ပြိတ္တာအကြောင်း တစေ့တစောင်း


ပြိတ္တာနဲ့ ပတ်သက်ပြီးတော့ မေးထားတဲ့ အမေးလေးတွေကို ပြန်ဖြေပေးဖို့ အကြွေးတင်နေတာ အတော်ကြာပြီ ဖြစ်ပါတယ်။ ခုတော့ မဖြစ်တော့ဘူးဆိုပြီး အချိန်ယူကာ ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာများနဲ့ အလွန်ရင်းနှီးနေပြီးဖြစ်တဲ့ ဒီပြိတ္တာများအကြောင်းကို ပိဋကတ်သုံးပုံ ပေတဝတ္ထုပါဠိတော်မှာ သင်္ဂါယနာတင် မထေရ်များက မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။ ဝိမာနဝတ္ထု၊ ပေတဝတ္ထုအဖြစ် မှတ်တမ်းတင်ထားတဲ့ ဒီပါဠိတော်မှာ ပေတဆိုတဲ့ စကားနဲ့ ပြိတ္တာတွေအကြောင်းကို ဖွင့်ဆိုရှင်းပြထားပါတယ်။ လူ့ခန္ဓာကိုယ် အတ္တဘောမှ ကင်းကွာသွားတဲ့အတွက်ကြောင့် ပေတလို့ခေါ်ကာ ဒီပေတအရ ပြိတ္တာဘုံကို ရောက်သွားသူတို့ကိုဆိုကြောင်း စာပေများက ဖွင့်ဆိုပြပါတယ်။

စာပေအဖွင့်တွေအရ ပြိတ္တာဆိုတာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်လို့ခေါ်တဲ့ အပါယ်သတ္တဝါ လေးပါးထဲမှာပါဝင်တဲ့ လူ့ပြည်လောကအတွင်းမှာပဲ တောခြုံပိပ္ပေါင်း တောင်စောင်းဂူလှိုဏ် စတဲ့အရပ်တွေမှာ မှီခိုပြီး ဆင်းရဲထူပြောစွာ ခံစားနေရတဲ့ သတ္တဝါတစ်မျိုးကိုဆိုကြောင်း မှတ်သားနိုင်ပါတယ်။ လူ့ပြည်လောကမှာ လူဖြစ်စဉ်က ငြူစူဝန်တိုခြင်း များပြားပြီး ကိုယ်ကိုယ်တိုင်လည်း ပေးကမ်းလှူဒါန်းခြင်းမရှိ၊ သူတပါး ပေးကမ်းလှူဒါန်းတာကိုလည်း တာမြစ်ကာ ကုသိုလ် မလုပ်ဖြစ်အောင် အန္တရာယ်ပြုခဲ့ကြတဲ့ သူတွေဟာ များသောအားဖြင့် ပြိတ္တာဘဝမှာ အဖြစ်များကြတယ်လို့ ဆိုပါတယ်။ ပြိတ္တာဘဝကို ရောက်ရှိသွားကြတဲ့ သတ္တဝါတွေဟာ မိမိတို့လုပ်ခဲ့တဲ့ မကောင်းမှုကံကြောင့် အစာရေစာ ငတ်မွတ်ခြင်း ဒုက္ခကို ခံစားကာ နှစ်ပေါင်းရာထောင်း သိန်းသန်းမက ခံစားကြရသလို ဘုရားတစ်ဆူနဲ့ တစ်ဆူကြားကာလအထိ မကျွတ်မလွတ်နိုင်ဘဲ ရှိနေတတ်ကြတဲ့ ပြိတ္တာများလည်း အများအပြား ရှိကြောင်းဆိုပါတယ်။ အဲဒီလို အချိန်ကာလ ကြာမြင့်စွာ အစာရေစာ မစားမသောက်ရဘဲ ဆင်းရဲဒုက္ခကို ခံစားကြရပေမယ့် အကုသိုလ်ကံ အရှိန်မကုန်သေးတဲ့အတွက် ကွယ်လွန်သေဆုံး၊ ဘဝတုံးခြင်း မရှိသေးဘဲ အသားအသွေးမရှိ အရေအကြော အရိုးမျှသာရှိကာ အလွန်ဆိုးဝါးတဲ့ အဆင်းနဲ့ ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ တည်ရှိနေရတယ်လို့ ဆိုပါတယ်။

ပြိတ္တာတစ်ဦးရဲ့ အဆင်းဆိုးဝါးပုံကို ပေတဝတ္ထုအဋ္ဌကထာ ဓနပါလသေဋ္ဌိ ပေတဝတ္ထုမှာ ဖွင့်ပြထားတာကို တွေ့ရပါတယ်။ အဲဒီအဖွင့်အရ “ပြိတ္တာတစ်ဦးရဲ့ ကိုယ်ပမာဏဟာ ထန်းပင်လုံးပမာဏရှိပြီး ကိုယ်အရေဟာလည်း အလွန်ကြမ်းတမ်းကြောင်း၊ ဖောက်ပြန်တဲ့ဆံအမွေးရှိပြီး ကြောက်မက်ဖွယ်အဆင်းရှိကာ အလွန်ဖောက်ပြန် ဆိုးဝါးလျက် စက်ဆုတ်ရွံရှာဖွယ် အမြင်ရှိကြောင်း၊ ထိုပြိတ္တာသည် ငါးဆယ့်ငါးနှစ်လုံးလုံး ထမင်းတစ်လုံး ရေတစ်ပေါက်ကိုမျှ မရရှိဘဲ ခြောက်ကပ်သော လည်ချောင်းနှုတ်ခမ်းရှိလျက် ဆာလောင်မွတ်သိပ်ခြင်း နှိပ်စက်ကာ ဟိုဟိုဒီဒီ ပြေးလွှားနေရတတ်ကြောင်း” စသဖြင့် သိရပါတယ်။ ဒါက ဒီဝတ္ထုမှာပါတဲ့ ပြိတ္တာအကြောင်း ဖွင့်ဆိုချက်ပဲ ဖြစ်ပါတယ်။ ပြိတ္တာအမျိုးအစား များသလောက် ခံစားရပုံချင်းလည်း မတူညီလှပါဘူး။  

သင်္ဂါယနာတင် အဋ္ဌကထာ ဋီကာကျမ်းအဖွင့်များအရ ယေဘုယျအားဖြင့် ပြိတ္တာအမျိုးအစား လေးမျိုးရှိကြောင်းလည်း မှတ်သားရပါတယ်။ အဲဒီလေးမျိုးက
၁။ သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရသော ပရဒတ္တူပဇီဝိကပြိတ္တာ
၂။ ထမင်းငတ်ခြင်း၊ ရေမွတ်သိပ်ခြင်းတို့ မပြတ်နှိပ်စက်ခံနေရတဲ့ ခုပ္ပိပါသိကပြိတ္တာ
၃။ အမြဲအကြွင်းမဲ့ လောင်ကျွမ်းခံနေရတဲ့အတွက် ပူပန်ခြင်းရှိနေရသော နိဇ္ဈာမတဏှိကပြိတ္တာ
၎။ အသုရကာယ်လို့ သီးသန့်ခေါ်ဆိုအပ်တဲ့ အသုရာကာယခေါ် ကာလကဉ္စိကပြိတ္တာ တို့ပဲ ဖြစ်ပါတယ်။ ဒီပြိတ္တာလေးမျိုးမှာ နံပါတ်တစ်အမျိုးအစား ပြိတ္တာကတော့ လူ့ဘဝက ဆွေမျိုးဉာတကာ စသူတွေရဲ့ ရည်စူးပြီး လှူဒါန်းပေးတဲ့ အလှူကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါက စားဖွယ်သောက်ဖွယ်များကို ရရှိခံစားနိုင်ကြောင်း ဆိုပါတယ်။

ဒီပြိတ္တာအမျိုးအစား လေးမျိုးအပြင် လောကပညတ္တိကျမ်း၊ ဆဂတိဒီပနီကျမ်းတွေမှာလည်း ပြိတ္တာအမျိုးမျိုး အကြောင်းကို ဖွင့်ပြထားတာကို တွေရပြန်ပါတယ်။ အဲဒီကျမ်းများအရ ပြိတ္တာအမျိုးအစား (၁၂)မျိုးကို မှတ်သားရပါတယ်။ ဟိမဝန္တာတောင်ဘေးရှိ ဂိဇ္ဈကုဋ်တောင်မှာ ပြိတ္တာအမျိုးမျိုး တည်ရှိနေပြီး အရေအတွက်အားဖြင့် (၁၂)မျိုးအထိ ရှိနေကြောင်း ဖွင့်ပြပါတယ်။ အဲဒီ ပြိတ္တာအမျိုးအစားများက
၁။ အစာရေစာ အလွန်ငတ်မွတ်ကာ ဘယ်သောအခါမှ ထမင်းဘောဇဉ် စတဲ့အစားအစာများကို စားသောက်ရခြင်း မရှိဘဲ သူတပါးတို့ စွန့်ပစ်ထားတဲ့ တံတွေးနှပ်အန်ဖတ်တွေကိုသာ စားသောက်ရတဲ့ ဝန္တာသပြိတ္တာမျိုး
၂။ လူကောင်ပုတ်၊ ခွေးကောင်ပုတ်၊ မြွေကောင်ပုတ်စတဲ့ အကောင်ပုတ်များကို ရတဲ့အခါ စားရပြီး မရတဲ့အခါ မစားရဘဲ ငတ်မွတ်နေရတတ်တဲ့ ကုဏပါသပြိတ္တာမျိုး
၃။ မစင်ကိုသာ စားသုံးရတဲ့ ဂူထခါဒကပြိတ္တာမျိုး
၎။ နေ့ညဉ့်ပတ်လုံး ခံတွင်းမှ မီးလျှံများထွက်ကာ အပူလောင်ခံနေရတဲ့ အဂ္ဂိဇာလမုခပြိတ္တာမျိုး
၅။ ခန္ဓာကို အလွန်ကြီးပြီး ပါးစပ်မှာ အပ်နဖားပေါက်လောက်ပဲရှိကာ အစာရေစာကို ပါးစပ်က မသွင်းနိုင်ဘဲ နှာခေါင်းနားရွက်စတဲ့ အပေါက်တွေက သွင်းနေရပေမယ့် အမြဲမပြတ် စာလောင်မွတ်သိပ်နေရတဲ့ သူစိမုခပြိတ္တာမျိုး
၆။ ရေငတ်မွတ်မှု တဏှာဖြင့် နှိပ်စက်ခံရသည့် တဏှာဋ္ဋိတပြိတ္တာမျိုး (ထိုပြိတ္တာမျိုးသည် တစ်ခါတစ်ရံမျှ သောက်ရေကိုမရဘဲ ရေငတ်လွန်းလှသဖြင့် ရေတွင်းရေကန် ထုံးအိုင်မြစ်ချောင်း သမုဒ္ဒရာ ရှိရာအရပ်သို့ ကပ်ရောက်သွားတဲ့အခါ ထိုရေကန်စသည်တို့သည် ပြည်သွေးကျင်ကြီးကျင်ငယ်အသွင် အထင်ရောက်ကုန်တတ်၏)
၇။ အလွန်ပြင်းထန်စွာ လောင်ကျွမ်းခံနေရတဲ့ မီးလောင်ငုတ်နဲ့တူတဲ့ သုနိဇ္ဈာမကပြိတ္တာမျိုး
၈။ ဓားသွား၊ ငါးမျှားချိတ်ကဲ့သို့သော ခြေသည်းလက်သည်းများနဲ့ မိမိကိုယ်အင်္ဂါတို့ကို ကုတ်ဖဲ့ဖြတ်ကော်ကာ အသားအသွေးတို့ကို စားနေရတဲ့ သတ္ထင်္ဂပြိတ္တာမျိုး
၉။ နေ့ညဉ်ပတ်လုံး လောင်မြိုက်ကာ အခိုးပြိုက်ပြိုက်ထွက်နေသော တောင်ပမာဏလောက် ခန္ဓာကိုယ်ရှိသည့် ပဗ္ဗတင်္ဂပြိတ္တာမျိုး
၁၀။ အလျှံတပြောင်ပြောင် တောက်လောင်သော စပါးကြီးမြွေနှင့်တူသော ကိုယ်ဖြင့် ညဥ့်၌ လှည့်လည်သွားလာကာ နေ့၌ ဒုက္ခအမျိုးမျိုးကို ခံစားရသည့် အဇဂရင်္ဂပြိတ္တာမျိုး
၁၁။ ကုသိုလ်၊ အကုသိုလ်ကံ ရောပြွန်းခဲ့သည့် ကံကြောင့် ရံခါကုသိုလ်အကျိုး အဖြစ်နတ်စည်းစိမ်ကို ခံစားရပြီး ရံခါအကုသိုလ်အကျိုးအဖြစ် ဒုက္ခကို ခံစားရသည့် ဝေမာနိကပြိတ္တာမျိုး
၁၂။ ကံ၏အကျိုးကြောင့် တန်ခိုးကြိးမား၍ ပြိတ္တာအားလုံးတို့ရဲ့ အကြီးအမှုးသဖွယ်ဖြစ်ကာ အလွန်အဆင်းလှ၊ အလွန်စည်းစိမ်ကြီးလှသည်ဟု ထင်ရသော်လည်း ဘောဇဉ်ကိုမစားရ၊ ရံခါထမင်းအဖျော် စသည်ကို ရသော်လည်း သုံးဆောင်ခံစားခွင့်မရ၊ အလွန်ဒုက္ခကြီးလှသည့် မဟိဒ္ဓိကပြိတ္တာမျိုး ဆိုပြီး အမျိုးအစား (၁၂)မျိုးကို ပြဆိုထားတာကို တွေ့ရပြန်ပါတယ်။

ဒါ့အပြင် ပါရာဇိကဏ်ပါဠိတော်၊ သံယုတ်ပါဠိတော်များမှာ ပြိတ္တာအမျိုးမျိုးကို ဖွင့်ဆိုပြထားပြီး အမျိုးအစား (၂၁)မျိုးအထိ ရှိတယ်လို့ ဆိုပါတယ်။ စာပေအဖွင့်တွေအရ ပြိတ္တာအမျိုးအစား အများအပြား ရှိပေမယ့် အကျဉ်းချုပ်ကြည့်တဲ့အခါ အထက်မှာ ဖော်ပြခဲ့တဲ့ ပြိတ္တာအမျိုးအစား (၄)မျိုးထဲမှာပဲ အကျုံးဝင်သွားတယ်လို့ ဆိုပါတယ်။ အဲဒီလေးမျိုးထဲမှာတော့ အဖြစ်အများဆုံးနဲ့ အခွင့်အရေး အရှိဆုံး ပြိတ္တာအမျိုးအစားကတော့ “သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရသော ပရဒတ္တူပဇီဝိကပြိတ္တာ” ပဲ ဖြစ်ပါတယ်။ ဒီပြိတ္တာမျိုးကတော့ ဘယ်လိုပဲ ဆင်းရဲဒုက္ခကို ခံစားနေရပေမယ့် မိမိအား ရည်စူးလှူဒါန်းပြီး အမျှပေးဝေတဲ့အခါ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်တဲ့အခါ ခံစားနေရတဲ့ ဆင်းရဲဒုက္ခများ ချက်ချင်းကွယ်ပျောက်ပြီး ချမ်းသာအမျိုးမျိုးကို ရရှိခံစားရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီလိုအကျိုးဆက်မျိုးကို မျှော်ကိုးပြီး မျက်မှောက်ခေတ်မှာ မိမိတို့နဲ့ ပတ်သက်တဲ့ သူတစ်ယောက်ယောက် သေဆုံးသွားတဲ့အခါ အဲဒီသူကို ရည်စူးပြီး ကုသိုလ်ကောင်းမှုလုပ်ကာ အမျှအတမ်း ပေးဝေကြရခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အဋ္ဌကထာ အဖွင့်များအရ အထူးမှတ်သားသင့်တဲ့ အချက်က သေဆုံးသူဟာ သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရတဲ့ ပရဒတ္တူပဇီဝိကပြိတ္တာမျိုးမှာ ဖြစ်ခဲ့ပြီး ကျန်ခဲ့တဲ့သူတွေရဲ့ အလှူကို မျှော်လင့်စောင့်စားနေပေမယ့် ကျန်ခဲ့တဲ့ လှူဒါန်းပြီး အမျှပေးဝေပေးမယ့်သူက မြင့်မြတ်တဲ့ အလှူခံပုဂ္ဂိုလ်ထံမှာ မြင့်မြတ်တဲ့စိတ်ထားနဲ့ ထက်သန်စွာ ပေးလှူကာ အမျှပေးဝေနိုင်မှသာ မျှော်လင့်စောင့်စားရကျိုးနပ်ကာ မွန်မြတ်တဲ့ စည်းစိမ်မျိုးကို ရရှိခံစားနိုင်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ပေတဝတ္ထု၊ စူဠသေဋ္ဌိပေတဝတ္ထု အဆိုအရ သေသူကို ရည်စူးပြီး လှူဒါန်းပေမယ့် သီလမရှိတဲ့ ဒုဿီတို့ကို လှူဒါန်းခဲ့တဲ့အတွက် အလှူရဲ့ အကျိုးကို သေသူက မခံစားရကြောင်း သာဓကတစ်ခုအဖြစ် တွေ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ထူးခြားတဲ့အချက်တစ်ခုက သေသူကို ရည်စူးပြီး လှူဒါန်းတဲ့ ကုသိုလ်ဟာ သေသူက ပရဒတ္တူပဇီဝိကပြိတ္တာမျိုးမှာ ဖြစ်နေတဲ့အတွက် အလှူရဲ့ အကျိုးကို ရရှိသည်ဖြစ်စေ၊ အခြားပြိတ္တာမျိုး၊ ငရဲ၊ တိရစ္ဆာန်စတဲ့ ဘဝမျိုးမှာ ရောက်ရှိသွားတဲ့အတွက် အလှူရဲ့ အကျိုးကို မရရှိသည်ဖြစ်စေ အလှူရှင် အနေနဲ့ အကျိုးမဲ့ အချည်းနှီးမဖြစ်ဘဲ ကုသိုလ်အကျိုးကို ရရှိတယ်ဆိုတဲ့ အချက်ကတော့ အသေအချာပဲ ဖြစ်ကြောင်း ဇာဏုေဿာဏိသုတ်မှာ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် မိန့်တော်မူထားချက် ရှိပါတယ်။

ဒါကြောင့် ပြိတ္တာများနဲ့ ပတ်သက်ပြီး တစ်စေ့တစ်စောင်း တင်ပြခဲ့တဲ့ ဒီစာစုမှာ နောက်ဆုံးကောက်ချက်ချ မှတ်သားသင့်တဲ့အချက်က အစွဲတစ်ခုခု၊ ဝန်တိုမှုတစ်ခုခု၊ သူတပါးရဲ့ ကုသိုလ်ကောင်းမှုကို ဖျက်စီးမှု တစ်ခုခုကို ပြုလုပ်တဲ့သူတွေဟာ ပြိတ္တာဘဝကို ရောက်ရတတ်ပြီး အဲဒီပြိတ္တာဘဝမှာလည်း သာဓုခေါ်နိုင်တဲ့ ပြိတ္တာရှိသလို မခေါ်နိုင်တဲ့ ပြိတ္တာမျိုးလည်း ရှိတတ်တဲ့အတွက် အသေချာဆုံးက ရခဲတဲ့လူ့ဘဝကို ရရှိနေပြီးမှ ပြိတ္တာဘဝ၊ ငရဲတိရိစ္ဆာန်ဘဝ စတဲ့အောက်အောက်ဘဝတွေကို ရောက်မသွားရအောင် ကြိုးစားပြီး သုဂတိဘဝကို ရရှိအောင် အားထုတ်ခြင်းကသာ အသေချာဆုံး ဖြစ်တဲ့အတွက် ပြိတ္တာဘဝရဲ့ ကြောက်စရာကောင်းပုံကို သံဝေဂယူကာ ကုသိုလ်ကောင်းမှုများကို များများလုပ်ကာ သုဂတိဘဝကိုသာ အရောက်သွားကြဖို့ပဲ ဖြစ်ပါကြောင်း စေတနာစကား မေတ္တာအားဖြင့် အလေးအနက် တိုက်တွန်းလိုက်ရပါတယ်။ 

Read more »

ကြိုတင်၍ မသိနိုင်ပါသဖြင့်


ဘယ်အရွယ်မှာ၊ ဘယ်ရောဂါဖြင့်
ဘယ်ရပ်ဒေသ၊ ဘယ်ကာလ၌
သေကြရမည်၊ မသိနိုင်တာ၊ ဓမ္မတာတည်း။
သေပြီးတစ်ဖန်၊ ပြန်ဖြစ်ပြန်လည်း
ဖြစ်ရာဘဝ၊ ဘုံဌာနကို 
ကြိုတင်တိကျ၊ မသိရ၍
တိကျသေချာ၊ ခုချိန်ခါ၌
ကောင်းမှုအစု၊ ကြိုးစားပြုလော့။ ။
(မနာပဒါယီ ဆရတော်)

မြတ်စွာဘုရားရှင် လက်ထပ်က ယက်ကန်းယက်သည့် ယက်ကန်းသည် ဒကာမလေးတစ်ဦး ရှိခဲ့ပါတယ်။ ငယ်ပေမယ့် ဘာသာရေးကို အထူးလေးပေးတဲ့ ကလေးမလေး ဖြစ်သဖြင့်လည်း ဘုရားရှင်က အဲဒီကလေးမလေးကို အထူးတလည် တရားတော်များ ဟောကြားချီးမြင့်တော်မူသလို အဲဒီကလေးမလေးကို အကြောင်းပြုပြီး အများသူငါ တရားရစေမှုကိုလည်း ဖြစ်စေတော်မူပါတယ်။

တစ်နေ့ ယက်ကန်းသည် ဒကာမလေးဟာ အိမ်ကနေပြီး ယက်ကန်းရုံကိုသွားရာ လမ်းမှာ ဘုရားရှင်တရား ဟောတော်မူနေတာနဲ့ ကြုံတဲ့အတွက် တရားဝင်နာဖြစ်ခဲ့ပါတယ်။ ဘုရားရှင်က အိမ်ကနေပြီး ယက်ကန်းရုံကို သွားမယ့်ဒီဒကာမလေးကို 
“ချစ်သမီး ဘယ်ကလာတာလဲ”လို့ ပရိတ်သတ်ကြားမှာ မေးလိုက်ပါတယ်။
“မသိပါဘုရား”လို့ သူကဖြေတော့ ပရိတ်သတ်တွေက “ဒီကလေးမ ရူးနေလား သူ့အိမ်ကလာတာကို အားလုံးသိနေတဲ့ကြားက မသိပါဘူးလို့ ဖြေနေတယ်”ဆိုပြီး လှုပ်လှုပ်ရွရွ ဖြစ်သွားကြပါတယ်။
 မြတ်စွာဘုရားရှင်က ယက်ကန်းရုံကိုသွားမယ့်သူ့ကို ဆက်ပြီးတော့ မေးပါတယ်။
“ချစ်သမီး ဘယ်ကိုသွားမှာလဲ”
ယက်ကန်းသည်မလေးက ပြန်ဖြေပါတယ်။
“မြတ်စွာဘုရား မသိပါဘုရား“။ 
ဘုရားရှင်က နောက်မေးခွန်းတစ်ခု ထပ်မေးပါတယ်။
“ချစ်သမီး မသိဘူးလား”။ 
သူမက ပြန်ဖြေပါတယ်။ 
“အရှင်ဘုရား သိပါတယ်ဘုရား”။ 
ဒီတော့ မြတ်ဗုဒ္ဓက ထပ်မေးပါတယ်။
“ချစ်သမီး တကယ်သိသလား”။ 
ယက်ကန်းသည်မလေးက ပြန်လျှောက်ပါတယ်။
“မြတ်စွာဘုရား မသိပါဘုရား”။ 

မြတ်ဗုဒ္ဓနဲ့ ယက်ကန်းသည်လေးရဲ့ အမေးအဖြေတွေကို နားထောင်ရင်း ပရိတ်သတ်တွေ အတော်ခေါင်းရှုပ်သွားကြတယ် ထင်ပါတယ်။ ယက်ကန်းသည်မလေးကိုလည်း အထူးအဆန်း အရူးတစ်ယောက်လို မြင်သွားကြပြီး အပြစ်တင်သံတွေနဲ့ ဆူညံသွားစေတော့တာပဲ ဖြစ်ပါတယ်။ ဒါကို သိတော်မူတဲ့ မြတ်စွာဘုရားရှင် ယက်ကန်းသည်မလေးကို အမေးအဖြေတွေနဲ့ ပတ်သက်ပြီး ထပ်မေးပါတယ်။

“ချစ်သမီး ငါဘုရားမေးတဲ့ အမေးတွေကို၊ မသိဘူး၊ သိတယ်၊ တကယ်မသိဘူးစသဖြင့် ဖြေဆိုတာ ဘယ်လိုအဓိပ္ဗါယ်နဲ့ ဖြေတာလဲလို့ ဆိုတော့ ယက်ကန်းသည်မလေးက “မှန်ပါအရှင်ဘုရား မြတ်စွာဘုရား အနေနဲ့ တပည့်တော်ကို မေးလိုတဲ့ မေးခွန်းက ဘယ်ဘဝကနေ ဒီလို လူ့ဘဝကို ရောက်လာတာလဲလို့ မေးတယ်ဆိုတာ တွေးပြီး ဘယ်ဘဝက လာတယ်ဆိုတာ တပည့်တော် တကယ်မသိတဲ့ အတွက် မသိပါဘုရားလို့ ဖြေခြင်း ဖြစ်ပါကြောင်း၊ ဘယ်ကိုသွားမှာလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့လဲ ဒီဘဝက သေပြီးတပည့်တော် ဘယ်ဘဝမှာ ဖြစ်မယ်၊ ဘယ်ဘဝကို သွားရမယ်ဆိုတာ တကယ်မသိတဲ့အတွက် မသိပါဘုရားလို့ ဖြေရခြင်း ဖြစ်ပါကြောင်း၊ သိသလားဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီးတော့လည်း သေရမယ်ဆိုတာကို သိနေတဲ့အတွက် သိပါတယ်ဘုရားလို့ ဖြေခြင်းဖြစ်ပါကြောင်း၊ တကယ်သိလားလို့ မေးတဲ့အပေါ်မှာလည်း သေရမယ်ဆိုတာ သိပေမယ့် ဘယ်အချိန် သေရမယ်ဆိုတာ ကြိုတင်ပြီး မသိနိုင်တဲ့အတွက် မသိပါဘုရားလို့ ဖြေရခြင်း ဖြစ်ပါကြောင်း” စသဖြင့် အကျယ်တဝင့် ပြန်လည်လျှောက်ထားပါတယ်။ ဒီတော့မှ ပရိတ်သတ်တွေလည်း သဘောပေါက်ကာ သာဓု အကြိမ်ခေါ်ဆို ကြတော့တာ ဖြစ်ပါတယ်။ 

ဒါက မြတ်ဗုဒ္ဓနဲ့ ယက်ကန်းသည်မလေးရဲ့ အမေးအဖြေ ဇာတ်လမ်းနဲ့ ဓမ္မသဘင်လေး အကြောင်းပဲ ဖြစ်ပါတယ်။ ဒီမှာ ပြောချင်တာက ယက်ကန်သည်လေး လျှောက်ထားသလို ပုထုဇဉ်တွေရဲ့ ဘဝအခြေအနေနဲ့ ပတ်သက်ပြီး ပြောချင်တာ ဖြစ်ပါတယ်။ ပုထုဇဉ်တွေရဲ့ ဘဝဟာ ဘယ်ကလာလို့ ဘယ်ကိုသွားပြီး ဘယ်မှာဘယ်လို သေရမယ်ဆိုတာ ဘယ်လိုမှ အသေအချာ ပြောလို့ မရတဲ့ ဘဝမျိုးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် သေခြင်းတရားနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမှကို ကြိုတင်မှန်းဆလို့ မရတဲ့ အဖြစ်ပဲ ဖြစ်ပါတယ်။
ဘယ်အသက်အရွယ်မှာ သေရမယ်၊ ဘယ်ရောဂါနဲ့ သေရမယ်၊ ဘယ်အရပ်မှာ သေရမယ်၊ မနက်နေ့ည စတဲ့ ဘယ်အချိန်မှာ သေရမယ်၊ သေပြီးနောက် ဘယ်ဘဝမှာ ပြန်ဖြစ်ရမယ်ဆိုတာ ကြိုတင်ပြီး မသိနိုင်တဲ့ ဘဝမျိုးပဲ ဖြစ်ပါတယ်။

အဲ သေချာတာ တစ်ခုကတော့ သေရမယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ မွေးခြင်းရဲ့နောက်မှာ သေခြင်းဆိုတာ ရောက်နေမှာဖြစ်တဲ့ အတွက် မွေးလာခဲ့တဲ့ သတ္တဝါမှန်သမျှ သေကြရမှာပဲ ဖြစ်ပါတယ်။ သေခြင်းတရားကတော့ အသေအချာ ရောက်လာမှာပဲ ဖြစ်ပါတယ်။ နောက် သေချာတာတစ်ခုက အခုအသက်ရှင်နေတဲ့ လက်ရှိအခိုက်အတန့်ပဲ ဖြစ်ပါတယ်။ မနက်ဖြန်ဆိုတာ ဘာဖြစ်မယ်၊ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်လိုမှ တွက်လို့မရတဲ့အတွက် အဲဒီ တွက်မရတာတွေ ရောက်မလာသေးတဲ့အချိန်၊ လက်ရှိအခိုက်အတန့်ဟာ လက်ဆုတ်လက်ကိုင်ပြနိုင်တဲ့ အခိုက်အတန့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအခိုက်အတန့်ကို အကောင်းဆုံး ဖြစ်အောင် လုပ်ကြဖို့၊ သေချာတဲ့ အခိုက်အတန့်မှာ ကောင်းမှုမျိုးစေ့တွေ စိုက်ပျိုးနိုင်သမျှ စိုက်ပျိုးကြဖို့ ပြောရခြင်း ဖြစ်ပါတယ်။ 

ဆိုတော့ကား မမြဲခြင်းတရား၊ မပိုင်ဆိုင်ခြင်းတရား၊ မသေချာခြင်းတရား၊ မသိခြင်းတရားတွေနဲ့ နေနေရတဲ့ ပုထုဇဉ် သတ္တဝါများ အနေနဲ့ ဘဝမှာ သေခြင်းတရား၊ မမြဲခြင်း တရားနဲ့ ပတ်သက်ပြီး ဘယ်လိုမှ ကြိုတင်ပြီး မသိနိုင်တဲ့အတွက် အသေချာဆုံးဖြစ်တဲ့ လက်ရှိအခိုက်အတန့်မှာပဲ ကောင်းမှုအစုတွေကို ကြိုးစားပြုပြီး ဘုရားရှင်များ ဆုံးမသလို မကောင်းမှုရှောင်၊ ကောင်းမှုဆောင်ပြီး၊ ကိုယ့်စိတ်ကိုကိုယ် ဖြူစင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း အသိပေး တိုက်တွန်းလိုက်ရပါတယ်။ 

Read more »

စရိုက်နဲ့ ကမ္မဋ္ဌာန်း


အများဖြစ်နေကျ ပုံစံများ၊ အရာများထက် ပိုမိုလွန်ကဲပြီး အဖြစ်များတတ်တဲ့ သဘောကို စရိုက်လို့ ခေါ်ပါတယ်။ ပါဠိစရိတဆိုတဲ့ စကားလုံးကို စရိုက်လို့ မြန်မာမှု ပြုထားခြင်း ဖြစ်ပါတယ်။ ဒီစရိုက်ကိုပဲ အထုံဝါသနာလို့ ဆိုပါတယ်။ လူတွေမှာ စိတ်ကောင်းစိတ်ဆိုး အမျိုးမျိုး ဖြစ်နေတာဟာ ဒီဘ၀နဲ့ပဲ သက်ဆိုင်နေတာ မဟုတ်ဘဲ ရှေးရှေးဘ၀က အထုံဝါသနာနဲ့လည်း သက်ဆိုင်ပါတယ်။ ရှေးရှေးအတိတ်ဘ၀များက အထုံဝါသနာကောင်း ပါလာတဲ့သူတွေဟာ စိတ်ကောင်းစေတနာကောင်း ရှိတတ်ပြီး အထုံဝါသနာဆိုး ပါလာတဲ့ သူတွေကတော့ စိတ်စေတနာ ဆိုးတတ်ပါတယ်။ ဒီလိုမကောင်းတဲ့ ၀ါသနာအထုံ စရိုက်တွေအားကောင်းတဲ့ သူတွေအတွက် စိတ်ကောင်းရှိအောင် ပြုပြင်ဖို့ ခက်ခဲတတ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အထုံဝါသနာက အားကြီးနေလို့ပါ။

လောကမှာ လူအမျိုးမျိုး စရိုက်အမျိုးမျိုး ရှိကြတယ်လို့ ဆိုကြပေမယ့် ဗုဒ္ဓစာပေနဲ့ ခွဲခြားကြည့်လိုက်ရင် စရိုက် (၆)မျိုးပဲ ရှိပါတယ်။ လူတိုင်းလူတိုင်း မတူညီတဲ့ စရိုက်တစ်မျိုးစီ ဒါမှမဟုတ် နှစ်မျိုး၊ သုံးမျိုးစသည် ရှိတတ်ပါတယ်။ ကိုယ်ဘာစရိုက်အားကြီးတယ် ဆိုတာကိုတော့ ဒီစရိုက်ခြောက်ပါးနဲ့ ညှိကြည့်နိုင်ပါတယ်။ စရိုက်ခြောက်ပါးမှာ ရာဂစရိုက်ရှိသူနဲ့ သဒ္ဓါစရိုက်ရှိသူဟာ သွားလာနေထိုင်၊ လုပ်ကိုင်စားသောက်ပုံချင်း တူညီတတ်ပြီး ဒေါသစရိုက်ရှိသူနဲ့ ဗုဒ္ဓိ(ပညာ)စရိုက်ရှိသူဟာလည်း အနေအထိုင် အပြောအဆို အစားအသောက် တူညီတတ်ကာမောဟစရိုက်ရှိသူနဲ့ ၀ိတက်စရိုက် ရှိသူမှာလည်း အလုပ်အကိုင် အပြောအဆို အစားအသောက်မှအစ တူညီနေတတ်တာကို တွေ့ရတတ်ပါတယ်။

ရာဂစရိုက်ရှိသူနဲ့ သဒ္ဓါစရိုက်ရှိသူ နှစ်ဦးလုံးဟာ အသွားအလာ အနေအထိုင် အပြောအဆို ယဉ်ကျေးတတ်၊ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် နေတတ်ထိုင်တတ် လုပ်ကိုင်တတ်၊ အနံ့အသက်ကောင်းကောင်း အစားအသောက် ကောင်းကောင်းနဲ့ နူးညံ့သိမ်မွေ့မှုများကို နှစ်သက်တတ်ပါတယ်။ ထူးခြားမှုက ရာဂစရိုက်ရှိသူဟာ ကာမဂုဏ်အာရုံများကို မခွဲနိုင်မခွါရက်အောင် စွဲမက်တတ်၊ ပရိယာယ်မာယာများတတ်၊ စဉ်းလဲကောက်ကျစ်တတ်၊ လောဘမာန အားကြီးတတ်ပြီး သဒ္ဓါစရိုက် အားကြီးသူကတော့ ပရိယာယ်မာယာနှင့် လောဘမာနများ အလွန်မကြီးမားဘဲ စွန့်ကြဲပေးကမ်း လှူဒါန်းမှုမှာ ပျော်မွေ့တတ်၊ ဘုရားကျောင်းကန်များတွင် ၀တ်တွားဆည်းကပ်တတ်၊ ရတနာသုံးပါးအပေါ်မှာ ယုံကြည်မှု အားကောင်းတတ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ သဒ္ဓါစရိုက်အားကြီးပြီး ပညာအားနည်းတဲ့အတွက် အလွဲကိုးကွယ်မိတာတွေလည်း ရှိတတ်ပါတယ်။


ဒေါသစရိုက်ရှိသူနဲ့ ဗုဒ္ဓိခေါ် ပညာစရိုက်ရှိသူ နှစ်ဦးလုံးဟာ အသွားအလာ အနေအထိုင် အပြောအဆို ရုန့်ရင်းကြမ်းတမ်းတတ်၊ သပ်သပ်ရပ်ရပ် နေထိုင်လုပ်ကိုင်မှု မရှိဘဲ ဖြစ်သလို ဖရိုဖရဲ လုပ်တတ်ကိုင်တတ်၊ အချဉ်အငန် အစပ်အခါး စတဲ့ စူးစူးရှရှ အရသာတွေမှာ နှစ်သက်တတ်၊ မကောင်းတဲ့အဆင်းအသံ စတာတွေနဲ့ တွေ့ကြုံတဲ့အခါ သည်းခံအောင်အည်း ချုပ်တည်းခြင်းမရှိဘဲ ချက်ချင်းဆဲဆို ငေါက်ငမ်းကာ စိတ်ကြမ်းစိတ်တို လွယ်တတ်ပါတယ်။ ကွဲပြားတာကဒေါသစရိုက်ရှိသူဟာ ရန်ငြိုးဖွဲ့ခြင်း အာဃာတ၊ မနာလိုခြင်း ဣဿာ၊ ၀န်တိုခြင်း မစ္ဆရိယ၊ သူတစ်ပါးဂုဏ်ကို ဖျက်ဆီးလိုခြင်း မက္ခ၊ ဂုဏ်တူဂုဏ်ပြိုင်ပြုခြင်း ပဠာသ၊ အဆုံးအမခက်ခြင်း ဒုဗ္ဗစတရားများ ဖြစ်ပွားလေ့ရှိတတ်ပြီး ဗုဒ္ဓိစရိုက်ရှိသူကတော့ ရန်ငြိုးဖွဲ့ခြင်း၊ မနာလိုခြင်း၊ ၀န်တိုခြင်း စတဲ့တရားများမရှိဘဲ ဆိုဆုံးမလွယ်တတ်၊ စားသောက်ဖွယ်မှန်သမျှမှာ နှိုင်းနှိုင်းချိန်ချိန် ပြုတတ်၊ နောင်သံသရာအတွက် သတိပညာဖြင့် ကောင်းစွာမြော်မြင်ကာ ပါရမီကုသိုလ်များကို ကြိုးစားပြုလုပ်တတ်ပါတယ်။

မောဟစရိုက်ရှိသူနဲ့ ၀ိတက်စရိုက်ရှိသူ နှစ်ဦးလုံးရဲ့ သဘောလက္ခဏာဟာလည်း တူညီနေတတ်ပါတယ်။ အသွားအလာ၊ အပြောအဆို အနေအထိုင်က အစပေါ့။ ဒါပေမယ့် ထူးခြားချက်က မောဟစရိုက်ရှိသူဟာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ ရှိတတ်၊ ကိစ္စအထွေထွေ ပွေလိမ်ရှုတ်ထွေးတတ်၊ အစားအသောက်မှာလည်း တစ်သမှတ်တည်းမရှိ ဟိုလိုလို ဒီလိုလို နှစ်သက်တတ်၊ အကြောင်းအကျိုး အကောင်းအဆိုးကို ခွဲခြားသိမြင်မှု မရှိတတ်ဘဲ သူများချီးမွန်းရင် လိုက်ချီးမွန်းတတ်ကာ သူများကဲ့ရဲ့ရင်လည်း လိုက်ကဲ့ရဲ့တတ်၊ သတိပညာကင်းပြီး ထိုင်းမှိုင်းခြင်း ထိနမိဒ္ဓ၊ ပျံ့လွင့်ခြင်း ဥဒ္ဓစ္စတို့နှင့် အချိန်ကုန်တတ်ပြီး ၀ိတက်စရိုက် ရှိသူကတော့ ဟိုဟိုဒီဒီ ကိစ္စများများမှာ အကျိုးမပြီး အချည်းနှီးဖြစ်နေတတ်၊ စကားပေါကာ ကိစ္စမချောဘဲ မျောနေတတ်၊ ကောင်းတဲ့လုပ်ငန်းများမှာ အစွမ်းအစမရှိဘဲ ပျင်းရိနေတတ်၊ ကိုယ်လိုပေါ့ပေါ့တန်တန် လူများနဲ့ပျော်မွေ့ကာ ထွေရာလေးပါး အကြံများပြီး လူအားလူပိုသာ ဖြစ်နေတတ်ပါတယ်။

ဒါတွေကတော့ သတ္တ၀ါများ ရှိတတ်တဲ့ အကျင့်စရိုက်ရဲ့ သဘောတရားအချို့ပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း စရိုက်တစ်ခုခုကတော့ အားကောင်းနေတတ်ပါတယ်။ ကောင်းတဲ့စရိုက်အားကောင်းနေတာ ရှိတတ်သလို မကောင်းတဲ့စရိုက် အားကောင်းနေတာလည်း ရှိတတ်ပါတယ်။ ကောင်းတဲ့စရိုက် အားကောင်းနေရင်လည်း ဒီစရိုက်ကို ဆက်လက်တိုးပွားအောင် ကြိုးစားဖို့ လိုအပ်သလို မကောင်းတဲ့စရိုက် အားကောင်းနေရင်လည်း တတ်နိုင်သမျှ ပြုပြင်နိုင်အောင် ကြိုးစားရပါမယ်။ မကောင်းတဲ့အရာတွေမှာ ပျော်မွေ့တတ်တဲ့ ၀ါသနာစရိုက်ဟာ ကိလေသာများရဲ့ အားအစွမ်းဖြစ်နေတတ်ပြီး ကောင်းတဲ့အရာတွေမှာ ပျော်မွေ့တတ်တဲ့ ၀ါသနာစရိုက်ကတော့ ကောင်းတဲ့အလို သမ္မာဆန္ဒဖြစ်နေတတ်ပါတယ်။ ကောင်းတဲ့စရိုက်ကို မှန်ကန်တဲ့ နည်းနဲ့အသုံးချနိုင်ရင် နိဗ္ဗာန်အထိ ရောက်နိုင်သလို မကောင်းတဲ့ စရိုက်ကိုလည်း တတ်နိုင်သမျှ ပြုပြင်နိုင်လျှင် နောင်သံသရာအတွက် ဒီစရိုက်များ လိုက်မလာနိုင်တော့ပါဘူး။ မပြုပြင်ရင်တော့ ကောင်းတဲ့စရိုက်လည်း မကောင်းတဲ့ဘက် ပါသွားတတ်ပြီး မကောင်းတဲ့စရိုက်ကတော့ အပါယ်အထိလားကာ ဘ၀အဆက်ဆက် နိမ့်ကျမှု သက်သက်ကိုပဲ ဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်မှာ ဘယ်လိုစရိုက်မျိုး ရှိတယ်၊ ဘယ်လိုစရိုက် အားကောင်းတယ်ဆိုတာကို ဆင်ခြင်ပြီး ပြုပြင်ထိန်းသိမ်း ကြည့်ကြဖို့ လိုပါတယ်။ 

ဗုဒ္ဓအဘိဓမ္မာမှာတော့ စရိုက်တွေကို ကမ္မဋ္ဌာန်းနဲ့ ပြုပြင်ထိန်းသိမ်းတာဟာ အကောင်းဆုံးလို့ ဆိုပါတယ်။ ပြီးတော့ ဒီစရိုက်ခြောက်ပါးနဲ့ တွဲစပ်ပွားများရမယ့် ကမ္မဋ္ဌာန်းတွေကိုလည်း ဖော်ပြပေးထားပါတယ်။ အဲဒီဖော်ပြချက်က..
၁။ ရာဂစရိုက်အားကြီးသူဟာ စက်ဆုတ်ဖွယ် အကောင်ပုတ်လို့ ရှုရတဲ့ အသုဘ ကမ္မဋ္ဌာန်း ၁၀ပါးနဲ့ ဆံပင်အမွေး ခြေသည်းလက်သည်း စတဲ့ ၃၂ကောဋ္ဌာသကို ရှုဆင်ခြင်ရတဲ့ ကာယဂတာသတိ ကမ္မဋ္ဌာန်းကို ပွားများခြင်းဖြင့် ရာဂစရိုက်ကို ပြုပြင်နိုင်ပါတယ်။ ဒီကမ္မဋ္ဌာန်းဆယ့်တစ်ပါးထဲက သင့်လျော်ရာ တစ်ပါးပါးကို ပွားများပါးများလာရင် ရာဂမီးကို ငြိမ်းအေးစေနိုင်ပါတယ်။

၂။ ဒေါသစရိုက် အားကြီးသူဟာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ကမ္မဋ္ဌာန်းများနဲ့ နီလကသိုဏ်း (အညိုရောင်အဆင်း)၊ ပီတကသိုဏ်း (ရွှေရောင်အဆင်း)၊ လောဟိတကသိုဏ်း (အနီရောင်အဆင်း)၊ သြဒါတကသိုဏ်း (အဖြူရောင်အဆင်း) ဆိုတဲ့ ကမ္မဋ္ဌာန်း ၈ပါးကို ပွားများခြင်းဖြင့် ဒေါသစရိုက်ကို ပြုပြင်နိုင်ပါတယ်။ ဒီကမ္မဋ္ဌာန်းများဟာ သန့်ရှင်းကြည်လင်တဲ့အတွက် အာရုံပြုပွားများသူများကို စိတ်ရွှန်လန်းပြီး နူးညံ့မှုကို ဖြစ်စေပါတယ်။ ဒါကြောင့် ဒေါသစရိုက်အားကြီးတဲ့သူဟာ ဒီကမ္မဋ္ဌာန်း ဂပါးထဲက တစ်ပါးပါးကို ပွားများသင့်ပါတယ်။

၃/၄။ မောဟစရိုက်နဲ့ ၀ိတက်စရိုက်ရှိသူများဟာ အာနာပါနဿတိ ကမ္မဋ္ဌာန်းကို ပွားများပြီး ကိုယ့်ကိုယ်ကို ပြုပြင်ပေးနိုင်ပါတယ်။ မောဟစရိုက်ရှိသူဟာ သံသယနဲ့ ပျံ့လွင့်ခြင်းတို့ အဖြစ်များတဲ့အတွက် အလွယ်တကူ စိတ်ပျံ့လွင့် တုန်လှုပ်တတ်ပြီး ၀ိတက်စရိုက်ရှိသူဟာလည်း စိတ်ကူးအကြံအစည် များတဲ့အတွက် စိတ်ပျံ့လွင့်လွယ်တတ်ပါတယ်။ အာနာပါနဿတိ ကမ္မဋ္ဌာန်းဟာ ထွက်သက်ဝင်သက်တို့ကို အချက်ကျကျ လိုက်၍ ရှုမှတ်ပေးရတဲ့အတွက် တုန်လှုပ်ပျံ့လွင့်တဲ့စိတ်ကို ချုပ်ထိန်းပေးထားနိုင်ပါတယ်။ ဒါကြောင့် ဒီမောဟစရိုက်နဲ့ ၀ိတက်စရိုက် ရှိသူဟာ အာနာပါနကမ္မဋ္ဌာန်းကို အထူးပြု ပွားများသင့်ပါတယ်။

၅။ သဒ္ဓါစရိုက်ရှိသူဟာ ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေ၀တာနုဿတိ ဆိုတဲ့ ကမ္မဋ္ဌာန်း ခြောက်ပါးကို ပွားများပေးရပါတယ်။ ပင်ကိုက ကောင်းနေတဲ့ သဒ္ဓါတရားဟာ ဘုရားတရားသံဃာ စတဲ့အာရုံများနဲ့ ကြုံတွေ့ရပါက ပို၍ဖွင့်ဖြိုး တိုးတက်လာပြီး အကျိုးတရား တိုးပွားစေပါတယ်။ ဒါကြောင့် ကောင်းပြီးသားစရိုက်ကို ပိုကောင်းလာအောင် ဒီသဒ္ဓါစရိုက် ရှိတဲ့သူဟာ ဗုဒ္ဓါနုဿတိစတဲ့ ကမ္မဋ္ဌာန်း ခြောက်ပါးထဲက တစ်ပါးပါးကို ပွားများသင့်ပါတယ်။၆။ ပညာစရိုက်ရှိသူဟာ သိမ်မွေ့နက်နဲတဲ့ သေခြင်းတရားကို ဆင်ခြင်တဲ့ မရဏာနုဿတိကမ္မဋ္ဌာန်း၊ နိဗ္ဗာန်ကို ဆင်ခြင်တဲ့ ဥပသမာနုဿတိ ကမ္မဋ္ဌာန်း၊ အစာအဟာရမှာ စက်ဆုတ်ဖွယ်လို့ ထင်မြင်အောင် ပွားများတဲ့ အာဟာရေ ပဋိကူလသညာ ကမ္မဋ္ဌာန်းနဲ့ ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယောလို့ခေါ်တဲ့ ဓာတ်ကြီးလေးပါးကို ပိုင်းခြားဆင်ခြင်တဲ့ စတုဓာတု၀၀တ္ထာန ကမ္မဋ္ဌာန်းကို ပွားများပေးရပါတယ်။ ပင်ကိုက စဉ်းစားချင့်ချိန်တတ်တဲ့ ပညာဟာ သိမ်မွေ့နက်နဲတဲ့ အာရုံနဲ့ ကြုံတွေ့တဲ့အခါ ပိုပြီးနက်နက်နဲနဲ စဉ်းစားဆင်ခြင်တဲ့အတွက် ဉာဏ်ပညာတိုးပွား ထက်မြက်လာတတ်ပါတယ်။ ဒါကြောင့် ပညာစရိုက်အားကြီးတဲ့သူဟာ မရဏာနုဿတိ စတဲ့ ကမ္မဋ္ဌာန်းများကို ပွားများပြီး ဉာဏ်အဆင့်တိုးပွားအောင် ကြိုးစားသင့်ပါတယ်။

ဒီဖော်ပြချက်ကတော့ ဗုဒ္ဓအဘိဓမ္မာမှာ ပါရှိတဲ့ စရိုက်နဲ့ကမ္မဋ္ဌာန်း တွဲစပ်ပွားများသင့်တာတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူများအနေနဲ့ ဒီစရိုက်ခြောက်ပါးနဲ့ ကိုယ့်သန္တာန်မှာ ရှိနေတဲ့ စရိုက်တွေကို ချိန်ထိုးပြီး ကိုယ်နဲ့သင့်လျော်မယ့် ကမ္မဋ္ဌာန်းကို ပွားများသင့်ပါတယ်။ ကိုယ့်သန္တာန်မှာ ကောင်းတဲ့စရိုက်ရှိရင်လည်း ဒီစရိုက်ကို ပိုပြီးတိုးတက် ဖွံ့ဖြိုးလာအောင်၊ မကောင်းတဲ့စရိုက်ရှိရင် ဒီမကောင်းတဲ့စရိုက်ကို နောက်သံသရာအထိ မပါစေရန် အချိန်မီ ပြုပြုနိုင်အောင် လိုအပ်သင့်လျော်မယ့် ကမ္မဋ္ဌာန်းတစ်ခုခုကို ပွားများသင့်ပါတယ်။ ၀ိပဿနာအလုပ်ဟာ ကိလေသာကုန်ခမ်း နိဗ္ဗာန်ရရေးအတွက် အဓိကကျတဲ့ အလုပ်ဖြစ်ပေမယ့် ဒီဘ၀မှာလိုအပ်တဲ့ ချမ်းသာနဲ့ နိဗ္ဗာန်မရခင် ကျင်လည်ရမယ့် ဘ၀ချမ်းသာအတွက် တစ်ဘက်ကလည်း ကိုယ့်စရိုက်နဲ့ သင့်မယ့်ကမ္မဋ္ဌာန်း တစ်ခုခုကို ပွားများပေးဖို့ လိုပါတယ်။ အရိယာမဂ်နဲ့ ကိလေသာများနဲ့ စရိုက်များကို အကြွင်းမဲ့မပယ်သတ်နိုင် သေးပေမယ့် အခိုက်အတန့် အချိန်အတော်ကြာကြာ ခွာထားနိုင်အောင် ကမ္မဋ္ဌာန်းကို ပွားများပေးဖို့လည်း လိုအပ်ပါတယ်။ အထူးသဖြင့် မကောင်းတဲ့ စရိုက်များကို ကောင်းအောင် ကမ္မဋ္ဌာန်းနဲ့ ပြုပြင်ပြီး ကိုယ့်ရဲ့ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အကြံအစီများကို နူးညံ့သိမ်မွေ့လာအောင် ကြိုးစားသင့်ပါတယ်။

ဒါကြောင့် ဒီနေရာမှာ သိစေချင်တာက လူအမျိုးမျိုး စရိုက်အမျိုးမျိုး ရှိတတ်တဲ့ လောကကြီးမှာ ကိုယ်လည်း စရိုက်တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားသူထဲမှာ ပါနေတာ ဖြစ်တဲ့အတွက် ကောင်းတဲ့စရိုက်ပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့ စရိုက်ပဲဖြစ်ဖြစ် ဘယ်လိုစရိုက်မျိုးကို မဆို ကိုယ်နဲ့သင့်လျော်မယ့် ကမ္မဋ္ဌာန်းတစ်ခုခုကို ပွားများရင်း ကောင်းတဲ့စရိုက်ကိုလည်း ပိုပြီးတိုးပွားအောင်၊ မကောင်းတဲ့စရိုက်ဆိုရင်လည်း ပိုပြီးဆိုးမလာအောင် ပြုပြင်ကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။ ပြုပြင်လိုက်မယ်ဆိုရင် အထုံပါနေတဲ့ စရိုက်လည်း အထိုက်အလျောက် ပြောင်းလဲလာနိုင်တဲ့အတွက် လက်တွေ့ပွားများကာ လေ့ကျင့်ကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။ သေချာတာကတော့ ကိုယ့်စရိုက်နဲ့ သင့်လျော်မယ့် ကမ္မဋ္ဌာန်းတစ်ခုခုကို အချိန်ယူပြီး ပွားများပြုပြင် ကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ကိုယ်အမူအရာ စတာတွေဟာ ပြောင်းလဲနူးညံ့လာမယ်ဆိုတာ သေချာပါကြောင်း…

မှတ်ချက်။ အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာ၊ အခြေပြုသင်္ဂြီုဟ်နှင့် ဒေါက်တာမင်းတင်မွန်၏ ဗုဒ္ဓအဘိဓမ္မာ အနှစ်ချုပ်တို့ကို ကိုးကားပြီး ရေးသားတင်ပြပါသည်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ