မန်းတောင်ရိပ်ခို…

“အသက်လေးရယ်တဲ့ ရှည်စေလို မန်းတောင်ရိပ်ခို…” ဆိုတဲ့ စကားလေးကို ငယ်ငယ် ကလေးဘ၀တည်းက နေရာအမျိုးမျိုးမှာ အကြောင်းအမျိုးမျိုးနဲ့ ကြားဖူးနေခဲ့ပါတယ်။ ဘယ်ရယ်မသိ။ မန္တလေးတောင်ရဲ့ အရိပ်ကို ခိုနိုင်ရင် အသက်ရှည်မယ်လို့ ဆိုလိုတာနေမှာပဲဟုသာ သဘောပေါက်ခဲ့မိပါတယ်။ အဲဒီအချိန်က အဲဒီလောက်ပဲ တွေးသိနေခဲ့ပါတယ်။ မကြာသေးတဲ့ ရက်ပိုင်းအတွင်းကမှ ဒကာတစ်ယောက်နဲ့ စကားပြောရင်း “တပည့်တော်ကတော့ တဖြည်းဖြည်း အသက်အရွယ် ရလာပြီဆိုတော့ ဟိုတုန်းက သီချင်းတွေထဲမှာ ပါတဲ့အတိုင်း မန်းတောင်ရိပ်ပဲ ခိုမလားလို့ စဉ်းစားမိပါတယ်…”လို့ သူကလျှောက်တော့မှ ဒီမန်းတောင်ရိပ်ခိုဆိုတဲ့ စကားကို သေသေချာချာ လေးလေးနက်နက် စဉ်းစားမိပါတော့တယ်။ သေချာတွေးကြည့်မှပဲ အသက်ရှည်ချင်ရင် မန်းတောင်ရိပ်ခိုဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို ကောင်းကောင်းသဘောပေါက်မိပြီး အသက်ရှည်သည် ဖြစ်စေ မရှည်သည်ဖြစ်စေ မန်းတောင်ရိပ်တော့ ခိုသင့်တယ်လို့ တွေးနေမိပြန်ပါတယ်။

ရှေးပညာရှိကြီးများက ဘယ်လိုသဘောနဲ့ ဒီစကားလုံးကို သုံးထားတယ်ဆိုတာ တိတိကျကျ မပြောနိုင်ပေမယ့် ဘုန်းဘုန်းတစ်သီးပုဂ္ဂလ အမြင်ကတော့ မန်းတောင်ရိပ်ခိုဆိုတဲ့ စကားမှာပါတဲ့ မန်း၊ တောင်၊ ရိပ် ဆိုတဲ့ စကားသုံးလုံးဟာ ဗုဒ္ဓဘာသာများရဲ့ ကျင့်ကြံလိုက်နာရန်များ၊ ဆောင်ထားဖွယ်ရာများကို ရည်ညွန်းထားတယ်လို့ ယူဆမိပါတယ်။ မန်းဆိုတဲ့ စကားလုံးဟာ ကြာသာပတေးနံ စကားလုံး အနေနဲ့ရှိပြီး နံပါတ်အနေနဲ့ကတော့ (၅) နံပါတ်ဖြစ်ပါတယ်။ ဒီ (၅) နံပါတ်ဟာ ငါးပါးသီလကို ရည်ညွန်းထားတယ်လို့ နားလည်နိုင်ပါတယ်။ တောင်ဆိုတဲ့ စကားလုံးက စနေနံစကားလုံး ဖြစ်ပြီး နံပါတ်က (၇) ဖြစ်ပါတယ်။ ဒီ (၇ )နံပါတ်ဟာ သူတော်ကောင်းတရား (၇)ပါးကို ဆိုလိုဟန်ရှိပါတယ်။ ရိပ်ကတော့ ဗုဒ္ဓဟူးနံ စကားလုံး ဖြစ်ပြီး နံပါတ်အနေနဲ့ (၄) ဖြစ်ပါတယ်။ ဒီ နံပါတ် (၄)ဟာ သတိပဋ္ဌာန်တရား လေးပါးကို ရည်ညွန်းဟန်ရှိပြီး ခိုဆိုတာကတော့ ဆောင်ခြင်း၊ ကျင့်ခြင်း၊ ထိန်းသိမ်းခြင်းကို ရည်ရွယ်ဟန် ရှိပါတယ်။ ဒါကြောင့် အသက်ရှည်ချင်တဲ့သူဟာ မန်းတောင်ရိပ်ဆိုတဲ့ ငါးပါးသီလ၊ သူတော်ကောင်းတရား ခုနှစ်ပါးနဲ့ မဟာသတိပဋ္ဌာန် တရားလေးပါးကို ကျင့်ကြံကြိုးစား ပွားများပါလို့ ရည်ညွန်းဟန် ရှိပါတယ်။ ပညာရှိများရဲ့ အဖွင့်ဘယ်လို ရှိမယ်ဆိုတာ မသေချာပေမယ့် ဘုန်းဘုန်းရဲ့ နားလည်မှုကတော့ အဲဒီလိုပဲ နားလည်ပါတယ်။ သေချာတာကတော့ ငါးပါးသီလလုံပြီး သူတော်ကောင်းဥစ္စာ ခုနှစ်ပါးနဲ့ ပြည့်စုံကာ သတိပဋ္ဌာန်အလုပ် အားထုတ်နေတဲ့သူဟာ အသက်ရှည်ရုံတင်မဟုတ် နိဗ္ဗာန်အထိပင် ရောက်စေနိုင်တယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

မှန်ပါတယ်။ သီလလုံခြုံတဲ့သူဟာ အသက်လည်းရှည်သလို အခက်လည်း ဝေစေပါတယ်။ “သူများအသက် သတ်သည့်တွက် အသက်ကိုယ့်မှာတို၊ မသတ်ရှောင်ရှား ထိုသူများ ရှည်ငြားအသက်ကို”ဆိုတဲ့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးရဲ့ ကဗျာအတိုင်း ငါးပါးသီလလုံးမဟုတ်ဘဲ ပါဏာတိပါတဆိုတဲ့ သီလကို လုံခြုံနေရုံနဲ့တင် အသက်ရှည်မှုကို ဖြစ်စေနိုင်ပြီး ပါးပါးသီလလုံး လုံပြီဆိုရင်တော့ အသက်လည်းရှည်၊ စည်းစိမ်လည်းရ၊ ကျန်းမာရေးကစလို့ အားလုံးပြည့်စုံနိုင်တယ်ဆိုတာ အထူးပြောစရာ မရှိလောက်အောင်ပဲ ဖြစ်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့။ ဒီဘ၀မှာ သီလတွေ လုံခြုံနေရဲ့သားနဲ့ အသက်တိုပြီး ရောဂါများနေတဲ့ သူတွေကျတော့ ဘာဖြစ်လို့လဲလို့ မေးခဲ့မယ်ဆိုရင် ဒါဟာ ဒီဘ၀ သီလလုံခြုံနေပေမယ့် အတိတ်က မလုံခြုံခဲ့တဲ့ အတွက်ကြောင့်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီဘ၀ လုံခြုံနေတဲ့ သီလဟာ နောင်ဘ၀များအတွက် လှေကားထစ်တွေပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အတိတ်က ဖြစ်ခဲ့တာတွေကို ထားပြီး အခုလက်ရှိအချိန်မှာပဲ အကောင်းဆုံး လုပ်ဆောင်တဲ့အနေနဲ့ သီလကို လုံခြုံအောင် ထိန်းနေမယ်ဆိုရင် တစ်ရက်အသက်ရှည်ပေမယ့် တန်ဘိုးရှိတဲ့ အသက်ရှည်ခြင်းဖြစ်တဲ့အတွက် ဒါဟာ သီလမလုံဘဲ နှစ်တစ်ရာမက အသက်ရှည်နေရတာထက် ပိုပြီးအနှစ်ရှိတဲ့ အသက်ရှည်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အသက်ရှည်ချင်ရင် သီလရိပ်ကိုခိုလို့ ဆိုခြင်းဖြစ်ပါတယ်။

နောက်တစ်ခုက အသက်ရှည်ချင်ရင် သူတော်ကောင်းဥစ္စာ ခုနှစ်ပါးကို ရအောင်စုလို့လည်း ဆိုကြပါတယ်။ သူတော်ကောင်းဥစ္စာ ခုနှစ်ပါးဆိုတာ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ သြတ္တပ္ပတွေကို ပြောတာဖြစ်ပါတယ်။ သဒ္ဓါဆိုတာ ရတာနာသုံးပါးနဲ့ ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့ အကျိုးအပြစ်ကို ယုံကြည်မှုဖြစ်ပြီး သီလဆိုတာ လူပုဂ္ဂိုလ်များအတွက် အလိုလို လုံခြုံနေရမယ့် နိစ္စသီလခေါ် ငါးပါးသီလ၊ ဥပုသ်နေ့တွေမှာ အထူးစောင့်ထိန်းတဲ့ ဥပေါသထသီလခေါ် ရှစ်ပါးသီလ၊ န၀င်္ဂသီလခေါ် ကိုးပါးသီလ စတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ စောင့်ထိန်းမှုတွေပဲ ဖြစ်ပါတယ်။ သုတဆိုတာကတော့ လောကီလောကုတ္တရာ အထွေထွေ ဗဟုသုတ အသိဉာဏ် (General knowledge) ကို ဆိုလိုပြီး စာဂဆိုတာက ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ စာဂဆိုတာ ဒါနလုပ်တာကို ပြောတာပါပဲ။ ငါးခုမြောက် သူတော်ကောင်း ဥစ္စာဖြစ်တဲ့ ပညာက အထွေထွေ ဗဟုသုတ ဉာဏ်ပညာများကို ဆိုတာမဟုတ်ဘဲ ၀ိပဿနာ ဉာဏ်ပညာကို ပြောပါတယ်။ ဆိုလိုတာက တရားအားထုတ်ခြင်းဖြင့် သိနိုင်တဲ့ ခန္ဓာကိုယ်တွေ့ ဉာဏ်ပညာ (Insight knowledge) လို့ ဆိုလိုတာပါ။ ဟိရီက မကောင်းမှု အကုသိုလ်ပြုရမှာ ရှက်ခြင်းလို့ အဓိပ္ပါယ်ရပြီး သြတ္တပ္ပက မကောင်းမှု အကုသိုလ် လုပ်ရမှာ ကြောက်တာကို ပြောတာပါ။ ဒီသူတော်ကောင်းတရားတွေ ရှိနေတဲ့သူတွေဟာ ဒီဘ၀မှာရော နောင်သံသရာမှာ အသက်ရှည်ကာ ကျန်းမာစေပြီး နိဗ္ဗာန်အထိ မျက်မှောက်ပြုစေနိုင်မှာ ဖြစ်ပါတယ်။

ပြီးတော့ မဟာသတိပဋ္ဌာန်တရား လေးပါးကို အားထုတ်နိုင်တဲ့ သူတွေဟာလည်း နေရတဲ့ အခိုက်မှာ သတိရှိရှိ နေနိုင်ကြတာ ဖြစ်တဲ့အတွက် တန်ဘိုးရှိတဲ့ အသက်ရှည်မှုဖြစ်ပြီး နိဗ္ဗာန်အထိ တိုက်ရိုက်မျက်မှောက်ပြု ရောက်စေနိုင်တဲ့ တရားဖြစ်တဲ့အတွက် ဒီလေးပါးကိုလည်း ကျင့်ဆောင်ခြင်းဖြင့် ခိုနားရမှာဖြစ်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ မဟာသတိပဋ္ဌာန်လေးပါးဆိုတာ ရုပ်တရားတွေအပေါ်မှာ မမေ့မလျော့တဲ့ သတိနဲ့ ရှုမှတ်ပွားများ သိနေမှု ကာယာနုပဿနာ၊ ခံစားမှု ဝေဒနာအပေါင်းကို သတိတရားနဲ့ သိမှတ်ပွားများနေမှု ဝေဒနာနုပဿနာ၊ ရာဂစိတ် ဒေါသစိတ် စတဲ့ စိတ်အပေါင်းကို သတိတရားနဲ့ မလွတ်တမ်း သိမှတ်နေမှု စိတ္တာနုပဿနာနဲ့ နီဝရဏတရားများ၊ အာယတန၊ ဓာတ်တရားများ စတဲ့ သဘောတရားအပေါင်းကို ရှုမှတ်တဲ့ ဓမ္မာနုပဿနာတွေကို ပြောတာ ဖြစ်ပါတယ်။ ဒီလေးပါးကို သတိတရား လက်ကိုင်ထားပြီး မပြတ်တမ်း အရှိအတိုင်း သိရှိမှတ်သားနေမယ်ဆိုရင် အဲဒီသူဟာ ပစ္စုပ္ပန် သံသရာ နှစ်ဖြာအကျိုး ပွားတိုးနေမှာ အမှန်ပဲ ဖြစ်ပါတယ်။ အဲဒီလို သတိနဲ့ နေနေတဲ့ ပုဂ္ဂိုလ်ဟာလည်း တန်ဘိုးရှိတဲ့ အသက်ရှည်မှုနဲ့ အသက်ရှင်နေတဲ့ သူပဲ ဖြစ်ပါတယ်။ ဒါကြောင့် အသက်ရှည်ချင်ရင် သတိပဋ္ဌာန်ဆင်လို့ ဆိုကြခြင်း ဖြစ်ပါတယ်။

ဒီဖော်ပြခဲ့တဲ့ ငါးပါးသီလ၊ သူတော်ကောင်းဥစ္စာ ခုနှစ်ပါးနဲ့ မဟာသတိပဋ္ဌာန်လေးပါး တရားတွေဟာ မန်းတောင်ရိပ်ဆိုတဲ့ စကားရဲ့ ရည်ညွန်းချက်တွေပဲ ဖြစ်ပါတယ်။ ဒီတရားတွေကို ထိန်းသိမ်းလိုက်နာ ကျင့်ကြံဆောင်ထားနိုင်မယ်ဆိုရင် ဘယ်သူမဆို အသက်ရှည်ရုံတင် မဟုတ်ပါဘူး။ ဘ၀မှာ အစစအရာရာ ကောင်းကျိုးချမ်းသာတွေ ဖြစ်စေနိုင်ပြီး ဗုဒ္ဓဘာသာဝင်တွေရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်အထိ မျက်မှောက်ပြုစေနိုင်မှာ ဖြစ်ပါတယ်။ သီလလည်းလုံ၊ သူတော်ကောင်းတရားနဲ့လည်း ပြည့်စုံပြီး ၀ိပဿနာ တရားပါ ပွားများနိုင်ပြီဆိုရင်တော့ တကယ့်မန်းတောင်ရိပ်ကို ခိုရာရောက်နေပြီး အသက်ရှည်ရုံတင်မက အခက်ပါဝေကာ နိဗ္ဗာန်အထိပင် ရောက်စေနိုင်တော့တာ ဖြစ်ပါတယ်။ ဒီလို အကျိုးတွေကို ရည်ညွန်းပြီး ရှေးပညာရှိများက အသက်ရှည်ချင်ရင် မန်းတောင်ရိပ်ခိုလို့ ဆိုခဲ့ကြခြင်း ဖြစ်ပါတယ်။

အမှန်တော့ မန်းတောင်ရိပ်ဆိုတဲ့ သုံးမျိုးလုံးကို ခိုနိုင်ရင် ကောင်းပေမယ့် မခိုနိုင်သေးဘူး ဆိုရင်လည်း မန်းလောက်တော့ အရောက်သွားနိုင်မှ ဖြစ်မယ်ထင်ပါတယ်။ မန်းဆိုတဲ့ ငါးပါးသီလလောက်တော့ လုံခြုံထားမှ သံသရာ ဘ၀ကူး ကောင်းမှာဖြစ်ပါတယ်။ အသက်ရှည်တာ မရှည်တာနောက်ထား လောလောဆယ် အသေမမှားအောင် အနည်းဆုံး ငါးပါးတော့ လုံထားမှ ဖြစ်မှာပါ။ ခါးဝတ်ပုဆိုးဖြစ်တဲ့ သီလလုံထားမှ ရှက်စရာ ကြောက်စရာဖြစ်တဲ့ အပါယ်ဘေးလည်း လုံမှာဖြစ်ပါတယ်။ ခါးဝတ်မမြဲရင်တော့ အရှက်လည်းမလုံဖြစ်ပြီး အခက်လည်း အကုန်ကြုံကြတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် မန်းတောင်ရိပ်ကို မခိုနိုင်သေးရင်လည်း မန်းလောက်တော့ ရောက်နေမှ ဖြစ်မယ်လို့ ဆိုကြခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက အသက်ရှည်ချင်ရင် မန်းတောင်ရိပ်ကိုခိုဆိုတဲ့ စကားဟာ သေချာတွေးကြည့်ရင် အဓိပ္ပါယ် အရမ်းပြည့်ဝပြီး အနှစ်ရှိတဲ့ ပညာရှိစကားဆိုတာ သီလတရား၊ သူတော်ကောင်းတရားနဲ့ ၀ိပဿနာ တရားတွေက အထင်အရှား ပြနေတယ်လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။ သီလလုံနေမယ်၊ သူတော်ကောင်းတရားနဲ့ ပြည့်စုံနေမယ်၊ သတိပဋ္ဌာန်အလုပ် အားထုတ်နေမယ်ဆိုရင် ဘယ်သူမဆို အသက်လည်းရှည် အခက်လည်းဝေပြီး ရမ္မက်လည်း ပြေစေမှာ ဖြစ်တယ်လို့ နားလည်စေချင်တာ ဖြစ်ပါတယ်။ သီလုံခြုံရင် အသက်ရှည်မှာ ဖြစ်ပြီး၊ သူတော်ကောင်းဥစ္စာတွေနဲ့ ပြည့်စုံမယ်ဆိုရင် စည်းစိမ်ဥစ္စာအဖြာဖြာနဲ့ လိုချင်တဲ့ အခက်တွေ ဝေနေမှာ ဖြစ်ကာ သတိပဋ္ဌာန် တရားအားထုတ်နိုင်ပြီ ဆိုရင်တော့ ကိလေသာရမ္မက်တွေ ပြေပျောက်လို့ အနေရော အသေပါဖြောင့်ပြီလို့ အသိရောက်စေချင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီသီလတရား၊ သူတော်ကောင်းတရား၊ သတိပဋ္ဌာန်တရားတွေနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်နိုင်ခြင်းကသာ တကယ့်မန်းတောင်ရိပ်ကို ခိုရာရောက်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဒါကြောင့် အသက်လေးရယ် ရှည်စေလို မန်းတောင်ရိပ်ကိုခို ဆိုတဲ့ စကားကို နားလည်မှုအမှားနဲ့ မန္တလေးတောင်ရိပ်ကို သွားရောက်ပြီး ခိုလုံဖို့ ကြိုးစားနေလိုကြတဲ့ သူတွေအနေနဲ့ မန်းတောင်ရိပ်ဆိုတာ မန္တလေးတောင်ရဲ့ အရိပ်ကို ဆိုလိုတာ မဟုတ်ဘဲ မန်းဆိုတဲ့ ငါးပါးသီလ၊ တောင်ဆိုတဲ့ သူတော်ကောင်းတရား ခုနှစ်ပါးနဲ့ ရိပ်ဆိုတဲ့ သတိပဋ္ဌာန်တရား လေးပါးတွေကို ဆိုလိုတာဖြစ်ကြောင်း သဘောပေါက် နားလည်ပြီး ဘယ်နေရာမှာပဲ နေနေ၊ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ဒီမန်းတောင်ရိပ်ဆိုတဲ့ တရားတွေနဲ့သာ နေနိုင်မယ်ဆိုရင်တော့ တကယ့်ကို အသက်ရှည်ပြီး အခက်ဝေကာ ရမ္မက်ပြေမယ့် မန်းတောင်ရိပ်ကြီးမှာ နေနေတာဖြစ်တဲ့အတွက် ဒီတရားတွေမှာပဲ ခိုနိုင်အောင် ကြိုးစားကြပါလို့ သတိပေး တိုက်တွန်းလိုက်ရပါကြောင်း….။ အားလုံး တကယ့် မန်းတောင်ရိပ်မှာ ခိုနိုင်ကြပါစေ…

Read more »

မချစ်မမုန်း အကောင်းဆုံး စာအုပ် အွန်လိုင်းတွင် ၀ယ်ယူရရှိနိုင်…


ဆရာတော် အရှင်ဝိစိတ္တ (မနာပဒါယီ)၏ “မချစ်မမုန်း အကောင်းဆုံး”ဟူသော ဓမ္မရသ စာအုပ်ကို အောက်ဖော်ပြပါ အင်တာနက် စာမျက်နှာတွင် ၀ယ်ယူရနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။ ဤစာအုပ်သည် ၂၀၀၇ခုနှစ်မှစ၍ အွန်းလိုင်းတွင် ရေးသားခဲ့သည့် ဆရာတော်၏ ဓမ္မရသ စာစုများနှင့် အတွေးရသစာစုများကို မြန်မာပြည်တွင်းရှိ စာဖတ်ပရိတ်သတ်များ၊ စာအုပ်ဖတ်မှ အားရတတ်သူများ စသူစသူများအတွက် ရည်ရွယ်၍ The Key စာအုပ်တိုက်မှ ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ဆရာတော်သည် နောက်ထပ်ဆရာအုပ်များ ဆက်လက်၍ ရေးသားပြီး ဓမ္မဒါနပြု ထုတ်ဝေသွားရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။

စာအုပ်ဝယ်ယူနိုင်သည့် အင်တာနက်စာမျက်နှာ
myanmarbookshop

Read more »

အမျက်ပြေ၍ အခက်ဝေစေရန်…

မည်သူမဆို ဘ၀တွင် အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများသည်လည်း များပြားလာနေမည်သာ ဖြစ်၏။ ထိုအတွေ့အကြုံများတွင် အကောင်းများရှိသကဲ့သို့ အဆိုးများလည်း ရှိတတ်၏။ အမှန်များရှိသကဲ့သို့ အမှားများလည်း ရှိတတ်၏။ အကောင်းနှင့် အမှန်ဖြစ်ခဲ့သည့် အတွေ့အကြုံများသည် ကောင်းနေပြီးသား ဖြစ်သဖြင့် အထွေအထူး ပြောင်းစရာ မရှိသော်လည်း အဆိုးများနှင့် အမှားများကား မကောင်းသဖြင့် ပြောင်းပစ်ရန်လိုအပ်၏။ မမှန်သဖြင့် ပြင်ရန်လိုအပ်၏။ ထိုအမှားများသည် ကိုယ်ထိလက်ရောက် လုပ်ခဲ့သည့် အမှားများ၊ နှုတ်ဖြင့်ပြောဆိုခဲ့သည့် အမှားများ၊ စိတ်ဖြင့် ပြစ်မှားခဲ့သည့် အမှားများဟူ၍ အမျိုးမျိုးရှိတတ်ရာတွင် မည်သည့်အမှားမျိုးပင် ဖြစ်စေ အချိန်မီ သတိဝင်၍ ပြုပြင်နိုင်လျှင် အမှန်ဖြစ်လာပြီး အကောင်းအဖြစ် ပြောင်းသွားမည်သာ ဖြစ်၏။ အမျက်ပြေ၍ အခက်ဝေမည်သာ ဖြစ်၏။ အရေးကြီးသည်မှာ အချိန်မနှောင်းခင် ပြောင်းပြင်နိုင်မှုသည်သာ အဓိကဖြစ်၏။

မှန်၏။ ဘ၀တွင် မည်သူမဆို တစ်ခါတစ်ရံ သတိလက်လွတ် လုပ်လိုက်မိသည့် လုပ်ရပ်များ ရှိတတ်၏။ သတိလက်လွတ် ပြောလိုက်မိသည်များ၊ အကြောင်းအရင်း အစစ်အမှန်ကို မသိဘဲ မိမိစိတ်အထင်ဖြင့် ပြစ်မှားမိတတ်သည်များလည်း ရှိတတ်၏။ သတိလက်လွတ် လုပ်လိုက်မိတတ်သော်လည်း စေတနာပါသွားသည့် အခါ ထိုလုပ်ရပ်များသည် တစ်ဖန်အကျိုး ပြန်ထင်လာတတ်၏။ ပုထုဇင်များ ဖြစ်နေ၍လည်း တစ်ခါတစ်ရံ ပုထုဇင်တို့ သဘောသဘာဝအတိုင်း စိတ်ထင်သည့်အတိုင်း ပြုလုပ်ပြောဆိုကြံစည်မိတတ်၏။ တစ်စုံတစ်ယောက်ကို အကြောင်းပြု၍သော် လည်းကောင်း၊ တစ်စုံတစ်ခုကို အကြောင်းပြု၍သော် လည်းကောင်း အပြုမှား၊ အပြောမှား၊ အကြံအစည်မှားများ ဖြစ်ပေါ်တတ်၏။ ပြုလုပ်သူ မိမိသည် ဘာမျှမသိလိုက်သော်လည်း မိမိလုပ်ခဲ့သည့် အလုပ်၏ အကျိုးရလာဘ်က တန်ပြန်အကျိုး ပေးမှုကို ဖြစ်ပေါ်စေတတ်၏။ ထို့ကြောင့် မည်သည့်အချိန်၊ မည်သည့်နေရာ၊ မည်သူနှင့်မဆို တဒင်္ဂပဲဖြစ်ဖြစ် အတူတကွ ရှိနေကြသည့် အခိုက်တွင် မသိနိုင်သည့် လုပ်ရပ်များကြောင့် တစ်ဦးအပေါ်တစ်ဦး သတိလက်လွတ် ပြုမူပြောဆိုကြံစည်မှုများ ရှိနိုင်ကြသဖြင့် အကယ်၍ အပြစ်တစ်စုံတစ်ရာ ရှိခဲ့ပါက ကျေပါစေကြောင်း ၀န်ခံတောင်းပန်မှုများ၊ ခွင့်လွတ်သီးခံမှုများနှင့် သံသရာအစဉ်အဆက် ပါမသွားရန် ကြိုးစားအားထုတ်သင့်ကြောင်း တိုက်တွန်းကြခြင်း ဖြစ်၏။

မိမိ၏ မကောင်းမှု လုပ်ရပ်များသည် ကာယကံမြောက် ကျူးလွန်မိသည်အထိ ရောက်မသွားသေးပါက ယခုဘ၀မှာပင် တစ်ဦးအပေါ်တစ်ဦး ၀န်ချတောင်းပန်မှုများ ပြုလုပ်ကြခြင်းဖြင့် အပြစ်များ ပြေငြိမ်းသွားကာ ကောင်းကျိုးများကို ဖြစ်နိုင်ပေ၏။ မိမိသည် ပုထုဇင်ဖြစ်သဖြင့် တစ်စုံတစ်ယောက်အပေါ်တွင် အလုံးစုံ ပြည့်စုံစွာ မသိနိုင်တတ်ပေ။ မသိနိုင်သဖြင့်လည်း မိမိစိတ်နှင့် အခန့်မသင့်သည့်အခါ မိမိမအလိုအတိုင်း မဖြစ်သည့် အခါမျိုးတွင် အနည်းဆုံး နှုတ်ဖြင့်သော်လည်းကောင်း၊ စိတ်ဖြင့်သော်လည်းကောင်း အပြစ်ဖြစ်ဖွယ် အပြောအဆို ကြံစည်မှုများ ပြုလုပ်တတ်ပေ၏။ အကယ် ထိုတစ်စုံတစ်ယောက်သည် မိမိထက် အကျင့်သီလပြည့်စုံသူ ဖြစ်ခဲ့ပါက မိမိပြောဆိုကြံစည်မှုများသည် အပြစ်တစ်စုံတစ်ရာ ဖြစ်ပေါ်တတ်ပေ၏။ တစ်ဘက်သူက မသိနိုင်သော်လည်း မိမိလုပ်ရပ်ကို မိမိက သိနိုင်သဖြင့် တန်ပြန်သက်ရောက်မှုလည်း မိမိထံသို့သာ ရောက်လာတတ်ပေ၏။ ထို့ကြောင့် မည်သို့ပင်ဖြစ်စေ တစ်စုံတစ်ယောက် အပေါ်တွင် အပြစ်ရှိက ခွင့်လွတ်ကြရန် တောင်းပန်သမှု ပြုကြသင့်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

ဗုဒ္ဓလက်ထပ်က သောရေယျ အမည်ရသည့် သာဝတ္ထိပြည်သား သူဋ္ဌေးသား တစ်ယောက်ရှိ၏။ တစ်နေ့ ထိုသူဋ္ဌေးသားသည် အပေါင်းအသင်း သူငယ်ချင်းများနှင့်အတူ ရေကစားရန် ရေချိုးဆိပ်သို့ ထွက်လာခဲ့၏။ ထိုအချိန်သည် အရှင်မဟာကစ္စည်း မထေရ်သည်လည်း မြို့တွင်းသို့ ဆွမ်းခံဝင်ရန် ရေချိုးဆိပ်တွင် ရေသပ္ပါယ်တော်မူနေသည့် အချိန်ဖြစ်၏။ သောရေယျ သူဋ္ဌေးသားသည် ရေးချိုးဆိပ်သို့ ရောက်သည့်အခါ ရေးချိုးနေသည့် အရှင်မဟာကစ္စည်း မထေရ်ကို မြင်ပြီး မထေရ်၏ ရွှေအဆင်းကဲ့သို့ ၀င်းဝါနေသည့် အသားအရေကို ကြည့်ကာ “ဤမထေရသည် ငါ့ဇနီးဖြစ်မူကား ကောင်းလေစွ၊ ငါ့ဇနီး၏ အသားအရေ အဆင်းသည် ဤမထေရ်ကဲ့သို့ ဖြစ်ပါမူကား ကောင်းလေစွ…” ဟု ကြံစည်မိလေ၏။ ထိုသို့ ကြံစည်သည့်အခိုက်မှာပင် သောရေယျသူဋ္ဌေးသားသည် ယောက်ျားအသွင်ပျောက်ကာ မိန်းမအသွင်ဖြင့် ကိုယ်လက်အင်္ဂါများ အကုန်ပြောင်းသွားလေတော့၏။ မိန်းမတစ်ဖြစ်လဲ သောရေယျသူဋ္ဌေးသားသည် အသွင်ပြောင်းသွားသည့် မိမိကိုယ်ကိုကြည့်ကာ အလွန်ရှက်လှသဖြင့် သာဝတ္ထိပြည်မှ ထွက်ပြေးသွားကာ နောက်ဆုံးတွင် ကုန်သည်များနှင့်အတူ တက္ကသိုလ်ပြည်သို့ ရောက်သွားလေ၏။ ထိုတက္ကသိုလ်ပြည်မှာပင် သူဋ္ဌေးသားတစ်ယောက်နှင့် ပေါင်းဖက်မိကာ ကလေးနှစ်ယောက်ပင် ရခဲ့လေတော့၏။ သာဝတ္တိပြည်တွင်လည်း သူဋ္ဌေးသားဘ၀ဖြင့် အိမ်ထောင်ကျကာ ကလေးများ ရရှိခဲ့သေး၏။ ယခုတစ်ဖန် မိန်းမဘ၀ဖြင့် ကလေးနှစ်ယောက် ထပ်ရပြန်၏။ တစ်ဘ၀တည်း၌ပင် ယောက်ျားဘ၀၊ မိန်းမဘ၀ဖြင့် သားသမီးများ ရရှိခဲ့သည့် သောရေယျ၏ ဘ၀သည် လက်တွေ့ဆန်သည့် ကံအကျိုးပေးသဘောကို ထင်ဟပ်စေလေ၏။

တစ်နေ့တွင် သာဝတ္ထိပြည်မှ သောရေယျ၏ သူငယ်ချင်းတစ်ယောက်သည် တက္ကသိုလ်ပြည်သို့ ရောက်လာခဲ့၏။ ထိုသူငယ်ချင်းကို မြင်သည့်အခါ မိန်းမတစ်ဖြစ်လဲ သောရေယျသည် ကောင်းစွာမှတ်မိပြီး ထိုသူငယ်ချင်းနှင့် တွေ့ဆုံကာ သူ၏ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလေ၏။ သောရေယျ၏ သူငယ်ချင်းသည် အဖြစ်အပျက်အားလုံးကို သိရပြီး “ယခုအခါ အရှင်မဟာကစ္စည်း မထေရ်သည်လည်း တက္ကသိုလ်ပြည်ကိုပင် အမှီပြု၍ သီတင်းသုံး နေတော်မူကြောင်း၊ သောရေယျအနေဖြင့် အရှင်မဟာကစ္စည်းမထေရ်ထံ သွားရောက်ကာ အပြစ်ကို ၀န်ချတောင်းပန်သင့်ကြောင်း…” စသဖြင့် အကြံပြုလိုက်၏။ သောရေယျလည်း သူငယ်ချင်း အကြံပြုသည့်အတိုင်း အရှင်မဟာကစ္စည်းမထေရ်ထံ သွားရောက်ကာ မိမိပြစ်မှားခဲ့သည့် အပြစ်ကို ခွင့်လွတ်ရန် ၀န်ချတောင်းပန်လိုက်သဖြင့် မိန်းမအသွင်မှ မူလသူဋ္ဌေးသား အသွင်သို့ ပြန်ရောက်သွားခဲ့၏။ သောရေယျသည် မိမိ၏ ဘ၀ဖြစ်သန်းမှု၊ မိမိ၏ ပြစ်မှားမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ကံတရား၏ တန်ပြန်အကျိုးသက်ရောက်မှု စသည်များကို ကောင်းစွာသဘောပေါက် သိမြင်ပြီး နောက်ဆုံးတွင် အရှင်မဟာကစ္စည်းမထေရ်ထံတွင် ရဟန်းအဖြစ်ဖြင့် သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့လေ၏။ ရဟန်းဘ၀ဖြင့် ရဟန်းတရားကို ကြိုးစားအားထုတ်ကာ ကိလေသာကုန်ခမ်းပြီး ရဟန္တာအဖြစ်သို့ ရောက်ရှိသွားခဲ့လေတော့၏။ ဤကား သီလသမာဓိပညာ မြင့်မားသည့် သူများအပေါ်တွင် ကာယကံမြောက်၊ ၀စီကံမြောက်ပြစ်မှားခြင်းမျိုး မဟုတ်ဘဲ မနောကံမျှဖြင့် ပြစ်မှားမိခဲ့သည့် အမှားတစ်ခု၏ တန်ပြန်သက်ရောက်မှုကို ခံခဲ့ရသည့် သောရေယျ သူဋ္ဌေးသား၏ လက်တွေ့ဘ၀အကြောင်း တစ်စေ့တစ်စောင်းပင် ဖြစ်ပါ၏။

အထက်ပါ သောရေယျမထေရ် တစ်ဖြစ်လဲ သောရေယျသူဋ္ဌေးသားအကြောင်း အဖြစ်အပျက်ကို ကြည့်ပါက အမှားလုပ်ခဲ့သည့် ကံတရား၏ တန်ပြန်သက်ရောက်မှု သဘောကို ကောင်းစွာသိမြင်နိုင်ပေ၏။ ရုတ်တရက် ပြစ်မှားခဲ့သည့် အပြစ်၏ အကျိုးသက်ရောက်မှုသည် ကြီးမားပြီး ရှည်ကြာလှသည်ကို သတိပြုနိုင်မည်ဖြစ်၏။ မကောင်းမှု အကုသိုလ်အပြစ်သည် ဘာမျှမဖြစ်လောက်ပါဘူး၊ အသေးအဖွဲလေးပါဟု တွေးကာ အထင်သေးပြီး လုပ်မိတတ်ပေမယ့် ပေးဆပ်ရသည့်အခါ အပြစ်ကြီးမားပြီ့း အချိန်ကြာလှသည်ကို နားလည်နိုင်ပေ၏။ ထို့သို့ ဆိုးကျိုးကြီးများကို ဖြစ်စေနိုင်သဖြင့် ပညာရှိများက မည်သို့သော မကောင်းမှု ဒုစုရိုက်မျိုးကိုမျှ မပြုလုပ်မိကြရန် သတိပေးတော်မူကြခြင်း ဖြစ်၏။ အကယ်၍ ရုပ်တရက် လုပ်ခဲ့မိသည့် ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုများ ရှိလျှင်လည်း အချိန်မီ အသိဝင်ကာ ပြုပြင်နိုင်သမျှ ပြုပြင်ကြ၍ တောင်းပန်ခြင်း၊ ခွင့်လွတ်ခြင်းများဖြင့် သံသရာရှည်ကြာမည့် အပြစ်များကို ဖြတ်တောက်ကြရန် တိုက်တွန်းတော်မူကြခြင်း ဖြစ်၏။

မြတ်စွာဘုရားရှင်၏ သာသနာတော်တွင်လည်း ဘုရားရှင်သည် ရဟန်းတော်များ အချင်းချင်း အကယ်၍ အပြစ်များ ရှိခဲ့လျှင် ရှိခဲ့သည့် အပြစ်များကို ၀န်ခံခြင်း၊ တောင်းပန်ခြင်းများ ပြုလုပ်စေသည့်အပြင် အပြစ်မြင်ကလည်း ပြောဆိုဆုံးမရန် အချင်းချင်း ဖိတ်ကြားကြဖို့ တိုက်တွန်းတော်မူခြင်း ဖြစ်၏။ ထို့ကြောင့်လည်း ၀ါတွင်းကာလပြီးဆုံး၍ ၀ါကျွတ်ကြသည့်အခါ ရဟန်းတော်များအချင်းချင်း သိမ်အတွင်း စုရုန်းကာ အပြစ်များဝန်ချတောင်းပန် ဖိတ်ကြားခြင်း အလေ့ကို ထေရ၀ါဒ ရဟန်းတော်များ အနေဖြင့် ယနေ့တိုင်အောင် လုပ်ဆောင်နေကြခြင်း ဖြစ်၏။ ရဟန်းတော်များ ၀ါကျွတ်ပြီး သီတင်းကျွတ်လပြည့်နေ့တွင် ပြုလုပ်လေ့ရှိကြသည့် ပ၀ါရဏာပွဲသည် ထိုဓလေ့ကို လက်တွေ့အကောင်အထည် ဖော်ပေးနေသည့်ပွဲပင် ဖြစ်ပါ၏။ ထို့ကြောင့် ဘုရားရှင် မိန့်တော်မူသည့်အတိုင်း နေရသည့်အခိုက်တွင် တစ်ဦးနှင့်တစ်ဦး အမျက်ပြေ၍ အခက်ဝေစေရန် ၀န်ချတောင်းပန်ခြင်း၊ ခွင့်လွတ်သီးခံခြင်းများဖြင့် သံသရာအဆက် တိုစေရန် ကြိုးစားကြဖို့ သတိပေးတော်မူခြင်း ဖြစ်ပါ၏။

ဆိုလိုသည်မှာ အလုပ်တစ်ခု၏ အကျိုးသက်ရောက်မှုသည် ပြုလုပ်သူ၏ စေတနာသို့လိုက်ကာ အကျိုးအပြစ် အကြီးအသေး ကွဲပြားနိုင်သဖြင့် မည်သို့ပင်ဖြစ်စေ ခဏတာ တွေ့ကြုံဆုံကြ ပေါင်းဖော်ကြသည့် အခိုက်တွင် တစ်ဦးနှင့်တစ်ဦး အပြစ်မဖြစ်စေရန် တောင်းပန်သူကလည်း စေတနာအရင်းခံဖြင့် တောင်းပန်ပြီး ခွင့်လွတ်သူကလည်း မေတ္တာအပြည့်ဖြင့် ခွင့်လွတ်ကြရန် ဖြစ်ပါ၏။ သံသရာတွင် ကျင်လည်ခဲ့ရသည့် ဘ၀ပေါင်းများစွာတွင် အမျိုးမတော်စပ်ဖူးသူ မရှိနိုင်သဖြင့် ယခုဘ၀ တွေ့ဆုံကြသည့် အခိုက်တွင်လည်း မိမိတို့၏ အမျိုးများကို ပြန်တွေ့ကြရသည်ဟု သဘောထားကာ မှားခဲ့သည့်သူကလည်း အမှားများကို ၀န်ချတောင်းပန်ပြီး အတောင်းပန်ခံရသူကလည်း ခွင့်လွတ်သီးခံခြင်းဖြင့် မေတ္တာ ထားနိုင်ရန် ကြိုးစားရမည်သာ ဖြစ်ပါ၏။ အမှားမလုပ်မိလျှင် အကောင်းဆုံး ဖြစ်သော်လည်း မှားမိလာပြီဆိုလျှင်ကား အပြစ်ကျေရန် အလွတ်တကူ ၀န်ချတောင်းပန်ခြင်းကိုလည်း ပြုလုပ်သင့်ပေ၏။ သို့မှသာ အပြစ်ရှိသူလည်း အပြစ်ကျေ၍ ခံရသူလည်း အမျက်ပြေမည် ဖြစ်ပါ၏။

အချုပ်အားဖြင့် အကုသိုလ်အပြစ်ဖြစ်ရန် အလွယ်လွယ်လှသည့် ယနေ့ခေတ်တွင် ကာယကံ၊ ၀စီကံ၊ မနေကံတို့ကို အကြောင်းပြု၍ မကောင်းမှုများ ဖြစ်ပေါ်နိုင်သဖြင့် ဖြစ်ပေါ်လာသည့် အပြစ်များ အမျက်ပြေ၍ အခက်ဝေစေရန်၊ အဖြစ်နည်း၍ အပြစ်စဲစေရန် တွေ့ကြဆုံကြ ကြုံကြရသည့် အခိုက်အတန့်တွင် တစ်ဦးနှင့်တစ်ဦး အပြစ်များကို ၀န်ချတောင်းပန်ခြင်း။ အပြစ်ရှိက ပြောဆိုဆုံးမကြရန် ဖိတ်ခေါ်ခြင်း၊ အပြစ်ပြ၍ ဆုံးမလာလျှင် လက်ခံပြုပြင်ခြင်း၊ အမှားသိ၍ တောင်းပန်လာလျှင်လည်း ခွင့်လွတ်ပေးခြင်းများဖြင့် အကြောင်းဆုံ၍ ပေါင်းဆုံကြသည့် အမျိုးများအပေါ် အကောင်းဆုံးမျှော်ကာ ပေါင်းဖော်ကြပါဟု အလေးဂရု တိုက်တွန်းမှု ပြုလိုက်ရပါ၏။ အားလုံး အမျက်ပြေ၍ အခက်ဝေနိုင်ကြပါစေ…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ