အလှကိုယ်စီ…

“လူဆိုတာ အဖွဲ့အစည်းနဲ့ နေတဲ့သတ္တ၀ါ တစ်မျိုးပဲ”လို့ဆိုတဲ့ စကားလေးကို စာအုပ်တစ်အုပ်မှာ ဖတ်လိုက်ရတော့ ကိုယ်ကိုယ်တိုင် အဖွဲ့အစည်းနဲ့ နေနေရတဲ့ အဖြစ်ကို စဉ်းစားနေရင်း အဖွဲ့အစည်းနဲ့ နေတဲ့သူအချင်းချင်း အဆင်မပြေလို့ အဖွဲ့အစည်း အပြင်ရောက်နေသူတွေကိုပါ သတိရမိပါတယ်။ တကယ်တော့ အဖွဲ့အစည်းလို့ ဆိုကတည်းက တစ်ဦးတစ်ယောက်တည်းနဲ့ ရပ်တည်လို့ ရတာမဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်။ အဖွဲ့အစည်းတစ်ခု အောင်မြင်ဖို့၊ အဖွဲ့အစည်းတစ်ခု မပျက်စီးဖို့ ဆိုတာဟာ အဲဒီအဖွဲ့အစည်းမှာ ရှိနေကြတဲ့သူတွေရဲ့ ညီညွတ်မှုအပေါ် မူတည်ပါတယ်။ အဖွဲ့အစည်းမှာ ပါဝင်တဲ့သူ တစ်ဦးစီရဲ့ နားလည်ပေးမှု၊ ခွင့်လွှတ်တတ်မှု၊ ကူညီစောင့်ရှောက်တတ်မှု စတာတွေအပေါ်မှာ အဓိကကျပါတယ်။ အဖွဲ့အစည်းဆိုတဲ့အတွက် တစ်ဦးတစ်ယောက်ကောင်းနဲ့ မဖြစ်သလို တစ်ဦးတစ်ယောက် အပေါ်မှာပဲ မှီခိုနေလို့ မဖြစ်ပါဘူး။ အားလုံးကိုယ့်တာဝန်၊ ကိုယ့်အသိ၊ ကိုယ့်လုပ်ဆောင်ချက်နဲ့ပဲ ပူပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကိုယ်မရှိရင် မဖြစ်သလို သူမရှိလို့လည်း မဖြစ်ပြန်ပါဘူး။ ကိုယ်လုပ်နိုင်တာ သူမလုပ်နိုင်ပေမယ့် သူလုပ်နိုင်တာ ကိုယ်မလုပ်နိုင်တာတွေလည်း ရှိကောင်းရှိနေမှာပါ။ သေချာတာကတော့ သူ့အားသာချက်နဲ့သူ အလှကိုယ်စီ ရှိနေတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

“သံဃာအား ဘုရားမလွန်ဆန်သာ” ဆိုတဲ့ စကားလေးတစ်ခု ရှိပါတယ်။ ဘုရားရှင်ပင်ဖြစ်ပေမယ့် သံဃာ့ပရိတ်သတ်နဲ့ ယှဉ်လာရင် သံဃာအင်အားကို အလေးထားကာ သံဃာ့အလိုဆန္ဒနောက်ပဲ လိုက်လေ့ရှိတယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ တကယ်တော့ သံဃာဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကိုက အစုအဖွဲ့လို့ အဓိပ္ပါယ်ရပါတယ်။ အစုအဖွဲ့ဖြစ်တဲ့အတွက် အစုအဖွဲ့ ညီညွှတ်ရင် ချမ်းသာကြောင်းလည်း ဗုဒ္ဓက မိန့်မှာတော်မူလေ့ရှိပါတယ်။ သမဂ္ဂါနံ တပေါ သုခေါ- ညီညွတ်တဲ့ အဖွဲ့အစည်းဟာ ချမ်းသာကြောင်း ဆုံးမတော်မူခဲ့ခြင်း ဖြစ်ပါတယ်။ တစ်ယောက်တည်းနဲ့ မစွမ်းသာ အများပါမှ ချမ်းသာရလို့ ဆိုသလို တစ်ယောက်ချင်း စုစည်းထားတဲ့ အစုအဖွဲ့ရဲ့ အားဟာ နဲနဲနဲနဲ ပေါင်းထားတဲ့ တစ်ဦးတစ်ယောက်ချင်းရဲ့ အားပါပဲ။ တစ်ဦးချင်းမှာ ရှိနေတဲ့ အရည်အချင်းဟာ သူတစ်ဦးတည်းဆို ဘာမှမဖြစ်လာပေမယ့် သူလိုတစ်ခုခု အားသာချက်ရှိတဲ့ သူတွေစုလိုက်တော့လည်း အားအင်တစ်ခု ဖြစ်သွားတော့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်းလူတိုင်းမှာ သူ့အားသာချက်နဲ့သူ အလှကိုယ်စီတော့ ရှိနေကြတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ စကားစပ်လို့ ဆရာကြီး ဦးတင်မိုး ရေးတဲ့ ကဗျာလေးတောင် သတိရမိပါသေးတယ်။ ဆရာကြီးက သူ့ကဗျာလေးကို “အလှကိုယ်စီ” လို့ အမည်ပေးပြီး

“ဖိုးလမင်းလည်း
သူ့အဆင်းနှင့် အလင်းနှင့်
မီးတိုင်ငယ်လည်း
သူ့အရွယ်နှင့် အစွယ်နှင့်
စပါယ်ဦးလည်း
သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်
ပိတောက်ဝါလည်း
သူ့အခါနှင့် ငုဝါနှင့်
မြစ်ပြင်နက်လည်း
သူ့သိုင်းကွက်နှင့် လှိုင်းဂယှက်နှင့်
စမ်းချောင်းခွေလည်း
သူ့ချောင်းရေနှင့် လောင်းရေနှင့်
မည်သည့်အရာ မဆိုသာသည့်
သူ့မှာကိုယ့်မှာ အလှသာတည့်
သဘာဝလျှင်
အစွမ်းကိုယ်စီ စွမ်းရည်ကိုယ်င
လက်ဆောင်ငှ၏
အလှဝန်တို မငြင်ငြိုနှင့်
အချိန်အခါ နေရာဒေသ
ဌာနအလျောက် အရေးရောက်သည်
စွမ်းလောက်နိုင်သူ ချည်းပါတကား…။ ။ (တင်မိုး)
လို့ ရေးသားစပ်ဆိုခဲ့ပါတယ်။

ဟုတ်ပါတယ်။ ဆရာကြီး စပ်ဆိုခဲ့သလို အားလုံးဟာ ကိုယ်စီအလှ ကိုယ်စီအစွမ်းလေးတွေ ရှိနေကြတယ်ဆိုတာ သူ့နေရာနဲ့သူ အသုံးတည့်လာတဲ့အခါမှာ ပိုပြီးသိသာလှပါတယ်။ ဆရာကြီးရဲ့ ကဗျာလေးက လူတိုင်းစွမ်းအားကိုယ်စီ၊ အလှကိုယ်စီ ရှိနေကြတဲ့အတွက် ဘယ်သူ့ဘယ်သူကိုမှ အထင်မသေးကြဖို့နဲ့၊ ကိုယ့်ကိုယ်ကို အထင်ကြီးကာ သူတစ်ပါးကို မနှိမ့်ချမိစေဖို့ သတိပေးနေသလို ဖြစ်ပါတယ်။

ဒါပေမယ့် ဘုန်းဘုန်းတို့ မြန်မာ့အသိုင်းအ၀ိုင်း အဖွဲ့အစည်းတွေမှာတော့ ဆရာကြီး သတိပေးနေသလို မဟုတ်ကြဘဲ သူ့ကိုယ်နှိပ် ကိုယ့်သူနှိပ်တဲ့ အကျင့်လေးတွေက ရှိနေပြန်တော့ ပညာရှင်ကြီးများရဲ့ အဆုံးအမလေးတွေကိုတောင် တစ်ခါတစ်လေ အားနာမိသလို ဖြစ်မိပါသေးတယ်။ လူဟာ အဖွဲ့အစည်းနဲ့ နေတဲ့ သတ္တ၀ါလို့ ဆိုကြပေမယ့် အဖွဲ့အစည်း ဖြစ်လာရင် ကွဲကြပြဲကြ တိုက်ကြခိုက်ကြတဲ့ အစဉ်အလာတွေ ရှိနေတတ်တဲ့ မြန်မာ့လူ့အဖွဲ့အစည်း အတွက်တော့ မြန်မာဟာ အဖွဲ့အစည်းနဲ့ မနေတတ်တဲ့ သတ္တ၀ါလို့တောင် ပြောရမလို ဖြစ်နေပြန်ပါတယ်။ ဒါကြောင့်လည်း မြန်မာ့အဖွဲ့အစည်းဟာ ဘုရားဟောတဲ့ “ညီညွတ်တဲ့ အဖွဲ့အစည်းဟာ ချမ်းသာတယ်”ဆိုတဲ့ သုခကို မခံစားရတာ ဖြစ်မှာပါ။

သိတဲ့အတိုင်းပဲ ဘုန်းဘုန်းတို့ မြန်မာများကတော့ အဖွဲ့အစည်း မလုပ်နဲ့ လုပ်လိုက်တာနဲ့ တိုက်မယ်ခိုက်မယ် ဆိုတာတွေပဲ ဆိုတော့ ဘယ်အဖွဲ့အစည်း ဖြစ်ဖြစ် ထူးထူးခြားခြား ကြီးကြီးမားမား ပေါက်ရောက် အောင်မြင်တယ်ဆိုတာ မရှိလောက်အောင်ပါပဲ။ ဘာသာရေး အဖွဲ့အစည်းရော၊ လူမှုရေး အဖွဲ့အစည်းတွေရော အကုန်ပြဿနာတွေနဲ့ သူအုပ်စုနဲ့သူ ဖြစ်ကုန်ကြပါတယ်။ အဆိုးဆုံးက ဘာသာရေး အဖွဲ့အစည်းတွေ ကွဲကြပြဲကြတာက အဆိုးဆုံးပါပဲ။ လုပ်တာက ဘာသာရေးအလုပ် လုပ်ရပ်နဲ့ စိတ်ဓာတ်တွေက မနာလိုမှု၊ ၀န်တိုမှု၊ အထင်သေးမှု၊ မာနကြီးမှုတွေနဲ့ ဆိုတော့ ဘယ်လိုညီညွတ်မှုမှ မရဘဲ နောက်ဆုံးတော့ ကွဲတာ၊ ပျက်တာ၊ ပျောက်တာနဲ့ပဲ အဆုံးသပ်သွားရပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာမှာ ကြည့်လိုက်ရင် မြန်မာဘုန်းကြီးကျောင်း၊ မြန်မာအဖွဲ့အစည်းဆိုရင် ထည်ထည်ဝါ၀ါ ခန့်ခန့်ငြားငြား မရှိကြပဲ ဟိုတစ်စု ဒီတစ်စု ဖြစ်ကုန်ကြတော့တာပါ။ ဒါဟာ တစ်ဦးချင်း တစ်ယောက်ချင်းမှာ ရှိကြတဲ့ အလှလေးတွေကို ဂရုမစိုက်မိဘဲ သူရှိမှဖြစ်မယ်၊ ငါရှိမှဖြစ်မယ်၊ သူမှမှန်တယ်၊ ငါမှမှန်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးမှုနဲ့ သူတစ်ပါးအပေါ် နှိမ့်ချမှုတွေကြောင့် ဖြစ်ပါတယ်။ ဒီလို ရှိနေသမျှတော့ မြန်မာ့အဖွဲ့အစည်းဟာ ညီညွတ်မှုနဲ့ ချမ်းသာမှုကို မရနိုင်ဘဲ ငြိမ်းချမ်းရေးနဲ့ ဝေးနေကြဦးမှာ ဖြစ်ပါတယ်။

တကယ်တော့ လူတိုင်းလူတိုင်းဟာ အလုံးစုံ ပြည့်စုံတဲ့ လူတွေမဟုတ်တဲ့အတွက် တစ်ဦးတစ်ယောက်တည်း ကတော့ ဘယ်ကိစ္စမှ ပြီးမြောက်အောင်မြင်မှာ မဟုတ်ပါဘူး။ အများပေါင်းစုပြီး သူ့နေရာ၊ သူ့ကျွမ်းကျင်ရာနဲ့ ပေါင်းစပ်လုပ်နိုင်မှ ကောင်းမြတ်တဲ့ အကျိုးရလာဘ် ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီလို သူ့အစွမ်းနဲ့ သူ့အားသာချက် ရှိနေတဲ့အတွက်လည်း လိုအပ်တဲ့နေရာမှာ လိုအပ်သလို လုပ်နိုင်ကြဖို့ အဖွဲ့အစည်းဆိုတာ ဖွဲ့လာကြတာ ဖြစ်ပါတယ်။ ဒီလို ဖွဲ့လာပြီးမှ ကိုယ်မရှိရင် မဖြစ်ဘူး၊ သူမရှိရင် မဖြစ်ဘူးဆိုတာမျိုး မဖြစ်ဖို့ လိုပါတယ်။ သေချာတာကတော့ သူမပါလို့ မဖြစ်သလို ကိုယ်မပါလို့လည်း မဖြစ်ပါဘူး။ သူ့ချည်းပဲ မပြီးသလို ကိုယ့်ချည်းပဲလည်း မပြီးပါဘူး။ သူရောကိုယ်ရော ပေါင်းစုမှ အားအင်းဆိုတာ ဖြစ်လာကြတာပါ။ ထီးဆောင်ဆရာတော်ကြီးရဲ့

“မင်းမပါ ဘာမပြီး
မင်းချည်သော်လည်း ဘာမှမပြီး
သူမပါ ဘာမပြီး
သူ့ချည်းသော်လည်း ဘာမှမပြီး
ငါမပါ ဘာမပြီး
ငါ့ချည်းသော်လည်း ဘာမှမပြီး
မင်း သူ ငါ ညီညာစုံမှ
လုံးစုံအကုန်ပြီး
ဖွဲ့ကြစုစည်း…။ ။
(ထီးဆောင်းဆရာတော် ဘဒ္ဒန္တစက္ကပါလ)”ဆိုတဲ့ အဆုံးအမလိုပဲ မင်း၊ သူ၊ ငါ အစုံပါမှ အားလုံးအောင်မြင်လာကြမှာ ဖြစ်ပါတယ်။ သေချာတာကတော့ အားလုံးဟာ အလှကိုယ်စီ ရှိနေကြတယ်ဆိုတာ အသေအချာပါပဲ။

ဒါကြောင့် အလှကိုယ်စီ ရှိနေကြတဲ့ အဖွဲ့အစည်းနဲ့ နေတဲ့သူအချင်းချင်း သူ့ကိုယ်နှိမ် ကိုယ့်သူနှိမ့်တဲ့ သဘောမျိုး၊ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး သူများကို အထင်သေးတဲ့ သဘောမျိုး မထားကြဘဲ အဖွဲ့အစည်းတစ်ခု ညီညွတ်မှုရကာ ချမ်းသာကြစေဖို့ သူ့အလှလည်း ကိုယ်အသိအမှတ်ပြု၊ ကိုယ့်အလှလည်း သူအသိအမှတ်ပြုရင်း သူ့အပေါ်ကိုယ်နားလည်၊ ကိုယ့်အပေါ်သူနားလည်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလို ကိုယ်ချင်းစာတရား၊ နားလည်မှုတရား၊ အရိုအသေပြုမှုတရား၊ နှိမ့်ချမှုတရားလေးတွေနဲ့ တစ်ဦးအပေါ်တစ်ဦး ဆက်ဆံကြည့်ကြမယ်ဆိုရင်တော့ မြန်မာ့အဖွဲ့အစည်းမှ မဟုတ်ပါဘူး၊ တစ်ခြားဘယ်အဖွဲ့အစည်းမှာ မဆို အောင်မြင်မှုနဲ့ ငြိမ်းချမ်းမှုကို ရကြမှာ မလွဲဧကန်ပဲ ဖြစ်ပါတော့ကြောင်း…။ အားလုံး အလှကိုယ်စီနဲ့ အလှပိုနိုင်ကြပါစေ…

Read more »

ပိဋကတ်မိတ်ဆက်…

ဘုန်းဘုန်းတို့ကို မကြာမကြာ အမေးခံရတဲ့ မေးခွန်းတွေထဲမှာ ပိဋကတ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေလည်း ပါပါတယ်။ မေးတတ်တဲ့ မေးခွန်းတွေမှာ တစ်ချို့က ပိဋကတ်သုံးပုံဟာ ဘုရားရှင် လက်ထက်ကတည်း ဘုရားရှင်ကိုယ်တော်တိုင် သတ်မှတ်ခဲ့တဲ့ သတ်မှတ်ချက်လား..၊ တစ်ချို့က ပိဋကတ်သုံးပုံဟာ ဘုရားရှင် ၄၅နှစ်လုံးလုံး ဟောကြားထားတဲ့ တရားတော်အကုန်ပဲလား…၊ ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်၊ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဟာ တူသလား၊ ထူးသလား… စတဲ့ အမေးတွေကတော့ အတော်များများ မသိလို့ မေးကြတာတွေ ဖြစ်ပါတယ်။ ဒီလို ခဏခဏ အမေးခံရတာတွေကြောင့် အခွင့်သင့်ရင် ပိဋကတ်အကြောင်းလေးတော့ ရေးဦးမှလို့ စိတ်ကူးရပြီး ဒီပိဋကတ် မိတ်ဆက်လေးကို ရေးဖြစ်ခဲ့တာပါ။

ဒီပိဋကတ်ဆိုတဲ့ အမည်ဟာ ၄၅၀ါပတ်လုံး ဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ ဘုရားစကား (ဗုဒ္ဓ၀စန)များကို ကိုယ်စားပြုကာ အသုံးပြုကြတဲ့ အမည်ဖြစ်ပါတယ်။ ဘုရားဟော တရားတော်များကို ရည်ညွန်ပြီး အသုံးပြုတဲ့ စကားလုံး ဖြစ်ပါတယ်။ ဗုဒ္ဓသက်တော် ထင်ရှားရှိစဉ်ကတော့ ဗုဒ္ဓဓမ္မ၊ ဗုဒ္ဓ၀စန စသဖြင့် ဘုရားဟော တရား၊ ဘုရားဟော စကားအဖြစ် အသုံးပြုကြမှာ ဖြစ်ပါတယ်။ ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီး သုံးလလောက် အထိတောင်မှ ပိဋကတ်ဆိုတဲ့ သတ်မှတ်ချက် မရှိသေးပါဘူး။ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး (၃)လမြောက်မှာ ဘုရားရှင်ရဲ့ တရားတော်ကို တိုက်ရိုက်ကြားနာလိုက်ရတဲ့ အဘိညာဉ်နဲ့ ပညာအားကောင်းကြတဲ့ ရဟန္တာငါးရား စုပေါင်းပြီး ဘုရားရှင် တရားတော်များကို တစ်စုတစ်ဝေးတည်း၊ စုပေါင်းတည်းဖြတ်ကြ၊ သုဓ်သင်ကြ၊ ရွတ်ဆိုကြကာ သင်္ဂါယနာ တင်တုန်းကလည်း ပိဋကတ်ဆိုတဲ့ အမည်ကို အသုံးမပြုကြသေးပါဘူး။ ဒီတုန်းက ဆိုတာက ဓမ္မနဲ့ဝိနယကို သင်္ဂါယနာတင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ဒီစကားကပဲ ပိဋကတ်သုံးပုံကို ကိုယ်စားပြုနေပြန်ပါတယ်။ ၀ိနယက ၀ိနည်းပိဋကကို ရည်ညွန်းပြီး ဓမ္မကတော့ သုတ္တန်နဲ့ အဘိဓမ္မာ ပိဋကကို ရည်ညွန်းပါတယ်။

သင်္ဂါယနာတင်ပွဲ ပြီးတဲ့နောက်မှာတော့ ဘုရားရှင်ရဲ့ တရားတော်များ မပျောက်ပျက်ရလေအောင် ရဟန္တာမထေရ်ကြီးများက တာဝန်အသီးသီး ခွဲဝေပြီး နှုတ်တက်အာဂုံဆောင်ထားကြဖို့ ဆုံးဖြတ်ကြပါတယ်။ ဒီလို ခွဲဝေပြီး နှုတ်တက်အာဂုံ ဆောင်နိုင်အောင်လည်း တရားတော်များကို စနစ်တကျ အစုများဖွဲ့ကြပါတယ်။ ဘုရားဟောတရာများဟာ အလွန်များပြားတဲ့အတွက် အစုလေးတွေဖွဲ့တဲ့အခါမှာလည်း အများကြီး ဖြစ်ခဲ့ရပါတယ်။ အဲဒီဓမ္မအစုကိုပဲ ပါဠိလို ဓမ္မခန္ဓာလို့ ဆိုခြင်းဖြစ်ပြီး ၄၅နှစ်လုံး ဟောကြားခဲ့တဲ့ တရားတော်များဟာ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်အထိ ရှိခဲ့ပါတယ်။ ဓမ္မခန္ဓာဆိုတာ တရားအစု၊ အကြောင်းအရာ အစုအဝေးတစ်ခုကို ဆိုလိုပြီး ဓမ္မခန္ဓာတစ်ခုလို့ သတ်မှတ်မှုမှာ အစုအဝေးတစ်ခုလည်း ဖြစ်နိုင်သလို စာမျက်နှာပေါင်း များစွာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလို ဓမ္မခန္ဓာလေးများကို တူရာစုပေါင်းပြီး တစ်စုတစ်ဝေးတယ် စုထားတာကိုပဲ ပိဋကဆိုတဲ့ အသုံးနဲ့ သုံးပါတယ်။ ပိဋကဆိုတာ ခြင်းတောင်းလို့ အဓိပ္ပါယ်ရပါတယ်။ ပစ္စည်းဝတ္ထုများကို မျိုးတုစုပြီး တောင်းထဲထည့်တဲ့ ပုံစံမျိုး တရားအစုတွေကိုလည်း ပိဋကဆိုတဲ့ တောင်းထဲကိုထည့်ပြီး အစုဖွဲ့လိုက်ကြပါတယ်။ ဒါကြောင့် တူရာပေါင်းထည့်ရင်း တစ်ချို့ဓမ္မခန္ဓာများက ၀ိနည်းထဲပါ၊ တစ်ချို့က သုတ္တန်ထဲပါ၊ တစ်ချို့က အဘိဓမ္မာထဲပါဝင်ကာ ယနေ့အခေါ်အတိုင်း ၀ိနယပိဋက၊ သုတ္တန္တပိဋက၊ အဘိဓမ္မာပိဋကရယ်လို့ ပိဋကသုံးပုံ ဖြစ်လာခဲ့ပါတယ်။ အတိအကျ ပြောရရင် ၀ိနယပိဋကမှာ ဓမ္မခန္ဓာပေါင်း (၂၁၀၀၀)၊ သုတ္တန္တပိဋကမှာ ဓမ္မခန္ဓာပေါင်း (၂၁၀၀၀)နဲ့ အဘိဓမ္မာပိဋကမှာ ဓမ္မခန္ဓာပေါင်း (၄၂၀၀၀)ဆိုပြီး စုစုပေါင်း ဓမ္မခန္ဓာပေါင်း (၈၄၀၀၀) ဖြစ်လာခဲ့ပါတယ်။

အဲဒီပထမသင်္ဂါယနာ ပြီးနောက် စုပေါင်းလိုက်တဲ့ ဓမ္မအစုများကို ရဟန္တာများ အသီးသီး ခွဲခြားတာဝန်ယူကာ မပျောက်ပျက်အောင် နှုတ်တက်အာဂုံ ဆောင်လာခဲ့ကြပါတယ်။ အရှင်ဥပါလိနဲ့ တပည့်အစဉ်အဆက်က ၀ိနည်းပိဋကတ်ကို တာဝန်ယူ အာဂုံဆောင်ခဲ့ကြပြီး အရှင်အာနန္ဒာနဲ့ တပည့်အစဉ်အဆက်က သုတ္တန်နဲ့ အဘိဓမ္မာကို အာဂုံဆောင်ခဲ့ကာ အဆင့်အဆင့် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက် ခဲ့ကြတဲ့အတွက် ဒီနေ့အထိ မြတ်ဗုဒ္ဓရဲ့ တရားတော်များဟာ မပျောက်မပျက် တစ်သမှတ်တည်း ရှိနေခဲ့တာဖြစ်ပါတယ်။

ဒီနေ့ခေတ်ရောက်လာတော့ မြတ်ဗုဒ္ဓရဲ့ တရားတော်များကို ပိဋကတ်သုံးပုံဆိုတဲ့အမည်၊ နိကာယ်ငါးရပ်ဆိုတဲ့ အသုံး၊ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဆိုတဲ့ အညွန်းတွေနဲ့ အမည်အမျိုးမျိုးပေးကာ အသုံးပြုဖြစ်လာပါတယ်။ ဘယ်လိုပဲ အခေါ်အဝေါ်တွေ ကွဲနေပေမယ့် အားလုံးဟာ ၄၅၀ါပတ်လုံး ဟောတော်မူခဲ့တဲ့ မြတ်စွာဘုရားရဲ့ ဗုဒ္ဓဓမ္မ၊ ဗုဒ္ဓ၀စနခေါ် ဘုရားတရား၊ ဘုရားစကားများပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ခေတ်အသုံးပြုနေကြတဲ့ ဘုရားစကားခေါ် ပိဋကတ်သုံးပုံကို အများနားလည်အောင် အောက်ပါအတိုင်း အကျဉ်းမျှ မိတ်ဆက်ပေးလိုက်ရပါတယ်။

ဝိနယပိဋက
ဝိနည်းပိဋကတ်ဟာ မြတ်စွာဘုရားရှင်ရဲ့ တပည့်ရဟန်းသံဃာများ လိုက်နာကျင့်သုံးရန် ဟောကြားပညတ်ထားတဲ့ ပညတ်တော် အာဏာဒေသနာ ဖြစ်ပါတယ်။ ဒီနေ့အသုံးပြု ဖြစ်နေတဲ့ ၀ိနည်းပိဋကတ်မှာ ၀ိနည်းငါးကျမ်းနဲ့ ဖွဲ့စည်းထားပြီး ဒီငါးကျမ်းကိုပဲ ၀ိနယပိဋကဆိုတဲ့ အသုံးနဲ့ ညွန်းဆိုသုံးစွဲကြပါတယ်။ အဲဒီဝိနည်းငါးကျမ်းကတော့
(၁) ပါရာဇိက
(၂) ပါစိတ္တိယ
(၃) မဟာဝဂ္ဂ
(၄) စူဠ၀ဂ္ဂ
(၅) ပရိဝါတို့ပဲ ဖြစ်ပါတယ်။

သုတ္တန္တပိဋက
သုတ္တန် ပိဋကတ်ဟာ ဝေနေယျသတ္တ၀ါတွေရဲ့ စရိုက်ဝါသနာအလိုက် လူအများ နားလွယ်လွယ်တဲ့ ဝေါဟာရများကို အခြေခံကာ ဟောကြားထားတဲ့ တရားတော်များနဲ့ ဖွဲ့စည်းထားတဲ့ ဝေါဟာရ ဒေသနာ ဖြစ်ပါတယ်။ သုတ္တန်ဒေသနာများရဲ့ အစုအဖွဲ့လိုလည်း ပြောနိုင်ပါတယ်။ သုတ္တဆိုတာ ဖရိုဖရဲ့ မကွဲခြင်း တစ်စုတစ်စည်းတည်း ဖြစ်ခြင်းလို့ အဓိပ္ပါယ်ရတဲ့အတွက် သုတ္တန္တပိဋကဟာ ဘုရားရှင် ဝေါဟာရ ပညတ်အနေနဲ့ ဟောကြားထားတဲ့ သုတ်တော်များ တစ်စုတစ်စည်းတည်း ဖြစ်စေရန် ဖွဲ့စည်းထားတဲ့ ပိဋကလို့ ဆိုနိုင်ပါတယ်။ ဒီပိဋကတ်မှာပါတဲ့ သုတ္တန်တရားတော်များကိုပဲ နိကာယဆိုတဲ့ အမည်နဲ့ အစုငါးစုဖွဲ့ကာ တူရာတူရာ ပေါင်းပြီး နိကာယ်ငါးရပ်အဖြစ် ဖွဲ့စည်းထားပါတယ်။

သုတ္တန်ပိဋက၀င် အဲဒီနိကာယ်ငါးရပ်က
(၁) ဒီဃနိကာယ (ဒီဃနိကာယ်)= ရှည်လျားတဲ့ သုတ်များရဲ့ အစု
(၂) မစ္ဇျိမနိကာယ (မစ္ဇျိနိကာယ်) = မတိုမရှည် အလယ်အလတ်ဖြစ်တဲ့ သုတ်များရဲ့ အစု
(၃) သံယုတ္တနိကာယ (သံယုတ္တနိကာယ်) = ဟောကြားသည့် အကြောင်းအရာ၊ နာကြားသည့်ပုဂ္ဂိုလ် စသဖြင့် ဆက်စပ်မှတ်သားရသော သုတ်များကို ကဏ္ဍအလိုက် ခွဲခြားစုစည်းထားတဲ့ အစု
(၄) အင်္ဂုတ္တရနိကာယ (အင်္ဂုတ္တရနိကာယ်) = အကြောင်းအရာ တစ်ခုကို ဟောကြားထားသောသုတ်၊ အကြောင်းအရာ နှစ်ခုကို ဟောကြားထားသော သုတ်၊ အကြောင်းအရာ သုံးခုကို ဟောကြားထားသော သုတ်စသဖြင့် တစ်မှ တစ်ဆယ့်တစ်အထိ အင်္ဂါရပ်များ အစဉ်အတိုင်း တိုး၍ ဟောကြားထားသော သုတ်များရဲ့ အစု
(၅) ခုဒ္ဒကနိကာယ (ခုဒ္ဒကနိကာယ်) = အထက်နိကာယ် လေးမျိုးထဲတွင် မပါဝင်တဲ့ သေးငယ်တဲ့ သုတ်များရဲ့ အစု (ခုဒ္ဒက=အငယ်၊ အသေး) တို့ပဲ ဖြစ်ပါတယ်။

ဒါကြောင် သုတ္တန်ပိဋကခေါ် နိကာယ် ငါးရပ်တွင် ပါဝင်တဲ့ကျမ်းများမှာ အရေအတွက်အားဖြင့် ဒီဃနိကာယ် (၃) ကျမ်း၊ မဇ္ဈိမနိကာယ် (၃) ကျမ်း၊ သံယုတ္တနိကာယ် (၅) ကျမ်း၊ အင်္ဂုတ္တရနိကာယ် (၃) ကျမ်း၊ ခုဒ္ဒကနိကာယ် (၁၁) ကျမ်းအားဖြင့် စုစုပေါင်း (၃၇)ကျမ်း ဖြစ်ပါတယ်။ ဘုရားဟောဓမ္မတွေကို ပိဋကနဲ့ မပြောဘဲ နိကာယ်နဲ့ ပြောမယ်ဆိုရင် ၀ိနယပိဋကနဲ့ အဘိဓမ္မာပိဋကများကို ခုဒ္ဒနိကာယ်ထဲမှာ ထည့်သွင်းရေတွက် ရမှာဖြစ်ပါတယ်။

အဘိဓမ္မာပိဋက
အဘိဓမ္မာ ပိဋကတ်ဟာ သတ္တလောက သင်္ခါရလောက သြကာသလောကလို့ ဆိုတဲ့ လောကသုံးပါးနဲ့ နိဗ္ဗာန်အကြောင်းကို ပရမတ္ထတရားလေးပါးအဖြစ် ခွဲခြမ်းစိပ်ဖြာကာ သဘောတရား ဖြစ်စဉ်များအတိုင်း အကြောင်းအရာ မှန်ကန်ပြည့်စုံစွာ ဟောကြားထားတဲ့ ပရမတ္ထ ဒေသနာတော် ဖြစ်ပါတယ်။ အဘိဓမ္မာပိဋကကို ဟောကြားပုံနည်းအရ ကျမ်းအမည် (၇)မျိုးနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒါကို အဘိဓမ္မာ (၇)ကျမ်းလို့ ဒီနေ့သုံးစွဲနေကြခြင်းဖြစ်ပါတယ်။ ဒီ (၇)ကျမ်းက
(၁) ဓမ္မသင်္ဂဏီ
(၂) ၀ိဘင်္ဂ (၀ိဘင်း)
(၃) ဓာတုကထာ
(၄) ပုဂ္ဂလပညတ္တိ (ပုဂ္ဂလပညတ်)
(၅) ကထာဝတ္ထု
(၆) ယမက (ယမိုက်)
(၇) ပဋ္ဌာန (ပဋ္ဌာန်း) တို့ပဲ ဖြစ်ပါတယ်။

ဒီမှာ ဖော်ပြခဲ့တဲ့ ပိဋကတ်သုံးပုံဟာ ပထမသင်္ဂါယနာ တင်ကတည်းက သံဃာ့မထေရ်ကြီးများ အစဉ်အဆက် မပျောက်ပျက်ရအောင် လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ကြတဲ့ မူရင်း ဗုဒ္ဓဓမ္မများ ဖြစ်ပါတယ်။ ဒီပိဋကတ်သုံးပုံဟာ ဘုရားရှင်နှင့်တကွ အရှင်မဟာကဿပ စတဲ့ မထေရ်ကြီးများရဲ့ အယူဝါဒများ ဖြစ်တဲ့အတွက်လည်း ထေရ၀ါဒ (ထေရ- ဘုရားအစရှိတဲ့ ရဟန္တာမထေရ်ကြီးများရဲ့၊ ၀ါဒ- အယူဝါဒ၊ ဟောပြောသင်ကြားချက်) ဓမ္မများလို့လည်း ဆိုပါတယ်။ ယနေ့ထေရ၀ါဒ ငါးနိုင်ငံဖြစ်တဲ့ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဘောဒီယား၊ လာအိုနိုင်ငံများမှာရှိတဲ့ ပိဋကတ်များဟာ ပထမသင်္ဂါယနာမှာ ချမှတ်ခဲ့တဲ့အတိုင်း ဘုရားဟော တရားတော်များကို ပြင်ဆင်ခြင်း ဖြည့်စွက်ခြင်း၊ နှုတ်ပယ်ခြင်းမရှိ အရှိအတိုင်း တစ်သွေမတိုင်း လက်ခံလိုက်နာ ကျင့်သုံးနေကြတဲ့ ထေရ၀ါဒ ပိဋကတ်တော်များ ဖြစ်ပါတယ်။

ဒါကြောင့် ဒီကနေ့ လူအများ ပြောဆိုနေကြတဲ့ ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်၊ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဆိုတဲ့ အပြောအဆို အသုံးအနှုန်းများဟာ စကားလုံးအားဖြင့် အခေါ်အဝေါ် ကွဲနေကြပေမယ့် အချုပ်အားဖြင့် ၄၅၀ါပတ်လုံး မနေမနား ဟောကြားတော်မူခဲ့တဲ့ ဗုဒ္ဓဓမ္မ (ဘုရားတရား)၊ ဗုဒ္ဓ၀စန (ဘုရားစကား)တော် အစစ်အမှန်များသာ ဖြစ်ပါကြောင်း၊ ရဟန္တာမထေရ်ကြီးများ ကိုယ်တော်တိုင်း အကြိမ်အကြိမ် တည်းဖြတ်သုတ်သင်ကာ အမှားအယွင်းမရှိ အပိုအလိုမရှိအောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြတဲ့ ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များသာ ဖြစ်ပါကြောင်း ဝေါဟာရများအပေါ်မှာ သို့လောသို့လော ဖြစ်နေကြတဲ့ ဗုဒ္ဓဘာသာဝင် အချို့အတွက် သံသယ ကင်းစေဖို့ ပိဋကတ်မိတ်ဆက်အဖြစ် ဒီပို့စ်လေးကို အသိပေးတင်ပြ လိုက်ရခြင်း ဖြစ်ပါတယ်။

Read more »

လူဖြစ်စေ ရဟန်းဖြစ်စေ…

ယနေ့ခေတ်သည် ရုပ်ပိုင်းဆိုင်ရာများ တစ်နေ့တစ်ခြား တိုးတက်ထွန်းကား လာသည်နှင့်အမျှ စိတ်ပိုင်း ဆိုင်ရာများတွင် တဖြည်းဖြည်း ဆုတ်ယုတ်လာနေသည့် ခေတ်ဖြစ်၏။ စိတ်ပိုင်းဆိုင်ရာများ ဆုတ်ယုတ်လာသည်နှင့် အမျှ ဒုက္ခတရားများသည်လည်း ပိုမိုပြင်းထန် လာနေပြန်၏။ စားဝတ်နေရေး ကျန်းမာရေး ကိစ္စများတွင် ရုန်းကန်လှုပ်ရှားရင်း ဒုက္ခများဖြင့် မဆုံးနိုင်အောင် ဖြစ်နေကြ၏။ ထို့ကြောင့် အချို့က လူ့ဘောင်လောကသည် ဒုက္ခမျိုးစုံနှင့် ကျင်လည်နေရသည့် လောကဖြစ်သဖြင့် ကုသိုလ်အဖြစ် နည်းနေသောကြောင့် ကုသိုလ်တရား များများအားထုတ်နိုင်သည့် ရဟန်းဘ၀ကို အားကျနေကြ၏။ ရဟန်းဘ၀သည်သာ ကုသိုလ်တရားများ ကြိုးစားနိုင်သည့် ဘ၀ဟု ခံယူထားကာ ရဟန်းပြုရန်ပင် အားခဲထားကြ၏။

သို့သော် အချို့သာသနာ့ ၀န်ထမ်းရဟန်းတော်များကား ထိုသို့မမြင်။ ရဟန်းဘ၀သည် ၀ိနည်းသိက္ခာပုဒ်များ၊ စောင့်ထိန်းလိုက်နာ ကျင့်ကြံဖွယ်များ၊ ချုပ်တီးထားရသည်များ အလွန်များပြားသည့်အပြင် အကုသိုလ် အပြစ်ဖြစ်ရန်လည်း လွယ်ကူသည့် ဘ၀ဖြစ်၏။ တစ်ဘက်ကလည်း လှူဒါန်းထောက်ပံ့မှု နည်းပါးလာသည့် ယနေ့ခေတ်တွင် ရဟန်းဘ၀ ရပ်တည်မှုမှာ ခက်ခဲကြပ်တည်းလာသဖြင့် ရဟန်းဘ၀ နေရသည်မှာ မလွယ်လှကြောင်း တွေးမြင်လာကြ၏။ ပုထုဇင်ရဟန်းများ ဖြစ်နေကြသဖြင့်လည်း ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများအပေါ် တောင့်တမှုများလည်း ရှိကောင်းရှိနိုင်ကြ၏။ ရဟန်းဘ၀ အခက်အခဲကို လူ့လောက၏ ခဏတာ သာယာမှုများနှင့် ယှဉ်တွဲကာ လူ့ဘောင်လောကသည်သာ စောင့်ထိန်းနိုင်သမျှ ကိုယ်ကျင့်သိက္ခာပုဒ်များကို စောင့်ထိန်းရင်း အခြားကုသိုလ် တရားများအားလည်း ပိုမိုကြိုးစားနိုင်သည့် ဘ၀ဖြစ်သည်ဟု ထင်နေကြပြန်၏။ မြင့်ရာမှကျလျင် ပို၍နာတတ်သဖြင့် မထိန်းချုပ်နိုင်ဘဲ ရဟန်းဘ၀၌ နေသည်ထက်စာလျင် လူ့ဘောင်လောကမှာပင် ငါးပါးသီလလေး လုံအောင်ထိန်းပြီး တတ်နိုင်သမျှ ကုသိုလ်ကောင်းမှုများ ပြုခြင်းသည်သာ အကောင်းဆုံးဟု ယူဆပြီး လူ့ဘ၀ကို ပြောင်းလိုနေကြ၏။ လူဘောင်လောကသားများက ရဟန်းဘ၀ကို အားကျနေကြသကဲ့သို့ ရဟန်းတော်များကလည်း လူ့ဘောင်လောကကို အားကျနေကြပြန်၏။ မည်သည့်ဘ၀သည် ကုသိုလ်ကောင်းမှုများကို ပိုမိုကြိုးစား အားထုတ်နိုင်သည့် ဘ၀ဖြစ်သည်ကို အသီးသီးသော မိမိတို့ကျင်လည်ရာ လက်ရှိအခြေအနေများဖြင့် ချိန်ထိုးနေကြ၏။

စင်စစ် လူဖြစ်စေ ရဟန်းဖြစ်စေ မည်သည့်ဘ၀မှာပင် ရှိရှိ ကုသိုလ်ကောင်းမှုသည် ကြိုးစားအားထုတ်နိုင်သူများ အတွက်သာ ဖြစ်၏။ ရဟန်းဖြစ်နေသော်လည်း ကုသိုလ်ကောင်းမှု မလုပ်လျှင် ရဟန်းဘ၀သည် ကုသိုလ်မရနိုင်သည့် ဘ၀ဖြစ်ပြီး လူဖြစ်နေသော်လည်း မကောင်းမှုကိုရှောင်ပြီး ကောင်းမှုကို ဆောင်ထားလျှင် လူ့ဘ၀သည် ကုသိုလ်ရနိုင်သည့် ဘ၀ဖြစ်၏။ လူဖြစ်စေ ရဟန်းဖြစ်စေ ရရှိထားသည့် ဘ၀ကို တန်ဘိုးရှိအောင် အသုံးချရင်း ရရှိထားသည့် အနေအထားများဖြင့် ရနိုင်သမျှ ကုသိုလ်တရားများအား ကြိုးစားပွားများနိုင်လျှင် ထိုဘ၀သည် အမြတ်ဆုံးဘ၀၊ အကောင်းဆုံးဘ၀၊ ကုသိုလ်အရဆုံး ဘ၀သာဖြစ်၏။ ရရှိထားသည့် ဘ၀တွင် ကောင်းမှုမပြုဘဲ နေပါက ရဟန်းဘ၀ ရထားသော်လည်း ကုသိုလ်မရ၊ အကုသိုလ်များဖြင့်သာ ရှိနေကြမည်သာ ဖြစ်၏။

ဗုဒ္ဓမြတ်စွာ သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးနေစဉ်အခါက သုဘအမည်ရှိသည့် လုလင်တစ်ယောက် ဘုရားထံရောက်လာပြီး မြတ်စွာဘုရားရှင်အား လျှောက်ထားတော်မူသည့် စကားများရှိ၏။ သုဘလုလင်က မြတ်စွာဘုရားရှင်အား “အရှင်ဂေါတမ… အချို့ပုဏ္ဏားတို့သည် လူဝတ်ကြောင်သည်သာလျှင် နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေနိုင်ပြီး ရဟန်းသည် နည်းလမ်းမှန်သည့် ကုသိုလ်တရားကို မပြည့်စုံစေနိုင်ဟု ပြောဆိုကြပါသည်၊ အရှင်ဂေါတမအနေမြင့် ဤပြောဆိုချက်ကို မည်သို့မြင်ပါသနည်း…”ဟု မေးလျှောက်လေ၏။

မြတ်ဗုဒ္ဓက “လုလင် ဤနေရာ၌ ငါဘုရားသည် တစ်ဖက်သက်အနေဖြင့် ဟောကြားခြင်းကို မပြုလိုပေ၊ ခွဲခြားဝေဘန်၍သာ ဟောကြားပေးရမည် ဖြစ်၏၊ လုလင် ငါဘုရားသည် လူဖြစ်စေ ရဟန်းဖြစ်စေ မှားသောအကျင့်ကို ကျင့်မည်ဆိုပါက မည်သို့သော သူတို့၏ အကျင့်ကိုမျှ ချီးကျူးမှုကို မပြုနိုင်ပေ၊ လူဖြစ်စေ ရဟန်းဖြစ်စေ မှားသောအကျင့်ကို ကျင့်ပါက ကုသိုလ်တရားနှင့် မပြည့်စုံနိုင်ကြပေ၊ လူဖြစ်စေ ရဟန်းဖြစ်စေ မှန်သောအကျင့်ကို ကျင့်ကြံပါက ချီးကျူးမည်ဖြစ်ပြီး ထိုမှန်သော အကျင့်ကို ကျင့်ခြင်းကြောင့် နည်းလမ်းမှန်သည့် ကုသိုလ်တရားနှင့် ပြည့်စုံနိုင်ပေ၏…” စသည်ဖြင့် မိန့်တော်မူ၏။

ဆက်လက်၍ သုဘလုလင်က “အရှင်ဘုရား.. ကြီးကျယ်များပြားသည့် ပြုဖွယ်ဝေယျာဝစ္စ၊ မြောက်များစွာသော ပြုဖွယ်ကိစ္စ၊ အလွန်ကြီးကျယ်သည့် ကြောင့်ကြဖွယ်ကိစ္စ စသည် ရှိနေကြသည့် အိမ်ရာတည်ထောင် လူ့ဘောင်၌ နေသော သူတို့၏ အလုပ်သည် ကြီးကျယ်သော အကျိုးရှိပြီး အနည်းငယ်သာ ကြောင့်ကြစိုက်ဖွယ်၊ ပြုဖွယ်ကိစ္စရှိသည့် ရဟန်းဘောင်၌ နေသောသူတို့၏ အလုပ်သည် နည်းသောအကျိုးရှိကြောင်း စသည်ဖြင့် ပုဏ္ဏားတို့က ဆိုကြပါသည်၊ အရှင်ဂေါတမအနေဖြင့် ဤပြောဆိုယူဆချက်ကို မည်သို့မြင်ပါသနည်း…”ဟု ထပ်မံ မေးလျှောက်ပြန်၏။

မြတ်ဗုဒ္ဓက “လုလင် ဤနေရာ၌ ငါဘုရားသည် တစ်ဖက်သက်အနေဖြင့် ဟောကြားခြင်းကို မပြုလိုပေ၊ ခွဲခြားဝေဘန်၍သာ ဟောကြားပေးရမည် ဖြစ်၏၊ လုလင် ကြီးကျယ်များပြားသည့် ပြုဖွယ်ဝေယျာဝစ္စ၊ မြောက်များစွာသော ပြုဖွယ်ကိစ္စ၊ အလွန်ကြီးကျယ်သည့် ကြောင့်ကြဖွယ်ကိစ္စ စသည် ရှိနေကြသည့် အိမ်ရာတည်ထောင် လူ့ဘောင်၌ နေသော သူတို့၏ အလုပ်သည် အကယ်၍ ချွတ်ယွင်းနေသည်ရှိသော် အနည်းငယ်သာ အကျိုးရှိနိုင်ပြီး ထိုသူတို့၏ အလုပ်သည် အပြစ်ကင်းပြီး ပြီးပြည့်စုံလျှင် ကြီးကျယ်သော အကျိုးကို ဖြစ်စေ၏၊ ထို့အတူ အနည်းငယ်သာ ကြောင့်ကြစိုက်ဖွယ်၊ ပြုဖွယ်ကိစ္စရှိသည့် ရဟန်းဘောင်၌ နေသောသူတို့၏ အလုပ်သည် အကယ်၍ ချွတ်ယွင်းနေသည်ရှိသော် အနည်းငယ်သာ အကျိုးရှိနိုင်ပြီး ထိုသူတို့၏ အလုပ်သည် အပြစ်ကင်းပြီး ပြီးပြည့်စုံလျှင်ကား ကြီးကျယ်သော အကျိုးကို ဖြစ်စေနိုင်ပေ၏..” စသည်ဖြင့် ဖြေကြားပေးတော်မူ၏။ ဤကား သုဘလုလင်နှင့် မြတ်စွာဘုရားရှင်တို့၏ လူ့ဘောင်လောက၊ ရဟန်းလောကနှင့် စပ်လျဉ်းသည့် လုပ်ဆောင်ချက်များ၊ ကုသိုလ်အကျိုး ကြီးမကြီးနှင့် ဆက်စပ်သည့် အမေးအဖြေများမှာ တစ်စိပ်တစ်ဒေသ ဖြစ်၏။

ဤ၌ မြတ်ဗုဒ္ဓအလိုအရ ကုသိုလ်ကောင်းမှု အကျိုးကြီးမှု၊ မကြီးမှု ပြည့်စုံမှု မပြည့်စုံမှုသည် မိမိတို့ လက်ရှိရရှိထားသည့် ဘ၀ပေးအခြေအနေများနှင့် မသက်ဆိုင်ဘဲ လူဖြစ်စေ၊ ရဟန်းဖြစ်စေ ဖြစ်နေရသည့် ဘ၀အခြေအနေတွင် မိမိတို့ လုပ်ဆောင်နေသည့် အလုပ်များ၊ လုပ်ရပ်များနှင့်သာ သက်ဆိုင်ကြောင်း နားလည်သဘောပေါက် နိုင်မည်ဖြစ်၏။ မည်သည့်ဘ၀တွင်ရှိရှိ ပြုဖွယ်ကိစ္စနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ မိမိတို့လုပ်သည့် အလုပ်သည် အပြစ်ကင်းပြီး ချွတ်ယွင်းမှု မရှိသည့် အလုပ်ဖြစ်ပါက ကုသိုလ်အဖြစ်လွယ်ကာ အကျိုးကြီးသည့် အလုပ်ဖြစ်ပြီး အပြစ်နှင့်တကွ မှားယွင်းသည့် အလုပ်ဖြစ်ပါက ကုသိုလ်အဖြစ်နည်းကာ အကျိုးပေးနည်းသည့် အလုပ်သာ ဖြစ်ကြောင်း သတိပြုနိုင်မည် ဖြစ်၏။ ပြုဖွယ်ကိစ္စနည်းသည့် ရဟန်းဘ၀ပင် ဖြစ်သော်လည်း လုပ်ဆောင်သည့် အလုပ်သည် မှားယွင်းသည့် အလုပ်ဖြစ်ပါက ကုသိုလ်မဖြစ်နိုင်ဘဲ အကျိုးမဲ့ ဖြစ်စေနိုင်သကဲ့သို့ ပြုဖွယ်ကိစ္စများသည့် လူ့ဘ၀ပင်ဖြစ်သော်လည်း လုပ်သမျှ အလုပ်သည် အပြစ်ကင်းပြီး မှန်ကန်နေပါက ကုသိုလ်အဖြစ်လွယ်ကာ အကျိုးကျေးဇူး ကြီးနိုင်ကြောင်း စဉ်းစားဆင်ခြင် နိုင်ပေ၏။

မှန်၏။ လူ့လောကနှင့်ယှဉ်လျင် ရဟန်းဘ၀သည် ပြုဖွယ်ကိစ္စ အလွယ်နည်းပါးလှ၏။ ပြုဖွယ်ကိစ္စ နည်းပါးသည်ဆိုရာတွင် အိမ်ရာတည်ထောင် လူ့ဘောင်သားများ ပြုလုပ်လေ့ရှိကြသည့် လူမှုကိစ္စများ နည်းပါးသည်ကိုသာ ဆိုလို၏။ ရဟန်းများ ပြုလုပ်ရမည့် ကိစ္စများကား မရေမတွက်နိုင်အောင် များပြား၏။ ကျင့်ကြံမှုများ၊ စောင့်ထိန်းမှုများ၊ ပွားများမှုများ စသည်ဖြင့် လူဘောင်လောကသားများ မလုပ်နိုင်သည့် အလုပ်များသည် အမှန်အလုပ်လုပ်နေသည့် ရဟန်းတော်များအဖို့ အချိန်မလုံလောက်လှပေ။ စင်စစ် မည်သို့ပင် လောကီကိစ္စများ နည်းပါးနေပါသော်လည်း ရဟန်းကိစ္စများ မလုပ်ပါက ရဟန်းဘ၀သည်လည်း ကုသိုလ်အဖြစ်နည်းသည့် ဘ၀ပင်ဖြစ်၏။ နည်းရမည့် ကိစ္စများကို များနေကြလျှင်လည်း ကုသိုလ်အဖြစ် နည်းနေပြန်၏။ အချို့ရဟန်းတော်များရှိ၏။ ရဟန်းအလုပ်မလုပ်ဖြစ်ဘဲ လူအလုပ်များ လိုက်လုပ်နေမိသဖြင့် လူလောက်ပင် ကုသိုလ်မဖြစ်ဘဲ ရှိနေကြ၏။ ပိုဆိုးသည်မှာ ကုသိုလ်မရသည့်အပြင် သင်္ကန်းဝတ်ဖြင့် ရဟန်းအလုပ်မလုပ်ဘဲ လူအလုပ်များ လုပ်နေသောကြောင့် အကုသိုလ်အပြစ်များ ပိုမိုဖြစ်ပွားနေသည့် အချက်ပင် ဖြစ်၏။ မြင့်ရာမှကျလျင် ပိုပြီးနာရမည့် အလုပ်များဖြင့် အကုသိုလ်အပြစ်များသာ အဖြစ်များနေကြ၏။ ဤသည်မှာ ပြုဖွယ်ကိစ္စနည်းသည့် ရဟန်းဘ၀တွင် ရှိနေသော်လည်း ရဟန်းအလုပ်မလုပ်သဖြင့် ကုသိုလ်အဖြစ်နည်းကာ အကုသိုလ် အဖြစ်များနေသည့် သဘောပင် ဖြစ်၏။

လူ့ဘောင်လောကတွင်လည်း အချို့လူများသည် လူမှုကိစ္စများ မည်မျှပင် များပြားနေသော်လည်း လုပ်သမျှ အလုပ်များတွင် အပြစ်ကင်းအောင် လုပ်ဆောင်လေ့ရှိကြ၏။ အလုပ်များသော်လည်း အကျင့်မမှားစေဘဲ သတိထားကာ လုပ်ဆောင်ကြ၏။ လောကီအလုပ်များလုပ်ရင်း ဘ၀သံသရာ ကောင်းမှုအထုပ်များကိုလည်း ထုတ်နိုင်အောင် ကြိုးစားကြ၏။ လောကီအလုပ်များ မည်မျှပင် များပြားနေသော်လည်း သရဏဂုံနှင့် ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းရင်း စွမ်းနိုင်သမျှ ဒါနနှင့် သမထအလုပ်၊ ၀ိပဿနာ ဘာဝနာ အလုပ်များကို မပြတ်လုပ်ဆောင်ကြ၏။ ထိုသူများသည် လောကီအလုပ်များသော်လည်း ကုသိုလ်ရေးတွင်လည်း မနားသဖြင့် ကုသိုလ်တရားများ အဖြစ်များကြ၏။ လူ့ဘောင်လောကတွင် ရှိသော်လည်း အကုသိုလ်အဖြစ်နည်းကာ ကုသိုလ်အဖြစ်များသူများ ဖြစ်နေကြ၏။ ဤသည်မှာ ပြုဖွယ်ကိစ္စ များပြားလှသည့် လူ့ဘောင်လောကတွင် ရှိနေသော်လည်း လုပ်သမျှ အလုပ်များတွင် ချွတ်ချော်မှားယွင်းမှုမရှိ၊ အပြစ်ကင်းအောင် လုပ်ဆောင်နေသဖြင့် အကုသိုလ်အဖြစ်နည်းကာ ကုသိုလ်အဖြစ်များနေသည့် သဘောပင် ဖြစ်၏။

ဆိုလိုသည်မှာ ပြုဖွယ်ကိစ္စများသည့် လူဘောင်လောကရှိ လူဖြစ်စေ၊ ပြုဖွယ်ကိစ္စနည်းသည့် ရဟန်းဘောင်တွင် ရှိနေသည့် ရဟန်းဖြစ်စေ လုပ်သမျှ အလုပ်များတွင် အမှားနည်းပြီး ချွတ်ယွင်းမှုမရှိဘဲ အပြစ်ကင်းစင်အောင် လုပ်နိုင်လျှင် ကုသိုလ်အဖြစ်များနိုင်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ လူဖြစ်စေ ရဟန်းဖြစ်စေ ရရှိနေသည့် ဘ၀တွင် လုပ်သမျှအလုပ်များ၌် အပြစ်ကင်းအောင်၊ အကုသိုလ်မဖြစ်အောင်သာ ကြိုးစားကြရန်သာ ဖြစ်ပါ၏။ ထိုသို့သာ လုပ်နိုင်မည်ဆိုလျှင် လူ့ဘ၀သည်လည်း ကုသိုလ်အဖြစ်များပြီး ရဟန်းဘ၀သည်လည်း အကုသိုလ်အဖြစ်နည်းကာ ကုသိုလ်အဖြစ်များနိုင်မည်သာ ဖြစ်ပါ၏။

ထို့ကြောင့် ကိစ္စများမှု မများမှုဖြင့် သတ်မှတ်ကြသည့် လူ့ဘ၀၊ ရဟန်းဘ၀ဟူသည့် သတ်မှတ်ချက်တွင် အချည်းနှီးကိစ္စများ၌ အလုပ်များနေလျှင် လူဖြစ်စေ၊ ရဟန်းဖြစ်စေ ကုသိုလ်အဖြစ်နည်းသူများ ဖြစ်နေမည် ဖြစ်ပြီး အပြစ်ကင်းကာ ချွတ်ယွင်းချက် နည်းသည့် အလုပ်များလုပ်နေပါက ကုသိုလ်အဖြစ်များသူများ ဖြစ်နေကြမည်သာ ဖြစ်ပါသဖြင့် သူ့ကိုယ်အားကျ ကိုယ့်သူအားကျနေသည်ထက် ရရှိနေသည့် ဘ၀တွင်သာ အကုသိုလ်အဖြစ်နည်းပြီး ကုသိုလ်အဖြစ်များအောင် ကြိုးစားခြင်းသာ အကောင်းဆုံး ဖြစ်ပါကြောင်း၊ လူဖြစ်စေ ရဟန်းဖြစ်စေ ကုသိုလ်ကောင်းမှုသည် လုပ်နိုင်သူများအတွက်သာ ဖြစ်သဖြင့် ဖြစ်သမျှ ဘ၀၊ ရသမျှ အခြေအနေတွင် ကုသိုလ်ကောင်းမှုကို ရသမျှစုခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါကြောင်း သတိပေးစကား ပြောကြားလိုက်ရပေတော့၏။ အားလုံး အပြစ်ကင်းသည့် အလုပ်များဖြင့် ကုသိုလ်အဖြစ် များနိုင်ကြပါစေ…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ