တော်သလင်းလပြည့်နေ့ (သို့) ဂရုဓမ္မအခါတော်နေ့


မြန်မာတို့ရဲ့ လ ၁၂လကို ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်များနဲ့ ထူးခြားစွာ သတ်မှတ်ထားကြရာမှာ တော်သလင်းလရဲ့ လပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့အဖြစ် သတ်မှတ်ချက်ဟာလည်း တစ်ခုအပါအ၀င်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် တော်သလင်းလပြည့်နေ့ ဖြစ်တဲ့ ဒီနေ့ကို ဘာသာရေးဆိုင်ရာ နေ့အဖြစ် ဂရုဓမ္မ အခါတော်နေ့လို့ ပြောဆိုသုံးနှုန်းကြခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ငါးရာငါးဆယ် ဇာတ်နိပါတ်တော်တွေထဲက ကုရုဓမ္မဇာတကကို အကြောင်းပြုပြီး တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့လို့ သတ်မှတ်ကြခြင်းဖြစ်ပါတယ်။ မူရင်းစကားမှာ ကုရုဓမ္မဖြစ်ပြီး နောက်ပိုင်းဝေါဟာရ အပြောင်းအလဲတစ်ခု အနေနဲ့ ဂရုဓမ္မလို့ ပြောဆိုကြခြင်း ဖြစ်ပါတယ်။

အဋ္ဌကထာများမှာတော့ ကုရုတိုင်းသားတို့ ကျင့်သုံးတဲ့ တရားဖြစ်တဲ့အတွက် ကုရုဓမ္မလို့ ဆိုခြင်းဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီကုရုဓမ္မခေါ် ဂရုဓမ္မဆိုတာ ပဉ္စသီလ ခေါ် ငါးပါးသီလကို ဆိုခြင်းပဲ ဖြစ်ပါတယ်။ အတိတ်ဘ၀တစ်ခုမှာ ဘုရားလောင်းဟာ ဣန္ဒပတ္တနဂိုရ်ပြည်ရဲ့ ကောရဗျဘုရင်အဖြစ် အုပ်ချုပ်စဉ်အခါက တိုင်းပြည်တစ်ပြည်လုံးကို ငါးပါးသီလစောင့်ထိန်းဖို့ ညွှန်ကြားပြီး သီလတရားနဲ့ ပြည့်စုံစေပါတယ်။ တစ်တိုင်းပြည်လုံး ပဉ္စသီလကို လုံခြုံအောင် စောင့်ထိန်းကြတဲ့အတွက် အဲဒီတိုင်းပြည်မှာ မိုးလေ၀သ မှန်ကန်ပြီး ကောက်ပဲသီးနှံနဲ့ ဆန်ရေစပါး ပေါများကာ တိုင်းသူပြည်သားတွေဟာ အေးအေးချမ်းချမ်း ငြိမ်းချမ်းတည်ငြိမ်တဲ့အပြင် သီလလုံခြုံကြတဲ့အတွက် အသက်ရှည်ပြီး ရောဂါဘယများလည်း ကင်းဝေးကြပါတယ်။ အဲဒီအချိန်မှာ တစ်ဘက်မှာရှိတဲ့ ကာလိင်္ဂမင်း အုပ်ချုပ်တဲ့ ဒန္တပူရပြည်မှာတော့ မိုးခေါင်ရေရှားဖြစ်ကာ ဆန်ရေစပါးရှားပါပြီး တိုင်းသူပြည်သားတွေဟာလည်း ဒုက္ခအမျိုးမျိုး ကြုံနေရပါတယ်။ ဒီတော့ ကလိင်္ဂမင်းဟာ ကောရဗျမင်းရဲ့ တိုင်းပြည်အခြေအနေကို စုံစမ်းပြီး ကောရဗျမင်း ကျင့်သုံးတဲ့ ကုရုဓမ္မကို လိုက်နာကျင့်သုံးစေကာ မိမိတိုင်းသူပြည်သားတွေကိုလည်း သီလနဲ့ ပြည့်စုံစေပါတယ်။ ဒီလို ကုရုဓမ္မကို ကျင့်သုံးတဲ့အတွက် ကလိင်္ဂမင်းရဲ့ တိုင်းပြည်မှာလည်း မိုးလေ၀သမှန်ကန်ကာ တိုင်းပြည်လည်း ငြိမ်းချမ်းသာယာ လာခဲ့ပါတယ်။ ဒါဟာ ကရုဓမ္မခေါ် ငါးပါးသီလကို လုံခြုံစောင့်ထိန်းစေလို့ပဲ ဖြစ်ပါတယ်။ ဒါက ကုရုဓမ္မဇာတ်တော်ရဲ့ အနှစ်ချုပ်ပဲ ဖြစ်ပါတယ်။

ဒီဇာတ်တော်ကို အကြောင်းပြုပြီး မြန်မာဗုဒ္ဓဘာသာများဟာလည်း ဆန်ရေစပါး စိုက်ပျိုးရာဖြစ်တဲ့ မိုးရာသီရဲ့ တော်သလင်းလမှာ မိုးလေ၀သ မှန်ကန်စေဖို့နဲ့ ဗုဒ္ဓဘာသာတွေ အနေနဲ့ ဂရုဓမ္မခေါ် ငါးပါးသီလကို အလေးထားပြီး စောင့်ထိန်းစေဖို့ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့ အဖြစ် နေ့ထူးနေ့မြတ်တစ်ခု သတ်မှတ်ကြခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အဓိက အရေးကြီးဆုံး တရားက ဂရုဓမ္မ တရားပဲ ဖြစ်ပါတယ်။ ငါးပါးသီလရဲ့ အစွမ်းထက်မြက်မှုပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း အနည်းဆုံး သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်တာ၊ သူ့ဥစ္စာခိုးခြင်းမှ ရှောင်ကြဉ်တာ၊ အိမ်ထောင်ရေး ဖောက်ပြန်မှုများမှ ရှောင်ကြဉ်တာ၊ လိမ်ညာပြောဆိုတာတွေမှ ရှောင်ကြဉ်တာ၊ အရက်သေစာ မူးယဇ်ဆေးဝါး သောက်စားသုံးစွဲတာတွေမှ ရှောင်ကြဉ်တာတွေကို ပျောက်ပြက်မှုမရှိအောင် ထိန်းသိမ်းစောင့်ရှောက် နိုင်ကြမယ်ဆိုရင် တစ်ဦးချင်းရဲ့ စိတ်အစဉ်မှာ ငြိမ်းချမ်းနေပြီး အချင်းချင်း နှိပ်စက်ခြင်းတွေ ကင်းနေကြမှာ ဖြစ်ပါတယ်။ တစ်ခုချင်းရဲ့ စိတ်အစဉ်မှာ သီလတွေနဲ့ ထိန်းသိမ်းလို့ ငြိမ်းနေကြမယ်ဆိုရင် အဲဒီနိုင်ငံ၊ အဲဒီလူမျိုးတွေကို စောင့်ရှောက်ကြတဲ့ နတ်ဒေ၀တာတွေဟာလည်း စောင့်ရှောက်မှု အားကောင်းပြီး အဆိုးတွေမဖြစ်အောင် မစကြမှာဖြစ်ပါတယ်။ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များရဲ့ အစောင့်အရှောက်ကို ခံကြရတဲ့ တိုင်းပြည်ဟာ မိုးလေ၀သ ရာသီဥတုမှအစ ကောင်းမွန်မှန်ကန်ပြီး ရာသီဥတု မှန်တဲ့အတွက် စိုက်ပျိုးရတဲ့ သီးနှံစပါးဟာလည်း ဖွံ့ဖြိုးတိုးတက်ကာ စားဝတ်နေရေးမှ အစ အစစအရာရာ ငြိမ်းချမ်းသာယာ နေကြမှာ ဖြစ်ပါတယ်။ ဒါဟာ အခြေခံဖြစ်တဲ့ ဂရုဓမ္မခေါ် ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းနေထိုင်ကြလို့ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက အရာရာဟာ အကြောင်းကြောင့် အကျိုးဖြစ်တဲ့ သဘောရှိတဲ့အတွက် အကြောင်းကောင်းရင် အကျိုးလည်းကောင်းမှာဖြစ်လို့ အကျိုးပေးကောင်းချင်သူတွေ အနေနဲ့ အကြောင်းကောင်းအောင် လုပ်ကြဖို့နဲ့ တစ်ဦးချင်းရဲ့ အကြောင်းတွေ ကောင်းနေရင် တစ်ဦးချင်းရဲ့ အကျိုးလည်းကောင်းနေပြီး အကြောင်းကောင်းသူ တစ်ဦးချင်း ပေါင်းထားတဲ့ အများဟာလည်း အကျိုးကောင်းတဲ့ အစုအဖွဲ့ ဖြစ်လာမှာဖြစ်ကာ အစုအဖွဲ့များနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာကြီးဟာလည်း ငြိမ်းချမ်းသာယာ တိုးတက်ဝပြောနေမှာ ဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ အကြောင်းကောင်းဆိုတဲ့ ဂရုဓမ္မလို တရားများကို ကြိုးစားကျင့်ကြံနေထိုင်ခြင်းဖြင့် အကျိုးကောင်းအောင် အားထုတ်ကြဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။ ဂရုဓမ္မခေါ် ငါးပါးသီလကို အခြေခံ အဆင့်အနေနဲ့ တည်တံ့အောင် ကြိုးစားပြီး အမြတ်ဆုံးပန်းတိုင်ကို လှမ်းကိုင်နိုင်အောင် အားထုတ်ကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် အကျင့်တရားတွေ အားနည်းပြီး သီလတရားတွေ လျော့ရဲလာတဲ့ ဒီနေ့လို ခေတ်ကြီးမှာ အများမိုးခါးရေ သောက်လို့ ကိုယ်လည်းလိုက်သောက်တဲ့ ပုံစံမျိုး မဖြစ်စေကြဘဲ အများမလုပ်နိုင်တဲ့ အလုပ်ကို တစ်ဦးချင်း အရင်ကြိုးစား လုပ်ကိုင်ရင်း အများအားဖြစ်လာအောင် အားထုတ်တဲ့အနေနဲ့ လူပဲဖြစ်ဖြစ်၊ ရဟန်းပဲ ဖြစ်ဖြစ် ဆိုင်ရာဆိုင်ရာ အခြေခံအဆင့် သီလများကို လုံခြုံအောင် စောင့်ထိန်းကြဖို့၊ လူတွေအနေနဲ့ တစ်ဦးချင်းရဲ့ သန္တာန်မှာ ဂရုဓမ္မ တရားတွေ ထွန်းကားလာအောင် နေ့စဉ်စောင့်ထိန်းရမယ့် ငါးပါးသီလကို လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားကြဖို့၊ ဒီလို တစ်ဦးချင်းရဲ့ သန္တာန်မှာ ဂရုဓမ္မတွေ ထွန်းကားလာမယ်ဆိုရင် အဲဒီသူ၊ အဲဒီမိသားစု၊ အဲဒီလူမျိုး၊ အဲဒီတိုင်းပြည်ဟာ အမှန်တကယ် ငြိမ်းချမ်းသာယာ ၀ပြောလာမှာ ဖြစ်လို့ ဘာပဲဖြစ်ဖြစ် အနည်းဆုံး ဒီဂရုဓမ္မကိုတော့ အတတ်နိုင်ဆုံး လုံခြုံကြစေဖို့ တိုက်တွန်းခြင်း ဖြစ်ပါတယ်။ သေချာတာကတော့ ဂရုဓမ္မတရားတွေ များများထွန်းကားလေ ကမ္ဘာလောကကြီး ငြိမ်းချမ်းလေ ဖြစ်မယ်ဆိုတာ အသေအချာပဲ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါကြောင်း ဂရုဓမ္မအခါတော်နေ့ရဲ့ ထူးခြားမှုတစ်ခုအဖြစ် အသိပေးတင်ပြရင်း ဗုဒ္ဓဘာသာတွေအတွက် အနည်းဆုံး အခြေခံဖြစ်တဲ့ ငါးပါးသီလကို လုံခြုံအောင် ကျင့်သုံးကြဖို့ စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းစကား ပါးလိုက်ရပါတယ်။

Read more »

အပေါင်းအသင်း


အတူတကွ သွားလာနေထိုင် စားသောက်လေ့ရှိတဲ့သူကို မိတ်ဆွေအပေါင်းအသင်းလို့ ခေါ်ပါတယ်။ ဒီအပေါင်းအသင်းဟာလည်း ကောင်းတဲ့အပေါင်းအသင်း မကောင်းတဲ့အပေါင်းအသင်းလို့ နှစ်မျိုးရှိပါတယ်။ စာလိုပြောရင်တော့ ကလျာဏမိတ္တ (ကောင်းတဲ့အဆွေခင်ပွန်း) နဲ့ ပါပမိတ္တ (မကောင်းတဲ့အဆွေခင်ပွန်း)တို့ပါပဲ။ လူတစ်ယောက်ရဲ့ ဘ၀အကောင်းအဆိုးဟာ သူပေါင်းတဲ့အပေါင်းအသင်းနဲ့လည်း ပတ်သက်မှု ရှိပါတယ်။ သူပေါင်းသင်းတဲ့ အပေါင်းအသင်းကို ကြည့်ပြီး သူဘယ်လိုသူဆိုတာလည်း အကဲခက်လို့ ရပါတယ်။ ခဏတစ်ဖြုတ်ပေါင်းသင်းတဲ့ အပေါင်းအသင်းမဟုတ်ရင် လူတစ်ဦးနဲ့တစ်ဦး ၀ါသနာစရိုက်တူမှပဲ ရေရှည်လက်တွဲ ပေါင်းသင်းလို့ရပါတယ်။ ကောင်းတဲ့အကျင့်စရိုက် အလေ့အကျင့် ရှိတဲ့သူနဲ့ပေါင်းရင် ကိုယ်လဲကောင်းတဲ့ အကျင့်စရိုက်လေးတွေ ကူးစက်လာတတ်ပြီး မကောင်းတဲ့ အကျင့်စရိုက်ရှိတဲ့သူနဲ့ ပေါင်းရင်တော့ မကောင်းတဲ့ အကျင့်လေးတွေ ကူးစက်ခံရမှာ သေချာပါတယ်။ ဒီနေရာမှာ စရိုက်နဲ့ ပတ်ဝန်းကျင်ဆိုတာကို သတိပြုရပါမယ်။ မွေးလာတဲ့စရိုက်တွေ ဘယ်လောက်ပဲကောင်းကောင်း ပေါင်းသင်းကျင်လည်တဲ့ ပတ်ဝန်းကျင်က မကောင်းဘူးဆိုရင် မကောင်းတဲ့ စရိုက်လေးတွေ ကူးစက်ခံရပါတယ်။ ဒီလိုပဲ မွေးလာတဲ့စရိုက်က မကောင်းပေမယ့် ပေါင်းသင်းကျင်လည်တဲ့ ပတ်ဝန်းကျင်က ကောင်းနေရင်လည်း ကောင်းတဲ့အကျင့်လေးတွေ ရလာတတ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ ကောင်းကျိုးဆိုးကျိုးနဲ့ ဘ၀အတက်အကျတွေမှာ ပေါင်းသင်းတဲ့ အပေါင်းအသင်းဟာ အရေးကြီးတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ 

တစ်ခါက တရားပွဲတစ်ခုကို ကြွတုန်းက ဖြစ်ပါတယ်။ တရားပွဲမစခင် ဘုန်းဘုန်းကို ပင့်တဲ့ဒကာလေးက အခန်းထဲမှာ သီတင်းသုံးဖို့ လျှောက်လို့ အခန်းထဲမှာ နေနေတဲ့အချိန် အပြင်မှာ သူငယ်ချင်းတွေဆုံတော့ ပြောကြဆိုကြတာလေးတွေကို အခန်းထဲမှာ ရှိနေတဲ့ ဘုန်းဘုန်းအနေနဲ့ ကြားမိနေပါတယ်။ သူတို့ကတော့ ဘုန်းကြီးအခန်းထဲမှာ ရှိနေတာကို သတိထားမိဟန် မတူပါဘူး။ ဒကာလေးတွေထဲက တစ်ယောက်က ကျန်တဲ့ ဒကာတစ်ယောက်နဲ့ စကားအပြန်အလှန် ငြင်းခုံပြောဆိုနေပါတယ်။ သူက “ကျွန်တော်ဒီနိုင်ငံကို ရောက်ခါစက ဘာမှမလုပ်တတ်ဘူး.. အရက်လည်း မသောက်တတ်ဘူး.. ဖဲလည်းမရိုက်တတ်ဘူး.. ဘောလုံးလည်း မလောင်းတတ်ဘူး.. ခင်ဗျားနဲ့တွေ့မှ၊ ခင်ဗျားနဲ့ ပေါင်းမိမှပဲ အခုဆို ဖဲလည်းရိုက်တတ်နေပြီ၊ အရက်လည်းသောက်တတ်နေပြီ၊ ဘောလုံးလည်း လောင်းတတ်နေပြီ“ ဆိုပြီး အမူးသမားလေသံနဲ့ အားရပါးရ ပြောဆိုနေတာကို ကြားလိုက်ရပါတယ်။ တစ်လောကလည်း အရက်အလွန်သောက်တဲ့ ဒကာလေးနဲ့တွေ့လို့ အရက်လျှော့သောက်ဖို့ အကြောင်းပြောဖြစ်တော့ သူက “တပည့်တော် ဖြတ်ဖို့ကြိုးစားနေပါတယ်၊ အမှန်တော့ တပည့်တော် ရောက်ခါစက အရက်မသောက်တတ်ပါဘူး… တပည့်တော်နဲ့အတူ အလုပ်လုပ်တဲ့ စီနီယာအစ်ကိုကြီးနဲ့ တွဲဖြစ်ရာက သူကြိုက်တဲ့အရက်ကို နည်းနည်းစလုပ်မိရင်းက ခုလိုအများကြီး သောက်မိသွားတာပါ၊ ခွင့်လွှတ်တော်မူပါ ဘုရား..“ လို့ တောင်းပန်ရှာပါတယ်။

နောက်တရားပွဲ တစ်ခုမှာဖြစ်ပါတယ်။ တရားပွဲပြီးတော့ အပေါ်ထပ်အခန်းမှာ ခဏအနားယူနေချိန် အခန်းထဲကို ဒကာလေး လေးယောက်လောက် စာရွက်လေးကိုယ်စီနဲ့ ၀င်လာပြီး ဘာသာရေးနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေ မေးပါတယ်။ အရွယ်ငယ်ပြီး ရုပ်ရည်သန့်ပြန့်လှတဲ့ ဒီကလေးတွေကို ကြည့်ရတာ စိတ်ထဲမှာ အားရမိပါတယ်။ မိရိုးဖလာလွန် ဗုဒ္ဓဘာသာအဖြစ်မှ အနှစ်ရှိတဲ့ ဗုဒ္ဓဘာသာဝင်များအဖြစ် ပြောင်းလဲလာတဲ့ သူတို့လေးတွေကို ကြည့်ပြီး ပီတိဖြစ်မိပါတယ်။ ဒါနဲ့ ဘုန်းဘုန်းလည်း သူတို့လေးတွေဘာကြောင့် စိတ်တူကိုယ်တူနဲ့ ဒီအရွယ်လေးမှာ ဘာသာရေးတွေ လုပ်ဖြစ်တာလဲ…၊ တစ်ယောက်တည်းမဟုတ်ဘဲ ဘာကြောင့် စိတ်တူကိုယ်တူ လေးယောက်လုံး တစ်ပြိုင်တည်း တစ်စိတ်တည်း ဖြစ်သွားကြတာလဲ မေးတော့ သူတို့ထဲက တစ်ယေက်က “တပည့်တော်တို့လည်း အရင်က ဘာသာရေးနဲ့ ပတ်သက်ပြီး ဘာမှမသိပါဘူးဘုရား..၊ သူများနိုင်ငံမှာ အလုပ်လာလုပ်ရင်း စိတ်ပင်ပန်း လူပင်ပန်းဖြစ်လို့ ဟိုစာအုပ်ဖတ်၊ ဒီစာအုပ်ဖတ်၊ ဟိုတရားနာ ဒီတရားနာလုပ်ရင်း နောက်ဆုံး မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်တွေကို နာလိုက်ရတော့ တပည့်တော်စိတ်ထဲမှာ အရမ်းကိုသဘောကျ ကျေနပ်သွားမိပြီး နောက်ပိုင်းဆရာတော်ကြီး တရားတွေ ဆက်တိုက်နာဖြစ်ပါတယ်။ တရားများများ နာမိလေလေ လောကရဲ့ ဆင်းရဲဒုက္ခတွေကို ခံနိုင်လာလေလေဖြစ်ကာ နောက်ပိုင်း တရားပါ အားထုတ်လာမိတော့ စိတ်ဟာပိုပြီး အေးချမ်းလာပါတယ်။ ဒါနဲ့ တပည့်တော်လည်း တပည့်တော်နဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေကို တပည့်တော် နာရတဲ့ တရားတွေ ပြန်ပြောပြကာ သူတို့ကိုလည်း တရားတွေ နားခိုင်းတော့ သူတို့လည်း တပည့်တော်လို ဘာသာရေးအပေါ် စိတ်ဝင်စားခဲ့ပါတယ်။ အခုဆို တပည့်တော်တို့ အချိန်အားတာနဲ့ တရားနာ၊ တရားထိုင်ပဲ လုပ်ဖြစ်ပါတယ်။ နောက်ပိုင်း သာသနာ့ဘောင် ၀င်ဖို့အထိတောင် စဉ်းစားထားပါတယ်ဘုရား..“ စသဖြင့် သူတို့ရဲ အကြောင်းကို ပြောပြလျှောက်ထားပါတယ်။

ဒီအကြောင်းလေးတွေကတော့ လက်တွေ့ဘ၀မှာ တွေ့ရတဲ့ ဘုန်းဘုန်းရဲ့ ကိုယ်တွေ့လေးတွေပါ။ ဘုန်းဘုန်းအနေနဲ့ ဒီအကြောင်းလေးတွေ ပြန်ပြောပြနေတာက အပေါင်းအသင်းကြောင့် ပြောင်းလဲသွားတဲ့ သူတွေရဲ့ ဘ၀လေးတွေကို လက်တွေ့နဲ့ ယှဉ်ပြီးထင်ရှားစေလိုတဲ့ အတွက်ကြောင့်ပါ။ အပေါင်းအသင်းကဏ္ဍဟာ ဘယ်လောက်အရေးကြီးတယ် ဆိုတာ သိစေလိုတာပါ။ သံသရာမှာမပြောနဲ့ ဒီဘ၀ အခိုက်လေးမှာကိုပဲ အပေါင်းအသင်းကောင်းတော့ ကိုယ်လည်းကောင်းလာပြီး အပေါင်းအသင်းဆိုးတော့ ကိုယ်ပါဆိုးလာတာကို လက်တွေ့တွေ့နိုင်ပါတယ်။ တစ်ချို့ဆို အပေါင်းအသင်းမကောင်းတော့ ဘ၀မှာ မလုပ်ဖူးတဲ့ အကုသိုလ်အပြစ် မရှိသလောက်အောင် လိုက်လုပ်နေတာကို တွေ့ရပါတယ်။ တစ်ချို့ကြပြန်တော့ အပေါင်းအသင်းအများကြီး မရှိဘဲ ကောင်းတဲ့အပေါင်းအသင်း တစ်ယောက်နှစ်ယောက်လောက်နဲ့ ကိုယ့်ကျိုးလည်းလုပ် အများအကျိုးလည်း လုပ်နေတာကို တွေ့ရပါတယ်။

မှန်ပါတယ်။ အပေါင်းအသင်းဆိုတာ အများကြီးရှိဖို့ မလိုပါဘူး။ မကောင်းတဲ့အပေါင်းအသင်း အများကြီး ရှိတာထက် ကောင်းတဲ့အပေါင်းအသင်း တစ်ယောက်နှစ်ယောက်လောက် ရှိတာက ပိုပြီး ပစ္စုပ္ပန် သံသရာ ကောင်းကျိုးတွေကို ဖြစ်စေပါတယ်။ တစ်ချို့က ပြောတတ်ပါတယ်။ “ဒီနိုင်ငံမှာက မသောက်မစား နေရင်အပေါင်းအသင်း မရှိဘူး“တဲ့။ ဒါက သောက်တတ်စားတတ်သူတွေရဲ့ အကြောင်းပြလေးပါ။ မသောက်မစားဘဲ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရှိနေတဲ့အပြင် မသောက်မစား တည်တည်ကြည်ကြည် ရှိတဲ့အတွက် အများရဲ့ ရိုသေလေးစားမှုကို ရနေတဲ့သူတွေလည်း အများကြီးရှိပါတယ်။ သောက်တဲ့သူတွေက အများစုဖြစ်တဲ့အတွက် မသောက်မစားတဲ့သူတွေဟာ အပေါင်းအသင်းမရှိ နည်းနေရင်နည်းနေနိုင်ပေမယ့် သူတို့လို စိတ်တူကိုယ်တူရှိသူ အပေါင်းအသင်းတော့ ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်တွေ့ဘ၀မှာတော့ ဒီအနည်းစုဟာ အကျိုးတွေ အများကြီးဖြစ်ထွန်းနေတာကို တွေ့ရမှာပါ။ မသောက်မစား၊ အလောင်းအစား မလုပ်တဲ့အတွက် ရှာသမျှငွေကြေးလေးတွေကို စုမိစောင်းမိဖြစ်ကာ အိမ်မှာလည်း ချောင်ချောင်လည်လည်ရှိ၊ ကုသိုလ်ရေးအတွက်လည်း လှူချင်သလို လှူနိုင်တမ်းနိုင်နေတာကို တွေ့ရပါတယ်။ အသောက်အစား အလောင်းအစား လုပ်နေသူတွေကတော့ တစ်လနဲ့တစ်လ အလျဉ်မမီသလို အကြွေးတွေသာဝိုင်းနေပြီး အိမ်လည်မပို့ဖြစ်၊ ဘာမှလည်း လက်ဆုတ်လက်ကိုင်မရှိ ဖြစ်နေကြပါတယ်။ အဲလို ဒုက္ခလေးတွေ ဖြစ်လာတော့ ရှိတုန်းက ပေါင်းသင်းလာတဲ့ ကောင်းပါတယ်ဆိုတဲ့ အပေါင်းအသင်းဆိုတာတွေဟာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြပါတယ်။ အပေါင်းအသင်းကောင်း မဟုတ်တဲ့အတွက် သာတဲ့အချိန်မှာပေါင်းပြီး နာတဲ့အချိန်ကျတော့ ဂျောင်းကုန်တော့တာပါ။ ဒါကြောင့် အပေါင်းအသင်းဟာ သာပေါင်းညာစား အပေါင်းအသင်းတွေ အများကြီးရှိတာထက် မရှိအတူ ရှိအတူ ဖြစ်တဲ့အပေါင်းအသင်း နည်းနည်းလေးရှိတာက ပိုကောင်းတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ အားလုံးထက် အကောင်းဆုံး အပေါင်းအသင်းကတော့ မကောင်းတာတွေ မလုပ်ဖြစ်အောင် ကိုယ့်ကိုပြုပြင် တည့်မတ်ပေးပြီး ကိုယ်ဒုက္ခရောက်ချိန်မှာ တတ်နိုင်သမျှ ကူညီပေးတဲ့ အပေါင်းအသင်းပါပဲ။

ဒီနေရာမှာ မြတ်စွာဘုရားရှင်ရဲ့ အပေါင်းအသင်းနဲ့ ပတ်သက်တဲ့ မိန့်တော်မူချက်လေးကို သတိရမိပါတယ်။ အားလုံးသိပြီး ဖြစ်တဲ့အတိုင်း ဘုရားရှင်က မင်္ဂလာတရားတော်များမှာ အစဆုံးမင်္ဂလာများအဖြစ် “အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နံ= လူမိုက်ကို မပေါင်းသင်းရန်နှင့် ပညာရှိသူတော်ကောင်းကိုသာ ပေါင်းသင်းရန်“ မိန့်တော်မူပါတယ်။ ဒါ့အပြင် လူမိုက်ကို မပေါင်းသင်းဖို့အတွက် ဓမ္မပဒမှာ ဟောကြားထားချက်လေးကလည်း မှတ်သားဖွယ်ဖြစ်ပါတယ်။ အဲဒီဟောကြားချက်လေးက “လူမိုက်၌ တရားကျင့်ရန် အဆွေခင်ပွန်းအဖြစ် မရှိရကား တရားကျင့်သူသည် မိမိထက်သာလွန်သူ မိမိနှင့်တူမျှသူကို မရနိုင်ပါမူ တစ်ယောက်တည်း ကျင့်ခြင်းကိုသာ မြဲမြံစွာ ပြုကျင့်ရာ၏“ တဲ့။ အပေါင်းအသင်းဟာ အဲလောက်ကို အရေးကြီးတာပါ။ အပေါင်းအသင်းဟာ အလွန်အရေးကြီးတဲ့အတွက် အပေါင်းအသင်းကောင်းကို ရွေးချယ်ပေါင်းသင်းဖို့ အကြိမ်ကြိမ် ဆုံးမတော်မူခြင်းဖြစ်ပါတယ်။ အပေါင်းအသင်းကောင်းကို ပေါင်းမိကြလို့ ပစ္စုပ္ပန် ကောင်းကျိုးမှ နိဗ္ဗာန်အထိ အကျိုးဖြစ်သွားကြသူများ ရှိသလို မကောင်းတဲ့အပေါင်းအသင်းကြောင့် အပါယ်ငရဲကျသွားသူများလည်း ရှိပါတယ်။ ဒီနေရာမှာ အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန် မထေရ်နှစ်ပါးအကြောင်းနှင့် အရှင်ဒေ၀ဒတ်နှင့် အဇာတသတ်ဘုရင်တို့ အကြောင်းကတော့ အပေါင်းအသင်း အကောင်းအဆိုးရဲ့ စံပြုစရာတွေ ဖြစ်ပါတယ်။ မထေရ်နှစ်ပါးဟာ လူ့ဘ၀မှာတည်းက အပေါင်းအသင်း သူငယ်ချင်းကောင်းများ ဖြစ်တဲ့အတွက် တစ်ဦးတရားသိတဲ့အခါလည်း တစ်ဦးကို ပြန်လည်ခေါ်ဆောင် မျှဝေကာ နောက်ဆုံးဘုရားသာသနာမှာ အမြင့်မြတ်ဆုံး အဂ္ဂသာဝဘွဲ့ထူးများနဲ့အတူ နိဗ္ဗာန်အထိ မျက်မှောက်ပြုသွားကြတဲ့ အပေါင်းအသင်းကောင်းများရဲ့ ပြယုဂ်အဖြစ် စံတင်စရာဖြစ်ပါတယ်။ ဒါပေမယ့် အရှင်ဒေ၀ဒတ်လို မကောင်းတဲ့ဆရာ၊ မကောင်းတဲ့အပေါင်းအသင်းကို ပေါင်းမိတဲ့ အဇာတသတ်ဘုရင်ကတော့ အဖေကိုသတ်တဲ့ ပိတုဃာတကကံကို ကျူးလွန်မိတဲ့အတွက် ငရဲလားရတဲ့အထိ ဆိုးကျိုးကိုဖြစ်စေကာ မကောင်းတဲ့ အပေါင်းအသင်းကို ပေါင်းရခြင်းရဲ့ မကောင်းတဲ့ ပြယုဂ်အဖြစ် ထင်ကျန်စေခဲ့ပါတယ်။

အချုပ်အားဖြင့် အပေါင်းအသင်းဆိုတာ လူတွေအတွက် လိုအပ်လှတဲ့ အဖော်ဖြစ်တာကြောင့် အပေါင်းအသင်း ရှိဖို့လိုအပ်လှပါတယ်။ ဒါပေမယ့် မကောင်းတဲ့ အပေါင်းအသင်းတော့ မဟုတ်ပါဘူး။ ကောင်းတဲ့ အပေါင်းအသင်းပါ။ မကောင်းတဲ့ အပေါင်းအသင်း အများကြီး ရှိနေတာထက် ကောင်းတဲ့အပေါင်းအသင်း အနည်းငယ်ရှိနေတာက ဒီဘ၀ရော နောင်သံသရာပါ ကောင်းကျိုးဖြစ်စေတာပါ။ မကောင်းတဲ့အရာတွေမှာ အဖော်မွန်ဖြစ်စေတတ်တဲ့ အပေါင်းအသင်း အများကြီး ရှိတာထက် ကောင်းတဲ့အရာတွေမှာ ညွှန်ကြားပြသပေးတဲ့ အပေါင်းအသင်း နည်းနည်းလေးရှိတာက ပိုပြီးတန်ဘိုးရှိလှပါတယ်။ သောက်မှစားမှ ကျွေးနိုင်မွေးနိုင် ပေးနိုင်ကမ်းနိုင်မှ အဖော်ဖြစ်တဲ့ အပေါင်းအသင်းများ ပေါများနေတာထက် ဒုက္ခရောက်ချိန်မှာ နှုတ်၏စောင်မခြင်း ကိုယ်၏စောင်မခြင်း ပြုတတ်တဲ့ အပေါင်းအသင်း အနည်းငယ်က ပိုပြီးအားကိုးရပါတယ်။ သောက်မှစားမှ မဟုတ်တာလုပ်မှ အပေါင်းအသင်းတွေ ပေါများတာထက် အပေါင်းအသင်းမပေါပေမယ့် အကုသိုလ်မဖြစ်ဘဲ ရှိနေတာက ပိုပြီး အကျိုးများပါတယ်။ ဒါကြောင့် ဘ၀မှာ အပေါင်းအသင်းဟာ ပစ္စုပ္ပန်ရော သံသရာမှာပါ ကောင်းကျိုး ဆိုးကျိုးကို ပြုလုပ်ဖန်တီးပေးနိုင်တဲ့အတွက် ပစ္စုပ္ပန်သံသရာ နှစ်ဖြာကောင်းကျိုးကို ဖြစ်စေနိုင်တဲ့ အပေါင်းအသင်းမျိုးကိုသာ ရွေးချယ်ပေါင်းသင်းကြဖို့ ဒီစာစုလေးဖြင့် အသိပေးစကား ပါးလိုက်ရပါတယ်။ 

Read more »

ဖိအားနဲ့ အသိတရား


ဒကာတစ်ယောက်က မေးလျှောက်လာပါတယ်။ “ဘုန်ုးဘုန်းဘုရား တပည့်တော် အခုတလော ကိုယ့်ကိုယ်ကို စိတ်တွေအရမ်း ကြမ်းလာတယ်လို့ ခံစားမိပါတယ်၊ ထစ်ခနဲဆို စိတ်တိုလိုက်၊ ထစ်ခနဲဆို အလိုမကျဖြစ်လိုက်၊ ထစ်ခနဲဆို ပါးစပ်က ဆဲလိုက်ဆိုလိုက် စတာတွေ အလွယ်တကူကို လုပ်ဖြစ်လာတယ်လို့ ထင်ပါတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် တပည့်တော် စိတ်ရိုင်းတွေ ဝင်နေတယ်ဆိုတာ သတိပြုမိလာပါတယ်၊ သတိပြုမိတဲ့အလျောက် ထိန်းနိုင်အောင် ကြိုးစားကြည့်ပေမယ့် မရဘူး ဖြစ်နေပါတယ်ဘုရား၊ အဲဒါ ဘယ်လိုလုပ်ရင် ကောင်းမယ်ဆိုတာ တပည့်တော်ကို အကြံပြု မိန့်ကြားပေးပါး ဘုရား”ဆိုပြီး သူကအကြံဉာဏ် တောင်းခံရင်း လျှောက်ထားလာပါတယ်။

သူ့လျှောက်ထားချက်ကို နားထောင်ပြီး “အင်း ဒါဆိုရင်တော့ ဒကာ့မှာ စိတ်ဖိစီးမှုတွေ များနေပြီး ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုတွေက မကောင်းဘဲ ဖြစ်နေတဲ့ သဘောရှိပါတယ်၊ ပတ်ဝန်းကျင်မှာရှိတဲ့ အလုပ်တွေရယ်၊ အလုပ်မှာရှိတဲ့ သူတွေရဲ့ အပြုအမူတွေရယ်၊ အလုပ်မှာရှိတဲ့ ဖိအားတွေရယ် စတာတွေက ဒကာ့ကို စိတ်အစဉ်ကြမ်းတမ်းအောင်၊ အလိုမကျ ဖြစ်အောင် လုပ်နေတဲ့ သဘောရှိပါတယ်၊ ပိုဆိုးတာက အဲဒီလို ဖိအားတွေ ရှိနေတဲ့အချိန်မှာ ဘာသာတရားနဲ့ ဝေးကွာပြီး မထူးပါဘူးဆိုကာ ဖြစ်သလို နေပစ်လိုက်တာက စိတ်ကိုပိုပြီး ကြမ်းတမ်းစေတတ်တဲ့ သဘောရှိပါတယ်၊ စိတ်အစဉ်ကို နူးညံ့သိမ်မွေ့အောင် လုပ်ပေးနိုင်တဲ့ တရားနားတဲ့အလုပ်၊ တရားစာဖတ်တဲ့ အလုပ်၊ တရားမှတ်တဲ့ အလုပ်၊ မေတ္တာပို့ ဂုဏ်တော်ပွားတဲ့ အလုပ်၊ ကိုယ်ကျင့်တရားကောင်းအောင် ထိန်းသိမ်းတဲ့ အလုပ်တွေနဲ့ ဝေးကွာစေမှုဟာလည်း ဘဝမှာ စိတ်အစဉ်ကို ပိုမိုပြီး ရိုင်းစိုင်းစေတတ်တာ ဖြစ်ပါတယ်” စသဖြင့် ပြောပြရင်း စိတ်ကိုပြောင်းလဲစေတတ်တဲ့ ပတ်ဝန်းကျင်နဲ့ စိတ်ကိုနူးညံ့စေတတ်တဲ့ ဓမ္မအားတွေအကြောင်း ပြောကြားပေးဖြစ်ခဲ့ပါတယ်။ စိတ်ရဲ့ဖိအားနဲ့ အဲဒီဖိအားကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ အသိတရားအကြောင်း အကြံပြု ပြောကြားပေးဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ လူဟာ ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှုက အဓိကကျပေမယ့် ပုထုဇဉ်တွေအတွက် အဲဒီလို စိတ်ထိန်းကြောင်းမှု အပိုင်းမှာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု၊ ပတ်ဝန်းကျင်ရဲ့ ထောက်ပံ့မှု၊ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုတွေဟာ အများကြီး သက်ရောက်မှု ရှိနေတတ်တာ ဖြစ်ပါတယ်။ တစ်ခါတလေ ဗီဇကောင်းတဲ့ သူတွေတောင်မှ ပတ်ဝန်းကျင် မကောင်းရင် မကောင်းတဲ့ လွှမ်းမိုးမှုတွေ ကူးစက်ခံရတတ်သလို မွေးလာတဲ့ ဗီဇက မကောင်းပေမယ့် ပတ်ဝန်းကျင်ကောင်းရင် ကောင်းတဲ့အမူအကျင့်တွေဘက်ကို အထိုက်အလျောက် ပြောင်းသွားတတ်တာလည်း ရှိတတ်ပါတယ်။ ဒီသဘောတရားကို နိုင်ငံခြားမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့ သူတွေက ပိုပြီးသိရှိ ခံစားမိကြမှာ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားမှာကတော့ ပိုက်ဆံရတာ တစ်ခုကလွဲပြီး ကျန်တဲ့အပိုင်းမှာ ဖိအားတွေနဲ့ပဲ လွှမ်းမိုးခံနေကြရတာ ဖြစ်ပါတယ်။ အလုပ်ရဲ့ ဖိအားက တစ်မျိုး၊ အလုပ်ရှင်ရဲ့ ဖိအားကတစ်မျိုး လုပ်ဖော်ကိုင်ဖတ်တွေရဲ့ ဖိအားကတစ်မျိုး စသဖြင့် အမျိုးမျိုး ရှိနေတဲ့ကြားက အိမ်ကိုလွှမ်းလို့ ဖုန်းဆက်မိပြန်တော့ အိမ်ကကြားရတဲ့ သတင်းစကားတွေက ဖိအားကို မတွန်းလှန်နိုင်ဘဲ စိတ်အစဉ်ကို ပိုပြီး ပိပြားသွားစေတတ်ကြ ပြန်ပါတယ်။ 

အဲဒီလို အကြောင်း အမျိုးမျိုးကြောင့် ဖိအားတွေဝင်ပြီး စိတ်အစဉ်မှာ ပင်ပန်းနေတဲ့ သူတွေအနေနဲ့ ပတ်ဝန်းကျင်ကောင်းနဲ့ အပေါင်းအသင်းကောင်းဟာ သိပ်ကိုအဓိက ကျလှပါတယ်။ ပတ်ဝန်းကျင်ကောင်းနဲ့ အပေါင်းအသင်းကောင်းတွေရဲ့ ထောက်ပံ့မှုအားဟာ ကျနေတဲ့ စိတ်ကို ပြန်လည်တက်ကြွ စေတတ်ပြီး ခွန်အားတွေကို ဖြစ်စေတတ်တာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်မကောင်းလို့ ဖိအားတွေကို ဖြစ်ပေါ်စေတတ်ပေမယ့် အကောင်းဘက်ကို ညွန်ပြပေး၊ အားပြုပေးမယ့် ကလျာဏမိတ္တရဲ့ ပံ့ပိုးမှုဟာ ဖိအားတွေကနေ ရုန်းထွက်နိုင်တဲ့အထိ ပံ့ပိုးပေးနိုင်တာ ဖြစ်ပါတယ်။ အထူးသဖြင့် အဲဒီလို ကလျာဏမိတ္တရဲ့ အားတွေအပြင် မြတ်ဗုဒ္ဓရဲ့ ဓမ္မအားတွေနဲ့ပါ တွဲပြီး ဘဝကိုဓမ္မနဲ့ ယှဉ်လာနိုင်မယ်ဆိုရင်တော့ ဒါဟာ ဖိအားကို အသိတရားနဲ့ ကျော်လွှားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဖိအားတွေကြောင့် စိတ်အစဉ်တွေ ကြမ်းတမ်းလာပြီး အသိတရားပါ ပျောက်လာတဲ့အခါမှာ တရားဓမ္မအားနဲ့ ပြန်လည်ပြုပြင်နိုင်ခြင်းဟာ ဘာနဲ့မှမတူတဲ့ အကောင်းဆုံး ပြုပြင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ပြောင်းလဲခြင်းတွေထဲမှာ ဘဝကို ဓမ္မနဲ့ ပြုပြင်ပြောင်းလဲခြင်းဟာ တကယ့်ကို နူးညံ့သိမ်မွေ့တဲ့ အပြောင်းအလဲပဲ ဖြစ်ပါတယ်။ 

သေချာတွေးကြည့်ရင် စိတ်ကြမ်းတွေဝင်လာတယ်၊ စိတ်အစဉ်ရိုင်းလာတယ်၊ စိတ်မှာ အလိုမကျတာတွေ၊ စိတ်ဆိုးစိတ်တိုတာတွေ ဖြစ်လာနေတယ်ဆိုတာဟာ တကယ်တော့ စိတ်မှာ အသိတရားတွေ နည်းလာ၊ ကိုယ်ကျင့်တရားတွေ လျော့လာ၊ မေတ္တာအားတွေကျလာလို့ပဲ ဖြစ်ပါတယ်။ သာမန်ကြည့်ရင်တော့ အခုလို စိတ်ရိုင်းစိတ်ကြမ်းတွေ ဖြစ်လာတယ်ဆိုတာဟာ စိတ်ဖိစီးမှုတွေ၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေ၊ လောကဓံတွေကြောင့်လို့ ဆိုနိုင်ပေမယ့် တကယ်တမ်း အဓိက အခရာကျတာက အသိတရား၊ အကျင့်တရားတွေနဲ့ ကိုယ်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှု အားနည်းလို့ပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ အတက်အကျ အနိမ့်အမြင့် အဆိုးအကောင်းစတဲ့ လောကဓံဆိုတာကတော့ အားလုံးအတွက် အချိန်မရွေး ပြောင်းလဲဖြစ်ပျက်နေကြမှာပဲ ဖြစ်တဲ့အတွက် ဒီအပြောင်းအလဲတွေအပေါ်မှာ အသိတရားလက်ကိုင်ထားပြီး ရင်ဆိုင်ကျော်လွှားနိုင်မှု အားနည်းတဲ့သူဟာ ဒီဒဏ်တွေကို ပိုပြီးခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့် ဖိအားနဲ့ အပြောင်းအလဲ တရားတွေကို ခံနိုင်ရည်ရှိဖို့အတွက် အသိတရားနဲ့ အကျင့်တရားက သိပ်အရေးကြီးတယ်လို့ ဆိုရခြင်း ဖြစ်ပါတယ်။

ဆိုတော့ကား အသိတရားတွေ၊ အကျင့်တရားတွေ ပိုမိုတိုးတက် လာဖို့အတွက် အကောင်းဆုံး နည်းလမ်းကို ရှာဖွေကြရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အကောင်းဆုံးက တရားနှလုံးသွင်းကြဖို့ပဲ ဖြစ်ပါတယ်။ တရားအသိရှိတဲ့သူ၊ တရားအကျင့် ရှိတဲ့သူဟာ တရားနဲ့အညီ နေထိုင်ကျင့်သုံး လာတတ်တဲ့အတွက် အမူအရာတွေဟာ သိသိသာသာကို ပြောင်းလဲလာတတ်တာ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ အပြုအမူ၊ အပြောအဆို၊ အကြံအစီတွေဟာ တရားအားနဲ့ တဖြည်းဖြည်း ပါးပါးလာပြီး စိတ်အစဉ်ဟာ နူးညံ့သိမ်မွေ့လာတော့တတ်တာ ဖြစ်ပါတယ်။ အားလုံးဟာ မမြဲဘူးဆိုတဲ့ ဓမ္မအသိကို နှလုံးသွင်းထားတဲ့အတွက်ကြောင့်လည်း ငါဆိုတဲ့ မာနတွေဟာ ခဝါကျလာပြီး လူအများအပေါ် ကိုယ်ချင်းစာတရားတွေ ထားတတ်လာတော့တာ ဖြစ်ပါတယ်။ တရားတကယ်သိလာပြီဆိုရင် အသိတရားနဲ့ အကျင့်တရားတွေပါ တိုးတက်လာပြီး အဲဒီအသိအကျင့်ကပဲ ကိုယ့်ကိုယ်ကို ထိန်းသိမ်းထားနိုင်လာတာ ဖြစ်ပါတယ်။ အရင်းစစ်တော့ ဒါဟာ တရားနဲ့အညီ ကျင့်သုံးနေထိုင်လာတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် ဖိအားတွေများပြီး စိတ်ပင်ပန်းကာ စိတ်ကြမ်းလာကြတဲ့ သူတွေအနေနဲ့ ဒီလိုဖြစ်လာတာဟာ ကိုယ့်သန္တာန်မှာ အသိတရား၊ အကျင့်တရားနဲ့ ဓမ္မအားတွေ လျော့နည်းလာလို့ ဖြစ်တယ်ဆိုတာ သတိပြု ဆင်ခြင်ပြီး ကြမ်းတမ်းရိုင်းစိုင်းလာတဲ့ ကိုယ်နှုတ်စိတ် အမူအရာတွေကို နူးညံ့သိမ်မွေ့ပြီး လောကဓံကို သည်းခံနိုင်တဲ့ စိတ်အစဉ်တွေ တိုးတက်လာဖို့အတွက် တရားများများနာ၊ ကိုယ်ကျင့်သီလကို လုံအောင်စောင့်ထိန်း၊ မေတ္တာလည်းပို့ ဂုဏ်တော်လည်းပွားကာ ဝိပဿနာ တရားပါ အားထုတ်ရင်း တရားအလုပ်နဲ့ အတူ ကိုယ့်ကိုယ်ကို အုပ်ချုပ်နိုင်အောင် ပြုပြင်ထိန်းသိမ်း နေထိုင်ကြရမှာ ဖြစ်ပါကြောင်း ဖိအားနဲ့ အသိတရားအကြောင်း သတိထားနိုင်အောင် သိသမျှနဲ့ အသိမျှလိုက်ရပါတယ်။ 

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ