Love is understanding


"အချစ်ဆိုတာ နားလည်ခြင်း”တဲ့။ 
ဟုတ်ပါတယ်။ အချစ်ဆိုတာ ဘာလဲလို့ မေးရင်း အချစ်ဆိုတာ နားလည်ခြင်းလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး အချင်းချင်း နားလည်မှုတွေ ရှိနေရင် အချစ်တွေလည်း ရှိနေကြမှာ ဖြစ်ပြီး နားလည်မှု လွဲလာပြီဆိုရင်တော့ အချစ်တွေလည်း လျော့လာတော့တာ ဖြစ်ပါတယ်။ များများနားလည်မှု လွဲလေ အချစ်တွေ များများလျော့လာလေပဲ ဖြစ်ပါတယ်။ ဒီသဘောတရားကို ကိုယ့်ရဲ့ လက်တွေ့ဘဝတွေမှာ မျက်မှောက်ထင်ထင် တွေ့မြင်နိုင်ကြမှာ ဖြစ်ပါတယ်။ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ ပေးနိုင်၊ တစ်ယောက်အားနည်းချက်ကို တစ်ယောက်က နာလည်းခွင့်လွှတ်ပေးနိုင် နေကြတဲ့အချိန်မှာ ဘာပြဿနာမှ မရှိကြပေမယ့် နားလည်မှုတွေ မပေးနိုင်ကြတော့တဲ့ အချိန်မှာတော့ အချစ်တွေလည်း လျော့လာကာ အချစ်အစား အပြစ်တွေ ပွားလာကြတော့တာ ဖြစ်ပါတယ်။ လူတစ်ဦးချင်းမှာ တစ်ဦးအပေါ် တစ်ဦး နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ အချစ်တွေ မရှိရင် အပြစ်တွေပဲ ကြည့်လာတတ်တာ ဖြစ်ပါတယ်။ အပြစ်ကြည့်လာပြီဆိုရင် နားလည်မှုလည်း မပေးနိုင်တော့ဘဲ အချစ်တွေလည်း ဝေးကွာလာတော့တာ ဖြစ်ပါတယ်။ 

ဒီနေရာမှာ အချစ်ဆိုလို့ သမီးရည်းစား အချစ်တစ်ခုကိုပဲ အချစ်လို့ မမြင်ကြဖို့လိုပါတယ်။ မိဘနဲ့ သားသမီးကြား၊ ဆရာနဲ့ တပည့်ကြား၊ မိတ်ဆွေအပေါင်း အသင်းတွေကြားမှာ ပေါင်းကူးပေးထားတာလေးတွေဟာလည်း အချစ်တွေပဲ ဖြစ်ပါတယ်။ အဲဒီအချစ်တွေဟာ တစ်ဦးအပေါ်တစ်ဦး နားလည်မှုနဲ့ တည်ဆောက်ထားကြတာ ဖြစ်တဲ့အတွက် နားလည်မှု ရှိနေသမျှ နားလည်မှုတွေ ပေးနေနိုင်သမျှ အချစ်တွေဟာလည်း ခိုင်မြဲနေနိုင်ကြတာ ဖြစ်ပါတယ်။ အချစ်တွေ ခိုင်မြဲနေသေးသမျှ အပြစ်ရှိတာတောင် အပြစ်လို့ မမြင်တော့ဘဲ နားလည်မှုနဲ့ ခွင့်လွှတ်ပေးနိုင်တော့တာ ဖြစ်ပါတယ်။ အထူးသတိထားရမှာက အဲဒီလို နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ ချစ်ချင်းတွေဟာ ပယောဂတစ်ခုခုကြောင့် နားလည်မှုတွေ လွဲလာခဲ့ရင် အချစ်တွေလည်း လွဲလာတတ်ပြီး အချစ်လွဲလာရင် အပြစ်တွေလည်း တွဲပါလာတတ်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ 

တကယ်တော့ နားလည်မှုပေးတယ်ဆိုတာ သူ့နေရာမှာ ကိုယ်ကခံစားကြည့်ပေးတာပဲ ဖြစ်ပါတယ်။ ကိုယ်လည်းသူ့နေရာမှာဆိုရင် ဒီလိုပဲ ဖြစ်မှာပဲဆိုတဲ့ ကိုယ်ချင်းစာတရားနဲ့ သူ့နေရာလေးမှာ ခံစားပေးတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ ပြီးတော့ အဲဒီလို နားလည်မှု ရအောင်ကြိုးစားတဲ့ အခါမှာ တစ်ဦးနဲ့တစ်ဦးကြား အကြောင်း တစ်ခုခုကြောင့် နားလည်မှုလေးတွေ လွဲလာခဲ့ရင်လည်း အဲဒီ နားလည်မှုလွဲတာတွေကို လက်တွေ့မဖြေရှင်းပဲ စိတ်ထဲမှာ ကြိတ်ပြီးတေးမထားဖို့ လိုပါတယ်။ တစ်ယောက်ယောက်ကြောင့် တစ်ခုခုကြောင့် အမြင်လေးတွေစောင်းပြီး နားလည်မှု လွဲလာတာလေးတွေ ရှိရင် ပွင့်ပွင့်လင်းလင်း တိုက်ရိုက်ပြောဆိုကာ အကျိုးသင့်အကြောင်းသင့် ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ တစ်ချို့နားလည်မှု လွဲကြတဲ့ ကိစ္စတွေဟာ အဲဒီနားလည်မှုကို တိုက်ရိုက်မျက်နှာချင်းဆိုင် ပွင်ပွင့်လင်းလင်း မဖြေရှင်းပဲ ကိုယ့်စိတ်ထဲမှာပဲ ကိုယ့်ရှုထောင့်တစ်ခုတည်းနဲ့ ကြိတ်တေး၊ ကြိတ်တွေးကာ ကြိတ်ခံစားနေကြတဲ့ အတွက်ကြောင့် ကြာတော့ အဲဒီကြိတ်လုံးတွေဟာ အဆိုင်အခဲ ဖြစ်လာကာ နားလည်မှုဟာ ပိုပြီးလွဲလာကြတော့တာ ဖြစ်ပါတယ်။ အဲဒီလို နားလည်မှု လွဲလာရာက တစ်ယောက်နဲ့တစ်ယောက် သူမှန်ကိုယ်မှန် မာနပြိုင်ရင်း နောက်တော့ အချစ်အစား အမုန်းတွေပဲ ပွားလာဖြစ်ကြတော့တာ ဖြစ်ပါတယ်။ အရင်းစစ်တော့ အမုန်းအပြစ်ဆိုတာ နားလည်မှုလွဲရာကနေ အချစ်တွေပြယ်ကာ အပြစ်တွေအဖြစ် ပြောင်းလဲသွားခြင်း သဘောပဲ ဖြစ်ပါတယ်။ 

ဆိုတော့ကား ဘာပဲဖြစ်ဖြစ် ခဏတာဆုံတွေ့ကြတဲ့ အခိုက်အတန့်လေးမှာ အမုန်းတရားတွေနဲ့ ဘဝကို ဖြတ်သန်းကြမယ့်အစား မပြည့်စုံတဲ့ သူအချင်းချင်း အားနည်းချက်ကို နားလည်မှုပေးပြီး အဲဒီနားလည်မှုကို အချစ်တစ်ခုအဖြစ် တည်ဆောက်ကာ အချစ်အားနဲ့ အပြစ်များကို ဖယ်ရှားနိုင်အောင် ကြိုးစားကြည့်ကြရမှာ ဖြစ်ပါတယ်။ နားလည်မှုရှိနေရင် အချစ်ရှိနေမှာဖြစ်ပြီး အချစ်ရှိနေရင် အပြစ်ကြည့်တာတွေလည်း နည်းလာကြမှာ ဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ အချစ်တွေကို တည်ဆောက်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ 

Read more »

အူမတောင့်မှ သီလစောင့်မယ်ဆိုရင်ဖြင့်

“အူမ,တောင့်မှ သီလစောင့်”ဆိုတဲ့ မြန်မာစကားပုံကို တော်တော်များများ ပြောဆိုအသုံးပြုလေ့ ရှိပါတယ်။ ကောင်းတာတွေလုပ်ချင်ပေမယ့် စားဝတ်နေရေး အဆင်မပြေတဲ့အတွက် မလုပ်နိုင်တဲ့ သဘောကို ဒီစကားပုံလေး အသုံးပြုပြီး အကြောင်းပြလေ့ ရှိတတ်ပါတယ်။ သီလစောင့်ချင်ပေမယ့် စားစရာက မရှိတော့ သီလလည်း မစောင့်နိုင်ဘူးလို့ ဆိုချင်ကြဟန်တူပါတယ်။ သီလစောင့်တယ်၊ ကုသိုလ်လုပ်တယ်ဆိုတာ စားဝတ်နေရင်း အဆင်ပြေမှပဲ လုပ်နိုင်တာ၊ စားဝတ်နေရေး အဆင်မပြေရင်တော့ သီလလည်း စောင့်နိုင်မှာ မဟုတ်ဘူးစသဖြင့် ကိုယ်သီလမစောင့်နိုင်တာ၊ ကုသိုလ်မလုပ်နိုင်တာကို အူမ,မတောင့်တဲ့ အတွက် မလုပ်နိုင်ဘဲ ဖြစ်နေကြောင်း အကြောင်းပြလိုကြဟန် ရှိပါတယ်။ ဒီလိုဆိုရင် မွေးလာကတည်းက အူမတောင့်ဖို့ ကြိုးစားလာခဲ့ကြတာ ဘယ်တော့အူမတောင့်လို့ ဘယ်တော့သီလ စောင့်ကြမှာလဲလို့တောင် မေးစရာ ဖြစ်လာပါတယ်။ အူမ,တောင့်မှ သီလစောင့်ကြမယ်ဆိုရင် အူမ,မတောင့်ခင် တစ်ခုခု ဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်ကြမလဲလို့ စောဒကတက်စရာ ဖြစ်လာပြန်ပါတယ်။
ကတ်သီးကတ်သပ် တွေးကြည့်မယ်ဆိုရင် “အူမ,တောင့်မှ သီလစောင့်”ဆိုတဲ့ ဒီစကားအရ အူမ,တောင့်ဖို့က အဓိကဖြစ်နေပြီး သီလစောင့်ဖို့က နောက်ဖြစ်နေပါတယ်။ အူမ,တောင့်အောင်ကြိုးစားဖို့ အရင်လိုအပ်ပြီး အူမ,ကောင်းကောင်းတောင့်မှ သီလစောင့်မယ် ဆိုတဲ့သဘော သက်ရောက်နေပြန်ပါတယ်။ တကယ်လို့ အဲဒီလို သဘောမျိုးနဲ့သာ သီလကိုနောက်မှစောင့်ပြီး အူမ,အရင်တောင့်အောင် ကြိုးစားကြမယ်ဆိုရင်တော့ သီလစောင့်ချိန်ရောက်မှာ မဟုတ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သမုဒ္ဒရာ ၀မ်းတစ်ထွာ ဆိုတဲ့ စကားအတိုင်း ၀မ်းဟာတစ်ထွာလောက် ရှိပေမယ့် သမုဒ္ဒရာလောက်အထိ ကျယ်နေလို့ပဲ ဖြစ်ပါတယ်။ သမုဒ္ဒရာဟာ ဘယ်လောက်ပဲထည့်ထည့် မပြည့်နိုင်သလို ၀မ်းဟာလည်း ဘယ်လောက်ပဲ ဖြည့်ဖြည့် မပြည့်နိုင်ပါဘူး။ သံသရာအဆက်ဆက် အူမ,တောင့်အောင် ကြိုးစားခဲ့ကြပေမယ့် အခုအချိန်ထိ မပြည့်နိုင်ကြပါဘူး။ နိဗ္ဗာန်မရသေးသမျှတော့ ပြည့်နိုင်မယ် မထင်ပါဘူး။ ဒီလို ဘယ်လောက်ပဲ အူမ,တောင့်အောင် ကြိုးစားနေပေမယ့် မတောင့်နိုင်တဲ့ အူကို တောင့်အောင်ကြိုးစားပြီးမှ သီလစောင့်ကြမယ် ဆိုရင်တော့ သီလစောင့်ဖြစ်ဖို့ မလွယ်တော့ပါဘူး။ အူမ,တောင့်အောင် ကြိုးစားရင်း အူမ,လည်းမတောင့် သီလလည်းမစောင့်နိုင်တဲ့ အဖြစ်နဲ့ပဲ ဘ၀ကို အဆုံးသတ်သွားဖို့ များပါတယ်။

ဒီလို ဘယ်လောက်ပဲ ကြိုးစားကြိုးစား အူမ,တောင့်တယ်ဆိုတာ မဖြစ်နိုင်တဲ့အတွက် အရိယာ သူတော်ကောင်းတွေကတော့ အူမ,တောင့်ဖို့ထက် သီလစောင့်ဖို့ကို အဓိက အားထုတ်ကြခြင်း ဖြစ်ပါတယ်။ ပုထုဇင်တွေက အူမ,တောင့်ရေး ဦးစားပေး ဖြစ်နေတတ်ကြပေမယ့် သူတော်ကောင်းများကတော့ သီလစောင့်ရေး ဦးစားပေးတတ်ကြပါတယ်။ ပုထုဇင်တွေက အူမ,တောင့်ဖို့၊ စားဝတ်နေရင်း အဆင်ပြေဖို့ဆိုရင် သီလဖျက်ဖို့ ၀န်မလေးတတ်ပေမယ့် သူတော်ကောင်းတွေကတော့ သီလစောင့်ဖို့ဆိုရင် အသက်ကို ပေးဆပ်ဖို့အထိတောင် သတ္တိရှိတတ်ကြပါတယ်။ ဒါကြောင့်လည်း သီလဦးစားပေးတတ်တဲ့ သူတော်ကောင်းတွေရဲ့ ဘ၀ဟာ ငြိမ်းချမ်းနေပြီး အူမ,တောင့်ရေး ဦးစားပေးတတ်တဲ့ ပုထုဇင်တွေရဲ့ ဘ၀ဟာ မငြိမ်းချမ်းဘဲ ဒီတစ်ထွာလောက်ရှိတဲ့ ၀မ်းကိုပြည့်အောင် ကြိုးစားရင်း ပူလောင်မှုတွေနဲ့သာ ၀မ်းမှာဟာနေကြတာ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် သီလဦးစားပေးတတ်တဲ့ သူတော်ကောင်းတွေဟာ အူမ,ကိုလည်း အလိုလို တောင့်ပြီးသား ဖြစ်နေတတ်ပါတယ်။ အူမ,တောင့်ရေး ကြိုးစားတဲ့ သူတွေကတော့ အူမ,မတောင့်နိုင်တဲ့အပြင် သီလလည်း မစောင့်နိုင်တဲ့အတွက် ဘ၀ဆက်တိုင်း ၀မ်းဟောက်ပက်နဲ့သာ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အူမ,တောင့်ဖို့ထက် သီလစောင့်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

အမှန်တော့ သတ္တ၀ါတွေရဲ့ ဘ၀ကို သေချာပြန်တွေးကြည့်ရင် အူမ,မတောင့်လို့၊ အူမ,တောင့်စရာမရှိလို့ ကြိုးစားရုန်းကန်နေရတဲ့ သူတွေဟာ ကမ္မနိယာမ သဘောတရား ရှုထောင့်အရ အတိတ်က သီလမစောင့်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ အတိတ်က သီလမစောင့်ခဲ့ပဲ မဟုတ်တာတွေ လုပ်ခဲ့ကြလေတော့ ဒီဘ၀မှာ ဒုက္ခတွေတိုးပြီး အူမ,တောင့်ရေး အခက်အခဲတွေ ဖြစ်ကြတာ ဖြစ်ပါတယ်။ သီလမစောင့်လို့ ဖြစ်ပေါ်လာတဲ့ အကျိုးရလာဘ်ကြောင့် ဒီဘ၀မှာ ဒုက္ခတွေနဲ့ကြုံပြီး စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ အပေါ်မှာ တစ်ခါထပ်ပြီး သီလမစောင့်ဘဲ အူမ,တောင့်ရေး ဦးစားပေးကြမယ် ဆိုရင်တော့ ဒီဘ၀မှာလည်း အူမ,တောင့်မှာ မဟုတ်သလို သီလမစောင့်နိုင်တဲ့ အတွက်လည်း နောင်ဘ၀မှာ သုဂတိဘ၀နဲ့ဝေးကာ အူမ,တောင့်ဖို့ဆိုတာ ပိုပြီးမဖြစ်နိုင်ပြန်ပါဘူး။ ဒါကြောင့် တစ်ဘ၀တစ်နပ်စာ အူမ,တောင့်ရေး ဦးစားမပေးကြဘဲ သံသရာအတွက်တွေးကာ သီလစောင့်ရေး ဦးစားပေးကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

သတ္တ၀ါတွေဟာ မကောင်းတဲ့အကျင့်၊ မကောင်းတဲ့ လုပ်ရပ်တွေကြောင့် မကောင်းကျိုးတွေဖြစ်ကာ သံသရာအဆက်ဆက် ဒုက္ခတွေကြုံတွေ့ခဲ့ရတဲ့ အဖြစ်ကို သတိမပြုမိဘဲ ကိုယ်ကျင့်တရား ကောင်းရေးထက် စားဝတ်နေရေး အဆင်ပြေရေး အဓိကထားနေတဲ့အတွက်လည်း မကောင်းတဲ့ အကျိုးဆက်တွေက ပိုပြီးတိုးတက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတွေက အဓိကကျတဲ့ အရာကို ရွေးချယ်ကြဖို့ မိန့်မှာတော်မူခြင်း ဖြစ်ပါတယ်။“ပစ္စည်းဥစ္စာနဲ့ ခြေလက်အင်္ဂါတွေ ယှဉ်လာရင် ပစ္စည်းဥစ္စာကို စွန့်ပြီး ခြေလက်အင်္ဂါကို ရွေးချယ်ဖို့၊ ခြေလက်အင်္ဂါတွေနဲ့ အသက် ရှင်လာရင် ခြေလက်အင်္ဂါကို စွန့်ပြီး အသက်ကို ရွေးချယ်ဖို့၊ အသက်နဲ့ သီလ ယှဉ်လာရင် အသက်ကိုစွန့်ပြီး သီလကို ရွေးချယ်ကာ သီလလုံအောင် ထိန်းဖို့” သတိပေး ဆုံးမတော်မူခြင်း ဖြစ်ပါတယ်။ ခဏတာ အဆင်ပြေမှုကို မကြည့်ဘဲ သံသရာနဲ့ချီတဲ့ အကျိုးဆက်ကို ကြည့်ပြီး ရွေးချယ်ကြဖို့ ဆိုခြင်း ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်ကလည်း “သီလမလုံခြုံဘဲ နှစ်ပေါင်းတစ်ရာကျော် အသက်ရှင်ပြီး နေရတာထက် သီလလုံခြုံပြီး တစ်နေ့တစ်ရက် တစ်မနက်မျှ အသက်ရှင်၍ နေရတာက ပိုမြတ်ကြောင်း…” မိန့်တော်မူပါတယ်။ ဘုရားရှင်အလိုအရ အူမ,တောင့်အောင် ကြိုးစားရင်း အူမ, တောင်လာတဲ့အတွက် အသက်တွေ ရာထောင်မက ရှည်နေပေမယ့် သီလမလုံခြုံရင် အဲဒီပုဂ္ဂိုလ်ရဲ့ အသက်ရှင်နေမှုဟာ အနှစ်မရှိတဲ့ အသက်ရှင်နေမှုပဲ ဖြစ်ပြီး အူမ,မတောင့်လို့ အသက်မရှည်ပေမယ့် သီလလုံခြုံပြီး နေသွားရမယ်ဆိုရင် အဲဒီနေရတဲ့ အခိုက်ဟာ အနှစ်ရှိတဲ့အခိုက်၊ တန်ဘိုးရှိတဲ့အခိုက်လို့ နားလည်သဘော ပေါက်နိုင်ပါတယ်။ အကျင့်သီလလုံခြုံရေးဟာ အဓိကဖြစ်ပြီး စားဝတ်နေရေးဟာ တဒင်္ဂအခိုက်အတန့်မျှသာ ဖြစ်ပါတယ်။ သီလနဲ့ယှဉ်လာရင် အသက်ပင် စွန့်လွတ်တဲ့အထိ ထိန်းသိမ်းသင့်ပါတယ်။ သေချာတွေးကြည့်ရင် သံသရာအဆက်ဆက်၊ ငတ်ခဲ့တာတွေ များခဲ့သလို အကြိမ်ကြိမ် သေခဲ့ပေါင်းလည်း များခဲ့ပါပြီ။ အူမ,မတောင့်လို့ သေမယ်ဆိုရင်လည်း အကြိမ်ကြိမ် သေခဲ့ဖူးပြီးသား ဖြစ်တဲ့အတွက် ဒီတစ်ဘ၀ ထပ်သေလည်း မထူးပါဘူးလို့တောင် ဆိုနိုင်ပါတယ်။ သီလမလုံဘဲ သီလသေရင်တော့ အူမ,မတောင့်လို့ ဒီဘ၀မှာ သေရတာထက် အဆပေါင်းမြောက်များစွာ မကောင်းတဲ့အကျိုးတွေနဲ့ ပိုလို့တောင် အူမ,မတောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် သီလကို ဦးစားပေးကြဖို့ ဆုံးမတော်မူခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက အူမ,တောင့်မှ သီလစောင့်ကြတာထက် သီလစောင့်ရင်း အူမ,တောင်နိုင်အောင် ကြိုးစားကြဖို့ ဆိုလိုရင်းဖြစ်ပါတယ်။ အူမ,မတောင့်လို့ သေခဲ့ရင် တစ်ဘ၀ထက် ပိုပြီး သေစရာအကြောင်း မရှိပေမယ့် သီလမစောင့်ဘဲ သေခဲ့ရင်တော့ သံသရာနဲ့ချီပြီး မကောင်းတဲ့ဘ၀မှာ ခံနေရမှာ ဖြစ်တဲ့အတွက် စားဝတ်နေရေး အဆင်ပြေရေးထက် ကိုယ်ကျင့်သီလ မပျက်စီးရေး အလေးပေးသင့်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်က ပုထုဇင်တွေမှာ အူမ,တောင့်တယ်ဆိုတာ မရှိနိုင်တဲ့အတွက် အူမ,တောင့်မှ သီလစောင့်မယ်ဆိုရင် သီလစောင့်ဖို့ အချိန်ဆိုတာလည်း ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် အူမ,တောင့်သည်ဖြစ်စေ မတောင့်သည်ဖြစ်စေ လက်ရှိ ရှိနေတဲ့ အချိန်အခိုက်အတန့်ဟာ အကောင်းဆုံး ဖြစ်တဲ့အတွက် အကောင်းဆုံး၊ အသေချာဆုံး အချိန်မှာပဲ သီလစောင့်နိုင်အောင် ကြိုးစားသင့်ပါတယ်။
တစ်ချို့က သီလမစောင့်နိုင်တာဟာ ခေတ်ကာလကြောင့်လို့ ပုံချတတ်ကြပါတယ်။ တကယ်လို့ ခေတ်ကာလ အခြေအနေအရ အူမ,တောင့်မှ ကျန်တဲ့အရာတွေ အစစအရာရာ အောင်မြင်အောင် လုပ်နိုင်မယ်ဆိုရင်လည်း အူမ,တောင့်အောင် ကြိုးစားရင်း သီလစောင့်နိုင်အောင် အားထုတ်သင့်ပါတယ်။ စားဝတ်နေရေးအတွက် ကြိုးစားအားထုတ်ကြတဲ့အခါ ကိုယ်ကျင့်တရား ပျက်ပြားစေမယ့် အလုပ်တွေကို မလုပ်ဘဲ သီလကို မထိခိုက်စေတဲ့ အသက်မွေးဝမ်းကြောင်းများနဲ့ အူမ,တောင့်အောင် လုပ်ဆောင်သင့်ပါတယ်။ စီပွားရေး လုပ်ငန်းတွေ လုပ်တဲ့အခါမှာလည်း မတရားလိုချင်တဲ့ ၀ိသမလောဘတွေ မဖြစ်စေဘဲ သီလကိုမထိခိုက်စေတဲ့ စီးပွားရေးတွေနဲ့ အူမ,တောင့်အောင် ကြိုးစားသင့်ပါတယ်။ ချမ်းသာရင်ပြီးရောဆိုတဲ့ အတွေးနဲ့ သီလတွေ ဘာတွေဂရုမစိုက်ဘဲ လုပ်မိတတ်ရင်တော့ အဲဒီချမ်းသာမှုဟာ မတရားတဲ့ ချမ်းသာမှုဖြစ်ပြီး ကိုယ်ကိုယ်တိုင်လည်း နောင်တချိန်မှာ နောင်တတရားတွေနဲ့ စိတ်မှာဒုက္ခ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် သီလပျက်စေနိုင်တဲ့ ချမ်းသာမှုကို ရှောင်ရှားကြဖို့ ဆိုကြခြင်း ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ နောက်ဆုံးအနေနဲ့ အထူးပြောလိုတာက လောကကြီးမှာ စားဝတ်နေရေး၊ အူမ,တောင့်ရေးဟာ အရေးကြီးပေမယ့် သီလအပျက်ခံရတဲ့ အထိ အရေးမကြီးကြဖို့လိုကြောင်း၊ အူမတောင့်ရေးထက် သီလစောင့်ရေးက ပိုအရေးကြီးကြောင်း၊ အူမတောင့်ရေးဟာ ဘ၀အဆက်ဆက် ပြည့်တယ်ဆိုတာ ဘယ်တော့မှ မရှိတဲ့အတွက် အူမတောင့်ပြီးမှ သီလစောင့်မယ်ဆိုရင် သီလစောင့်တဲ့အချိန် မရောက်နိုင်တော့ကြောင်း၊ အူမတောင့်ရေး ဦးစားပေးထားတဲ့အတွက် သီလဘက်မှာ မစောင့်နိုင်တော့ဘဲ မကောင်းတဲ့နည်းတွေနဲ့ အူမတောင့်အောင် ကြိုးစားနိုင်ကြောင်း၊ သီလအပျက်ခံပြီး ကြိုးစားထားတဲ့ အူမတောင့်မှုဆိုရင်လည်း ဘယ်လိုမှ စိတ်ချမ်းသာမှာ မဟုတ်ကြောင်း၊ အကောင်းဆုံးက သီလစောင့်ရင်း အူမတောင့်စေတဲ့ နည်းကသာ အကောင်းဆုံး ဖြစ်ကြောင်း စသဖြင့် တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။ ဒါကြောင့် အချိန်မနှောင်းခင် အူမ,တောင့်တဲ့အထိ စောင့်မနေကြဘဲ သီလလည်းစောင့် အူမ,လည်းတောင့်အောင်သာ ကြိုးစားကြပါစို့လို့ စေတနာစကားနဲ့ အသိပါးလိုက်ရပါတယ်။ အားလုံး သီလစောင့်ရင်း အူမ,တောင့်နိုင်ကြပါစေ…

Read more »

ဗုဒ္ဓဟောကြား အဝိဇ္ဇာတရား (အဝိဇ္ဇာသုတ်)


ဗုဒ္ဓမြတ်စွာဘုရား သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူစဉ် ရဟန်းပရိတ်သတ်အပေါင်းတို့အား ဤအဝိဇ္ဇာတရားကို ဟောတော်မူ၏။

 မြတ်စွာဘုရားရှင်က “ရဟန်းတို့ မသိမှု 'အဝိဇ္ဇာ'သည် အကုသိုလ်တရားတို့ဖြစ်ရန် ရှေ့သွားခေါင်းဆောင် ဖြစ်၏၊ မရှက်မှု 'အဟိရိက' မလန့်မှု 'အနောတ္တပ္ပ'သည် နောက်လိုက်သာလျှင် ဖြစ်၏။ ရဟန်းတို့ အဝိဇ္ဇာနှင့် ပြည့်စုံသော ပညာမဲ့သူအား မှားသောအမြင် 'မိစ္ဆာဒိဋ္ဌိ' ဖြစ်နိုင်၏၊ မှားသောအမြင်ရှိသူအား မှားသောအကြံ 'မိစ္ဆာသင်္ကပ္ပ' ဖြစ်နိုင်၏၊ မှားသောအကြံရှိသူအား မှားသော စကား 'မိစ္ဆာဝါစာ' ဖြစ်နိုင်၏၊ မှားသော စကားရှိသူအား မှားသောအလုပ် 'မိစ္ဆာကမ္မန္တ' ဖြစ်နိုင်၏၊ မှားသောအလုပ်ရှိသူအား မှားသောအသက်မွေးမှု 'မိစ္ဆာဇီဝ' ဖြစ်နိုင်၏၊ မှားသောအသက်မွေးမှုရှိသူအား မှားသောအားထုတ်မှု 'မိစ္ဆာဝါယာမ' ဖြစ်နိုင်၏၊ မှားသောအားထုတ်မှုရှိသူအား မှားသော အောက်မေ့မှု 'မိစ္ဆာသတိ' ဖြစ်နိုင်၏၊ မှားသော အောက်မေ့မှုရှိသူအား မှားသော တည်ကြည်မှု 'မိစ္ဆာသမာဓိ' ဖြစ်နိုင်၏။

ရဟန်းတို့ အသိဉာဏ် 'ဝိဇ္ဇာ'သည်ကား ကုသိုလ်တရားတို့ ဖြစ်ရန် ရှေ့သွားခေါင်းဆောင် ဖြစ်၏၊ ရှက်မှု 'ဟိရီ' လန့်မှု 'သြတ္တပ္ပ'သည် နောက်လိုက်သာလျှင် ဖြစ်၏။ ရဟန်းတို့ အသိဉာဏ် 'ဝိဇ္ဇာ'နှင့် ပြည့်စုံသူ ပညာရှိသူအား မှန်ကန်သောအမြင် 'သမ္မာဒိဋ္ဌိ' ဖြစ်နိုင်၏၊ မှန်ကန်သောအမြင်ရှိသူအား မှန်ကန်သောအကြံ 'သမ္မာသင်္ကပ္ပ' ဖြစ်နိုင်၏၊ မှန်ကန်သောအကြံရှိသူအား မှန်ကန်သော စကား 'သမ္မာဝါစာ'ဖြစ်နိုင်၏၊ မှန်ကန်သော စကားရှိသူအား မှန်ကန်သောအလုပ် 'သမ္မာကမ္မန္တ' ဖြစ်နိုင်၏၊ မှန်ကန်သောအလုပ်ရှိသူ အား မှန်ကန်သောအသက်မွေးမှု 'သမ္မာအာဇီဝ' ဖြစ်နိုင်၏၊ မှန်ကန်သောအသက်မွေးမှုရှိသူအား မှန်ကန် သောအားထုတ်မှု 'သမ္မာဝါယာမ' ဖြစ်နိုင်၏၊ မှန်ကန်သောအားထုတ်မှုရှိသူအား မှန်ကန်သော အောက်မေ့ မှု 'သမ္မာသတိ' ဖြစ်နိုင်၏၊ မှန်ကန်သောအောက်မေ့မှုရှိသူအား မှန်ကန်သော တည်ကြည်မှု 'သမ္မာသမာဓိ' ဖြစ်နိုင်၏ဟု (မိန့်တော်မူ၏)
ဤကား သံယုတ္တနိကာယ်၊ မဟာဝဂ္ဂသံယုတ်၊ အဝိဇ္ဇာသုတ်တွင် မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားတော်မူထားသည့် အဝိဇ္ဇာအကြောင်း တစေ့တစောင်းပင်ဖြစ်၏။ မသိမှုအဝိဇ္ဇာနှင့် အသိဉာဏ်ခေါ် သိမှု ဝိဇ္ဇာကို ချိန်ထိုးကာ အကျိုးအပြစ်ကိုလည်း အတိအလင်း ရှင်းလင်းတော်မူထား၏။ ဤဒေသနာတော်ကို အသေအချာ လေ့လာမှတ်သား နာယူရင်း ဓမ္မအသိ တစ်ခုခုကို ရရှိနိုင်ရန် ရည်ရွယ်၍ တဆင့်ပြန်လည် မျှဝေကာ ပူဇော်လိုက်ရပါသည်။ 

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ