သိကြားမင်း နတ်သက်ဆက်သွားခြင်းအကြောင်း…

Q. အရှင်ဘုရား… တပည့်တော် ဆရာတော်ကြီးတစ်ပါး ဟောကြားတော်မူတဲ့ တရားတော်ကို နာတဲ့အခါ သိကြားမင်းဟာ နတ်သက်ကြွေခါနီး ဘုရားရှင်ထံ သွားရောက်ပြီး မေးခွန်းများမေးလို့ တရားနာလိုက်တာ တရားနာနေရင်းနဲ့ပဲ နတ်သက်ကြွေကာ နတ်သက်အသစ်နဲ့ လက်ရှိသိကြားရာထူးကို ပြန်ရလို့ နှစ်ဘ၀တရား နာခဲ့ရကြောင်း မှတ်သားရပါတယ်ဘုရား။ တပည့်တော် သိချင်တာက သိကြားမင်းမေးတဲ့ မေးခွန်းတွေနဲ့ မြတ်စွာဘုရားရှင်ရဲ့ ဖြေကြားချက်တွေကို သိချင်ပါတယ်။ ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား..
မနီနီမာ

A. မင်္ဂလာပါ… မေးခွန်းရှင်ရဲ့ အမေးကို တိတိကျကျ ဖြေပေးနိုင်ဖို့ ဟောကြားတော်မူတဲ့ ဆရာတော်ရဲ့ တရားကို နာကြည့်တဲ့အခါမှာ မြတ်စွာဘုရားရှင် ဣန္ဒသာလလိုဏ်ဂူမှာ သီတင်းသုံးနေတဲ့အချိန် သိကြားမင်းရောက်လာပြီး မေးခွန်းတွေမေးကာ တရားနာတဲ့အကြောင်း သိခွင့်ရလိုက်ပါတယ်။ ဣန္ဒသာလဂူမှာ ဟောတဲ့တရားတော်ဆိုရင် ပိဋကတ်တော်လာ ဒီဃနိကာယ်၊ မဟာဝဂ္ဂ သံယုတ်မှာပါတဲ့ သက္ကပဥှသုတ်ပဲ ဖြစ်ပါတယ်။ ပါဠိတော်မူရင်းမှာပါတဲ့ အမေးအဖြေတွေကို ရေတွက်ကြည့်လိုက်တဲ့အခါ (၁၄)ချက်မဟုတ်ဘဲ (၁၂)ချက်ပဲ တွေ့ရပါတယ်။ တစ်ချို့မေးခွန်းတွေက ပေါင်းမေးထားတာ ဖြစ်တဲ့အတွက် ခွဲလိုက်ရင်တော့ (၁၄) ချက်ဖြစ်မှာပါ။ ဒါကြောင့် ဒီနေရာမှာတော့ ပါဠိတော် မူရင်းမှာပါတဲ့ သိကြားမင်းနဲ့ ဘုရားရှင်တို့အမေးအဖြေ (၁၂)ချက်ကိုပဲ အကျဉ်းချုံ့ပြီး ဖြေကြားပေးလိုက်ပါတယ်။

သိကြားမင်းအမေး… (၁)
“အရှင်ဘုရား လောကရှိ လူနတ်ဗြဟ္မာ အသုရာနှင့် နဂါးဂန္ဓဗ္ဗစသူတို့ဟာ တစ်ဦးအပေါ်တစ်ဦး ရန်ငြိုးကင်းကြစေဖို့၊ ဒဏ်ထားခြင်းကင်းကြစေဖို့၊ ရန်ကင်းကြစေဖို့၊ စိတ်ဆင်းရဲခြင်းကင်းကြစေဖို့၊ အမျက်ထွက်ခြင်းကင်းကြစေဖို့ စသဖြင့် လိုလားတောင့်တကြပါတယ်။ ဒါပေမယ့် ဒီလို လိုလားတောင့်တ ကြပေမယ့်လည်း တစ်ဦးနဲ့တစ်ဦး ရန်ငြိုးတွေဖွဲ့ကြ၊ ဒဏ်ခတ်ကြ၊ ရန်ပြုကြ၊ စိတ်ဆင်းရဲအောင်လုပ်ကြ၊ အမျက်ထွက်အောင် လုပ်ကြပါတယ်။ ဒီလိုတောင်တပေမယ့် တောင့်တတိုင်း ဖြစ်မလာတာဟာ ဘယ်လိုအနှောင်အဖွဲ့ကြောင့်ပါလဲဘုရား…“
မြတ်စွာဘုရားအဖြေ…
“နတ်တို့အရှင် သိကြားမင်း ပုဂ္ဂိုလ်သတ္တ၀ါတွေဟာ တစ်ဦးနဲ့တစ်ဦး သိကြားမင်းပြောတဲ့ ဆန္ဒများနဲ့ လိုလားတောင့်တပေမယ့် သူတို့လိုလားတောင့်တတိုင်း ဖြစ်မလာရတာဟာ သူတို့သန္တာန်မှာ ရှိနေကြတဲ့ ဣဿာမစ္ဆရိယ သံယောဇဉ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဣဿဆိုတာ သူတပါးအပေါ်မနာလိုခြင်းဖြစ်ပြီး မစ္ဆရိယဆိုတာကတော့ မိမိမှာရှိတဲ့အရာတွေမှာ ၀န်တိုခြင်း ဖြစ်ပါတယ်“

သိကြားမင်းအမေး… (၂)
“အရှင်ဘုရား ဒီလိုဆိုရင် ဒီဣဿာမစ္ဆရိယတို့ရဲ့ အခြေခံအကြောင်းတရား၊ တိုးတက်ဖြစ်ပွားရာ အကြောင်းတရား၊ ထင်ရှားဖြစ်ပေါ်ရာ အကြောင်းတရား၊ စတင်ဖြစ်ပေါ်ရာ အကြောင်းတရားဟာ ဘာကြောင့်ဖြစ်ရပြီး ဘယ်လိုတရားများရှိရင် ဒီဣဿာမစ္ဆရိယ ဖြစ်တတ်ပြီး ဘယ်လိုတရားများ မရှိပါက ဒီတရားများ မဖြစ်တတ်ပါလဲဘုရား…“
မြတ်စွာဘုရားအဖြေ…
“နတ်တို့အရှင် သိကြားမင်း ချစ်ခြင်း မုန်းခြင်းဆိုတဲ့ သဘောတရားဟာ ဒီဣဿာမစ္ဆရိယတို့ရဲ့ အခြေခံစတင်ဖြစ်ပေါ်ရာဖြစ်ပြီး ထင်ရှားတိုးတက်ရာလည်း ဖြစ်စေပါတယ်။ ဒီချစ်ခြင်းမုန်းခြင်းရှိရင် ဣဿာမစ္ဆရိယ ရှိတတ်ပြီး၊ ချစ်ခြင်းမုန်းခြင်းမရှိရင်တော့ ဣဿာမစ္ဆရိယလည်း မရှိတတ်ပါဘူး“

သိကြားမင်းအမေး… (၃)
“အရှင်ဘုရား ဒီလိုဆိုရင် ဒီချစ်ခြင်းမုန်းခြင်းတို့ရဲ့ အခြေခံစတင်ဖြစ်ပေါ်ရာနဲ့ ထင်ရှားတိုးတက်ရာတို့ဟာ ဘာကြောင့်ဖြစ်ရပြီး ဘယ်လိုအရာက ဒီချစ်ခြင်းမုန်းခြင်း ဖြစ်မဖြစ်ကို ဖန်တီးပေးတယ်ဆိုတာ သိချင်ပါတယ်ဘုရား…“
မြတ်စွာဘုရားအဖြေ…
“သိကြားမင်း လိုချင်ခြင်း ဆန္ဒကြောင့် ဒီချစ်ခြင်းမုန်းခြင်းတို့ စတင်ဖြစ်ပေါ် တိုးတက်ပြန့်ပွားခြင်းဖြစ်ပြီး ဒီလိုချင်ခြင်းဆန္ဒရှိရင် ချစ်ခြင်းမုန်းခြင်း ရှိတတ်ကာ လိုချင်ခြင်း ဆန္ဒမရှိရင်တော့ ဒီချစ်ခြင်းမုန်းခြင်းလည်း မရှိတတ်ပါဘူး“

သိကြားမင်းအမေး… (၄)
“အရှင်ဘုရား ဒီလိုဆိုရင် ဒီလိုချင်ခြင်းဆန္ဒရဲ့ အခြေခံစတင်ဖြစ်ပေါ်ခြင်းနဲ့ တိုးတက်ထင်ရှားခြင်းတို့ဟာ ဘာကြောင့်ဖြစ်ရပြီး ဘယ်အရာက ဒီလိုချင်ခြင်းဆန္ဒ ဖြစ်မဖြစ်ကို ဖန်တီးပေးပါလဲဘုရား…“
မြတ်စွာဘုရားအဖြေ…
“သိကြားမင်း ကြံစည်ခြင်း ၀ိတက်ကြောင့် ဒီလိုချင်ခြင်း ဆန္ဒတို့ စတင်ဖြစ်ပေါ် တိုးတက်ပြန့်ပွားခြင်းဖြစ်ပြီး ဒီကြံစည်ခြင်း ၀ိတက်ရှိရင် လိုချင်ခြင်း ဆန္ဒရှိတတ်ကာ ၀ိတက်မရှိပါက ဆန္ဒလည်း မရှိတတ်ပါဘူး…“

သိကြားမင်းအမေး… (၅)
“အရှင်ဘုရား ဒီလိုဆိုရင် ဒီကြံစည်ခြင်း ၀ိတက်ရဲ့ အခြေခံစတင်ဖြစ်ပေါ်ရာနဲ့ တိုးတက်ထင်ရှားရာတို့ဟာ ဘာကြောင့်ဖြစ်ပေါ်ပြီး ဘယ်အရာများက ဒီကြံစည်ခြင်း ၀ိတက် ဖြစ်မဖြစ်ကို ဖန်တီးပေးပါလဲဘုရား…“
မြတ်စွာဘုရားအဖြေ…
“သိကြားမင်း သံသရာချဲ့ထွင်တတ်တဲ့ တဏှာ မာန ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားအစုကြောင့် ဒီကြံစည်ခြင်း ၀ိတက်တို့ စတင်ဖြစ်ပေါ် တိုးတက်ပြန့်ပွားခြင်းဖြစ်ပြီး ဒီသံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စတရားများရှိရင် ၀ိတက်ရှိတတ်ကာ ပပဉ္စတရားများ မရှိပါက ကြံစည်ခြင်း ၀ိတက်လည်း မရှိတတ်ပါဘူး…“

သိကြားမင်းအမေး… (၆)
“အရှင်ဘုရား ဒီလိုဆိုရင် ဘယ်လိုအကျင့်မျိုးကို ကျင့်ကြံအားထုတ်ရင် ဒီသံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စတရားများ ချုပ်ငြိမ်းစေပြီး နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ကျင့်သည်မည်ပါလဲဘုရား…“
မြတ်စွာဘုရားအဖြေ…
“သိကြားမင်း ၀မ်းမြောက်ခြင်းဟူသော သောမနဿ၊ နှလုံးမသာခြင်းဟူသော ဒေါမနဿ၊ လျစ်လျူရှုခြင်းဟူသော ဥပေက္ခာလို့ခေါ်တဲ့ ခံစားခြင်း ဝေဒနာကမ္မဋ္ဌာန်းကို ကျင့်ကြံပွားများ အားထုတ်နိုင်ပါက ဒီသံသရာ ချဲ့ထွင်တတ်တဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားများကို ချုပ်ငြိမ်းစေပြီး နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ကျင့်ရာရောက်ပါတယ်။ ၀မ်းမြောက်ခြင်း သောမနဿမှာလည်း မှီဝဲအပ်တဲ့ သောမနဿ မမှီဝဲအပ်တဲ့ သောမနဿလို့ နှစ်မျိုးရှိပြီး ဒီသောမနဿကို အမှီပြုခြင်းကြောင့် မိမိသန္တာန်မှာ အကုသိုလ်တရား တိုးပွားပြီး ကုသိုလ်တရားများ ဆုတ်ယုတ်ပါက အဲဒီသောမနဿကို မမှီဝဲအပ်ဘဲ၊ ဒီသောမနဿကို အမှီပြုခြင်းကြောင့် မိမိမှာ အကုသိုလ်တရားများ ဆုတ်ယုတ်ပြီး ကုသိုလ်တရားများ တိုးပွားပါက အဲဒီသောမနဿကို မှီဝဲအပ်ပါတယ်။ ကြံစည်ခြင်း ၀ိတက်၊ သုံးသပ်ခြင်း ၀ိစာရနှင့် တကွဖြစ်တဲ့ ဒီဝမ်းမြောက်ခြင်းမှာ ၀ိတက်ဝိစာရမရှိတဲ့ ၀မ်းမြောက်ခြင်းက ပိုပြီးမြတ်ပါတယ်။

သိကြားမင်းအမေး… (၇)
“အရှင်ဘုရား… ဘယ်လိုအကျင့်မျိုးကို ကျင့်တဲ့ရဟန်းဟာ ပါတိမောက္ခသံဝရ သီလကို ကျင့်တယ်လို ခေါ်ဆိုနိုင်ပါသလဲဘုရား…”
ဘုရားရှင်အဖြေ…
“သိကြားမင်း… ကိုယ်အကျင့် (ကာယသမာစာရ)၊ နှုတ်အကျင့် (၀စီသမာစာရ)၊ ရှာမှီးခြင်း (ပရိယေသန) ဆိုတဲ့ တရားသုံးပါးမှာ မှီဝဲအပ်တဲ့ ကိုယ်အကျင့်၊ နှုတ်အကျင့်၊ ရှာမှီးခြင်းနဲ့ မမှီဝဲအပ်တဲ့ ကိုယ်အကျင့်၊ နှုတ်အကျင့်၊ ရှာမှီးခြင်းလို့ နှစ်မျိုးစီရှိပြီး ဒီတရားတွေကို မှီဝဲခြင်းကြောင့် မိမိသန္တာန်မှာ အကုသိုလ်တရား တိုးပွားပြီး ကုသိုလ်တရား ဆုတ်ယုတ်မယ်ဆိုရင် အဲဒီတရားကို မမှီဝဲသင့်ဘဲ ဒီတရားတွေ မှီဝဲခြင်းကြောင့် ကုသိုလ်တရားတိုးပွားပြီး အကုသိုလ်တရား ဆုတ်ယုတ်မယ်ဆိုရင် အဲဒီတရားကို မမှီဝဲသင့်ပါဘူး။ ဒီလို မှီဝဲသင့်တာကို မှီဝဲပြီး မမှီဝဲသင့်တာကို မမှီဝဲဘဲ ကျင့်ကြံနေထိုင်တဲ့ ရဟန်းကို ပါတိမောက္ခသံဝရ သီလကို ကျင့်တဲ့ရဟန်းလို့ ဆိုပါတယ်…”

သိကြားမင်းအမေး… (၈)
“အရှင်ဘုရား… ဘယ်လိုအကျင့်မျိုးကို ကျင့်တဲ့ရဟန်းဟာ ဣန္ဒြိယသံဝရ (ဣနြေ္ဒစောင့်စည်းခြင်း) သီလကို ကျင့်တယ်လို့ ဆိုနိုင်ပါသလဲဘုရား..”
မြတ်စွာဘုရားအဖြေ…
“သိကြားမင်း… မျက်စိနဲ့ သိအပ်တဲ့ အဆင်းအာရုံ၊ နားနဲ့ သိအပ်တဲ့ အသံအာရုံ၊ နှာခေါင်းနဲ့ သိအပ်တဲ့ အနံ့အာရုံ၊ လျှာနဲ့ သိအပ်တဲ့ အရသာအာရုံ၊ ကိုယ်နဲ့ သိအပ်တဲ့ အတွေ့အထိအာရုံ၊ စိတ်နဲ့ သိအပ်တဲ့ သဘောတရားအာရုံ (ဓမ္မာရုံ) တို့မှာ မှီဝဲအပ်တဲ့ အာရုံ၊ မမှီဝဲအပ်တဲ့ အာရုံလို့ အာရုံတစ်ခုစီမှာ နှစ်မျိုးစီ ရှိကြပါတယ်။ ဒီအာရုံကို မှီဝဲတဲ့အတွက် မိမိသန္တာန်မှာ အကုသိုလ်တရား ဆုတ်ယုတ်ပြီး ကုသိုလ်တရား တိုးပွားမယ်ဆိုရင် အဲဒီအာရုံကို မှီဝဲအပ်ပြီး မှီဝဲခြင်းကြောင့် ကုသိုလ်တရားဆုတ်ယုတ်ပြီး အကုသိုလ်တရား တိုးပွားမယ်ဆိုရင် အဲဒါကို မမှီဝဲအပ်ပါဘူး။ ဒီလို မှီဝဲသင့်တာကို မှီဝဲပြီး မမှီဝဲသင့်တာကို မမှီဝဲဘဲ ကျင့်ကြံနေထိုင်တဲ့ ရဟန်းကို ဣနြ္ဒိယသံဝရသီလကို ကျင့်တဲ့ရဟန်းလို့ ဆိုပါတယ်…”

သိကြားမင်းအမေး… (၉)
“အရှင်ဘုရား… သမဏဗြာဟ္မဏ (ရဟန်း၊ ပုဏ္ဏား) အားလုံးဟာ တူသောအဆုံးအမ၊ တူသောအကျင့်၊ တူသောအယူ၊ တူသောပြီးဆုံးရာ ရှိပါသလားဘုရား..”
မြတ်စွာဘုရားအဖြေ…
“သိကြားမင်း. မရှိပါ…”

သိကြားမင်းအမေး… (၁၀)
“အရှင်ဘုရား… ဘာကြောင့် မရှိပါသလဲဘုရား…”
မြတ်စွာဘုရားအဖြေ…
“သိကြားမင်း… လောကမှာ ဓာတ်အမျိုးမျိုးရှိပြီး အဲဒီမြောက်မြားစွာရှိတဲ့ ဓာတ်အမျိုးမျိုးကိုပဲ သတ္တ၀ါတွေဟာ စွဲလန်းကြ၊ အဲဒီဓာတ်ကိုပဲ ပြင်းပြင်းထန်ထန် စွဲလန်းကြပြီး ငါ့အယူသာမှန်တယ်၊ သူ့အယူမှားတယ်၊ သူအယူဟာ အချည်းနှီးသာဖြစ်တယ်လို ဆိုလေ့ရှိကြပါတယ်။ ဒါကြောင့်လည်း သမဏဗြဟ္မဏအားလုံးဟာ တူသောအဆုံးအမ၊ တူသောအကျင့်၊ တူသော အယူ၊ တူသော ပြီးဆုံးရာ မရှိကြခြင်း ဖြစ်ပါတယ်…”

သိကြားမင်းအမေး (၁၁)
“အရှင်ဘုရား… သမဏဗြာဟ္မဏ အားလုံးဟာ ပျက်စီးခြင်းကိုလွန်သော မှီခိုအားထားရာ၊ ပျက်စီးခြင်းကိုလွန်သော ယောဂကုန်ရာ၊ ပျက်စီးခြင်းကိုလွန်သော တရားအလို့ငှါကျင့်သော မြတ်သောအကျင့်၊ ပျက်စီးခြင်းကို လွန်သောပြီးဆုံးရာ ရှိပါသလားဘုရား…”
မြတ်စွာဘုရားအဖြေ…
“သိကြားမင်း.. မရှိပါ..”

သိကြားမင်းအမေး… (၁၂)
“အရှင်ဘုရား… ဘာကြောင့် မရှိပါသလဲဘုရား…”
မြတ်စွာဘုရားအဖြေ…
“သိကြားမင်း တဏှာကို ကုန်ခမ်းစေတတ်တဲ့မဂ်နဲ့ ကိလေသာမှ လွတ်ကုန်သော ရဟန်းတို့သာလျှင် ပျက်စီးခြင်းကို လွန်သော မှီခိုအားထားရာရှိကုန်၊ ပျက်စီးခြင်းကို လွန်သော ယောဂကုန်ရာရှိကုန်၊ ပျက်စီးခြင်းကိုလွန်သော တရားအလို့ငှါ မြတ်သောအကျင့်ရှိကုန်၊ ပျက်စီးခြင်းကိုလွန်သော ပြီးဆုံးရာ ရှိကုန်ကြတဲ့အတွက် သမဏဗြဟ္မဏအားလုံး တစ်သမှတ်တမ်း အတူတူမရှိကြခြင်း ဖြစ်ပါတယ်…”

ဒီအမေးအဖြေ တရားများကို နာကြားပြီးနောက် သိကြားမင်းဟာ အကျိုးတရားခြောက်ပါးကို ရရှိသွားပြီး အလွန်းနှစ်သက်ဝမ်းမြောက်စွာဖြင့် ဘုရားရှင်ကို ချီးကျူးပြောဆိုခဲ့ပါတယ်။ ဘုရားရှင်နဲ့တွေ့ မေးခွန်းမေးကာ တရားနာခွင့်ရလိုက်တဲ့ သိကြားမင်း ရရှိသွားတဲ့ အကျိုးခြောက်ပါးကတော့…
(၁) တရားနာနေရင်းပင် အသက်သစ်တစ်ဖန် ပြန်ရသွားခြင်း
(၂) လက်ရှိနတ်ဘုံမှ သေဆုံးပြီးတဲ့အခါမှာလည်း မတွေမဝေ သတိရှိလျက် အလိုရှိတဲ့ ဘုံမှာ ပြန်ဖြစ်နိုင်ခြင်း
(၃) ယုံမှားတွေဝေခြင်းကင်းကာ သတိသမ္ပဇဉ်နှင့် ယှဉ်လျက် သောတာပန် အရိယာအဖြစ်နှင့်လျော်စွာ နေထိုင်နိုင်ခြင်း
(၄) အရိယာအဖြစ်နှင့် ကောင်းမွန်စွာနေထိုင်ရင်း အထက်မဂ်ဖြစ်သည့် သကာဒါဂါမိမဂ်ကို ရသည့်အခါ လူ့ဘ၀၌ ပြန်လည်မဖြစ်တော့ခြင်း (သောတာပန်သည် သုဂတိဘုံများဖြစ်တဲ့ လူ့ဘုံနှင့်နတ်ပြည်၆ဘုံမှာ ပြန်ဖြစ်နိုင်)
(၅) လူ့ပြည်လာရောက်ပြီး တရားနာရင်း လူ့ဘုံမှ စုတေကာ သောတာပန် အဖြစ်ဖြင့် နတ်ပြည်၌ သိကြားမင်း တစ်ဖန်ပြန်ဖြစ်ခြင်း
(၆) နောက်ဆုံးဘ၀တွင် အကနိဋ္ဌဗြာဟ္မာဘုံတွင် ဖြစ်ရခြင်း (ထိုဘုံမှပင် နိဗ္ဗာန်ဝင်စံခြင်း) တို့ပဲ ဖြစ်ပါတယ်။

မှတ်ချက်။ အထက်ပါ ဖြေကြားချက်များသည် ပါဠိတော် မူရင်းလာ အနှစ်ချုပ်များဖြစ်ပါသည်။ ဒီအနှစ်ချုပ်တွင် မပါဝင်သည့် တရားဟောဆရာတော်၏ ဟောပြောချက်အချို့မှာ အဋ္ဌကထာအဖွင့်များ ဖြစ်နိုင်ပါသည်။ ဒီအနှစ်ချုပ်ကို ထောက်ဆကြည့်လျှင်လည်း နှစ်ဘ၀တရားနာသည်မှာ ဖြစ်နိုင်ပြီး မေးခွန်း (၇)ခုမြောက်မှာ ဝေဒနာနဲ့ တဏှာကို သိကာ သောတာပန် တည်သွားသည်ကိုလည်း ထောက်ဆသိနိုင်ပါသည်။

Read more »

အညွန့်တုံးသူ…

“အညွန့်တလူလူ တက်နေတဲ့ သူ့ဘ၀ကို သူ့လုပ်ရပ်တွေကပဲ ဖျက်စီးပစ်လိုက်တာပါ၊ သူ့ကိုယ်ကိုယ်သူ မထိန်းနိုင်တော့ ဘာမဟုတ်တဲ့ အရာလေးကို အကြောင်းပြုပြီး မလုပ်သင့်တာကို လုပ်လိုက်မိတာပေါ့။ ခုတော့ သူ့ဘ၀ဟာ သွားပြီ… ဘာမှ အဖက်ဆယ်လို့ မရတော့ဘူး၊ ကုန်ကုန်ပြောရရင် သူ့ဘ၀ဟာ အညွန့်တုံးသွားတာပါပဲ၊ သူလုပ်ခဲ့တဲ့အလုပ်က သူ့ကို အညွန်းတုံးသူတစ်ယောက် ဖြစ်စေခဲ့တာပါပဲ…”စသည်ဖြင့် အောင်မြင်နေသည့် ဘ၀မှ ကျရှုံးသွားပြီး ဘ၀တက်လမ်း မှေးမှိန်သွားသည့် သူငယ်ချင်းတစ်ယောက် အကြောင်းကို စိတ်မကောင်းစွာနဲ့ စာရေးသူကို ရင်လာဖွင့်သွားသည့် မိတ်ဆွေတစ်ယောက်၏ စကားသံအချို့ ဖြစ်ပါသည်။ ထိုမိတ်ဆွေ ပြန်သွားသော်လည်း သူချန်သွားသည့် စကားများက စာရေးသူကို အတွေးနယ်ချဲ့စေခဲ့၏။ အထူးသဖြင့် သူပြောသွားသည့် “အညွန့်တုံးသူ”ဟူသော စကားနှင့် စပ်လျဉ်းပြီး စဉ်းစားနေမိ၏။ “အညွန့်”ဟူသော စကားကို လိုသလိုစွဲယူ တွေးနေမိ၏။

“အညွန့်တလူလူတက်သည်၊ အညွန့်ကျိုးသည်၊ အညွန့်တုံးသည်”စသည်ဖြင့် အသုံးပြုကြသည့် မြန်မာစကား အညွန့်ဟူသော ဝေါဟာရသည် အကောင်းဘက်ကိုညွန်းပြီး အောင်မြင်မှုကို ကိုယ်စားပြုနေ၏။ လောကဝေါဟာရ အသုံးအားဖြင့် ကောင်းသည့်အဓိပ္ပါယ်ကို ဆောင်နေ၏။ လူတစ်ယောက်၏ တက်လမ်းကို အညွန့်ဟု ရည်ညွန်းကာ အညွန့်တလူလူ တက်နေခြင်းကိုပင် အောင်မြင်နေသည်ဟု ဆိုကြ၏။ ထိုတက်နေသည့် အညွန့်ကို မကျိုးစေရန်၊ တက်နေသည့် အညွန့်ကို မတုံးစေရန်၊ ထိုအညွန့်ကို ရှင်သန်နေစေရန် ၀ိုင်းဝန်းစောင့်ရှောက်လေ့ ရှိကြ၏။ ဤသည်မှာ အညွန့်ကို မတုံးစေလို၍ ဖြစ်ပြီး အညွန့်အပေါ် တွယ်တာနေ၍ ဖြစ်၏။ ထိုအညွန့် ရှင်သန်နေမှုကို လိုလားနေ၍ ဖြစ်၏။ လောကသားတို့ကား အညွန့်ကို ရှင်သန်နေစေ၏။ အညွန့်ကို တွယ်တာနေပေ၏။

သို့သော် ထိုအညွန့်ကို မလိုလားသူများ၊ အညွန့်ကို မရှင်သန်စေလိုသူများ၊ အညွန့်ကို တုံးစေလိုသူများ၊ အညွန့်ကို တုံးအောင် လုပ်နေသူများကား ရှိနေပြန်၏။ ထိုသူတို့သည် အညွန့်ရှင်သန်နေမှုကို မလိုလားကြပေ။ အားမပေးကြပေ။ ထိုသူတို့အမြင် လောကသားတို့ လိုလားကြသည့် အညွန့်သည် ၎င်းတို့အတွက် အစစ်အမှန် ငြိမ်းချမ်းရာသို့ သွားရာလမ်းတွင် ဆူးညောင့်ခလုပ်သာ ဖြစ်နေပေ၏။ ထို့ကြောင့် အညွန့်တက်ရန်ထက် အညွန်ဖျက်ရန် အားထုတ်ကြ၏။ အညွန့်ရှင်သန်ရန်ထက် အညွန့်တုံးရန် ကြိုးစားကြ၏။ ထိုသို့ ကြိုးစားသဖြင့် အညွန့်တုံးသွားလျှင် အညွန့်တုံးသူအဖြစ် ကျေကျေနပ်နပ် ခံယူကြ၏။ ထိုသူများ၏ ရည်မှန်းချက်သည် အညွန့်ရှင်သန်ရန်မဟုတ်၊ အညွန့်တုံးရန် ဖြစ်၏။

သူတို့အမြင်အရ မြတ်စွာဘုရားရှင်သည်ပင် အညွန့်တလူလူ တက်နေသူမဟုတ်၊ အညွန့်တုံးသူသာ ဖြစ်၏။ ထို့ကြောင့်လည်း ဘုရားရှင်ကို “အညွန့်တုံးသူ”ဟု ခေါ်ဝေါ်အသုံးပြုကြ၏။ ဘုရားရှင် ကိုယ်တော်တိုင်ပင် “အညွန့်တုံးသူ”ဟု အခေါ်ခံခဲ့ရ၏။ ဘုရားရှင်ကို အညွန့်တုံးသူဟု သမုတ်ကြသူများကား အခြားသူများမဟုတ်၊ ပရိဗိုဇ်များပင် ဖြစ်၏။ မာဂဏ္ဍိယပရိဗိုဇ်နှင့် ဘာရဒွါဇတို့ပင် ဖြစ်၏။

မြတ်စွာဘုရားရှင် ကုရုတိုင်း၊ ကမ္မာသဓမ္မ အမည်ရှိသည့် နိဂုံးတွင် သီတင်းသုံး နေတော်မူစဉ်က ဖြစ်၏။ ဘုရားရှင်သည် ဘာရဒွါဇ ပုဏ္ဏား၏ မီးတင်းကုတ်တွင်လည်း တရားဟောခဲ့ရသေး၏။ တစ်နေ့ ဘုရားရှင် မရှိခိုက် ဘာရဒွါဇ ပုဏ္ဏားသည် မိမိထံသို့ ရောက်လာသော မာဂဏ္ဍိယပရိဗိုဇ်နှင့် ဟိုဟိုဒီဒီ စကားများ ပြောဆိုဖြစ်ကြ၏။ သူတို့ပြောသည့်စကားများတွင် ဗုဒ္ဓအကြောင်းများလည်း ပါဝင်၏။ ဗုဒ္ဓသည် ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံသူဖြစ်ကြောင်းပြောဆို၏။ ထိုအခါ မာဂဏ္ဍိယက သူ့အမြင်ပြောရလျှင် ဗုဒ္ဓသည် အညွန့်တုံးသူသာ ဖြစ်ကြောင်း ပြော၏။ ထိုသူတို့ပြောနေကြသည့် စကားသံကို မီးတင်းကုတ်အပြင်မှ မြတ်ဗုဒ္ဓက ကြားတော်မူ၏။ ထို့ကြောင့် သူတို့နှစ်ဦး စကားဝိုင်းအနီးသို့ သွားရောက်ကာ မာဂဏ္ဍိယပြောသည့် “အညွန့်တုံးသူ”ဟူသော စကားကို ထောက်ခံဟောကြားတော်မူ၏။

ဗုဒ္ဓက “မာဂဏ္ဍိယ မျက်စိသည် အဆင်းရူပါရုံ၌ မွေ့လျော်၏၊ ရူပါရုံ၌ ပျော်ပိုက်၏၊ ရူပါရုံ၌ နှစ်ခြိုက်၏၊ ထိုမျက်စိကို မြတ်စွာဘုရားသည် ဆုံးမထားပြီ၊ လုံအောင်ပြုထားပြီ၊ စောင့်ရှောက်ထားပြီ၊ ပိတ်ဆိုထားပြီ၊ ထိုမျက်စိကို ပိတ်ဆို့ခြင်းငှါလည်း တရားဟောပြီ စသည်ဖြင့် ဤအကြောင်းများကြောင့် မြတ်စွာဘုရားသည် အညွန့်တုံးသူ ဖြစ်သည်ဟု သင်ဆိုခြင်း ဖြစ်သည်မဟုတ်လော၊ ထို့အတူ နားသည် အသံဟူသော သဒ္ဒါရုံ၊ နှာခေါင်းသည် အနံ့ဟူသော ဂန္ဓာရုံ၊ လျှာသည် အရသာဟူသော ရသာရုံ၊ ကိုယ်သည် အတွေ့ဟူသော ဗောဋ္ဌဗ္ဗာရုံနှင့် စိတ်သည် သဘောတရားဟူသော ဓမ္မရုံ၌ မွေ့လျော်၏၊ ပျောက်ပိုက်၏၊ နှစ်ခြိုက်၏၊ ထို နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ကို မြတ်စွာဘုရားသည် ဆုံးမထားပြီ၊ လုံအောင်ပြုထားပြီ၊ စောင့်ရှောက်ထားပြီ၊ ပိတ်ဆို့ထားပြီ၊ ထိုနား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ကို ပိတ်ဆို့ခြင်းငှါလည်း တရားဟောပြီ စသည်ဖြင့် ဤအကြောင်းများကြောင့် မြတ်စွာဘုရားသည် အညွန့်တုံးသူ ဖြစ်သည်ဟု သင်ဆိုခြင်း ဖြစ်သည်မဟုတ်လော”ဟု မေးတော်မူ၏။ မာဂဏ္ဍိယကလည်း “မှန်ပါ အရှင်ဘုရားမိန့်တော်မူသည့် အကြောင်းကိုပဲ ရည်ရွယ်ပြီး အညွန့်တုံးသူဟု ဆိုခြင်းဖြစ်ပါသည်ဘုရား..” (မာဂဏ္ဍိယသုတ်) ဟု လျှောက်ထား၏။ မြတ်စွာဘုရားသည် အထက်ပါအတိုင်း မာဂဏ္ဍိယ၏ စကားကို ထောက်ခံကာ တရားစကား ဟောကြားတော်မူ၏။ ဤစကားဖြင့် “အညွန့်တုံးသူ”ဟူသော အဓိပ္ပါယ်ကို ရှင်းပြတော်မူ၏။

ဤနေရာတွင် အဓိကပြောလိုသည်မှာ “အညွန့်တုံးသူ”ဟူသော စကားနှင့်စပ်လျဉ်းသည့် အကြောင်းပင်ဖြစ်၏။ လောကသားများမြင်သည့် အညွန့်နှင့် အရိယာသူတော်ကောင်းများ မြင်သည့် အညွန့်မတူညီမှုကို ထင်ရှားစေလိုရင်းဖြစ်၏။ အရိယာသူတော်ကောင်းများ ဆိုလိုသည့် အညွန့်ကား ကိလေသာတရားများ ဖြစ်၏။ ကိလေသာများ ဖြစ်ပွားရာ အာရုံတရား အညွန့်များပင် ဖြစ်၏။ အာရုံများ ဖြစ်ပွားစေသည့် အရာများနှင့် ထိုအရာများ ပျော်မွေ့ရာများကို တုံးအောင် ပြုလုပ်စေလိုခြင်း ဖြစ်၏။ ထိုအာရုံများ မဖြစ်ပေါ်စေရန်၊ ဆက်ပြီး ရှင်သန်တိုးတက်မှု မရှိစေရန် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တို့ကို ဆုံးမကြရန်၊ ပိတ်ဆို့ကြရန်၊ စောင့်ရှောက်ကြရန် တိုက်တွန်းတော်မူခြင်း ဖြစ်၏။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တို့သည် ဖွင့်ထားလျှင်၊ မထိန်းချုပ်ဘဲ လွတ်ထားလျှင် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ သဘောတရား ဟူသောအာရုံနောက်သို့ ပါသွားကာ အကုသိုလ် အညွန့်များသာ တက်တက်လာမည် ဖြစ်သဖြင့် ထိုအညွန့်များ မဖြစ်စေရန်၊ ထိုအညွန့်များ တုံးစေရန် မိမိတို့၏ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တို့ကို ထိန်းချုပ်ကြရန် ဆိုခြင်းဖြစ်၏။ စင်စစ် လွတ်မြောက်ရာလမ်းသို့ တက်လှမ်းနိုင်စေရန်သည် အရိယာ သူတော်ကောင်းများ မြင်သည့်အမြင်ဖြင့် လျှောက်လှမ်းရမည်သာ ဖြစ်၏။ အရိယာတို့က အညွန့်ကို တုံးအောင်၊ အညွန့်တုံးသူဖြစ်အောင် ကြိုးစားစေလိုကြ၏။ ထို့ကြောင့်လည်း အညွန့်မှန်သမျှ ဖြတ်ခိုင်ခြင်း ဖြစ်၏။

စင်စစ် လောကသားများ မြင်သည့်အညွန့်သည် ပူလောင်မှုနှင့် သံသရာ ရှည်မှုကို ဖြစ်စေသည့် သဘောရှိ၏။ အညွန့်တလူလူ တက်လေလေ အပူဒုက္ခတွေက တဖြည်းဖြည်း များလေလေ ဖြစ်ပေ၏။ အခန့်မသင့်လျှင် ထိုအညွန့်ကြောင့်ပင် အမှားများစွာဖြင့် ပစ္စုပ္ပန် သံသရာအထိ ဒုက္ခရောက်စေတတ်၏။ တက်နေသည့် အညွန့်များကြောင့်ပင် မိမိကိုယ်ကို အမှားကို အမှန်ထင်၊ အမှန်ကို အမှားထင်စေလျှက် လောဘ၊ ဒေါသ၊ မာန စသည်များဖြင့် အကြောင်းအကျိုး မခွဲခြားနိုင်ပဲ ဖြစ်စေတတ်၏။ အညွန့်တတ်နေသည့်အခိုက် သတိမစိုက်နိုင်လျှင် ထိုအညွန့်အရှိန်ကြောင့် မာန၀င်ကာ သူတစ်ပါးအပေါ် နိုင်ထက်စီးနင်း ပြုကျင့်မိတတ်၏။ အောင်မြင်မှု ဂုဏ်ပကာသန၊ ရာထူးဌာနန္တရဟူသော အညွန့်များကြောင့် ကျင်လည်ရမည့် ဘ၀သံသရာ မတုံးစေသည့်အပြင် ပိုမို၍သာ ရှည်ကြာစေတတ်၏။ ထို့ကြောင့် အရိယာများက လောကသားများ ထင်နေကြသည့် အညွန့်တလူလူ တက်နေမှုကို မလိုလားကြဘဲ ထိုအညွန့်များ တုံးအောင်သာ ပြုလုပ်လိုကြခြင်း ဖြစ်၏။ လောကသားတို့က အညွန့်တလူလူ ဖြစ်လိုကြသော်လည်း အရိယာတို့ကား အညွန့်ကို တုံးစေလိုကြ၏။ အညွန့်တုံးမှ သံသရာ ဆုံးမည်ဖြစ်သဖြင့် အညွန့်တုံးအောင် အားထုတ်ကြခြင်းဖြစ်၏။ ကျင့်ကြံအားထုတ်မှုဖြင့် အညွှန့်တုံးအောင်လုပ်ပြီး အညွန့်တုံးသူများအဖြစ် ခံယူနိုင်အောင် ကြိုးစားကြခြင်းဖြစ်၏။

မှန်၏။ ဘ၀သံသရာ ခရီးကို သွားနေကြသည့် သတ္တ၀ါတို့သည် သံသရာအဆုံးဖြစ်သည့် နိဗ္ဗာန်သို့ မရောက်နိုင်သေးသမျှ ဒုက္ခပင်လယ် ဝေနကြမည်ဖြစ်သဖြင့် ကျင်လည်ရသည့်အခိုက်တွင် အနည်းငယ်မျှပဲ ဖြစ်ဖြစ် ခံစားမှုဒုက္ခများ သက်သာမှု ရနိုင်စေရန် ကိလေသာ အဖြစ်နည်းအောင် ကြိုးစားသင့်လှ၏။ ကိလေသာပါးအောင် ပြုလုပ်သင့်လှ၏။ ထိုသို့ ကိလေသာတရားများ နည်းပါးစေရန်မှာ အညွန့်များအပေါ်တွင် စိတ်ကိုထိန်းချုပ်နိုင်မှသာ နည်းနိုင်မည်ဖြစ်ပေ၏။ အညွန့်တလူလူ ဖြစ်နေသည့် အခိုက်အတန့်တွင် မိမိတို့၏ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်များကြောင့် အညွန့်အပေါ် အမှီပြုကာ ကိလေသာတရားများ တိုးပွားစေတတ်သည်ကို သတိဖြင့် ဆင်ခြင်ကာ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တို့ကို ထိန်းချုပ်သင့်လှ၏။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တို့ကို မမေ့မလျော့ ထိန်းချုပ်ခြင်းဖြင့် အညွန့်တုံးအောင် ပြုလုပ်သင့်လှ၏။

ထို့ကြောင့် လောကီဘုံသား လူအများတို့ လိုလားနှစ်သက်ကြသည့် အောင်မြင်သည့်ဘ၀ အညွန့်တလူလူ တက်နေသည့်ဘ၀သည် ဗုဒ္ဓဘာသာတို့၏ နောက်ဆုံးပန်းတိုင်ဖြစ်သည့် လွတ်မြောက်ရာလမ်းကို လျှောက်လှမ်းရာတွင် အညွန့်ရှည်သည်နှင့်အမျှ သံသရာလည်း ရှည်နိုင်မည်ဖြစ်သဖြင့် ဘ၀သံသရာလမ်းကို ဖြတ်ကာ နိဗ္ဗာန်နန်းသို့ သွားလိုကြသူများ အနေဖြင့် မိမိတို့၏ ဆိုင်ရာဆိုင်ရာ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်များကို အညွန့်များဖြစ်သည့် လောကီအာရုံ ကာမဂုဏ်တရားများတွင် မပျော်မွေ့စေဘဲ တက်နေသည့် အညွန့်များ တုံးရန်ကိုသာ အချိန်ရှိခိုက် ကြိုးစားလိုက်ကြရန် ဖြစ်ပါသည်။ အညွန့်တလူလူ တက်နေသည့်ဘ၀မှသည် အကျင့်တရား ကျင့်ကြံပွားသဖြင့် ကိလေသာ အညွန့်တုံးသူများအဖြစ် အမြန်ဆုံးရောက်အောင်သာ သတိတရား လက်ကိုင်ထားကာ ကြိုးစားကျင့်ကြံ အားထုတ်ကြပါဟု တိုက်တွန်းစကား ပါးလိုက်ရပါသည်။ အားလုံး အညွန့်တုံးသူများ ဖြစ်နိုင်ကြပါစေ…

Read more »

ဆုတောင်းမှားကို ရုပ်သိမ်းနိုင်ပါသလား..

Q. ဆရာတော် ဆုတောင်းမှားပြီးတာကို ဘယ်လို ရုပ်သိမ်းလို့ ရပါသလဲ ဘုရား။ နည်းလမ်းလေး သိပါရစေဘုရား…
Shinthan

A. အမှားတောင်းခဲ့တဲ့ ဆုတောင်းတစ်ခုကို ပြန်ပြီးချေဖျက်ချင်ရင် စတောင်းတုန်းက လုပ်ခဲ့တဲ့ ကုသိုလ်အတိုင်း ပုံစံတူ၊ စိတ်စေတနာတူနဲ့ ပြန်လုပ်ပြီး ဖြစ်ပါစေလို့ တောင်းခဲ့တဲ့ ဆုကို မဖြစ်ပါရစေနဲ့လို့ ဆိုကာ ပြန်ဆုတောင်း ကြည့်နိုင်ပါတယ်။ တကယ်တော့ ဒါဟာ ဆုတောင်းမှားပြီးတာကို ပြန်ရုပ်သိမ်းတယ် ဆိုတာထက် ကံတစ်ခုကို ကံတစ်ခုနဲ့ လွှမ်းမိုးလိုက်တဲ့ သဘောပါပဲ။ ရှေ့ကကံထက် နောက်လုပ်တဲ့ကံကို အားကြီးအောင် လုပ်ပြီး ရှေ့ကံ အကျိုးပေးခွင့် မရအောင် လုပ်တဲ့ သဘောပါပဲ။

စကားကျွံရင် နှုတ်မရဘူး ဆိုတာလိုပေါ့။ စေတနာပါပါနဲ့ လုပ်ခဲ့တဲ့ အလုပ်တွေမှာ ကံမြောက်ပြီးဖြစ်တဲ့အတွက် အကျိုးပေးဆိုတာ ရှိပါတယ်။ ကာယကံ၊ ၀စီကံ၊ မနောကံတွေနဲ့ လုပ်ခဲ့တဲ့ အလုပ်တွေမှာ စေတနာနဲ့ လုပ်ခဲ့ရင် အကျိုးသက်ရောက်မှုက ရှိနေမှာပါ။ ဒါကြောင့် စေတနာပါပါနဲ့ လိုလိုချင်ချင် ဆုတောင်းခဲ့တဲ့ ဆုတောင်းတွေကို ပြန်ရုပ်သိမ်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အဲဒီကံကို လွှမ်းမိုးနိုင်တဲ့ သူ့ထက်အင်အားကြီးတဲ့ ကံတွေကိုလုပ်ပြီး မှားခဲ့တဲ့ကံတွေ အကျိုးပေးခွင့် မသာအောင်တော့ လုပ်နိုင်ပါတယ်။ ဖြစ်ပါရစေဆိုတာကို မဖြစ်ပါရစေနဲ့လို့ ပြန်ပြီးဆုတောင်းတာဟာ ရှေ့ကကံကို နောက်ကကံနဲ့ လွှမ်းမိုးစေတာ ဖြစ်ပါတယ်။ ဆုတောင်းတာ မှားမှန်းသိတဲ့အချိန်ကစပြီး အဲဒီဆုတောင်းတွေကို မေ့နိုင်အောင် ကြိုးစားပြီး တစ်ခြားကုသိုလ်တွေနဲ့ လွှမ်းမိုးနိုင်အောင် ကြိုးစားရပါမယ်။ မှားပြီးဆုတောင်းခဲ့တဲ့ ကံအကျိုးပေး မလာနိုင်အောင် တစ်ခြားကံတွေနဲ့ အဆက်မပြတ် ထိမ်းသွားနိုင်မယ်ဆိုရင်တော့ ရနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကံအကျိုးပေးမှုတွေ ရောက်မလာနိုင်အောင် ကံကို ဉာဏ်နဲ့ဖြတ်ရပါမယ်။ အဲဒီဉာဏ်က အရိယာမဂ်ဉာဏ်ပဲ ဖြစ်ပါတယ်။ ကံတွေကို အကြွင်းမဲ့ ပယ်ဖြတ်နိုင်တာကတော့ ၀ိပဿနာ တရားအားထုတ်ပြီး အရိယာမဂ်နဲ့ ဖြတ်တဲ့နည်းဟာ အကောင်းဆုံး၊ အားအကြီးဆုံးပဲ ဖြစ်ပါတယ်။ ကောင်းတဲ့ကံပဲ ဖြစ်ဖြစ် မကောင်းတဲ့ကံပဲဖြစ်ဖြစ် စေတနာနဲ့ လုပ်မိရင် အကျိုးပေးမှုက ရှိနေမှာ ဖြစ်တဲ့အတွက် အဲဒီကံတွေကို ၀ိပဿနာဉာဏ်နဲ့ပဲ ဖြတ်နိုင်အောင် ကြိုးစားရပါမယ်။

ဒါဆိုရင် တခြားဒါနသီလ ကုသိုလ်တွေ လုပ်စရာမလိုဘဲ ၀ိပဿနာ အလုပ်ပဲ လုပ်ရမှာလားလို့ မေးစရာရှိပါတယ်။ တစ်ခြားကုသိုလ်တွေလည်း လုပ်ရပါမယ်။ အထူးသဖြင့် သီလကို လုံအောင်ထိန်းပြီး ဒါနကုသိုလ်၊ ဘာဝနာကုသိုလ်တွေ လုပ်ရပါမယ်။ လုပ်တဲ့အခါမှာသာ ခုနပြောသလို ဆုတောင်းတွေနဲ့ ချီနှောင်မှု မဖြစ်ဖို့လိုပါတယ်။ ၀ဋ်ကိုတောင့်တတဲ့ ကုသိုလ်မျိုး မဖြစ်စေဘဲ ၀ဋ်ကင်းပြတ်ရာ ကုသိုလ်မျိုး ဖြစ်အောင် လုပ်ရပါမယ်။ ၀ဋ်ကင်းပြတ်ဖို့အတွက် ကုသိုလ်လုပ်တိုင်း ဒီလုပ်တဲ့ကံတွေအပေါ်မှာ တွယ်တာမှု တဏှာမပါစေဘဲ ၀ဋ်ကင်းပြတ်ရာ နိဗ္ဗာန်ကို အထောက်အပံ့ဖြစ်စေလိုတဲ့ စေတနာ ရည်ရွယ်ချက်နဲ့ လုပ်ရပါမယ်။ ကိုယ်လုပ်တဲ့ ကံတွေအပေါ်မှာ လိုချင်မှုတွေ၊ တောင့်တမှုတွေ မဖြစ်စေဘဲ ကံကံရဲ့အကျိုးကို ယုံကြည်မှုနဲ့အတူ အစွဲကင်းတဲ့ ကံမျိုးဖြစ်အောင် လုပ်သင့်ပါတယ်။ ဒီလို လုပ်နိုင်မယ်ဆိုရင် ကံအကျိုးပေးမှုတွေရဲ့ ချယ်လှယ်မှုက ကင်းပြတ်နိုင်ပါတယ်။ ဒါကြောင့် ဆရာတော်များက ဘာကုသိုလ်ပဲ လုပ်လုပ် နိဗ္ဗာနဿ ပစ္စယော ဟောတု- နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်း ဖြစ်ပါစေလို့ နိဗ္ဗာန်ကို အာရုံပြုစေကြခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက မသိလို့ မှားခဲ့တဲ့ ဆုတောင်းအမှား ကံတရားတွေကို ပြန်လည်ရုပ်သိမ်းဖို့ မဖြစ်နိုင်ပေမယ့် အဲဒီကံတွေ အကျိုးပေးခွင့်မသာအောင် တစ်ခြားကံတွေနဲ့ လွှမ်းမိုးနိုင်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ဒီကံအကျိုးပေးတွေကို ပြတ်သွားအောင် ၀ိပဿနာအလုပ် အားထုတ်ပြီး ဖြတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အဲဒါဆိုရင် မှားခဲ့တဲ့ ဆုတောင်းအတွက် အကျိုးပေးမှု ရောက်မလာနိုင်တော့ပါဘူး။ အဲဒီလို မလုပ်နိုင်သေးရင်လည်း တစ်ခြား ကုသိုလ်ကောင်းမှုတစ်ခုခုကို အဆက်မပြတ် ပြုလုပ်နိုင်အောင် ကြိုးစားပြီး သေခါနီးအချိန်အထိ လက်ရှိဘ၀ လုပ်ခဲ့တဲ့ ကောင်းကံကို အာရုံပြုနိုင်မယ်ဆိုရင် သေပြီးဒုတိယဘ၀မှာ သေခါနီးဖြစ်တဲ့ စိတ်အစဉ်က အနီးဆုံး၊ အရင်ဆုံး အကျိုးပေးမှာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ပဲ ကံတစ်မျိုးကို ကံတစ်မျိုးနဲ့ လွှမ်းမိုးနိုင်အောင် လုပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ကံတွေအပေါ် နောင်တဖြစ်နေတာထက် ကံတွေအားလုံး ပြတ်စေနိုင်တဲ့ တရားဘာဝနာ ပွားများအားထုတ်ပြီး ကံတွေကို ဖြတ်နိုင်အောင် ကြိုးစားတာက ပိုကောင်းတဲ့အတွက် ကံကိုဝိပဿနာဉာဏ်နဲ့ပဲ ဖြတ်နိုင်အောင် ကြိုးစားကြဖို့ အကြံပြု တိုက်တွန်းလိုက်ပါတယ်။ မသိလို့မှားပြီး ဆုတောင်းခဲ့တာတွေကို သိလိုက်တဲ့အချိန်က စပြီး ၀ဋ်ကင်းပြတ်လိုတဲ့ စိတ်စေတနာနဲ့ပဲ ကုသိုလ်ကောင်းမှုကို လုပ်ဖို့ကြိုးစားပါလို့ အကြံပြုလိုက်ပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ