စေတီတန်ခိုးပြခြင်း ပြဿနာ…

မိလိန္ဒမင်း…
အရှင်ဘုရား နာဂသေန ပရိနိဗ္ဗာန် စံတော်မူပြီးကုန်သော ဘုရားရှင် (ရဟန္တာ) အားလုံးတို့၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်ပါသလော၊ သို့မဟုတ် အချို့သော ဘုရား(ရဟန္တာ)တို့၏ စေတီ၌သာ တန်ခိုးပြာဋိဟာသည် ဖြစ်ပါသလော…


အရှင်နာဂသေန…
မင်းမြတ်အချို့သော ဘုရား(ရဟန္တာ)တို့၏ စေတီ၌ဖြစ်၏။ အချို့သော ဘုရား(ရဟန္တာ)တို့၏ စေတီ၌ မဖြစ်။

မိလိန္ဒမင်း…
အရှင်ဘုရား အဘယ်ဘုရားရှင်တို့၏ စေတီ၌ဖြစ်ပါသနည်း…။ အဘယ်ဘုရားရှင်တို့၏ စေတီ၌ မဖြစ်ပါသနည်း…။

အရှင်နာဂသေန…
မင်းမြတ် သုံးယောက်သော ပုဂ္ဂိုလ်တို့တွင် တစ်ယောက်ယောက်သော ပုဂ္ဂိုလ်၏ အဓိဋ္ဌာန်ကြောင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။ အဘယ်သုံးယောက်သော ပုဂ္ဂိုလ်တို့နည်း ဟူမူ…

မင်းမြတ် ဤသာသနာတော်၌ ရဟန္တာပုဂ္ဂိုလ်သည် နတ်လူတို့အား အစဉ်သနားသဖြင့် ရပ်တည်တော်မူလျက် ``ဤမည် ဤမည်သော တန်ခိုးပြာဋိဟာသည် စေတီ၌ ဖြစ်စေသတည်း``ဟု အဓိဋ္ဌာန်ပြု၏။ ထိုရဟန္တာပုဂ္ဂိုလ်၏ အဓိဋ္ဌာန်အစွမ်းဖြင့် စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။ ဤသို့လျှင် ရဟန္တာပုဂ္ဂိုလ် အဓိဋ္ဌာန်ပြုသည်၏ အစွမ်းဖြင့် ပရိနိဗ္ဗာန် စံတော်မူပြီးကုန်သော ဘုရား(ရဟန္တာ)တို့၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။

မင်းမြတ် နောက်တစ်မျိုးကား နတ်တို့သည် လူတို့အား အစဉ်သနားသဖြင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌ ``ဤတန်ခိုးပြာဋိဟာဖြင့် သူတော်ကောင်း တရားတည်းဟူသော သာသနာသည် အမြဲချီးမြှောက်အပ်သည် ဖြစ်လတ္တံ့၊ လူတို့သည်လည်း ကြည်ညိုကုန်သည်ဖြစ်၍ ကုသိုလ်ကောင်းမှု တိုးပွားကုန်လတ္တံ့``ဟု တန်ခိုးပြာဋိဟာကို ပြကုန်၏။ ဤသို့လျှင် နတ်တို့အဓိဋ္ဌာန် အစွမ်းဖြင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။

မင်းမြတ် နောက်တစ်မျိုးကား မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ ယုံကြည်မှု သဒ္ဓါအားရှိသော၊ ရတနာသုံးပါး၌ ကြည်ညိုတတ်သော၊ ပညာရှိသော၊ လိမ္မာသော၊ ထိုးထွင်းနိုင်သော ပညာရှိသော၊ အသိဉာဏ်နှင့် ပြည့်စုံသောသူသည် သင့်လျော်သောအားဖြင့် ကြံစည်၍ နံ့သာကိုလည်းကောင်း၊ ပန်းကိုလည်းကောင်း၊ အ၀တ်ပုဆိုးကိုလည်းကောင်း၊ တစ်ခုခုသော လှူဖွယ်ဝတ္ထု တစ်စုံတစ်ရာကိုလည်းကောင်း ``ဤသို့သော တန်ခိုးပြာဋိဟာမည်သည် ဖြစ်ပါစေသတည်း``ဟု အဓိဋ္ဌာန်၍ စေတီတော်၌ တင်မြှောက်၏။ ထိုသူ၏ အဓိဋ္ဌာန်အစွမ်းဖြင့်လည်း ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။ ဤသို့လျှင် လူတို့၏အဓိဋ္ဌာန် အစွမ်းဖြင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။

မင်းမြတ် ဤသို့လျှင် သုံးယောက်သော ပုဂ္ဂိုလ်တို့တွင် တစ်ယောက်ယောက်သော ပုဂ္ဂိုလ်၏ အဓိဋ္ဌာန် အစွမ်းဖြင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။ မင်းမြတ်ထိုပုဂ္ဂိုလ်တို့၏ အဓိဋ္ဌာန်ပြုခြင်းသည် အကယ်၍ မဖြစ်ငြားအံ့ စေတီတော်၌ တန်ခိုးပြာဋိဟာသည် မဖြစ်။ (မိလိန္ဒပဥှာ၊ မြန်မာပြန်၊ နှာ ၃၁၈-၃၁၉)

Read more »

ကိုယ့်ကိုယ်ကိုသာ ပြန်ကြည့်ပါ…

ဘာရယ်မဟုတ်ပါဘူး။ အမြင်မတော်တာလေးတွေ တွေ့လာလို့ အမုန်းခံကြည့်မလားလို့ပါ။ ဘုန်းဘုန်းက စာပေါင်းစုံဖတ်တတ်တော့ ဟိုစာဆိုလည်း ဖတ်ဖြစ်၊ ဒီစာဆိုလည်း ဖတ်ဖြစ်၊ ဟိုပို့စ်ဆိုလည်း ဖတ်ဖြစ်၊ ဒီပို့စ်ဆိုလည်း ဖတ်ဖြစ်၊ ဟိုစီဘောက်စ်ဆိုလည်း စပ်စုဖြစ်၊ ဒီစီဘောက်စ်ဆိုလည်း စပ်စုဖြစ်နေမိပါတယ်။ အဲလို ဟိုဟိုဒီဒီ ရောက်တတ်ရာရာတွေ ဖတ်မိတော့ ဘာတွေတွေ့လာလဲဆိုတော့ ဟိုရေးဒီရေး၊ ဟိုလူမကောင်းကြောင်းပြော၊ ဒီလူ မကောင်းကြောင်း ပြောတာလေးတွေလည်း တွေ့နေမိပါတယ်။ ဒါတွေ တွေ့ရတော့ ဘုန်းဘုန်းရဲ့စိတ်မှာ ပြောစရာလေးတွေ ပေါ်လာပြန်ပါတယ်။ ကိုယ့်ဘာသာကိုယ်နေရင် ဖြစ်ရဲ့သားနဲ့ ဘုန်းဘုန်းကလည်း မနေတတ်တော့ နည်းနည်းတော့ ပြောကြည့်ဖြစ်ပါတယ်။ မနေတတ်လို့ ဆိုတာထက် တတ်နိုင်သမျှ ပြုပြင်ပေးကြည့်ချင်တာပါ။ မခံယူတတ်တဲ့သူတွေအတွက် ကဲ့ရဲ့စရာ ဝေဘန်စရာ အပြစ်ပြောစရာ ဖြစ်လာနိုင်ပေမယ့် ခံယူတတ်သူတွေအတွက် အနည်းငယ်မျှ ပြုပြင်သွားနိုင်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ဒီပို့စ်လေးကို ရေးဖြစ်တာပါ။

သိကြတဲ့အတိုင်းပဲ ဘုန်းဘုန်းတို့ မြန်မာလူမျိုးများရဲ့ အကျင့်က ဘယ်သူဘာတွေဖြစ်တယ်၊ ဘယ်လိုလုပ်တယ် ဆိုတာတွေကို ကြည့်ပြီးတုန့်ပြန်မှုတွေ လုပ်ကြ၊ ဝေဘန်ကြတာတွေပါ။ တုန့်ပြန်တာ ဝေဘန်တာ ကောင်းပါတယ်။ ဒါပေမယ့် ကောင်းတာတွေကိုတော့ မချီးမွန်းကြ၊ မတုန့်ပြန်ကြဘဲ အဆိုးတွေ၊ အမှားတွေကိုပဲလိုက်ပြီး ဝေဘန်ကြ၊ အပြစ်ပြောကြ၊ ကဲ့ရဲ့ကြတာတွေကြောင့် မကောင်းဖြစ်ကုန်ကြတာပါ။ ကိုယ်ကိုယ်တိုင်တော့ ဘာမှမလုပ်ဘဲ သူများလုပ်တာတွေကြတော့ မကောင်းတဲ့အမြင်နဲ့ ၀ိုင်းဝန်းပုတ်ခက်ကြတာတွေပါ။ ကိုယ့်အပြစ်တော့ ကိုယ်မမြင်ကြဘဲ သူများအပြစ်တွေသာလိုက်ပြီး ပုံကြီးချဲ့ ကဲ့ရဲ့နေကြတာတွေပါ။ သူများကိုကြည့်ပြီး ကိုယ့်ကိုယ်ကို အပြစ်တွေယူနေကြ၊ အကုသိုလ်တွေ ဖြစ်နေကြတာတွေဟာ ကိုယ့်အတက် ကိုယ်ပြန်ဆူးနေသလို ဖြစ်နေပါတယ်။ သူများကိုကြည့်ရင်လည်း ကောင်းတာတွေ၊ ကုသိုလ်ဖြစ်စရာတွေ၊ အတုယူစရာတွေ၊ လိုက်နာကျင့်သုံးစရာတွေ၊ ကိုယ့်အတွက် ပြုပြင်စရာတွေကိုကြည့်ပြီး ကိုယ့်အလှည့်ကျရင် ဒီလိုမဖြစ်အောင်နေမယ်၊ ပြောမယ်၊ ကြံမယ်ဆိုတဲ့ ခံယူချက်နဲ့ ကြည့်ရမယ့်အစား သူများရဲ့လုပ်ရပ်တွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကို အကုသိုလ် အဖြစ်ခံနေကြတာတွေကတော့ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားကျောင်းရသလို ဖြစ်နေကြပါတယ်။ ဘာမှမဟုတ်ဘဲ အကုသိုလ်တွေကို လိုက်ယူနေသလို ဖြစ်နေပါတယ်။ ကိုယ်ကိုယ်တိုင်ကရော ကောင်းသလားဆိုတော့ ``ဟင့်အင်း…``လို့ ဆိုရမလိုပါ။

အမှန်တော့ အဲလိုမဖြစ်သင့်ပါဘူး။ သူများကိုမကြည့်ခင် ကိုယ့်ကိုယ်ကို အရင်ပြန်ကြည့်သင့်ပါတယ်။ သူများကို မဝေဘန်ခင် ကိုယ့်ကိုယ်ကို အရင်ပြန်ဝေဘန်သင့်ပါတယ်။ သူများကို မပြောခင် ``သူ့နေရာမှာ ငါသာဆိုရင်`` ဆိုတဲ့ စိတ်လေးနဲ့ အစားဝင်ကြည့်သင့်ပါတယ်။ သူများမှားတာကို မြင်သည်ထားဦး ကိုယ်ကသူများအမှားကို လိုက်ကြည့်ပြီး ကိုယ့်ကိုယ်ကို အကုသိုလ်တွေ ဖြစ်အောင် မလုပ်သင့်ပါဘူး။ သူ့အမှားက ကိုယ့်အမှားဖြစ်အောင် မလုပ်သင့်ပါဘူး။ သူ့အကုသိုလ်က ကိုယ့်အကုသိုလ် မဖြစ်သင့်ပါဘူး။ ဖြစ်သင့်တာက သူမှားတာကိုကြည့်ပြီး ကိုယ်မမှားအောင်၊ သူဖြစ်သလို ကိုယ်မဖြစ်အောင်၊ သူ့ကိုကြည့်ပြီး ကိုယ့်မှာအကုသိုလ် မဖြစ်အောင် ကြိုးစားသင့်တာပါ။ တစ်နေ့တစ်နေ့ ကိုယ်တစ်ယောက်တည်းတောင် အကုသိုလ်တွေက မရေတွက်နိုင်အောင် ဖြစ်နေတာ သူများကိုကြည့်ပြီး၊ သူများကိုအမှီပြုပြီး အကုသိုလ်တွေထပ်ဖြစ်မယ်၊ အကုသိုလ်တွေ ထပ်တိုးနေမယ်ဆိုရင်တော့ နေရတဲ့ အခိုက်ဟာ အကုသိုလ်တွေနဲ့ချည်း ဖြစ်နေကြတော့မှာပါ။ ကိုယ့်မှာရှိတဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တွေကို အမှီပြုပြီး အကုသိုလ်တွေ ဖြစ်နေတာတောင် မတားမြစ်နိုင်သေးဘဲ သူတစ်ပါးကို အမှီပြုပြီး အကုသိုလ်တွေ ထပ်တိုးနေမယ်ဆိုရင် တစ်ကိုယ်လုံး အကုသိုလ်အစုကြီးသာ ဖြစ်နေကြပါလိမ့်မယ်။ ဒါကြောင့် ဘယ်သူဘာဖြစ်တယ်၊ ဘာပြောတယ်ဆိုတာတွေကို လိုက်ကြည့်ပြီး အကုသိုလ်ဖြစ်နေကြတာထက် ကိုယ်ဘာဖြစ်တယ်၊ ကိုယ်ဘာလုပ်တယ်၊ ကိုယ်ဘယ်လို နေထိုင်သင့်တယ် စတာတွေကို အရင်သတိပြု ဆင်ခြင်ကာ ကိုယ့်ကိုယ်ကို အကုသိုလ်မဖြစ်အောင် ကြိုးစားသင့်ကြပါတယ်။

မှန်ပါတယ်။ ကိုယ့်ကိုယ်ကို ပြန်ကြည့်တတ်အောင် ကြိုးစားသင့်ပါတယ်။ ဘုန်းဘုန်းတို့ မြတ်စွာဘုရားရှင်ကလည်း သူများကို မကြည့်ဘဲ ကိုယ့်ကိုယ်ကိုသာ ပြန်ကြည့်ဖို့ ဟောတော်မူပါတယ်။ ဘုရားရှင်က

``န ပရေသံ ၀ိလောမာနိ၊ န ပရေသံ ကတာကတံ။
အတၱေနာ၀ အေ၀ေကၡယ်၊ ကတာနိ အကတာနိ စ။ (ဓမၼ၊ ၅၀)
သူတပါးတို့၏ မလျော်သော အပြစ်အနာအဆာတို့ကို မကြည့်ရှုရာ၊ သူတပါးတို့၏ ကောင်းမှု မကောင်းမှု ပြုမပြုကို မကြည့်ရှုရာ၊ မိမိ၏ ကောင်းမှု မကောင်းမှု ပြုမပြုကိုသာလျှင် ကြည့်ရှုရာ၏။`
` လို့ ဓမ္မပဒ၊ ပါဝေယျအာဇီဝက ၀တ္ထုမှာ ဟောထားတော်မူပါတယ်။

တကယ်တော့ သေချာတွေးကြည့်ရင် ကိုယ်အပါဝင် လောကကြီးမှာ ခြောက်ပြစ်ကင်း ပြည့်စုံတဲ့သူဆိုတာ မရှိကြပါဘူး။ မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ စကားနဲ့ ပြောရရင် ``သဗ္ဗညုတ ဉာဏ်ကိုမရသေးသမျှ သတ္တ၀ါတွေဟာ အအတွေချည်းပါပဲ`` တဲ့။ ဟုတ်တယ်။ အအတွေ၊ အကန်းတွေ ဖြစ်နေကြတဲ့အတွက် ရမ်းမြင်၊ ရမ်းပြောမိကြတာပါ။ အဲလို ရမ်းမိကြတဲ့အတွက်လည်း မကောင်းတာတွေ ဖြစ်ကုန်ကြပြီး အကုသိုလ်တွေ ရကုန်ကြပါတယ်။ ပုထုဇင်တွေဖြစ်နေသမျှ ရမ်းနေကြမှာပါ။ ရမ်းနေသမျှ အပြစ်အနာအဆာတွေလည်း ရှိနေကြမှာပါ။ ဒီတော့ကား ရမ်းနေကြတဲ့သူချင်း အတူတူ ဘာဖြစ်လို့ သူများရမ်းတာ၊ သူများအပြစ်အနာ အဆာဖြစ်တာ၊ သူများရဲ့ မလျော်တာ၊ သူများရဲ့ ကောင်း၊ မကောင်းတာတွေကို လိုက်ကြည့်နေကြမှာလဲ… ဘုရားရှင် မိန့်ကြားတော်မူသလို ကိုယ့်ရဲ့ ကောင်းမကောင်းတာတွေကိုသာ မြင်အောင်ကြည့်၊ ကိုယ်ကောင်းမှု မကောင်းမှု ပြုမပြုကိုသာကြည့်ပြီး ကိုယ်ကောင်းအောင် အရင်လုပ်သင့်ကြတာပေါ့။

ကောင်းအောင်လုပ်ဖို့ဆိုတာ တစ်ခါတည်းတော့ မလွယ်ပါဘူး။ တဖြည်းဖြည်း လေ့ကျင့်ပေးမှ ရမှာပါ။ အဲလို လေ့ကျင့်တဲ့အခါ အရင်ဆုံး ကိုယ့်ကိုယ်ကို လေ့ကျင့်ကြည့်ရပါတယ်။ ကိုယ့်ကိုယ်ကို ပြန်စိစစ်ပြီး ကိုယ်ဘယ်လို စရိုက်တွေ၊ ဘယ်လိုအကျင့်တွေ ရှိတယ်ဆိုတာ အရင်မြင်အောင် ကြိုးစားရပါတယ်။ ကိုယ့်ကိုယ်ကို မြင်လာပြီဆိုရင် နောက်တစ်ဆင့်တက်ပြီး ပြင်လာနိုင်အောင် ကြိုးစားရပါမယ်။ ပြင်တယ်ဆိုတာက မကောင်းလို့သာ ပြင်ရတာပါ။ ကောင်းနေတဲ့အရာဟာ ပြင်စရာမလိုပါဘူး။ ဒီအတိုင်း ဆက်ကောင်းနိုင်အောင်ပဲ ကြိုးစားရပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို ပြန်ကြည့်လို့ ဒါမကောင်းဘူးဆိုတာ သိရင် အဲဒီမကောင်းတာကို နောက်ထပ်မဖြစ်အောင် လေ့ကျင့်ကြည့်ရပါမယ်။ ဒီအကျင့်ဟာ မကောင်းဘူး၊ ဒီလိုပြောတာမကောင်းဘူး၊ ဒီလိုတွေးတာ မကောင်းဘူးဆိုတာကို မြင်အောင်ကြည့်ပြီး နောက်တစ်ခါ ဒီလိုမဖြစ်အောင် သတိထား လေ့ကျင့်ကြည့်ရပါမယ်။ တစ်ခါမရရင် နောက်တစ်ခါပေါ့။ နောက်တစ်ခါ မရတော့လည်း နောက်တစ်ခါပေါ့။ အဲလို ထပ်ခါထပ်ခါ သတိထားပြုပြင် သွားမယ်ဆိုရင် မရဘူးဆိုတာ မရှိပါဘူး။ အဓိကကတော့ ကိုယ့်ကိုယ်ကို မြင်အောင်ပြန်ကြည့်တတ်ဖို့ပါ။ ကိုယ်မကောင်းတာကို သိအောင်လုပ်ဖို့ပါ။ သိလာ၊ မြင်လာ ကြည့်တတ်လာရင် နောင်ပြင်လာတတ်လာပါလိမ့်မယ်။ တစ်ချို့က အဲလိုကို မမြင်တတ်ကြ၊ မကြည့်တတ်ကြတာပါ။ သူများအပြစ်ကိုသာ ဆီလိုအပေါက်ရှာပြီး ကြည့်တတ်မြင်တတ်ကြတာပါ။ ကိုယ့်အပြစ်ကြတော့ ဘယ်တော့မှကို မမြင်တတ်ကြပါဘူး။ မြင်တယ်ပဲထားဦး ၀န်ခံဖို့ တော်တော်ဝန်လေးတတ်ကြပါတယ်။ ငါဆိုတဲ့မာနက ခံနေလေတော့ မှားမှန်းသိရက်နဲ့ကို အဲဒီအမှားအတိုင်း ဇွတ်တင်းခံနေတတ်ကြပါတယ်။ အဲဒါက အဆိုးဆုံးပါ။ အမှားကို မပြုပြင်ကြဘဲ နေကြတာက ဘ၀ဆက်တိုင်း နစ်သထက်နစ်နေမယ့် အဖြစ်ပါ။

ဒါကြောင့် ကာမဂုဏ်အာရုံတွေ အပြည့်ဖြစ်နေတဲ့ လောကကြီးမှာ အမှားအမှန်နဲ့ ကုသိုလ်အကုသိုလ်ကို ခွဲခြားဖို့ခက်တဲ့ ပုထုဇင်များ ဖြစ်နေကြတဲ့အတွက် အပြစ်ဆိုတာဟာ ကိုယ့်ကိုယ်အကြောင်းပြုပြီး ဖြစ်တတ်ကြသလို သူများကို အကြောင်းပြုပြီးလည်း ဖြစ်တတ်တယ်ဆိုတာ သတိပြုဆင်ခြင်သင့်ပါတယ်။ ကိုယ့်ကိုယ်ကို အကြောင်းပြုပြီး ဖြစ်တတ်တဲ့ အပြစ်တွေကိုတောင် မဖြစ်အောင် မလုပ်နိုင်သေးပဲနဲ့ သူများအပြစ်တွေကိုကြည့်ပြီး ကိုယ်မှာ အကုသိုလ် အပြစ်တွေ ထပ်တိုးအောင် မလုပ်သင့်ပါဘူး။ တကယ်အပြစ် ကင်းချင်ရင် အရင်ဆုံးကိုယ့်ကိုယ်ကို မြင်အောင်ကြည့်ပြီး ပြင်တတ်ရပါမယ်။ သူများဘာဖြစ်တယ် ဘာလုပ်တယ်ဆိုတာကို မကြည့်ဘဲ ကိုယ်ကောင်းတာလုပ် မလုပ်ကိုသာ အရင်ကြည့်တတ်ရပါတယ်။ အပြစ်များတဲ့ လောကကြီးမှာ အတတ်နိုင်ဆုံး အပြစ်မဖြစ်အောင် နေနိုင်မှ တော်ကာကျပါတယ်။ ဒါကြောင့် သူများရဲ့ အပြစ်တွေကို မကြည့်ကြဘဲ ကိုယ့်ကိုယ်ကိုသာ ပြန်ကြည့်ပြီး ကိုယ့်မှာအကုသိုလ် အဖြစ်နည်းအောင် ကြိုးစားကြဖို့ အထူးတိုက်တွန်းရင်း ``ကိုယ့်ကိုယ်ကိုသာ ပြန်ကြည့်ပါ``ဟု…

Read more »

သူ့ကိုသတ်မှ တကယ်ပြတ်မှာ…

တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတဟောင်း နိုမုဟျောင်းတစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေသွားတယ်ဆိုတဲ့ သတင်းကို အားလုံးကြားသိပြီး ဖြစ်ကြမှာပါ။ ဒီသမ္မတဟာ လာဘ်စားမှုများနဲ့ အမှုရင်ဆိုင်နေရချိန်မှာ အခုလို ကိုယ့်ကိုယ်ကို ကြိုတင်ကြံစည်ပြီး အဆုံးစီရင်သွားခြင်း ဖြစ်ပါတယ်။ ဘ၀ရဲ့ ဒုက္ခ၊ ကြုံလာရတဲ့ လောကဓံတွေနဲ့ ရင်ဆိုင်နေရတဲ့ သူတစ်ယောက်ရဲ့ ထွက်ပေါက်အဖြစ် ဒီဒုက္ခ၊ ဒီလောကဓံတွေက လွတ်မြောက်အောင် ``ဒီလောက်ဖြစ်လှတာ သေတာပဲကောင်းပါတယ်၊ ဒါမှ ဒီဒုက္ခတွေက ငြိမ်းမှာ``ဆိုတဲ့ အတွေးများနဲ့ နိုမုဟျောင်း သမ္မတတစ်ယောက် ကိုယ့်ကိုယ်ကို အဆုံးသတ်သွားခြင်းလား… ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုစီရင်လိုက်ရတာလဲ… စသဖြင့် တွေးစရာဖြစ်ခဲ့ပြန်ပါတယ်။ တကယ်လို့သာ ငါသေသွားရင် ပြီးတာပဲဆိုတဲ့ အတွေးနဲ့ ဘ၀ကို အဆုံးသတ်ခဲ့တာ ဆိုရင်တော့ သူထင်သလို ဘ၀က အဆုံးသတ်သွားပါ့မလား…။ ဒီလိုလုပ်ခြင်းဖြင့်ကော ဒီဒုက္ခတွေက တကယ်ငြိမ်းသွားမှာလား…။ ဘ၀သံသရာ ကျင်လည်ရတဲ့ သတ္တ၀ါတွေရဲ့ ဒုက္ခသံသရာဟာ ဒီလိုနည်းတွေနဲ့ ဖြတ်လို့ တကယ်ပြတ်ပါ့မလား.. ဆိုတာ စဉ်းစားစရာပါ။

သေချာပါတယ်။ ဒီလို ကိုယ့်ကိုယ်ကို သတ်သေလိုက်ရုံနဲ့တော့ သတ္တ၀ါတွေ ခံစားရတဲ့ ဒုက္ခတွေက ပြတ်သွားမှာ မဟုတ်သလို ငြိမ်းသွားမှာလည်း မဟုတ်ပါဘူး။ အမှန်တော့ ဘုန်းဘုန်းတို့ ထေရ၀ါဒ ဗုဒ္ဓဘာသာ ရှုထောင့်က ကြည့်ရင် ``ဒီဘ၀ပြီးရင် အားလုံးပြီးပြီ၊ သတ္တ၀ါအားလုံး ဒီဘ၀က သေသွားရင် နောက်ထပ်တစ်ဖန် ဘာမှမရှိတော့ဘဲ ဘ၀အဆုံးသတ်သွားပြီ၊ ကံကံရဲ့ အကျိုးဆိုတာတွေလည်း မရှိဘူး..`` စသဖြင့် အရာအားလုံး ဒီဘ၀ပြီးရင်ပြတ်ပြီလို့ အယူရှိတာဟာ ဥစ္ဆေဒဒိဋ္ဌိ ဖြစ်ပါတယ်။ ဒီဒိဋ္ဌိရှိနေရင် အယူအဆတွေဟာ လွဲမှားနေပြီး မှန်ကန်တဲ့ သမ္မာဒိဋ္ဌိ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီဘ၀နိဂုံး ချုပ်သွားရင် ပြီးရောဆိုပြီး ကိုယ့်ကိုယ်ကို သတ်သေတာဟာ တကယ်မပြီးတဲ့အပြင် ပိုလို့တောင် ဒုက္ခတွေ တိုးလာနေပါတယ်။ ဘ၀သံသရာ ဒုက္ခပင်လယ်ကြီးမှာ ပိုလို့တောင် မျောနေပါလိမ့်မယ်။ ဥစ္ဆေဒဒိဋ္ဌလို့ ခေါ်တဲ့ အသိအမြင် မှားတွေရှိတဲ့အတွက် ဒုက္ခက မပြတ်ဘဲ ထပ်သာနေပါလိမ့်မယ်။

တကယ်တော့ ဒုက္ခတွေငြိမ်းဖို့ အတွက်ကား ကိုယ့်ကိုယ်ကို သတ်သေလို့ မပြီးပါဘူး။ သူ့ကို သတ်နိုင်မှ ပြီးမှာ၊ ငြိမ်းမှာ၊ အဆုံးသတ်မှာပါ။ သူဆိုတာက တစ်ခြားမဟုတ်ပါဘူး။ ဒုက္ခတွေကို ဖြစ်စေတဲ့ တွယ်တာမှု သံယောဇဉ်လို့ခေါ်တဲ့ တဏှာပါ။ အမှန်ဒုက္ခငြိမ်းချင်ရင် ဒုက္ခဖြစ်ကြောင်း အကြောင်းတရားကို သတ်ရပါမယ်။ ဒီအကြောင်းတရားကို သတ်နိုင်မှ အကျိုးတရားဖြစ်တဲ့ ဒုက္ခက ငြိမ်းမှာပါ။ စာလိုပြောရင် သမုဒယသစ္စာလို့ခေါ်တဲ့ တွယ်တာမှု တဏှာကို ပယ်နိုင်မှ ဒုက္ခသစ္စာလို့ခေါ်တဲ့ ဆင်းရဲဒုက္ခအပေါင်းမှ ငြိမ်းအေးနိုင်မှာပါ။ ကြောင်းကျိုးဆက်စပ်မှု ပဋိစ္စသမုပ္ပါဒ်နည်း အရပြောရရင် မသိမှုအ၀ိဇ္ဇာ၊ တွယ်တာတပ်မက်မှု တဏှာတွေကြောင့် ဘ၀သံသရာ ကျင်လည်မှုတွေ တိုးပွားနေပြီး အဆုံးမရှိဖြစ်ကာ ဒီဒုက္ခသံသရာမှကင်းရာ နိဗ္ဗာန်နဲ့ ပိုပိုဝေးနေကြခြင်း ဖြစ်ပါတယ်။ မှန်ပါတယ်။ ဒီ အ၀ိဇ္ဇာ၊ တဏှာဆိုတဲ့ အကြောင်းတရားများကြောင့် သတ္တ၀ါများ နာမ်ရုပ်အစုဖြစ်တဲ့ ခန္ဓာကိုယ်ကို ရရှိနေကြပြီး ခန္ဓာရှိလာတဲ့အတွက် အိုရ၊ နာရ၊ သေရ၊ စိုးရိမ်ပူဆွေးရ၊ ၀မ်းနည်းကြေကွဲရတဲ့ ဒုက္ခတွေဖြစ်နေကြတာပါ။ တစ်ချို့က ဒီသဘောတရားကို တစ်လွဲနားလည်ပြီး ``ခန္ဓာရှိတဲ့အတွက် ဒီလိုဒုက္ခတွေ ကြုံနေရတာဖြစ်တယ်၊ ဒီခန္ဓာမရှိရင် ဒီဒုက္ခတွေလည်း ငြိမ်းမှာပဲ``ဆိုတဲ့ အတွေးနဲ့ ခန္ဓာမရှိအောင် ကိုယ့်ကိုယ်ကို သတ်သေတာတွေ လုပ်ကြပါတယ်။ ဒီနည်းဟာ အလွန်လွဲမှားတဲ့ နည်းပါ။ ဒီလို သတ်သေရုံနဲ့ ဒီဒုက္ခတွေက မငြိမ်းပါဘူး။ ဒီဘ၀အဆုံး သတ်သွားပေမယ့် နောက်ထပ်ဘ၀တစ်ခုက ထပ်ရနေဦးမှာပါ။ နောက်ထပ်ဘ၀ထပ်ရလို့ ခန္ဓာပြန်ရလာရင် ဒီဒုက္ခတွေကလည်း ထပ်ပြီးဖြစ်နေဦးမှာပါ။ အမှန်ဒုက္ခငြိမ်းချင်ရင် ဒီဒုက္ခတွေ ဖြစ်အောင် ခန္ဓာကိုယ်ကို ဖြစ်စေတတ်၊ ခန္ဓာအိမ်ကို ဖွဲ့တတ်တဲ့ တဏှာဆိုတဲ့ အကြောင်းတရားကိုသတ်မှ အမှန်ငြိမ်းမှာပါ။ ရရှိလာတဲ့ ခန္ဓာအစုဖြစ်တဲ့ ကိုယ့်ကိုယ်ကိုသတ်လို့ ဒုက္ခက မပြတ်ပါဘူး။ ဒီဒုက္ခကို ဖြစ်ပေါ်စေတဲ့ တဏှာဆိုတဲ့ သူ့ကိုသတ်မှ ဒုက္ခအမှန် ပြတ်မှာပါ။

ဘုန်းဘုန်းတို့ မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူမူချင်း ပထမဆုံး ကျူးရင့်တော်မူတဲ့ ဥဒါန်းစကား ရှိပါတယ်။ အဲဒီစကားတော်က အားလုံးသိပြီးသားဖြစ်တဲ့ ``အနေကဇာတိ သံသာရံ``အစရှိတဲ့ ဥဒါန်းစကားတော်ပါ။ ဒီဥဒါန်းစကားတော်ရဲ့ အဓိပ္ပါယ်က

``အဖန်ဖန် ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲလှစွာသောကြောင့် ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သူ တဏှာလက်သမားကို ရှာသောငါသည် ထိုတဏှာလက်သမားကို မြင်နိုင်သောဉာဏ်ကို မရသေးသဖြင့် ဘ၀များစွာ သံသရာပတ်လုံး ကျင်လည်ခဲ့ရလေပြီ။ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော ဟယ်… တဏှာယောက်ျား လက်သမား… ငါသည် သင့်ကို ပညာမျက်စိဖြင့် ယခုမြင်အပ်ပြီ၊ ခန္ဓာအိမ်ကို နောင်တစ်ဖန် သင်ဆောက်လုပ်ရမည်မဟုတ်၊ သင်၏ ကိလေသာတည်းဟူသော အခြင်ရနယ်အားလုံးတို့ကို ငါချိုးဖျက်အပ်ပြီ၊ အ၀ိဇ္ဇာတည်းဟူသော အိမ်အထွဋ်ကို ဖျက်ဆီးအပ်ပြီ၊ ငါ၏စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ပြီ၊ တဏှာကုန်ရာကုန်ကြောင်း အရဟတ္တဖိုလ်သို့ ရပြီ…။`` (ဥဒါန၀တ္ထု)

ဒီစကားတော်ဟာ ဘုရားရှင် နှုတ်တော်မှ ထုတ်ဖော် ကျူးရင့်တော်မူခဲ့တဲ့ ဥဒါန်းစကားတော်ဖြစ်ပါတယ်။ ဘုရားရှင်ကိုယ်တော်တိုင်ပင် အမှန်သစ္စာကို ရှာဖွေဖို့ ပါရမီတော်တွေကို အကြိမ်ကြိမ်ဖြည့်ကျင့်စဉ် အခါမှာလည်း မသိမှု အ၀ိဇ္ဇာ၊ တွယ်တာတပ်မက်မှု တဏှာတို့ကြောင့် ဘ၀ပေါင်းများစွာ ဒုက္ခများနှင့် သံသရာကျင်လည်ခဲ့ရကြောင်း၊ ထိုဒုက္ခများကို ဖြစ်စေတတ်တဲ့ တဏှာရဲ့ ချယ်လှယ်မှုကြောင့် ခန္ဓာအိမ်ကို အကြိမ်ကြိမ်ဖွဲ့ခဲ့ရကြောင်း၊ သစ္စာလေးပါးကို သိမြင်တော်မူပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည့် အခါမှသာ တဏှာ၏ချယ်လှယ်မှုမှ လွတ်မြောက်ကာ ဒုက္ခအပေါင်းမှ ကင်းလွတ်တော်မူခဲ့ကြောင်း၊ တဏှာကို ပယ်သတ်နိုင်ခဲ့သဖြင့် နောက်ထပ်တစ်ဖန် ဘ၀ကျင်လည်မှု မရှိတော့သဖြင့် ဒုက္ခများလည်း ကင်းတော်မူခဲ့ပြီး ဖြစ်ကြောင်း ဥဒါန်းကျူးကာ ထုတ်ဖော်ပြသခဲ့ပါတယ်။

မှန်ပါတယ်။ ဒုက္ခအစုသာဖြစ်တဲ့ ခန္ဓာကိုယ်ကို ရရှိလာကြတဲ့ ပုထုဇင်များ အနေဖြင့် ဒုက္ခတွေ၊ စိုးရိမ်ပူဆွေး ငိုကြွေးရတာတွေ၊ ပူလောင်ခံစားရတာတွေမှ ကင်းဝေးဖို့ ရရှိလာတဲ့ ခန္ဓာကိုယ်ကို အဆုံးစီရင် သတ်သေလိုက်ခြင်းဖြင့် ဒီဒုက္ခတွေမှ ကင်းဝေးကြမှာ မဟုတ်ဘဲ ဒီဒုက္ခတွေရဲ့ အကြောင်းမူလဖြစ်တဲ့ တဏှာကို သတ်နိုင်မှသာ အမှန်တကယ် သောကကင်းဝေးနိုင်ကြမယ်ဆိုတာ သေချာနားလည် သဘောပေါက်ဖို့ လိုပါတယ်။ ဘ၀ပေါင်းများစွာမှာ မသိမှု အ၀ိဇ္ဇာ၊ တွယ်တာတပ်မက်မှု တဏှာတွေကြောင့် မရေတွက်နိုင်အောင် ဒုက္ခပင်လယ် ဝေခဲ့ရပြီးပါပြီ။ ဒီတရားတွေကြောင့်ပဲ ယခုဘ၀ ခန္ဓာအစုကို ရရှိလာခဲ့ရပြန်ပါပြီ။ ``ဒီဘ၀ကို ရလာလို့ ဒီလိုဒုက္ခတွေနဲ့ ကြုံရတာ``ဆိုပြီး ရုပ်နာမ်အစုသာဖြစ်တဲ့ ဒီခန္ဓာကိုသတ်လိုက်ပေမယ့် တဏှာကို မသတ်နိုင်သေးတော့ နောင်ဘ၀မှာလည်း ခန္ဓာက ပြန်ရနေကြဦးမှာပါ။ သစ်ပင်သတ်သလိုပေါ့။ သစ်ပင်ကို အမြစ်က မသတ်ဘဲ အကိုင်းအခက်တွေကို သတ်နေလို့ကတော့ ပိုလို့တောင် အညွှန့်တလူလူ ဖြစ်နေဦးမှာပါ။ အမှန်တကယ် သေစေချင်ရင်တော့ ရေသောက်မြစ်ကို သတ်မှသေမှာပါ။ ဒီလိုပါပဲ ဘ၀သံသရာ ဒုက္ခတွေငြိမ်းဖို့က တစ်ဘ၀ပဲ သေစေနိုင်တဲ့ ကိုယ့်ကိုယ်ကို သတ်သေတာထက် အမြစ်မကျန် အကြွင်းမဲ့သေစေနိုင်တဲ့ ရေသောက်မြစ်နဲ့တူတဲ့ တဏှာကို သတ်နိုင်မှ အမှန်ငြိမ်းမှာပါ။ ဒါကြောင့် အမှန်တကယ် သေချင်တယ်၊ ဒုက္ခအပေါင်းမှ အမှန်ငြိမ်းချင်တယ်၊ ဒီဘ၀ ဒီခန္ဓာ ဒီအခြေအနေကို တကယ်စိတ်ကုန်တယ် ဆိုရင် ရုပ်နာမ်အစုဖြစ်တဲ့ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားတာထက် ဒီဒုက္ခတွေ ဖြစ်စေတဲ့ တဏှာကို သတ်နိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။ တဏှာကို သတ်နိုင်မှ ဒုက္ခအပေါင်းလည်း ပြတ်မှာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို မသတ်ဘဲ သူ့ကိုသတ်ပြီး အပြတ်ရှင်းနိုင်ဖို့ ``သူ့ကိုသတ်မှ ပြတ်မှာပါ``လို့ သတိပေးစကား ပါးလိုက်ရပါတယ်။ သူဆိုတဲ့ တဏှာကို သတ်ဖို့အတွက်ကတော့…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ