ဗုဒ္ဓဘာသာတစ်ယောက်၏ မှန်ကန်သည့် ယုံကြည်မှုနှင့် အယူဝါဒ ပျက်စီးမှု

ဗုဒ္ဓဘာသာအဖြစ် ခံယူထားသည့် ဗုဒ္ဓဘာသာ တစ်ယောက်သည် ရတနာသုံးပါး၊ ကံကံ၏ အကျိုးတရား၊ အကြောင်းအကျိုး ဆက်သွယ်မှုနှင့် မျက်မှောက်လောက၊ တမလွန်လောက စသည်တို့ကို ယုံကြည်ကြရပေမည်။

ဗုဒ္ဓဘာသာတစ်ယောက်သည် မိမိတို့ ကိုးကွယ်ဆည်းကပ်သည့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး အပေါ်အမှန်တကယ် ယုံကြည်ရန် လိုအပ်လှသည်။ ဘုရားဟုတ်ပါ့မလား၊ တရားဟုတ်ပါ့မလား စသည့် သံသယများ ကင်းရှင်းစေရန် ရတနာသုံးပါးရဲ့ ဂုဏ်တော်များကို သေချာကျနစွာ သိရှိအောင် ကြိုးစားပြီး ရတနာသုံးပါးအပေါ် ယုံကြည်မှု ခိုင်မြဲစေရမည်။

ထို့အပြင် ဗုဒ္ဓဘာသာတစ်ယောက်သည် ကုသိုလ်ကံ၊ အကုသိုလ်ကံနှင့် ယင်းကံတို့၏ ကောင်းကျိုးဆိုးကျိုးကို လည်းကောင်း၊ ပစ္စုပ္ပန်လောကနှင့် တမလွန်လောကကို လည်းကောင်း ယုံကြည်ကြရမည် ဖြစ်သည်။ “လောက၌ မည်သူမဆို ကောင်းတာလုပ်လျှင် ကောင်းကျိုးကို ခံစားရမည်၊ မကောင်းတာလုပ်လျှင် မကောင်းကျိုးကို ခံစားရမည်၊ မိမိပြုလုပ်သောကံသည် မိမိ၏ကိုယ်ပိုင်ဥစ္စာ မည်သည်၊ မိမိပြုလုပ်သော ကံအရ ဆိုးမွေကောင်းမွေကို ခံယူရမည်” စသည်ဖြင့် ယုံကြည်လက်ခံခြင်းကို ကမ္မဿကတာ သမ္မာဒိဋ္ဌိဟု ခေါ်သည်။ ဗုဒ္ဓဘာသာဝင် တစ်ဦးသည် ထိုသို့လက်ခံ ယုံကြည်နေပါက အမှန်ကို လက်ခံယုံကြည်နေခြင်း ဖြစ်၍ အယူဝါဒ မှန်ကန်နေခြင်း ဖြစ်သည်။

ထို့အပြင် ဗုဒ္ဓဘာသာတစ်ယောက်သည် အမြင်မှန်ဆယ်ချက် (ဒသဝတ္ထုက သမ္မာဒိဋ္ဌိ)ကိုလည်း လက်ခံယုံကြည် ထားရမည် ဖြစ်သည်။ အမြင်မှန်ဆယ်ချက်မှာ
၁။ အလှူဒါနပြုလျှင် ကောင်းကျိုးကို ခံစားရ၏ဟု ယုံကြည်ခြင်း
၂။ ပူဇော်မှု၏ အကျိုးရှိကြောင်း ယုံကြည်ခြင်း
၃။ လက်ဆောင်ပေးကမ်းပူဇော်ခြင်း၏ အကျိုးရှိကြောင်း ယုံကြည်ခြင်း
၎။ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ ကောင်းကျိုးဆိုကျိုးနှင့် အကျိုးရင်း အကျိုးဆက်ရှိကြောင်း ယုံကြည်ခြင်း
၅။ မိခင်အပေါ် ပြုစုလုပ်ကျွေးခြင်း၏ ကောင်းကျိုးနှင့် ပြစ်မှားခြင်း၏ ဆိုးကျိုးရှိကြောင်း ယုံကြည်ခြင်း
၆။ ဖခင်အပေါ် ပြုစုလုပ်ကျွေးခြင်း၏ ကောင်းကျိုးနှင့် ပြစ်မှားခြင်း၏ ဆိုးကျိုးရှိကြောင်း ယုံကြည်ခြင်း
၇။ လူတို့မမြင်နိုင်သည့် ငရဲ၊ ပြိတ္တာ၊ နတ်သိကြား ဗြဟ္မာဟူသော (သြပပါတိက) သတ္တဝါများရှိကြောင်း ယုံကြည်ခြင်း
၈။ ဤမျက်မှောက်လောကရှိကြောင်း ယုံကြည်ခြင်း
၉။ သေပြီးနောက်ဘဝ တမလွန်လောကရှိကြောင်း ယုံကြည်ခြင်း
၁၀။ ဤလောက၌ ငြိမ်သက်ကောင်းမွန်စွာ ကျင့်ကြံကြသော သမဏဗြဟ္မဏတို့ရှိကြောင်း၊ ယင်းတို့က ဤလောက တမလွန်လောကကို ကိုယ်တိုင်သိမြင်၍ လူအများကို ပြန်လည်ဟောပြပေးကြောင်း ယုံကြည်ခြင်း တို့ဖြစ်သည်။

သို့သော် ဗုဒ္ဓဘာသာ တစ်ယောက်သည် အထက်ပါ ယုံကြည်မှုတို့ကို ယုံကြည်လက်ခံမှု မရှိတော့ဘဲ
(၁) လောက၌ ဖန်ဆင်းရှင်ရှိ၏၊ မြေကြီး၊ တောတောင်၊ စကြာဝဠာ၊ သမုဒ္ဒရာတို့နှင့် သတ္တဝါအားလုံးကို ထိုဖန်ဆင်းရှင်က ဖန်ဆင်း၏ဟု မှားယွင်းစွာ ယူဆသည့် ဖန်ဆင်းရှင် (ဣဿရနိမ္မာန) ဝါဒ
(၂) လောက၌ ကုသိုလ်ကံ အကုသိုလ်ကံဟူသည် မရှိ၊ ကောင်းမှုကိုပြုသော်လည်း ကောင်းမှုကုသိုလ်မမည်၊ မကောင်းမှုကို ပြုသော်လည်း မကောင်းမှု အကုသိုလ်မမည်ဟု ယူဆသည့် အကြောင်းကိုပယ်ခြင်း အကိရိယဒိဋ္ဌိ
(၃) ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးတရားဟူသည် မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံတို့ကို ပြုလုပ်သော်လည်း မည်သည့်ကောင်းကျိုး မကောင်းကျိုးကိုမျှ မခံစားရဟု ယူဆသည့် အကျိုးကိုပယ်ခြင်း နတ္ထိကဒိဋ္ဌိ
(၄) ကုသိုလ်ကံ အကုသိုလ်ကံဟူသည် မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဟူသည်လည်း မရှိဟု ယူဆသည့် အကြောင်းအကျိုး နှစ်မျိုးလုံးကိုပယ်ခြင်း အဟေတုကဒိဋ္ဌိ
(၅) လောက၌ အရာအားလုံးသည် နောင်ဘဝဟူသည် မရှိ ဒီဘဝပြီးလျှင် အကုန်ပြတ်သည်၊ ကောင်းတာမကောင်းတာ မှန်သမျှသည်လည်း ဒီဘဝပြီးလျှင် ဘာမှမရှိ အကုန်ပြတ်သည် စသည်ဖြင့် ယူဆသည့် ဥစ္ဆေဒဒိဋ္ဌိ
ဤသို့ စသည်ဖြင့် အယူမှား (မိစ္ဆာဒိဋ္ဌိ) တစ်မျိုးမျိုးကို လက်ခံယုံကြည်လိုက်လျှင် ထိုသူသည် ဗုဒ္ဓဘာသာဝင်အဖြစ်မှ ပျက်စီးရုံမျှမက မူလကရှိနေသော မှန်ကန်သည့် အယူဝါဒ (သမ္မာဒိဋ္ဌိ)သည်လည်း ပျက်စီးတော့သည်သာ ဖြစ်ပါသည်။

ထို့ကြောင့် မိမိတို့ကိုယ်တိုင် ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာဝင်အဖြစ် လက်ခံယုံကြည်ထားကြသည့် ဗုဒ္ဓဘာသာဝင်များသည် အထက်ဖော်ပြပါ ဗုဒ္ဓဘာသာတစ်ယောက် ယုံကြည်လက်ခံထားသင့်သည့် အချက်အလက်များနှင့် အယူဝါဒ ပျက်စီးစေနိုင်မည့် လက်ခံမှုမျိုးကို သေချာကျနစွာ လေ့လာထားပြီး မှန်ကန်သည့် အယူဝါဒကို လက်ခံနိုင်အောင်နှင့် လက်ခံပြီးသား အယူဝါဒ မပျက်စီးအောင်လည်း သဒ္ဓါတရား၊ သတိတရားများနဲ့ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လှပေသည်။

Read more »

ကုသိုလ်ဘာကြောင့် လုပ်ရတယ်…

“ကုသိုလ်ဘာကြောင့် လုပ်သလဲ”ဆိုတဲ့ မေးခွန်းတစ်ခုကို ကိုရီးယား ယောဂီတစ်ယောက်က မေးဖူးပါတယ်။ “အကုသိုလ်တွေ ရှိနေတဲ့အတွက်ကြောင့်”လို့ ယေဘုယျသဘော အရင်ဆုံး အဖြေပေးပြီး ကုသိုလ်နဲ့ ပတ်သက်လို့ နားလည်အောင် အသေးစိပ် ထပ်ပြောပြပေးဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကံကံရဲ့ အကျိုးကို ယုံကြည်လက်ခံထားကြတဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် ကုသိုလ်အကုသိုလ်ရဲ့ အခန်းကဏ္ဍဟာ သိပ်ကိုအရေးကြီးတဲ့ ဘဝဖန်းတီးချက်တွေ ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။ ကုသိုလ်ဟာ လုပ်ဖို့ကို လိုအပ်တဲ့အတွက် မဖြစ်မနေ လုပ်ကိုလုပ်ရခြင်း ဖြစ်ပါတယ်။ မလုပ်ဘဲနေရင်ကော မဖြစ်ဘူးလားဆိုတော့။ ဖြစ်ပါတယ်။ ဒါပေမယ့် ကုသိုလ်မလုပ်ရင်တော့ အကုသိုလ်အလုပ်တွေက အစားထိုးနေရာ ယူသွားဖို့ များနေမှာဖြစ်ပြီး အကုသိုလ်တွေ များနေပြီဆိုရင်တော့ ဘဝမှာလည်း အဆိုးတွေပဲ များလာနေတော့မှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ကုသိုလ်ဆိုတာက သီးသန့်လုပ်ယူမှကို ရတတ်တဲ့သဘောရှိပြီး အကုသိုလ်ကတော့ မလုပ်လည်းဘဲ အလိုလို ရောက်ရောက်လာတတ်တဲ့ သဘောရှိတဲ့အတွက် အဖြစ်လွယ်၊ အရောက်လွယ်တဲ့ အကုသိုလ်တွေ မဖြစ်အောင် ကုသိုလ်ကောင်းမှုကို ကြိုးစားလုပ်ယူကြရခြင်း ဖြစ်ပါတယ်။

နောက် ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ လိုအပ်တဲ့ ပန်းတိုင်ကို အရောက်လှမ်းဖို့အတွက် ကုသိုလ်လုပ်တာ ဖြစ်တယ်လို့ ဆိုရင်လည်း မမှားပါဘူး။ ဗုဒ္ဓဘာသာဝင်တွေအတွက် အရေးကြီးဆုံး ပန်းတိုင်က ဒုက္ခအားလုံး ချုပ်ငြိမ်းရေးပန်းတိုင်ဖြစ်ပြီး ဒီပန်းတိုင်ကို မရမီစပ်ကြား တစ်ဘဝမှတစ်ဘဝ ကျင်လည်နေရတဲ့ သံသရာ ကာလမှာလည်း ဘဝအဆင့်အတန်းမြင့်ရေး၊ ဘဝချမ်းသာရေးတွေဟာလည်း အရေးကြီးတဲ့ ရည်မှန်းချက် ပန်းတိုင်တွေပဲ ဖြစ်ပါတယ်။ ဒီရည်မှန်းချက် ပန်းတိုင်တွေကို လှမ်းကိုင်နိုင်ဖို့အတွက် မဖြစ်မနေ ကုသိုလ်ကောင်းမှုတွေကို လုပ်ရတာလို့ဆိုရင် ဒါဟာ မှန်ကန်သင့်မြတ်တဲ့ အဖြေပဲ ဖြစ်ပါတယ်။

ကုသိုလ်ဆိုတော့ ဗုဒ္ဓဘာသာဝင်တွေ လုပ်သင့်တဲ့ကုသိုလ်၊ ရည်မှန်းရာ ပန်းတိုင်တွေကို လှမ်းကိုင်နိုင်အောင် အထောက်အကူပေးမယ့် ကုသိုလ်တွေက အမျိုးအစားအနေနဲ့ သုံးမျိုးသုံးစား ရှိနေမှာ ဖြစ်ပါတယ်။ အဲဒီသုံးမျိုးက အားလုံးကြားဖူးပြီးသား ဖြစ်တဲ့ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်တွေပဲ ဖြစ်ပါတယ်။ ဒီသုံးမျိုးထဲမှာ သီလကုသိုလ်ကတော့ အခြေခံအကျဆုံး ကုသိုလ်ဖြစ်ပြီး ဒီကုသိုလ်ကို ပြည့်စုံအောင် လုပ်ထားနိုင်မယ်ဆိုရင်တော့ ခုနပြောခဲ့တဲ့ ပန်းတိုင်တွေထဲက ဘဝအဆင့် အတန်းမြင့်ရေးဆိုတဲ့ ပန်းတိုင်ကို လှမ်းကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါနကုသိုလ်ကတော့ ရရှိလာတဲ့ ဘဝမှာ ရုပ်ပိုင်းဆိုင်ရာ ချမ်းသာရေးအတွက် အထောက်အကူ ပေးမှာဖြစ်ပြီး ဘာဝနာကုသိုလ်ကတော့ အရေးကြီးဆုံးဖြစ်တဲ့ ဒုက္ခငြိမ်းရာကို လှမ်းကိုင်နိုင်မယ့် အထွတ်အထိပ် ကုသိုလ်ကြီးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ အရေးကြီးဆုံး ပန်းတိုင်တွေကို လှမ်းကိုင်နိုင်ဖို့အတွက် လုပ်သင့်လုပ်ထိုက်တဲ့ ကုသိုလ်တွေဖြစ်တဲ့ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်တွေကို စွမ်းနိုင်သမျှ ကြိုးစားလုပ်ကိုင်ကြရမှာ ဖြစ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဒီဘဝမှာ လူ့ဘဝကို ရလာကြတဲ့သူတွေထဲမှာ ဗုဒ္ဓဘာသာဝင်တွေ အဖြစ်နဲ့ ကံကံရဲ့ အကျိုးကို ယုံကြည်ပြီး ကိုယ်လုပ်တဲ့ အလုပ်တွေအပေါ်မှာ အလေးထားတတ်တဲ့ သူတွေအနေနဲ့ ဘဝရဲ့ ဒုက္ခတွေကိုငြိမ်းပြီး သံသရာဇာတ်သိမ်းဖို့အတွက် ဒီဘဝမှာပဲ တရားဘာဝနာအလုပ်ကို ကြိုးစားအားထုတ်ကာ ကိလေသာကုန်ခမ်း နိဗ္ဗာန်နန်းကို သွားနိုင်မယ်ဆိုရင်တော့ ဘဝမှာ အရေးကြီးဆုံးဖြစ်တဲ့ ပန်းတိုင်ကို ရယူနိုင်ပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပဋိသန္ဓေနေရတဲ့ ဒုက္ခ၊ အိုရနာရတဲ့ ဒုက္ခ၊ သေရတဲ့ဒုက္ခ၊ သေပြီးတစ်ခါ ဘဝသံသရာ ကျင်လည်နေရတဲ့ ဒီလိုဒုက္ခအပေါင်းကို အကြွင်းမဲ့ ချုပ်စေဖို့ဆိုတာ ဘာဝနာကုသိုလ် တစ်ခုတည်းပဲ ရှိတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဘာဝနာဆိုတာတောင်မှ ရုပ်နာမ်တွေရဲ့ အဖြစ်အပျက်ကို ဉာဏ်နဲ့အမှန် သိမြင်နိုင်တဲ့ ဝိပဿနာ ဘာဝနာနဲ့မှပဲ ဒီအဆုံးစွန်ဖြစ်တဲ့ ပန်းတိုင်ကို လှမ်းကိုင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာဝန်လက်စသိမ်းပြီး ဒုက္ခငြိမ်းလိုသူတွေအနေနဲ့ ဘာဝနာကုသိုလ်ကို ကြိုးစားအားထုတ်ကြဖို့ လိုတယ်လို့ ဆိုရခြင်း ဖြစ်ပါတယ်။

အဲဒီလို ဒီဘဝမှာ ဒုက္ခငြိမ်းရာအမှန်ဖြစ်တဲ့ နိဗ္ဗာန်ပန်းတိုင်ကို မတက်လှမ်းနိုင်သေးဘူး ဆိုရင်တော့ သေချာပေါက် သံသရာလည်နေကြရဦးမှာ ဖြစ်ပါတယ်။ သံသရာလည်တဲ့အခါ သတ္တဝါတွေ အနေနဲ့ ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေရဲ့ အကျိုးရလာဘ်ကိုလိုက်ပြီး လူ့ဘုံ၊ နတ်ဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံနဲ့ ငရဲဘုံတွေမှာ ဖြစ်နိုင်တဲ့အတွက် ဒီဘုံတွေထဲက ကောင်းတဲ့သုဂတိဘုံလို့ ခေါ်ဆိုနိုင်တဲ့ လူ့ဘုံနဲ့ နတ်ဘုံတွေကို ရအောင်ကြိုးစား အားထုတ်ကြဖို့ လိုလာပြန်ပြီ ဖြစ်ပါတယ်။ သံသရာ ကျင်လည်ရာကာလမှာ ဘဝအဆင့်အတန်း မြင့်ဖို့လိုလာပြီ ဖြစ်ပါတယ်။ သံသရာ ခရီးသွားတွေအတွက် အဆင့်အတန်းမြင့်တဲ့ ဘဝဆိုတာ ခုနပြောခဲ့တဲ့ လူ့ဘုံနတ်ဘုံလို့ခေါ်တဲ့ သုဂတိဘဝတွေပဲ ဖြစ်ပါတယ်။ ဒီလို အဆင့်မြင့်တဲ့ ဘဝတွေကို ရဖို့အတွက် လုပ်သင့်လုပ်ထိုက်တဲ့ ကုသိုလ်ကတော့ သီလကုသိုလ်ပဲ ဖြစ်ပါတယ်။ သီလကုသိုလ်ဟာ မကောင်းတဲ့ ဒုစရိုက်တွေကို မလုပ်ဖြစ်အောင်၊ ကောင်းတဲ့အလုပ်တွေမှာ လုပ်ဖြစ်အောင် ကိုယ့်ရဲ့ ကာယကံ၊ ဝစီကံတွေကို ထိန်းပေးတဲ့ ကုသိုလ်ဖြစ်တဲ့အတွက် ကိုယ်ကျင့်တရားကောင်းနေ၊ သီလလုံခြုံနေတဲ့ သူတွေဟာ သေပြီးနောက်ဘဝတွေမှာ ကောင်းတဲ့သုဂတိ ဘဝတွေမှာပဲ ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိဗ္ဗာန်ရောက်တဲ့အထိ ဒီဘဝမှာ မကြိုးစားနိုင်ကြသေးသူတွေ အနေနဲ့ ဘဝသံသရာမှာ အဆင့်အတန်းမြင့်တဲ့ ဘဝတွေမှာ ဖြစ်စေဖို့ သီလကုသိုလ်ကို အားထုတ်ကြဖို့ လိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဆိုတော့ကား သီလလုံခြုံတဲ့အတွက် အဆင့်မြင့်တဲ့ ဘဝတွေမှာ ဖြစ်နိုင်ပေမယ့် အဲဒီအဆင့်မြင့်တဲ့ ဘဝတွေမှာ စားရမယ့်သောက်ရမယ့် ဆင်းရဲချို့တဲ့ နေကြမယ်ဆိုရင်လည်း မဖြစ်သေးပြန်ပါဘူး။ အဆင့်မြင့်တဲ့ လူ့ဘဝ၊ နတ်ဘဝ စတာတွေမှာ ဖြစ်နေပေမယ့် စားဝတ်နေရေးအတွက် ရုန်းကန်ရင်းနဲ့ပဲ ဆင်းဆင်းရဲရဲ ဘဝကို ဖြတ်သန်းကာ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်အားထုတ်နိုင်မှု မရှိပြန်ဘူးဆိုရင်လည်း ဘဝအဆင့်အတန်း မြင့်ပေမယ့် ဘဝချမ်းသာမှု မဖြစ်ဘဲ ဖြစ်နေတတ်ပြန်ပါတယ်။ ဒီလိုအဆင့်အတန်းမြင့်တဲ့ ဘဝကိုရနေပေမယ့် ဆင်းရဲနေတဲ့ ဘဝမျိုး မဖြစ်စေဖို့အတွက် ဒါနကုသိုလ်ကို လုပ်ဖို့လိုအပ်လာခြင်း ဖြစ်ပါတယ်။ ဒါနကုသိုလ်ဟာ ဘဝချမ်းသာမှုကို ဖြစ်စေတဲ့ ကုသိုလ်မျိုး ဖြစ်တဲ့အတွက် ပေးကမ်းလှူဒါန်း စွန့်ကြဲမှု ပြုနေသူတွေဟာ ရုပ်ဝတ္ထုပိုင်းမှာ ချမ်းသာနေသူတွေ ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ သူတပါးလိုအပ်တာကို ပေးလိုက်တဲ့အတွက် ကိုယ်လိုအပ်တဲ့အခါမှာလည်း ရရှိနေခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ဒါနကုသိုလ်ရဲ့ မပြောင်းလဲတဲ့ နိယာမပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘဝမှာ လိုလေသေးမရှိ ချမ်းသာစေဖို့အတွက် ဒါနကုသိုလ်ကို ကြိုးစားအားထုတ်ကြဖို့ လိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက ဗုဒ္ဓဘာသာတွေအတွက် ကုသိုလ်လုပ်တယ်ဆိုတာ လိုအပ်တဲ့ ပန်းတိုင်တွေကို လှမ်းကိုင်နိုင်ဖို့အတွက် လုပ်ကြခြင်းဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ ဒုက္ခအားလုံး ငြိမ်းစေဖို့၊ ဒုက္ခမငြိမ်းနိုင်သေးလို့ သံသရာ လည်နေရတဲ့ အခါမျိုးမှာလည်း ကောင်းတဲ့ဘုံဘဝတွေမှာ ဖြစ်စေဖို့၊ ကောင်းတဲဘုံဘဝမှာလည်း စားရမယ့် သောက်ရမယ့် ဘဝမျိုးမဟုတ်ဘဲ သက်သောင့်သက်သာ ချမ်းသာတဲ့ ဘဝဖြစ်စေဖို့ဆိုတဲ့ လိုအပ်ချက်တွေကြောင့် ကုသိုလ်ကောင်းမှုကို လုပ်ဖို့လိုအပ်တယ်၊ လုပ်ကြတယ်လို့ ဆိုချင်တာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလိုအပ်ချက်တွေ အတွက်လည်း လုပ်ရမယ့် ကုသိုလ်တွေက ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်ဆိုတဲ့ ကုသိုလ်သုံးမျိုးလုံးပဲ ဖြစ်ပြီး ဒီသုံးမျိုးလုံးကို စုံအောင်လုပ်နိုင်တဲ့ သူတွေဟာ နိဗ္ဗာန်မရသေးတောင်မှ အဆင့်မြင့်တဲ့ဘဝမှာ ချမ်းချမ်းသာသာ ဖြစ်နေကြမယ်ဆိုတာ သိစေချင်တာ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် ဒီကုသိုလ်သုံးမျိုးမှာ အဓိက အခြေခံအကျဆုံး ကုသိုလ်က သီလကုသိုလ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါနတွေ လှိုင်လှိုင်လုပ်နေပေမယ့် သီလမဖြူစင်ရင် ဒါနရဲ့ အကျိုးပေး အားနည်းနေတတ်ပြီး တရားဘာဝနာအလုပ် အားထုတ်တဲ့ အခါမှာလည်း သီလမဖြူစင်ရင် ဘာဝနာဉာဏ်ဖြစ်ဖို့ပါ မလွယ်ဘဲ ဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် တရားအားထုတ်တဲ့ သူတွေအနေနဲ့ အခြေခံဖြစ်တဲ့ သီလမဖြူစင်ရင် စိတ်လည်းဖြူစင်မှာ မဟုတ်ဘဲ စိတ်မဖြူစင်ရင် သမာဓိ ဖြစ်ဖို့လည်း မလွယ်ဖြစ်ကာ သမာဓိမတည်ရင် ပညာဖြစ်ဖို့လည်း ခက်ခဲနေတတ်ပါတယ်။ ဒါကြောင့် ဒါနလုပ်တာပဲ ဖြစ်ဖြစ်၊ ဘာဝနာအလုပ် အားထုတ်တာပဲ ဖြစ်ဖြစ် အခြေခံဖြစ်တဲ့ သီလကုသိုလ်ကို အကောင်းဆုံးဖြစ်အောင် အရင် ကြိုးစားအားထုတ်ဖို့ လိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ သီလကုသိုလ်ကို အခြေခံတဲ့ ဒါနကုသိုလ်၊ ဘာဝနာကုသိုလ်တွေကို လုပ်နိုင်မယ်ဆိုရင်တော့ အလုံးစုံပြည့်စုံတဲ့ ကုသိုလ်တွေ ဖြစ်နေမှာ အမှန်ပဲဖြစ်ပါတယ်။

ဒီနေရာမှာ အထူးသတိပြုရမှာက ဒါနသီလဘာဝနာ ကုသိုလ်သုံးမျိုးမှာ တစ်မျိုးတည်း လုပ်ဖို့ထက် သုံးမျိုးလုံး လုပ်ဖို့လိုတယ်ဆိုတာ သတိပြုရမှာ ဖြစ်ပါတယ်။ ဒါနလုပ်တာ သဘောကျလို့ ဒါနကုသိုလ် တစ်ခုတည်းလုပ်နေပြီး သီလကုသိုလ်မပါ၊ သီလမလုံခြုံပြန်ရင်လည်း အဆင့်မြင့်မြင့် သုဂတိ ဘဝမှာ ဖြစ်ဖို့မလွယ်သလို သီလကုသိုလ်မပါ သီလမဖြူစင်ဘဲနဲ့ ဘာဝနာအလုပ်ကို ကြိုးစားအားထုတ်နေပြန်ရင်လည်း တရားမတက်၊ ဉာဏ်မတက်ဘဲ အကျိုးထူးတရားရဖို့ ခက်ခဲနေတတ်တယ်ဆိုတာ နှလုံးသွင်း ဆင်ခြင်ထားရမှာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ သီလကိုလုံခြုံအောင် စောင့်ထိန်းပြီး ဒါနနဲ့ဘာဝနာ ကုသိုလ်တွေကို ကြိုးစားကျင့်ကြံ အားထုတ်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ဒါကြောင့် အချုပ်အားဖြင့် ကုသိုလ်ဘာကြောင့် လုပ်တာလဲ ဆိုတဲ့အချက်နဲ့ ပတ်သက်လို့ ကုသိုလ်ဆိုတာ ဗုဒ္ဓဘာသာတွေအတွက် ဒုက္ခငြိမ်းစေဖို့၊ ဘဝအဆင့်အတန်း မြင့်စေဖို့နဲ့ ရရှိလာတဲ့ ဘဝမှာ ချမ်းသာစေဖို့ဆိုတဲ့ ဆန္ဒတွေကြောင့် လုပ်ရတာဖြစ်ကြောင်း၊ ဒီဆန္ဒတွေပြည့်ဖို့အတွက် သီလကုသိုလ်ကို အခြေခံတဲ့ ဒါနကုသိုလ်၊ ဘာဝနာကုသိုလ်တွေကို စွမ်းနိုင်သမျှ ကြိုးစားအားထုတ် ပြုလုပ်ကြရမှာ ဖြစ်ကြောင်း၊ ဖြစ်နိုင်ရင် ဘာဝနာကုသိုလ်လို့ ခေါ်တဲ့ တရားအလုပ်ကို ကြိုးစားအားထုတ်ရင်း ဒီဘဝမှာပဲ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရင် အကောင်းဆုံးဖြစ်ပေမယ့် အဲဒီလို မလုပ်နိုင်သေးရင်လည်း သီလကုသိုလ်ကို ကျင့်ကြံစောင့်ထိန်းကာ အဆင့်မြင့်တဲ့ သုဂတိဘဝကို အရယူကာ အဲဒီသုဂတိဘဝမှာ ချမ်းသာဖို့အတွက် ဒါနကုသိုလ်ကိုလည်း စွမ်းနိုင်သမျှ ပြုလုပ်ကြရမှာ ဖြစ်ကြောင်း စသဖြင့် အသိပေးတင်ပြရင်း လူတိုင်းလူတိုင်း ကုသိုလ်တရားတွေကို ရနိုင်သမျှ ပြုလုပ်ကြဖို့ တိုက်တွန်းစကား ပါးလိုက်ရပါတယ်။

Read more »

အကြောင်းကြောင့် အကျိုးဖြစ်ခြင်းသာ…

ခုတစ်လော ဘုန်းဘုန်းတို့ ဒယ်ဂူးမှာ ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တွေက သိပ်မြန်လွန်းတယ်လို့ ထင်ရသလိုပါပဲ။ အဝေးရောက် မြန်မာတွေ တစ်ပတ်ပဲခြားပြီး ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားကြတဲ့ အဖြစ်အပျက်လေးတွေပါ။ ဒါကြောင့် အင်တာနက် သတင်းတွေကိုကြည့်ပြီး တစ်ချို့ဆရာတော်များက “အရှင်ဘုရားတို့ ဒယ်ဂူးလည်း ဘယ်လိုဖြစ်နေတာလဲ” ဆိုတဲ့အမေးတွေ၊ တစ်ချို့ဒကာ၊ ဒကာမတွေကလည်း “ဘုန်းဘုန်းတို့ ဒယ်ဂူးမှာ ဘာတွေဖြစ်နေတာလဲ”ဆိုတဲ့ လျှောက်ထားသံလေးတွေ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဘုန်းဘုန်းတို့ရဲ့ စိတ္တသုခ လူမှုကူညီရေး အသင်းကလည်း မကြာခင်ကမှ ပေါ်ပေါက်လာပြီး ဒီအသင်းပေါ်လာပြီးမှ ဒီလိုအဖြစ်အပျက်တွေ ဖြစ်ခဲ့တဲ့အတွက် တစ်ချို့က အသင်းအကျိုးဆောင် ကလေးတွေကိုမြင်တိုင်း ပြောင်သလိုလို နောက်သလိုလို စကားလေးတွေနဲ့ “မင်းတို့ အသင်းပေါ်လာမှ ဒီလိုဖြစ်လာတာ”လို့ ဆိုလာတာတွေလည်း ရှိလာပြန်ပါတယ်။ တစ်ချို့ဆိုရင် လူမှုကူညီရေး အသင်းကို “နာရေးကူညီမှုအသင်း”၊ အကျိုးဆောင်အချို့ကို “ကိုကျော်သူ” စသဖြင့် ခနဲ့တဲ့တဲ့ ပြောလာတာ လေးတွေတောင် ရှိတယ်လို့ ဆိုပါတယ်။

“ပြောချင်သူတွေကတော့ ပြောနေကြမှာပါပဲ။ ပြောချင်ရာ ပြောကြပါစေ။ ဒါဟာ ဂုဏ်ယူစရာပါပဲ။ လုပ်နေတဲ့ အလုပ်လေးတွေ အကျိုးသက်ရောက်မှု ရှိလာတဲ့ သဘောပဲပေါ့။ ဘာမှမလုပ်လို့ ဘာမှမဖြစ်ရင် ဘာမှလည်း ပြောစရာ မရှိဘူးမဟုတ်လား၊ ခုတော့ ပြောစရာ ရှိလာတယ်ဆိုတော့ ဒါဟာ အလုပ်ရဲ့ အကျိုးသက်ရောက်မှု ရှိနေလို့ပဲလေ။ ဂရုမစိုက်ပါနဲ့၊ ကိုယ့်စေတနာသာ အဓိကပဲ မဟုတ်လား၊ အလုပ်လုပ်ရင်တော့ အပြောခံရမှာ အသေအချာပဲလေ၊ ဒါတွေကို ခေါင်းထဲမှာ ထည့်မထားပါနဲ့” လို့ ကလေးတွေကို အားပေးရပါတယ်။

အဲဒါပါပဲ။ ကိုယ်ကိုယ်တိုင်တော့ ဘာမှမလုပ်ဖြစ်ဘဲ သူများလုပ်ရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ် စသဖြင့် ပြောကြတာ ဗမာတွေရဲ့ ထုံးစံလို ဖြစ်နေပါပြီ။ ဗမာလို့ပြောတော့ လူမျိုးတွေအထိ ထိခိုက်စေပါတယ်။ တစ်ချို့တွေလို့ပဲ ပြောပါရစေတော့။ အကောင်းမြင်သဘောနဲ့ ဝေဘန်ထောက်ပြပေးတာ ကျေးဇူးတင် လက်ခံနိုင်ပေမယ့် အဆိုးမြင်တဲ့ သဘောနဲ့ သွားပုတ်လေလွင့် ပြောလာတဲ့ အပေါ်မှာတော့ ဘုန်းဘုန်းရဲ့ ကလေးတွေ မခံနိုင်သေးတဲ့ သဘောရှိပါတယ်။ အသက်အရွယ်လည်းငယ်၊ အတွေ့အကြုံလည်း မရင့်ကျက်သေးကြတော့ အပြောအဆို ဝေဘန်မှုလေးတွေအပေါ်မှာ လိုက်ခံစားပြီး သူတို့လေးတွေ စိတ်မကောင်းဖြစ်ကြခြင်း ဖြစ်မှာပါ။ ဒီအတွက်လည်း စိတ်ဓာတ်မကျဘဲ ရှေ့သို့သာ ဆက်ချီတက်ပါလို့ သူတို့လေးတွေကို ထပ်ပြီးတိုက်တွန်း အားပေးရပါတယ်။ ထားပါတော့။ ဒါက အလုပ်လုပ်သူတွေကို မလုပ်တဲ့သူတွေက ပြစ်တင်ပြောဆို ဝေဘန်တတ်တဲ့ သဘောလေးတွေကို ပြောပြတာပါ။

ဒီမှာအဓိက ပြောချင်တာက အဆိုးတွေဖြစ်လာရင် ဘယ်သူကြောင့် ဘယ်ဝါကြောင့် စသဖြင့် အပြစ်တင် ပုံချတတ်တဲ့ အကျင့်လေးတွေ၊ ဘာလုပ်လို့၊ ညာလုပ်လို့ ဒီလိုဖြစ်တာ စသဖြင့် စွဲတတ်တဲ့ ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက်တတ်တဲ့ သဘောလေးတွေကို ပြောချင်တာပါ။ ဒယ်ဂူးမြို့မှာ မြန်မာတွေ တစ်ပတ်ပဲခြားပြီး သေသွားတာနဲ့ ပတ်သက်ပြီးတော့ တစ်ချို့က အစွဲလေးတွေ ရှိနေတတ်ပါတယ်။ ဒါဘာဖြစ်လို့၊ ဘာကြောင့် စသဖြင့်ပေါ့။ အမှန်တော့ ဘယ်သူ့ဘယ်ဝါကြောင့်ရယ်မှ မဟုတ်ပါဘူး။ သူ့အကြောင်းသူ ဖန်သွားကြခြင်းသာ ဖြစ်ပါတယ်။ အကြောင်းကြောင့် အကျိုးပေါ်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ ပြီးတော့ ပုံသေတွက်လို့ မရတဲ့ မမြဲခြင်းသဘော၊ ဘယ်အချိန်မှာ၊ ဘယ်နေရာမှာ၊ ဘာရောဂါနဲ့ ဘယ်လိုသေရမယ် ဆိုတဲ့ တံဆိပ်ကပ်ထားလို့ မရတဲ့ သေခြင်းသဘောတွေရဲ့ လက်တွေ့ဆန်တဲ့ ဖောက်ပြန်ပြောင်းလဲမှုတွေကြောင့်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဘယ်သူကတော့ဖြင့် သေချင်လို့ သေကြရတာတော့ မဟုတ်ပါဘူး။ မသေချင်ဘဲ သေဖို့အကြောင်းဖန်လာလို့ အကျိုးအနေနဲ့ သေခြင်းတရား ဖြစ်ပေါ်သွားကြခြင်း ဖြစ်ပါတယ်။

အကြောင်းဆိုတော့ ဒီဘဝအကြောင်းရယ်၊ အတိတ်အတိတ်က အကြောင်းတွေရယ် ပေါင်းစုံသွားခြင်းလို့ပဲ ပြောရမှာဖြစ်ပါတယ်။ သတ္တဝါ တစ်ဦးဦး သေကြရတယ်ဆိုတာ ကံကုန်လို့သေခြင်း၊ သက်တမ်းကုန်လို့ သေခြင်း၊ အသက်ကံနှစ်မျိုးကုန်လို့ သေခြင်း၊ ဥပစ္ဆေဒကခေါ် ရုတ်တရက် လတ်တလော သေဖို့အကြောင်း ဖြစ်ပေါ်လာလို့ သေခြင်းဆိုတဲ့ သေခြင်းလေးမျိုးမှာ တစ်မျိုးမျိုးကြောင့် သေကြရတာ ဖြစ်ပါတယ်။ ဒါက အတိတ်အကြောင်းလို့ ပြောရမှာ ဖြစ်ပါတယ်။ တစ်ချို့ကျတော့ ဒီဘဝမှာ ကိုယ့်ကိုယ်စောင့်ရှောက်မှု မရှိဘဲ အသွားအလာ၊ အနေအထိုင် အစားအသောက်တွေမှာ မဆင်မခြင် အလွန်အကျွံ ဖြစ်သွားတဲ့အတွက် နောက်ဆုံး အသက်ဆုံးတဲ့အထိ ဖြစ်ခဲ့ကြရတာတွေလည်း ရှိတတ်ပါတယ်။ ဒါကတော့ သူတို့သူတို့တွေရဲ့ ပစ္စုပ္ပန် အနီးဆုံး အကြောင်းတွေလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် သေကြရတဲ့သူ အားလုံးဟာ အကြောင်းကြောင့် အကျိုး ဖြစ်သွားခဲ့ကြရခြင်းသာ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ မွေးလာတာကိုက သေဖို့အကြောင်းဖြစ်လာခြင်းပဲ ဖြစ်ပါတယ်။ ဘဝသံသရာ တစ်လျှောက်လုံးမှာလည်း အကြိမ်ကြိမ်မွေးပြီး အကြိမ်ကြိမ် သေခဲ့ကြရတာတွေ မရေမတွက်နိုင်အောင်ပဲ ဖြစ်ပါတယ်။ နိဗ္ဗာန်မရသေးသမျှတော့ သတ္တဝါတွေဟာ မွေးကြ၊ အိုကြ၊ နာကြ၊ သေကြရမှာဦးမှာ ဖြစ်ပါတယ်။ မွေးခြင်းရှိလို့ သေခြင်းဖြစ်လာတဲ့ သဘောမှာ အရင်းစစ်တော့ ဘယ်သူ့ဘယ်သူကြောင့်မှ မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ရဲ့ သံသရာက ထွက်မြောက်အောင် မလုပ်နိုင်ခြင်းကြောင့် ဒါမှမဟုတ် သံသရာလည်အောင် လုပ်နေကြတဲ့ လုပ်ရပ်တွေကြောင့်ပဲ ဖြစ်ပါတယ်။

ရှိစေတော့။ ပြောချင်တာက လူအတော်များများဟာ ဘာလေးပဲဖြစ်ဖြစ် တစ်ခုခုဖြစ်လာရင် အကြောင်းအကျိုး စဉ်းစားဆင်ခြင်မှု မရှိဘဲ ဘာကြောင့်၊ ဘယ်သူ့ကြောင့်၊ ဘာဖြစ်လို့ ညာဖြစ်လို့ စတဲ့ မခိုင်လှုံတဲ့ အကြောင်းပြတွေနဲ့ အဆိုးဘက်က တွေးလေ့တွေးထ၊ မြင်လေ့မြင်ထရှိကာ အလွယ်တကူ အပြစ်ပုံချတတ်တာလေးတွေနဲ့ ပတ်သက်ပြီး ပြောချင်တာ ဖြစ်ပါတယ်။ ကိုယ်ဖြစ်ရင်တော့ အကောင်း၊ သူများဖြစ်ရင်တော့ မကောင်း၊ ကိုယ်ဆိုရင်တော့ မမှား၊ သူများဆိုရင်တော့ အမှား၊ ကိုယ့်ဘက်ဆိုရင်တော့ အပြစ်မရှိ၊ သူ့ဘက်ဆိုရင်တော့ အပြစ်ရှိတယ်လို့ ထင်တတ်မြင်တတ်တဲ့ အကျင့်လေးတွေကို အမှန်မြင်ကြည့်စေ၊ သူ့နေရာမှာကိုယ်ဆိုတဲ့ အတွေးလေးတွေနဲ့ အစားထိုးခံစားကာ နားလည်ပေး ကြည့်စေချင်တဲ့ သဘောပဲ ဖြစ်ပါတယ်။ အကြောင်းကြောင့် အကျိုးဖြစ်တတ်တဲ့ သဘောလေးတွေကို အမှန်သိစေချင်တာ ဖြစ်ပါတယ်။ အကောင်းမပြောရင်တောင်မှ အစောင်းမပြောကြစေချင်တဲ့ ဆန္ဒသက်သက်ပဲ ဖြစ်ပါတယ်။

ဒီလိုအကြောင်းအကျိုးနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ရင် အသေးအဖွဲလေးကစပြီး ခုလိုသေခြင်းတရားမျိုးအထိ မြင်ကြည့်တတ်ကြဖို့ အထူးလိုအပ်လှပါတယ်။ ကိုယ့်ရဲ့လက်ရှိ ဖြစ်နေတဲ့ အနေအထားရဲ့ အနီးဆုံးအကြောင်း တရားနဲ့ အဝေးဖြစ်တဲ့ အတိတ်အကြောင်းတရားအထိ မြင်နိုင်မယ်ဆိုရင် လူတွေဟာ ကိုယ့်ဘဝအခြေအနေကို အမှန်သိလာနိုင်မှာဖြစ်ပြီး ကြောင်းကျိုးဆက်စပ်မှု ကမ္မနိယာမ သဘောတရားကိုလည်း ကောင်းကောင်းနားလည် သဘောပေါက်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီဘဝမှာ ကိုယ်ရရှိနေရတဲ့ လက်တွေ့ဘဝ အကျိုးတရား၊ သူများနဲ့ယှဉ်ရင် အားနည်းချက်၊ အားသာချက် ကွာခြားမှုများ၊ လူချင်းအတူတူ အကျိုးပေးချင်း ကွဲပြားမှုများ စတာတွေကို သတိပြု ဆင်ခြင်တတ်ကြမယ်ဆိုရင် ကိုယ်ကိုယ်တိုင်လည်း အစစအရာရာ သတိထားလာတတ်မှာ ဖြစ်သလို သူတပါးအပေါ်မှာလည်း ကိုယ်ချင်းစာ နားလည်လာတတ်ကြမှာ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် တစ်ချို့ချို့ လူတွေဟာ ရရှိလာတဲ့ ဒီဘဝမှာ သူများနဲ့မတူဘဲ ဘဝအခြေအနေ နိမ့်ကျနေတာ၊ အဆိုးတွေနဲ့ ဖြတ်သန်းနေရတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ရရှိလာတဲ့ ကိုယ့်ဘဝ နိမ့်ကျနေတာကို သတိမပြုမိဘဲ ဒီဘဝမှာလည်း ကိုယ့်ရဲ့လုပ်ရပ်တွေက အဆိုးဘက်ကို ဦးတည်သွားနေတာတွေလည်း ရှိနေတတ်ပြန်ပါတယ်။ သူတို့တွေ ဒီဘဝမှာတောင် ကိုယ်ရဲ့အကျိုးပေး သက်ရောက်မှုက ဒီလောက်နိမ့်ကျနေ၊ ဒီလောက်အဆိုးတွေ ဖြစ်နေရင် မကောင်းတဲ့ အမြင်အတွေး အလုပ်များနဲ့ ဖြတ်သန်းနေကြမယ် ဆိုရင်တော့ ဒီလုပ်ရပ်တွေဟာ အနာဂတ်မှာ ကိုယ်ကိုယ်တိုင်လုပ်ခဲ့တဲ့ အကြောင်းတရားရဲ့ အကျိုးသက်ရောက်မှုအဖြစ် ဒီထက်ကိုပိုပြီး ဆိုးဝါးနိမ့်ကျစေမှာ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်လုပ်ရပ်ကို ကိုယ့်ဘဝကို ဖန်တီးနေတဲ့ အကြောင်းကြောင့် အကျိုးဖြစ်တတ်တဲ့ နိယာမပဲ ဖြစ်ပါတယ်။

ဆိုလိုတာက လောကမှာ လူအတော်များများဟာ သူများအပြစ်ပြောဖို့၊ သူများအပြစ်ထောက်ပြဖို့၊ သူများအပြစ်ဝေဘန်ဖို့ လွယ်တတ်ကြသလောက် ကိုယ့်ကိုယ်ကို အကျိုးသင့်အကြောင်းသင့် ဆင်ခြင်ဖို့၊ အကြောင်းကြောင့် အကျိုးဖြစ်တတ်တဲ့ သဘောကို သတိပြုမိဖို့ကျတော့ အလွယ်တကူ မလုပ်နိုင်တဲ့ သဘောရှိတတ်တဲ့အတွက် သူများမလုပ်နိုင်တဲ့ အလုပ်ကို ကိုယ်ကကြိုးစားလေ့ကျင့်ရင်း ကိုယ့်ကိုယ်ကို အပြစ်မဖြစ်အောင်၊ အကုသိုလ်မဖြစ်အောင်၊ ကြောင်းကျိုးဆက်စပ်မှုရဲ့ မကောင်းတဲ့ တန်ပြန်သက်ရောက်မှု ရောက်မလာအောင် ဘာပဲဖြစ်ဖြစ်၊ ဘယ်သူ့ကိုပဲဖြစ်ဖြစ် အကောင်းလေးတွေရှာပြီး ကြည့်တတ်အောင် ကြိုးစားလေ့ကျင့်ကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ အကြောင်းရှိရင် အကျိုးရှိတတ်တယ်ဆိုတဲ့ သဘောကို သတိပြုဆင်ခြင်ရင်း အကျိုးကောင်းအောင် အကြောင်းကောင်းတွေ လုပ်ကြဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဖြစ်ခဲ့ကြတဲ့ အရာတွေဟာ ဘယ်သူကြောင့်၊ ဘယ်ဝါကြောင့်၊ ဘာကြောင့်ညာကြောင့် စတာတွေထက် ကာယကံရှင်တွေ လုပ်ခဲ့ကြတဲ့ အနီးအဝေး အကြောင်းတရားတွေရဲ့ အကျိုး သက်ရောက်မှုကြောင့်သာ ဖြစ်တယ်ဆိုတဲ့ ကြောင်းကျိုးဆက်စပ်မှု နိယာမ သဘောတရားကို နားလည်သဘောပေါက်ကာ ကိုယ်ကိုယ်တိုင်သာ ကိုယ့်ရဲ့အကျိုးပေးကောင်းဖို့ လက်ရှိအလုပ်တွေမှာ အကြောင်းကောင်းအောင် အသိသတိနဲ့ ဆင်ခြင်ပြီး ကြိုးစားနေထိုင် လေ့ကျင့်ကြပါလို့ တိုက်တွန်းရင်း အစစအရာရာ မမေ့မလျော့ သတိရှိကြဖို့ စေတနာထား မေတ္တာအားဖြင့် အသိပေးစကား ပါးလိုက်ရပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ