မွေးခြင်းနဲ့ သေခြင်းဒဿန...

.ဘုန်းဘုန်းတို့ မကြာမကြာ တရားဟောတဲ့အခါပဲဖြစ်ဖြစ် စကားပြောတဲ့အခါပဲဖြစ်ဖြစ် ပြောဟောပေးလေ့ရှိတဲ့ ဒဿန စာသားလေးတစ်ခုရှိပါတယ်။ ရထားတာကြာပါပြီ။ ဘယ်သူဖော်ထုတ်ခဲ့တယ်ဆိုတာ အတိအကျမသိပေမယ့် အရမ်းကောင်းပြီး၊ အရမ်းအဓိပ္ပါယ် ရှိတဲ့အတွက် အမြဲပြောဆို အသုံးပြုနေမိပါတယ်။ အဲဒီဒဿနလေးက “မွေးသေဒဿန“လို့ ပြောလို့ရတဲ့စာသားလေးပါ။

“လူဟာ မွေးကတည်းက ငိုပြီးထွက်လာရတယ်။ အဲဒီအချိန်မှာ ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေက ပြုံးကြပျော်ကြတယ်။ သေတဲ့အခါမှာ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေက ငိုကြ၀မ်းနည်းကြတယ်။ အဲဒီအချိန်မှာ ကိုယ်ကဘယ်လိုသေမလဲ…ပြုံးပြီးသေမလား..။ တစ်ခါငိုပြီး သေမလား…” တဲ့။


သိပ်ကောင်းပြီး သိပ်အဓိပ္ပါယ်ရှိတယ် စကားလေးပါ။ ဘုန်းဘုန်းတို့ အားလုံးဒီဒဿနလေးကို သေချာတွေးကြည့်ဖို့ လိုပါတယ်။ မှန်ပါတယ်။ လူတိုင်းလူတိုင်း မွေးမွေးချင်း မိခင်ဗိုက်ထဲက ငိုပြီးထွက်လာကြရပါတယ်။ မငိုရင်လည်း ငိုအောင်လုပ်ပေးရပါတယ်။ ဒါမှ အသက်ရှင်လှုပ်ရှားလာတာပါ။ အဲဒီအချိန်မှာ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ်နဲ့သက်ဆိုင်တဲ့သူတွေက “ဟာ…မွေးပြီဟေ့.. ယေက်ျားလေးဟဲ့.. မိန်းခလေးဟဲ့…ကိုယ်လက်အင်္ဂါအစုံပါတယ်ဟဲ့..”စသဖြင့် ၀မ်းသာပျော်ရွှင်ကြပါတယ်။ ဒါဟာ လူသားအားလုံးရဲ့ မွေးဖွားမှုအစပါ။ ဒါပေမယ့် သေတဲ့အခါတော့ အဲလိုမဟုတ်ပါဘူး။ မသေခင် အစမ်းသေကြည့်ကြပါ။ သေတဲ့အခါမှာ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ်နဲ့ပတ်သက်တဲ့ သူတွေက ၀မ်းနည်းကြ၊ ငိုကြပူဆွေးကြ၊ နှမြောတသဖြစ်ကြပါတယ်။ အဲဒီအခါမှာ ကိုယ်ကဘယ်လိုသေမလဲ ကြိုတင်စဉ်းစားကြဖို့ပါ။ ပြုံးပြီး သေမလား…။ ငိုပြီးသေမလား…။ ငိုပြီး သေသွားမယ်ဆိုရင်တော့ အရှုံးနဲ့သေတာပါပဲ။ မွေးတုန်းကလည်း ငိုပြီးမွေးလာခဲ့ရတယ်။ သေတဲ့အခါမှာလည်း ငိုပြီးသေသွားရမယ်ဆိုရင် ရှုံးပြီပေါ့။ ဒီတော့ ဘုန်းဘုန်းတို့က မွေးတဲ့အခါတုန်းက ငိုပြီး မွေးခဲ့ရပေမယ့်။ သေတဲ့အခါမှာ ပြုံးပြီးသေနိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။

မှန်ပါတယ်။ ပြုံးပြီးသေနိုင်ဖို့အတွက် အခုလက်ရှိအချိန်မှာ အကောင်းဆုံးဖြစ်အောင်၊ ကုသိုလ်တရားတွေနဲ့ ပျော်နိုင်အောင်ကြိုးစားရပါမယ်။ ကုသိုလ်ကောင်းမှုတွေကသာ လူတစ်ယောက်ကို ပြုံးပြီးသေနိုင်အောင် လုပ်ပေးနိုင်စွမ်းရှိပါတယ်။ ကျန်တဲ့အချိန်တွေမှာ သိပ်မသိသာပေမယ့် သေခါနီးအခါမှာတော့ ကုသိုလ်တွေနဲ့ ပြည့်နေတဲ့သူနဲ့ အကုသိုလ်တွေပဲ လုပ်ခဲ့တဲ့သူ သိပ်ကိုကွာခြားပါတယ်။ ကုသိုလ်တရားရှိတဲ့သူက သေရမှာကို မကြောက်ပါဘူး။ ပြုံးပြီးသေနိုင်ပါတယ်။ အကုသိုလ်တွေနဲ့နေခဲ့တဲ့သူကတော့ သေခါနီးမှာ ဘယ်လိုမှ မပြုံးနိုင်တော့ပါဘူး။ သေပြီးနောက်ဘ၀မှာ အကျိုးပေးမယ့်နိမိတ်တွေ ထင်လာတဲ့အခါ ပိုပြီးဆိုးပါတယ်။ အဲဒီအချိန်ဆိုရင်တော့ သူ့အတွက် ငိုပြီးသေရုံမှတစ်ပါး ဘာမှမရှိတော့ပါဘူး။ ဒါကြောင့် ဘုန်းဘုန်းတို့ ပြင်ဆင်ထားရမှာက မွေးလာတုန်းက ငိုပြီးမွေးလာပေမယ့် သေတဲ့အခါမှတော့ ပြုံးပြီးသေနိုင်ဖို့ အတွက် အခုကတည်းက ကောင်းတဲ့အလုပ်တွေ၊ ကုသိုလ်တရားတွေ၊ ကောင်းတဲ့အကြံ၊ ကောင်းတဲ့အပြော၊ ကောင်းတဲ့အလုပ်တွေနဲ့ နေနိုင်အောင် လေ့ကျင့်ပြင်ဆင်ထာဖို့ပါ။ ဒါဆိုရင် မွေးလာတုန်းက ကိုယ့်ကငိုပြီးထွက်လာ၊ ကိုယ့်ပတ်ဝန်းကျင်ကသူတွေက ပြုံးပျော်ကြပေမယ့် သေတဲ့အခါမှာ ကိုယ့်ပတ်ဝန်းကျင်ကသူတွေ ဘယ်လောက်ပဲငိုငို ကိုယ်ကတန်ပြန်ပြုံးပြီး သေသွားနိုင်မှာ သေချာပါတယ်။ ဒါကြောင့် မွေးတုန်းက ငိုပြီးမွေးလာကြပေမယ့် သေတဲ့အခါ ပြုံးပြီးသေနိုင်အောင် ကြိုးစားကြပါလို့…အားလုံးကို အသိပေးတိုက်တွန်းလိုက်ပါတယ်။ အားလုံး ပြုံးပြီးသေနိုင်ကြပါစေ…

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ