ဆုံနိုင်ခွင့် (သို့) ပါရမီဖြည့်ဖက် (၁)



“ပါရမီဖြည့်ဖက်
အသာတကြည်ထွေးဖက်
သံသရာခရီးတစ်လျှောက်
ဆုံနိုင်ခွင့်ဖောက်ရင်း
နိဗ္ဗာန်ရွှေပြည်အရောက်
အတူလျှောက်ကြစို့”

“ဆုံနိုင်ခွင့် (သို့) ပါရမီဖြည့်ဖက်”ဆိုတဲ့ ဒီခေါင်းစဉ်လေးက ခေတ်ဆန်နေပြီး သီချင်းခေါင်းစဉ်လိုလို ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ခေတ်လူငယ်တစ်ယောက်က မေးလာတဲ့ အမေးလေးအပေါ်မူတည်ပြီး မှတ်မိလွယ်အောင် ဒီလိုအမည်လေး ပေးလိုက်တာပါ။ ကြာပါပြီ ဒကာလေးတစ်ယောက် မေးထားဖူးတဲ့ မေးခွန်းလေးတစ်ခုပါ။ သူက “အရှင်ဘုရား နားနဲ့မနာ ဖဝါးနဲ့ နာပါဘုရား။ တပည့်တော်မှာ ချစ်သူရှိပါတယ်၊ တပည့်တော်လည်း သူ့ကိုအရမ်းချစ်သလို၊ သူကလည်း တပည့်တော်ကို သိပ်ချစ်ပါတယ်ဘုရား၊ ရိုးသားစွာ ဝန်ခံရရင် တပည့်တော်တို့နှစ်ယောက် ဒီဘဝမှာ နိဗ္ဗာန်အထိ ရောက်ဖို့ဆန္ဒမရှိသေးပါဘူး၊ ဒါပေမယ့် သံသရာခရီးမှာတော့ ဘဝတိုင်းအတူဆုံပြီး တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုနဲ့ ပါရမီတွေ ရသလောက်ဖြည့်ချင်ပါသေးတယ်၊ အဲဒါ တပည့်တော်တို့နှစ်ယောက် ဘဝတိုင်းမှာ အတူဆုံနိုင်ဖို့အတွက် ဘယ်လိုကျင့်သုံး နေထိုင်ပြီး ဘယ်လိုကုသိုလ်မျိုးတွေ လုပ်သင့်တယ်ဆိုတာ လမ်းညွှန်ပေးတော်မူပါဘုရား” လို့ မေးလျှောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ သူ့အမေးအတိုင်း ဒီဘဝအတွက်ရော နောင်သံသရာ အတွက်ပါ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်နဲ့ ဆုံနိုင်ခွင့် ရစေမယ့် အကြောင်းလေးတွေကို ဟောပြောပေးဖြစ်ခဲ့ပါတယ်။ အခုတော့ အဲဒီလို အလားတူ မေးခွန်းမျိုးလေးတစ်ခု မေးထားတာရှိလို့ ဒီစာစုလေးရေးပြီး အဖြေပေးလိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။ 

ဒီမေးခွန်းနဲ့ပတ်သက်ပြီး အဖြေပေးဖို့ အဖြေရေးရင်း ဂေါတမ မြတ်စွာဘုရား အလောင်းတော် သုမေဓာ ရှင်ရသေ့ဘဝက ဒီပင်္ကရာ မြတ်စွာဘုရားထံမှာ ဗျာဒိတ်တော် ခံယူနေတဲ့အချိန် ရှင်ရသေ့ဘေးမှာ ရှင်ရသေ့နဲ့အတူ ဘဝဆက်တိုင်း ပါရမီဖြည့်ဖက်အဖြစ် အတူဆုံပြီး နောက်ဆုံးမှာ နိဗ္ဗာန်ကို အတူဝင်ပါရစေဆိုကာ ဆုပန်ခဲ့တဲ့ ယသော်ဓရာ အလောင်းတော် သုမိတ္တအမည်ရတဲ့ ပုဏ္ဏားပျိုမလေးရဲ့ ပုံရိပ်ကို သတိပြုမိဖြစ်ခဲ့ပါသေးတယ်။ စင်္ကာပူမှာ ရောက်နေတဲ့ ဒကာမလေး တစ်ယောက်ကလည်း သူ့ဘဝမှာ အဲဒီသုမေဓာ ရှင်ရသေ့ဘေးက ကြားပန်းလေးတွေကိုင်ပြီး ပါရမီဖြည့်ဖက်အဖြစ် ရွေးချယ်ခဲ့တဲ့ သုမိတ္တာလို အမျိုးသမီးလေးကို အားကျကြောင်း အဲဒီလိုပဲ ပါရမီ ဖြည့်ဖက်ကောင်းတွေ ဖြစ်ချင်ကြောင်း လျှောက်ထားဖူးပါတယ်။ 

မှန်ပါတယ်။ ဘုရားလောင်း သုမေဓာ ရှင်ရသေ့ဘဝကနေ ပါရမီဖြည့်လာခဲ့တဲ့ သုမိတ္တာ ပုဏ္ဏေးမလေးဟာ ဂေါတမ မြတ်စွာဘုရား နောက်ဆုံးဘုရား ဖြစ်တော်မူမယ့် သိဒ္ဓတ္တမင်းသားဘဝမှာလည်း ယသော်ဓရာအမည်နဲ့ ဘဝတိုင်းအတူဆုံကာ ပါရမီဖြည့်ဖက်ကောင်းအဖြစ် နိဗ္ဗာန်ကို ဝင်စံသွားနိုင်ခဲ့ပါတယ်။ ဘဝတိုင်းဆုံနိုင်ဖို့အတွက် ပါရမီကောင်းတွေဖြည့်ဆည်းပြီး ကောင်းမှုမျိုးစေ့လေးများကို အတူတူစိုက်ပျိုးရင်း အဲဒီမျိုးစေ့ရဲ့ အသီးအပွင့်အဖြစ် ဆုံနိုင်ခွင့်တစ်ခုကို ရယူခဲ့ကြတဲ့ သူတော်ကောင်းကြီးများရဲ့ သမိုင်းကြောင်းလေးတွေကို အားကျကာ တစ်ချို့က အဲဒီလို ပါရမီဖြည့်ဖက်အဖြစ် ဆုံနိုင်ခွင့် ဆက်လိုကြတာ ဖြစ်ပါတယ်။ သူတို့အတွက်ကတော့ ဒီဘဝမှာ ကိလေသာကုန်ခမ်း နိဗ္ဗာန်စံမြန်းရေးထက် သံသရာခရီအတွက် အတူခရီးဆက်ပြီး ဆုံနိုင်ခွင့်နဲ့ အတူလက်တွဲကြဖို့က ပိုအရေးကြီးကောင်း ကြီးနေမှာ ဖြစ်ပါတယ်။ ဒါကလည်း သူတို့လေးတွေရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်ပဲ ဖြစ်ပါတယ်။ သံသရာရှည်ပေမယ့် သံယောဇဉ်ကြိုးကို မဖြတ်ချင်သေးတဲ့ သူတို့အတွက်ကတော့ ဒီလိုဆုံနိုင်ခွင့်မျိုးကို တောင့်တတာဟာ အပြစ်ပြောစရာ မဟုတ်ပါဘူး။ အနာဂတ်ဘဝဟာ ဘာမှမသေချာပေမယ့် သေချာအောင် လုပ်ဆောင်ပြီး ဆုံနိုင်ခွင့်အတွက် တွဲလက်ဆက်ဖို့ဆိုတာဟာ အကြောင်းအကျိုး ညီညွတ်ရင် ဖြစ်နိုင်ပါတယ်။ 

တကယ်တော့ ဆုံနိုင်ခွင့် ရစေဖို့ ပါရမီဖြည့်ကြတယ်ဆိုတာ ဒါန၊ သီလ၊ ဘာဝနာ စတဲ့ ကုသိုလ်ကောင်းမှုတွေ လုပ်ကြတာပဲ ဖြစ်ပါတယ်။ ဒီကုသိုလ် အစွမ်းတွေ ကိုယ့်သန္တာန်မှာ ပြည့်လာအောင်၊ အဲဒီ ကုသိုလ်အစွမ်းတွေနဲ့ ကိုယ့်အကျိုး၊ သူ့အကျိုးကို ဆောင်နိုင်အောင် အားထုတ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလို ကုသိုလ်အလုပ်တွေ အားထုတ်တဲ့အခါ တစ်ဦးတည်း လုပ်ကြသလို စိတ်တူကိုယ်တူ ဝါသနာ တူတဲ့သူတွေနဲ့ အတူလုပ်ကြတာလည်း ရှိပါတယ်။ တစ်ဦးတည်းလုပ်ပြီး ဒီအစွမ်းတွေနဲ့ သံသရာမှသည် နိဗ္ဗာန်အထိ ခရီးဆက်ကြသူတွေ ရှိသလို နှစ်ဦးသုံးဦးမှသည် အစုအဖွဲ့လိုက် အတူတကွ ပြုလုပ်ကြရင်း ဘဝတိုင်း ကောင်းစားရေးအတွက် အားဖြည့်ကြတဲ့ သူတွေလည်း ရှိတတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါန၊ သီလ၊ ဘာဝနာ စတဲ့ ကုသိုလ်ကောင်းမှုလေးတွေ လုပ်ကာ ပါရမီဖြည့်ကြသူတွေ အနေနဲ့ တစ်ဦးတစ်ယောက်တည်းလည်း သံသရာ ခရီးကို လျှောက်နိုင်ကြသလို နှစ်ဦးသဘောတူလည်း သံသရာ ခရီးတစ်လျှောက် ဆုံနိုင်ခွင့်ဖောက်ရင်း နိဗ္ဗာန်အထိ လျှောက်နိုင်ကြတာ ဖြစ်တဲ့အတွက် ဘဝတိုင်း အတူဆုံချင်တဲ့ သူတွေအနေနဲ့ ကုသိုလ်ကောင်းမှုတွေကို အတူဆည်းပူးပြီး ပါရမီဖြည့်ဖက်များအဖြစ် ရွေးချယ် လျှောက်လှမ်းနိုင်ကြတာ ဖြစ်ပါတယ်။

အဲဒီလို ပါရမီဖြည့်ဖက်အဖြစ် ဆုံနိုင်ခွင့်တည်ဆောက်တဲ့ အခါမှာ အတိတ်ဘဝရဲ့ အကျိုးပေးတွေကို အကြောင်းခံ၊ ဒီဘဝမှာ တစ်ဦးအကျိုးကို တစ်ဦးကဆောင်ရင်း နှစ်ဦးနှစ်ဖက် ညီညွတ်မှုကို တည်ဆောက်ပြီး စေတနာကောင်းနဲ့ အကျင့်ကောင်းကို အခြေခံကာ အဖြေမှန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ခရီးဆက်ကြဖို့ပဲ ဖြစ်ပါတယ်။ နောင်သံသရာမှာ ဆုံနိုင်ခွင့်ရဖို့အတွက် လက်ရှိပစ္စုပ္ပန် ဘဝမှာလည်း လက်ချင်းဆက်နိုင်ဖို့ဟာ အရေးကြီးလှတာ ဖြစ်ပါတယ်။ ဒီဘဝမှာ အချစ်တွေနဲ့ မြဲနေနိုင်မှ နောင်သံသရာအထိလည်း အတူတွဲနေနိုင်ကြမှာ ဖြစ်ပါတယ်။ ဘဝတိုင်းဆုံချင်ပေမယ့် လက်ရှိဘဝမှာ ကတုံကယင်နဲ့ဆိုရင် ဆုံနိုင်ခွင့်ဟာ ဝေးလွင့်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ 

ဗုဒ္ဓစာပေ အဖွင့်တွေမှာတော့ သတ္တဝါတွေ လက်ရှိဘဝမှာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ရင်းနှီးစွာ နေထိုင်နိုင်တဲ့ အကြောင်း(၂)ချက် ရှိကြောင်းဖွင့်ဆိုပြပါတယ်။ 
“ပုဗ္ဗေဝ သန္နိဝါသေန၊ ပစ္စုပ္ပန္န ဟိတေနဝါ။
ဧဝံ တံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ။ (ဝိ၊ ဋ္ဌ၊ ၁၊ ပ၊ ၃၅။)
  • - ရှေးဘဝ များစွာက အတူတကွ နေထိုင် စားသောက်ခဲ့ဖူးသောကြောင့်လည်းကောင်း၊
  • - ယခုဘဝ၌ အကျိုးကို ဆောင်ရွက်ပေးသောကြောင့်လည်းကောင်း 
ဤအကြောင်းတစ်မျိုးမျိုးကြောင့် သတ္တဝါတို့သည် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ကြသည်”တဲ့။ ဒါက စာပေအဖွင့်တွေမှာ လာတဲ့ သတ္တဝါတွေ လက်ရှိဘဝမှာ တစ်ဦးနဲ့ တစ်ဦး ချစ်ခင်ခြင်းရဲ့ အကြောင်း တစ်စိပ်တစ်ဒေသပဲ ဖြစ်ပါတယ်။ 

ဒီအကြောင်းတရားအပြင် ဘဝတိုင်းဆုံနိုင်ဖို့အတွက် လက်ရှိဘဝလေးမှာ အဖုအထစ်တွေမရှိ အတူညှိနိုင်ဖို့ကလည်း လိုအပ်လှတာ ဖြစ်ပါတယ်။ အဲဒီအတွက် အတူလက်တွဲဖော်တွေကြားမှာ နားလည်မှု ရှိနေဖို့ လိုပါတယ်။ ”Love is understanding- အချစ်ဆိုတာ နားလည်ခြင်းပဲ”လို့ ဆိုတဲ့အတိုင်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ရှိနေကြရင် ချစ်စကိုရှည်စေပြီး မုန်းစကို တိုနေစေမှာ ဖြစ်ပါတယ်။ နားလည်မှု ရှိနေမှ သံသယတွေ ပျောက်နေမှာဖြစ်ပြီး သံသယတွေ မရှိမှလည်း တစ်ယောက်နဲ့တစ်ယောက် အဖုအထစ်မရှိ လက်တွဲနိုင်မှာ ဖြစ်တဲ့အတွက် အရေးကြီးဆုံက နားလည်မှု ရှိကြဖို့ပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ နားလည်မှုလွဲလာပြီဆိုရင် သံသယတွေ တိုးလာတတ်ပြီး အဲဒီသံသယတွေကပဲ မကျေနပ်ချက်တွေ၊ အလိုမကျမှုတွေ၊ အစာမကြေတာတွေ စသဖြင့် ဖြစ်ပေါ်လာကာ နောက်ဆုံပေါက်ကွဲတဲ့ အဆင့်အထိ ရောက်သွားကြတော့တာ ဖြစ်ပါတယ်။ အဲဒီအဆင့် ရောက်သွားပြီဆိုရင်တော့ ဘဝလက်တွဲဖော် အဖြစ်ဟာ အတော်ကို ပြန်လည်တည်ဆောက်ယူမှ ရနိုင်ကြတာ ဖြစ်ပါတယ်။ အရင်းစစ်တော့ နားလည်မှုလွဲရာကနေ စခဲ့ကြတဲ့ အချစ်ပြယ်မှုဟာ နောင်ဘဝမပြောနဲ့ ဒီဘဝမှာကိုပဲ မဆုံချင်ကြတဲ့အထိ သက်ရောက်သွားနိုင်တာ ဖြစ်ပါတယ်။ နောင်ဘဝဆက်တိုင်း ဆုံနိုင်ခွင့်ဟာ လက်ရှိဘဝရဲ့ ဆုံမှတ်အပေါ်မှာ အဓိက မူတည်နေတယ်ဆိုတာ သတိပြုကြရမှာ ဖြစ်ပါတယ်။ ဘဝတိုင်း ဆုံနိုင်ဖို့အတွက် လက်ရှိဘဝမှာပဲ တစ်ဦးနဲ့တစ်ဦး နာလည်မှုကို အခြေခံတဲ့ တွဲလက်ညီတဲ့ ဆုံနိုင်ခွင့်ကို အရင်ဆုံး ကြိုးစားတည်ဆောက်ကြရမှာ ဖြစ်ပါတယ်။

Read more »

ရတာမလို လိုတာမရ ဤလောက


“ယမ္ပိစ္ဆံ နလဘတိ တမ္ပိ ဒုက္ခံ= အလိုရှိသည့်အရာကို မရခြင်းသည်လည်း ဒုက္ခ“ လို့ ဘုရားရှင်က ဟောတော်မူပါတယ်။ မှန်ပါတယ်။ လိုနေတာကိုက ဒုက္ခဖြစ်နေတာပါလိုတဲ့အတွက် ရချင်တယ်။ ရချင်တဲ့အတွက် ရအောင်လုပ်တယ်။ ရလာပြန်တော့လည်း အဲဒီအပေါ်မှာ ငြီးငွေ့လာပြန်တယ်။ ပြီးတော့ နောက်တစ်ခု ထပ်လိုချင်ပြန်ပါတယ်။ မရေးသေးတာကိုရချင်၊ ရတော့လည်း တစ်ခြားဟာ လိုချင်၊ တစ်ခြားဟာလိုချင်လာတဲ့ အတွက် လက်ရှိရထားတာကို မလိုချင်ပြန်တော့ပါဘူး။ ဒီတော့ ဘာဖြစ်လာလဲဆိုတော့ ရချင်တာက တစ်မျိုး၊ ရနေတာက တစ်မျိုး ဖြစ်နေပြန်ပါတယ်။ တစ်ခါတစ်လေတော့ ကိုယ်ရတာကို မကျေနပ်နိုင်၊ အလိုမပြည့်နိုင်ဖြစ်ရုံမက သူများရတာကိုပါ လိုချင်လာပြန်ပါတယ်။ သူများကလည်း သူ့ရှိတဲ့အရာကို မလိုချင်ပဲ ကိုယ့်ကိုကြည့်ပြီး ကိုယ်ဆီကအရာကို လိုချင်နေကြပြန်ပါတယ်။ တစ်ယောက်က တစ်ယောက်ကို အားကျပြီး ကိုယ့်ရှိတဲ့အရာကို အလိုမကျ သူ့ဆီကအရာကို တောင့်တကြပြန်ပါတယ်။ ရချင်တာကတစ်မျိုး ရနေတာက တစ်မျိုးဖြစ်နေကြပါတယ်။ ဒါကြောင့်လည်း “ ရတာမလို လိုတာမရတဲ့ လောကကြီးပါလား“ လို့ ဆိုကြခြင်းဖြစ်ပါတယ်။ 

တကယ်တော့ အာသဝေါကုန်ခမ်းပြီး ရဟန္တာအဖြစ်ကို မရသေးသမျှ ဘယ်သူမှ အလိုပြည့်ကြမှာ မဟုတ်ပါဘူး။ ခုတစ်မျိုးတော်ကြာတစ်မျိုး ဖြစ်နေတဲ့ စိတ်ကြောင့်လည်း ခုလိုချင်ပေမယ့် နောင်မလိုချင် ဖြစ်တတ်သလို အခုရနေတာကိုလည်း မရချင်ဖြစ်လာ၊ စိတ်ကုန်လာ ဖြစ်တတ်ပါတယ်။ ကိုယ်ရထားတာကို အလိုမပြည့်နိုင်ပဲ သူများရနေတာကို လိုချင်တတ်ကြပြန်ပါတယ်။ ကိုယ့်ဘ၀ကို မကျေနပ်နိုင်ဘဲ သူများဘ၀ကို အားကျနေတတ်ပြန်ပါတယ်။ တစ်ခါတစ်လေ တွေ့ရတတ်ပါတယ်။ လူတွေက ဘုန်းကြီးတွေဘ၀ကို အားကျလို့ သာသနာ့ဘောင်ဝင်ဖို့ ကြိုးစားကြပေမယ့် ဘုန်းကြီးအချို့ကျပြန်တော့ လူ့ဘ၀အားကျကာ လူထွက်ဖြစ်တတ်ကြ တာတွေလည်း ရှိပြန်ပါတယ်။ တစ်ချို့လည်း နာမည်ကြီးနေတဲ့သူတွေကို ကြည့်ပြီးသူတို့ဘ၀လေးကို အားကျလို့ သူတို့လိုဖြစ်အောင် ကြိုးစားကြပေမယ့် နာမည်ကြီးနေတဲ့ သူတွေကလည်း သူတို့ဘ၀ရဲ့ ဒုက္ခနဲ့ လွတ်လပ်မှု မရှိတာတွေကြောင့် ဘာမှမဖြစ်ဘဲ ရိုးရိုးအေးအေးလေးပဲ ဖြစ်နေတဲ့ သာမန်လူတွေရဲ့ ဘ၀ကို အားကျပြန်ပါတယ်။ တစ်ချို့ကျပြန်တော့လည်း ကိုယ်နေရတဲ့ လက်ရှိဘ၀အခြေအနေနဲ့ လက်ရှိနေရတဲ့ တိုင်းပြည်နိုင်ငံကြောင့် တိုးတက်ပြီး ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံကြီးတွေကို ပြောင်းရွေ့နေထိုင်ဖို့ ကြိုးစားကြသလို တိုးတက်ပြီး နိုင်ငံမှာရှိနေတဲ့ သူတွေကျပြန်တော့ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲ့ပေမယ့် အေးချမ်းပြီး စိတ်ချမ်းသာမယ်ထင်တဲ့ နိုင်ငံလေးတွေကို ပြောင်းရွေ့နေထိုင်ဖို့ ကြိုးစားကြပြန်ပါတယ်။ ဒါတွေအားလုံးဟာ ကိုယ်ရဲ့လက်ရှိ အခြေအနေတွေပေါ်မှာ အလိုမကျဖြစ်ပြီး တစ်ခြားအရာတွေပေါ်မှာ တောင့်တလိုချင်မှုတွေ၊ ရတာကိုမလိုချင်ဘဲ လိုတာကို ရချင်တာတွေကြောင့်ပဲ ဖြစ်ပါတယ်။ စာစကားနဲ့ ပြောရရင်ရှိတာလေးနဲ့ မရောင့်ရဲနိုင်ကြလို့ပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဘုန်းဘုန်းတို့လည်း နာမည်ကြီးပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံပြောဆိုဖူးပါတယ်။ တစ်ခါတစ်လေ သူတို့တွေရဲ့ ညဉ်းသံလေးတွေ ကြားရပါတယ်။ တစ်ချို့ ဆရာတော်ကြီးများက ဆိုဆုံးမဖူးပါတယ်။ “အရှင်ဘုရားတို့… ဘုန်းမကြီးကြစေနဲ့၊ နာမည်မကြီးကြစေနဲ့၊ တပည့်တော်တို့လည်း ငယ်တုန်းက ဒီစိတ်လေးတွေနဲ့ ကြိုးစားအားထုတ်ခဲ့ကြလို့ ခုဒီဘ၀ကို ရောက်လာခဲ့တယ်၊ ရောက်လာတော့လည်း ဒီလိုနေရတဲ့ဘ၀ကို ငြီးငွေ့လာတယ်၊ ဒကာဒကာမတွေနဲ့ ပြောဆိုဆက်ဆံရမှာကို စိတ်ကုန်လာတယ်..၊ တစ်ခါတစ်လေ ဘာမှမဖြစ်တဲ့ ဘ၀၊ ရိုးရှင်းတဲ့ဘ၀လေးကိုပဲ ပြန်လိုချင်နေမိတယ်၊ စိတ်ကလည်း ခက်သား ရတာကိုတော့ မလိုချင်ဘူး မရတာကျတော့ လိုချင်ပြန်တယ်၊ ဒါကြောင့် အရှင်ဘုရားတို့လည်း သိပ်ပြီးမလိုချင်ကြနဲ့၊ ရှိတဲ့အတိုင်းအတာလေး အပေါ်မှာပဲ ကျေနပ်နိုင်အောင် ကြိုးစားကြ…“ စသဖြင့် သြ၀ါဒ ပေးတာလေးတွေကို မှတ်သားရဖူးပါတယ်။

ဘုန်းကြီးလေ ဒုက္ခရောက်လေဆိုတဲ့ ဒီစကား သိပ်မှန်ပါတယ်။ တစ်လောက မင်းကွန်းဆရာတော်ကြီးရဲ့ ထေရုပ္ပတ္တိလေးကို ဖတ်မိတော့ ဆရာတော်ရဲ့ ကဗျာလေးတွေထဲမှာ တိပိဋကဖြစ်ပြီးနောက် နာမည်ကြီးပြီး ပူဇော်မှုတွေများ၊ ဒကာဒကာမတွေများ လာတဲ့အခါ သိပ်ပင်ပန်းရတဲ့ အကြောင်း ညဉ်းထားတာလေး ဖတ်ရတော့ “သြော်… ဆရာတော်တို့ ဒုက္ခကလည်း မသေးပါလား“လို့ အပင်ပန်းခံ၊ ဒုက္ခခံပြီး အမျိုးဘာသာ၊ သာသနာအတွက် ကြိုးစားဆောက်ရွက်တော် မူခဲ့တဲ့အပေါ် ကြည်ညိုလေးစားမိရင်း တစ်ဘက်ကလည်း ဒီလိုဒုက္ခတွေကြောင့် ပင်ပန်းရတဲ့အကြောင်း ညဉ်းထားတဲ့ ညဉ်းချင်းလေးဖတ်ရတော့ ဆရာတော်ကြီးကို သနားမိပြီး စိတ်မကောင်းဖြစ်ရပြန်ပါတယ်။ စိတ်မကောင်းဖြစ်ဆိုလည်း ဖြစ်ချင်စရာပါ။ ဆရာတော်ရဲ့ ညဉ်းချင်းလေးက သိပ်ပြီးရသမြောက်နေတာကိုး။ ဆရာတော်ကြီးက…
“တိပိဋကဓရ ဖြစ်ရတဲ့အာနိသင်၊
ဒီကိုယ်တော် ဖတ်ဖတ်မောပေါ့ကွယ့် ပြောမပြချင်။
ကိုယ့်ကျောင်းနှင့်ကိုယ့်ရပ်တွင် နေချင်လျှက် မနေရ။
အပူအအေး ယှက်ထွေးကာ ဒဏ်ခံလို့ စုန်အဆန် မြန်းရတဲ့ခရီးမှာကွယ့် ကြီးတဲ့ဒုက္ခ။
မငြင်းသာတဲ့ မဆန်သာ နိုင်ငံတော်သာသနာရေးပေမို့ကွယ် ပြေးမလွတ်ပါ၊
သူတကာချမ်းသာလို့ ထင်မြင်ကြ
သို့ကတဲ့... စိတ်ထဲမှာ သံဝေယူလို့ ကံမွေဟူ ဤအဖြစ်ကိုကွယ် နှစ်လို့ခံရ။ (ညည်းချင်းသဖြန်) လို့ စပ်ဆိုတော်မူခဲ့တဲ့ ဒီညဉ်းချင်းလေးဟာ သတ္တ၀ါတွေရဲ့ အလိုမပြည့်မှုတွေ၊ ဖြစ်နေတာနဲ့ ဖြစ်ချင်တာတွေဟာ ထင်သလို မရဘူးဆိုတာတွေကို အသိပေးနေ၊ သံဝေဂပေးနေသလို ဖြစ်ပါတယ်။

မှန်ပါတယ်။ ပုဂ္ဂိုလ်တစ်ယောက်ဟာ သိပ်ပြီးနာမည်ကြီးလာ ဘုန်းကြီးလာပြီဆိုရင် ဒုက္ခပါကြီးလာပါတော့တယ်။ ဒါကိုမသိတဲ့အခါ ဒီဒဏ်ကို မခံဖူးသူတွေက အားကျမိကြမှာ၊ အဲဒီပုဂ္ဂိုလ်အတိုင်း ဖြစ်ချင်မိကြမှာ ဓမ္မတာပါ။ ကိုယ့်မှာမရှိတဲ့အရာ၊ ကိုယ်မကြုံဖူးတဲ့အရာ၊ ကိုယ်ဖြစ်ချင်ပေမယ့် မဖြစ်တဲ့အရာတွေ သူများမှာဖြစ်နေတာကို ကြည့်ပြီး ဘယ်သူတွေက ဒုက္ခလို့ ဘယ်လောက်ပဲပြောပြော ကိုယ်ကဖြစ်ချင်နေ၊ ရချင်နေတဲ့အတွက် ဒီဒုက္ခဆိုတဲ့အရာကိုပဲ လိုလိုချင်ချင်ဖြစ်နေတတ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကြားဖူးတာလေး တစ်ခုရှိပါတယ်။ ရယ်စရလို့ ဆိုပေမယ့် ကြည့်သူရဲ့ အမြင်ပေါ်လိုက်ပြီး ခြားနားကြောင်းကို ဒီအကြောင်းလေးက သက်သေပြနေပါတယ်။ ရှေးတုန်းက ဆရာတော်ကြီးတစ်ပါးဟာ ကပ္ပိယသာဂိဆိုတဲ့ ကလေးနဲ့ အတူနေပါတယ်။ သာဂိလေးဟာ ဆရာတော့်အနားမှာ အမြဲနေပေးရပါတယ်။ ဆရာတော်လိုတာကို လုပ်ပေးရပါတယ်။ ဆရာတော်ဆွမ်းစားရင်လည်း အမြဲအနားမှာ ရှိပေးရပါတယ်။ အမြဲအနားမှာ နေနေတော့ ဆရာတော်ကြီးရဲ့ နေထိုင်ပြောဆို ကျင့်ကြံတာတွေကိုလည်း သိခွင့်ရနေပါတယ်။ ဆရာတော်ကြီးဟာ လက္ခဏာရေးသုံးပါးကို အမြဲဆင်ခြင်နေတဲ့ ဆရာတော်ဖြစ်တော့ ဘာပဲလုပ်လုပ် ဘာပဲစားစား အနိစ္စ၊ ဒုက္ခ၊ အနတ္တစသည် ဆင်ခြင်လေ့ရှိပါတယ်။ တစ်နေ့တော့ ဆရာတော်ကြီးဟာ ဆွမ်းစားချိန် ဆင်ခြင်နေကျအတိုင်း ဟင်းဆယ်တဲ့အခါလည်း ဒုက္ခဒုက္ခ..၊ အသားတုံးကို ဘုဉ်းပေးတဲ့အခါလည်း ဒုက္ခဒုက္ခ..၊ ကြက်သားတုံးကို ဆယ်ထည့်တဲ့အခါလည်း ဒုက္ခဒုက္ခ..၊ ၀က်သားတုံးထည့်လည်း ဒုက္ခဒုက္ခ..စသည်ဖြင့် နှုတ်မှထွက်ပြီး ဆင်ခြင်ပါတယ်။ ဒါကို အနားမှာ ယက်ခပ်ပေးနေတဲ့ သာဂိက ကြက်သားတုံး ၀က်သားတုံးတွေကို ကြည့်ကာ အားမလိုအားမရဖြစ်ပြီး “အင်း… ဒါမျိုးဒုက္ခကတော့ သာဂိတို့လည်း ခံစားချင်ပါရဲ့“လို့ နှုတ်က ရေရွတ်မိပါတယ်တဲ့။ ဒီအကြောင်းလေးဟာ ဟာသရသဖြစ်စရာ ဆိုပေမယ့် ဆရာတော်ကြီးရဲ့ ခံယူချက်နဲ့ သာဂိရဲ့ အမြင်မတူ ဖြစ်စဉ်လေးပါ။ ဆရာတော်ကြီးဟာ ဒီလိုရသမျိုး နေ့စဉ်ဘုဉ်းပေးနေရတဲ့အတွက် ငြီးငွေ့ပြီး ဒုက္ခလို့ထင်ကာ ဆင်ခြင်နေပေမယ့် သာဂိအတွက်ကတော့ သုခဖြစ်နေတော့တာပါ။ ဒါကြောင့် သတ္တ၀ါတွေဟာ ကိုယ့်အနေအထားကို အလိုမကျဖြစ်ပြီး သူများကိုအားကျမှု ဖြစ်တတ်ကြခြင်းပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အခြေအနေအရ ရှိတဲ့အတိုင်းအတာလေးကို ရောင့်ရဲနိုင်အောင် ကြိုးစားခြင်းဟာ နေရတဲ့ခိုက်မှာ သက်သောင့်သက်သာ ဖြစ်စေပါတယ်။

ဒီနေရာမှာ သဘောကျစရာကောင်းတဲ့ စကားလေးတစ်ခုရှိပါတယ်။ “ရှိတာလေးနဲ့ ရောင့်ရဲပါ“တဲ့။ ဒီစကားလေးက သိပ်တန်ဘိုးရှိပါတယ်။ ဗုဒ္ဓစာပေမှာတော့ “တုဋ္ဌီ သုခါ ယာ ဣတရေန= ရသမျှ၊ ရှိသမျှနဲ့ ကျေနပ်နှစ်သိမ့်နိုင်ခြင်းဟာ ချမ်းသာ၏“ လို့ ဖော်ပြထားပါတယ်။ သိကြတဲ့အတိုင်းပဲ ရတာလေးအပေါ်မှာ မရောင့်ရဲနိုင် မကျေနပ်နိုင်ကြတော့ တစ်ချို့က ပိုပြီးရအောင် ကြိုးစားကြပါတယ်။ ပိုပြီးလိုချင် ပိုပြီးရချင်တော့ တရားတာရော မတရားတာရော မသိတော့ဘဲ ရဖို့တစ်ခုတည်းကြည့်ပြီး လုပ်မိကြရာက ပစ္စုပ္ပန်မှာရော သံသရာမှာပါ ဒုက္ခဖြစ်ကြရပါတယ်။ ရချင်တဲ့ လိုချင်တဲ့ လောဘဆိုတာ အကန့်လေးနဲ့ တားပေးရပါတယ်။ အဲဒါကို တုဋ္ဌီ (ရောင့်ရဲတင်းတိမ်နိုင်ခြင်း)လို့ ခေါ်ပါတယ်။ အကန့်မထားရင် ရပြီးရင်းရချင်၊ လိုပြီးရင်လိုချင် ဖြစ်လာတတ်ပါတယ်။ ရပြန်တော့လည်း ကျေနပ်နှစ်သိမ့်မှု မဖြစ်နိုင်ဘဲ နောက်တစ်ခုကို ရဖို့အားထုတ်လာတတ်ပါတယ်။ ဒီလိုနဲ့ မဆုံးနိုင်တော့ဘဲ နောက်ဆုံးတော့ အလိုမကျမှုတွေနဲ့သာ လည်နေကြပါတော့တယ်။

သတ္တ၀ါတွေဟာ ရနေတာကို မကျေနပ်နိုင်၊ မတင်းတိမ်နိုင်ဖြစ်တတ်ပြီး မရသေးတာကို လိုချင်တတ်တာ သဘာဝဖြစ်ပေမယ့် ရှိသမျှအတိုင်းအတာ၊ ရသမျှအတိုင်းအတာ၊ ကံပေးသမျှ အတိုင်းအတာလေးနဲ့တော့ ရောင့်ရဲ့နိုင်အောင် ကြိုးစားသင့်ပါတယ်။ ဒီလိုမှ မရောင့်ရဲ့နိုင်ရင် ရချင်မှု၊ လိုချင်မှု၊ ရသမျှကို အလိုမကျနိုင်မှု၊ ရပြီးတော့လည်း ထပ်ရချင်မှု၊ သူ့ရှိတာကို အားကျမှု စတာတွေကြောင့် ဒီဟာတွေနောက်ကို လိုက်ရင်းလိုက်ရင်း မဆုံးနိုင်အောင်ပင် ဖြစ်နေတတ်ပါတယ်။ သေချာတာကတော့ ကိုယ်ကဘယ်လိုပဲ လိုချင်ရချင်နေပေမယ့် လောကကြီးဟာ သူ့သဘောအတိုင်းသာ ဖြစ်နေတော့ လိုချင်တာကို ရချင်မှလည်း ရနိုင်မှာ၊ ရတဲ့ဟာလည်း ကိုယ်လိုချင်တဲ့ဟာ ဖြစ်ချင်မှဖြစ်မှာဆိုတာပါပဲ။ ဒါကြောင့် ရတာမလို လိုတာမရတဲ့ လောကကြီးမှာ ရချင်မှုနောက်တွေပဲ လိုက်မနေကြပဲ ရသမျှ ရှိသမျှအပေါ်မှာသာ ရောင့်ရဲနိုင်အောင်၊ ကျေနပ်နိုင်အောင် ကြိုးစားသင့်ကြပါကြောင်း..။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

နေ့စဉ်မပြတ် ကုသိုလ်ဆက် ဝတ်စဉ်မပျက် မြဲပါစေ


နေ့စဉ် ကောင်းမှုလေးတစ်ခုခုကို ဝတ်တစ်ခု ဖြစ်အောင် ပြုလုပ်ပါ။ အကြီးကြီး၊ အကြာကြီး၊ အကုန်အကျအများကြီး၊ အရင်းအနှီးအများကြီး ပေးပြီးလုပ်ဖို့ မဟုတ်ပါဘူး။ နည်းနည်းလေးပဲ ဖြစ်ဖြစ် လုပ်ဖြစ်အောင် မပြတ်လုပ်ကြည့်ဖို့ပါပဲ။ 

ဆိုကြပါစို့။ နေ့စဉ် မနက်အိပ်ရာက နိုးတာနဲ့ နမော တဿ ()ခေါက်၊ သရဏဂုံ ()ခေါက်၊ မင်းကွန်းဆရာတော်ကြီးရဲ့  လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေးငြိမ်းအေးကြပါစေ စသဖြင့် မတ္တာသုတ်လာ မေတ္တာလေးကို အစအဆုံး တစ်ခေါက်လောက် စေတနာပါပါလေးနဲ့ အရုံပြုပြီး လုပ်ကြည့်တာမျိုးလေးတွေပေါ့။ ဒီလို ကုသိုလ်မျိုးလေးကို မနက်အိပ်ရာထတစ်ကြိမ် ညအိပ်ရာဝင် တစ်ကြိမ် လုပ်ကြည့်ကြဖို့ပါ။ အချိန်ဘယ်လောက်မှ ကုန်သွားတာမဟုတ်၊ အရင်းအနှီးတွေ ဘယ်လောက်မှ ရင်းနှီးလိုက်ရတာ မဟုတ်ပါဘူး။ အဓိကကတော့ မပျက်အောင် လုပ်မယ်ဆိုတဲ့ ခံယူချက်နဲ့ နေ့စဉ်လုပ်ဖြစ်ဖို့ပါပဲ။ ဒါဆို ကိုယ့်အတွက်က နေ့တိုင်း ကုသိုလ်ဝတ်တွေ ဖြစ်နေတော့တာပါ။ 

အကြောင်းပြချက် အမျိုးမျိုးနဲ့ အလုပ်မအားလို့၊ နေ့ညမတူလို့၊ ခရီးသွားနေရလို့ စသဖြင့် ပြောမယ်ဆိုရင် ပြောနိုင်ပေမယ့် အလုပ်လုပ်ရင်းလည်း ဒါလေးကတော့ လုပ်နိုင်တာပါပဲ။ ကားစီးရင်း၊ ရထားစီးရင်းလည်း လုပ်နိုင်တာပါပဲ။ မပျက်အောင် လုပ်မယ်ဆိုတဲ့ အဓိဋ္ဌာန်နဲ့သာ လုပ်မယ်ဆိုရင် နေရာတိုင်းမှာ၊ လူတိုင်းမှာ၊ အချိန်တိုင်းမှာ ကုသိုလ်ရှိနေတာပါပဲ။ 

အဲဒီကုသိုလ်လေးဟာ ဘာမှမဟုတ်ရဘူး ထင်ပေမယ့် နေ့စဉ်လုပ်ပါများရင် ဝတ်တစ်ခုဖြစ်သွားပြီး ကြာလာတာနဲ့အမျှ ကုသိုလ်အားကြီးလာကာ ကိုယ့်ဘဝအတွက် တကယ့်ကို ခွန်အားတွေ ဖြစ်စေတော့တာ ဖြစ်ပါတယ်။ ငါဘယ်အချိန်၊ ဘယ်အရွယ်ကစပြီး ဒီဝတ်ကုသိုလ်ကို လုပ်လာခဲ့တာ ခုချိန်ထိန် မပျက်သေးဘူးဆိုတဲ့ အတွေးလေးနဲ့ ကိုယ့်ကိုယ်ကို ပြင်ဆင်ခြင်ကြည့်ရင် ကုသိုလ်ရဲ့အားနဲ့ အခက်အခဲရှိရင် သစ္စာပါထားပြီး ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ 

ဒါကြောင့် ကုသိုလ်ကောင်းမှုကို အသေးလေးဆိုပေမယ့် အထင်မသေးဘဲ မပျက်အောင် ဝတ်ကလေးတစ်ခု အနေနဲ့ နေ့စဉ်လုပ်နိုင်အောင် ကြိုးစားဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။ 

ကုသိုလ်တစ်ခု နေ့စဉ်ပြု
ကြီးသည်သေးသည် ရွေးမစီဘဲ
ကုသိုလ်တစ်ခု နေ့စဉ်ပြုက
ပြုဖန်ပါများ ထိုကံများကား
ကုသိုလ်ပြုသူ များထိုသူကို
အခုချမ်းသာ နောင်ချမ်းသာအောင်
ကောင်းမှုအစွမ်း အံ့မခမ်းဖြင့်
အကြောင်းအစု အကောင်းပြုမည်
မုချအမှန် မလွဲတည်း။ ။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ