လု…လူ…လူး…

“မနုဿ”ဟူသော ပါဠိစကားလုံးကို “လူ“ဟု မြန်မာပြန်ဆိုကြ၏။ လူသည် ရုပ်နာမ်နှစ်ပါးဖြင့် ဖွဲ့စည်းထားသည့် သတ္တ၀ါများတွင် ပါဝင်သည့် သတ္တ၀ါတစ်မျိုး ဖြစ်၏။ သို့သော် သာမန်သတ္တ၀ါကား မဟုတ်။ ဘုန်းကံကြီးမားသည့် သတ္တ၀ါ၊ တန်ဘိုးရှိသည့် သတ္တ၀ါ၊ အသိဉာဏ်ရှိသည့် သတ္တ၀ါ၊ အရာရာကို ရအောင်လုပ်နိုင်သည့် သတ္တ၀ါ ဖြစ်၏။ ထို့ကြောင့် ရုပ်နာမ်နှစ်ပါး ပိုင်ဆိုင်ထားသော သတ္တ၀ါချင်းတူသော်လည်း လူဟူသော သတ္တ၀ါ၏ ဘ၀သည် အမြင့်မြတ်ဆုံးဘ၀၊ ရခဲသည့်ဘ၀၊ ကိုယ်ပိုင်အစွမ်းဖြင့် အစစအရာရာကို ရယူနိုင်သည့်ဘ၀၊ အမြင့်ဆုံးသို့ တတ်လှမ်းနိုင်သည့်ဘ၀ဟု ဆိုကြခြင်းဖြစ်၏။ ဗုဒ္ဓစာပေတွင် လူ့ဘ၀သည် ရခဲ့သည့် ဒုလ္လဘတစ်ခု ဖြစ်ကြောင်း၊ အကောင်းဆုံး သုဂတိဘ၀တစ်ခု ဖြစ်ကြောင်း၊ စကြာဝတေးမင်း အဖြစ်မှသည် အနှိုင်းမဲ့ သဗ္ဗညုတ ဘုရားအဖြစ်အထိ လူဘ၀ဖြင့် ရယူနိုင်ကြောင်း၊ ကံ ဉာဏ် ၀ီရိယ သုံးမျိုးလုံး ညီညွတ်စွာဖြင့် ကြိုးစားနိုင်ပါက လူသည် မဖြစ်နိုင်သည့်အရာ မရှိကြောင်း စသည်ဖြင့် ဖော်ပြထားချက်များ ရှိ၏။ ဆိုလိုသည်မှာ လူသည် သတ္တ၀ါများထဲတွင် အမြင့်မြတ်ဆုံးနှင့် စွမ်းအားအရှိဆုံး သတ္တ၀ါဖြစ်ပြီး လူ့ဘ၀သည်လည်း အဖိုးတန်ဆုံး ဘ၀တစ်ခု ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်၏။

မှန်၏။ လူ့ဘ၀ကို ရလာကြသည့် လူများသည့် ကံကောင်းသည့် သူများဖြစ်၏။ မိမိဘ၀ကို ကြိုးစားမှု၊ စူးစမ်းဆင်ခြင်မှုနှင့် လုပ်ဆောင်မှုတို့ကို အရင်းတည်၍ မိမိလိုသလို ဖန်တီးတည်ဆောက် နိုင်သဖြင့်လည်း လူ့ဘ၀သည် တန်ဘိုးရှိသည့် ဘ၀၊ မြင့်မြတ်သည့် ဘ၀ဟု ဆိုခြင်းဖြစ်၏။ လူနှင့် တိရိစ္ဆာန်တို့သည် သတ္တ၀ါဟူသော အခေါ်အဝေါ်ချင်းတူသော်လည်း အကျိုးပေးချင်း ကွာခြား၏။ ဘ၀တည်ဆောက်ပုံချင်း ကွာခြား၏။ လူနှင့် တိရိစ္ဆာန်တို့ကို မဆိုထားလင့်၊ လူလူချင်းပင်လျှင် အကျိုးပေးချင်း ကွာခြား၏။ ဘ၀ရရှိလာကြပုံချင်း ကွာခြား၏။ အတိတ်ကံ၏ အကျိုးပေးကြောင့် အချို့လူများသည် ချမ်းသာသည့် နိုင်ငံ၊ ချမ်းသာသည့် မိသားစု၊ ချမ်းသာသည့် မိဘညီအစ်ကို မောင်နှစ်မ ဆွေမျိုးမိတ်သင်္ဂဟ အသိုင်းအ၀ိုင်းတွင် လူလာဖြစ်ကြ၏။ သို့သော် လူနှင့်မတူသည့် လူ၊ အသိဉာဏ် မရှိသည့်လူ အဖြစ် မွေးဖွားလာခဲ့ရ၏။ အချို့ကား ဆင်းရဲသည့် နိုင်ငံ၊ မိသားစု၊ မိဘဆွေမျိုး ညီအစ်ကို မိတ်ဆွေအပေါင်းအသင်းများတွင် လူလာဖြစ်ကြ၏။ သို့သော် လူပီသသည့်လူ၊ အသိဉာဏ်ရှိသည့် လူအဖြစ် မွေးဖွားလာခဲ့၏။ အချို့ကား ချမ်းသာသည့် နိုင်ငံ၊ မိသားစု အသိုင်းအ၀ိုင်းစသည်တို့နှင့် ပြည့်စုံသည့်အပြင် အသိပညာနှင့် ပြည့်စုံသည့် လူအဖြစ် မွေးဖွားခဲ့ကြ၏။ နှစ်ဘက်စုံသည့် လူအဖြစ် မွေးဖွားလာခဲ့၏။ အချို့သည်ကား နှစ်ဘက်လုံး ချို့သည့်လူအဖြစ် မွေးဖွားခဲ့ကြ၏။ ဤသည်မှာ လူချင်းတူသော်လည်း အကျိုးပေးချင်း ကွားခြားမှု၏ သက်သေပင်ဖြစ်၏။ တစ်နည်းဆိုရသော် အတိတ်ကံ ဖန်တီးပေးမှု၏ ရလာဘ်ပင်ဖြစ်၏။ အတိတ်အကျိုးသည် ထိုမျှလောက်သာ ဖြစ်၏။ အတိတ်ကံ၏ အကျိုးပေးမှုသည် လူတစ်ဦး မွေးဖွားလာသည့် ရုပ်လက္ခဏာအသွင်အပြင်၊ အသိုင်းအ၀ိုင်း၊ နေရာဒေသ ကောင်း မကောင်းမျှလောက်သာ ဖြစ်၏။ ထိုသူ၏ ဘ၀အဆင့်အတန်းမြင့်မှု၊ အသိပညာတိုးပွားမှု၊ ပစ္စုပ္ပန် သံသရာ ကြီးပွားမှုတို့အတွက်ကား ထိုသူ၏ ယခုဘ၀ လုပ်ဆောက်နေသည့် အလုပ်၊ အသိဉာဏ်ပညာနှင့် ကြိုးစားအားထုတ်မှု အပေါ်တွင် မူတည်သွားတော့၏။ ဆိုလိုသည်မှာ လူ့ဘ၀ကို ရရှိလာခြင်းသည် အတိတ်ကံ၏ အကျိုးပေးမှုနှင့် သက်ဆိုင်သွားပြီး ရရှိလာသည့် လူ့ဘ၀တွင် လူပီသစေရန်နှင့် ပစ္စုပ္ပန် သံသရာကောင်းစေရန်၊ ဘ၀တိုးတက်မှု ရစေရန်တို့အတွက်ကား ထိုသူ၏ လက်ရှိကံ ဉာဏ် ၀ီရိယ သုံးမျိုးအပေါ်တွင်သာ ပဓာနဖြစ်ကြောင်း ဆိုလို၏။ ရရှိလာသည့် လူ့ဘ၀ကို ဉာဏ်၊ ၀ီရိယတို့နှင့် ပေါင်းစပ်ပြီး စေတနာကောင်းဖြင့် အလုပ်လုပ်မှုသည်သာ လူပီသသည့် လူဖြစ်ရန် အဓိကကျကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

လူသည် ဘုန်းကံကြီးမားပြီး အရာရာကို ဖန်တီးနိုင်သည့် သူဖြစ်သော်လည်း ကံ ဉာဏ် ၀ီရိယတို့ကို အသုံးပြုပြီး ရရှိလာသည့် ဘ၀ကို တန်ဘိုးရှိအောင် အသုံးမပြုနိုင်လျှင် လူပီသသည့် လူဟု မဆိုနိုင်ပေ။ အချို့ လူ့ဘ၀ကို ရလာသော်လည်း ရရှိလာသည့် ဘ၀ကို ဖြစ်သလို နေပစ်လိုက်ကြ၏။ အရာရာကို ဖန်တီးနိုင်သည့် လူ့ဘ၀တွင် မိမိလိုချင်သည့် ပုံစံမဖန်တီးဘဲ တန်ဘိုးမဲ့သည့် လူအဖြစ် ဖြုန်းတီးပစ်လိုက်ကြ၏။ ကြိုးစားလျှင် ဖြစ်နိုင်သည့် ဘ၀ကို မကြိုးစားဘဲ ကံကိုသာ အပြစ်ပုံချလိုက်ကြ၏။ ကံ မကောင်းပါဘူးဟုဆိုကာ မိမိ၏ ပစ္စုပ္ပန် အစွမ်းကို မေ့ထားလိုက်ကြ၏။ ဉာဏ်နှင့် ၀ီရိယကိုပယ်ကာ အတိတ်ကံ မကောင်းလို့သာ ဒီလိုဘ၀မျိုး ဖြစ်နေရတာဟု ဘာမှမလုပ်ဘဲ မခိုင်လုံသည့် အကြောင်းပြများကိုသာ အဖော်ပြုနေကြတော့၏။ စင်စစ် လူအဖြစ် မွေးဖွားပေးလိုက်မှုသည်ပင် အတိတ်ကံ၏ အကျိုးပေးမှု ပြီးဆုံးသွား၏။ ပစ္စုပ္ပန် တိုးတက်ရန်အတွက်ကား ပစ္စုပ္ပန်မှာ လုပ်ရမည့် လူ၏ တာဝန်သာ ဖြစ်၏။ အမှန်အားဖြင့် ကံဟူသည်မှာ အလုပ်ကိုပင် ဆိုခြင်းဖြစ်၏။ အလုပ်ကောင်းလျှင် ကံကောင်းမည်ဖြစ်ပြီး အလုပ်ဆိုးလျှင်ကား ကံဆိုးမည်သာ ဖြစ်၏။ ထို့ကြောင့် ကံ၏အကျိုးပေးကောင်းကို လိုချင်လျှင် ဉာဏ်ဝီရိယနှင့်သာ ကြိုးစားရယူရန် လိုအပ်ပေ၏။ ဉာဏ်ဝီရိယ ရှိပါမှ ကံကကူညီမည်ဟု ဆိုသည့်အတိုင်း စေတနာကောင်းပါသည့် ဉာဏ်ဝီရိယနှင့် ကြိုးစားလျှင် ကံလည်းကောင်းလာမည်သာ ဖြစ်ပါ၏။ ထိုသဘောကို မေ့နေကြသဖြင့် အချို့လူများသည် လူဖြစ်လာသော်လည်း လူနှင့်မတူသည့်အပြင် ရရှိလာသည့် ဘ၀တွင်လည်း စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အစစအရာရာ လုနေကြရတော့၏။ ထို့ကြောင့် ထိုသူများကို လူဟုမခေါ်ကြဘဲ “လု”ဟုသာ ခေါ်ကြလေ၏။ ဘ၀မှာ “လု“နေရသည့် အရာများဖြင့်သာ အချိန်ကုန်နေကြရသောကြောင့် လူဖြစ်သော်လည်း လူမပီသသည့် လူ၊ တစ်နည်းအားဖြင့် လုနေရသည့် လူဟုခေါ်ကြခြင်း ဖြစ်၏။

သို့ဆိုလျှင် ထိုသူများသည် ပစ္စုပ္ပန်ဘ၀မှာပင် ထိုသို့ဘ၀ကို လုနေကြရလျှင် သံသရာအတွက်ကား မည်သို့ဖန်တီးကြမည်နည်း။ ယခုဘ၀မှာပင် ဘ၀ကို ဖြစ်သလိုနေကာ အချည်းနှီးကုန်ဆုံး သွားသူများသည် သေပြီးနောက်ဘ၀များတွင်လည်း ဘ၀ကူး ကောင်းမည်မဟုတ်လှပေ။ အစစအရာရာ လုနေကြရသည့် ဘ၀တွင် ကုသိုလ်ကောင်းမှုအတွက်လည်း လုနေကြရမည်သာ ဖြစ်၏။ ဉာဏ်နှင့်ယှဉ်သည့် ကြိုးစားအားထုတ်မှု အလုပ်မပါသည့် သူများသည် စားဝတ်နေရေးများတွင်လည်း အဆင်ပြေမှုမရှိနိုင်သည့်အပြင် မည်သူနှင့်ယှဉ်ယှဉ် အမြဲနောက်ကျနေတတ်ကာ အရာအားလုံးအတွက် လု၍သာ နေကြရတတ်၏။ ထိုသို့ ဘုန်းကံကြီးမားသည့် လူ့ဘ၀တွင် လုနေကြရသည့် သူများသည် ကုသိုလ်ကောင်းမှုအတွက်လည်း လုနေကြရသဖြင့် နောင်ဘ၀သံသရာတွင်လည်း လူးနေရတတ်ပေ၏။ လူးသည်ဟူသည် ဘ၀တွင် မည်သည့်အရာမျှ အတည်တကျ မရှိဘဲ ဟိုရောက်ဒီရောက်၊ ဟိုဖြစ်ဒီဖြစ်၊ ဟိုကျဒီကျ ဘ၀များဖြင့် ဘ၀သံသရာ အောက်အောက်ဘုံများတွင်သာ လူးလွင့်နေတတ်သည်ကို ဆိုခြင်းဖြစ်၏။ ထို့ကြောင့် လူဖြစ်သော်လည်း ကံဉာဏ်ဝီရိယကို အရင်းတည်ကာ လူပီသအောင် မလုပ်နိုင်သဖြင့် စားဝတ်နေရေး ကုသိုလ်ရေးများတွင် လုနေကြရသည့် သူများသည် နောင်ဘ၀သံသရာတွင်လည်း အောက်အောက်ဘုံဘ၀များတွင်သာ လူးလွင့်နေတတ်သဖြင့် ထိုသူများကို လူပီသသည့် လူဟုမခေါ်နိုင်ဘဲ “လူး”ဟုသာ ခေါ်ကြခြင်း ဖြစ်၏။

စင်စစ်လူဟူသည် ကံဉာဏ်ဝီရိယကို အရင်းတည်ကာ အကြောင်းအကျိုး အကောင်းအဆိုးကို ပိုင်းခြားဝေဖန် စိစစ်နိုင်သူကိုသာ လူဟုခေါ်၏။ တစ်နည်းအားဖြင့် ကုသိုလ်အကုသိုလ်ကို သိသူကိုသာ လူဟု ခေါ်ဆိုနိုင်၏။ ကုသိုလ်အကုသိုလ် အကျိုးအကြောင်းကို သိရန်မှာလည်း အသိပညာ ရှိမှသာဖြစ်၏။ အသိဉာဏ်ပညာ မရှိလျှင် စူးစမ်းဆင်ခြင်နိုင်မှုလည်း မရှိနိုင်သည့်အပြင် အကောင်းအဆိုးကိုလည်း ခွဲခြားနိုင်စွမ်း မရှိနိုင်ပေ။ ထို့သို့ လူဖြစ်လာပြီး အသိဉာဏ်မရှိပါလျှင် လူသည်လည်း တိရစ္ဆာန်များအတိုင်းပင် ဖြစ်နေတတ်ပေသည်။ တိရစ္ဆာန်များသည်လည်း အိပ်ကြ၊ စားကြ၊ ကာမဂုဏ် မှီဝဲကြသည်များကို ပြုလုပ်ကြသကဲ့သို့ အသိဉာဏ်ပညာ မရှိသည့် လူများသည်လည်း ထိုသုံးမျိုးနှင့်သာ အချိန်ကုန်နေတတ်သဖြင့် လူဖြစ်နေသော်လည်း လူမပီသသည့်သူ၊ တစ်နည်းအားဖြင့် “လူ့တိရစ္ဆာန်” ဟု ခေါ်ဆိုကြ၏။ ဤသဘောကို လယ်တီဆရာတော်ဘုရားကြီးက “မေထုန်မှီ အိပ်စားလို့၊ ယောက်ျားနှင့် နွားမှာ၊ ပြည့်စုံကုံလုံရှိပါ၏။ သိပညာ တတ်တပါး၊ နွားထက်ပိုသာ၊ တတ်ပညာ ချို့ရှာချေက၊ လူမိုက်ခေါင် ထိုယောက်ျားကို၊ နွားဟုဆိုရ“ဟု စပ်ဆိုကာ သတိပေးတော်မူခဲ့၏။ မှန်၏။ မေထုန်မှီဝဲခြင်း၊ အိပ်ခြင်း၊ စားခြင်းများကို လူများလည်း လုပ်ကြသကဲ့သို့ တိရစ္ဆာန်များလည်း လုပ်ကြ၏။ လူသည်ကား အသိပညာရှိခြင်း တစ်ခုသာ တိရစ္ဆာန်နှင့် သာသည့် အချက်ဖြစ်၏။ ထိုသာသည့် အသိပညာပါ မရှိလျှင်ကား ထိုလူသည် အထည်ကိုယ်အားဖြင့် လူဟုဆိုနိုင်သော်လည်း လူမပီသသည့် လူ၊ တစ်နည်းအားဖြင့် အသိဉာဏ်မရှိသည့် သတ္တ၀ါ၊ တစ်နည်းအားဖြင့် လူ့တိရစ္ဆာန်ပင် ဖြစ်လေတော့၏။ ထို့ကြောင့် အကောင်းဆုံး၊ အမြတ်ဆုံးဖြစ်သည့် လူ့ဘ၀ကို ရရှိနေကြသည့် လူများသည် လူပီသသည့် လူများဖြစ်စေရန် ဉာဏ်နှင့်ယှဉ်သည့် ကြိုးစားအားထုတ်မှုဖြင့် စေတနာကောင်းပါသည့် အလုပ်များကိုသာ လုပ်ဆောင်နေထိုင်ရန်လိုကြောင်း ဆိုခြင်းဖြစ်၏။ ဆိုလိုသည်မှာ ကံဉာဏ်ဝီရိယကို လက်ကိုင်ထားသည့် လူဖြစ်ရန် နေထိုင်မှသာ လူဟုဆိုကြောင်း ဆိုလိုရင်းဖြစ်ပါ၏။

အချုပ်အားဖြင့် လူ့ဘ၀သည် အရာရာကို ဖန်တီးနိုင်စွမ်းရှိသည့် ဘ၀၊ အမြင့်မြတ်ဆုံးသော ဘ၀၊ တန်ဘိုးအရှိဆုံးသော ဘ၀ဖြစ်သော်လည်း ထိုဘ၀ကို အချည်းနှီးသောဘ၀၊ ပစ္စုပ္ပန် သံသရာ အစစအရာရာတွင် လု့နေရသည့် ဘ၀၊ မကောင်းသည့် လုပ်ရပ်များကြောင့် မကောင်းသည့် ဘုံဘ၀များတွင်သာ လူးနေရသည့် ဘ၀များအဖြစ် ပြောင်းလဲပစ်နိုင်သည်မှာလည်း လူသာလျှင် ဖြစ်သဖြင့် လူသားများသည် လူပီသသည့် လူများဖြစ်စေရန်၊ လုနေရသည့် လူများမဖြစ်စေရန်နှင့် လူးနေရသည့် လူများမဖြစ်စေရန် အသိဉာဏ်ပညာပါသည့် ကြိုးစားအားထုတ်မှုကို လက်ကိုင်ထားကာ စေတနာကောင်းဖြင့် မိမိလိုချင်သည့်အရာကို ရအောင်ကြိုးစားရန်သာ ဖြစ်သည်ဟူသည့် အချက်ပင်ဖြစ်၏။ ထို့ကြောင့် ရရှိလာသည့် တန်ဘိုးရှိသည့် လူအဖြစ်ကို လုရင်း၊ လူးရင်းဖြင့် အချိန်မကုန်ကြစေဘဲ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ ကုသိုလ် အကုသိုလ်ကို သိရှိကာ လိုက်နာကျင့်သုံးပြီး စေတနာကောင်းပါရှိသည့် လုပ်ရပ်များဖြင့် လူပီသသည့် လူများဖြစ်အောင်သာ ကြိုးစားကြရန် ဖြစ်ပါကြောင်း စေတနာကောင်းဖြင့် အသိပေးတိုက်တွန်း လိုက်ရပါသည်။ အားလုံး လူပီသသည့် လူများ ဖြစ်ကြပါစေ…

Read more »

အစမလုပ်နဲ့ အဆုံးမရှိ ဖြစ်တတ်တယ်…

“အစမလုပ်နဲ့ အဆုံးမရှိ ဖြစ်တတ်တယ်” ဆိုတဲ့ ဒီဆုံးမစကားလေးကို စာသင်သား ဘ၀ကတည်းက စာချဆရာတော်တစ်ပါး ဆုံးမသြ၀ါဒပေးလို့ အမြဲအမှတ်ရနေမိတာပါ။ ဒီစကားလေးဟာ မကောင်းတဲ့ အလုပ်ကို အစပြုပြီး မလုပ်မိစေဖို့ သတိပေးထားတာပါ။ လုပ်မိရင် ဖြတ်ဖို့ခက်တဲ့အတွက် အစကတည်းက မလုပ်ဖြစ်အောင် ကြိုးစားနေထိုင်ဖို့ တိုက်တွန်းထားခြင်း ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း မကောင်းတဲ့ အကျင့်လေးတွေ၊ မကောင်းတဲ့ အလုပ်လေးတွေ လုပ်ဖြစ်တော့မယ်ဆိုရင် ဒီစကားလေးနဲ့ မလုပ်ဖြစ်အောင် ထိန်းနေမိပြီး တစ်ခြားသူများကိုလည်း မလုပ်ဖြစ်အောင် ဒီစကားလေးကို အသုံးပြုပြီး သတိပေး တိုက်တွန်းဖြစ်နေပါတယ်။

ဟုတ်ပါတယ်။ စိတ်ဆိုတာကလည်း သိတဲ့အတိုင်း မကောင်းတဲ့ဘက်မှာပဲ ပျော်မွေ့တတ်ပါတယ်။ ကောင်းတဲ့အလုပ်ကို လုပ်ဖို့ခက်သလောက် မကောင်းတဲ့အလုပ်ကျတော့ အချိန်မရွေး အလွယ်တကူ ထလုပ်ဖြစ်တတ်ပါတယ်။ ဒါကြောင့် မကောင်းတဲ့ အလုပ်၊ မကောင်းတဲ့ အကျင့်ဟာ လုပ်ဖို့လွယ်၊ ဖြစ်ဖို့လွယ်တဲ့ အတွက် စပြီးမလုပ်မိအောင် ကြိုးစားဖို့နဲ့ ကောင်းတဲ့အလုပ်၊ ကောင်းတဲ့အကျင့်ကတော့ လုပ်ဖို့ဖြစ်ဖို့ ခက်တဲ့အတွက် ချက်ချင်းထလုပ်နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။ မကောင်းတဲ့အလုပ်၊ မကောင်းတဲ့ အကျင့်ဟာ ဘာမှမဖြစ်လောက်ပါဘူး ဆိုပြီး စမ်းသပ်တဲ့ သဘောနဲ့တောင် မလုပ်မိကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။ သူများလုပ်တာတွေ့လို့ လုပ်ကြည့်တာမျိုး၊ သူမျိုးတိုက်တွန်းလို့ လုပ်ကြည့်တာမျိုးကအစ ဘယ်လိုသဘောမျိုးနဲ့မှကို မလုပ်မိကြဖို့ သတိပေးကြခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီလို စမ်းသပ်တာ၊ စမ်းလုပ်တာကစပြီး နောက်ပိုင်းဖြတ်ဖို့ ခက်လာကာ ဘ၀ကို ဒုက္ခဖြစ်စေနိုင်တဲ့အထိ ဖြစ်သွားတတ်လို့ပဲ ဖြစ်ပါတယ်။

တစ်ချို့ရှိပါတယ်။ အစက ဆေးလိပ်လည်း မသောက်တတ်၊ အရက်လည်း မသောက်တတ်၊ ဖဲလည်းမရိုက်တတ်ပေမယ့် သူများကတိုက်တွန်းလို့ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်က စမ်းသပ်ကြည့်ချင်လို့ လုပ်ကြည့်ရင်း ဖြတ်ဖို့ခက်အောင် စွဲကုန်တဲ့အထိ ဖြစ်ကုန်ပါတယ်။ ဆေးလိပ်မသောက်ရ မနေနိုင်အောင်၊ အရက်မသောက်ရ မနေနိုင်အောင်၊ ဖဲမရိုက်ရ မနေနိုင်အောင် ဖြစ်ကုန်ပါတော့တယ်။ အဲလို မနေနိုင်လို့ လုပ်ရင်းလုပ်ရင်း သူ့လုပ်ရပ်က သူ့ကိုပြန်ဒုက္ခ ရောက်စေတဲ့အထိ ဖြစ်လာပါတယ်။ ဆေးလိပ်ဖြတ်ချင်လို့ ဆေးလိပ်အစား ကွမ်းလေးစားပြီး ဖြတ်ကြည့်ပါတယ်၊ ဆေးလိပ်လည်းမပြတ် ကွမ်းပါစွဲတဲ့သူတွေလည်း ရှိပါတယ်။ အရက်သောက်တာ မကောင်းမှန်းသိလို့ အရက်ဖြတ်ဖို့ ကြိုးစားပြန်တော့လည်း အချိန်တန် မသောက်ရမနေနိုင်ဖြစ်လို့ ဆေးရုံတက်ဖြတ်တဲ့အထိ လုပ်ကြည့်ပေမယ့် မရပြန်ပါဘူး။ အဲဒီလို ဆေးရုံတက်ဖြတ်ပြီးမှ အရက်ပြန်သောက်မိလို့ ရူးသလိုကြောင်သလိုဖြစ်ပြီး အရက်ကသတ်လို့ သေတဲ့သူတွေလည်း ရှိပါတယ်။ ဖဲရိုက်တာ မကောင်းမှန်းသိလို့ ဖြတ်ဖို့ကြိုးစားပေမယ့် ရှုံးထားတဲ့ ဖဲကြွေးတွေက ရှိနေသေးတော့ အကြွေးလေးတွေကျေအောင် ရိုက်ရင်းရိုက်ရင်း တစ်နှစ်လုံးလုပ်တဲ့ လစာ ကိုယ်မသုံးရဘဲ ဖဲကြွေးဆပ်နေရတဲ့ သူတွေလည်း ရှိပါတယ်။ ဒါတွေဟာ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး စမ်းသပ်အစလုပ်မိရာက အဆုံးမရှိဖြစ်ကာ ဘ၀ပျက်တဲ့အထိ ဖြစ်သွားတတ်တာလေးတွေပါ။ ဒီလို ဆေးလိပ်၊ အရက်၊ ဖဲ စတာတွေမှ မဟုတ်ပါဘူး။ တစ်ခြား မကောင်းတဲ့ ဘယ်လိုအလုပ်မျိုး မဆို စမိလိုက်ရင် မဆုံးနိုင်တော့ဘဲ ဆက်ကာဆက်ကာသာ လုပ်မိနေတတ်ပါတယ်။ ဒီလိုလုပ်မိတဲ့ အတွက်လည်း ဘ၀မှာ ဆိုးကျိုးတွေနဲ့ ကြုံတွေနေရပြီး တစ်ချို့ဆို ဘ၀အခြေအနေ မကောင်းတဲ့အထိကို ဖြစ်သွားကုန်တာတွေ ရှိပါတယ်။

တကယ်တော့ ဖြစ်သွားကြတာတွေ မဟုတ်ပါဘူး။ ဖြစ်ကို ဖြစ်နေတာတွေပါ။ ဘုန်းဘုန်းတို့နဲ့ သိတဲ့ တစ်ချို့ကလေးတွေဆိုရင် အလောင်းအစားလေးတွေ၊ အထူးသဖြင့် ဖဲကစားတာလေးတွေကို အပျင်းပြေ အပျော်သဘော စပြီးစမ်းသပ်မိရာက အရှုံးတွေပေါ်လို့ အနိုင်ရလို့ရငြား လိုက်ရင်းလိုက်ရင်းနဲ့ အကြွေးတွေ တင်ကုန်တဲ့အထိ ဖြစ်နေတာကို ကြားသိတွေ့နေရပါတယ်။ အကြွေးတွေများလာတော့ အလုပ်ကရသမျှ လခကို အိမ်မပို့နိုင်ဘဲ ဖဲကြွေးတွေဆပ်နေရလို့ သူ့လုပ်စာ မျှော်စားနေရတဲ့ မြန်မာနိုင်ငံက မိသားစုမှာ ဒုက္ခတွေ ဖြစ်ကုန်တယ်ဆိုတာလည်း ကြားရပြန်ပါတယ်။ ဒီလိုနဲ့ အဆင်မပြေမှုတွေ များလာပြီး စိတ်ဓာတ်တွေပါ ကျလာတဲ့အထိ ဖြစ်တဲ့ကလေးတွေလည်း ရှိပါတယ်။ နောက်ဆုံးအရင်းစစ်တော့ ဒီလိုမကောင်းတဲ့ အကျင့်၊ မကောင်းတဲ့အလုပ်လေးတွေကို စမိလိုက်လို့ အဆုံးမရှိအောင် ဖြစ်နေကြခြင်းပဲ ဖြစ်ပါတယ်။ သူတို့လေးတွေ ကြိုက်မကြိုက်မသိဘူး။ ဘုန်းဘုန်းကတော့ ကြုံရင်ကြုံသလိုတော့ ဒီလိုအရက်သောက်၊ ဖဲကစားတဲ့ အလုပ်တွေ မလုပ်ကြဖို့ တိုက်တွန်းမိနေပါတယ်။ ဒါတောင် အပျင်းပြေသောက်တယ်၊ အပျော်သဘော ကစားကြတယ်ဆိုတာ ကြားနေရပြန်ပါတယ်။ တစ်ခါတစ်လေ ဒီလိုဆိုးကျိုးတွေကို ကြားသိနေရတဲ့အတွက် မလုပ်ကြဖို့ တိုက်တွန်းနေ၊ ဟောပြောဆုံးမနေပေမယ့် ရှေ့မှာတော့ နားထောင်သလိုရှိပြီး ကွယ်ရာမှာ လုပ်ဖြစ်နေတယ်လို့ ကြားရပြန်တော့ ရင်ထဲက သူတို့လေးတွေအပေါ် ကောင်းစေချင်တဲ့ စေတနာ အစစ်အမှန်နဲ့ ပြောတဲ့ကိုယ်တောင်မှ နောက်တစ်ခါ ပြောဖို့စိတ်ဓာတ်ကျမိလာပါတယ်။ ကောင်းစေချင်လို့ ပြောတာလေးတွေ အပေါ်မှာ အဆိုးလေးတွေ တွေးမိရင် သူတို့တွေအတွက် ပိုပြီးအပြစ်ကြီးမှာကို စိုးရိမ်မိပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ကောင်းဖို့ ပြောနေတာဆိုတော့ ကြုံရင်တော့ ပြောရမှာပဲလေလို့ ကိုယ့်ကိုယ်ကို ပြန်ဖြေသိမ့်ရပါတယ်။

ထားပါတော့။ ဒီနေရာမှာ ပြောချင်တာက မကောင်းတဲ့အလုပ်၊ မကောင်းတဲ့အကျင့်လေးတွေကို ဘာပဲဖြစ်ဖြစ် အစမလုပ်မိကြဖို့နဲ့ အစလုပ်မိရင် အဆုံးမရှိ ဖြစ်တတ်တယ်ဆိုတာလေးကို သတိပေးချင်တာပါ။ ပြီးတော့ မကောင်းတဲ့ အလုပ်လေးတွေကိုလည်း အသေးအဖွဲလေးပဲ၊ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး အထင်မသေးဖို့ အသေးလေးတွေများလာရင် အကြီးကြီးဖြစ်လာတတ်တယ်ဆိုတာ သိစေချင်တာပါ။ ဗုဒ္ဓကလည်း ဒီအတိုင်း ဟောထားတာရှိပါတယ်။ ဘုရားရှင်က “အနည်းငယ်သော မကောင်းမှုသည် ငါ့အားအကျိုးရောက်လိမ့်မည် မဟုတ်ဟု မကောင်းမှုကို မထီမဲ့မြင် မအောက်မေ့ရာ။ မိုးရေပေါက်သည် ကျဖန်များသော် ရေအိုးသည် ပြည့်လာဘိသကဲ့သို့ သူမိုက်သည် အနည်းငယ် အနည်းငယ်မျှသော မကောင်းမှုကို ပြုဖူးဖန်များလာသော် မကောင်းမှုဖြင့် ပြည့်၏” (ဓမ္မပဒ၊ အသညတ ပရိက္ခာရ၀တ္ထု)လို့ မိန့်တော်မူပါတယ်။

ဒီတရားတော်ကို မြတ်စွာဘုရား သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းမှာ သီတင်းသုံးတော်မူစဉ်က ရဟန်းအသုံးအဆောင် ပရိက္ခရာများကို သိုမှီးသိမ်းဆည်းခြင်းမပြု အမှတ်မဲ့ ထားလေ့ရှိသော ရဟန်းတစ်ပါးကို အကြောင်းပြုကာ ဟောတော်မူပါတယ်။ အဲဒီရဟန်းဟာ အမှတ်သညာမရှိဘဲ ညောင်စောင်းအင်းပျဉ် စတဲ့ပရိက္ခရာတွေကို အပြင်မှာ အသုံးပြုပြီး ပြန်လည်သိမ်းဆည်းခြင်း မရှိ ဖြစ်သလို ပစ်ထားလေ့ရှိပါတယ်။ အဲဒီလို ဖြစ်သလို ထားလေ့ရှိတဲ့အတွက် အဲဒီအသုံးအဆောင် များဟာ မိုးကြောင့်လည်း ပျက်ဆီးကုန်တတ်၊ နေကြောင့်လည်း ပျက်ဆီးကုန်တတ်၊ ပိုးရွခြပုန်းများကြောင့်လည်း ပျက်ဆီးကုန်တတ်ပါတယ်။ ဒါကြောင့် တခြားရဟန်းတွေက အဲဒီလို အမှတ်မဲ့ လုပ်လေ့ရှိတဲ့ ရဟန်းကို “အရှင်ဘုရား… အသုံးအဆောင် ပရိက္ခရာတွေကို အသုံးပြုပြီးရင် သိမ်းဆည်းသွားဖို့ မမေ့ပါနဲ့၊ ဖြစ်သလို အမှတ်မဲ့ မထားပါနဲ့“ စသဖြင့် ဆုံးမပြောဆိုတဲ့အခါ သူက “အရှင်ဘုရားတို့ တပည့်တော်ပြုတဲ့ အမှုဟာ ဘာမှမဖြစ်လောက်ပါဘူး၊ ဒီပစ္စည်းတွေကို ပျက်လိုပျက်ဆီး လုပ်လိုတဲ့စိတ်လည်း မရှိပါတဲ့အပြင် ဖြစ်သလို အမှတ်မဲ့လုပ်တာလည်း မဟုတ်ပါဘူး..“ စသဖြင့် ပြန်လည်တုန့်ပြန် ပြောဆိုပြီး ထုံးစံအတိုင်းပဲ အမှတ်သညာမဲ့ ပြုလုပ်ပြီး နေပါတယ်။ နောက်ဆုံး ရဟန်းတော်တွေဟာ အဲဒီရဟန်းအကြောင်းကို မြတ်စွာဘုရားရှင်ထံ လျှောက်ကြားပါတယ်။ မြတ်စွာဘုရားရှင်က အဲဒီရဟန်းကို ခေါ်တော်မူပြီး အကျိုးအကြောင်း မေးတဲ့အခါမှာလည်း ထုံးစံအတိုင်း မထီမဲ့မြင် ပြန်လည်လျှောက်ပါတယ်။ ဒီတော့ မြတ်ဗုဒ္ဓက ကိုယ့်ရဲ့အပြုအမူဟာ ဘာမှမဖြစ်လောက်ပါဘူး၊ အသေးအဖွဲလေးပါလို့ ထင်နေတဲ့ ဒီရဟန်းကို “ချစ်သားရဟန်း... ရဟန်းတို့ မည်သည်ကား ဤသို့ပြုခြင်းငှါ မသင့်၊ မကောင်းမှုမည်သည်ကို အနည်းငယ်ဟူ၍ မထီမဲ့မြင် မအောက်မေ့အပ်၊ လွင်တီးခေါင်၌ ထားအပ်သော ဟင်လင်းပွင့်သော အ၀ရှိသော အိုးသည် မိုးရေစက်များ တစ်ပေါက်တစ်ပေါက် ၀င်ပါများလျှင် ပြည့်လျှံသွားသကဲ့သို့ မကောင်းမှုကို ပြုသောပုဂ္ဂိုလ်သည် အနည်းငယ်သာ၊ အသေးအဖွဲသာ၊ ဘာမှမဖြစ်လောက်ပါဟူသော အတွေးဖြင့် ပြုဖန်များလာသည်ရှိသော် မကောင်းမှုသည်လည်း အစိုင်အခဲဖြစ်ကာ မကောင်းမှုအစုကြီး ဖြစ်လာတတ်ကြောင်း…“ ဖြင့် တရားစကား ဟောကြားတော်မူလိုက်ပါတယ်။

မှန်ပါတယ်။ မြတ်ဗုဒ္ဓဟောတော်မူတဲ့အတိုင်း မကောင်းတဲ့အလုပ်၊ မကောင်းတဲ့အကျင့်ဆိုတာ ဘာမှမဖြစ်လောက်ပါဘူး၊ စမ်းကြည့်တဲ့သဘောပါပဲ စတဲ့သဘောနဲ့ နဲနဲလုပ်ရာက ဆက်တိုက်ဆက်တိုက် လုပ်ဖြစ်လာပြီး နောက်ဆုံးဖြတ်မရတဲ့အထိ စွဲလန်းသွားတတ်ပါတယ်။ အရက်သောက်တာပဲ ဖြစ်ဖြစ်၊ အလောင်းအစားလုပ်တာပဲ ဖြစ်ဖြစ် ဘယ်သူမှ အရမ်းလုပ်ချင်လို့ ၀ါသနာပါလို့ လုပ်နေကြတာတော့ မဟုတ်ပါဘူး။ သူများလုပ်လို့၊ အပေါင်းအသင်းတွေနဲ့ ရင်းရင်းနှီးနှီး ဖြစ်စေချင်လို့၊ တစ်ခါမှ မလုပ်ဖူးလို့ စတဲ့သဘောများနဲ့ အပျော်သဘော စမ်းသပ်လုပ်မိရာက ဖြတ်မရအောင်ဖြစ်ပြီး စွဲလန်းသွားမိတတ်ကြခြင်း ဖြစ်ပါတယ်။ ဘယ်တော့ဖြတ်မယ်၊ ဘာပြီးရင် ဖြတ်မယ်၊ ဘာဖြစ်ရင်ဖြစ်မယ်ဆိုတဲ့ အတွေးတွေနဲ့ ဖြတ်ဖို့ကြိုးစားကြရင်းနဲ့ပဲ နောက်ဆုံးတော့ မထူးပါဘူးဆိုပြီး မထူးဇာတ်ခင်းမိနေကြခြင်း ဖြစ်ပါတယ်။ ဒါဟာ မကောင်းမှုရဲ့ သဘောပါပဲ။ မကောင်းတဲ့အကျင့်ရဲ့ သဘာဝပါပဲ။ ဒါကြောင့် မကောင်းတဲ့အကျင့်တွေ၊ မကောင်းတဲ့အလုပ်တွေကို ဘယ်လိုပဲဖြစ်ဖြစ် အစမလုပ်မိကြဖို့၊ စမိပြီဆိုရင် အဆုံးမရှိဖြစ်တတ်တဲ့ အတွက် မစမိအောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

သို့သော် ဘာပဲဖြစ်ဖြစ် ကိုယ်သာလျှင် အဓိကဖြစ်တဲ့အတွက် မကောင်းတဲ့ အကျင့်၊ မကောင်းတဲ့အလုပ်ဟာ ဖြတ်ဖို့ခက်ပေမယ့် စခဲ့တာလည်း ကိုယ်ပဲဖြစ်လို့ အဆုံးသပ်အောင်လည်း ကိုယ်ပဲလုပ်နိုင်ရမယ် ဆိုတဲ့စိတ်ဆန္ဒနဲ့ ဖြတ်ကြည့်မယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ လောကမှာ လူသားတွေ မလုပ်နိုင်တဲ့အရာ မရှိဘူးလို့ ဆိုကြတဲ့အတိုင်း လူတစ်ယောက်ဖြစ်နေတဲ့ ကိုယ့်အနေနဲ့လည်း မဖြစ်နိုင်တာ မရှိဘူးဆိုတဲ့ အားမာန်အပြည့်နဲ့ စမိလိုက်တဲ့ မကောင်းတဲ့အလုပ်၊ မကောင်းတဲ့အကျင့်ကို ဆုံးအောင်လုပ်နိုင်ရပါတယ်။ အကောင်းဆုံးကတော့ မစမိရင် အကောင်းဆုံးဖြစ်ပေမယ့် စမိသွားရင်လည်း အဆုံးရှိအောင် ကိုယ့်ကိုယ်ကို ဆုံးမပဲ့ပြင်ပြီး ပြုပြင်လိုက်မယ်ဆိုရင်တော့ နောက်မကျသေးပါဘူး။ အဲဒီလို အသိတရားရလို့ စမိတဲ့မကောင်းကျင့်ကို ဖြတ်ပြီး ကောင်းအောင်ကြိုးစားသွားတဲ့ ကလေးတွေလည်း အများကြီး ရှိပါတယ်။

ဒါကြောင့် ပြုပြင်ကြည့်မယ်ဆိုတဲ့ စိတ်ကလေးနဲ့သာ စတင်အကောင်ထည် ဖော်ကြည့်ကြဖို့နဲ့၊ ကောင်းတဲ့စိတ်၊ ကောင်းတဲ့အတွေး၊ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ပြုပြင်ဖို့ စတင်နိုင်ပြီဆိုရင် ဖြတ်ဖို့ခက်တဲ့၊ အဆုံးမရှိဘူးဆိုတဲ့ မကောင်းတဲ့အကျင့်၊ မကောင်းတဲ့အလုပ်တွေဟာလည်း အဆုံးသပ်သွားမှာ ဖြစ်ပါကြောင်း၊ အစမလုပ်နဲ့ အဆုံးမရှိ ဖြစ်တတ်တယ်ဆိုပေမယ့် စမိပြီးတဲ့ မကောင်းကျင့်တွေအတွက် အသိဝင်တဲ့အချိန် ပြုပြင်နိုင်ရင် နောက်မကျသေးတဲ့အကြောင်း၊ အစကောင်းမှ အနှောင်းသေချာတယ်လို့ ဆိုကြပေမယ့် အစမကောင်းပေမယ့် အနှောင်းသေချာအောင်၊ အနှောင်းကောင်းအောင် အခုပဲ မြန်မြန်အသိဝင်ပြီး ကိုယ်ကိုယ်ကို ဆုံးမပဲ့ပြင် ပြုပြင်ကြည့်ကြဖို့ လိုကြောင်း စေတနာစကားနဲ့ တိုက်တွန်းပြောဆိုရခြင်း ဖြစ်ပါတယ်။ အားလုံးအမြန်အသိဝင်ပြီး မကောင်းတဲ့အကျင့်များမှ မြန်မြန်အဆုံးသပ်နိုင်ကြပါစေဟု ဆန္ဒပြုရင်း “အစမလုပ်နဲ့ အဆုံးမရှိ ဖြစ်တတ်တယ်“ဆိုတဲ့ အဆုံးအမစကားကိုပဲ ထပ်ပြောလိုက်ရပါတယ်။

Read more »

မာနလေးတွေ လျှော့စေချင်…

“ဒို့က ကိုယ့်မာနနဲ့ ကိုယ်နေတာ…၊ ကိုယ်မှန်ရင် ဘယ်သူမှ ဂရုစိုက်စရာ မလိုဘူး…၊ ဒို့ကသူများကို ဘယ်တော့မှ အောက်မကျို့ဘူး…၊ သူလောက်ကတော့ ပျင်းတောင်ပျင်းသေးတယ်…၊ ကိုယ်မှားတာမှ မဟုတ်ဘဲ ဘာလို့ တောင်းပန်ရမှာလဲ…၊ ဂျင်းစိမ်းနဲ့ မိတ်သလင်လို သူကျင်မှ ကိုယ်ကျင်ပဲပေါ့…၊ ဒို့က သူများကိုလည်း မဟုတ်တာမလုပ်ဘူး ကိုယ့်လာထိရင်လည်း ဘယ်တော့မှ မခံဘူး…၊ သူကရော ဘာမို့လို့လဲ…“ စတဲ့ စတဲ့ စကားများ အားလုံးကြားဖူးကြမှာပါ။ ဒီစကားလေးတွေကို ကောက်ချက်ချကြည့်လိုက်ရင် မာနလေးတွေ လွှမ်းထားတာကို တွေ့နိုင်ပါတယ်။ မာနကိုယ်စီပိုက်ထားတဲ့ အပြောလေးတွေ ဖြစ်နေကြပါတယ်။ တစ်ဦးနဲ့တစ်ဦးကြား ဒီလိုမာနလေးတွေ ခြားထားလေတော့ အပြိုင်အဆိုင်လေးတွေ ဖြစ်လာပြီး ပြဿနာတွေပဲ တိုးလာနေတာကို တွေ့ရတတ်ပါတယ်။ မာနကိုယ်စီ ရှိနေကြတဲ့အတွက် အမှန်နဲ့ဝေးနေပြီး ငြိမ်းချမ်းရေး မရနိုင်ပဲ ဖြစ်နေတတ်ပါတယ်။ အဓိကကတော့ တလွဲမာနလေးတွေကြောင့်ပါပဲ။ မာနရဲ့ သဘောကိုက တက်ကြွခြင်း၊ ထောင်လွှားခြင်း သဘောရှိတဲ့အတွက် ဒီမာနရှိနေတဲ့သူတွေမှာလည်း ဒီသဘောတွေ လွှမ်းမိုးခံထားရတာ သဘာဝပါပဲ။ ဒါကြောင့်လည်း ဗုဒ္ဓစာပေမှာ မာနကို ကိလေသာတစ်မျိုးအဖြစ် ဖော်ပြထားပြီး သတ္တ၀ါတွေကို ပူလောင်စေတတ်၊ လောင်ကျွမ်းစေတတ်တဲ့ တရားတစ်ခုအဖြစ် ညွန်ပြကာ ဒီမာနမဖြစ်အောင် စောင့်ထိန်းကြဖို့ ထုတ်ဖော်ဟောကြားခြင်း ဖြစ်ပါတယ်။

မှန်ပါတယ်။ ကိလေသာ တရားတွေရဲ့ လွှမ်းမိုးမှုကို ခံနေရတဲ့ ပုထုဇင်တွေရဲ့ သဘာဝအတိုင်း မာနဆိုတဲ့ ကိလေသာရဲ့ ဒဏ်ခက်မှုမှ မလွတ်ကြသေးတော့ သတ္တ၀ါတွေဟာ မရှိ ရှိတာလေးတွေ အပေါ် မာနတက်နေ တတ်ကြပါတယ်။ ရားထူးရှိတဲ့သူကလည်း ရာထူးကို အမှီပြုပြီး မာနတက်ကြသလို ပညာတတ်သူကလည်း ပညာမာန၊ ပိုက်ဆံရှိသူကလည်း ပိုက်ဆံမာန၊ ဂုဏ်ရှိသူကလည်း ဂုဏ်မာန၊ ရုပ်လှသူကလည်း အလှမာန၊ အသက်ကြီးသူကလည်း အကြီးမာန၊ အသက်ငယ်သူကလည်း အငယ်မာန စသဖြင့် မရှိ ရှိတာ ရှာကြံပြီး မာနလေးတွေ ထားတတ်ကြပါတယ်။ ကိုယ့်မှာရှိတဲ့ အရာလေးတွေဟာ ဘာမှအမြဲမဟုတ်ပါလား ဆိုတာကို မေ့နေပြီး ထာဝရ ပိုင်ဆိုင်ထားနေရသလို အလိုလို ကိုယ့်ကိုယ်ကို အထင်ကြီးနေတတ်ပါတယ်။

တစ်ခါတစ်ရံမှာ ဒီမာနကြောင့် အမှန်တရားနဲ့ ဝေးပြီး မှားမှန်းသိရဲ့နဲ့ အမှားအတိုင်း ဇွတ်မှိတ်နေမိတတ်ပါတယ်။ ဒီသဘောတွေဟာ လူကြီးတွေကြားမှာ ပိုပြီးဖြစ်လေ့ ဖြစ်ထရှိပါတယ်။ မိဘနဲ့ သားသမီးကြား၊ ဆရာနဲ့ တပည့်ကြား၊ ရာထူးကြီးသူနဲ့ ရားထူးငယ်သူကြား၊ ကိုးကွယ်ခံသူနဲ့ ကိုးကွယ်သူတွေကြားမှာ ဖြစ်လေ့ရှိတဲ့ အမှားအမှန် ပြဿနာများမှာ အဖေဆိုတဲ့ မာန၊ အမေဆိုတဲ့ မာန၊ ဆရာဆိုတဲ့ မာန၊ ရားထူးကြီးသူဆိုတဲ့ မာန၊ ဂုဏ်ကြီးသူဆိုတဲ့ မာန၊ ဘုန်းကြီးရဟန်းဆိုတဲ့ မာန စတဲ့စတဲ့ မာနတွေကြောင့် ကိုယ့်ဘက်က မှားနေပေမယ့်လည်း အမှားကိုဝန်မခံ ဇွတ်အတင်း ငြင်းဆန်တတ်တာတွေ ရှိတတ်ပါတယ်။ ဒီလိုနဲ့ တစ်ဦးနဲ့တစ်ဦး မာနတွေအပြိုင်ဖြစ်ကာ မလိုလားအပ်တဲ့ အငြိုးအတေးတွေ တိုးကုန်ကြတော့တာ ဖြစ်ပါတယ်။ ဒီပြဿနာတွေရဲ့ အဓိက တရားခံက မာနတွေ ကြားခံနေကြတာတွေပါ။ အသေးအဖွဲကိစ္စလေးကိုပဲ မာနက ကြားခံနေလေတော့ ပိုပြီးကြီးကုန်တတ်ပါတယ်။ ပါးစပ်ကလေးနဲ့ပဲ “အေးကွာ… မှားသွားတယ်၊ ခွင့်လွှတ်ကွာ…”လို့ ပြောလိုက်ရင် ပြီးသွားမယ့် ကိစ္စလေးတွေမှာ အသက်၊ သိက္ခာ၊ ရာထူးဌာနန္တရ၊ ဂုဏ်ဆိုတဲ့ မာနတွေ ကြားဝင်မိလိုက်တော့ အသေးလေးက အကြီးကြီး ဖြစ်ကုန်တတ်ပါတယ်။ သေချာတာကတော့ ဒီပြဿနာများရဲ့ တရားခံက ပညတ်တွေအပေါ် စွဲမိသွားတဲ့ ငါဆိုတဲ့ မာနအစွဲကြောင့်ပဲ ဖြစ်ပါတယ်။

ဟုတ်တယ်။ ဒီလို ငါစွဲမာနတွေ စွဲမိပြီ၊ ငါတွေများလာပြီဆိုရင် ဒီမာနကြောင့် သတ္တ၀ါတွေဟာ မျက်မှောက်ဘ၀မှာလည်း အကျိုးတရားတွေ ဆုတ်ယုတ်တတ်သလို သံသရာအတွက်လည်း ဒုက္ခတွေ့တတ်ပါတယ်။ မာနအားကြီးလာရင် အရိုအသေ ပြုတတ်တဲ့ ဂါရ၀တရားတွေ ခေါင်းပါးလာတတ်ပါတယ်။ မာနကြီးလာရင် ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တဲ့ နိဝါတ တရားတွေ ဆုတ်ယုတ်လာတတ်ပါတယ်။ ဂါရ၀၊ နိဝါတဆိုတာ မင်္ဂလာ တရားတော်တွေပါ။ မာနကြောင့် ဒီမင်္ဂလာတရားတွေ မရှိဖြစ်လာရင် ကိုယ့်သန္တာန်မှာ ကျက်သရေ မရှိဖြစ်လာတာနဲ့ အတူတူပါပဲ။ မင်္ဂလာမရှိဘူးဆိုရင် အမင်္ဂလာပဲပေါ့။ အမင်္ဂလာဆိုတာ အကုသိုလ်ပါပဲ။ ဒါဆိုရင် မင်္ဂလာမရှိတဲ့သူဟာ အကုသိုလ်ရှိနေတဲ့သူပဲပေါ့။ သေချာဆက်စပ် တွေးကြည့်လိုက်တော့ မာနတရား လက်ကိုင်ထားမိတဲ့ အတွက် ကိုယ်ကိုယ်တိုင် အကုသိုလ်ကောင်ကြီး ဖြစ်မှန်းမသိ ဖြစ်နေတော့တာပါ။ မာနဆိုတဲ့ ကိလေသာဟာ သူ့ကိုစွဲကိုင်ထားတဲ့ သူတွေကို မင်္ဂလာမရှိအောင်၊ အကုသိုလ်ကောင် ဖြစ်အောင်အထိ တွန်းပို့နိုင်တဲ့အတွက် မာနတရားဟာ မထားသင့်၊ မရှိသင့်တဲ့အရာ ဖြစ်ပါတယ်။ တကယ်တော့ ပညာတွေ ဘယ်လောက်တတ်တတ် မာနကြီးပါက အရိုအသေမဲ့တတ်ပါတယ်။ ရုပ်အဆင်းအင်္ဂါ ဘယ်လောက်ပဲလှလှ မာနကြီးပါက စက်ဆုတ်ရွံ့ရှာခံရ တတ်ပါတယ်၊ ရာထူးဌာနန္တရ ဘယ်လောက်ပဲကြီးကြီး ခက်ထန်မောက်မာပါက အမုန်းခံရတတ်ပါတယ်။ စာသင်စာပြ တရားဟော တရားပြ ဘယ်လောက်ပဲ ကောင်းကောင်း မာနကြီးပြီး ခက်ထန်မောက်မာပါက အကဲ့ရဲ့ခံကာ ရှောင်ပယ်ခံရတတ်ပါတယ်။ ဒါဟာ မာနရဲ့ ဆိုးကျိုးတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ဆိုးကျိုးတွေ မဖြစ်အောင် မာနလေးတွေ လျှော့ကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။

တစ်ခါတစ်ရံ လက်တွေ့ဘ၀မှာလည်း မာနနဲ့ ပတ်သက်လို့ ကိုယ်တိုင်တွေ့ကြုံဖူးသူတွေ ရှိကြမှာပါ။ မာနလေးတွေ ခံနေတဲ့အတွက် မိတ်ဆွေအပေါင်းအသင်း အချင်းချင်း၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း အဆင်မပြေတာတွေ ရှိတတ်ပါတယ်။ ဘာမဟုတ်တဲ့ အကြောင်းအရာလေးတွေ အပေါ်မှာ အချင်းချင်း တွေ့ဆုံပြောဆိုကာ နားလည်မှုယူပြီး မှားသူကလည်း မှားတဲ့အကြောင်း ၀န်ခံပြောဆိုရမှာကို ငါဆိုတဲ့ မာနက ခံနေတဲ့အတွက် မပြောဖြစ်ဘဲ သူမှားတယ် ကိုယ်မှန်တယ်ဆိုတဲ့ အစွဲတွေနဲ့ အစာမကျေမှုတွေက ရင်ထဲမှာ ကိန်းနေကြတော့ အဆင်မပြေမှုတွေသာ ဆက်တိုက်ဖြစ်နေ ပါတော့တယ်။ အရင်းစစ်တော့ မာနကြောင့်ပါပဲ။ တစ်ဦးနဲ့တစ်ဦး မာနလေးတွေသာ နဲနဲစီ လျှော့လိုက်ကြမယ်ဆိုရင် လူ့အသိုင်းအ၀ိုင်း၊ လူ့ပတ်ဝန်းကျင်မှာလည်း အဆင်ပြေမှုတွေ ငြိမ်းချမ်းမှုတွေ တဖြည်းဖြည်း တိုးလာမှာ အမှန်ပါပဲ။ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် ဘယ်သူက ဘယ်လိုပြောလို့ ဘယ်လိုဆိုလို့စတဲ့ အငြိုးအတေး အမျက်လေးတွေ မထားကြဘဲ နားလည်မှုလေးတွေပေးပြီး သူ့ဘက်ကိုယ့်ဘက် အစွဲမာနလေးတွေ လျှော့ကြည့်ကြမယ်ဆိုရင် ဘယ်သူနဲ့မဆို နေထိုင်ပေါင်းသင်းရတာ အဆင်ပြေသွားတတ်ပါတယ်။

အမှန်တော့ မာနဆိုတဲ့ ကိလေသာကို လောကုတ္တရာ အရိယာမဂ်နဲ့သာ အပြီးပယ်သတ်နိုင်ပါတယ်။ ရဟန္တာဖြစ်မှ မာနကင်းစင်ပါတယ်။ ဒါပေမယ့် ရဟန္တာမဖြစ်ခင် ပုထုဇင် ဘ၀မှာလည်း ကိုယ့်စိတ်ကလေးကို သတိနဲ့ထိမ်းပြီး မာနမကြီးနိုင်အောင်၊ မာနမထောင်နိုင်အောင်၊ မာန်မာန မတက်ကြွအောင်၊ ကိုယ့်ကိုယ်ကို စိတ်ကြီးမ၀င်အောင် သတိထားကာ ကြိုးစားလေ့ကျင့်မယ်ဆိုရင် မာနလေးတွေ တဖြည်းဖြည်း လျှော့လာတတ်ပါတယ်။ ပညာတတ်လေလေ၊ အထက်တန်းရောက်လေလေ၊ အသက်၊ဂုဏ်ကြီးလေလေ နှိမ့်ချတတ်တဲ့ အကျင့်လေးတွေနဲ့ နေနိုင်လေဖြစ်အောင် ကြိုးစားသင့်ပါတယ်။ စပါးနှံလိုပေါ့။ စပါးနှံဟာ အသီးအနှံ အောင်လေလေ အကိုင်းညွှတ်လေလေ ဖြစ်သလို အသက်သိက္ခာ ဂုဏ်ပညာ ကြီးလေလေ ကိုယ့်ကိုယ်ကို နှိမ့်ချလေဖြစ်အောင် သတိပြုသင့်လှပါတယ်။ တိပိဋက မင်းကွန်းဆရာတော် ဘုရားကြီးဆိုရင် ကိုရင်လေးတွေနဲ့ စကားပြောတာတောင် မင်းနဲ့ငါနဲ့ မပြောဘဲ “ကိုရင်တို့… အရှင်ဘုရားတို့..“ စသဖြင့် ပြောတယ်လို့ ဆိုပါတယ်။ ပညာရှိဟာ အဲဒီလို ဖြစ်သင့်ပါတယ်။ ဆရာတော်ကြီးဟာ ပညာတတ်တာနဲ့အမျှ ကိုယ့်ကိုယ်ကို နှိမ့်ချမှုဟာလည်း အတုယူစရာ ကောင်းလှပါတယ်။ ကြည်ညိုစရာကောင်းလှပါတယ်။ ငါပညာတတ်ဆိုပြီး မာန်မာန မထားဘဲ ကိုရင်လေးကအစ တလေးတစား ဆက်ဆံတာဟာ ပညာရှိများရဲ့ ဂုဏ်တစ်ခုပါပဲ။ ပညာအရာ ဧတဒဂ်ဖြစ်တော်မူတဲ့အပြင် ဘုရားရှင်ရဲ့ အဂ္ဂသာဝကကြီးလည်းဖြစ်တဲ့ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးဆိုရင် သင်္ကန်းဝတ်တာ မညီလို့ပြောတဲ့ ကိုရင်လေးကိုပင် “တင်ပါဘုရား… ပြန်ပြင်ဝတ်လိုက်ပါမယ် ဘုရား..“လို့ တလေးတစား အလေးအထားကာ နှိမ့်ချဆက်ဆံတာလေးတွေ တွေ့ရပြန်တော့ ပညာရှိများရဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တဲ့ အကျင့်လေးတွေအပေါ် ကြည်ညိုမိပါတယ်။ ဒီပညာရှိကြီးများလောက် ကိုယ့်ကိုယ်ကို နှိမ့်ချတဲ့ နိဝါတတရား မထားနိုင်တာတောင်မှ သတိတရား လက်ကိုင်ထားပြီး မာနလေးတွေ လျှော့တတ်တဲ့ အကျင့်လေးတွေ လေ့ကျင့်ကြည့်သင့်ပါတယ်။ နှိမ့်ချတယ်ဆိုတာ မာနကိုလျှော့တာဖြစ်တဲ့အတွက် မာနလျှော့လေလေ ကိုယ့်ကိုယ်ကို နှိမ့်ချပြီးဖြစ်လေလေ ဖြစ်ပါတယ်။ နှိမ်ချတတ်တဲ့ နိဝါတ တရားတွေများများ ရှိလေလေ ကိုယ့်သန္တာန်မှာ မင်္ဂလာတရားတွေ တိုးလေဖြစ်ပြီး မင်္ဂလာရှိရင် ကုသိုလ်လည်းရှိပြီ ဖြစ်ပါတယ်။ ဒီလို အကျိုးကျေးဇူးတွေ ရှိတဲ့အတွက် မာနလေးတွေ လျှော့ပါလို့ ဆိုခြင်းဖြစ်ပါတယ်။

မာနကြီးခြင်းနဲ့ နှိမ့်ချခြင်းတို့ဟာ ဆန့်ကျင်ဘက်တွေ ဖြစ်တာနဲ့အမျှ တန်ပြန်သက်ရောက်တဲ့ အကျိုးရလာဘ်ဟာလည်း အလွန်ကွာခြားလှပါတယ်။ မာနကြီးတဲ့သူဟာ ကိုယ်ကိုယ်ကို အထင်ကြီးမှုဘက် ဦးတည်နေပြီး သူတပါးအပေါ် အဂါရ၀ ဖြစ်စေတတ်ပါတယ်။ နှိမ့်ချတတ်သူကတော့ သူတပါးအပေါ် ဂါရ၀တရားထားမှုဘက် ဦးတည်နေပြီး ကိုယ့်ကိုယ်ကို နိဝါတ မင်္ဂလာရှိစေတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မာနတရားဟာ ပြိုင်ဆိုင်မှုကို ပြင်းထန်စေပြီး တည်ငြိမ်အေးချမ်းမှုကို ဆုတ်ယုတ်စေတယ်ဆိုတာ အမှန်ပါပဲ။ မာနတရား လက်ကိုင်ထားတဲ့အတွက် မျက်မှောက်ဘ၀မှာလည်း အထင်အမြင်အသေး ခံရတတ်သလို သံသရာမှာလည်း အမျိုးဇာတ်ယုတ်နိမ့်တတ်ပါတယ်။ ဒါကြောင့် အခုလည်းမကောင်း နောင်လည်းမကောင်းခြင်းကို ဖြစ်စေနိုင်တဲ့ မာနတရားကို သတိတရား လက်ကိုင်ထားကာ တဖြည်းဖြည်း လျှော့နိုင်အောင် ကြိုးစားပြီး မင်္ဂလာရှိတဲ့သူများ ဖြစ်စေဖို့ အစွဲမာန အမြဲခ၀ါချနိုင်ကြပါစေလို့ ဆန္ဒပြုရင်း…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ