လစဉ်ဟောကြား မြတ်တရား (၂)

အကောင်းဆုံးဘဝ အရတော်ကြပါစေ
လစဉ်ပြုလုပ်လာခဲ့တဲ့ တရားပွဲနဲ့ ရွှေမြန်မာတွေ့ဆုံပွဲမှာ (၃)လပိုင်းရဲ့ တရားပွဲကို ပြီးခဲ့တဲ့ ၂၇-၃-၂၀၁၁ရက်၊ တနင်္ဂနွေနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာလည်း ထုံးစံအတိုင်း တရားခေါင်းစဉ်လေး တစ်ခုပေးပြီး ဓမ္မလက်ဆောင်အဖြစ် ဟောကြား ချီးမြှင့်ပေးဖြစ်ခဲ့ပါတယ်။ တရားနာပရိတ်သတ် အများစုဟာ လူငယ်အမျိုးသားတွေပဲ ဖြစ်နေတဲ့အတွက် ဒီပရိတ်သတ်နဲ့ ကိုက်ညီမယ့် တရားတော်နဲ့ ဟောကြားမယ့် အကြောင်းအရာကိုလည်း ဘုန်းဘုန်းအနေနဲ့ ကြိုတင်စဉ်းစားရပါတယ်။ အများစုဟာ ဘာသာတရားနဲ့ အလှမ်းဝေးကြတဲ့ သူတွေဖြစ်သလို မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ အဖြစ်နဲ့သာ ကျင်လည်နေကြရတာ ဖြစ်တဲ့အတွက် ဝိပဿနာဆိုင်ရာ၊ အဘိဓမ္မာဆိုင်ရာ တရားတော်တွေ ဟောပေးဖို့ကျတော့ တော်တော်စဉ်းစားရပါတယ်။ ဟောမယ်ဆိုလည်း နားလည်လွယ်စေမယ့် အကြောင်းအရာကိုပဲ ရွေးချယ်ဟောပေးရပါတယ်။ တရားနာပရိတ်သတ်ဟာ ဒီပရိတ်သတ်တွေပဲ အဖြစ်များ နေတာကြောင့်လည်း သူတို့အတွက် မှတ်မိတာ မမှတ်မိတာ အသာထား။ ကိုယ့်အတွက်ကတော့ ဟောပြီးသားတရား ထပ်ဟောလို့ မဖြစ်ပြန်ပါဘူး။ ဒါကြောင့် မဟောဖူးသေးတဲ့ တရားကို ရွေးချယ်ပြီး သူတို့သူတို့လေးတွေနဲ့ သင့်လျော်တဲ့ တရားအမည်တစ်ခုပေးကာ နားလည်လွယ်အောင်ပဲ ဟောကြားပေးရတာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်တရားပွဲမှာ ဟောကြားပေးဖြစ်ခဲ့တဲ့ တရားတော်ရဲ့ အမည်က “အကောင်းဆုံးဘဝ အရတော်ကြပါစေ” ဆိုတဲ့ တရားတော်ပဲ ဖြစ်ပါတယ်။

အကောင်းဆုံး ဘဝဆိုတာ အကောင်းဆုံးတွေ ရနေတဲ့ဘဝ၊ ရခဲတဲ့ အရာကို ရနေတဲ့ဘဝကို အကောင်းဆုံလို့ ဒီနေရာမှာ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီရခဲခြင်းဆိုတဲ့ စကားကို ပါဠိလို ဒုလ္လဘဆိုတဲ့ စကားလုံးနဲ့ ညွန်းဆိုပြီး ဒုလ္လဘတရား ငါးပါးရှိကြောင်းလည်း ဗုဒ္ဓဘုရား ဟောကြားတော်မူါတယ်။ ဒီငါးပါးကတော့
၁။ ဘုရားပွင့်တော်မူရန် ရခဲခြင်း (ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော)
၂။ လူအဖြစ်ကို ရခဲခြင်း (မနုဿဿဘာဝေါ ဒုလ္လဘော)
၃။ သဒ္ဓါတရားနဲ့ ပြည့်စုံရန် ရခဲခြင်း (ဒုလ္လဘာ သဒ္ဓါသမ္ပတ္တိ)
၎။ ရဟန်းအဖြစ်ကို ရခဲခြင်း (ပဗ္ဗဇ္ဇိတဘာဝေါ ဒုလ္လဘော)
၅။ သူတော်ကောင်းတရား ကြားနာဖို့ရန် ရခဲခြင်း (သဒ္ဓမ္မဿဝနံ ဒုလ္လဘံ)
တို့ပဲ ဖြစ်ပါတယ်။

ဒီငါးပါးမှာ အခုလူ့ဘဝကို ရနေကြတဲ့ သူတွေဟာ ရခဲခြင်းတရားကို ရနေကြတဲ့ သူတွေဖြစ်တဲ့အတွက် အကောင်းဆုံးဘဝကို ရနေကြတဲ့ သူတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။ လူ့ဘဝဟာ တခြားတခြား ဘုံသားတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အလွန်ရခဲ့တဲ့ ဘဝဖြစ်ပါတယ်။ ကမ္ဘာမှာ လူတွေသန်းပေါင်း မြောက်များစွာ ရှိနေပေမယ့် နေ့စဉ်သတ်ဖြတ် စားသောက်နေကြတဲ့ သတ္တဝါတွေ၊ ပြိတ္တာဖြစ်နေကြတဲ့ သတ္တဝါတွေ၊ ငရဲခံနေရတဲ့ သတ္တဝါတွေ စတဲ့ အပါယ်ဘုံသားတွေနဲ့ ယှဉ်ကြည့်လိုက်ရင် လူ့ဘဝ ရနေတဲ့သူတွေဟာ အလွန်အမတန် နည်းပါးနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လူ့ဘဝဟာ ရခဲတဲ့ဘဝလို့ ဆိုခြင်းဖြစ်ပါတယ်။ ပြီးတော့ လူ့ဘဝဟာ လိုချင်တာတွေကို အရယူနိုင်တဲ့ ဘဝလည်း ဖြစ်ပါတယ်။ လူအဖြစ်နဲ့ အကောင်းဆုံးအရာတွေကို ပြုလုပ်အားထုတ်ပြီး အကောင်းဆုံးဘဝတွေကို ရောက်အောင် ရွေးချယ်သွားနိုင်သလို အမြင့်ဆုံးဖြစ်တဲ့ ဘုရားအဖြစ်၊ ရဟန်းအဖြစ်တွေကိုလည်း လူ့ဘဝနဲ့ အရယူနိုင်ကြမှာ ဖြစ်ပါတယ်။ ဒီလို ရခဲတဲ့ဘဝ၊ ရချင်တဲ့အရာတွေကို ရွေးချယ်ရယူနိုင်တဲ့ ဘဝ ဖြစ်တဲ့အတွက် လူ့ဘဝဟာ အကောင်းဆုံးဘဝလို့ ဆိုခြင်းဖြစ်ပါတယ်။

လူ့ဘဝနဲ့ ပတ်သက်ပြီး ဗုဒ္ဓစာပေမှာလာတဲ့ သုတ္တန်တစ်ခုကတော့ လူ့ဘဝဟာ အကောင်းဆုံးဘဝ၊ သုဂတိဘဝ ဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြထားပါတယ်။ ဒီသုတ်တော်ဟာ ပုဗ္ဗပဉ္စနိမိတ္တသုတ်ပဲ ဖြစ်ပါတယ်။ နတ်ပြည်က နတ်သား၊ နတ်သမီးတွေထဲမှာ အချို့နတ်သား နတ်သမီးတွေဟာ နတ်သက်ကြွေ စုတေခါနီးအချိန်မှာ နိမိတ်ငါးမျိုး ထင်တတ်တယ်လို့ ဆိုပါတယ်။ စတုမဟာရာဇ်၊ တာဝတိံသာ စတဲ့ နတ်ပြည်လောက နတ်သားနတ်သမီးတွေဟာ လူတွေလို ပဋိသန္ဓေနေရခြင်း၊ အိုခြင်း၊ နာခြင်းမရှိဘဲ ကုသိုလ်ကောင်းမှု အရှိန်ကြောင့် နတ်သားနတ်သမီးတွေဟာ အရွယ်ရောက်သူတွေအဖြစ် တစ်ခါတည်း တန်းဖြစ်လာကြပါတယ်။ ဒီလိုအရွယ်ရောက်ပြီး နတ်သားနတ်သမီးအဖြစ်နဲ့ပဲ အိုခြင်းနာခြင်းမရှိ ကုသိုလ်အရှိန် ရှိသမျှ နတ်စည်းစိမ်ချမ်းသာကို ခံစားကြရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နတ်သားနတ်သမီးတွေ သေတာတော့ ရှိပါတယ်။ အိုနာတာတွေ မရှိပေမယ့် သေတဲ့အခါ သေခါနီးကာလမှာတော့ နိမိတ်လက္ခဏာတွေ ထင်လာတတ်ပါတယ်။ နတ်သက်ကြွေခါနီး နတ်သားနတ်သမီးတွေမှာ စုတေခါနီး နိမိတ်ငါးမျိုး ထင်လာတတ်ပါတယ်။ အဲဒီ နိမိတ်ငါးမျိုးကတော့
၁။ သူတို့သူတို့ ပန်ဆင်အသုံးပြုထားတဲ့ နတ်ပန်းတွေ ညှိုးနွမ်းလာခြင်း
၂။ သူတို့ဝတ်ဆင်ထားတဲ့ နတ်ဝတ်တန်ဆာတွေ ညစ်နွမ်းလာခြင်း
၃။ လက်ကတီးကြား၊ ဂျိုင်းကြားမှာ ချွေးတွေထွက်လာခြင်း (ပုံမှန်အားဖြင့် နတ်သားနတ်သမီးများ ချွေးထွက်လေ့မရှိ)
၎။ ကိုယ်ရောင်ကိုယ်ဝါတွေဟာ တဖြေးဖြေး မှေးမှိန်ပျောက်ကွယ်လာခြင်း
၅။ နေနေရတဲ့ နတ်ဘုံဝမှာ မပျော်မွေ့တော့ခြင်း
ဆိုတဲ့ နိမိတ်ငါးမျိုးပဲ ဖြစ်ပါတယ်။

ဒီလို နိမိတ်တွေ ထင်လာတာကို တွေ့ရတဲ့အခါ တစ်ခြားနတ်သားနတ်သမီးတွေက ဒီနိမိတ်တွေကိုကြည့်ပြီး အဲဒီနတ်သား နတ်သမီးတွေ နတ်သက်ကြွေကာ စုတေတော့မယ်ဆိုတာ သိကြပါတယ်။ အဲဒီလို နိမိတ်ထင်လာတဲ့ နတ်သားနတ်သမီးတွေကို သူတော်ကောင်းနတ်တွေကနေ သွားပြီးတော့ အမှာစကားဆိုကြပါတယ်။ ဒီသုတ်တော်မှာတော့ စကားသုံးခွန်းမှာတယ်လို့ ဆိုပါတယ်။ နတ်သက်ကြွေခါနီး နတ်သားနတ်သမီးတွေကို မှာတဲ့အဲဒီ စကားသုံးခွန်းကတော့
၁။ ဒီဘဝကနေ စုတေပြီးနောက် သုဂတိ ဘဝကို ရောက်အောင်သွား
၂။ သုဂတိဘဝရောက်တဲ့အခါ ရသင့်ရထိုက်တာကို ရအောင်ယူ
၃။ ရသင့်ရထိုက်တာကို ရပြီးရင် အဲဒီအရာကို တည်တံ့ခိုင်မြဲအောင် ကြိုးစား
ဆိုတဲ့ စကားတွေပဲ ဖြစ်ပါတယ်။
နတ်တွေမှာတဲ့ ဒီစကားသုံးမျိုးမှာ သုဂတိဘဝဆိုတာ လူ့ဘဝကို ဆိုခြင်းဖြစ်ပြီး၊ ရသင့်ရထိုက်တဲ့အရာ ဆိုတာ သဒ္ဓါတရားကို ဆိုခြင်းဖြစ်ကာ အဲဒီအရာကို ခိုင်မြဲအောင် ကြိုးစားဆိုတာ သဒ္ဓါတရားမြဲအောင် ကြိုးစားလို့ ဆိုခြင်းဖြစ်ကြောင်း ဒီသုတ္တန်နဲ့ စာပေအဖွင့်တွေက ဆိုပါတယ်။ ဒါက နတ်တွေကတောင် ပြောဆိုလေ့ရှိတဲ့ လူ့ဘဝအကြောင်း အကောင်းလေးတွေပဲ ဖြစ်ပါတယ်။

ဒီဒေသနာတော်အရ လူ့ဘဝဟာ တကယ့်ကို အကောင်းဆုံး ဘဝဖြစ်တယ်ဆိုတာ သိနိုင်ကြပါတယ်။ ဒါပေမယ့် ဒီလိုအကောင်းဆုံးဘဝမှာ နတ်တွေပြောသလို ရသင့်ရထိုက်တာကို ရအောင်ယူပြီး၊ မြဲသင့်မြဲထိုက်တာကို မြဲနေနိုင်မှ အကောင်းဆုံးဘဝ အရတော်ကြမှာ ဖြစ်ပါတယ်။ အဲလိုမှ မဟုတ်ရင် အကောင်းဆုံး ဘဝကို ရထားပေမယ့် အရမတော်တဲ့ အဖြစ်တွေနဲ့လည်း ကြုံတွေ့တတ်ပါတယ်။ လက်ရှိရထားတဲ့ အကောင်းဆုံး လူ့ဘဝမှာ အရတော်ကြဖို့ စာပေတွေက ပြောတဲ့အတိုင်း သဒ္ဓါတရားကို ရရှိအောင် ကြိုးစားပြီး သဒ္ဓါမြဲဖို့လည်း အထူးလိုအပ်လှပါတယ်။ သိတဲ့အတိုင်း သဒ္ဓါတရား ရှိဖို့၊ သဒ္ဓါတရား ခိုင်မြဲဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ပုထုဇဉ်သဘာဝ စိတ်တွေကလည်း ခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်နေတတ်တဲ့ အတွက်ကြောင့် သဒ္ဓါတရားကို ထိန်းဖို့ခက်နေကြခြင်းလည်း ဖြစ်ပါတယ်။

သဒ္ဓါဆိုတာ ရတာနာသုံးပါးနဲ့ ကံကံရဲ့ အကျိုးကို ယုံကြည်မှုလို့ ယေဘုယျ နားလည်ထားနိုင်ပါတယ်။ ဒီအဖွင့်တွေအရ ပုထုဇဉ်တွေမှာ ရတနာသုံးပါးနဲ့ ပတ်သက်ပြီး ယုံကြည်မှုမြဲဖို့၊ ကံတရားနဲ့ ပတ်သက်ပြီး ယုံကြည်မှုခိုင်ဖို့ အတော်ခဲယင်းတာကို တွေ့ရမှာ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် ကိုယ့်မှာရှိနေတဲ့ သဒ္ဓါတရားဟာ တစ်ခါတလေ အကောင်းဆုံးအလုပ်တစ်ခုခုကို လုပ်ဖို့ဆုံးဖြတ်ထားပေမယ့် တော်ကြာပြောင်းရင် ပြောင်းသွားတတ်သလို ဘယ်နေ့ဘယ်အချိန်မှာ ဒါနလုပ်လိုက်မယ်၊ သီလဆောက်တည်လိုက်မယ်၊ ဘာဝနာ တစ်ခုခုကို အားထုတ်လိုက်မယ်၊ ဘယ်သူ့ကို ဘာလေးကူညီလိုက်မယ်၊ ဘာလေးလုပ်ပေးလိုက်မယ် စတဲ့အတွေးအကြံ ရည်ရွယ်ချက်တွေ ရှိနေပေမယ့် တကယ်လုပ်မယ်ဆိုတော့ ပျက်ပြယ်သွားတာတွေလည်း ရှိတတ်ပါတယ်။ မရခင်တုန်းကတော့ ရလာရင် ဘာလုပ်လိုက်မယ်လို့ ရည်ရွယ်ထားတတ်ပေမယ့် တကယ်ရလာတဲ့အခါကျတော့ စိတ်ပြောင်းသွားတတ်တာ၊ သဒ္ဓါတရား လျော့သွားတတ်တာတွေလည်း အများကြီး ဖြစ်တတ်ကြပါတယ်။ ဒီလို အဖြစ်မျိုးကတော့ ပုထုဇဉ် မှန်သမျှ သူသူကိုယ်ကိုယ် ဖြစ်တတ်တဲ့ သဘောတွေပဲ ဖြစ်ပါတယ်။ ဖြစ်တတ်တဲ့ သဘောဆိုတာထက် ဒါဟာ သဒ္ဓါတရား မခိုင်မြဲတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါကြောင့် သဒ္ဓါတရားဟာ ရှိဖို့ခဲရင်းသလို၊ မြဲဖို့လည်း ခဲရင်းတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

လူအတော်များများမှာ သဒ္ဓါတရား ရှိဖို့ခဲယင်းတတ်သလို ရှိပြီးသား အရာကို မြဲဖို့အတွက်လည်း ကိုယ်ကိုယ်တိုင်ပဲ ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ သဒ္ဓါတရား တည်တံ့ဖို့အတွက် ဘယ်တန်ခိုးရှင်ကမှ လုပ်ဆောင်ပေးလို့ မရပါဘူး။ ဗုဒ္ဓလက်ထက်က တန်ခိုးတော်အရာမှာ ဧတဒဂ် ရတော်မူတဲ့ အရှင်မဟာမောဂ္ဂလာန် မထေရ်ကြီးတောင်မှ တစ်စုံတစ်ယောက်ရဲ့ သဒ္ဓါတရားကို မြဲမြံတည်တံ့အောင် တန်ခိုးတော်နဲ့ မလုပ်ပေးနိုင်ဘူးလို့ ဆိုပါတယ်။ ဒီစကားတော်ကို အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကြီး ကိုယ်တော်တိုင် အလုပ်အကျွေး ဒကာကြီးတစ်ယောက်ကို မိန့်တော်မူဖူးပါတယ်။

တစ်ခါက မြတ်စွာဘုရားရှင်မှာ ဆွမ်းကိစ္စ အလှူနှစ်ခုနဲ့ ကြုံခဲ့ရဖူးပါတယ်။ တစ်ဦးက အရှင်သီဝလိလောင်းကို (၇)နှစ်ပတ်လုံး ကိုယ်ဝန်ဆောင်ခဲ့ရတဲ့ မယ်တော် သုပ္ပဝါသာ ဒကာမဖြစ်ပြီး တစ်ဦးက အရှင်မောဂ္ဂလာန်မထေရ်ရဲ့ အလုပ်အကြွေး ဒကာကြီးပဲ ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် အနေဖြင့် အလုပ်အကျွေးဒကာကြီးက အရင်ဆွမ်းပင့်ထားတာ ဖြစ်ပေမယ့် ကိုယ်တိုင်ချီးမြှောက်ရမယ့် အကြောင်းရှိနေတဲ့အတွက် သုပ္ပဝါသာ ဒကာမကြီးရဲ့ ဆွမ်းကို အရင်ချီးမြှောက်လိုတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က အလုပ်အကျွေး ဒကာကြီးရဲ့ ခွင့်ပြုချက်ကိုယူဖို့ အရှင်မဟာမေဂ္ဂလာန် မထေရ်ကို အမိန့်ရှိတော်မူပါတယ်။ အရှင်မောဂ္ဂလာန် မထေရ်လည်း ဒကာကြီးဆီရောက်ပြီး အကျိုးအကြောင်းပြောပြတော့ ဒကာကြီးက “ကောင်းပါပြီဘုရား အရှင်ုဘရားအနေနဲ့ ဒီခုနှစ်ရက်အတွင်းမှာ တပည့်တော်ရဲ့ စည်းစိမ်ဥစ္စာရယ်၊ တပည့်တော်ရဲ့ အသက်ရယ်၊ တပည့်တော်ရဲ့ သဒ္ဓါတရားရယ် ဒီသုံးမျိုး မပျက်အောင်၊ မပြောင်းအောင် တာဝန်ယူပေးပါဘုရား”လို့ လျှောက်ထားပါတယ်။ ဒီတော့ မထေရ်မြတ်က “ဒကာကြီးရေ စည်းစိမ်ဥစ္စာနဲ့ အသက်ကိုတော့ တာဝန်ယူပေးလို့ရတယ်၊ သဒ္ဓါတရားကိုတော့ ဒကာကြီးကိုယ်တိုင်ပဲ တာဝန်ယူပါ”လို့ ပြန်မိန့်လိုက်ပါတယ်။ နောက်ဆုံးတော့ သူ့သဒ္ဓါတရားကို သူယုံကြည်တဲ့ ဒကာကြီးက ဘုရားရှင် အမိန့်ရှိတော်မူတဲ့အတိုင်း လိုက်နာဆောင်ရွက် သွားခဲ့ပါတယ်။


ဒီမှာ အဓိက ပြောချင်တာက သဒ္ဓါတရားနဲ့ ပတ်သက်ပြီး ပြောချင်တာ ဖြစ်ပါတယ်။ တန်ခိုးတော်အရာမှာ ဧတဒဂ် ရတော်မူတဲ့ အရှင်မဟာမောဂ္ဂလာန် မထေရ်ကြီးကိုယ်တိုင်တောင် တစ်စုံတစ်ယောက်ရဲ့ သဒ္ဓါတရားကို မြဲမြံအောင် လုပ်မပေးနိုင်ဘဲ သဒ္ဓါတရားမြဲဖို့ ကိုယ်တိုင်ပဲ လုပ်ရမယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ သဒ္ဓါတရားဟာ အဲဒီလောက်ကို တည်တံ့ဖို့ ခဲယင်းတာဖြစ်ပါတယ်။ ဘယ်တန်ခိုးရှင်ကမှ သဒ္ဓါတရားမြဲအောင် လုပ်မပေးနိုင်သလို ဖြစ်ဖို့ရဖို့ ခဲရင်းတဲ့ ဒီသဒ္ဓါတရားကိုလည်း ကိုယ်ကိုယ်တိုင်ပဲ လုပ်ယူရမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် နတ်တွေမှာသလို ရခဲတဲ့ သဒ္ဓါကို ရအောင်လုပ်ဖို့က ကိုယ်ကိုင်တိုင်ပဲ လုပ်ကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

နောက် အဲဒီလို ရလာတဲ့ သဒ္ဓါတရားကို ကောင်းစွာတည်တံ့အောင် ထာဝရမပျောက်အောင် လုပ်ဖို့အတွက်ကလည်း အနည်းဆုံး သောတာပန်အဆင့်ကို ရောက်ထားမှ စိတ်ချရမှာ ဖြစ်ပါတယ်။ သောတာပန်ဖြစ်သွားရင်တော့ သဒ္ဓါတရား လုံးဝမြဲသွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဘဝ သောတာပန် ဖြစ်အောင် မလုပ်နိုင်သေးပေမယ့်လည်း သောတာပန်အလား သရဏဂုံနဲ့ ကံငါးပါးလုံထားမယ်ဆိုရင်တော့ သဒ္ဓါတရားလည်း ကောင်းကောင်းမြဲနေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီဘဝမှာ သောတာပန် အဖြစ်ကို မရနိုင်သေးတာတောင်မှ အနည်းဆုံး သရဏဂုံနဲ့ ငါးပါးသီလလောက်တော့ လုံထားမှ ဖြစ်မှာလို့ ဆိုခြင်းဖြစ်ပါတယ်။

ပြောချင်တာက အကောင်းဆုံးဘဝ အရတော်ကြစေဖို့ ပြောချင်တာ ဖြစ်ပါတယ်။ အကောင်းဆုံးဘဝ တစ်ခုအဖြစ် ရရှိလာတဲ့ လူ့ဘဝမှာ ရသင့်ရထိုက်တဲ့ သဒ္ဓါတရားကို ရအောင်ကြိုးစားပြီး အဲဒီသဒ္ဓါတရားကို တတ်နိုင်သမျှ မြဲမြံအောင်ကြိုးစားကာ အရတော်တဲ့ ဘဝဖြစ်အောင် ကြိုးစားကြဖို့ ပြောချင်တာ ဖြစ်ပါတယ်။ ရရှိထားတဲ့ အကောင်းဆုံးဘဝ ထာဝရကောင်းစေဖို့၊ သဒ္ဓါတရား ထာဝရတည့်တံ့စေဖို့ ဆိုတာဟာ အရိယာအဖြစ်ကို ရရှိထားမှ စိတ်ချရနိုင်ပေမယ့် ဒီဘဝမှာ ကံငါးပါးကို လုံအောင်ထိန်းပြီး ဒါနအလုပ်၊ ဘာဝနာအလုပ်တွေကို ကြိုးစားအားထုတ် ထားနိုင်မယ်ဆိုရင်တော့ သောတာပန်အလား သဒ္ဓါတရားအားကောင်းကာ လားရာဂတိလည်း ကောင်းနေနိုင်မှာ ဖြစ်တဲ့အတွက် လက်ရှိရရှိထားတဲ့ လူ့ဘဝမှာ အနည်းဆုံးတော့ ကံငါးပါးကို လုံအောင်ကြိုးစားကြဖို့ အသိပေး တိုက်တွန်းလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် အကောင်းဆုံးဘဝ အရတော်ကြပါစေ ဆိုတဲ့ ဒီနေ့တရားတော်အရ အကောင်းဆုံးဘဝဖြစ်တဲ့ လူ့ဘဝကို ရရှိထားကြတဲ့ သူတွေအနေနဲ့ လူလည်းဖြစ်၊ ဘုရားသာသနာနဲ့လည်းကြုံ၊ အထိုက်အလျောက် သဒ္ဓါတရားလေးတွေလည်း ရှိနေကြပြီ ဖြစ်တဲ့အတွက် ကိုယ်လက်ရှိရထားတဲ့ အကောင်းဆုံး အခြေအနေကို ဒီထက်ပိုတဲ့ အရတော်တဲ့ အကောင်းဆုံး ဘဝမျိုးဖြစ်အောင် ဒါန၊ သီလ၊ ဘာဝနာ အလုပ်တွေကို ကြိုးစားအားထုတ်ရင်း သဒ္ဓါတရားအားကောင်းတဲ့ဘဝ အရကောင်းတဲ့ သူတွေဖြစ်အောင်လည်း ဆထပ်ပိုပြီး အားထုတ်လိုက်ကြဖို့ အလေးဂရု တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

အားလုံး အကောင်းဆုံးဘဝ အရတော်ကြပါစေ…

Read more »

နဲနဲလေးတော့ လွဲနေတယ် (၁၉)...

ဝါတွင်းကာလနဲ့ အိမ်ထောင်ပြုခြင်း
မြန်မာဗုဒ္ဓဘာသာ အများစု လွဲနေတတ်တဲ့ အရိုးစွဲနေတဲ့ အလွဲတွေထဲမှာ ဝါတွင်းကာလနဲ့ ပတ်သက်တဲ့ အလွဲလေးတွေလည်း ရှိနေပြန်ပါတယ်။ ဝါတွင်းကာလ ဘာမလုပ်ရ၊ ညာမလုပ်ရ စတဲ့အပြောအဆို အမှတ်မှား အလွဲတွေကြားထဲက ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့အချက်ကလည်း တော်တော်ကျယ်ကျယ် ပြန့်ပြန့်ဖြစ်နေတဲ့ အလွဲတစ်ခု ဖြစ်ပါတယ်။ ၀ါမ၀င်ခင် အိမ်ထောင်ပြုမှ ဖြစ်မယ်၊ ၀ါကျွတ်မှ အိမ်ထောင်ပြုကြမယ်ဆိုတဲ့ အရိုးစွဲနေတဲ့ ဒီအချက်အပေါ်မှာ မျက်မှောက်ခေတ်လူငယ် အတော်များများ ဘ၀င်မကျ ဖြစ်လာကြတာကို တွေ့ရပါတယ်။ ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့ ဒီအယူအဆဟာ ဘုရားရှင်ဟောကြားတော်မူ၊ သတ်မှတ်တော်မူခဲ့တာလားလို့ မေးလာသူတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီနေရာမှာ ဝါတွင်းကာလ အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းကိုလည်း နည်းနည်းလေးတော့ လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် တင်ပြရန် အကြောင်းဖန်လာခဲ့ပြန်ပါတယ်။

တကယ်တော့ ၀ါတွင်းဆိုတဲ့ အခေါ်အဝေါ်ဟာ ရဟန်းတော်များ ၀ါဆိုဝါကပ်ပြုရမယ် ဆိုတဲ့ ၀ိနည်းဥပဒေ ပညတ်သတ်မှတ်ပြီးချိန်မှသာ ရဟန်းတော်များ ၀ါဆိုဝါကပ်ပြုနေတဲ့ သုံးလတာကာလကို ရည်ရွယ်ပြီး ခေါ်ဝေါ်သုံးစွဲကြတဲ့ ဝေါဟာရဖြစ်ပါတယ်။ ဒီဝါတွင်းဟာ လူတွေအတွက်တော့ မိုးတွင်းကာလပါပဲ။ ရဟန်းတော်များ ၀ါတွင်းသုံးလကာလပတ်လုံး တစ်ခြားတစ်နေရာသို့ ကြွရောက်တော်မမူဘဲ ကိုယ်ဝါဆိုရာ ကျောင်းတိုက်အရာမ်တွင်းမှာပဲ နေထိုင်သီတင်းသုံးကြဖို့ သတ်မှတ်ထားတဲ့ ၀ိနည်းဥပဒေဟာ ၀ါတွင်းကာလမှာ အိမ်ထောင်မပြုရဘူးဆိုတဲ့ လူတွေကြားမှာ ဖြစ်နေတဲ့ အချက်နဲ့ ဘာမှမသက်ဆိုင်ပါဘူး။ ဘယ်သူကဘယ်လို စတင်ခဲ့တယ်၊ ဘယ်တုန်းကစပြီး ပေါ်ပေါက်ခဲ့တယ်ဆိုတာကို အတိအကျ ပြောလို့မရတဲ့ ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့ ဒီယုံကြည်ချက်ဟာ ဘုရားဟော မဟုတ်တာကတော့ သေချာပါတယ်။ ပိဋကတ်မှာ ပါတဲ့အချက်လည်း မဟုတ်ပါဘူး။ ၀ါတွင်းကာလမှာ အိမ်ထောင်မပြုရဘူးဆိုတဲ့ သတ်မှတ်ချက်တွေ ရှိတယ်ဆိုရင် ၀ါဆိုဖို့ ပညတ်ချက်တွေ မသတ်မှတ်ချိန်တုန်းက ဘယ်လိုသတ်မှတ်ကြသလဲဆိုတာ စဉ်းစားစရာပါ။ ဘုရားရှင်အနေနဲ့ ၀ါဆိုဖို့ ၀ိနည်းဥပဒေ သတ်မှတ်ချိန်ဟာ ဘုရားဖြစ်တော်မူပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်နောက်ပိုင်းမှ ပေါ်ပေါက်ခဲ့တာပါ။ ၀ါတွင်းကာလနဲ့ ပတ်သက်ပြီး ဘုရားရှင်ဟာ ရဟန်းတော်များအတွက်သာ သီးသန့်ဝိနည်း ဥပဒေထားကာ ပညတ်ချက်ပဲရှိပါတယ်။ လူတွေအတွက် ၀ါတွင်းကာလမှာ ဘာမလုပ်ရဘူး၊ ဘယ်မသွားရဘူး စတဲ့ ဥပဒေ သတ်မှတ်ချက် မရှိပါဘူး။ တစ်ခုတော့ရှိတယ် ဥပုသ်နေ့တွေမှာ ဥပုသ်သီလစောင့် စေလိုတဲ့ ဟောကြားချက်အချို့ရှိပါတယ်။ ဒါကလည်း ၀ါတွင်းကာလမှ မဟုတ်ပါဘူး။ ၀ါတွင်းမဟုတ်တဲ့ အချိန်တွေမှာလည်း ဥပုသ်နေ့များမှာ ဥပုသ်သီလစောင့်လို့ ရပါတယ်။

ဘုရားရှင်ဟာ လူတွေအတွက် ကာမဂုဏ်အာရုံများ နည်းအောင်၊ ကိလေသာများပါးအောင် ကျင့်ကြံနေထိုင်ကြဖို့သာ ဟောကြားလေ့ရှိပါတယ်။ ဘယ်အချိန်မှာ အိမ်ထောင်မပြုရ၊ ပြုရင်ဘာဖြစ်မယ်ဆိုတဲ့ အထူးတလည် ဟောကြားသတ်မှတ်ချက် မရှိပါဘူး။ သာသနာ့ဝန်ထမ်းများကိုတော့ အိမ်ထောင်မပြုရ၊ ကာမဂုဏ်မေထုန် မမှီဝဲရဆိုတာကိုတော့ အထူးသတ်မှတ် ပညတ်တော်မူပါတယ်။ ဒါ့အပြင် အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဘုရားရှင် အထူးဟောတော်မူတဲ့အချက်က အိမ်ထောင်ပြုပြီး နောက်ပိုင်း အိမ်ထောင်ရေးကို ဘယ်လိုအဆင်ပြေအောင် နေထိုင်ရမယ့်အချက်နဲ့ အိမ်ထောင်ပြုသူ လင်ယောက်ျား ဇနီးမယားတို့ လိုက်နာကျင့်ကြံရမယ့် တာဝန်များ၊ အိမ်ထောင်ရေးကို ထိခိုက်ပျက်ပြားစေမယ့်အပြင် သံသရာပါ ဒုက္ခရောက်စေမယ့် အိမ်ထောင်ရေး ဖောက်ပြန်မှုများကို မပြုလုပ်ကြဖို့ ပညတ်သတ်မှတ်တော် မူပေးတဲ့ အချက်ပဲဖြစ်ပါတယ်။ ဘယ်အချိန်မှာ အိမ်ထောင်ပြုရမယ်၊ ဘယ်အချိန်မှာ အိမ်ထောင်မပြုရဘူး ဆိုတဲ့အချက် မဟုတ်ပါဘူး။

ဒီလိုဆိုရင် ဘုရားဟောမဟုတ်တဲ့ ဒီဝါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ သတ်မှတ်ချက်ဟာ မြန်မာပြည်မှာ ဘာကြောင့် လေးလေးနက်နက် ရှိနေကြတာလဲလို့ မေးစရာ ရှိပါတယ်။ ဒီအချက်ကတော့ ရှေးအစဉ်လာကတည်းက အရိုးစွဲလာခဲ့တဲ့ အချက်တွေဖြစ်နိုင်ပါတယ်။ ရှေးကလူကြီးသူမများဟာ ဘုရားသာသနာကို အလွန်သတ်ဝင် ယုံကြည်ကြပြီး ဘာသာရေးကို အထူးအလေးထားတဲ့ သူများဖြစ်ကြပါတယ်။ ရဟန်းတော်များ ၀ါတွင်းကာလ ၀ါဆိုဝါကပ်ပြုကြတဲ့ အချိန်မှာ ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ လူတွေအနေနဲ့လည်း ကာမဂုဏ်အာရုံများနဲ့ ဆက်စပ်နေတဲ့ ဒီအိမ်ထောင်ပြု သားမွေးခြင်း ကိစ္စများကို မလုပ်ကြဘဲ တစ်နှစ်ပတ်လုံး အလုပ်များနဲ့သာ အချိန်ကုန်နေပြီး မိုးတွင်းကာလမှာသာ အနားရကြတဲ့ အချိန်လေးမှာ ကုသိုလ်ကောင်းမှုများ များများလုပ်ဖြစ်ကြဖို့ ကြိုးစားအားထုတ်ရင်း ၀ါတွင်းကာလမှာ အိမ်ထောင်ပြုခြင်းကို အထူးတလည် မပြုလုပ်ကြခြင်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက် စဉ်းစားမိတာက ၀ါတွင်းကာလဟာ မိုးရာသီကာလ ဖြစ်တဲ့အတွက် မင်္ဂလာအခမ်းအနားများ ကျင်းပပြုလုပ်ဖို့အတွက် မိုးအဆက်မပြတ်ရွာမှုက အခက်အခဲဖြစ်စေနိုင်တဲ့ အကြောင်းတစ်ခုဖြစ်စေသလို မိုးရာသီကာလ သီးနှံစပါး စိုက်ပျိုးထားချိန်များဖြစ်လို့ စားဝတ်နေရေးအရလည်း အခက်အခဲ ဖြစ်နိုင်တဲ့အချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးတွင်ကာလ အိမ်ထောင်ပြုခြင်းကို မပြုလုပ်ကြဘဲ ရှောင်ကြဉ်ကြတာဖြစ်နိုင်ပါတယ်။ ဒီအစဉ်အလာများဟာ အခုခေတ်ရောက်လာတဲ့ အခါမှာတော့ ဗေဒင်ယတြာ ဓာတ်ရိုက်ဓာတ်ဆင် ဆရာများရဲ့ လက်ချက်ကြောင့် ၀ါတွင်းကာလ အိမ်ထောင်ပြုရင်ပဲ တစ်ခုခုဖြစ်နိုင်သလို၊ အိမ်ထောင်ရေးပဲ မတည်မြဲတော့သလို၊ တစ်ခုခုပဲ ထဖြစ်တော့မလို ပြောဆိုဟောပြောလာကြရာက ၀ါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ အစဉ်အလာ ယုံကြည်မှုကြီးက လွှမ်းမိုးသက်ရောက် လာခဲ့ကြတာလည်း ဖြစ်နိုင်ပါတယ်။

တကယ်တော့ ဘယ်အချိန် အိမ်ထောင်ပြုပြု အိမ်ထောင်ပြုသူ နှစ်ဦးရဲ့ အနေအထားကိုလိုက်ပြီး အိမ်ထောင်ရေး အဆင်ပြေမှု မပြေမှုဆိုတာ ဖြစ်ကြတာပါ။ ၀ါတွင်းကာလ အိမ်ထောင်ပြုမိလို့ အိမ်ထောင်ရေး အဆင်ပြေမှု မပြေမှု ဖြစ်ရတယ်ဆိုတာမျိုး မရှိပါဘူး။ ၀ါပမှာ အိမ်ထောင်ပြုသူတွေလည်း အိမ်ထောင်ရေး ပြဿနာတွေ အများကြီး ရှိနေကြပါတယ်။ အဓိကကတော့ တာဝန်ကိုယ်စီကျေပွန်ပြီး အကျင့်သီလ ကောင်းမွန်နေမှုကသာ အဓိကဖြစ်ပါတယ်။ ဘယ်အချိန် အိမ်ထောင်ပြုမှုက အဓိကမကျပါဘူး။ သေချာတာကတော့ ဘုရားရှင်အနေနဲ့ ၀ါတွင်းကာလ အိမ်ထောင် မပြုရဘူးဆိုတဲ့ အချက်ကို လုံးဝဟောကြားတော် မမူဘူးဆိုတဲ့ အချက်ကတော့ အသေအချာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ၀ါတွင်းကာလ အိမ်ထောင်မပြုခြင်းကို ဘုရားဟောလို့ မပြုတာလို့ မမှတ်ကြဘဲ ၀ါတွင်းကာလ အခိုက်အတန့်လေးမှာ ကိလေသာ အာရုံကာမဂုဏ်များ နည်းနေစေဖို့နဲ့ ကုသိုလ်ကောင်းမှုများ များများလုပ်ခွင့် ရစေဖို့ အိမ်ထောင်ပြုခြင်းကို မပြုကြခြင်း ဖြစ်တယ်လို့ လက်ခံယုံကြည်လိုက်ကြရင် အလွန်ကောင်းပါတယ်။ သေချာတာကတော့ ၀ါတွင်းကာလမှာ လူတွေလည်း အိမ်ထောင်မပြုရ၊ မေထုန်မပြုရ၊ ရှစ်ပါးသီလပဲ ဆောက်တည်ပြီး နေရမယ်ဆိုတဲ့ သတ်မှတ်ဟောကြားချက် မရှိပါဘူးဆိုတာပါ။ မိမိတို့အနေဖြင့် ၀ါတွင်းကာလ အိမ်ထောင်ပြုလိုကလည်း ပြုနိုင်ကြပါတယ်။ ၀ါတွင်းကာလ အိမ်ထောင်ပြုလို့ အပါယ်ငရဲ လားရတယ်ဆိုတာ မရှိပါဘူး။ အိမ်ထောင်ကျပြီး အိမ်ထောင်ရေးဖောက်ပြန်လို့ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်လို့ အပါယ်ငရဲ လားရတာပဲ ရှိပါတယ်။

ဒါကြောင့် ၀ါတွင်းကာလနဲ့ အိမ်ထောင်ပြုခြင်းသည် ဘာမှမသက်ဆိုင်တဲ့အတွက် ဘုန်းကြီးတွေရဲ့ ၀ါဆိုချိန်ကြောင့် တို့တွေအိမ်ထောင်ပြုရေးကို ထိခိုက်တယ်ဆိုတာ မတွေးကြဖို့နဲ့ အိမ်ထောင်ပြုလိုက ၀ါတွင်းဝါပ အဓိကမကျဘဲ အိမ်ထောင်ကျပြီး နောက်ပိုင်းအိမ်ထောင်ရှင်နှစ်ဦးတို့ရဲ့ တာဝန်ကျေမှုနဲ့ အိမ်ထောင်ရေး မဖောက်ပြန်မှုကသာ အဓိကကျပါကြောင်း ထပ်လောင်းပြောဆိုရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် တင်ပြလိုက်ရပါတယ်။

Read more »

ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ…

“ရဟန်းတို့ သင်တို့အား နောက်ဆုံးမိန့်မှာတော်မူခဲ့အံ့။
ပြုပြင်ပေးရသော သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘောရှိကုန်၏။
မမေ့မလျော့သော သတိတရားဖြင့် ကိစ္စပြီးအောင် အားထုတ်ကြကုန်လော့”

(ဂေါတမမြတ်စွာဘုရား)


မြန်မာဗုဒ္ဓဘာသာ အတော်များများသည် သင်္ခါရဟု ဆိုလိုက်လျင် မမြဲခြင်းဟု ယေဘုယျ အဓိပ္ပါယ် နားလည်းထားတတ်၏။ ထို့ကြောင့်လည်း ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ အားလုံးဟာ သင်္ခါရပါပဲဟု ပြောဆိုလေ့ရှိတတ်ကြ၏။ စင်စစ် မမြဲခြင်းဟူသည် သင်္ခါရမဟုတ်၊ အနိစ္စသာဖြစ်၏။ ဗုဒ္ဓဘာသာအများ ပြောဆိုသုံးနှုန်းကြသည့် ထိုသင်္ခါရဟူသော ပါဠိစကားလုံး၏ တိုက်ရိုက်အဓိပ္ပါယ်မှာ ပြုပြင်စီရင်ခြင်းဟု အဓိပ္ပါယ်ရ၏။ သက်ရှိသက်မဲ့အားလုံးသည် ပြုပြင်စီရင်ထားသည့် အရာများဖြစ်သဖြင့်လည်း သင်္ခါရဟု ဆိုခြင်းဖြစ်၏။ ပစ္စည်းဝတ္ထုသည်လည်း ပြုပြင်ပေးရသကဲ့သို့ ပုဂ္ဂိုလ်သတ္တဝါသည်လည်း ပြုပြင်ပေးရ၏။ မပြုပြင်ပေးလျှင် ပို၍ပင် အဆိုးတွင်သွားမည် ဖြစ်သဖြင့် ပြုပြင်ပေးနေရခြင်း ဖြစ်၏။ ထိုသို့ အမြဲမပြတ် ပြုပြင်ပေးနေရသဖြင့် သက်ရှိသက်မဲ့ အားလုံးတို့သည် ပြုပြင်စီရင်ပေးနေရသည့် သင်္ခါရတရားများသာ ဖြစ်သည်ဟု ဆိုခြင်းဖြစ်၏။ ပစ္စည်းသင်္ခါရ လူသင်္ခါရဟု ဆိုရိုးပြုကြခြင်း ဖြစ်၏။

သို့သော် မည်မျှပင် ပြုပြင်စီရင်ပေးသော်လည်း ထိုသက်ရှိသက်မဲ့ အရာအားလုံးတို့၏ အဆုံးသည် ပျက်စီးခြင်းလျင် နိဂုံးဖြစ်နေပြန်သဖြင့် “သဗ္ဗေ သင်္ခါရာ အနိစ္စာ - ပြုပြင်စီရင်ထားသည့် သင်္ခါရ တရားမှန်သမျှသည် နိစ္စမဟုတ်၊ အနိစ္စချည်းသာ ဖြစ်သည်”ဟု သူတော်ကောင်းများက မိန့်တော်မူကြခြင်း ဖြစ်၏။ “ပြုပြင်စီရင်ထားသည့် အရာများသည် အမြဲမဟုတ်၊ မမြဲခြင်းသဘောသာ ဖြစ်သည်”ဟု ပြောဆိုကြခြင်း ဖြစ်၏။ ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်ပင် နောက်ဆုံးအချိန်အထိ သင်္ခါရတရားများ၏ ပျက်စီးခြင်းသဘောကို သတိပေးတော်မူကာ မမေ့မလျော့နေကြဖို့ မိန့်မှာတော်မူသွားခဲ့၏။ “ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ - သင်္ခါရ တရားတို့သည် ပျက်စီးခြင်း သဘောရှိသဖြင့် မမေ့မလျော့ မပေါ့မဆသော သတိတရားဖြင့် မိမိကိုယ်ကို ကောင်းစွာထိန်းသိမ်း စောင့်ရှောက်ကြလော့” ဟု မှာတော်မူခြင်း ဖြစ်၏။

မှန်၏။ ဗုဒ္ဓရှင်တော်မိန့်မှာတော် မူသကဲ့သို့ပင် ပြုပြင်စီရင်ထားသည့် သင်္ခါရတရားများဖြစ်သည့် သက်ရှိသက်မဲ့ အရာအားလုံးတို့သည် မည်မျှပင် အကောင်းဆုံးဖြစ်အောင် ပြုပြင်စီရင်ထားသော်လည်း အဆုံးတွင်ကား ပျက်စီးခြင်းသာ နိဂုံးဖြစ်သွားကြသည်ကို အားလုံးသတိပြုမိကြမည် ဖြစ်၏။ မည်သူက မည်မျှပင် စွမ်းအားရှိနေသော်လည်း ရုပ်ပိုင်းဆိုင်ရာများ၏ ပျက်စီးမှု၊ ပုဂ္ဂိုလ်သတ္တဝါများ၏ ပျက်စီးမှုကိုကား မပျက်စီး၊ မပျောက်ပျက်အောင် ဖန်တီးနိုင်စွမ်း မရှိသေးသည်မှာ အသေအချာပင် ဖြစ်၏။ ထိုသို့ ပျက်စီးခြင်း တရားကို မပျက်စီးအောင် ပြုပြင်နိုင်သူသည် အတိတ်ကလည်း မရှိခဲ့၊ ယခုလည်းမရှိသေး၊ နောင်လည်းရှိလာလိမ့်မည် မဟုတ်ပေ။ သဘာဝဓမ္မ ဖြစ်နေသဖြင့် ထိုသင်္ခါရတရားတို့၏ ပျက်စီးမှုကို မည်သူတစ်ဦးတစ်ယောက်မျှ တာဆီးနိုင်စွမ်း မရှိခြင်းလည်း ဖြစ်ပါပေ၏။

သိပ္ပံပညာများ အလွန်တိုးတက် ထွန်းကားပါသည်ဆိုသော ယနေ့ကမ္ဘာကြီးတွင်လည်း သိပ္ပံပညာရှင်များသည် ရုပ်ပိုင်းဆိုင်ရာ အမျိုးမျိုးကို ကောင်းသထက်ကောင်းအောင် တီထွင်ကြံဆ ဖန်တီးကြ၏။ မပျက်စီးအောင် ကြိုးစားကြ၏။ သို့သော် မည်သို့ပင် ကြိုးစားဖန်တီးပါသော်လည်း ထိုရုပ်ပိုင်းဆိုင်ရာ ပြုပြင်ဖန်တီးမှုများကို ထာဝရ မပျက်စီးအောင် မည်သို့မျှ ဖန်တီးနိုင်စွမ်း မရှိခြင်းပင် ဖြစ်၏။ သေချာသည်မှာ မည်သို့သော သိပ္ပံပညာရှင်မျိုးပင် ဖြစ်ပါစေ သင်္ခါရတရားများကိုသာ ဖန်တီးနေကြခြင်း ဖြစ်သဖြင့် ထိုသင်္ခါရတရားများ၏ အဆုံးဖြစ်သည့် ပျက်စီးခြင်းသဘောကို မလွန်ဆန်နိုင်ကြ၊ မပျက်စီးအောင် မဖန်တီးနိုင်ကြခြင်း ဖြစ်၏။ သင်္ခါရ၏ သဘောအမှန်သည် အနိစ္စသာ ဖြစ်နေသဖြင့်လည်း နိစ္စဖြစ်အောင် မလုပ်နိုင်ကြခြင်း ဖြစ်၏။

ထို့အတူ ရုပ်နာမ်နှစ်ပါးနှင့် တည်ဆောက်ထားသည့် ပုဂ္ဂိုလ်သတ္တဝါများသည်လည်း ကံတရားများ၊ ခန္ဓာများဖြင့် ပြုပြင်စီရင်ထားသည့် သင်္ခါရတရားများ ဖြစ်သဖြင့် အမြဲတည်တံ့ခြင်း နိစ္စဖြစ်အောင် ပြုလုပ်နိုင်ခြင်း မရှိသည်ကို တွေ့ရ၏။ သက်ရှိများဖြစ်သည့် ထိုပုဂ္ဂိုလ်သတ္တဝါဟူသော သင်္ခါရတရားသည်လည်း ပင်ကိုယ်ကပင် အပြုပြင်ခံဖြစ်နေသဖြင့် မပျက်စီး၊ မပျောက်ပျက်အောင် ပြုပြင်နိုင်စွမ်း မရှိခြင်းလည်း ဖြစ်၏။ မည်သူကဖြင့် မည်မျှအကုန်အကျခံကာ မိမိကိုယ်ကို အမျိုးမျိုး ပြုပြင်ခြင်း ပြုကြသည်ဟုဆိုသော်လည်း အဆုံးတွင်ကား ထိုပြုပြင်သူများသည် ပျက်စီးခြင်းဖြင့်သာ နိဂုံးချုပ်သွားကြသည်သာ ဖြစ်၏။

သင်္ခါရ၏ သဘောတရားအမှန်ကို လက်တွေ့အားဖြင့် အမြဲမပြတ် ပြောင်းလဲဖြစ်ပျက်နေသည့် ကမ္ဘာကြီးကို ကြည့်လျှင် အလွယ်တကူ သိနိုင်ပေ၏။ ယနေ့ကမ္ဘာတွင် သိပ္ပံပညာများ တိုးတက်ထွန်းကားသည့်အလျောက် ပညာရှင်များက ထိုနည်းပညာများကို အသုံးပြုကာ သက်ရှိဖြစ်သည့် လူပုဂ္ဂိုလ်များကိုလည်း ခွဲစိပ်ကုသနည်း အမျိုးမျိုး၊ အစားထိုး ကုသနည်း အမျိုးမျိုး၊ ဆွေးဝါးအသုံးအဆောင် အမျိုးမျိုးဖြင့် ပြုပြင်ဖန်တီးကြသကဲ့သို့ သက်မဲ့ဖြစ်သည့် အသုံးအဆောင် ပစ္စည်းများကိုလည်း နည်းပညာအမျိုးမျိုးဖြင့် ကောင်းသထက် ကောင်းအောင်တည်ထွင် ဖန်တီးကြ၏။ သို့သော် ထိုသို့နည်းအမျိုးမျိုးဖြင့် တည်ထွင်ဖန်တီး ပြုပြင်ကြသော်လည်း ထိုပညာရှင်များ မဖန်တီး၊ မပြုပြင်နိုင်သည့် အရာကား ထိုသက်ရှိသက်မဲ့များအား မပျက်စီးအောင်၊ အမြဲတည်တံ့အောင် မဖန်တီး၊ မပြုပြင်နိုင်ခြင်းဟူသည့် အချက်ပင် ဖြစ်ပါ၏။ အဘယ့်ကြောင့် ထို့သို့မဖန်တီး၊ မပြုပြင်နိုင်သနည်းဟုဆိုသော် ထိုသူတို့ပြုပြင်ဖန်တီးနေသည့် အရာများသည် ပင်ကိုယ်သဘောအားဖြင့် အပြုပြင်ခံများ ဖြစ်နေကြပြီး ထိုအပြုပြင်ခံများ၏ အဆုံးသည် ပျက်စီးခြင်းပင် နိဂုံးဖြစ်သောကြောင့်သာ ဖြစ်ပါပေ၏။ ထို့ကြောင့် ပျက်စီးခြင်းလျှင် အဆုံးရှိသည့် ထိုသက်ရှိသက်မဲ့ အရာများကို ရည်ရွယ်ကာ ပစ္စည်းသင်္ခါရ၊ လူသင်္ခါရဟု ဆိုကြခြင်း ဖြစ်၏။

သေချာတွေးကြည့်လျှင် လူပုဂ္ဂိုလ်များတွင် ပစ္စည်းဥစ္စာရှိသူများ၊ သြဇာအာဏာရှိသူများ၊ ရာထူးဂုဏ်သိန်ရှိသူများ အများအပြားရှိ၏။ ထိုသူများသည် လိုအပ်လျှင် လက်ညှိုးညွန်ရာ ရေဖြစ်နိုင်သည့် သူများလည်း ဖြစ်နိုင်ပေ၏။ အလိုရှိလျှင် သွားချင်ရာကို သွားနိုင်သကဲ့သို့၊ စားချင်ရာကိုစား၊ လုပ်ချင်ရာကို လုပ်နိုင်သည့် သူများလည်း ရှိနိုင်ပေ၏။ ထိုမျှ အစွမ်းရှိသူများ ဖြစ်သော်လည်း ထိုသူများ မလုပ်နိုင်သည့် အချက်ကား မိမိတို့ ပိုင်ဆိုင်ထားသည့် ရုပ်နာမ်နှစ်ပါး ခန္ဓာများကို လိုသလို မပြုပြင် မဖန်တီးနိုင်ခြင်းပင် ဖြစ်၏။ ထို့အတူ အသုံးအဆောင် ပစ္စည်းအမျိုးမျိုးကိုလည်း နည်းအမျိုးမျိုးဖြင့် ဆန်းသစ်တီထွင် ဖန်တီးကာ အသုံးပြုနေကြသော်လည်း ထိုရုပ်ဝတ္ထု ပစ္စည်းများကို မပျက်စီးအောင် မဖန်တီးနိုင်ကြခြင်းပင် ဖြစ်၏။ ဤသည်မှာ သင်္ခါရတရားတို့၏ အနိစ္စသဘောကြောင့်ပင် ဖြစ်ပါပေ၏။

မကြာသေးမီက ယနေ့လူသားတို့ ကမ္ဘာတွင် အကြီးအကျယ် ဖောက်ပြန်ဖြစ်ပေါ်ခဲ့သည့် အင်အား အလွန်ကြီးမားသည့် လစ်ဗျားခေါင်းဆောင် ကဒါဖီ၏ အဖြစ်အပျက်နှင့် ဂျပန်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ငလျင်၏ ရိုက်ခတ်မှုကြောင့် အလွန်စိုးရိမ်ဖွယ် ဖြစ်နေခဲ့သည့် နျူကလီးယား ဓာတ်ပေါင်းဖို့ ပျက်စီးယိုယွင်းလာသည့် အဖြစ်အပျက်တို့သည် လက်တွေ့ဆန်သည့် သင်္ခါရတရား၏ ပျက်စီးခြင်းသဘောကို မီးမောင်းထိုးပြသကဲ့သို့ ဖြစ်နေပေ၏။ လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီသည် အင်းအားကောင်းပြီး ချမ်းသာသည့် သူတစ်ယောက်ဖြစ်သော်လည်း မိမိကိုယ်ကိုကား ပျက်စီးမှုမှ မကာကွယ်နိုင်ခဲ့ပေ။ ထို့ထက်ပိုဆိုးသည်မှာ ယခုဘဝ ဤစိတ်ဤခန္ဓာကိုယ်ကို မကာကွယ်နိုင်ရုံမျှမက ဘဝသံသရာတွင်လည်း သူလုပ်ခဲ့သည့် လုပ်ရပ်များက သူ့ကိုအကာအကွယ် မပြုနိုင်သည့် အချက်ပင် ဖြစ်၏။ သင်္ခါရကို အဟုတ်ထင်ကာ သတိလက်လွတ်ဖြစ်ခဲ့ရသည့် လူ့အချို့၏ လုပ်ရပ်သည် ယခုဘဝတွင်သာမက ဘဝသံသရာ အထိပင် ပျက်စီးခြင်းဖြင့် အဆုံးသတ်လေ့ ရှိတတ်ကြ၏။ သံဝေဂယူဖွယ်ပင် ဖြစ်ပါ၏။

ဂျပန်တွင် ဖန်တီးထားသည့် ဓာတ်ပေါင်းဖို ပြဿနာသည်လည်း နည်းပညာအမျိုးမျိုးဖြင့် အကောင်းဆုံး တည်ဆောက်ခဲ့ကြသော်လည်း နောက်ဆုံးတွင် သင်္ခါရတရား၏ အဆုံးအတိုင်း ပျက်စီးခြင်းသို့သာ ဦးတည်သွားနေခဲ့သည်မှာ လက်တွေ့ဆန်လွန်းလှ၏။ တစ်ခါတရံ စာရေးသူအပါအဝင် အားလုံးသော စာဖတ်သူများ ဆင်ခြင်နိုင်သည့် အချက်မှာ မိမိတို့ လိုချင်နှစ်သက်၍ ရရှိအောင် ကြိုးစားသဖြင့် ရလာသည့် ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းအချို့သည့် မိမိတို့ လက်ထဲရောက်ပြီး မကြာမီမှာပင် ပျက်စီးချို့ယွင်းသွားတတ်သည့် သဘောကို လက်တွေ့အားဖြင့် သတိပြုကြည့်နိုင်မည့် အချက်ပင် ဖြစ်ပါ၏။ လိုချင်နှစ်သက်သဖြင့် ရရှိအောင် ကြိုးစားထားသည့် ပစ္စည်းတစ်ခု မိမိလက်ထဲတွင် ပျက်စီးချို့ယွင်းသွားသည့်အခါ အလွန်နှမျောတသ ဖြစ်မိတတ်ကြသော်လည်း စင်စစ် ထိုသဘောသည် သင်္ခါရတရား၏ ပျက်စီးခြင်းတွင် အဆုံးရှိသည့် သဘောပင် ဖြစ်ပါ၏။

အရင်းစစ်သော် ပြုပြင်စီရင်ခြင်းနှင့် ပျက်စီးခြင်းတို့၏ ဆက်စပ်မှု သဘောပင် ဖြစ်ပါပေ၏။ ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ ပျက်စီးခြင်းတွင် ရုပ်ဝတ္ထုပစ္စည်းစသည့် သက်မဲ့များသည် ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သူ ဟူသော ရန်သူမျိုးငါးပါးတို့ကြောင့် ပျက်စီးဖောက်ပြန်တတ်သကဲ့သို့ လူ၊ သတ္တဝါ စသည့် သက်ရှိများသည်လည်း ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဟူသော အကြောင်းတရား လေးပါးတို့ကြောင့် ဖောက်ပြန်ပျက်စီးတတ်သည့် သဘောရှိ၏။ မည်သည့်အရာကြောင့်ပင် ဖောက်ပြန်ပျက်စီးသည် ဖြစ်ပါစေ လက်တွေ့ကောက်ချက်ချနိုင်သည့် အချက်မှာ သင်္ခါရ တရားများ ဖြစ်နေခြင်းကြောင့် ပျက်စီးခြင်းတရား ရှိနေခြင်းဟူသည့် အချက်ပင် ဖြစ်ပါပေ၏။


ဆိုလိုသည်မှာ ပစ္စည်းသင်္ခါရ၊ လူသင်္ခါရဟု ဆိုကြသည့်အတိုင်း ပစ္စည်းဝတ္ထုများနှင့် ပုဂ္ဂိုလ်သတ္တဝါ အများတို့သည် ပြုပြင်စီရင်ထားသည့် တရားများ ဖြစ်သဖြင့် သင်္ခါရ၏ သဘောသဘာဝအတိုင်း နောက်ဆုံးတွင် သက်ရှိသက်မဲ့ အရာအားလုံးတို့သည့် ပျက်စီးခြင်းသာ နိဂုံးရှိတတ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ ပြုပြင်စီရင်ခြင်းသည် ပျက်စီးခြင်း၏ အကြောင်းတရားပင်ဖြစ်ကာ ပျက်စီးမှုများ၏ နောက်တွင်လည်း ဆင်းရဲမှုများပင် ရောက်နေမြဲ ဖြစ်သဖြင့် ထိုပြုပြင်မှုကို အကြောင်းပြုကာ ဖြစ်ပေါ်တတ်သည့် ပျက်စီးမှု၏နောက် ဆင်းရဲမှုများ မရောက်စေဖို့ သင်္ခါရတရားတို့၏ကုန်ရာ အမှန်သစ္စာတရားကိုသာ အမြန်ရှာကြရမှာ ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါပေ၏။


ထို့ကြောင့် ဗုဒ္ဓဘာသာဝင်အများ ပြောဆိုနေကြသည့် သင်္ခါရ သင်္ခါရဟူသော စကားသည် တိုက်ရိုက်အဓိပ္ပါယ်အားဖြင့် ပြုပြင်စီရင်ခြင်း သဘောကို ညွန်းဆိုခြင်းဖြစ်ပြီး ပြုပြင်စီရင်ထားသည့် အရာမှန်သမျှသည် ပျက်စီးခြင်းသာ အဆုံးရှိသည့် သဘောကို ဆိုလိုခြင်း ဖြစ်သဖြင့် မည်သူမဆို ရုပ်ဝတ္ထုပစ္စည်းများ၏ သင်္ခါရသဘော၊ ပုဂ္ဂိုလ်သတ္တဝါတို့၏ သင်္ခါရ သဘောတို့ကို အမှန်အသိဖြင့် မြင်အောင်ကြည့်၍ သင်္ခါရ၏ အဆုံးဖြစ်သည့် ပျက်စီးခြင်းနိဂုံးကိုလည်း ကောင်းစွာသတိပြု ဆင်ခြင်ကာ သင်္ခါရတရားတို့ကို အကြွင်းမဲ့ ချုပ်ပျောက်စေနိုင်သည့် အရဟတ္တမဂ်ဉာဏ်ကိုသာ မနှေးအမြန် အရယူနိုင်ရန် အချိန်ရှိခိုက် ကြိုးစားလိုက်ကြပါဟု တိုက်တွန်းရင်း ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ ဖြစ်နေကြသည့် သင်္ခါရလောကကြီးတွင် သင်္ခါရနောက်ကိုသာ လိုက်မနေကြဖို့လည်း သတိပေးစကား ပါးလိုက်ရပေတော့၏။

အားလုံး… သင်္ခါရလောကကြီးမှ အမြန်ဖောက်ထွက်နိုင်ကြပါစေ…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ