နဲနဲလေးတော့ လွဲနေတယ် (၃၀)

ဗုဒ္ဓဘာသာနဲ့ ဝိညာဉ်ပြဿနာ

ဒကာတစ်ယောက်က မေးလျှောက်လာပါတယ်။ 
အရှင်ဘုရား လူတစ်ယောက် သေပြီးရင်နောက်ဘ၀တစ်ခုကို ချက်ချင်းကူးပြောင်းတယ်လို့ သိရပါတယ်။ ၀ိညာဉ်ဆိုတာ မရှိဘူးလို့ဆိုတယ်။ တပည့်တော်နားမလည်တာက နာရေးတွေမှာတွေ့ရတဲ့ လိပ်ပြာခေါ်တယ်ဆိုတာပါပဲ။ အသုဘချတဲ့နေ့မှာ သေသူရဲ့လိပ်ပြာကို အိမ်ကိုခေါ်လာရတဲ့ အလေ့တစ်ခု ကိုလုပ်ကြတယ်။ လိပ်ပြာခေါ်လာတဲ့သူက စကားမပြောရဘူး နောက်လှည့် မကြည့်ရဘူးလို့ပြောပါတယ်။ ဘာကြောင့် အဲ့လိုလုပ်ရတာလည်းဆိုတာရယ်၊ လိပ်ပြာ တကယ်ခေါ်လို့ရသလားဆိုတာ တပည့်တော်သိချင်ပါ တယ်ဘုရား။ ဒီဘက်ဘ၀သေတာနဲ့ နောက်ဘ၀တစ်ခုကို ချက်ချင်းပြောင်းတယ်ဆိုတော့ သေသူရဲ့ဝိညာဉ်ကို ဘယ်လိုခေါ်လို့ရလည်းဆိုတာကို တပည့်တော် ရှင်းရှင်းလင်းလင်း သိချင်ပါတယ်ဘုရား။ တပည့်တော်က ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်တဲ့ ဗုဒ္ဓဘာသာ စစ်စစ်တစ်ယောက်ပါ။ ခုလိုမေးတာ တရားတော်တွေကို မယုံလို့မဟုတ်ပါဘူး။ တပည့်တော် မသိသေးတာ သိချင်တာ၊ အမြင်မှားနေတာကို အမှန်ရချင်တာပါဘုရား။ ဆိုပြီး သူကလျှောက်ပါတယ်။ 
ဟုတ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တော်တော်များများ ဒီအယူအဆနဲ့ ပတ်သက်ပြီး အယူလွဲ၊ အမှတ်လွဲ၊ နားလည်မှုလွဲနေတာတွေ ရှိပါတယ်။ လူတစ်ယောက် သေသွားရင် ဝိညာဉ်ကနောက်ဘဝကို ကူးသွားတယ်ဆိုတာလည်း ယုံကြည်နေကြတဲ့ သဘောရှိပါတယ်။ သေတာနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာ အလိုအရတော့ ရုပ်ဇီဝိတလို့ခေါ်တဲ့ ရုပ်သက်နဲ့ နာမ်ဇီဝိတလို့ ခေါ်တဲ့ နာမ်သက်ချုပ်သွားတာကို သေတာလို့ ပြောတာဖြစ်ပါတယ်။ သတ္တဝါ တစ်ဦးတစ်ယောက် သေသွားတယ်ဆိုတာ အဲဒီလို နာမ်ရုပ်ချုပ်သွားတာကို ဆိုတာဖြစ်တဲ့အတွက် တစ်ချို့တစ်ချို့ ထင်နေသလို ရုပ်သာသေပြီး ဝိညာဉ်က မသေဘဲ တခြားဘဝ ကူးပြောင်းသွားတယ်ဆိုတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ အယူအဆမှာ ဝိညာဉ်ဆိုတာလည်း မရှိပါဘူး။ သတ္တဝါ တစ်ဦးတစ်ယောက် အဲဒီနာမ်သက်၊ ရုပ်သက်ချုပ်သွားတာနဲ့ တစ်ပြိုက်တည်း ဘဝတစ်ခုကို ကူးပြောင်းသွားတာ ဖြစ်ပါတယ်။ ဝိညာဉ်လိပ်ပြာ မရှိရင်ဘာက ကူးသွားတာလဲလို့ မေးစရာရှိပါတယ်။ ကံစွမ်းတွေက ဘဝသစ်ကို ပုံဖော်ပြီး ကူးပြောင်းသွားတာ ဖြစ်ပါတယ်။ မသေခင် ပြုလုပ်ထားတဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေရဲ့ အစွမ်းတွေနဲ့ ကောင်းကံတွေ လုပ်တဲ့သူတွေဟာ ကောင်းတဲ့သုဂတိ ဘုံတွေမှာ ပြန်ဖြစ်တာဖြစ်ပြီး မကောင်းကံတွေ လုပ်တဲ့သူတွေဟာ မကောင်းတဲ့ ဒုဂ္ဂတိဘုံတွေမှာ ချက်ချင်းဖြစ်ကြရတာ ဖြစ်ပါတယ်။ ဒီလို ကံစွမ်းတွေနဲ့ ဘဝအသစ်ကို ဖြစ်တဲ့သူတွေအနေနဲ့ ဘဝတစ်ခု ချုပ်သွားတာနဲ့ နောက်ထပ်ဘဝတစ်ခုမှာ ချက်ချင်းသွားဖြစ်တာ ဖြစ်ပါတယ်။ ကြားမှာ ဟိုမှာနေတာ၊ ဒီမှာနေတာ၊ ဘယ်နှစ်ရက်နေမှ ထွက်သွားတာ၊ ဘယ်နှစ်ရက်နေမှ ကျွတ်သွားတာ စတာတွေ မရှိပါဘူး။
တစ်ခါတလေ တစ်ချို့သတ္တဝါတွေဟာ သေပြီးနောက်မှာ မိမိတို့နဲ့ သက်ဆိုင်တဲ့ ဝန်းကျင်နားမှာ တစ်ခုခု ပုံရိပ်ပြတာတို့၊ အသံပြုတာတို့ စသဖြင့် လုပ်ပြတတ်တာတွေ ရှိပြီး သူ့အတွက် ကုသိုလ်လုပ် အမျှပေးဝေပြီးမှာ ပျောက်သွားတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီသဘောတွေဟာလည်း ဘဝကူးရေးအတွက် ကြားခံအနေနဲ့ ဝိညာဉ်လိပ်ပြာ ပုံစံမျိုးမဟုတ်ပါဘူး။ ဒါဟာ သေပြီးပြီးချင်း ဘဝအသစ်တစ်ခုမှာ ဖြစ်သွားတာပဲ ဖြစ်ပါတယ်။ သေခါနီးမှာ အစွဲတစ်ခုခုကြောင့် သေသွားတဲ့ သတ္တဝါတွေဟာ ပေတဆိုတဲ့ တစ္ဆေ၊ သရဲ၊ ပြိတ္တာ၊ နာနာဘာဝလို ဘဝမျိုးမှာ သွားဖြစ်တာပဲ ဖြစ်ပါတယ်။ လိပ်ပြာကောင်လေး၊ ဝိညာဉ်ကောင်လေး အနေနဲ့ လှည့်လည်နေတဲ့ သဘောမျိုး မဟုတ်ပါဘူး။ နောက်တော့ အဲဒီ ပြိတ္တာဘဝကနေ ကျန်ခဲ့တဲ့သူတွေရဲ့ ကုသိုလ်အဖို့ကို အမျှရပြီး နောက်ထပ်ဘဝ အသစ်ကို ရောက်သွားတဲ့အခါမှာ ဒီလိုတစ္ဆေသရဲ ပြိတ္တာဘဝက လွတ်သွားခြင်း သဘောမျိုးဖြစ်ပါတယ်။ ဒီလို တစ်ဘဝကနေ တစ်ဘဝကို ကူးပြောင်းသွားတာဟာ ကံစွမ်းတွေပဲ ဖြစ်ပြီး ဝိညာဉ်က ကူးသွားတာ မဟုတ်ပါဘူး။
ဆိုတော့ကား မေးခွန်းရှင်ပြောသလို နားရေးတွေမှာ လိပ်ပြာခေါ်တာ၊ အိုးခွဲတာ စတာတွေဟာ အရိုးစွဲနေတဲ့ ရှေးရိုးအယူအဆတွေလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ တကယ်လည်း လိပ်ပြာဆိုတာ မရှိသလို၊ မရှိတဲ့ လိပ်ပြာဆိုတာလည်း ခေါ်လို့ရတာ မဟုတ်ပါဘူး။ တကယ်လို့ တိုက်တိုက်ဆိုင်ဆိုင် အဲဒီလို လုပ်ခဲ့လို့ အိမ်မှာ ထူးခြားမှုဖြစ်တာ၊ အသံပြုတာ၊ အနံ့နံတာ၊ ခြောက်တာ စတာတွေ ဖြစ်ခဲ့ရင် ဒါဟာ လိပ်ပြာက သုဿာန်က ပါလာတာမဟုတ်ဘဲ ပေတဆိုတဲ့ ပြိတ္တာဘဝက ရောက်သွားတဲ့ သေသူရဲ့ ပုံရိပ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဘုန်းဘုန်းတို့ မြန်မာပြည်မှာ သေသူနဲ့ ပတ်သက်ပြီး အဲဒီလို အရိုးစွဲနေတဲ့ ရေးရိုးစွဲအယူအဆတွေ အများကြီး ရှိနေတတ်ပါတယ်။ ဥပမာ သေသွားတဲ့ ရုပ်ကောင်ကို သရဏဂုံတင်တာတို့၊ သေသူကို မီးမသဂြိုဟ်ခင် သူကြိုက်တတ်တဲ့ အစားအသောက်တွေ ပြင်ဆင်ပြီး ကျွေးတာတို့၊ သေသူအတွက် ဘာပစ္စည်း၊ ညာပစ္စည်း ထည့်ပေးတာတို့ စသဖြင့် အများကြီးပါပဲ။ ဒါတွေဟာ တကယ်တော့ လွဲမှားနေတဲ့ ရှေးရိုးစွဲ အယူအဆတွေပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ အယူအဆ မဟုတ်ပါဘူး။ တစ်ချို့လည်း ဘာမှမသိတော့ ဒီလို လုပ်ပေးရတယ်ထင်ပြီး နောက်မျိုးဆက်တွေက ဆက်လုပ်နေကြခြင်းပဲ ဖြစ်ပါတယ်။ အကျိုးသက်ရောက်မှု ရှိလို့တော့ မဟုတ်ပါဘူး။
သေသူအတွက် အကောင်းဆုံးနဲ့ အကျိုးသက်ရောက်မှု အရှိဆုံး အလုပ်က အဲဒီ ပုဂ္ဂိုလ်ကို ရည်စူးပြီး ကုသိုလ်ကောင်းမှုလုပ် အမျှပေးဝေခြင်းပဲ ဖြစ်ပါတယ်။ ဒါတောင်မှ သုံးရက်နေမှ သရဏဂုံတင်ပြီး ကုသိုလ်လုပ် အမျှဝေတာတို့ ရက်လည်မှ ကုသိုလ်လုပ် အမျှဝေတာတို့ စတဲ့ အယူအဆတွေရှိသေးပါတယ်။ ဒီအတွက် ရက်သတ်မှတ်ချက် မရှိပါဘူး အချိန်မရွေး သေသူအတွက် ကုသိုလ်လုပ် အမျှပေးဝေနိုင်တာ ဖြစ်ပါတယ်။ ရတာမရတာက သေသူရဲ့ ဘဝအသစ်နဲ့၊ သာဓုခေါ်နိုင်မှု၊ မခေါ်နိုင်မှုနဲ့ပဲ ဆိုင်ပါတယ်။
ဒါကြောင့် သေသူနဲ့ ပတ်သက်ပြီး လွဲနေကြတဲ့ အလွဲတွေထဲမှာ မေးခွန်းရှင်မေးသလို လိပ်ပြာခေါ်တာတို့၊ ဝိညာဉ်ခေါ်တာတို့ စတဲ့ အယူအဆ အလွဲတွေလည်း ရှိတတ်တဲ့အတွက် ဒါတွေဟာ ဘုရားဟောတဲ့ အယူအဆ၊ ဗုဒ္ဓဘာသာရဲ့ အယူအဆ မဟုတ်ဘဲ လွဲမှားနေတဲ့ ရှေးရိုးစွဲ အယူအဆများပဲ ဖြစ်ပါကြောင်း အမေးကြည့်ပြီး အဖြေညှိကာ လွဲနေတဲ့အလွဲတစ်ခုအဖြစ် တင်ပြအပ်တယ်။။
မေတ္တာဖြင့်

မနာပဒါယီ အရှင်ဝိစိတ္တ

Read more »

ပြောချင်သူတွေ ပြောကြပါစေ

“လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ၊ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ”ဆိုတဲ့ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ မေတ္တာပို့ စာသားလေးတွေကို နာယူမှတ်သားရတဲ့အခါ တစ်ခါတလေ လှည့်ပတ်ဖို့ ချောင်းနေကြ၊ အထင်သေးဖို့ ကြိုးစားနေကြ၊ ဆင်းရဲအောင် လုပ်နေကြတဲ့ သူတွေကို သတိရမိတတ်ပါတယ်။ လူအတော်များများက တစ်ယောက်နဲ့တစ်ယောက် ဟန်ဆောင်မှုတွေ၊ လှည့်ပတ်မှုတွေ၊ အပြစ်တင်မှုတွေနဲ့ ဘာလုပ်ရင်လည်း လုပ်ပြန်ပြီ၊ ဘာမလုပ်ရင်လည်း မလုပ်လို့ ဆိုပြီး ပြောချင်ဆိုချင်ကြတာတွေက အများသား မဟုတ်လား။ တစ်ခါတလေ တစ်ယောက်နဲ့တစ်ယောက် လုပ်နေကျအလုပ်ကို မလုပ်ရင် မလုပ်လို့ဆိုပြီး ပြောတတ်ကြသလို မလုပ်ဖူးတဲ့ အလုပ်ကို လုပ်ပြန်ရင်လည်း အထူးအဆန်း အနေနဲ့ ပြောတတ်ကြပြန်ပါတယ်။ အထူးသဖြင့် လူတစ်ယောက် ကောင်းတဲ့အလုပ်လေးတွေ လုပ်ဖို့စပြီဆိုရင် အဲဒီလို အရွဲ့အစောင်း စကားလေးတွေနဲ့ ခနဲ့တဲ့တဲ့ လုပ်တတ်ကြတာတွေ အတော်များပါတယ်။



ဒီနေ့ခေတ် လူငယ်တွေကြားမှာ အဲဒီလိုလေးတွေ ပိုတွေ့ရသလားလို့တောင် ခံစားမိပါတယ်။ မကောင်းတဲ့ အလုပ်တွေ၊ မဟုတ်တဲ့ အလုပ်တွေ လုပ်တော့မယ်ဆိုရင်တော့ “လာထားကြာသလား”လို့ ဆိုပြီး အားပေးအားမြောက် ပြုတတ်ကြပေမယ့် ကောင်းတဲ့အလုပ်လေးတွေ တစ်ခုခုလောက် စကြမယ်ဆိုရင်တော့ ဘာဖြစ်လို့ညာဖြစ်လို့နဲ့ အကြောင်းပြချက်ကိုယ်စီ ပေးတတ်ကြတော့တာ ဖြစ်ပါတယ်။ ကိုယ်မလုပ်နိုင်လို့ ကိုယ့်ဖာသာကိုယ် ရှောင်ထွက်သွားတာ ဘာမှပြောစရာ မရှိပေမယ့် သူများလုပ်ရင်လည်း ဘာဖြစ်သလေး၊ ညာဖြစ်သလေးနဲ့ အထေ့အငေါ့လေးတွေ ပေးတတ်သေးတာဆိုတော့ ကောင်းတာလုပ်ချင်တဲ့ သူတွေတောင်မှ ခိုးကြောင်ခိုးဝှက် လုပ်နေကြရသလို ဖြစ်နေပြန်ပါတယ်။ ခေတ်ကိုယ်က မကောင်းဘူးလို့ပြောရင် ခေတ်ကို အပြစ်တင်ရာကျနေပါမယ်။ ဒီခေတ်မှာ ဖြစ်လာကြတဲ့သူ အချို့လို့ပဲ ပြောတာကောင်းပါတယ်။
တစ်လောကတောင် ဒကာလေးတစ်ယောက်က လျှောက်ဖူးသေးတယ်။ သူ့ဘဝမှာ အခုမှ ဘာသာတရားရဲ့ အနှစ်သာရလေးတွေကို သိရှိလာရလို့ ငြိမ်းချမ်းမှု ရောင်ခြည်လေးတွေ သန်းလာပြီး ဘာသာတရား အလုပ်လေးတွေအပေါ်မှာ အာရုံလေးတွေစိုက်ရင်း အရင်တုန်းက လုပ်ဖူးတဲ့ အလုပ်လေးတွေကို မလုပ်ဘဲ ရှောင်ကြဉ်ပြီး ကိုယ့်ဖာသာကိုယ် အေးအေးဆေးဆေး နေနေပြန်တော့လည်း တစ်ချို့က သူ့ကို ပုံမှန်မဟုတ်တော့ သလိုလို၊ ခပ်ကြောင်ကြောင် ဖြစ်သွားသလိုလို ယိသဲ့သဲ့ ပြောလာကြတယ်တဲ့လေ။ ပြောတဲ့သူတွေကလည်း ဘယ်သူတွေလည်းဆိုတော့ သူနဲ့အတူသွား၊ အတူလာ၊ အတူပျော် စသဖြင့် နေခဲ့ကြတဲ့ အရင်းအချာ သူငယ်ချင်းတွေပါပဲတဲ့။
ဒါကတော့ ပြောမှာပဲ။ သူတို့က ပိုပြောကြမှာပေါ့။ ကိုယ်ကအစက သူတို့နဲ့အတူ သူတို့လုပ်သလို နေထိုင် လုပ်ကိုင်ခဲ့ကြတာကိုး။ ဒါပေမယ့် ပြောတဲ့သူတွေရော၊ အပြောခံတဲ့သူတွေရော သတိပြုရမှာက “လူဟာ ဘယ်တော့မှ တစ်သမှတ်တည်း ရှိမနေဘူး၊ ရှိနေဖို့လည်း မသင့်ဘူး”ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မကောင်းတဲ့ အလုပ်တွေနဲ့ပဲ အနေများနေတဲ့ သူတွေအနေနဲ့ အဲဒီအလုပ်တွေမှာပဲ ကျင်လည်နေဖို့ မသင့်ပါဘူး။ ဒီအလုပ်တွေကနေ အချိန်မနှောင်းခင် ရုန်းထွက်နိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။ ကောင်းတဲ့အလုပ်နဲ့ မကောင်းတဲ့အလုပ်ဆိုတာ ပုထုဇဉ်တွေအတွက် အတော်ကို ဆန့်ကျင်တဲ့အရာတွေ ဖြစ်ပါတယ်။ မကောင်းတဲ့ အလုပ်တွေမှာ လုပ်ဖြစ်ဖို့ သိပ်လွယ်သလောက် ကောင်းတဲ့အလုပ်တွေမှာကျတော့ တမင်ကို လုပ်ပြီးယူမှ ရတတ်တာ ဖြစ်ပါတယ်။ ဒီလို တမင်လုပ်ပြီး ယူမှရတဲ့အတွက်ကြောင့်လည်း မကောင်းတာတွေ လုပ်နေရာက ကောင်းတဲ့အလုပ်လေးတွေ လုပ်လာနိုင်တဲ့ သူတွေကိုတွေ့ရင် ကိုယ်နဲ့ချိန်ထိုးပြီး ကိုယ်မလုပ်နိုင်သေးတဲ့ အလုပ်လေးတွေ သူတို့လုပ်နေနိုင်ပါလားဆိုတာ မချီးမွန်းနိုင်တာတောင်မှ မကဲ့ရဲ့မိဖို့ လိုပါတယ်။ မကောင်းတာတွေ လုပ်နေကျသူတစ်ယောက် အဲဒီအလုပ်လေးတွေ မလုပ်ဖြစ်ဘဲ နေတာကိုတွေ့ရင် သူ့ဟာသူ တစ်နေ့ပဲနေနေ၊ တစ်မနက်ပဲနေနေ ကိုယ်က မထိတထိ မယိမိဖို့ပဲ လိုပါတယ်။ ပြောမယ်ဆိုရင် သူ့အတွက်ကတော့ အဲဒီအချိန်၊ အဲဒီအခိုက်လေးကတော့ တစ်ခုခု အကျိုးရှိနေမှာ အမှန်ပါပဲ။
သေချာတွေးကြည့်ရင် မဟုတ်တာတွေ လုပ်နေရာက ကောင်းတဲ့အလုပ်တွေ လုပ်ဖြစ်လာအောင် ရုန်းထွက်ဖို့ဆိုတာ အတော်မလွယ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ရုန်းထွက်ကြည့်ပါဆိုရင် စိတ်ပဲရှိပြီး လက်တွေ့ဘဝမှာ ရုန်းမထွက်နိုင်ဘဲ ဖြစ်နေတာတွေက အများကြီးပဲ မဟုတ်လား။ အဲဒီလို ကိုယ်မရုန်းထွက်နိုင်သေးတဲ့ အလုပ်ကို တစ်ယောက်ယောက်က လုပ်နေတယ်ဆိုတာ အမှန်တော့ ကဲ့ရဲ့ဖို့၊ ယိသဲ့သဲ့လုပ်ဖို့ အသာထား ရိုးသားမယ်ဆိုရင် အကျိုးများအောင် အားတောင်ပေးရမှာ ဖြစ်ပါတယ်။ ခုတော့ အဲဒီလို အားပေးဖို့နေနေသာ ကောင်းတာလုပ်တာကိုပဲ အပြစ်ပြောဖို့ ချောင်းနေကြတဲ့ သူတွေက ရှိနေကြလေတော့ ကောင်းတာလုပ်တာတောင်မှ ခိုးလုပ်နေရသလို ဖြစ်နေပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ်လေ။ ကောင်းတဲ့အလုပ်လေးတွေ လုပ်နေတဲ့သူတွေ အနေနဲ့ကတော့ ဘယ်သူဘာပြောပြော ကိုယ့်အလုပ်ကို ကိုယ်ကောင်းအောင် လုပ်နေဖို့ပဲ အရေးကြီးပါတယ်။
အရင်းစစ်တော့ သူများကို ကဲ့ရဲ့တတ်သူပဲ ဖြစ်ဖြစ်၊ သူများကဲ့ရဲ့တာကို ခံရသူပဲ ဖြစ်ဖြစ် အားလုံးဟာ ဘယ်သူ့ဘယ်သူ အပေါ်မှာမှ အကြာကြီး မကဲ့ရဲ့နိုင်ကြသလို အကြာကြီး ကဲ့ရဲ့တာကို ခံရမှာမဟုတ်ဘူး ဆိုတာပါပဲ။ အဓိကကတော့ ကိုယ်ကိုယ်တိုင် ကဲ့ရဲ့တတ်တဲ့ အကျင့်တွေကို ရှောင်ဖို့နဲ့ ကိုယ့်ကို ကဲ့ရဲ့လာတဲ့အခါမှာလည်း ကိုယ့်စိတ်ကို မယိမ်းယိုင်သွားအောင် ခံနိုင်ရည်ရှိဖို့ပါပဲ။ ကဲ့ရဲ့ချင်တဲ့သူတွေကတော့ ကောင်းတာလုပ်လည်း ကဲ့ရဲ့မှာဖြစ်သလို မကောင်းတာလုပ်လည်း ကဲ့ရဲ့ကြမှာပဲ ဖြစ်ပါတယ်။ အဲဒီလို ဘာပဲလုပ်လုပ် ကဲ့ရဲ့ကြမှာ ဖြစ်တဲ့အတွက် ကဲ့ရဲ့တာခံရတာချင်း အတူတူ ကိုယ့်ဘဝကို ကောင်းစေမယ့် ကောင်းတဲ့ အလုပ်တွေကိုလုပ်ပြီး ကဲ့ရဲ့ခံရတာဟာ အဆိုးထဲက အကောင်းပါပဲ။ ကိုယ်လုပ်တဲ့အလုပ်တွေ ကောင်းနေမယ်ဆိုရင် မကောင်းပြောလာတာတွေပဲ ဖြစ်ဖြစ်၊ စောင်းပြောလာတွေတွေပဲ ဖြစ်ဖြစ် အားလုံးဟာ နောက်ဆုံးတော့ မြောင်းထဲရောက်သွားကြတာပါပဲ။
ဒီနေရာမှာ မြတ်စွာဘုရားရှင်က အတုလဆိုတဲ့ ဒကာတစ်ယောက်ကို မိန့်တော်မူတဲ့ စကားလေးက အတော်အတုယူစရာ ကောင်းပါတယ်။ ဘုရားရှင်က “အို…အတုလ ကဲ့ရဲ့ခြင်းသည် ရှေးရိုးအစဉ်လာပေတည်း။ ဤကဲ့ရဲ့ခြင်းသည် ယခုမှဖြစ်သည်မဟုတ်။ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏။ များစွာပြောဟော သူကိုလည်း ကဲ့ရဲ့ကုန်၏။ နှိုင်းချိန်၍ ပြောသောသူကိုလည်း ကဲ့ရဲ့ကုန်၏။ လောက၌ အကဲ့ရဲ့လွတ်သောသူမည်သည် မရှိပေ” လို့ မိန့်တော်မူပါတယ်။ ဘုရားစကားတော် အတိုင်းပါပဲ။ ကဲ့ရဲ့တာကတော့ အခုမှ ရှိလာတာ မဟုတ်ပါဘူး။ ဘုရားရှင်လို အလုံးစုံ ပြည့်စုံတော်မူတဲ့ မဟာလူသားတွေကိုတောင် ကဲ့ရဲ့ကြသေးတာဆိုတော့ ကိုယ်ကဲ့ရဲ့ခံရတယ်ဆိုတာ ဘာဟုတ်လို့လည်းပေါ့။ ဒီလိုပဲ ဖြေရမှာပဲလေ။
အရေးအကြီးဆုံးကတော့ ကိုယ့်စိတ်မှာ စကားလုံးတွေနဲ့ လေးမနေဖို့ပါပဲ။ စကားလုံးဆိုတာက သိတဲ့အတိုင်းပဲ လိုက်ပြီးခံစားနေမယ်ဆိုရင် ပြောလိုက်တဲ့သူက ဘာမှမဟုတ်ပေမယ့် ခံရတဲ့သူကတော့ ပိတ်သလေးနဲ့ ဘေးပစ်လိုက်သလို အတော်ကို အထိနာသွားတတ်တဲ့ သဘောရှိပါတယ်။ အထိနာတယ်ဆိုတာ တကယ်တော့ မသိတာတွေ ပါသွားလို့ပါပဲ။ ကြားတဲ့စကားလုံးကို ကြားတယ်လို့ မသိလိုက်တော့ ဘာကြားတယ်၊ ညာကြားတယ်၊ ဘာစကား၊ ညာစကား စတာတွေဖြစ်လာပြီး အဲဒီမသိမှုရဲ့ ဆွဲရာနောက်ကို ပါသွားတဲ့ အခါကျတော့ ဘယ်လိုခံစားရတာ၊ ညာလိုခံစားရတာနဲ့ နောက်ဆုံးကိုယ်ပဲ အထိနာသွားတဲ့ အဖြစ်ကို ရောက်ကုန်တော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကြားရင်လည်း ကြားတဲ့အခိုက်မှာ သိအောင်ကြိုးစားပြီး လိုက်ပြီးခံစားတဲ့ အဆင့်အထိ ရောက်မသွားကြဖို့ သတိပေးကြခြင်း ဖြစ်ပါတယ်။
ရှိပါစေတော့။ ပြောချင်တာက လူတွေရဲ့ ဟိုပြောဒီပြော ပြောတတ်တဲ့ အကျင့်လေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ပြောတတ်တဲ့ လူတွေကြားထဲမှာ ရှိနေသမျှ အပြောခံရတယ် ဆိုတာလည်း ရှိနေကြမှာ ဖြစ်တဲ့အတွက် ပြောသမျှစကား၊ ကြားသမျှ အသံတွေမှာ လိုက်မခံစားဘဲ ကိုယ်ကိုယ်တိုင်သာ သူတပါးအပေါ်မှာ အမနာပ မပြောမိအောင် ကြိုးစားရင်း ကိုယ့်အပေါ် ပြောလာသံတွေကိုလည်း တရားသဘောနဲ့ တွန်းလှန်နိုင်အောင် လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် သူတပါးအပေါ် အပြစ်မြင်တတ်တဲ့ အမြင်၊ အပြစ်ဖြစ်စေတဲ့ စကား၊ အပြစ်ဖြစ်သွားမယ့် အလုပ်တွေ မမြင်မပြောမလုပ်မိအောင် ကိုယ့်ကိုယ်ကို ပြုပြင်ရင်း ကိုယ့်အပေါ် ရောက်လာမယ့် ပြောသံဆိုသံ ကဲ့ရဲ့သံတွေကိုလည်း ကိုယ့်စိတ်မှာ အပြစ်ဖြစ်မသွားအောင် ရှောင်ရှားတတ်ဖို့ပဲ အားထုတ်ကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့် “ဘယ်သူ့ကတော့ ကိုယ့်ကို ဘယ်လိုပြောသွားတယ်၊ ဘယ်လိုဆက်ဆံတယ်” စတဲ့ အတွေးတွေနဲ့ စိတ်အစဉ်မှာ လေးလံနေပြီး အစာမကြာတာတွေကို ရင်မှာပိုက်လို့ တမိုင်မိုင် တတွေတွေ ဖြစ်နေကြတဲ့ သူတွေအနေနဲ့ “အပြစ်ပြောတယ်၊ ကဲ့ရဲ့တယ်ဆိုတာတွေဟာ အခုမှ ရှိလာတာ မဟုတ်တဲ့အပြင် ကိုယ်တစ်ယောက်တည်းပဲ ကြုံနေရတဲ့ အရာတွေ မဟုတ်ဘဲ ကိုယ့်ထက်အစစ အရာရာ ပြည့်စုံကြတဲ့ သူတွေတောင်မှ ရှောင်လို့မရ ကြုံတွေ့ရတဲ့ လောကဓံတရားတွေပါလား” လို့ ကိုယ့်ကိုယ်ကို သတိပြုဆင်ခြင်ပြီး ကြားသမျှ အသံတွေ အပေါ်မှာ ဘာသံတွေ၊ ဘယ်သူအသံတွေ စသဖြင့် အမည်ပညတ်တွေတပ်ပြီး စိတ်ထဲမှာထားကာ လိုက်ခံစားမနေဘဲ “နောက်ဆုံးတော့ အားလုံးဟာ ဘာမှတစ်သမှတ်တည်း မရှိပါလား”ဆိုတဲ့ အမြင်အသိနဲ့သာ ဆင်ခြင်ကြည့်နိုင်အောင် ကြိုးစားရင်း ပြောချင်သူတွေ ပြောကြပါစေ ကိုယ်မပြောမိအောင်ပဲ သတိတရား လက်ကိုင်ထားလို့ မမေ့မလျော့ နေထိုင်နိုင်အောင် လေ့ကျင့်ကြဖို့ပဲ ဖြစ်ပါကြောင်း စေတနာထား မေတ္တာအားဖြင့် အသိတရား ပွားလိုက်ရပါတယ်။





မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့

လောကမှာ စေတနာကို နားမလည်တဲ့သူတွေရှိတယ်။ စေတနာကို အပြစ်မြင်တဲ့သူတွေရှိတယ်။ စေတနာကို စော်ကားတဲ့သူတွေရှိတယ်တဲ့။ မှန်ပါတယ်။ အဲဒါက သူတို့အပိုင်းပါပဲ။
ကိုယ့်ဘက်ကတော့ ဘာပဲလုပ်လုပ် စေတနာမှန်မှန်နဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ပဲ မဟုတ်လား။ ကိုယ့်လုပ်တာ သူတို့ရဲ့  တုန့်ပြန်မှုကောင်းကို မျှော်လင့်ဖို့မဟုတ်ပါဘူး။ အကျိုးသက်ရောက်မှု အကောင်းတွေ ဖြစ်ဖို့ပါပဲ။ စိတ်စေတနာကောင်းဆိုတာ လူတိုင်းမှာ မရှိတတ်ပါဘူး။ ကိုယ့်မှာ အဲဒီစိတ်စေတနာလေး ရှိနေတာကိုက ဒါဟာ အကောင်းဓာတ်ခံလေး ပါလာတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီဓာတ်ခံလေးကို တစ်စုံတစ်ဦးကြောင့်၊ တစ်စုံတစ်ခုကြောင့်တော့ ပျက်ပြယ်သွားလို့ မဖြစ်ပါဘူး။ အဲဒီဓာတ်ခံလေး မပျက်ပြယ်ဖို့ ကိုယ့်စိတ်ထားလေးတွေ ပြုပြင်ကြဖို့ပဲ ဖြစ်ပါတယ်။
တကယ်တော့ စေတနာကောင်းနဲ့ လုပ်တဲ့သူတွေမှာ တစ်ဘက်က တန်ပြန်သက်ရောက်မှုကောင်း၊ တုန့်ပြန်မှုကောင်း၊ စေတနာကို သိတတ်မှုကောင်းလေးတွေ ပြန်မရလည်း ကိုယ့်ရဲ့ စိတ်စေတနာကောင်းက ကိုယ့်အတွက် အကောင်းတွေ ဖြစ်နေပြီးသားပါ။ ကိုယ့်စေတနာကောင်းက ကိုယ့်အတွက် တုန့်ပြန်မှုကောင်းတွေ ရပြီးသားပါပဲ။ သူတပါးထံက မျှော်လင့်ဖို့မဟုတ်ပါဘူး။ မျှော်လင့်လိုက်ရင် ကောင်းနေတဲ့ စေတနာလေးတွေတောင် တစ်ခါတရံ တုန်ပြန့်မှု မကောင်းရင် ပြောင်းသွားတတ်တာဆိုတော့ သူ့ဘက်ကို မကြည့်ပါနဲ့၊ ကိုယ့်ဘက်က စိတ်စေတနာလေးတွေကိုပဲ သတိနဲ့ညှိလုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ ကိုယ်ကောင်းရဲ့သားနဲ့ သူမကောင်းရင် အဲဒါ သူ့အကြောင်းပါပဲ။ ကိုယ့်ဘက်ကတော့ မပြောင်းမိဖို့ အရေးကြီးပါတယ်။
ဒါကြောင့် စေတနာကောင်းဆိုတာ သူတပါးရဲ့ တုန့်ပြန်မှုကောင်းကို မျှော်လင့်ဖို့မဟုတ်ဘဲ ကိုယ့်ဘက်ကသာ အလုပ်ကောင်းတွေမှာ အကောင်းလုပ်ဖို့ပဲ ဖြစ်တဲ့အတွက် ကိုယ့်စေတနာကို ဘယ်သူအသိအမှတ်ပြုပြု၊ မပြုပြု ကိုယ့်ကိုကိုယ်နဲ့ သူတော်ကောင်းများကတော့ အသိအမှတ်ပြုထားပြီးပြီဆိုတာ သတိပြုဆင်ခြင်ရင်း စိတ်ကောင်းစေတနာကောင်းဖြင့်သာ ကောင်းတဲ့အလုပ်တွေကို ဆက်လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ ဘယ်သူတွေ ဘယ်လိုပဲ တုန့်ပြန်ပါစေ ကိုယ့်ဘက်ကတော့ စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်ဖို့ပါပဲ။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ

Read more »

ရုန်းထွက်ဖြစ်ခဲ့ခြင်း


 ဝါတွင်းသုံးလကာလပတ်လုံး အင်တာနက် စာမျက်နှာပေါ်တွင် စာရေးခြင်းကိစ္စ အဆက်ပြတ်သွားခဲ့၏။ အဆက်ပြတ်ခြင်းဆိုသည်ထက် အဆက်ဖြတ်ထားခြင်း ဖြစ်၏။ ကိုရီးယားနိုင်ငံရှိ ကျောင်းကိစ္စအဝဝနှင့် မြန်မာပြည်ရှိ ကျောင်းကိစ္စများ၊ ပရဟိတ ပညာဒါန လုပ်ငန်းများ အားလုံးကို ဆိုင်ရာတာဝန်ခံများနှင့် လွှဲအပ်ကာ မုံရွာတစ်ဖက်ကမ်း၊ ချင်းတွင်းတံတား အနီးရှိ ရွှေတောင်ဦး လယ်တီပဿနာရိပ်သာတွင် လယ်တီဆရာတော်ကြီး၏ နည်းနာနိဿယကို အရယူကာ ဝိပဿနာကျင့်စဉ်နှင့် ဓုတင်အကျင့်တို့ကို အားထုတ်ဖြစ်ခဲ့၏။ ဝါဆိုလပြည့်နေ့မှ ဝါခေါင်လပြည့်နေ့အထိ (၁)လတိတိကို  ရွှေတောင်ဦး လယ်တီရိပ်သာတွင် အားထုတ်ဖြစ်ခဲ့ပြီး သီတင်းကျွတ်လပြည့်နေ့အထိ ကျန်သည့်အချိန်များကိုကား ရန်ကုန်ကျောင်းမှာပင် ဓုတင်နှင့် ဝိပဿနာအလုပ်ကို ဆက်လက်၍ အားထုတ်ဖြစ်ခဲ့၏။ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှုများ၊ ပစ္စည်းလေးပါး လာဘ်လာဘများမှ ရုန်းထွက်ကာ ထိန်းသိမ်းရန် ခက်ခဲလှသည့် စိတ်အစဉ်နှင့် ခြိုးခြံစွာကျင့်ရသည့် ဓုတင်အကျင့်တို့ကို သည်းခံ၍ အားထုတ်ဖြစ်ခဲ့၏။ ရုပ်ပိုင်းဆိုင်ရာ၏ တဒင်္ဂပြည့်စုံမှုကို ဓမ္မအေးရိပ်ဖြင့် လဲလှယ်ခဲ့ခြင်း ဖြစ်၏။ 

စင်စစ် ဤကိစ္စသည် လူသိရှင်ကြား ပြောရမည့် ကိစ္စမဟုတ်လှပေ။ သို့သော် သူ့အတိုင်းအတာနှင့်သူ အနှောင်အဖွဲ့များမှ ရုန်းထွက်ရန် ခက်ခဲမှုများ ရှိနေသည့်ကြားက အားလုံးကို အဆက်ဖြတ်ကာ ရုန်းထွက်ဖြစ်ခဲ့သည့်အပေါ်  ပီတိပွားနိုင်စေရန် အသိမျှပေးခြင်း သက်သက်သာ ဖြစ်ပါ၏။ အတွယ်များကိုဖယ်ကာ အတိုင်းအတာတစ်ခုအထိ ဓမ္မအရိပ်တွင် ခိုလှုံဖြစ်ခဲ့မှုအပေါ် သာဓုခေါ်နိုင်ရန်နှင့် မိမိတို့လည်း တစ်ချိန်ချိန်တွင် ရုန်းထွက်နိုင်အောင် ကြိုးစားသင့်ကြောင်း တိုက်တွန်းလိုရင်း ဖြစ်၏။

မှန်၏။ ဘဝတွင် လူတိုင်းလူတိုင်း ကြာလျှင်ပို၍ပင် သံယောဇဉ် တွယ်ဖွယ်ရာများနှင့်သာ နိဂုံးချုပ်သွားတတ်သဖြင့် ထိုအတွယ်များကို အခိုက်အတန့်ဖြစ်စေ ပယ်ခွာ၍ တရားအလုပ် အားထုတ်ဖြစ်ရန် ရုန်းထွက်သင့်ကြ၏။ “ငါမရှိရင် မဖြစ်ပါဘူး”ဟူသော ခံယူချက်အတွေးကိုဖယ်ကာ “ငါမရှိလည်း သူ့ဟာနဲ့သူတော့ ဖြစ်သွားတာပဲ” ဟူသည့် အမြင်ဖြင့် သံယောဇဉ်မှန်သမျှ သူမတွယ်ခင် ကိုယ်ကအရင် ဖယ်နိုင်အောင် ကြိုးစားသင့်ကြ၏။ အလုပ်သံယောဇဉ်၊ သားသမီး သံယောဇဉ်၊ ဒကာ၊ဒကာမ သံယောဇဉ်၊ အိမ်သံယောဇဉ်၊ ကျောင်းသံယောဇဉ်များသည် ကြာလာသည့်နှင့်အမျှ ပို၍ပင်တွယ်လာတတ်ပြီး ရုန်းထွက်ရန် ခက်တတ်သဖြင့် အတွယ်မများခင် ဓမ္မအားအင်နှင့် တရားခင်နိုင်အောင် ကြိုးစားသင့်ကြ၏။ ဇနီးမယား၊ သမီးသားနှင့် စည်းစိမ်ဥစ္စာ၊ ကျောင်းအိမ်ရာသည် မိမိက မည်မျှပင် တွယ်နေပါသော်လည်း အချိန်တန်လျှင် အားလုံးကိုထား၍ ဘဝခရီး သွားကြရမည်သာ ဖြစ်သဖြင့် သူမခွဲခင် ကိုယ်အရင်ခွဲကာ ဘဝအတွက် ဓမ္မဖက်နိုင်အောင် အတွယ်များမှ ရုန်းထွက်သင့်ကြ၏။

ထို့ကြောင့် ဓမ္မမိတ်ဆွေများအား တိုက်တွန်းပါ၏။ သံယောဇဉ်အတွယ် အမျိုးမျိုးသည် ကိုယ်ကမဖယ်လျှင် သူက တွယ်နေမည်သာ ဖြစ်ပြီး ထိုအတွယ်များသည် ဘဝခရီးအတွက် အကောင်းမဆက်နိုင်သဖြင့် အချိန်မနှောင်းခင် စိတ်ကောင်းဝင်ပြီး ဘဝအတွက် ဓမ္မဘက်သို့ ဦးတည်လှမ်းတက် ခရီးဆက်နိုင်ဖို့ မနှေးအမြန် ရုန်းထွက်ကြရန် မေတ္တာရှေ့ထား တိုက်တွန်းစကား ပါးလိုက်ရပါသည်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ


Read more »

ဒါလည်း ဆင်းရဲပါပဲ

ဦးစားပေးခံချင်တဲ့ စိတ်၊ အလေးပေးခံချင်တဲ့ စိတ်၊ အသိအမှတ်ပြု ခံချင်တဲ့စိတ် စတာတွေဟာလည်း ဆင်းရဲတစ်မျိုးပါပဲ။ 

သတ္တဝါတွေရဲ့  စိတ်အစဉ်ဆိုတာ ကိုယ့်ကို တစ်ယောက်ယောက်က အလေးထားတာ၊ ချီးမွန်းတာ၊ ဦးစားပေးတာ၊ အသိအမှတ်ပြုတာကို လိုချင်ကြ၊ သာယာကြ၊ တောင့်တကြတာ သဘာဝပါပဲ။ ဒါပေမယ့် တစ်ခါတရံ အဲဒီစိတ်ကြောင့်ပဲ ကိုယ့်မှာ ပင်းပန်းတာတွေ၊ စိတ်ဖိစီးတာတွေ၊ အလိုမကျတာတွေ၊ ခံစားရတာတွေ ရှိနေပြန်တတ်ပါတယ်။ ဦးစားပေးတာ မခံရလို့၊ အသိအမှတ်ပြု မခံရလို့၊ အလေးပေးမခံရလို့ စသဖြင့် ဖြစ်ပေါ်လေ့ရှိတဲ့ ပင်ပန်းမှုခံစားချက်ဟာ လူအတော်များများရဲ့  ဝန်းကျင်အသီးသီးမှာ ဖြစ်နေတတ်တဲ့ သဘောရှိပါတယ်။ ပိုဆိုးတာက ကိုယ့်ကို ဦးစားမပေးဘဲ တခြားသူကို ဦးစားပေးတဲ့အခါ၊ ကိုယ့်ကို အသိအမှတ်မပြုဘဲ တခြားသူကို အသိအမှတ်ပြု သွားတဲ့အခါ၊ ကိုယ့်ကို အလေးမပေးဘဲ တခြားသူကို အလေးပေးသွားတဲ့ အခါမျိုးမှာ အတူနေကြတဲ့ သူအချင်းချင်းတောင်မှ မကျေမနပ် ခံစားချက်တွေ ဖြစ်နေကြတဲ့ သဘောရှိပါတယ်။ 

သေချာတွေးကြည့်လိုက်တော့ ဒီလို ခံစားရတာတွေဟာ ကိုယ့်ဘက်က သိစိတ်ကရော၊ မသိစိတ်ကပါ လိုလားနေတဲ့ မျှော်လင့်ချက်ကြောင့်ပဲဖြစ်ပါတယ်။ မျှော်လင့်တာတွေ ရှိနေတော့ မျှော်ရင်းမျှော်ရင်းနဲ့ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါမှာ စိတ်အစဉ် ခံစားချက် ဝေဒနာတွေ တိုးလာကြတော့တာပဲ ဖြစ်ပါတယ်။ မျှော်တာတွေက ချော်သွားတဲ့အခါ မတော်တာတွေတွေးပြီး မလျော်တာတွေပါ လိုက်ခံစားမိတော့ ဝေဒနာတွေက တက်လာကြတော့တာပဲပေါ့။

ဒီတော့ကား တစ်ယောက်ယောက်နဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ တစ်ခုခုနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် ဆက်ဆံပေါင်းသင်း လုပ်ကိုင်ပေးရတဲ့အခါ ဦးစားပေးခံချင်၊ အသိအမှတ်ပြု ခံချင်၊ အလေးပေးခံချင်တဲ့ မျှော်လင့်ချက်အတွေးကို ဘေးဖယ်ပြီး ဘယ်သူအသိအမှတ်ပြုပြု မပြုပြု၊ ဘယ်သူဦးစားပေးပေး မပေးပေး၊ ဘယ်သူ အလေးပေးပေး မပေးပေး ကိုယ့်ကိုကိုယ် အသိအမှတ်ပြုပြီး ကိုယ်လုပ်ရပ်ကိုယ် ကျေနပ်နေ၊ အပြစ်ကင်းနေအောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။ စစ်မှန်တဲ့ အတွေး၊ စစ်မှန်တဲ့ လုပ်ဆောင်ချက်နဲ့ လုပ်တဲ့ အပြစ်ကင်းတဲ့ အလုပ်တွေဟာ သူများ အသိအမှတ်ပြုဖို့၊ သူများအလေးပေးဖို့ မလိုပါဘူး။ ကိုယ့်ကိုကိုယ် အသိအမှတ်ပြု၊ ကိုယ့်ကိုကိုယ် အလေးဂရုပြုဖို့က အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။ 

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ

Read more »

“ခံစားမှုကို ဘေးဖယ်၊ လုပ်သင့်လုပ်ထိုက်တာကို ရွေးချယ်”


ညီငယ်တစ်ယောက် ဆုံးသွားသည်။ ကံကုန်၍ ဆုံးသွားခြင်း မဟုတ်။ သူ့လုပ်ရပ် မကောင်း၍ ဆုံးသွားခြင်း ဖြစ်၏။ အရက်ကို အလွန်အကျွံသောက်ရာက အသည်းကျွမ်းပြီး ဘဝတစ်ခု ပြောင်းသွားခြင်းဖြစ်၏။ သူဆုံးတော့ မယ်တော်ကြီနဲ့ ခမည်းတော်ကြီးက မိဘဖြစ်တဲ့အတွက် သားဆိုးသမီးဆိုး ဖြစ်ပေမယ့်လည်း မခံစားနိုင်တဲ့ သဘောရှိ၏။   မိဘနှစ်ပါးကို အားပေးစကား ပြောရ၏။ သဘာဝကျကျ ဓမ္မပြရ၏။ မိဘများဘက်က တာဝန်ကျေခဲ့ပြီး ဖြစ်သည့်အတွက် ဒီအပေါ်မှာ အများကြီး မခံစားဖို့ ပြောရ၏။

တစ်ခါတရံ ဘဝမှာ အချို့ ကိစ္စများသည် ခံစားနေရုံ၊ စွဲလန်းနေရုံနဲ့ အကောင်းဘက်ကို ဦးတည်မသွားနိုင်ပေ။ မိဘနှင့် သားသမီးပင် ဖြစ်လင့်ကစား စွဲလန်းမှုတရားသည် အစွဲလွန်လျင် အစွန်းရောက်သွားသည့် သဘောရှိ၏။ သွားခဲ့သူက  ထားခဲ့သော်လည်း ကျန်ခဲ့တဲ့သူက အမှန်ဘက်ကို မတည့်နိုင်ရင် အစွဲကနေ အလွဲဖြစ်သွားနိုင်၏။ အချို့  ကိစ္စများသည် လိုအပ်ရင် သဗ္ဗေသတ္တာ ကမ္မဿကာ - သူ့ကံနဲ့ သူသာပဲပေါ့ ဟူသည့် ခံယူချက်ဖြင့် ဥပေက္ခာပြုနိုင်အောင် ကြိုးစားရ၏။ 

တစ်စုံတယောက်၊ တစ်စုံတခုနဲ့ ပတ်သက်၍ နှစ်ဦးနှစ်ဖက် အကျိုးမဆက်လျင် အပြစ်လည်းမဖြစ်၊ အချစ်လည်းမဖြစ်စေသည့် အလယ်အလတ် ဥပေက္ခာစိတ်ဖြင့် သက်သောင့်သက်သာ ဖြစ်အောင်ကြိုးစားကြရမည်သာ ဖြစ်၏။ 

သားသမီးဖြစ်နေသဖြင့် အစွဲလန်းကြီး စွဲလန်းနေငြားလည်း ထိုအစွဲကြောင့် မကောင်းကျိုးကိုသာ သက်ရောက်စေလျင် သားသမီးပင်ဖြစ်လင့်ကစား ဥပေက္ခာတရား ထားသင့်လျင်လည်း ထားကြရမည်သာ ဖြစ်၏။ မထားနိုင်၍ ခံစားနေမည်ဆိုပါက ထိုသားသမီးက မိမိတို့အား ကောင်းကျိုးချမ်းသာဖြစ်အောင် လုပ်ပေးနိုင်ဖို့ မလွယ်လှပေ။ သူ့အစွဲကြောင့် ကိုယ်ပါလွဲခဲ့ရင် သူလည်းမကောင်း၊ ကိုယ်လည်းမကောင်းသာ ဖြစ်သွားမည်သာ ဖြစ်၏။ 

ထို့ကြောင့် လိုအပ်လျင် သားသမီးပင် ဖြစ်နေပါစေ သဗ္ဗေ သတ္တာ ကမ္မဿကာ သဘော၊ ဥပေက္ခာမနောဖြင့် ခံစားမှုကိုဘေးဖယ် လုပ်သင့်လုပ်ထိုက်သည်ကိုသာ ရွေးချယ်ကြရမည်သာ ဖြစ်ပါ၏။ 

မေတ္တာဖြင့်

မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ

တစ်လောက ညီမငယ်တစ်ယောက်က သူအလိမ်ခံရတဲ့အကြောင်းကို လျှောက်ပြပါတယ်။ သူလည်းအတော် အခံရခက်နေတဲ့ သဘောရှိသလို ကိုယ်လည်းစိတ်မကောင်းပါဘူး။ ပြေရာပြေကြောင်း ဖြေဆည်ရာလေးတော့ ပြောပေးဖြစ်ပါတယ်။ ပုထုဇဉ်သဘာဝ ခံရတော့လည်း တွေးမိတဲ့အခါတိုင်း မကျေနပ်ချက်ကတော့ ဖြစ်ကြမှာပါ။ 

သို့သော် ဖြေဆည်ရာတော့ ရအောင်ရှာပြီး ကိုယ့်အနာကိုယ်ပြေအောင်ပဲ ကြိုးစားရမှာပေါ့။ အတိတ်ဆိုတာ ဖြစ်ပြီးသွားပြီဆိုတော့ ပူဆွေးနေလည်း ဝေဒနာတိုးတာပဲ အဖတ်တင်မှာပဲလေ။ သင်ခန်းစာယူပြီး နောင်မဖြစ်အောင် သတိဆောင်ဖို့ပဲပေါ့။ မေ့သွားတယ်၊ မှားသွားတယ်ဆိုတာတွေဟာ သတိမကပ်မိကြလို့ပါပဲ။  ဖြစ်ခဲ့သမျှ ကိစ္စအဝဝကို ပြန်ကြည့်ရင် သတိမပါလို့ ဖြစ်သွားကြတာချည်းပဲ မဟုတ်လား။ သတိလွှတ်သွားလို့၊ မေ့သွားလို့၊ သတိမထားမိလို့ စတာတွေကြောင့်ပဲ ဖြစ်ကြတာများပါတယ်။ ဒါကြောင့် ရှင်တော်ဗုဒ္ဓက အပ္ပမာဒေန သမ္ပာဒေထ မမေ့ကြနဲ့လို့ ဟောတော်မူတာ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် ကိစ္စတစ်ခု ဖြစ်သွားခဲ့တာဟာ ကိုယ်ကိုယ်တိုင်ရဲ့  သတိလက်လွတ်ဖြစ်သွားမှု၊ တစ်ဖက်က နိုင်ထက်စီးနင်းပြုသွားမှုအပြင် အတိတ်အကြောင်း တစ်ခုခုရဲ့  သက်ရောက်မှုတွေကြောင့်ပဲ ဖြစ်သွားတတ်ကြတာပါ။ လက်တွေ့ဘဝမှာ အဓိက အခရာကျတာကတော့ ကိုယ်ကိုယ်တိုင်ပါပဲ။ အတိတ်အကြောင်းကို ခဏထား ပစ္စုပ္ပန် အကြောင်းတစ်ခုက ကိုယ်ကိုယ်တိုင်ရဲ့  ချွတ်ယွင်းမှုတစ်ခုခုကြောင့် ဖြစ်သွားတယ်ဆိုရင် လက်ခံကြရမှာပါ။ ဒီတော့ ကိုယ့်ကိုယ်ကို သတိကပ် ဖြစ်ပြီးခဲ့တာတွေအပေါ်မှာ မငြိကပ်ဖို့ပါပဲ။ 

နောက်တစ်ချက်က ဒီနေ့ခေတ် လူတွေရဲ့  ကိုယ်ကျင့်တရား၊ စိတ်ဓာတ်ရေးရာနဲ့ အသိပညာ သဒ္ဓါတရား ယုတ်လျော့လာမှုတွေဟာလည်း တဖက်သားကို ဒုက္ခတွေ ဝေစေတတ်တာပါ။ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ မေတ္တာပို့လို လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေဆိုတာတွေဟာ ဒီနေ့ခေတ်မှာ မရှိတော့လောက်အောင်ပါပဲ။ တစ်ယောက်နဲ့တစ်ယောက် တွေ့ရင် လှည့်ပတ်မယ်၊ လိမ်ညာမယ်၊ ဟန်ဆောင်မယ်ဆိုတာတွေပဲ များများလာတော့ တစ်နပ်စားလောက်နဲ့လည်း လိမ်ကြ၊ ညာကြ၊ လှည့်စားနေကြတော့တာပါ။ အကျင့်သီလနဲ့ ပတ်သက်လာရင် စောင့်ထိန်းဖို့အသာထား အလွယ်တကူကို ကျူးလွန်နေကြတော့တာပါ။ သီလကို အလေးမထားတဲ့ သူတစ်ယောက်ဟာ ဘယ်ကိစ္စမဆို အလွယ်တကူ ကျူးလွန်ဖို့ ဝန်မလေးတော့ပါဘူး။ အထူးသဖြင့် မုသာဝါဒလို သိက္ခာပုဒ်မျိုးဆို ပိုတောင်ဆိုးပါသေးတယ်။ ဘာလေးဖြစ်ဖြစ် လိမ်နေကြတော့တာပါ။ လိမ်ပါများလာတော့ လိမ်တာကိုလိမ်တယ်လို့တောင် မထင်တတ်ကြတော့ပါဘူး။ ဒါကြောင့် မုသားစကား အပြောများတဲ့သူဟာ မလုပ်ရဲတဲ့ အကုသိုလ်အလုပ်မရှိတော့ဘူးလို့ ဆိုတာဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်အောင်တော့ ကြိုးစားကြရမှာပါ။ အရှုတ်ထဲကနေ တတ်နိုင်သမျှ ရုန်းထွက်နိုင်အောင် ကြိုးစားကြရမှာပါ။ အများအကျင့်ပျက်လို့ ကိုယ်ပါပျက်ရမယ်ဆိုရင် ကိုယ်လည်းပဲ အချိန်တန်ပြန်ခံရမှာ သဘာဝပါပဲ။ တစ်ချို့ ကိစ္စတွေဟာ ကိုယ်ကဒီဘဝမှာ အကြောင်းကောင်းအောင် လုပ်နေပေမယ့် အကျိုးမကောင်းတဲ့ သဘောတွေလည်း ရှိနေတတ်တာ ဖြစ်ပါတယ်။ ဒါဟာ အတိတ်အကြောင်းရဲ့  သက်ရောက်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ အတိတ်ကံ အကျိုးပေးချိန်ကျလာရင် သက်ရောက်မှုဆိုတာတွေကတော့ ရှိနေကြမှာ ဖြစ်တဲ့အတွက်ကြောင့် ငါ့ဘဝ အကောင်းတွေလုပ်နေရဲ့နဲ့ အဆိုးတွေပဲ ဖြစ်ဖြစ်နေတယ်ဆိုပြီး ကိုယ့်ကိုကိုယ် စိတ်ထိခိုက်မှုတွေ၊ စိတ်ဓာတ်ကျတာတွေ မဖြစ်မိပါစေနဲ့။ အတိတ်က အကြွေးကို ပေးဆပ်နေတာလို့ပဲ သဘောထားပြီး အကောင်းတွေကို ပိုပြီးလုပ်နိုင်အောင် ကြိုးစားရမှာပါ။ ဘာပဲဖြစ်ဖြစ် အချိန်တန်တော့လည်း ပြီးသွားတာပါပဲ။ ဘယ်လောက်ဆိုးဆိုး အလွန်ဆုံး ဘဝတစ်ခု အဆုံးသတ်သွားတဲ့ အထိလောက်ပါပဲ။ သေတဲ့အထိ ဆိုးသွားလည်း အကြိမ်ကြိမ်သေခဲ့ကြတာပဲဆိုတော့ ဒီဘဝထပ်သေးလည်း သိပ်တော့ မဆန်းလှပါဘူး။ ဒီလို ကိုယ့်စိတ်ကိုယ် အားတင်းနိုင်အောင် လေ့ကျင့်ပြီး အများမှားတဲ့ အမှားတွေကြားမှာ ကိုယ်မမှားအောင် ကြိုးစားကြရမှာပါ။

ဆိုလိုတာက ဘဝမှာ လူတိုင်းလူတိုင်း အဆိုးတွေနဲ့ ကြုံတွေရမှာ ဖြစ်တဲ့အတွက် ဒီလိုကြုံတွေလာတဲ့အခါ ကိုယ့်ကိုယ်ကို သတိပြုဆင်ခြင်ပြီး ကိုယ့်ရဲ့  ပစ္စုပ္ပန်အကြောင်းတရား၊ တခြားသူတွေရဲ့ အမှားလုပ်ရပ်အပေါ် ဆင်ခြင်တတ်တဲ့ အကျင့်တရားနဲ့ အတိတ်ရဲ့  သက်ရောက်မှု သဘောတရားတွေကို ကြောင်းကျိုးဆက်စပ်ကာ အနေတတ်အောင်လေ့ကျင့်၊ အရှုတ်ထဲမှာ မရှုတ်မိအောင် ကြိုးစားကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ ကိုယ်က ဘယ်သူ့အပေါ်မှ ဒုက္ခမပေးဘဲ ကိုယ့်ကျမှလာပြီး ဒုက္ခတွေကြုံရတယ်ဆိုတဲ့ စိတ်အတွေးနဲ့ ခံစားနေဖို့မဟုတ်ဘဲ ဒီဒဏ်ကို အသိသတိညှိပြီး ကျော်လွှားနိုင်အောင် နေထိုင်ကျင့်သုံးကြဖို့ အသိပေးလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အမြဲဆင်ခြင်သုံးသပ်ပါ၊ သူများမဟုတ်လို့လည်း ကိုယ်မယုတ်မိပါစေနဲ့၊ လူအချင်းချင်း ကိုယ်ချင်းစာတရားနဲ့ လိမ်ညာလှည့်ပတ်တာတွေ မလုပ်ဖြစ်အောင် နေထိုင်ကျင့်သုံးပါ။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်မိဖို့ အထူးသတိပြုပါ။ ဘဝမှာဘာမှ အကြာကြီး မဟုတ်ဘူးဆိုတာ သိထားရင် အရှိတရားအပေါ်မှာ သတိထားပြီး အပြစ်မများအောင် နေထိုင်နိုင်ကြမှာပါ။

မေတ္တာဖြင့်

မနာပဒါယီ အရှင်ဝိစိတ္တ

Read more »

ကိုယ့်ကိုယ်ကို စောင့်ရှောက်ခြင်း (သို့) ကိုယ်စောင့်တရား

အစောင့်အရှောက်ဆိုတာ အပြင်အစောင့်အရှောက် အတွင်းအစောင့်အရှောက်ဆိုပြီး နှစ်မျိုးရှိပါတယ်။ အပြင်ပိုင်း အစောင့်အရှောက်ကတော့ မြင်နိုင်လောက်တဲ့ အပြင်အန္တရာယ်ကိုပဲ အကာအကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အတွင်းပိုင်း တစ်နည်းအားဖြင့် ကိုယ့်စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်ဖို့ကိုတော့ အသိတရား၊ သတိတရားနဲ့ပဲ စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။ 

တစ်ချို့က အစောင့်အရှောက်ထူထပ်စွာ ချထားပြီး မမြဲတဲ့ ရုပ်တရားနဲ့ မပိုင်ဆိုင်တဲ့ ဥစ္စာတရားတွေကို စောင့်ရှောက်ဖို့ ကြိုးစားကြပါတယ်။ ကိုယ့်ကိုစောင့်ရှောက်ဖို့ ဆိုပြီးတော့လည်း အစောင့်ဘော်ဒီဂတ် (Body guard) တွေတောင် ထားလိုက်ပါသေးတယ်။ ဘယ်လောက်ပဲထားထား သွားဖို့အချိန်တန်ရင်တော့ သွားကြရတာပဲ ဖြစ်ပါတယ်။ ရုပ်တရားဆိုတာ ချုပ်ထားလည်းပဲ သွားချိန်တန်သွား၊ ထားချိန်တန်ထား၊ ပျက်ချိန်တန် ပျက်နေမှာပဲ ဖြစ်ပါတယ်။ 

ဗုဒ္ဓရှင်တော်မြတ်ကတော့ မမြဲခြင်းသဘောရှိနေတဲ့ ရုပ်တရားကို စောင့်ရှောက်ဖို့ထက် ကိုယ့်ကိုယ်ကို စောင့်ရှောက်ဖို့ တစ်နည်းအားဖြင့် ကိုယ့်ရဲ့ စိတ်ဓာတ်ပိုင်းကို စောင့်ရှောက်ဖို့ လမ်းညွန်တော်မူပြီး တကယ်စောင့်သင့်တဲ့ ကိုယ့်စောင့်တရား လေးပါးကို ဟောတော်မူပါတယ်။ ဗုဒ္ဓညွန်ပြတဲ့ ကိုယ်စောင့်တရားလေးပါးကတော့

၁။ ဗုဒ္ဓါနုဿတိ
(ဘုရားဂုဏ်ကို ပွားများခြင်း)
၂။ မေတ္တာဘာဝနာ
(မတ္တာတရား ပို့သပွားများခြင်း)
၃။ အသုဘဘာဝနာ
(အပုတ်ကောင်အပေါ် ရှုဆင်ခြင်ခြင်း)
၎။ မရဏာနုဿတိ
(သခြင်းတရားကို ဆင်ခြင်ခြင်း)
ဆိုတဲ့ တရားလေးပါးပဲ ဖြစ်ပါတယ်။

ဒီတရားလေးပါးကို ကျင့်ကြံပွားများ အားထုတ်ထားနိုင်တဲ့သူဟာ တကယ့်ကိုပဲ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်မှာဖြစ်ပါတယ်။ ရုပ်တရားအပေါ် မပျက်ဆီးအောင် စောင့်ရှောက်ခြင်းမျိုးမဟုတ်ဘဲ ရရှိထားတဲ့ ကိုယ့်ရဲ့ဘဝလေးကို စောင့်ရှောက်ခြင်းသဘော ဖြစ်တဲ့အတွက် ဒီတရားလေးပါးသာ နေ့စဉ်ပွားများ အားထုတ်နိုင်ရင် အဲဒီသူဟာ အမှန်ပဲ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်တဲ့သူ တစ်နည်းအားဖြင့် ကိုယ့်စောင့်တရားများနဲ့ အညီငြိမ်းချမ်းစွာ နေထိုင်နိုင်တဲ့သူလို့ ပြောရမှာ ဖြစ်ပါတယ်။

ကိုယ့်စောင့်တရားလေးပါးနဲ့ ပတ်သက်ပြီး နည်းနည်းချဲ့ပြောရရင် ဗုဒ္ဓါနုဿတိလို့ ခေါ်တဲ့ ဘုရားဂုဏ်တော်ကို ပွားများတဲ့ အကျင့်ဟာ အားများတဲ့ ဘုရားရှင်ရဲ့ အားတွေကို ကိုယ့်သန္တာန်မှာ ပွားယူခြင်း ဖြစ်တဲ့အတွက် ဘုရားကိုးကွယ် တန်ခိုးကြွယ် အပါယ်မကျ နိဗ္ဗာန်ရလို့ ဆိုတဲ့အတိုင်း ဘုန်းတန်ခိုးကြီးမားပြီး ကိုယ်ခံစွမ်းအားတွေ တိုးပွားစေနိုင်မှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို နေ့စဉ်မပြတ် ပွားများအားထုတ်တတ်တဲ့သူဟာ အဲဒီဂုဏ်တော်တွေရဲ့ ကျေးဇူးကြောင့် အန္တရာယ်ကင်းပြီး ကိုယ့်သန္တာန်မှာလည်း တန်ခိုးကြီးတဲ့ ဘုရားရှင်ရဲ့ တန်ခိုးတော်တွေနဲ့ ထုံလွှမ်းထားတဲ့အတွက် အပြင်အန္တရာယ်တွေကလည်း အကာအကွယ်ပြုထားပြီး ဖြစ်ပါတယ်။ အဓိကကတော့ ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို ပွားများအားထုတ်နေတဲ့သူဟာ ဘုရားရှင်အနားမှာ ရှိသလိုဖြစ်ပြီး ဘုရားရှင်တို့မည်သည် မကောင်းမှုအကုသိုလ်ကို ဆိတ်ကွယ်ရာ အရပ်မှာတောင် ပြုတော်မမူတဲ့အတိုင်း ကိုယ်လည်းပဲ အကုသိုလ်ကို မပြုဖြစ်တော့ပါဘူး။ အကုသိုလ်မပြုဖြစ်တာဟာ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး စောင့်ရှောင်တာပါပဲ။ပြီးတော့ တန်ခိုးကြီးတဲ့ ဘုရားရှင်ရဲ့ ဂုဏ်တော်များကို ကျင့်ပွားနေတဲ့သူဟာလည်း ဘုန်းကံကြီးမားတဲ့သူ ဖြစ်တဲ့အတွက် ဘုန်းကံကြီးတဲ့သူကို ကျရှုံးသွားအောင်၊ အန္တရာယ်ဖြစ်အောင် ဘယ်သူမှ လုပ်လို့မရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ချင်တဲ့ သူတွေဟာ ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားများကျင့်ကြံသင့်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။ 

နောက်တစ်ချက် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်လိုသူတွေ အနေနဲ့ မေတ္တာဘာဝနာကို ပွားများပြီးလည်း စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ မေတ္တာဆိုတာ အကျိုးလိုလားတဲ့ သဘောဖြစ်တဲ့အတွက် ဘယ်နေရာမှာပဲ ရောက်ရောက် ဘယ်သူအပေါ်မှာပဲ ဖြစ်ဖြစ် အကျိုးလိုလားတဲ့ မေတ္တာလေးကို အခြေခံပြီး ကျင့်ကြံပွားများ နေထိုင်ကြမယ်ဆိုရင် အဲဒီမေတ္တာဘာဝနာက ကိုယ့်ကိုစောင့်ရှောက်ထားပြီးသား ဖြစ်ပါတယ်။ မေတ္တာခြုံမှ လုံတယ်လို့ ဆိုကြတဲ့အတိုင်း မေတ္တာတံတိုင်း ကာရံထားတဲ့သူဟာ အန္တရာယ်ကင်းပြီး အေးငြိမ်းမှုကို ဖြစ်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။ မေတ္တာရဲ့ သဘောက သူ့အတွက်ပွားများရဲ့ ကိုယ့်အတွက်လည်း အငြိမ်းဓာတ်၊ အအေးဓာတ်ကို ခံစားနိုင်တာ ဖြစ်တဲ့အတွက် ငြိမ်းနေတဲ့သူ၊ အေးနေတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နေသူပဲ ဖြစ်ပါတယ်။ 

နောက်ထပ် ကိုယ့်ကိုယ်ကို စောင့်ရှောက်ရမယ့် လမ်းစဉ်တစ်ခုက အသုဘဘာဝနာ ပွားများခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို အပုတ်ကောင် အသုဘလို့ မထင်ဘဲ သုဘလို့ ထင်နေကြတဲ့သူတွေမှာ အဲဒီအထင်မှားကြောင့်ပဲ အတ္တမာန အစွဲတွေဝင်ပြီး အလွဲတွေ အသွင်သွင် လုပ်မိနေတတ်တဲ့အတွက် အဲဒီအလွဲတွေက ကိုယ့်ကို ဒုက္ခအဖြစ် ရောက်ရှိစေတာလည်း ရှိနေတတ်ကြပါတယ်။ အသုဘကို သုဘလို့ ထင်နေတတ်တဲ့သူမှာ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ဖို့ထက် ကိုယ့်အယူကို ဖြောင့်အောင်လုပ်ဖို့တောင် အတော်ကြိုးစားကြရမယ့် သဘောရှိပါတယ်။ ဒါကြောင့် ဒီလို အလွဲအမြင်နဲ့ တစ်လွဲထင်နေကြတဲ့ သူတွေဟာ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် အတ္တတွေပါယ်ပြီး အမြင်မှန်နဲ့ စောင့်ရှောက်နိုင်ဖို့အတွက် အသုဘဘာဝနာကိုလည်း ပွားများပြီး စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ 

ဘုရားပေးတဲ့ ကိုယ်စောင့်နည်းတွေထဲမှာ မရဏာနုဿတိလို့ ခေါ်တဲ့ သေခြင်းတရားကို ဆင်ခြင်တဲ့နည်းဟာလည်း လက်တွေ့ကျင့်သုံးသင့်တဲ နည်းပဲ ဖြစ်ပါတယ်။ ပုထုဇဉ်အတော်များများဟာ သေရမှာကို သိကြပေမယ့် သေခြင်းတရားကို မေ့နေကြတဲ့ သူတွေအဖြစ် ဘဝကို ဖြတ်သန်းနေကြတာ သတိပြုမိကြမှာ ဖြစ်ပါတယ်။ သေခြင်းတရားကို အလေမထားဘဲ မေ့နေကြတဲ့သူတွေဟာ တဒင်္ဂအရှိတရားကိုလည်း ထာဝရအတည်တရား ထင်ကာ မာနတွေဝင်ပြီး အကျင့်တရားတွေပါ ပျောက်ပျက်နေကြတော့တာ ဖြစ်ပါတယ်။ နေ့စဉ် သေခြင်းတရားကို ဆင်ခြင်နိုင်တဲ့သူတွေကတော့ သေရမယ်ဆိုတာ သိနေတဲ့အတွက် သတိမလွတ်ဘဲ မကောင်းမှုကိုရှောင်ကာ ကောင်းမှုကိုဆောင်ရင်း ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်ကြတော့တာ ဖြစ်ပါတယ်။ သေခြင်းတရားကို ဆင်ခြင်နှလုံးသွင်းထားတဲ့အတွက် ဘဝမှာ အဆိုးဆုံး ဒုက္ခလို့ ပြောရမယ့် သေခြင်းတရားအထိ ကြုံလာခဲ့ရင်လည်း မတုန်မလှုပ် ရင်ဆိုင်ပြီး အသိသတိ ထပ်တူညှိနိုင်ကြမှာ ဖြစ်ပါတယ်။ အသိသတိကပ်ထားတဲ့သူဟာ ကိုယ့်ကိုယ်ကို ကောင်းစွာစောင့်ရှောက်နိုင်တဲ့သူပဲ ဖြစ်ပါတယ်။ 

ဆိုလိုတာက စောင့်ရှောက်မှုအမျိုးမျိုးနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရှောက်ကြတဲ့ အပိုင်းမှာ ဗုဒ္ဓအလိုကျ စောင့်ရှောက်နည်းဖြစ်တဲ့ ကိုယ့်စောင့်တရားလေးပါးနဲ့ စောင့်ရှောက်ခြင်းကသာ အကောင်းဆုံး ကိုယ့်စောင့်တရားပဲ ဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ် နေ့စဉ်ဘဝထဲမှာ ဗုဒ္ဓဂုဏ်ကို ခုံလှုံရင်း၊ မေတ္တာလည်းထား၊ အသုဘလည်း ပွား၊ သေခြင်းတရားလည်း ဆင်ခြင်ကာ အကောင်းဆုံး ဖြစ်အောင် စောင့်ရှောက်ကြရမှာ ဖြစ်ကြောင်း၊ ဗုဒ္ဓဂုဏ်အစွမ်းကြောင့် တန်ခိုးတွေ ထုံလွှမ်းရောက်စေ၊ မေတ္တာအစွမ်းနဲ့ အေးချမ်းကြစေပြီး အပုတ်ကောင်ကို ဆင်ခြင်းလျက် အတ္တဝါဒဖျောက်ကာ သေခြင်းတရား နှလုံးသွင်းထားလို့ မာနလေးတွေ လျော့ချနိုင်အောင် ကြိုးစားရင်း ကိုယ့်ကိုယ်ကို အကောင်းဆုံး စောင့်ရှောက်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း စသဖြင့် ဆိုလိုရင်း ဖြစ်ပါတယ်။ 

ဒါကြောင့် ဘဝမှာ နေရတဲ့အခိုက် ကိုယ့်ကိုယ်ကို အကောင်းဆုံး စောင့်ရှောက်မှုနဲ့ စောင့်ရှောက်နိုင်ကြဖို့ ဗုဒ္ဓပေးတဲ့ ကိုယ့်စောင့်တရားလေးပါးကို ပွားများအားထုတ်ရင်း ဂုဏ်တော်မြဲစေ၊ မေတ္တာတွဲစေ၊ သုဘလွဲစေ၊ သေခြင်းမြဲနေ ဆိုတဲ့ အချက်လေးတွေကို အခက်မဝေးအောင် ဆင်ခြင်စဉ်းစား အစောင့်ထားကြဖို့ အလေးဂရု တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

မေတ္တာဖြင့်

မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

ဆရာတော် မြန်မာပြည်တွင် ရှိနေမည်


တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းနှင့်၊ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာတိုက်၊ သီရိဇေယျုံကျောင်းတို့၏ ပဓာန နာယကဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)သည် မြန်မာပြည်တွင် တရားပွဲများ၊ ဟောပြောပွဲများ၊ ပညာဒါနလုပ်ငန်းများနှင့် အခြားပရဟိတကိစ္စများ ရှိနေပါသဖြင့် (6-11-2013)ရက်နေ့မှစ၍ မြန်မာပြည်သို့ ပြန်လည်ကြွရောက်ကာ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်တော်မူမည်ဖြစ်ပြီး လက်ထောက်ကျောင်းထိုင်ဆရာတော် အရှင်ဝေဠုရိယသည် (13-11-2013)ရက်နေ့တွင် ကိုရီးယားနိုင်ငံသို့ ကြွရောက်တော်မူလာမည် ဖြစ်ပါသည်။ 

ဆရာတော် မရှိသည့်အခိုက်တွင် အရှင်ဝေဠုရိယမှ  ကျောင်းအကျိုးဆောင်အဖွဲ့နှင့် ညှိနှိုင်းတိုင်ပင်ကာ အစစအရာရာ တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။ 

သို့ဖြစ်ပါ၍ ဒယ်ဂူးမြို့ စိတ္တသုခကျောင်းနှင့် စပ်လျဉ်းသည့် သာရေး၊ နာရေး၊ လူမှုရေးနှင့် ရွှေမြန်မာများ၏ လိုအပ်သည့် အရေးများကို ဆရာတော်ကိုယ်စား လက်ထောက်ဆရာတော်နှင့် ကျောင်းအကျိုးဆောင်အဖွဲ့မှ စွမ်းနိုင်သမျှ စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါသဖြင့် ကိုရီးယားရောက် ရွှေမြန်မာများအနေဖြင့် မိမိတို့၏ ကိစ္စအဝဝကို ကျောင်းအကျိုးဆောင်အဖွဲ့နှင့် ဆက်သွယ်ကာ အကောင်အထည်ဖော် ကုသိုလ်တော် ယူနိုင်မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေးဖိတ်ခေါ် အပ်ပါသည်။



လေးစားစွာဖြင့်
အရှင်ဝေဠုရိယ (လက်ထောက်ကျောင်းထိုင်ဆရာတော်) နှင့်

ကျောင်းအကျိုးဆောင်အဖွဲ့

Read more »

ရုန်းထွက်နိုင်မှ



ပုထုဇဉ်များအတွက် အနှောင်အဖွဲ့များသည် အလွန်များပြားလှ၏။ သံယောဇဉ် အနှောင်အဖွဲ့၊ ကိလေသာ အနှောင်အဖွဲ့၊ အကုသိုလ် အနှောင်အဖွဲ့ စသည်ဖြင့် အနှောင်အဖွဲ့ အမျိုးမျိုးကြားတွင် တဝဲလည်လည် ဖြစ်နေကြ၏။ တစ်ခါတရံ ရုန်းထွက်မည်ဟု စိတ်ကူးရှိသော်လည်း မထွက်နိုင်သည်ကသာ များနေတတ်၏။ အချို့အလုပ်များသည် မကောင်းမှန်း သိနေသဖြင့် ရုန်းထွက်ရန် ကြိုးစားချင်သော်လည်း ပုထုဇဉ်များ၏ စိတ်အစဉ်မှာ မခိုင်မြဲသေးသဖြင့် အကြောင်းအမျိုးမျိုးဖြင့် တွယ်မြဲတွယ်နေကြပေတော့၏။ 

ရုန်းထွက်သည်ဆိုရာမှာ မကောင်းမှု လုပ်ချင်နေသည့်စိတ်ကို မလုပ်ဖြစ်အောင်၊ လုပ်နေကျဖြစ်သည့် မကောင်းမှု အကုသိုလ်ကို ဆက်မလုပ်ဘဲ ရပ်တန့်နိုင်အောင်၊ လုပ်ခဲ့ပြီး ဖြစ်သည့်မကောင်းမှု အကုသိုလ်များတွင် နောင်တများဖြင့် ပူဆွေးမှုဖြစ်ကာ အကုသိုလ်များ ထပ်မတိုးပွားအောင် ရုန်းထွက်ခြင်းမျိုး၊ ကောင်းမှုကုသိုလ်ကို မလုပ်ချင်သော်လည်း လုပ်ဖြစ်အောင်၊ မလုပ်ဖူးသေးသည့် ကောင်းမှုအမျိုးမျိုးကို လုပ်ဖြစ်အောင်၊ လုပ်ခဲ့ပြီးသော ကောင်းမှုအစုစုကို ပြန်လည်ဆင်ခြင်ခြင်းဖြင့် ကုသိုလ်အကျိုး ထပ်တိုးရအောင် မိမိကိုယ်ကို ဆုံးမပြုပြင် နေထိုင်ခြင်းမျိုးကို ဆိုလိုခြင်းဖြစ်၏။ 

အမှန်စင်စစ် ထိုအမျိုးမျိုးသော အနှောင်အဖွဲ့များမှ ရုန်းမထွက်နိုင်သေးသမျှ ပုထုဇဉ်သည် ပုထုဇဉ်မျှသာ ဖြစ်နေပြီး တစ်ခါတရံ အန္ဓပုထုဇဉ်ဟုခေါ်သည့် အကန်းပုထုဇဉ်အဖြစ်မျိုးမှာပင် ပြန်လည်သွားသူများ ဖြစ်နေတတ်၏။ ထိုအနှောင်အဖွဲ့များမှ ရုန်းထွက်နိုင်မှသာ ပုထုဇဉ်သည် ကလျာဏပုထုဇဉ်၊ ထိုမှ အရိယာ သူတော်စင်အဖြစ် ရောက်ရှိနိုင်ကြမည် ဖြစ်၏။ အရိယာ အဖြစ်ကို အသာထား အန္ဓပုထုဇဉ်ဘဝမှသည် ကလျာဏပုထုဇဉ် ဘဝမျိုး ဖြစ်ရန်ပင် အတော်ကြိုးစားရမည့် သဘောရှိ၏။ 

မည်သို့ဆိုစေ အနှောင်အဖွဲ့မှာ တွယ်ငြိပြီး သံသရာတွင် လည်နေကြမှုများမှ ရုန်းထွက်နိုင်ရန် မိမိကိုယ်ကို သတိပြုဆင်၍ အသိပညာ တရားများဖြင့် ကြိုးစားကြရန်သာ ဖြစ်ပါ၏။ လွှတ်ထားလျှင် ဇွတ်သွားတတ်သည့် စိတ်ကို သတိတရားဖြင့် ထိန်းကျောင်းပြုပြင်ကာ အကုသိုလ်အမှုများမှ ရုန်းထွက်၍ ကုသိုလ်အလုပ်ဖြင့် အစားထိုးနိုင်ရန် ကြိုးစားကြရမည်သာ ဖြစ်ပါ၏။ သို့မှသာ လွတ်မြောက်မှုကို ရယူနိုင်ကြမည် ဖြစ်ပါ၏။ 

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

လေတိုက်တိုင်းသာ ယိမ်းနေကြမယ်ဆိုရင်ဖြင့်


“သစ်ပင်တွေမှာ အမြင့်ဆုံးမှာရှိနေတဲ့ အကိုင်းအခက်အလက်တွေဟာ အောက်ခြေမှာရှိနေတဲ့ အကိုင်းအခက်တွေထက် ပိုပြီး လေအတိုက်ခံရတတ်ပါတယ်။ ဒီလိုပဲ လောကမှာ အမြင့်ရောက်တဲ့သူ၊ အလုပ်များများ လုပ်နေတဲ့သူဟာ ပိုပြီးအတိုက်အခိုက် ခံရတတ်ပါတယ်။” 

လူ့လောက အတိုက်အခိုက်တွေနဲ့ ပတ်သက်ပြီး တစ်လောက လူမှုရေး လုပ်ငန်းလေးတွေ လုပ်နေတဲ့ ဒကာလေးတစ်ယောက် သူ့အပေါ် ပြောဆိုလာတဲ့ စကားတွေ၊ အတိုက်အခိုက်တွေကြောင့် ဒီလုပ်ငန်းအပေါ်မှာ မလုပ်တော့ဘဲ စိတ်ဓာတ်လေးတွေ လျော့နည်းလာတဲ့အဖြစ်နဲ့ ကြုံတွေ့ခဲ့ရလို့ သူ့ကို ဖြောင့်ဖျရင်း အားပေးခဲ့ရပါသေးတယ်။ ဟုတ်ပါတယ်။ အတိုက်အခိုက်ဆိုတာက အလုပ်လုပ်နေတဲ့ သူတွေအတွက်တော့ မဖြစ်မနေ ကြုံကိုကြုံနေရမှာ ဖြစ်ပါတယ်။ မလုပ်ရင် ဘာမှမဖြစ်ပေမယ့် လုပ်မိလို့ကတော့ လုပ်တဲ့အားနဲ့အမျှ တိုက်ခိုက်မှု အနှောက်အယှက်တွေကလည်း ရှိနေကြမှာ ဖြစ်ပါတယ်။ လုပ်တဲ့သူမပြောနဲ့ ဘာမှမလုပ်ဘဲ နေတဲ့သူတွေကိုတောင် ပြောချင်တဲ့သူတွေက ဘာမှမလုပ်လို့ ပြောချင်ကြသေးတာဆိုတော့ လုပ်နေတဲ့သူတွေ အတွက်တော့ အထူးပြောစရာကို မလိုတော့ပါဘူး။ နှောက်ယှက်တိုက်ခိုက်မှုတွေက ရှိကိုရှိနေကြမှာ ဖြစ်ပါတယ်။ အဓိကကတော့ ဘယ်လိုတိုက်ခိုက်မှုမျိုးပဲ လာလာ မတုန်မလှုပ် ရင်ဆိုင်နိုင်အောင် ကိုယ့်ဘက်က ပြင်ဆင်ထားဖို့ပဲ ဖြစ်ပါတယ်။

တကယ်တော့ လူ့လောကရဲ့ အတိုက်အခိုက်တွေဆိုတာ လေတွေပါပဲ။ လေဆိုတာ တိုက်တဲ့အရာ ဖြစ်တဲ့အတွက် လေဟာပြင်ထဲကို ထွက်လာရင် လေရဲ့တိုက်တာကိုတော့ ခံကိုခံရမှာ ဖြစ်ပါတယ်။ အဲဒီလို လေတိုက်တာခံရတဲ့ အခါမှာသာ ကိုယ်က ယိမ်းယိုင်ပြီး လဲမသွားအောင် ထိန်းနိုင်ဖို့ပဲ ဖြစ်ပါတယ်။ လေတိုက်ခံရတဲ့ အရာတွေကိုကြည့်ရင် အမြင့်မှာရှိတဲ့ အရာတွေက ပိုပြီးတိုက်တာ ခံရတဲ့ သဘောရှိသလို လောကကြီးမှာလည်း လုပ်ငန်းဆောင်တာ နေရာဌာန အမြင့်ကို ရောက်နေတဲ့သူတွေမှာ ပိုပြီးအတိုက်အခိုက်တွေ ခံရတတ်တဲ့ သဘောရှိပါတယ်။ သစ်ပင်တွေမှာဆိုရင် ထိပ်ဆုံးမှာ ရှိနေတဲ့ သစ်ရွတ်သစ်ခက်တွေဟာ တဖျပ်ဖျပ်နဲ့ အသံထွက်အောင် ပိုပြီးအတိုက်အခိုက် ခံရတတ်သလို လုပ်ငန်းခွင်တွေမှာလည်း သူ့အဆင့်နဲ့သူ အမြင့်ရောက်လာတဲ့ သူတွေမှာ ပိုပြီးအသံထွက်အောင် တိုက်ခိုက်ခံရတတ်ပါတယ်။ ဒါဟာ သဘာဝပါပဲ။ ဘာမှမဟုတ်တဲ့ နေရာဌာနလေးတွေမှာတောင် အချင်းချင်း အတိုက်အခိုက် ခံနေရတတ်တာဆိုတော့ နည်းနည်းဟုတ်တဲ့နေရာ၊ နည်းနည်းမြင့်တဲ့နေရာ၊ ဒီထက်ပိုပြီး ဟုတ်တဲ့မြင့်တဲ့ နေရာတွေမှာဆိုရင် အထူးပြောစရာမရှိ တိုက်ခိုက်တာတွေက သေချာပေါက် ရှိနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဆိုတော့ကား တိုက်ခိုက်တတ်တာဟာ လေတွေနဲ့ လူတွေရဲ့ အလုပ်ဖြစ်ပြီး တိုက်ခိုက်တာကို ခံနိုင်ရည်ရှိအောင် ကြိုးစားရမှာက အတိုက်အခိုက်ခံ သစ်ပင်တွေနဲ့ ကိုယ့်ကိုယ်တိုင်ရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ အတိုက်အခိုက်တွေ ဘယ်လောက်ပဲပြင်းပြင်း အကိုင်းအခက်တွေ မကျိုးမပဲ့အောင် စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေကို ဉာဏ်နဲ့ယှဉ်ပြီး ကျော်လွှားနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ တစ်ခါတလေ သစ်ပင်တွေလိုပေါ့။ သစ်ပင်တွေမှာ အပင်ကြီးတွေဟာ လေပြင်လေးညှင်းလေးတွေဆိုရင် ဘာမှမဖြစ်ပေမယ့် ပြင်းထန်တဲ့ လေမုန်းတိုင်းတွေ တိုက်ခတ်လာတဲ့ အခါမှာတော့ တင်းလွန်းအားကြီးရင်း နောက်တော့ အကိုင်အခက်တွေ ကျိုးပဲ့ကာ အမြစ်ပါ လန်သွားတာတွေကို သတိပြုမိရင် တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ကိုင်းပင်လေးတွေကတော့ တိုက်လာတဲ့လေတွေအပေါ်မှာ အလိုက်သင့်လေးပဲ ယိမ်းထိုးပေးနေတဲ့အတွက် အကိုင်းအခက်ကျိုးတာတွေ မရှိဘဲ လေငြိမ်သွားတဲ့အခါ ပုံမှန်အတိုင်းပဲ ပြန်ထောင်နေတာတွေလည်း ရှိပါတယ်။

လူ့လောက၊ လူ့အသိုင်းအဝိုင်းမှာလည်း ဒီလိုပဲ ရှိတတ်ပါတယ်။ တိုက်ခိုက်လာတဲ့ အတိုက်အခိုက်တွေကို ကိုယ်က ဉာဏ်နဲ့ယှဉ်ပြီး ခံနိုင်ရည်ရှိအောင် ကြိုးစားကြည့်ကြရမှာ ဖြစ်ပါတယ်။ နည်းနည်းတိုက်ခိုက်လာရင် နည်းနည်းလေးနဲ့ ခံနိုင်အောင် ကြိုးစားပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်လာရင်တော့ ဉာဏ်နဲ့ယှဉ်ပြီး ကိုယ့်ကိုယ်ကို အကိုင်းအခက်တွေ မကျိုးမပဲ့အောင် တိမ်းရင်းရှောင်းရင်း ပျော့ပျော့ပြောင်းပြောင်းလေးနဲ့ ခံနိုင်ရည် ရှိအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အတိုက်အခိုက်တွေကို တန်ပြန်တိုက်ခိုက်တဲ့အခါ ကိုယ့်ရဲ့အားနဲ့ အတိုက်အခံအားအပေါ်လိုက်ပြီး တစ်ခါတလေ ကိုယ်ပဲကျိုးပဲ့ သွားတတ်တာတွေ ရှိတဲ့အတွက် တိုက်ခိုက်မှုတွေကို တန်ပြန်ပြီး တိုက်ခိုက်တာထက် တိုက်ခိုက်လာသမျှကို မယိမ်းမယိုင် ခံနိုင်ရည်ရှိအောင် ကြိုးစားတာက ကိုယ့်အတွက် အကောင်းဆုံးပဲ ဖြစ်ပါတယ်။ သူများကိုလည်း မတိုက်ခိုက်ဘဲ ကိုယ့်ထံရောက်လာတဲ့ အတိုက်အခိုက်တွေမှာလည်း ရင်ဆိုင်ကျော်လွှားနိုင်အောင် ကိုယ့်ကိုယ်ကို ဉာဏ်နဲ့ယှဉ်ပြီး နေထိုင်လေ့ကျင့်တာဟာ အတိုက်အခိုက် လောကဓံကို ရင်ဆိုင်ဖို့အတွက် အကောင်းဆုံးပဲ ဖြစ်ပါတယ်။

အတိုက်အခိုက် လောကဓံတွေကို ရင်ဆိုင်နိုင်ဖို့အတွက် ကိုယ့်မှာလက်နက်တွေ အပြည့်ဖြည့်ထားဖို့ လိုပါတယ်။ လောကကြောင်းအရ ဖြည့်သင့်ဖြည့်ထိုက်တဲ့ အသိပညာ၊ အတတ်ပညာတွေ ဖြည့်ထားဖို့ လိုသလို ဓမ္မကြောင်းအရလည်း ကိုယ့်ကျင့်သီလတွေ၊ သမာဓိအကျင့်တွေ၊ ပညာအကျင့်တွေကိုလည်း အားဖြည့်ထားရမှာ ဖြစ်ပါတယ်။ သီလတရား၊ သဒ္ဓါတရား၊ ပညာတရား၊ ဝီရိယတရားလေးတွေနဲ့ ကိုယ့်ကိုယ်ကို အားဖြည့်ထားမယ်ဆိုရင် အမြဲမရှိတဲ့ တိုက်ခိုက်မှုတွေမှာ အလွဲမရှိဘဲ ယှဉ်ဆိုင်ကျော်လွှားနိုင်ကြမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် တိုက်တတ်တဲ့ လေကပဲဖြစ်ဖြစ်၊ တိုက်ခိုက်တတ်တဲ့ လူတွေကပဲ ဖြစ်ဖြစ် တိုက်ခိုက်လာတဲ့အခါ လေတိုက်တိုင်း မယိမ်းဘဲ ခံနိုင်တဲ့ သစ်ပင်တွေ၊ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေမှာလည်း အလိုက်သင့် ရှောင်တိမ်းတတ်တဲ့ သစ်ပင်လေးတွေလို လူအမျိုးမျိုးနဲ့ တိုက်ခိုက်မှု အမျိုးမျိုးကို ခံရတတ်တဲ့ လူတွေအနေနဲ့လည်း တစ်ချို့တိုက်ခိုက်မှုတွေမှာ မယိမ်းယောင်အောင် ကြိုးစားပြီး တစ်ချို့တိုက်ခိုက်မှုတွေမှာလည်း အလိုက်သင့် ရှောင်တိမ်းနိုင်အောင် ကြိုးစားကာ ကိုယ့်ကိုယ်ကို မကျိုးမပဲ့အောင်သာ အသိ၊ သတိ၊ သမာဓိ၊ ဝီရိယ စသည်များနဲ့ ခံနိုင်ရည်ရှိအောင် ရင်ဆိုင်ကျော်လွှားကြရမှာ ဖြစ်ပါကြောင်း အသိပေး တင်ပြလိုက်ရင်း တိုက်ခိုက်မှု မှန်သမျှ မယိမ်းမယိုင် သတိခိုင်ခိုင် ထားကြဖို့ စေတနာထား မေတ္တာအားဖြင့် သိသမျှနဲ့ အသိမျှလိုက်ရပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

သည်းခံခြင်းအတွက် မှတ်ချက်

သည်းခံခြင်းအတွက် မှတ်ချက်
--------------------
သည်းခံမှုနဲ့ ပတ်သက်ပြီး ဒကာလေးတစ်ယောက်က လျှောက်ဖူးပါတယ်။ ဘယ်လိုကျင့်သုံးရမလဲတဲ့။ 

ဘယ်လိုကျင့်သုံးရမလဲဆိုတော့ သည်းခံပေါ့လို့။ ဒါပေမယ့် အနှိမ်ခံဖို့တော့ မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓကလည်း သည်းခံဖို့ မိန့်ပါတယ်။ ဒါပေမယ့် မှန်တာကိုတော့ မှန်တဲ့အကြောင်း၊ မဟုတ်တာကိုတော့ မဟုတ်တဲ့အကြောင်း ပြန်ပြောဖို့နဲ့ မှားရင်လည်း မှားကြောင်းဝန်ခံရမယ်တဲ့လေ။ အဲဒီလို ကျင့်သုံးရမှာပါ။

နာက်တစ်ချက်က သည်းခံတယ်ဆိုတဲ့နေရာမှာ မှားမှားမှန်မှန် သည်းခံနေဖို့ မဟုတ်ပါဘူး။ အကြောင်းအရာတစ်ခုဟာ ကိုယ်သည်းခံလိုက်တဲ့အတွက် ကိုယ့်အတွက်လည်း အကျိုးရှိသွားမယ်၊ သူ့အတွက်လည်း အပြစ်မဖြစ်ဘူး အကောင်းဘက်ကို ဦးတည်သွားနိုင်တယ်ဆိုရင် ဘာပဲဖြစ်ဖြစ် သည်းခံရမှာ ဖြစ်ပါတယ်။ တစ်ချို့ကိစ္စတွေကျတော့ သည်းခံခြင်းအားဖြင့် ကိုယ့်မှာအကုသိုလ် အပြစ်တွေပဲ ထပ်တိုးနေတယ်၊ သည်းခံမှန်းသိလို့ တဖက်ကလည်း ဆက်ပြီးအကုသိုလ်ဖြစ်အောင် လုပ်သလိုဖြစ်နေတယ်၊ လုပ်တဲ့သူမှာလည်း အပြစ်တွေထပ်တိုးနေမယ်ဆိုရင် ဒါမျိုးကတော့ အမှန်တရားနဲ့ တော်လှန်နိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ တဖက်သူကို ရန်ပြုဖို့မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် အပြစ်မရှိ အကျိုးရှိသွားစေဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် သည်းခံတာကောင်းပါတယ်။ ဒါပေမယ့် ကုသိုလ်အတွက် သည်းခံပြီး အကုသိုလ်အတွက်တော့ တွန်းလှန်ဖို့ လိုပါတယ်။ ဒီတွန်းလှန်မှုဟာ ဒေါသနဲ့တွန်းလှန်တာ မဟုတ်ပါဘူး။ အကျိုးကို လိုလားတဲ့ မေတ္တာကို အခြေခံတဲ့ တွန်းလှန်မှုပါပဲ။

[မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)]

Read more »

ငြိမ်းချမ်းရေးအတွက် သက္ကပဥှသုတ်ရဲ့ မှတ်ချက်


သိကြားမင်းမေးလို့ ဘုရားရှင် ဖြေတော်မူတဲ့ သုတ်တော်တစ်ခုကို ညွန်းပါဆိုရင် သက္ကပဥှသုတ်တော်ကို အထူးညွန်းချင်ပါတယ်။ ဒီသုတ်တော်မှာ သိကြားမင်းက ဘုရားရှင်ထံလာပြီး သတ္တဝါတွေ မငြိမ်းချမ်းနိုင်ခြင်းရဲ့ အကြောင်းကို မေးလျှောက်လို့ ဘုရားရှင်က ဖြေကြားပေးခဲ့ပါတယ်။ အဲဒီ အမေးအဖြေအပေါ် မှတ်ချက်ပြုကြည့်တော့ ဒီလိုလေး တွေ့ရပါတယ်။

မနာလိုခြင်း ဣဿာ၊ ဝန်တိုခြင်း မစ္ဆရိယတွေ ရှိနေရင် သတ္တဝါတွေ ငြိမ်းချမ်းချင်ပေမယ့် မငြိမ်းချမ်းနိုင်ဘူးတဲ့။
အဲဒီ မနာလိုခြင်း၊ ဝန်တိုခြင်းတွေဟာ ချစ်ခြင်း၊ မုန်းခြင်းဆိုတဲ့ သံယောဇဉ်ကြောင့် ဖြစ်လာတတ်ပြီး
အဲဒီ အချစ်အမုန်း သံယောဇဉ်ဟာလည်း လိုချင်ခြင်း ဆန္ဒကြောင့် ဖြစ်ပေါ်စေကာ
အဲဒီ လိုချင်ခြင်းဟာလည်း ကြံစည်ခြင်း ဝိတက်ကြောင့် ဖြစ်ပေါ်လာတတ်တဲ့အပြင်
အဲဒီကြံစည်ခြင်းဟာလည်း တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ သံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စတရားကြောင့် ဖြစ်ပေါ်တတ်ပါတယ်တဲ့။

အရင်းစစ်တော့ သတ္တဝါတွေ မငြိမ်းချမ်းတာဟာ တဏှာ၊ မာန၊ ဒိဋ္ဌိကို အခြေခံရာက ကြံစီခြင်းတွေဖြစ်၊ အကြံတွေက ဆန္ဒတွေဖြစ်၊ ဆန္ဒတွေက အချစ်အမုန်းတွေဖြစ်၊ အချစ်အမုန်းတွေက မနာလိုခြင်းဝန်တိုခြင်းတွေအထိ ဖြစ်ပေါ်လာပြီး နောက်ဆုံး သတ္တဝါတွေ မငြိမ်းချမ်းနိုင်တဲ့အထိ ဖြစ်သွားစေတော့တာပါ။ 

ဆိုတော့ကား ဒီတရားတွေ မဖြစ်စေဖို့ ဘာလုပ်သင့်သလဲဆိုတော့ ခံစားချက်ကို ရှုပွားတတ်တဲ့ အကျင့်နဲ့နေကြည့်ဖို့ပါပဲတဲ့။ ရှုပွားတယ်ဆိုတာ ခံစားဖို့ မဟုတ်ပါဘူး။ အစွဲမကပ်အောင် သိမှတ်ဖို့ပါပဲ။ ကောင်းရင်လည်း ကောင်းတဲ့ခံစားချက်အပေါ်မှာ အစွဲမကပ်ဘဲ အသိကပ်ဖို့၊ မကောင်းရင်လည်း မကောင်းတဲ့ ခံစားချက်အပေါ် အစွဲမကပ်ဘဲ အသိကပ်ဖို့၊ ကောင်းတာလည်း မဟုတ်။ မကောင်းတာလည်း မဟုတ်ရင်လည်း အဲဒီခံစားချက်အပေါ်မှာ အစွဲမကပ်ဘဲ အသိကပ်ဖို့ပါ။ ဒီလို ခံစားချက်မှန်သမျှကို လိုက်မခံစားဘဲ သတိနဲ့ သိမှတ်နိုင်ရင် အစွဲတဏှာ၊ အထင်မာန၊ တစ်လွဲဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားတွေကို တဖြည်းဖြည်း ခွါလာနိုင်မှာပါ။ အဲဒီ တရားသုံးပါးကို ခွါထားနိုင်ရင် သူ့ကိုအကြောင်းပြုပြီး ဖြစ်လာနိုင်တဲ့ အကြံတွေ၊ အကြံကြောင့် ဖြစ်လာနိုင်တဲ့ လိုချင်မှုတွေ၊ အလိုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အချစ်အမုန်းတွေ၊ အချစ်အမုန်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ မနာလိုခြင်း ဝန်တိုခြင်းတွေဟာလည်း တဖြည်းဖြည်းနည်းလာကြမှာပါ။ မနာလိုတာတွေ ဝန်တိုတာတွေ နည်းလာရင် သေချာတယ် အားလုံးဟာ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားကြမှာ အမှန်ပါပဲ။ 

“မနာလိုခြင်း၊ ဝန်တိုခြင်း အရှင်းကင်းပါစေ။”

မြတ်ဗုဒ္ဓ၏ သက္ကပဥှသုတ်တော်ကို ပူဇော်ရင်း

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

ကထိန်အကြောင်း သိကောင်းစရာ

သီတင်းကျွတ်ပြီးသွားပြီဆိုတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် နောက်ထပ်ဘာသာရေးဆိုင်ရာ ထင်ရှားတဲ့ ကုသိုလ်ပွဲတစ်ခုအနေနဲ့ ကထိန်အလှူပွဲတွေက အသီးသီး ရှိလာနေကြမှာ ဖြစ်ပါတယ်။ ဘုရားဝိနည်းတော် သတ်မှတ်ချက်အရ သီတင်းကျွတ် လပြည့်ကျော် (၁)ရက်နေ့ကစပြီး တန်ဆောင်မုန်း လပြည့်နေ့အထိ (၁)လတာ ကာလကို ကထိန်အလှူပွဲ ကျင်းပရာ ကာလအဖြစ် မြန်မာနိုင်ငံတ၀ှန်းလုံးရှိ အနယ်နယ်အရပ်ရပ်မှာ ကထိန်ပွဲတွေကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပပြုလုပ်ကြမှာ ဖြစ်ပါတယ်။ ကထိန်ပွဲတွေ လုပ်ကြတော့မယ်ဆိုတော့ ဘာရယ်မဟုတ်ဘူး သူ့ထက်ငါ အပြိုင်အဆိုင် လုပ်ချင်ကြတာပဲ သိတာများတတ်ပါတယ်။ ကထိန်ဆိုရင် ပဒေသာပင်ကြီးတွေ သီးပြီး ဆိုင်းသံဘုံသံ တညံညံနဲ့ အနယ်နယ်အရပ်ရပ်မှာ လှည့်လည်ကာ နောက်ဆုံးဘုန်းကြီးကျောင်းကို ပို့ဆောင်လှူဒါန်းကြတဲ့ပွဲလို့ အများက သိနေတတ်ကြပါတယ်။ ကထိန်ဆိုတာဘာလဲ၊ ဘာကြောင့် ဒီအလှူကို ကထိန်လို့ ခေါ်တာလဲ၊ ကထိန်ခင်းတယ်ဆိုတာ ဘာကိုပြောတာလဲ စသဖြင့် မေးလာခဲ့မယ်ဆိုရင်တော့ တိတိကျကျ ပြောဆိုရှင်းပြဖို့ ခက်တတ်ကြပါတယ်။ ဒါကြောင့် ကထိန်နဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာလေးတွေ သိထားဖို့ ကထိန်အကြောင်း သိကောင်းစရာ ဆိုတဲ့ ဒီပို့စ်လေးကို ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။

ကထိန်ဖြစ်ပေါ်လာပုံမြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံးနေတော်မူနေတဲ့ အချိန်တုန်းက ဖြစ်ပါတယ်။ အာရညကဓုတင်၊ ပိဏ္ဍပါတဓုတင်၊ ပံ့သုကူဓုတင်၊ တိစီဝရိတ်ဓုတင်ကို ဆောက်တည်ကြတဲ့ ပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်ဟာ မြတ်စွာဘုရားရှင်ကို ဖူးမျှော်ဖို့ အလွန်ဝေးတဲ့ အရပ်ကနေ သာဝတ္ထိပြည်ကိုလာရင်း လမ်းမှာဝါဆိုရမယ့်နေ့ နီးလာတဲ့အတွက် သာဝတ္ထိပြည်အထိ မသွားနိုင်တော့ဘဲ သာဝတ္ထိပြည်နဲ့ ယူဇနာ (၆၀)ဝေးကွာတဲ့ သာကေတမြို့မှာပဲ ၀ါဆိုလိုက်ရတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။ အဲဒီရဟန်းတော်များဟာ ဘုရားရှင်သီတင်းသုံးတော်မူရာ သာဝတ္ထိပြည်အနီးမှာ ရောက်နေပြီးမှ ဘုရားရှင်ကို မဖူးမျှော်ရပဲ ၀ါဆိုနေရတဲ့အတွက် စိတ်နှလုံး မပျော်မွေ့ပဲ ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ၀ါကျွတ်တဲ့အခါ ဘုရားရှိရာ အရပ်ကို ထွက်လာခဲ့ကြပါတယ်။ လမ်းခရီးမှာ မိုးကလည်း အလွန်ကြီးတဲ့အတွက် အဲဒီရဟန်းများ ၀တ်ရုံထားတဲ့ သင်္ကန်းနဲ့ ဓုတင်ဆောင် နှစ်ထပ်သင်္ကန်းများဟာ မိုးရေများနဲ့ အရမ်းကို စိုရွဲနေကြပါတယ်။ ဘုရားထံမှောက် ရောက်လာကြတဲ့ အဲဒီရဟန်းတော်များကို ဘုရားရှင်က ၀ါတွင်းကာလ ချမ်းချမ်းသာသာ သီတင်းသုံးခဲ့ရမှု ရှိမရှိ မေးမြန်းတဲ့အခါ ပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်ဟာ မိမိတို့ရဲ့ အဖြစ်ကို အကျိုးအကြောင်း လျှောက်ပြပါတယ်။

ဒီလို ရဟန်းတော်တို့ရဲ့ အခက်အခဲ အခြေအနေများကြောင့် မြတ်စွာဘုရားရှင်က “ရဟန်းတို့ ၀ါကျွတ်ပြီးသော ရဟန်းတို့အား ကထိန်ခင်းခြင်းငှါ ခွင့်ပြု၏၊ ရဟန်းတို့ ကထိန်ခင်းပြီးသော ရဟန်းတို့အား ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း၊ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း၊ ဂဏဘောဇဉ်ကို စားနိုင်ခြင်း၊ အလိုရှိတိုင်း အဓိဋ္ဌာန် ၀ိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း၊ ထိုကထိန်းခင်းသော ကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော ရဟန်းတို့အား ဖြစ်ရခြင်းဟူသော ဤငါးပါးသော အာနိသင်တို့ ရကုန်၏” စသဖြင့် မိန့်တော်မူကာ ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူပါတယ်။ ဒါဟာ ကထိန်ခင်းခြင်းနဲ့ ကထိန်သင်္ကန်းအလှူ ဖြစ်ပေါ်မှုရဲ့ အစပဲ ဖြစ်ပါတယ်။

ကထိန်ဆိုတာကထိန်ဆိုတာ ကထိနဆိုတဲ့ ပါဠိစကားကို မြန်မာမှုပြုပြီး အလွယ်အသုံးပြုထားတဲ့ ပါဠိပျက် ဝေါဟာရစကားလုံး ဖြစ်ပါတယ်။ ကထိနရဲ့ အဓိပ္ပါယ်က ခိုင်မြဲခြင်း၊ မြဲမြံခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက ကထိန်ဆိုတာ ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့ကစပြီး သီတင်းကျွတ်လပြည့်နေ့ အထိ (၃)လတာ ၀ါဆိုဝါကပ် ပြုတော်မူပြီးကြတဲ့ ရဟန်းတော်များအား သင်္ကန်းဆက်ကပ်လှူဒါန်းပြီး ဒီသင်္ကန်းကို အလှူခံ ရရှိတဲ့ ရဟန်းတော်များဟာ ဒီသင်္ကန်းကို အကြောင်းပြုကာ ၀ိနည်းတော်များထဲက သိက္ခာပုဒ်အချို့ကို ကာလအပိုင်းအခြား တစ်ခုအနေနဲ့ ကင်းလွှတ်ခွင့်ဆိုတဲ့ အကျိုးအာနိသင်ကို သေချာပေါက် ခိုင်ခိုင်မြဲမြဲ ရစေနိုင်တဲ့ အတွက် ကထိန- ကထိန်လို့ ဆိုတာ ဖြစ်ပါတယ်။ ဒီကထိန်ခင်းတာဟာ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တဲ့ အလှူဖြစ်တဲ့အတွက် ဒီသင်္ကန်းကိုလည်း ကထိန်သင်္ကန်း၊ ဒီအလှူကိုလည်း ကထိန်အလှူလို့ ဆိုခြင်းဖြစ်ပါတယ်။

ကထိန်ခင်းတယ်ဆိုတာဘယ်မြို၊ ဘယ်ကျောင်းမှာ ကထိန်သွားခင်းမလို့ ဆိုတဲ့ အပြောအဆိုအသုံး အနှုန်းကို လူအတော်များများ ပြောဆိုသုံးစွဲတတ်ပါတယ်။ တကယ်တော့ ကထိန်ခင်းတာဟာ လူတွေက ခင်းရတာမဟုတ်ပါဘူး။ ရဟန်းတော်များကသာ ခင်းရတာ ဖြစ်ပါတယ်။ လူတွေက ရဟန်းတော်များ ကထိန်ခင်းနိုင်အောင် သင်္ကန်းကို လှူဒါန်းပေးတဲ့ ကထိန်သင်္ကန်း အလှူရှင်အဖြစ်ပဲ ခံယူနိုင်တာ ဖြစ်ပါတယ်။ ကထိန်ခင်းတာဟာ သံဃာတော်များရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ ကထိန်ခင်းဖို့အတွက် သံဃဿဒေမ ဆိုပြီး လှူဒါန်းလိုက်တဲ့ ဒီသင်္ကန်းကို သံဃာတော်များက သိမ်ထဲမှာ ကထိန်သင်္ကန်း အလှူခံမယ့် ကျောင်းမှာရှိတဲ့ ရဟန်းတော်တစ်ပါးကို သံဃာအများ သဘောတူမှုနဲ့ ရွေးချယ်ပြီး သင်္ကန်းအလှူရှင်များ လှူဒါန်းထားတဲ့ အဲဒီသင်္ကန်းကို ကမ္မ၀ါစာနဲ့ ရွတ်ဖတ်ကာ ပေးကြရပါတယ်။ အဲဒီလို ကမ္မ၀ါစာနဲ့ ရွေးချယ်ပေးလာတဲ့ သင်္ကန်းကို အလှူခံရရှိလာတဲ့ ရဟန်းတော်ဟာ မိမိဝါဆိုရာကျောင်းမှာ ပြန်ပြီးဒီသင်္ကန်းကို ခင်းရပါတယ်။

ခင်းတယ်ဆိုတာ သင်္ကန်းကို အောက်မှာချခင်းတာ မဟုတ်ပါဘူး။ စွန့်သင့်တဲ့သင်္ကန်းကို စွန့်၊ အဓိဋ္ဌာန်တင်သင့်တဲ့ သင်္ကန်းကို တင်ပြီး လက်ရှိအလှူခံ ရရှိလာတဲ့ သင်္ကန်းကို ၀ိနည်းကြောင်းအရ လိုက်နာပြုကျင့်တာကို ပြောတာဖြစ်ပါတယ်။ အဲဒီခင်းထားတဲ့ အကျိုးအာနိသင်ကိုလည်း အဲဒီကျောင်းတိုက်မှာ ရှိတဲ့ အခြားသံဃာတော်များကို အနုမောဓနာပြု သာဓုခေါ်စေပြီး ၀ိနည်းကြောင်းအရ သတ်မှတ်ထားတဲ့ ကထိန်အာနိသင် ငါးမျိုးကို အညီအမျှ ရစေတာဖြစ်ပါတယ်။ ဒီလို ကမ္မ၀ါစာနဲ့ သင်္ကန်းပေးပြီး မိမိဝါဆိုရာ ကျောင်းတိုက်မှာ ကထိန်ပြန်ခင်းကာ အတူတူဝါဆိုဝါကပ် ပြုကြတဲ့ အခြားရဟန်းတော်များနဲ့အတူ အကျိုးအာနိသင်ကို ရယူတဲ့ အစီအစဉ်ကိုပဲ ခြုံငုံပြီး ကထိန်ခင်းတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကထိန်ခင်းတယ်ဆိုတာ လူတွေက ခင်းရတာမဟုတ်ဘဲ ကထိန်ခံ ရဟန်းက ခင်းရတာလို့ ဆိုခြင်းဖြစ်ပါတယ်။

ပြီးတော့ ကထိန်းသင်္ကန်းဟာ ဒီနေ့အလှူခံပြီး ဒီနေ့ပဲ အပြီးကံဆောင်ကာ ခင်းရတာဖြစ်ပါတယ်။ ဒီနေ့အလှူခံပြီး နောက်နေ့တွေမှ ခင်းရင် ကထိန်ခင်းရာ မမြောက်ပါဘူး။ မသိုးသင်္ကန်းဆိုတာ ညလွန်သွားတဲ့ သင်္ကန်းမျိုး မဟုတ်တာကို ပြောတာ ဖြစ်ပါတယ်။ ဒီလို မသိုးသင်္ကန်းဖြစ်မှလည်း ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ သင်္ကန်းကလွဲပြီး တစ်ခြားပစ္စည်းများနဲ့လည်း ကထိန်ခင်းလို့ မရပါဘူး။ ဒီလိုဆိုတော့ တခြားပပေဒသာပင် သီးပြီးလှူတဲ့ အလှူပစ္စည်းများဟာ အခြံအရံ လှူဖွယ်ပစ္စည်းများပဲ ဖြစ်ပါတယ်။ ဒီပစ္စည်းများ၊ ပဒေသာပင်များဟာ ကထိန်ခင်းထိုက်တဲ့ အရာများ မဟုတ်ပါဘူး။ အလိုရှိသလို အသုံးပြုနိုင်တဲ့ အသုံးအဆောင်ပစ္စည်း အလှူများပဲ ဖြစ်ပါတယ်။

ကထိန်ခင်းနိုင်တဲ့ သင်္ကန်းနဲ့ ကထိန်သင်္ကန်းလှူဒါန်းနိုင်သူများဝိနည်းကြောင်းအရ ကထိန်းခင်းနိုင်တဲ့ သင်္ကန်းအမျိုးအစားဟာ ကြိုတင်လှူဒါန်းထားခြင်း မဟုတ်ဘဲ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းမှာ လှူဒါန်းတဲ့ ဒီနေ့လှူ ဒီနေ့ခင်းရမယ့် ညမလွန်တဲ့ မသိုးသင်္ကန်း ဖြစ်ရပါမယ်။ အဲဒီလို သင်္ကန်းမျိုးဆိုရင် သင်္ကန်းသုံးထည်လို့ ခေါ်တဲ့ အပေါ်ရုံ ကိုယ်ဝတ် ဧကသီသင်္ကန်း၊ အောက်ခါးဝတ် သင်းပိုင်သင်္ကန်းနဲ့ ပုခုံးတင် နှစ်ထပ်ဒုကုဋ်သင်္ကန်း တွေထဲက သင့်တော်ရာ တစ်မျိုးမျိုးနဲ့ ခင်းနိုင်ပြီး ဒီသင်္ကန်းအလှူကိုတော့ ရဟန်း၊ ရှင်၊ လူ ဘယ်သူမဆို လှူဒါန်းနိုင်ပါတယ်။

အကြောင်းစုံမှ ခင်းလို့ရကထိန်အလှူဟာ အမြတ်ဆုံး အလှူဖြစ်သလို ကထိန်အလှူ မြောက်ဖို့ဆိုတာလည်း ခက်ခဲတဲ့ သဘောရှိပါတယ်။ ဆရာဒကာ နားလည်မှုနဲ့ အကြောင်းစုံ ညီညွတ်မှ ဒီအလှူ အထမြောက် အောင်မြင်တာ ဖြစ်ပါတယ်။ တကယ်လို့ ၀ါကျွတ်ပြီးတဲ့ ရဟန်းသံဃာတော် တစ်ပါးပါးဟာ မိမိကျောင်းမှာ ကထိန်မရှိ၊ ကထိန်သင်္ကန်း လှူဒါန်းသူမရှိလို့ ဆိုပြီး နီးစပ်ရာ၊ ကြည်ညိုရင်းနှီးရာ ပုဂ္ဂိုလ်တစ်ဦးဦးထံမှာ သွားပြီး အလှူခံကာ မိမိတို့ ပယောဂကြောင့် ရလာတဲ့ သင်္ကန်းဖြစ်ခဲ့မယ်ဆိုရင် အဲဒီသင်္ကန်းနဲ့ ကထိန်ခင်းလို့ မရပါဘူး။ ကထိန်သင်္ကန်းဟာ ရဟန်းတော်များ အနေနဲ့ တိုက်ရိုက်အလှူခံကောင်းတဲ့ သင်္ကန်းလည်း မဟုတ်ပါဘူး။ ကထိသင်္ကန်း အလှူရှင်က မိမိအလိုလို နားလည်သဘောပေါက်ပြီး သံဃာဿဒေမ - သံဃားတော်အား လှူဒါန်းပါ၏လို့ သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ အရှင်ဘုရားအတွက်၊ ဘယ်ဆရာတော်အတွက် စတဲ့ ပုဂ္ဂိုလ်ရည်မှန်းပြီး လှူဒါန်းတဲ့ ပုဂ္ဂလိက အလှူသင်္ကန်းနဲ့ဆိုလည်း ကထိန်းမခင်းနိုင်ပါဘူး။ ရဟန်းတော်များဘက်က ပယောဂကင်းဖို့လိုသလို သင်္ကန်းအလှူရှင်ဘက်ကလည်း သံဃိက အလှူဖြစ်ဖို့လိုကာ ဒီလို နှစ်ဘက်နားလည် ညီညွတ်မှုနဲ့ ရလာတဲ့ သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ နောက် ကာလသတ်မှတ်ချက်ကလည်း တစ်နှစ်မှာ တစ်ခါ၊ တစ်ခါမှာ သင်္ကန်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လ၊ တစ်လမှာလည်း ၀ါဆိုရာ နယ်နိမိတ် သတ်မှတ်ချက်မတူတဲ့ ကျောင်းတစ်ကျောင်းမှာ တစ်ကြိမ်ပဲ ခင်းနိုင်တာ ဖြစ်ပါတယ်။ ပြီးတော့ ကထိန်ခင်းဖို့အတွက် သိမ်ရှိဖို့လိုသလို လေးပါးလေးပါးအထက် ရှိတဲ့သံဃာ အရေအတွက် ပြည့်မီဖို့လည်း လိုပါတယ်။ ဒီလို အကြောင်းအချက်အလက် စုံမှပဲ ကထိန်ခင်းမှု အထမြောက်တယ်၊ ကထိန်အလှူ အောင်မြင်ပြီးမြောက်တယ်လို့ ဆိုတာ ဖြစ်ပါတယ်။

ကထိန်အလှူရဲ့ ထူးခြားမှုဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတွေရဲ့ ချီးမွမ်းမှုကို ခံယူထိုက်တဲ့အတွက် ဒီအလှူကို ကထိန်လို့ ဆိုကြောင်း အဋ္ဌကထာဆရာတော်က ဖွင့်ဆိုပါတယ်။ ဒီလိုဖွင့်ဆိုရတာကလည်း အကြောင်းရှိပါတယ်။ ဒီအလှူဟာ
၁။ သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သံဃိကအလှူ ဖြစ်ရခြင်း
၂။ အချိန်ကာလ သတ်မှတ်ချက် အတွင်းမှာသာ လှူဒါန်းရတဲ့ ကာလဒါန အလှူဖြစ်ခြင်း
၃။ တစ်ခြားပစ္စည်းဝတ္ထုများ မဟုတ်ဘဲ အရဟတ္တဓဇ ခေါ် ရဟန္တာတို့ရဲ့ အလံတံခွန်သဖွယ် ဖြစ်တဲ့ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်ခြင်း
၎။ ဒီအလှူကို အကြောင်းပြုပြီး ရဟန်းတော်များအား ၀ိနည်းသိက္ခာပုဒ် အချို့ကို အချိန်ကာလ တစ်ခုအရ ကင်းလွတ်စေနိုင်တဲ့ အတွက် ၀ိနည်းအလှူ သို့မဟုတ် တရားအလှူခေါ် ဓမ္မဒါန အလှူဖြစ်ခြင်း
 စတဲ့ ထူးခြားချက်များကြောင့် အမြတ်ဆုံးအလှူ၊ အထူးခြားဆုံး အလှူလို့ ဖွင့်ဆိုပြခြင်း ဖြစ်ပါတယ်။

ကထိန်အလှူရဲ့ အကျိုးတရားဒီအလှူရဲ့ လက်တွေ့အကျိုးကတော့ သင်္ကန်းအလှူခံ ရရှိတဲ့ ရဟန်းတော်များဟာ ကထိန်အာနိသင် ရလိုက်တဲ့အတွက် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစပြီး တပေါင်းလပြည့်နေ့အထိ (၅)လအတွင်းမှာ
၁။ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း
၂။ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း
၃။ ထမင်းစားလာပါ၊ မုန့်စားကြွပါ စတဲ့ လူ့အခေါ်အပြောနဲ့ ပင့်ဖိတ်တဲ့ ဂဏဘောဇဉ်ကို စားနိုင်ခြင်း
၎။ အလိုရှိတိုင်း အဓိဋ္ဌာန် ၀ိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း
၅။ ကထိန်ခင်းတဲ့ကျောင်းမှာ သံဃိက သင်္ကန်းဖြစ်ပေါ်လာတဲ့အခါ ကထိန်အာနိသင်ရတဲ့ ရဟန်းအားလုံး ရယူနိုင်ခြင်း
 ဆိုတဲ့ အကျိုးတရား ငါးပါးကို ရရှိနိုင်ပါတယ်။

လူပုဂ္ဂိုလ်များအတွက်ကတော့ ကထိန်သင်္ကန်း လှူဒါန်းခြင်းကို အကြောင်းပြုပြီး
၁။ သင်္ကန်းအလှူ လှူဒါန်းခွင့်ရခြင်း (စီဝရဒါန)
၂။ သံဃိကအလှူ လှူခွင့်ရခြင်း (သံဃိကဒါန)
၃။ ကာလဒါန အလှူလှူခွင့်ရခြင်း (ကာလဒါန)
၎။ ဓမ္မဒါနအလှူ လှူခွင့်ရခြင်း (ဓမ္မဒါန)
 စတဲ့ အကျိုးတရားများကို ရစေနိုင်တဲ့အပြင် ရဟန်းတော်များအား အထက်ပါ ကထိန်အာနိသင် အကျိုးတရား ငါးမျိုးကို ရစေနိုင်သလို ကထိန်သင်္ကန်း လှူဒါန်းတဲ့ အလှူရှင်များမှာလည်း ထိုအကျိုးနဲ့ ထပ်တူစွာ လွတ်လပ်တဲ့ဘ၀မျိုးမှာ ဖြစ်ရခြင်း၊ ထောင်တန်းအချုပ်အနှောင်မှ ကင်းလွတ်ခြင်း၊ စားဖွယ်သောက်ဖွယ် ပေါများကာ အလိုရှိသလို စားသုံးနိုင်ခြင်း၊ မိမိကိုယ်ကို သူတပါးတို့ မလွမ်းမိုးနိုင်ခြင်း၊ မိမိကသာ နေရာတကာ အစိုးရခြင်း စသော အကျိုးတရားများကိုလည်း ရရှိစေနိုင်ပါတယ်။ အထူးကတော့ ရှားရှားပါးပါး ခက်ခက်ခဲခဲ လှူဒါန်းရတဲ့အလှူ ဖြစ်တဲ့အတွက် ရဖို့ခဲရင်းတဲ့ အရာတွေကို ရနိုင်ပြီး နောက်ဆုံး အခက်ခဲဆုံးဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ကိုပါ အထောက်အကူပေးနိုင်တဲ့ အကျိုးတရားပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတော်ကောင်းများက ဒီကထိန်အလှူဟာ အကောင်းဆုံးနဲ့ အမြတ်ဆုံးအလှူလို့ ဆိုကြတာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ကထိန်နဲ့ ပတ်သက်တဲ့ သိသင့်သမျှကို အနည်းငယ်မျှ သိရှိခွင့် ရလောက်မယ်လို့ မျှော်လင့်မိပါတယ်။ တစ်ချို့အကြောင်းအရာများဟာ အကျယ်ရှင်းပြဖို့ လိုပေမယ့် လူတွေအတွက်တော့ ကထိန်နဲ့ ပတ်သက်ပြီး ဒီလောက်သိထားရင်ကိုပဲ ကထိန်အလှူအကြောင်း၊ ကထိန်လုပ်ရခြင်းအကြောင်း၊ ကထိန်အလှူရဲ့ အကျိုးတရားများအကြောင်း အတော်အသင့် ပြောဆိုဆွေးနွေးနိုင်ကြမှာ ဖြစ်ပါတယ်။ အကျယ်သိလိုသူတွေ အနေနဲ့တော့ ၀ိနည်းမဟာဝဂ္ဂပါဠိတော်၊ ကထိနက္ခန္ဓကမှာ ကြည့်ရှုနိုင်ပါကြောင်း ညွှန်းဆိုလိုက်ပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ