အလယ်အလတ်လမ်း


တရားဦးဒေသနာခေါ် ဓမ္မစကြာတရားတော်တွင် မြတ်ဗုဒ္ဓက “အစွန်းနှစ်ပါးကိုရှောင်ပြီး အလယ်အလတ် လမ်းကိုဆောင်ရန်” ဟောကြားတော်မူထား၏။ ကာမဂုဏ်အာရုံများတွင် အလွန်အကျူးလိုက်စားခြင်း အကျင့်နှင့် မိမိကိုယ်ကိုယ် ဆင်းရဲပင်ပန်းစွာ ညှင်းစဲခြင်းအကျင့်ဟူသော အစွန်းနှစ်ပါး အကျင့်တရား လမ်းစဉ်များကို မလိုက်စားဘဲ အစွန်းမရောက်သည့် မှန်ကန်သည့် လမ်းစဉ်ဖြစ်သည့် အလယ်အလတ်လမ်းစဉ်ကို လိုက်နာကျင့်သုံးကြရန် မိန့်တော်မူ၏။ မြတ်ဗုဒ္ဓမိန့်တော်မူသည့် အလယ်အလတ်လမ်းကို မဇ္ဈိမပဋိပဒါလမ်း ဟူ၍ လည်းကောင်း မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ဟူ၍ လည်းကောင်း ခေါ်ဆိုသုံးနှုံးကြ၏။ ဓမ္မစကြာ ဒေသနာတော်တွင် မြတ်စွာဘုရားရှင်ကာ မဇ္ဈိမပဋိပပဒါလမ်းဟူသည် အရိယာသူတော်ကောင်းတို့၏ လျှောက်လမ်းရာ အမြတ်လမ်းသွယ် ဖြစ်သည့် မဂ္ဂင်ရှစ်ပါး အကျင့်တရားပင်ဖြစ်ကြောင်း မိန့်တော်မူ၏။ ဤအင်္ဂါရှစ်ပါးရှိသည့် မဂ်လမ်းကို လျှောက်လှမ်းသူသည် မှန်ကန်ပြီး အစွန်းမရောက်သည့် အလယ်အလတ်လမ်းသို့ လျှောက်လှမ်းနေသူ ဖြစ်ပြီး လွတ်မြောက်ရာအမှန် မြတ်နိဗ္ဗာန်သို့ မျက်မှောက်ပြု ဦးတည်နေသူဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြလေ၏။ ထို့ကြောင့် အလယ်အလတ်လမ်း သို့မဟုတ် မဂ္ဂင်ရှစ်ရပ် လမ်းသွယ်မြတ်ကို မှန်ကန်စွာ ကျင့်သုံးလိုသူများသည် မဂ္ဂင်ရှစ်ပါးနှင့် ပြည့်စုံအောင် လိုက်နာကျင့်သုံးရမည်ဟု ဆိုခြင်းဖြစ်ပါ၏။


အလယ်အလတ်လမ်းစဉ် ဖြစ်သည့်အပြင် လွတ်မြောက်ရာအမှန် နိဗ္ဗာန်သို့ သွားရာအကောင်းဆုံး လမ်းသွယ်လည်း ဖြစ်သဖြင့် ဤမဂ္ဂင်ရှစ်ပါးအကြောင်းကို ဗုဒ္ဓရှင်တော်မြတ်သည် အမျိုးမျိုးသော ပရိယာယ်များဖြင့် အမျိုးမျိုးသော ပရိတ်သတ်များအား ဟောကြားပေးခဲ့၏။ ထို့ကြောင့်ပင် ယနေ့ခေတ် ဗုဒ္ဓပိဋကတ်တော်များ၏ ကျမ်းအတော်များများတွင် မဂ္ဂင်ရှစ်ပါးအကြောင်းကို တွေ့နေရခြင်းဖြစ်၏။ သစ္စာလေးပါးတွင်လည်း မဂ္ဂသစ္စာဟူသည် မဂ္ဂင်ရှစ်ပါးပင် ဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြတော်မူပြီး ဤမဂ္ဂင်ရှစ်ပါးနှင့် အညီသာ လိုက်နာကျင့်သုံး နေထိုင်သွားလျှင် မဂ္ဂသစ္စာဆိုက်မည် ဖြစ်ကာ မဂ္ဂသစ္စာဆိုက်လျှင် နိရောဓသစ္စာသို့ မျက်မှောက်ပြုမည်ဖြစ်ကြောင်း၊ နိရောဓသစ္စာကို မျက်မှောက်ပြုသူသည် သမုဒယသစ္စာ တဏှာကို အကြွင်းမဲ့ပယ်သတ်ပြီး ဖြစ်ကာ တဏှာကုန်လျှင် ဒုက္ခလည်း ငြိမ်းမည်ဖြစ်သဖြင့် ဒုက္ခသစ္စာကိုလည်း သိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် သစ္စာတရားကို ထိုးထွင်း၍ သိရာအမှန် လမ်းစဉ်မြတ်ဖြစ်သည့် မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ပွားကြရမည် ဖြစ်ကြောင်း သိစေတော်မူခြင်း ဖြစ်ပါ၏။

ဗုဒ္ဓရှင်တော်မြတ် အထပ်ထပ် မိန့်တော်မူသည် အလယ်အလတ်လမ်းခေါ် မဂ္ဂင်ရှစ်ပါး တရားများမှာ
၁။ သမ္မာဒိဋ္ဌိ = မှန်စွာသိမြင်ခြင်း (Right View/ 바른 견해)
၂။ သမ္မာသင်္ကပ္ပ = မှန်စွာကြံစည်ခြင်း (Right Thought/ 바른 사유 (생각) )
၃။ သမ္မာဝါစာ = မှန်စွာပြောဆိုခြင်း (Right Speech/ 바른 말)
၎။ သမ္မာကမ္မန္တ = မှန်စွာပြုလုပ်ခြင်း (Right Action/ 바른 행위 (행동))
၅။ သမ္မအာဇီဝ = မှန်စွာအသက်မွေးခြင်း (Right Lively hood/ 바른 생계)
၆။ သမ္မာဝါယမ = မှန်စွာအားထုတ်ခြင်း (Right Effort/ 바른 정진 (노력))
၇။ သမ္မာသတိ = မှန်စွာအောက်မေ့ခြင်း (Right Mindfulness/ 바른 마음챙김 (알아차림))
၈။ သမ္မာသမာဓိ = မှန်စွာတည်ကြည်ခြင်း (Right Concentration/ 바른 삼매) ဟူသော လမ်းစဉ်အင်္ဂါ ရှစ်ပါးပင် ဖြစ်ပါ၏။ ထိုလမ်းစဉ်ရှစ်ပါး၏ တစ်ခုချင်း အဖွင့်ကိုလည်း မြတ်ဗုဒ္ဓက မဟာသတိပဋ္ဌာန သုတ်တွင် အောက်ပါအတိုင်း အကျယ်ဟောကြားတော်မူခဲ့၏။

“ - ရဟန်းတို့ သမ္မာဒိဋ္ဌိသည် အဘယ်နည်း။ ဒုက္ခ၌ သိမြင်ခြင်း၊ ဒုက္ခ၏ဖြစ်ကြောင်း၌ သိမြင်ခြင်း၊ ဒုက္ခ၏ချုပ်ရာ (နိဗ္ဗာန်)၌ သိမြင်ခြင်း၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်၌ သိမြင်ခြင်းတည်း။ ရဟန်းတို့ ဤသိမြင်ခြင်းကို မှန်စွာသိမြင်ခြင်း သမ္မာဒိဋ္ဌိဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာသင်္ကပ္ပသည် အဘယ်နည်း။ (ကာမအာရုံမှ) လွတ်ကင်းသော ကြံစည်ခြင်း၊ ဖျက်စီခြင်းမှ လွတ်ကင်းသော ကြံစည်ခြင်း၊ ညှင်းဆဲခြင်းမှ လွတ်ကင်းသော ကြံစည်ခြင်းတည်း။ ရဟန်းတို့ ဤကြံစည်ခြင်းကို မှန်စွာကြံခြင်း သမ္မာသင်္ကပ္ပဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာဝါစာသည် အဘယ်နည်း။ မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ဂုံးတိုက်စကားမှ ရှောင်ကြဉ်ခြင်း၊ ကြမ်းတမ်းသောစကားမှ ရှောင်ကြဉ်ခြင်း၊ ပြိန်ဖျင်းသောစကားမှ ရှောင်ကြဉ်ခြင်းတည်း။ ရဟန်းတို့ ဤရှောင်ကြဉ်ခြင်းကို မှန်စွာပြောဆိုခြင်း သမ္မာဝါစာဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာကမ္မန္တသည် အဘယ်နည်း။ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းတည်း။ ရဟန်းတို့ ဤရှောင်ကြဉ်ခြင်းကို မှန်စွာပြုလုပ်ခြင်း သမ္မာကမ္မန္တဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာအာဇီဝသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာဖြစ်သော တပည့်သည် မှားယွင်းစွာ အသက်မွေးခြင်းကို ပယ်စွန့်၍ မှန်စွာအသက်မွေးခြင်းဖြင့် အသက်မွေး၏။ ရဟန်းတို့ ဤအသက်မွေးခြင်းကို မှန်စွာအသက်မွေးခြင်း သမ္မာအာဇီဝဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာဝါယာမသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော ယုတ်မာသော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ ဖြစ်ပြီးသော ယုတ်မာသော အကုသိုလ်တရားတို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြောက်၏၊ ဆောက်တည်၏။ ဖြစ်ပြီးသော ကုသိုလ်တရားတို့ တည်မြဲစေရန် မပျောက်ပျက်စေရန် တိုးတက်ဖြစ်ပွားစေရန် ပြန့်ပြောစေရန် ပွားများမှု ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြောက်၏၊ ဆောက်တည်၏။ ရဟန်းတို့ ဤအားထုတ်ခြင်းကို မှန်စွာအားထုတ်ခြင်း သမ္မာဝါယာမဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာသတိသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာအားထုတ်သော လုံလရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ အောက်မေ့ခြင်း သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာလောက၌ လိုချင်တပ်မက်ခြင်း အဘိဇ္ဈာ နှလုံးမသာယာခြင်း ဒေါမနဿကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ပြင်းစွာအားထုတ်သော လုံလရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍ အောက်မေ့ခြင်း သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာလောက၌ လိုချင်တပ်မက်ခြင်း အဘိဇ္ဈာ နှလုံးမသာယာခြင်း ဒေါမနဿကို ပယ်ဖျောက်၍ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ပြင်းစွာအားထုတ်သော လုံလရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ အောက်မေ့ခြင်း သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာလောက၌ လိုချင်တပ်မက်ခြင်း အဘိဇ္ဈာ နှလုံးမသာယာခြင်း ဒေါမနဿကို ပယ်ဖျောက်၍ စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ပြင်းစွာအားထုတ်သော လုံလရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍ အောက်မေ့ခြင်း သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာလောက၌ လိုချင်တပ်မက်ခြင်း အဘိဇ္ဈာ နှလုံးမသာယာခြင်း ဒေါမနဿကို ပယ်ဖျောက်၍ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရဟန်းတို့ ဤအောက်မေ့ခြင်း သတိကို မှန်စွာအောက်မေ့ခြင်း သမ္မာသတိဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာသမာဓိသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်း၍သာလျှင်ဖြစ်သော အကုသိုလ်တရားတို့မှ ကင်း၍သာလျှင်ဖြစ်သော ၀ိတက်နှင့်တကွဖြစ်သော ၀ိစာရာနှင့်တကွ ဖြစ်သော နီဝရဏကင်းခြင်းကြောင့်ဖြစ်သည့် ပီတိသုခရှိသော ပထမဈာန်သို့ ရောက်၍နေ၏။ ၀ိတက်ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကိုကြည်လင်စေတတ်သော သမာဓိကို ပွားစေတတ်သော ၀ိတက်လည်းမရှိသော ၀ိစာရလည်း မရှိသော သမာဓိကြောင့်ဖြစ်သည့် ပီတိသုခရှိသော ဒုတိယဈာန်သို့ရောက်၍နေ၏။ ပီတိ၏လည်း ကင်းခြင်းကြောင့် အမျှရှုလျက် ဆင်ခြင်လျက်နေ၏။ သုခကိုလည်း ကိုယ်ဖြင့်ခံစား၏။ အကြင် (တတိယဈာန်)ကြောင့် ထိုသူကို “အမျှရှုသူ သတိရှိသူ ချမ်းသာစွာာ နေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ချီးမွမ်းပြောဆိုကုန်၏။ ထိုတတိယဈာန်သို့ ရောက်၍နေ၏။ ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင် ၀မ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်ခြင်းကြောင့် လည်းကောင်း၊ ဆင်းရဲချမ်းသာ ကင်းသော(ဥပေက္ခာ)ကြောင့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍နေ၏။ ရဟန်းတို့ ဤသမာဓိကို မှန်စွာတည်ကြည်ခြင်း သမ္မာသမာဓိဟူ၍ ဆိုအပ်၏။ ” 
ဤကား မဟာသတိပဋ္ဌာနသုတ်၊ ဓမ္မာနုပဿနာအဖွင့်တွင် မြတ်ဗုဒ္ဓဖွင့်ဆို ရှင်းပြတော်မူသည့် မဂ္ဂင်ရှစ်ပါး ဖွင့်ဆိုချက်များပင် ဖြစ်ပါ၏။ထိုဖွင့်ဆိုချက်များအရ အလယ်အလတ်လမ်းကို လျှောက်လှမ်းသည်ဟူသည်မှာ အထက်ပါ အင်္ဂါရပ်များနှင့်အညီ ကျင့်သုံးနေထိုင်ခြင်းပင်ဖြစ်ကြောင်း နားလည်သဘောပေါက် နိုင်မည်ဖြစ်၏။ 

သို့ဆိုလျှင် ကိလေသာများ ထူပြောလှသည့် ပုထုဇင်များ အနေဖြင့် နေ့စဉ်ဘ၀ လှုပ်ရှားမှုများတွင် ထိုဖွင့်ဆိုချက်များနှင့် အညီနေထိုင်နိုင်ရန်မှာ လွယ်ကူလှသည့် အလုပ်မဟုတ်လှပေ။ မဂ္ဂင်ရှစ်ပါးနှင့်အညီ နေထိုင်နိုင်ရန်မှာ မဖြစ်နိုင်သည့် သဘောတွင် ရှိနေပေ၏။ သို့သော် ဖြစ်နိုင်သည့်နည်း တစ်ခုကား ရှိ၏။ ထိုနည်းကား ၀ိပဿနာတရား အားထုတ်၍ နေခြင်းပင်ဖြစ်၏။ ၀ိပဿနာ တရားအားထုတ်နေသူသည် မဂ္ဂင်ရှစ်ပါးနှင့်အညီ နေထိုင်နေသူ၊ အလမ်းအလတ်လမ်းကို လျှောက်လှမ်းနေသူဟု ဆိုနိုင်ပေ၏။ အကြောင်းကား ၀ိပဿနာတရား အားထုတ်ခြင်းဖြင့် သတိတရားကို မလွတ်တမ်း ထိန်းချုပ်နေနိုင်ခြင်းကြောင့်ပင် ဖြစ်ပါ၏။

မှန်၏။ သတိဟူသည် ပိုသည်မရှိ လိုသည်သာ ဖြစ်၏ဟု ဆိုသကဲ့သို့ သတိတရားကို မလွတ်တမ်း ထိန်းသိမ်း စောင့်ရှောက် နေသူသည်လည်း အရာရာတွင် သတိရှိနေသဖြင့် အမြင်မှားသည်၊ အတွေးမှားသည်၊ အပြောမှားသည် စသည်ဖြင့် ရှိနိုင်မည် မဟုတ်လှပေ။ ထိုသို့ သတိဖြင့် နေထိုင်နေသမျှ မဂ္ဂင်ရှစ်ပါးနှင့်လည်း ပြည့်စုံနေသည်သာ ဖြစ်နေပေ၏။ ဥပမာအားဖြင့် သတိတရားဖြင့် အာနာပါနခေါ် ထွက်သက်ဝင်သက်ကို မလွတ်တမ်း သိမှတ်ရှုမှတ်နေသူ ယောဂီအား ၀င်လေထွက်လေ အစအဆုံးကို မလွတ်တမ်း သိနေသည့်အခါ စိတ်အစဉ်သည် အပြင်မရောက်ဘဲ ခန္ဓာကိုယ်နှင့် စိတ်တွင်သာ ရှိနေသဖြင့် ထွက်လေ၀င်လေ တစ်မှတ်ရတိုင်း မဂ္ဂင်ရှစ်ပါး အကျင့်တရားနှင့် ပြည့်စုံညီညွတ်နေမည်သာ ဖြစ်၏။ အမှတ်မလွတ်ဘဲ နေနေသဖြင့် အမြင်လည်းမှန်နေ၊ အကြံအစည်လည်းမှန်နေ၊ အပြောအဆိုလည်း မှန်နေ၊ အလုပ်အကိုင်လည်းမှန်နေ၊ အသက်မွေးမှုလည်းမှန်နေ၊ လုံလအားထုတ်မှုလည်းမှန်နေ၊ အောက်မေ့သတိရှိမှုလည်းမှန်နေ၊ တည်ကြည်မှုလည်း မှန်နေမည်သာဖြစ်၏။ သတိဖြင့် ၀င်လေထွက်လေကို ရှုမှတ်နေသမျှ ရှူထုတ်တိုင်း ရှူသွင်းတိုင်း မဂ္ဂင်ရှစ်ပါး ဆိုက်နေမည်သာ ဖြစ်၏။ ထို့ကြောင့် အခြားအချိန်တွင် မဂ္ဂင်ရှစ်ပါးနှင့် အညီနေနိုင်ရန် မဖြစ်နိုင်သော်လည်း သတိရှိရှိနှင့် တရားအားထုတ်နေသည့် အချိန်သည်ကား မဂ္ဂင်ရှစ်ပါးနှင့်အညီ နေထိုင်နေကြသည်သာ ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပြီး အလယ်အလတ်လမ်းကို လျှောက်လှမ်းလိုသူများသည် တရားအားထုတ်ကြရမည်သာ ဖြစ်ကြောင်းလည်း တိုက်တွန်းကြခြင်း ဖြစ်၏။

ဤ၌ အထူး သတိပြုရမည်မှာ အလယ်အလတ်လမ်းကို လျှောက်လှမ်းနိုင်ရန်အတွက် တရားအားထုတ်ရမည်ဟု ဆိုသဖြင့် နေ့စဉ်စားဝတ်နေရေးများကို ပစ်ပြီး တရားရိပ်သာသွားကာ တရားပဲအားထုတ် နေရမည်လားဟု စောဒကတက်ဖွယ် ဖြစ်နေပေ၏။ ထိုသို့မဟုတ်။ တရားအားထုတ်သည် ဟူသည်မှာ ရိပ်သာသွားပြီး အားထုတ်နိုင်မှ တရားအားထုတ်သည်မဟုတ်။ မိမိတို့၏ နေ့စဉ်နေထိုင် လှုပ်ရှားနေသည့် လှုပ်ရှားမှုများတွင်ပင် သတိတရားဖြင့် မလွတ်တမ်း လိုက်လိုက်သိမှတ် ပေးနေလျှင်ပင် တရားအားထုတ်သည်ဟု ဆိုနိုင်ပေ၏။ ရုပ်တရားနှင့် စိတ်တွင်ဖြစ်ပေါ်နေသည့် လှုပ်ရှားမှုများ၊ ခံစားမှုများ၊ အတွေးအကြံများကို ဖြစ်စဲဖြစ်ခိုက် ပေါ်စဲပေါ်ခိုက်များတွင် အရှိအတိုင်း လိုက်လိုက်ပြီး သိပေးနေလျှင်ပင် သတိရှိနေပြီး တရားအားထုတ်နေသည်သာ ဖြစ်သဖြင့် နေ့စဉ်လှုပ်ရှားရင်းဖြင့်ပင် တရားအားထုတ်နိုင်အောင် ကြိုးစားကာ အလယ်အလတ်လမ်းကို လျှောက်လှမ်းကြည့်ရန် တိုက်တွန်းတော်မူခြင်း ဖြစ်ပါ၏။

သို့ဖြစ်၍ ဗုဒ္ဓဘာသာတွင် အထူးပြု ပြောဆိုဟောပြောထားသည့် အလယ်အလတ်လမ်း သို့မဟုတ် မဂ္ဂင်ရှစ်ရပ် လမ်းသွယ်မြတ်ကို လျှောက်လမ်းလိုသူများသည် အခြားအခြား သာမန်အချိန်များတွင် ထိုလမ်းစဉ်အတိုင်း နေထိုင်နိုင်ရန်မှာ မလွယ်လှသဖြင့် အလွယ်ဆုံးနည်းဖြစ်သည့် မည်သို့သောအချိန်၊ မည်သို့သော နေရာတွင် မည်သို့သော ပုံစံများဖြင့် ရှိနေစေကာမှု ထိုနေ့စဉ် လှုပ်ရှားမှုများတွင်ပင် အမှတ်သတိ မပြတ်ရှိပြီး စိတ်နှင့်ရုပ်တွင် ဖြစ်ပေါ်နေသည့် ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာများ၏ ဖြစ်စဲဖြစ်ခိုက် ပေါ်စဲပေါ်ခိုက်ကို မလွတ်တမ်း လိုက်လိုက်သိပေးနေသည့် တရားအားထုတ်နည်းကို အသုံးပြု၍ မဂ္ဂင်ရှစ်ပါးနှင့်အညီ နေထိုင်ရန်သာ ကြိုးစားရမည်ဖြစ်ကြောင်း၊ ဤသို့နေထိုင်နိုင်ခြင်းသည် အလယ်အလတ်လမ်းကို လျှောက်လှမ်းနေခြင်းဖြစ်ကြောင်း တင်ပြရင်း မဂ္ဂင်ရှစ်ရပ် လမ်းစဉ်မြတ်၏ အရေးပါးမှု၊ လိုအပ်မှုကို ဓမ္မအနှစ်သာရ တစ်ခုအဖြစ် နှစ်သက်မှုတစ်ခု ပြုလိုက်ရပါသည်။

Read more »

Facebook က အမေးတစ်ပုဒ် (၉ )


မေး။ Xing Xing Su Hlaing

အရှင်ဘုရား..တပည့်တော်ဦးစွာရှစ်ခိုးဦးခိုက်လိုက်ပါတယ်။ 
_/\__/\__/\_ Facebook မှာ အရှင်ဘုရားရဲ့တရားများကို အမြဲဖတ်ရှု မှတ်သားရပါတယ်။ အရှင်ဘုရားရဲ့တရားတွေကြောင့်လည်း တပည့်တော် တရားအသိတရာမှန် တွေအများကြီးရပါတယ်။ အဲ့အတွက်လည်း အရှင်ဘုရားရဲ့ကျေးဇူး ကိုအမြဲအမှတ်ရနေပါတယ်။ အခုလည်း တပည့်တော်သိချင်တာလေး တစ်ခုလောက်မေးလျှောက်ချင်လို့ပါဘုရား။ လူတစ်ယောက်သေပြီးရင်နောက်ဘ၀တစ်ခုကို ချက်ချင်းကူးပြောင်းတယ် လို့ သိရပါတယ်။ ၀ိညာဉ်ဆိုတာမရှိဘူးလို့ဆိုတယ်။တပည့်တော်နားမ လည်တာက နာရေးတွေမှာတွေ့ရတဲ့လိပ်ပြာခေါ်တယ်ဆိုတာပါပဲ။ အသုဘချတဲ့နေ့မှာသေသူရဲ့လိပ်ပြာကို အိမ်ကိုခေါ်လာရတဲ့အလေ့တစ်ခု ကိုလုပ်ကြတယ်။ လိပ်ပြာခေါ်လာတဲ့သူက စကားမပြောရဘူးနာက်လှည့် မကြည့်ရဘူးလို့ပြောပါတယ်။ ဘာကြောင့်အဲ့လိုလုပ်ရတာလည်းဆိုတာ ရယ်၊ လိပ်ပြာတစ်ကယ်ခေါ်လို့ရသလားဆိုတာတပည့်တော်သိချင်ပါ တယ်ဘုရား။ ဒီဘက်ဘ၀သေတာနဲ့နောက်ဘ၀တစ်ခုကိုချက်ချင်းပြောင်း တယ်ဆိုတော့သေသူရဲ့ဝိညာဉ်ကိုဘယ်လိုခေါ်လို့ရလည်းဆိုတာကို တပည့်တော်ရှင်းရှင်းလင်းလင်းသိချင်ပါတယ် ဘုရား။ တပည့်တော်က ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်တဲ့ဗုဒ္ဓဘာသာစစ်စစ်တစ်ယောက်ပါ။ ခုလိုမေးတာ တရားတော်တွေကိုမယုံလို့မဟုတ်ပါဘူး။ တပည့်မသိသေး တာသိချင်တာ၊ အမြင်မှားနေတာကိုအမှန်ရချင်တာပါဘုရား။ အရှင်ဘုရားအချိန်ရတဲ့အခါတပည့်တော်မေးခွန်းလေးကိုဖြေပေးပါဘုရား။ 
အရှင်ဘုရားကျန်းမာချမ်းသာစွာဖြင့် သာသနာအကျိုးကိုထမ်းဆောင်နိုင်ပါစေ ဘုရား။


မင်္ဂလာပါ 
မေးသင့်တဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ သေတာနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာ အလိုအရတော့ ရုပ်ဇီဝိတလို့ခေါ်တဲ့ ရုပ်သက်နဲ့ နာမ်ဇီဝိတလို့ ခေါ်တဲ့ နာမ်သက်ချုပ်သွားတာကို သေတာလို့ ပြောတာဖြစ်ပါတယ်။ သတ္တဝါ တစ်ဦးတစ်ယောက် သေသွားတယ်ဆိုတာ အဲဒီလို နာမ်ရုပ်ချုပ်သွားတာကို ဆိုတာဖြစ်တဲ့အတွက် တစ်ချို့တစ်ချို့ ထင်နေသလို ရုပ်သာသေပြီး ဝိညာဉ်က မသေဘဲ တခြားဘဝ ကူးပြောင်းသွားတယ်ဆိုတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ အယူအဆမှာ ဝိညာဉ်ဆိုတာလည်း မရှိပါဘူး။ သတ္တဝါ တစ်ဦးတစ်ယောက် အဲဒီနာမ်သက်၊ ရုပ်သက်ချုပ်သွားတာနဲ့ တစ်ပြိုက်တည်း ဘဝတစ်ခုကို ကူးပြောင်းသွားတာ ဖြစ်ပါတယ်။ ဝိညာဉ်လိပ်ပြာ မရှိရင်ဘာက ကူးသွားတာလဲလို့ မေးစရာရှိပါတယ်။ ကံစွမ်းတွေက ဘဝသစ်ကို ပုံဖော်ပြီး ကူးပြောင်းသွားတာ ဖြစ်ပါတယ်။ မသေခင် ပြုလုပ်ထားတဲ့ ကံသိုလ်ကံ၊ အကုသိုလ်ကံတွေရဲ့ အစွမ်းတွေနဲ့ ကောင်းကံတွေ လုပ်တဲ့သူတွေဟာ ကောင်းတဲ့သုဂတိ ဘုံတွေမှာ ပြန်ဖြစ်တာဖြစ်ပြီး မကောင်းကံတွေ လုပ်တဲ့သူတွေဟာ မကောင်းတဲ့ ဒုဂ္ဂတိဘုံတွေမှာ ချက်ချင်းဖြစ်ကြရတာ ဖြစ်ပါတယ်။ ဒီလို ကံစွမ်းတွေနဲ့ ဘဝအသစ်ကို ဖြစ်တဲ့သူတွေအနေနဲ့ ဘဝတစ်ခု ချုပ်သွားတာနဲ့ နောက်ထပ်ဘဝတစ်ခုမှာ ချက်ချင်းသွားဖြစ်တာ ဖြစ်ပါတယ်။ ကြားမှာ ဟိုမှာနေတာ၊ ဒီမှာနေတာ၊ ဘယ်နှစ်ရက်နေမှ ထွက်သွားတာ၊ ဘယ်နှစ်ရက်နေမှ ကျွတ်သွားတာ စတာတွေ မရှိပါဘူး။ 

တစ်ခါတလေ တစ်ချို့သတ္တဝါတွေဟာ သေပြီးနောက်မှာ မိမိတို့နဲ့ သက်ဆိုင်တဲ့ ဝန်းကျင်နားမှာ တစ်ခုခု ပုံရိပ်ပြတာတို့၊ အသံပြုတာတို့ စသဖြင့် လုပ်ပြတတ်တာတွေ ရှိပြီး သူ့အတွက် ကုသိုလ်လုပ် အမျှပေးဝေပြီးမှာ ပျောက်သွားတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီသဘောတွေဟာလည်း ဘဝကူးရေးအတွက် ကြားခံအနေနဲ့ ဝိညာဉ်လိပ်ပြာ ပုံစံမျိုးမဟုတ်ပါဘူး။ ဒါဟာ သေပြီးပြီးချင်း ဘဝအသစ်တစ်ခုမှာ ဖြစ်သွားတာပဲ ဖြစ်ပါတယ်။ သေခါနီးမှာ အစွဲတစ်ခုခုကြောင့် သေသွားတဲ့ သတ္တဝါတွေဟာ ပေတဆိုတဲ့ တစ္ဆေ၊ သရဲ၊ ပြိတ္တာ၊ နာနာဘာဝလို ဘဝမျိုးမှာ သွားဖြစ်တာပဲ ဖြစ်ပါတယ်။ လိပ်ပြာကောင်လေး၊ ဝိညာဉ်ကောင်လေး အနေနဲ့ လှည့်လည်နေတဲ့ သဘောမျိုး မဟုတ်ပါဘူး။ နောက်တော့ အဲဒီ ပြိတ္တာဘဝကနေ ကျန်ခဲ့တဲ့သူတွေရဲ့ ကုသိုလ်အဖို့ကို အမျှရပြီး နောက်ထပ်ဘဝ အသစ်ကို ရောက်သွားတဲ့အခါမှာ ဒီလိုတစ္ဆေသရဲ ပြိတ္တာဘဝက လွတ်သွားခြင်း သဘောမျိုးဖြစ်ပါတယ်။ ဒီလို တစ်ဘဝကနေ တစ်ဘဝကို ကူးပြောင်းသွားတာဟာ ကံစွမ်းတွေပဲ ဖြစ်ပြီး ဝိညာဉ်က ကူးသွားတာ မဟုတ်ပါဘူး။

ဆိုတော့ကား မေးခွန်းရှင်ပြောသလို နားရေးတွေမှာ လိပ်ပြာခေါ်တာ၊ အိုးခွဲတာ စတာတွေဟာ အရိုးစွဲနေတဲ့ ရှေးရိုးအယူအဆတွေလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ တကယ်လည်း လိပ်ပြာဆိုတာ မရှိသလို၊ မရှိတဲ့ လိပ်ပြာဆိုတာလည်း ခေါ်လို့ရတာ မဟုတ်ပါဘူး။ တကယ်လို့ တိုက်တိုက်ဆိုင်ဆိုင် အဲဒီလို လုပ်ခဲ့လို့ အိမ်မှာ ထူးခြားမှုဖြစ်တာ၊ အသံပြုတာ၊ အနံ့နံတာ၊ ခြောက်တာ စတာတွေ ဖြစ်ခဲ့ရင် ဒါဟာ လိပ်ပြာက သုဿာန်က ပါလာတာမဟုတ်ဘဲ ပေတဆိုတဲ့ ပြိတ္တာဘဝက ရောက်သွားတဲ့ သေသူရဲ့ ပုံရိပ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဘုန်းဘုန်းတို့ မြန်မာပြည်မှာ သေသူနဲ့ ပတ်သက်ပြီး အဲဒီလို အရိုးစွဲနေတဲ့ ရေးရိုးစွဲအယူအဆတွေ အများကြီး ရှိနေတတ်ပါတယ်။ ဥပမာ သေသွားတဲ့ ရုပ်ကောင်ကို သရဏဂုံတင်တာတို့၊ သေသူကို မီးမသဂြိုဟ်ခင် သူကြိုက်တတ်တဲ့ အစားအသောက်တွေ ပြင်ဆင်ပြီး ကျွေးတာတို့၊ သေသူအတွက် ဘာပစ္စည်း၊ ညာပစ္စည်း ထည့်ပေးတာတို့ စသဖြင့် အများကြီးပါပဲ။ ဒါတွေဟာ တကယ်တော့ လွဲမှားနေတဲ့ ရှေးရိုးစွဲ အယူအဆတွေပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ အယူအဆ မဟုတ်ပါဘူး။ တစ်ချို့လည်း ဘာမှမသိတော့ ဒီလို လုပ်ပေးရတယ်ထင်ပြီး နောက်မျိုးဆက်တွေက ဆက်လုပ်နေကြခြင်းပဲ ဖြစ်ပါတယ်။ အကျိုးသက်ရောက်မှု ရှိလို့တော့ မဟုတ်ပါဘူး။ သေသူအတွက် အကောင်းဆုံးနဲ့ အကျိုးသက်ရောက်မှု အရှိဆုံး အလုပ်က အဲဒီ ပုဂ္ဂိုလ်ကို ရည်စူးပြီး ကုသိုလ်ကောင်းမှု လုပ် အမျှပေးဝေခြင်းပဲ ဖြစ်ပါတယ်။ ဒါတောင်မှ သုံးရက်နေမှ သရဏဂုံတင်ပြီး ကုသိုလ်လုပ် အမျှဝေတာတို့ ရက်လည်မှ ကုသိုလ်လုပ် အမျှဝေတာတို့ စတဲ့ အယူအဆတွေရှိသေးပါတယ်။ ဒီအတွက် ရက်သတ်မှတ်ချက် မရှိပါဘူး အချိန်မရွေး သေသူအတွက် ကုသိုလ်လုပ် အမျှပေးဝေနိုင်တာ ဖြစ်ပါတယ်။ ရတာမရတာက သေသူရဲ့ ဘဝအသစ်နဲ့၊ သာဓုခေါ်နိုင်မှု၊ မခေါ်နိုင်မှုနဲ့ပဲ ဆိုင်ပါတယ်။ 

ဒါကြောင့် သေသူနဲ့ ပတ်သက်ပြီး လွဲနေကြတဲ့ အလွဲတွေထဲမှာ မေးခွန်းရှင်မေးသလို လိပ်ပြာခေါ်တာတို့၊ ဝိညာဉ်ခေါ်တာတို့ စတဲ့ အယူအဆ အလွဲတွေလည်း ရှိတတ်တဲ့အတွက် ဒါတွေဟာ ဘုရားဟောတဲ့ အယူအဆ၊ ဗုဒ္ဓဘာသာရဲ့ အယူအဆ  မဟုတ်ဘဲ လွဲမှားနေတဲ့ ရှေးရိုးစွဲ အယူအဆများပဲ ဖြစ်ပါကြောင်း ဒီလောက်နဲ့ပဲ အမေးကြည့်ပြီး အဖြေညှိပေးလိုက်ရပါတယ်။

Read more »

လမြတ်ဝါဆို


ရှေးဆရာတော်ကြီးများကတော့ ၀ါဆိုလကို သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို၊ လ၀ါဆိုလို့ အထူးပြု ဖော်ကျူးလေ့ရှိကြပါတယ်။ ရှေးကသတ်မှတ်ခဲ့ကြတဲ့ မဟာသက္ကရာဇ် သတ်မှတ်ချက်အရတွေရယ် ဒီနေ့ခေတ် မြန်မာတို့ သတ်မှတ်ကြတဲ့ သက္ကရာဇ်အရတွေရယ်ကြောင့် ဘုရားလောင်း ပဋိသန္ဓေယူတဲ့နေ့ရယ်၊ အသက် ၂၉နှစ်အရွယ်မှာ လောကီစည်းစိမ်တွေကို စွန့်ပြီး တောထွက်သွားတဲ့နေ့ရယ်၊ အသက် ၃၅နှစ်အရွယ်မှာ သဗ္ဗညုတ (အလုံးစုံကိုသိတဲ့) ဘုရားအဖြစ်ကို ရောက်ရှိတော်မူပြီးနောက် ပထမဆုံး တရားဦးဒေသနာ ဟောတော်မူတဲ့ နေ့ရယ်ဟာ တိုက်တိုက်ဆိုင်ဆိုင် ဒီဝါဆိုလပြည့်နေ့တွေမှာပဲ ဖြစ်ခဲ့ပါတယ်။ ခုနှစ်ကွာ၊ စနေ၊ တနင်္ဂနွေ စတဲ့နေ့တွေ ကွာခြားပေမယ့် ၀ါဆိုလပြည့်နေ့ဆိုတဲ့ လသတ်မှတ်ချက်ကတော့ အတူတူပဲ ဖြစ်နေပါတယ်။ ဒါကြောင့် ၀ါဆိုလဟာ အထူးသဖြင့် ၀ါဆိုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် ဗုဒ္ဓဘုရားရှင်နဲ့ ပတ်သက်တဲ့ ထူးခြားမှုတွေ တစ်ပြိုင်တည်း ပြည့်စုံနေတဲ့ နေ့ထူးနေ့မြတ် တစ်ခုဖြစ်တဲ့အတွက် ဒီဝါဆိုလကို လမြတ်ဝါဆိုလို့ ဆိုခြင်း ဖြစ်ပါတယ်။

ပိုပြီး ထူးခြားမှုကို ဖြစ်စေတာကတော့ ဒီဝါဆိုလပြည့်နေ့မှာ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားဦး ဒေသနာတော်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီတရားဦး ဒေသနာတော်ကို ဓမ္မစက္က ပ၀တ္တနသုတ်လို့ အမည်ပေးပါတယ်။ တရားတော်ကို အကြောင်းအကျိုးစီလျော်စွာ ရှေ့နောက်ဆက်စပ်ပြီး လှည်းဘီးစက်လည်သလို အကြားအလပ်မရှိ တစ်စပ်တည်း ဟောကြားတော်မူတဲ့ အတွက်ကြောင့် ဓမ္မစက္က ပ၀တ္တနလို့ ခေါ်ပါတယ်။ မြန်မာဗုဒ္ဓဘာသာတွေကတော့ လွယ်လွယ်ကူကူပဲ ဓမ္မစကြာတရားလို့ ပြောဆိုကြပါတယ်။ ပြီးတော့ ဒီတရားဟောတော်မူတဲ့ နေ့ကိုလည်း ဓမ္မစကြာ အခါတော်နေ့လို့ အထူးပြု ပြောဆိုကြပြီး မြတ်ဗုဒ္ဓရဲ့ ဒီဒေသနာတော်ကို ၀ါတွင်းကာလမှာ အထူးပြု ရွတ်ဆိုပူဇော်လေ့ ရှိကြပါတယ်။

မြတ်ဗုဒ္ဓက ဒီတရားဒေသနာတော်ကို ဘုရားအဖြစ်ကို ရောက်ရှိပြီး ()လမြောက်မှာ တရားအားထုတ်စဉ် အလုပ်အကျွေးပြုခဲ့ကြတဲ့ ပဉ္စ၀ဂ္ဂီငါးဦးနဲ့ တရားဦးဒေသနာတော်ကို နာကြားဖို့ စောင့်မျှော်နကြတဲ့ နတ်ဗြဟ္မာအပေါင်းကို စတင်ဟောကြားတော်မူခဲ့တာ ဖြစ်ပါတယ်။ ဒီဒေသနာကို ဟောကြားတဲ့နေရာက ဗာရဏသီပြည်၊ မိဂဒါဝုန်တောမှာဖြစ်ပါတယ်။ ဒီတရားဦးဒေသနာမှာ မြတ်စွာဘုရားရှင်က ကာမဂုဏ်အာရုံတွေမှာ အလွန်အကျူး တပ်မက်ပျော်ပါးတတ်တဲ့ ကာမသုခလ္လိကာနုယောဂ အကျင့်နဲ့ မိမိကိုယ်ကို အလွန်အကျူး ညှင်းစဲနှိပ်စက်တဲ့ အကျင့်ဖြစ်တဲ့ အတ္တကိလမထာနုယောဂ အကျင့်တွေကို ရှောင်ရှားပြီး အလယ်အလပ်လမ်းစဉ်ဖြစ်တဲ့ မဇ္ဈိမပဋိပဒါ အကျင့်ကို ကျင့်သုံးဖို့ ဟောတော်မူပါတယ်။

ဒီနေရာမှာ မြတ်ဗုဒ္ဓမိန့်တော်မူတဲ့ အလယ်အလတ် လမ်းစဉ်ဆိုတာ တစ်ခြားမဟုတ်ဘဲ မဂ္ဂင်ရှစ်ပါး လမ်းစဉ်ပင်ဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြတော်မူပါတယ်။ ဘာပဲလုပ်လုပ် အစွန်းမရောက် စေရန်အတွက်
မှန်ကန်တဲ့အမြင် သမ္မာဒိဋ္ဌိ
မှန်ကန်တဲ့အတွေး သမ္မာသင်္ကပ္ပ
မှန်ကန်တဲ့စကား သမ္မာဝါစာ
မှန်ကန်တဲ့အလုပ် သမ္မာကမ္မန္တ
မှန်ကန်တဲ့အသက်မွေးမှု သမ္မာအာဇီဝ
မှန်ကန်တဲ့ကြိုးစားအားထုတ်မှု သမ္မာဝါယမ
မှန်ကန်တဲ့သတိရှိမှု သမ္မာသတိ
မှန်ကန်တဲ့သမာဓိရှိမှု သမ္မာသမာဓိ ဆိုတဲ့ လမ်းစဉ်ရှစ်ချက်ကို လက်ကိုင်ထားပြီး ကြိုးစားအားထုတ်ဖို့ ဟောတော်မူပါတယ်။

ဒီဒေသနာတော်ရဲ့ အနှစ်ချုပ်ဟာ အစွန်းနှစ်ပါးရှောင်ရှားပြီး အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးရေးပဲ ဖြစ်ပါတယ်။ ဒီလို အလယ်အလတ်လမ်းစဉ်ကို သွားနိုင်ရေးအတွက် အင်္ဂါရပ်ရှစ်ပါးဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးကို အဓိကထားသွားရမှာ ဖြစ်ကြောင်း ဆိုလိုရင်းဖြစ်ပါတယ်။ ဒီလို မဂ္ဂင်ရှစ်ပါး လမ်းစဉ်အတိုင်း သွားနေရင် မဂ္ဂသစ္စာဆိုက်မှာ ဖြစ်ပြီး မဂ္ဂသစ္စာဆိုက်ရင် ဒုက္ခအားလုံးချုပ်ရာ နိရောဓသစ္စာဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုမှာ ဖြစ်ပါတယ်။ နိရောဓသစ္စာကို မျက်မှောက်ပြုပြီဆိုရင်တော့ တွယ်တာမှုတဏှာလို့ ခေါ်တဲ့ သမုဒယသစ္စာကို ပယ်ပြီးသားဖြစ်ကာ သမုဒယသစ္စာကို ပယ်လိုက်တာနဲ့ ဒုက္ခသစ္စာလည်း မရှိနိုင်တော့ပါဘူး။ ဒါတွေအားလုံးရဲ့ အချုပ်က အလယ်အလတ်လမ်းစဉ်ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရားပဲ ဖြစ်ကြောင်း အနှစ်ချုပ်ပြခြင်းပဲ ဖြစ်ပါတယ်။ ဒါက ၀ါဆိုလပြည့်နေ့မှာ ဟောတော်မူခဲ့တဲ့ တရားဦး ဓမ္မစကြာ ဒေသနာရဲ့ အနှစ်ချုပ်ပဲ ဖြစ်ပါတယ်။

ဒီဒေသနာတော်အရ သတ္တ၀ါတွေ အနေနဲ့ လက်တွေ့ဘ၀မှာလည်း ဘာပဲလုပ်လုပ် အစွန်းမရောက်ဖို့လိုပြီး အလယ်အလတ်လမ်းစဉ် ဖြစ်ဖို့လိုတယ်ဆိုတာ နားလည်သဘောပေါက်နိုင်ပါတယ်။ တရားဦးဒေသနာတော်မှာ မြတ်ဗုဒ္ဓဟောတော်မူတဲ့အတိုင်း မှားယွင်းပြီး အလွန်အကျူး ဖြစ်စေတတ်တဲ့ အကျင့်တွေကို ရှောင်ရှားကာ မှန်ကန်တဲ့ လမ်းစဉ်အကျင့်ကို လျှောက်လှမ်းကြဖို့ လိုတယ်ဆိုတာ သတိပြုစရာ ဖြစ်ပါတယ်။ သတိပြုရုံနဲ့ မပြီးဘဲ လက်တွေ့ဘ၀မှာလည်း ဘာပဲလုပ်လုပ် အစွန်းမရောက်စေဖို့နဲ့ မဇ္ဈိမပဋိပဒါဖြစ်စေဖို့ ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ ဒါက တရားဦးက ပေးတဲ့လမ်းစဉ်နဲ့ အနှစ်သာရဖြစ်ပါတယ်။ လမြတ်ဝါဆိုလို့ ဆိုရာမှာ ဒီလို အနှစ်သာရ တရားတွေကြောင့် အမြတ်ဆုံးဖြစ်ကြောင်း ဆိုတာလို့ ပြောရင်ပိုပြီး အဓိပ္ပါယ် ပြည့်ဝစေပါတယ်။

ဘာပဲဖြစ်ဖြစ် ၀ါဆိုလကတော့ ဗုဒ္ဓဘာသာတွေအတွက် လမြတ်တစ်ခုဆိုတာ သေချာပါတယ်။ ပြီးတော့ ၀ါဆိုလက အစပြုပြီး သတ်မှတ်ကြတဲ့ ၀ါတွင်းကာလဟာလည်း အမြတ်တရားတွေ ရယူဖို့အတွက် အကောင်းဆုံး ကာလသတ်မှတ်ချက် ဖြစ်ပါတယ်။ ပုထုဇဉ်သဘာဝ တစ်ခါတစ်လေ သတ်မှတ်ပြဋ္ဌာန်းချက်တွေ မရှိရင် ဘာပဲဖြစ်ဖြစ် အလေးမထားဘဲ ပေါ့ပေါ့တန်တန် လုပ်မိတတ်တာတွေ ရှိပါတယ်။ အထူးသဖြင့် ကုသိုလ်ရေး အပိုင်းတွေမှာပါ။ သတ်မှတ်ချက်လေးတွေ ရှိနေရင်တော့ ဒီကာလ ဒီအချိန်လေးလောက်တော့ ကြိုးစားပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့ အပြစ်ကင်းအောင် အဓိဋ္ဌာန်လေးတွေ ၀င်ပြီးနေမယ်ဆိုတဲ့ စိတ်အကြံ လေးတွေ ဖြစ်ပေါ်တတ်တဲ့အတွက် ၀ါတွင်းကာလမှာ ရဟန်းသံဃာတော်များ ၀ါဆိုဝါကပ်ပြုပြီး ပရိယတ် ပဋိပတ်အလုပ်တွေကို လုပ်နေကြသလို သတ်မှတ်ချက်ရှိမှ အလုပ်လုပ်ဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့လည်း ၀ါတွင်းကာလမှာ ဥပုသ်သီလလေးတွေ စောင်သုံးပြီး ငါးပါးသီလကို အထူးလုံအောင် ကြိုးစားကာ တတ်နိုင်သမျှ သမထဘာဝနာ ၀ိပဿနာ ဘာဝနာလေးတွေ လုပ်ကြမယ်ဆိုရင်တော့ အမြတ်ဆုံးကာလ အမြတ်ဆုံး အချိန် ဖြစ်ကြမှာ ဖြစ်ပါတယ်။

ဝါတွင်းကာလမှာ အိမ်ထောင်မပြုရဘူး၊ အိမ်ထောင်မပြုကောင်းဘူးလို့ သတ်မှတ်ချက် မရှိပေမယ့် ကာမဂုဏ်ကိစ္စတွေကို ရှောင်နိုင်အောင် ကြိုးစားတာက ကောင်းပါတယ်။ ၀ါတွင်းကာလ တစ်ခြားနေ့တွေမှာ ကာမဂုဏ်ကိစ္စကို မရှောင်နိုင်ပေမယ့် တစ်လင်တစ်မယားစနစ်နဲ့ ငါးပါးသီလကို လုံခြုံအောင် ထိန်းရင်း ဥပုသ်နေ့တစ်နေ့လောက်တော့ တစ်လင်တစ်မယားစနစ်ကိုပါ ရှောင်ကြဉ်ပြီး မေထုန်အမှုကို မပြုဘဲ ဥပုသ်သီလလေးတွေ လုံခြုံအောင် စောင့်ထိန်းပြီး နေနိုင်ရင်ပိုကောင်းပါတယ်။ ဒါဟာ ကာလသတ်မှတ်ချက်တွေနဲ့ ကိုယ်ကိုယ့်ကို အမြတ်ရအောင် ကြိုးစားရင်း ကုသိုလ်တိုးအောင် လုပ်ခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ၀ါတွင်းကာလမှာ နေ့စဉ် ဥပုသ်မစောင့်နိုင်တာတောင်မှ ဥပုသ်နေ့ တစ်နေ့လောက်တော့ ဥပုသ်လေးတွေ ယူနိုင်ကြရင် ကောင်းမှာပဲလို့ ဆိုလိုတာဖြစ်ပါတယ်။ အဲဒီလိုသာ ကြိုးစားပြီး နေကြမယ်ဆိုရင် ၀ါဆိုလကို အစပြုပြီး သတ်မှတ်ပေါ်ပေါက်ခဲ့တဲ့ ၀ါတွင်းကာလဟာလည်း ကုသိုလ်ချစ်ခင် သူတော်စင်တို့အတွက် အမြတ်ဆုံးလ၊ အမြတ်ဆုံးကာလတွေ ဖြစ်နေမှာ ဖြစ်ပါတယ်။

ဒါကြောင့် လမြတ်ဝါဆိုရဲ့ ထူးခြားမှုအကြောင်းလေးကို ဖော်ညွှန်းကာ ဓမ္မစကြာ ဒေသနာတော်ရဲ့ အနှစ်ချုပ်ပါ မိတ်ဆက်ပေးပြီး သတ်မှတ်ချက်တွေနဲ့မှ ကုသိုလ်လုပ်ဖြစ်တတ်ကြတဲ့ ပုထုဇဉ်တွေ အနေနဲ့ ၀ါတွင်းကာလဟာ ကုသိုလ်လုပ်စရာ အကောင်းဆုံး အမြတ်ဆုံး ကာလတစ်ခု ဖြစ်တယ်ဆိုတာ တင်ပြရင်း တစ်နှစ်မှာ ကုသိုလ်ထက် အကုသိုလ်က ပိုများတတ်ကြတဲ့ ပုထုဇဉ်တွေအတွက် ဒီဝါတွင်းကာလ သုံးလလောက်တော့ ကုသိုလ်တရားလေးတွေစုရင်း ဥပုသ်သီလလေးများနဲ့ အကျင့်တရားများကို မြင့်မားအောင် ကြိုးစားနိုင်ကြဖို့ လမြတ်ဝါဆိုကို အကြောင်းပြုပြီး ကောင်းမှုတစ်ခု ပြုလိုက်ရပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ