည့် အချိန်ဖြစ်၏။ သောရေယျ သူဋ္ဌေးသားသည် ရေးချိုးဆိပ်သို့ ရောက်သည့်အခါ ရေးချိုးနေသည့် အရှင်မဟာကစ္စည်း မထေရ်ကို မြင်ပြီး မထေရ်၏ ရွှေအဆင်းကဲ့သို့ ၀င်းဝါနေသည့် အသားအရေကို ကြည့်ကာ “ဤမထေရသည် ငါ့ဇနီးဖြစ်မူကား ကောင်းလေစွ၊ ငါ့ဇနီး၏ အသားအရေ အဆင်းသည် ဤမထေရ်ကဲ့သို့ ဖြစ်ပါမူကား ကောင်းလေစွ…” ဟု ကြံစည်မိလေ၏။ ထိုသို့ ကြံစည်သည့်အခိုက်မှာပင် သောရေယျသူဋ္ဌေးသားသည် ယောက်ျားအသွင်ပျောက်ကာ မိန်းမအသွင်ဖြင့် ကိုယ်လက်အင်္ဂါများ အကုန်ပြောင်းသွားလေတော့၏။ မိန်းမတစ်ဖြစ်လဲ သောရေယျသူဋ္ဌေးသားသည် အသွင်ပြောင်းသွားသည့် မိမိကိုယ်ကိုကြည့်ကာ အလွန်ရှက်လှသဖြင့် သာဝတ္ထိပြည်မှ ထွက်ပြေးသွားကာ နောက်ဆုံးတွင် ကုန်သည်များနှင့်အတူ တက္ကသိုလ်ပြည်သို့ ရောက်သွားလေ၏။ ထိုတက္ကသိုလ်ပြည်မှာပင် သူဋ္ဌေးသားတစ်ယောက်နှင့် ပေါင်းဖက်မိကာ ကလေးနှစ်ယောက်ပင် ရခဲ့လေတော့၏။ သာဝတ္တိပြည်တွင်လည်း သူဋ္ဌေးသားဘ၀ဖြင့် အိမ်ထောင်ကျကာ ကလေးများ ရရှိခဲ့သေး၏။ ယခုတစ်ဖန် မိန်းမဘ၀ဖြင့် ကလေးနှစ်ယောက် ထပ်ရပြန်၏။ တစ်ဘ၀တည်း၌ပင် ယောက်ျားဘ၀၊ မိန်းမဘ၀ဖြင့် သားသမီးများ ရရှိခဲ့သည့် သောရေယျ၏ ဘ၀သည် လက်တွေ့ဆန်သည့် ကံအကျိုးပေးသဘောကို ထင်ဟပ်စေလေ၏။

တစ်နေ့တွင် သာဝတ္ထိပြည်မှ သောရေယျ၏ သူငယ်ချင်းတစ်ယောက်သည် တက္ကသိုလ်ပြည်သို့ ရောက်လာခဲ့၏။ ထိုသူငယ်ချင်းကို မြင်သည့်အခါ မိန်းမတစ်ဖြစ်လဲ သောရေယျသည် ကောင်းစွာမှတ်မိပြီး ထိုသူငယ်ချင်းနှင့် တွေ့ဆုံကာ သူ၏ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလေ၏။ သောရေယျ၏ သူငယ်ချင်းသည် အဖြစ်အပျက်အားလုံးကို သိရပြီး “ယခုအခါ အရှင်မဟာကစ္စည်း မထေရ်သည်လည်း တက္ကသိုလ်ပြည်ကိုပင် အမှီပြု၍ သီတင်းသုံး နေတော်မူကြောင်း၊ သောရေယျအနေဖြင့် အရှင်မဟာကစ္စည်းမထေရ်ထံ သွားရောက်ကာ အပြစ်ကို ၀န်ချတောင်းပန်သင့်ကြောင်း…” စသဖြင့် အကြံပြုလိုက်၏။ သောရေယျလည်း သူငယ်ချင်း အကြံပြုသည့်အတိုင်း အရှင်မဟာကစ္စည်းမထေရ်ထံ သွားရောက်ကာ မိမိပြစ်မှားခဲ့သည့် အပြစ်ကို ခွင့်လွတ်ရန် ၀န်ချတောင်းပန်လိုက်သဖြင့် မိန်းမအသွင်မှ မူလသူဋ္ဌေးသား အသွင်သို့ ပြန်ရောက်သွားခဲ့၏။ သောရေယျသည် မိမိ၏ ဘ၀ဖြစ်သန်းမှု၊ မိမိ၏ ပြစ်မှားမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ကံတရား၏ တန်ပြန်အကျိုးသက်ရောက်မှု စသည်များကို ကောင်းစွာသဘောပေါက် သိမြင်ပြီး နောက်ဆုံးတွင် အရှင်မဟာကစ္စည်းမထေရ်ထံတွင် ရဟန်းအဖြစ်ဖြင့် သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့လေ၏။ ရဟန်းဘ၀ဖြင့် ရဟန်းတရားကို ကြိုးစားအားထုတ်ကာ ကိလေသာကုန်ခမ်းပြီး ရဟန္တာအဖြစ်သို့ ရောက်ရှိသွားခဲ့လေတော့၏။ ဤကား သီလသမာဓိပညာ မြင့်မားသည့် သူများအပေါ်တွင် ကာယကံမြောက်၊ ၀စီကံမြောက်ပြစ်မှားခြင်းမျိုး မဟုတ်ဘဲ မနောကံမျှဖြင့် ပြစ်မှားမိခဲ့သည့် အမှားတစ်ခု၏ တန်ပြန်သက်ရောက်မှုကို ခံခဲ့ရသည့် သောရေယျ သူဋ္ဌေးသား၏ လက်တွေ့ဘ၀အကြောင်း တစ်စေ့တစ်စောင်းပင် ဖြစ်ပါ၏။

အထက်ပါ သောရေယျမထေရ် တစ်ဖြစ်လဲ သောရေယျသူဋ္ဌေးသားအကြောင်း အဖြစ်အပျက်ကို ကြည့်ပါက အမှားလုပ်ခဲ့သည့် ကံတရား၏ တန်ပြန်သက်ရောက်မှု သဘောကို ကောင်းစွာသိမြင်နိုင်ပေ၏။ ရုတ်တရက် ပြစ်မှားခဲ့သည့် အပြစ်၏ အကျိုးသက်ရောက်မှုသည် ကြီးမားပြီး ရှည်ကြာလှသည်ကို သတိပြုနိုင်မည်ဖြစ်၏။ မကောင်းမှု အကုသိုလ်အပြစ်သည် ဘာမျှမဖြစ်လောက်ပါဘူး၊ အသေးအဖွဲလေးပါဟု တွေးကာ အထင်သေးပြီး လုပ်မိတတ်ပေမယ့် ပေးဆပ်ရသည့်အခါ အပြစ်ကြီးမားပြီ့း အချိန်ကြာလှသည်ကို နားလည်နိုင်ပေ၏။ ထို့သို့ ဆိုးကျိုးကြီးများကို ဖြစ်စေနိုင်သဖြင့် ပညာရှိများက မည်သို့သော မကောင်းမှု ဒုစုရိုက်မျိုးကိုမျှ မပြုလုပ်မိကြရန် သတိပေးတော်မူကြခြင်း ဖြစ်၏။ အကယ်၍ ရုပ်တရက် လုပ်ခဲ့မိသည့် ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုများ ရှိလျှင်လည်း အချိန်မီ အသိဝင်ကာ ပြုပြင်နိုင်သမျှ ပြုပြင်ကြ၍ တောင်းပန်ခြင်း၊ ခွင့်လွတ်ခြင်းများဖြင့် သံသရာရှည်ကြာမည့် အပြစ်များကို ဖြတ်တောက်ကြရန် တိုက်တွန်းတော်မူကြခြင်း ဖြစ်၏။

မြတ်စွာဘုရားရှင်၏ သာသနာတော်တွင်လည်း ဘုရားရှင်သည် ရဟန်းတော်များ အချင်းချင်း အကယ်၍ အပြစ်များ ရှိခဲ့လျှင် ရှိခဲ့သည့် အပြစ်များကို ၀န်ခံခြင်း၊ တောင်းပန်ခြင်းများ ပြုလုပ်စေသည့်အပြင် အပြစ်မြင်ကလည်း ပြောဆိုဆုံးမရန် အချင်းချင်း ဖိတ်ကြားကြဖို့ တိုက်တွန်းတော်မူခြင်း ဖြစ်၏။ ထို့ကြောင့်လည်း ၀ါတွင်းကာလပြီးဆုံး၍ ၀ါကျွတ်ကြသည့်အခါ ရဟန်းတော်များအချင်းချင်း သိမ်အတွင်း စုရုန်းကာ အပြစ်များဝန်ချတောင်းပန် ဖိတ်ကြားခြင်း အလေ့ကို ထေရ၀ါဒ ရဟန်းတော်များ အနေဖြင့် ယနေ့တိုင်အောင် လုပ်ဆောင်နေကြခြင်း ဖြစ်၏။ ရဟန်းတော်များ ၀ါကျွတ်ပြီး သီတင်းကျွတ်လပြည့်နေ့တွင် ပြုလုပ်လေ့ရှိကြသည့် ပ၀ါရဏာပွဲသည် ထိုဓလေ့ကို လက်တွေ့အကောင်အထည် ဖော်ပေးနေသည့်ပွဲပင် ဖြစ်ပါ၏။ ထို့ကြောင့် ဘုရားရှင် မိန့်တော်မူသည့်အတိုင်း နေရသည့်အခိုက်တွင် တစ်ဦးနှင့်တစ်ဦး အမျက်ပြေ၍ အခက်ဝေစေရန် ၀န်ချတောင်းပန်ခြင်း၊ ခွင့်လွတ်သီးခံခြင်းများဖြင့် သံသရာအဆက် တိုစေရန် ကြိုးစားကြဖို့ သတိပေးတော်မူခြင်း ဖြစ်ပါ၏။

ဆိုလိုသည်မှာ အလုပ်တစ်ခု၏ အကျိုးသက်ရောက်မှုသည် ပြုလုပ်သူ၏ စေတနာသို့လိုက်ကာ အကျိုးအပြစ် အကြီးအသေး ကွဲပြားနိုင်သဖြင့် မည်သို့ပင်ဖြစ်စေ ခဏတာ တွေ့ကြုံဆုံကြ ပေါင်းဖော်ကြသည့် အခိုက်တွင် တစ်ဦးနှင့်တစ်ဦး အပြစ်မဖြစ်စေရန် တောင်းပန်သူကလည်း စေတနာအရင်းခံဖြင့် တောင်းပန်ပြီး ခွင့်လွတ်သူကလည်း မေတ္တာအပြည့်ဖြင့် ခွင့်လွတ်ကြရန် ဖြစ်ပါ၏။ သံသရာတွင် ကျင်လည်ခဲ့ရသည့် ဘ၀ပေါင်းများစွာတွင် အမျိုးမတော်စပ်ဖူးသူ မရှိနိုင်သဖြင့် ယခုဘ၀ တွေ့ဆုံကြသည့် အခိုက်တွင်လည်း မိမိတို့၏ အမျိုးများကို ပြန်တွေ့ကြရသည်ဟု သဘောထားကာ မှားခဲ့သည့်သူကလည်း အမှားများကို ၀န်ချတောင်းပန်ပြီး အတောင်းပန်ခံရသူကလည်း ခွင့်လွတ်သီးခံခြင်းဖြင့် မေတ္တာ ထားနိုင်ရန် ကြိုးစားရမည်သာ ဖြစ်ပါ၏။ အမှားမလုပ်မိလျှင် အကောင်းဆုံး ဖြစ်သော်လည်း မှားမိလာပြီဆိုလျှင်ကား အပြစ်ကျေရန် အလွတ်တကူ ၀န်ချတောင်းပန်ခြင်းကိုလည်း ပြုလုပ်သင့်ပေ၏။ သို့မှသာ အပြစ်ရှိသူလည်း အပြစ်ကျေ၍ ခံရသူလည်း အမျက်ပြေမည် ဖြစ်ပါ၏။

အချုပ်အားဖြင့် အကုသိုလ်အပြစ်ဖြစ်ရန် အလွယ်လွယ်လှသည့် ယနေ့ခေတ်တွင် ကာယကံ၊ ၀စီကံ၊ မနေကံတို့ကို အကြောင်းပြု၍ မကောင်းမှုများ ဖြစ်ပေါ်နိုင်သဖြင့် ဖြစ်ပေါ်လာသည့် အပြစ်များ အမျက်ပြေ၍ အခက်ဝေစေရန်၊ အဖြစ်နည်း၍ အပြစ်စဲစေရန် တွေ့ကြဆုံကြ ကြုံကြရသည့် အခိုက်အတန့်တွင် တစ်ဦးနှင့်တစ်ဦး အပြစ်များကို ၀န်ချတောင်းပန်ခြင်း။ အပြစ်ရှိက ပြောဆိုဆုံးမကြရန် ဖိတ်ခေါ်ခြင်း၊ အပြစ်ပြ၍ ဆုံးမလာလျှင် လက်ခံပြုပြင်ခြင်း၊ အမှားသိ၍ တောင်းပန်လာလျှင်လည်း ခွင့်လွတ်ပေးခြင်းများဖြင့် အကြောင်းဆုံ၍ ပေါင်းဆုံကြသည့် အမျိုးများအပေါ် အကောင်းဆုံးမျှော်ကာ ပေါင်းဖော်ကြပါဟု အလေးဂရု တိုက်တွန်းမှု ပြုလိုက်ရပါ၏။ အားလုံး အမျက်ပြေ၍ အခက်ဝေနိုင်ကြပါစေ…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ