နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက်ဆုတောင်း


''သဗ္ဗေ သင်္ခါရာ အနိစ္စာ= အရာအားလုံး အမြဲမရှိ၊ ပြောင်းလဲလျက်ရှိ၏” ဟူသော ဘုရားစကားတော် အတိုင်းပင် အရာရာတိုင်း တစ်နေ့နှင့်တစ်နေ့၊ တစ်ရက်နှင့်တစ်ရက်၊ တစ်လနှင့်တစ်လ၊ တစ်နှစ်နှင့်တစ်နှစ် မတူ အသစ်အသစ်ပြောင်းလဲ ဖြစ်ပေါ်လျက်ရှိ၏။ ယခုလည်း မြန်မာတို့၏ ပြာက္ခဒိန် သတ်မှတ်ချက်အရ ၁၃၆၉ခုနှစ်မှ ၁၃၇၀ပြည့်နှစ်သို့ ပြောင်းလဲလာခဲ့ပေပြီ။ ကျန်ခဲ့သည့် နှစ်၊ လ၊ ရက်တို့ကို ပြန်လည် သတိပြုကြည့်ကြမည်ဆိုက လူတိုင်းလူတိုင်း အကောင်းအဆိုးများဒွန်တွဲကာ ဖြတ်သန်းခဲ့ကြ၏။ မည်သူမဆို အကောင်းချည်းနဲ့ သာ ဖြတ်သန်းခဲ့ကြရသည် မဟုတ်သလို အဆိုးချည်းနဲ့လည်း ဖြတ်သန်းခဲ့ကြရသည် မဟုတ်ကြပေ။ အကောင်းအဆိုးတွဲကာ ဖြတ်သန်းခဲ့ကြခြင်းဖြစ်၏။

အတိတ်ဆိုသည်မှာ ကျန်ခဲ့ပြီဖြစ်တဲ့အတွက် ကျန်ခဲ့တဲ့အတိတ်ကို တမ်းတစွဲလန်းမနေတော့ဘဲ လာမည့်အနာဂတ်မှာ မည်သို့မည်ပုံ ဖြတ်သန်းကြမည်ဆိုသည့် အတွေးများဖြင့် ယခုလက်ရှိ ပစ္စုပ္ပန်အချိန်ကို အကောင်းဆုံးဖြစ်အောင် ဖန်တီးကြရမည်သာ ဖြစ်ပါ၏။ သို့သော် အတိတ်မှာဖြစ်ခဲ့ ဖြစ်သန်းခဲ့တာတွေနဲ့ ပတ်သက်လို့ အထူးသတိပြုကြရမည်မှာ အတိတ်က မကောင်းသည့်အဖြစ်အပျက် လုပ်ရပ်တွေကိုသာ လုံးဝမေ့ပြစ်စေချင်တာပါ။ ကောင်းသည့်အလုပ်တွေကိုတော့ အမြဲသတိရအောင် အဖန်ဖန်ပွားများနေစေချင်ပါ၏။ အဘယ့်ကြောင့်ဆိုသော် မကောင်းသည့် အကုသိုလ်အပြစ်ဆိုသည်မှာ သတိရတိုင်း သတိရတိုင်း နောင်တပူပန်မှု၊ စိတ်ဆင်းရဲ့မှု၊ သောကဖြစ်စေမှုကိုသာ တိုးပွားစေသောကြောင့်ဖြစ်ပြီး ကောင်းသည့်ကုသိုလ်ကတော့ သတိရတိုင်း သတိရတိုင်း စိတ်ချမ်းသာမှု၊ စိတ်ပျော်ရွှင်ဝမ်းမြောက်မှု၊ ပီတိဖြစ်မှု စသည်စသည် တိုးပွားစေသောကြောင့် ဖြစ်ပါ၏။

သို့ဖြစ်၍ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ကူးပြောင်းသည့် ယနေ့ နှစ်ဆန်းကာလမှစပြီး အားလုံးအားလုံးသော ဓမ္မမိတ်ဆွေသူတော်စင်များအတွက် နှစ်သစ်နှုတ်ခွန်းဆက်စကားနှင့် ဆုတောင်းစကားပြောကြားလိုသည်မှာ ကျန်ခဲ့သည့်အတိတ်က မကောင်းသည့်အရာမှန်သမျှ လုံးဝမေ့ပျောက်နိုင်အောင်ကြိုးစားကြစေရန်၊ ကောင်းသည့်အရာများကို အစဉ်သတိရလျက် ယခုပစ္စုပ္ပန်အချိန်မှစ၍် နောင်လာမည့်ကာလများတိုင်အောင် ဆထက်ဆထက် တိုးပွားအောင်ကြိုးစားနိုင်ကြစေရန် သတိပြုဆင်ခြင်လျက် လုံလကြိုးကုတ်အားထုတ်ကြဖို့ အထူးတိုက်တွန်းလိုပြီး ၁၃၇၀ပြည့်နှစ်၏ နှစ်ဆန်းတစ်ရက်မှစ၍ နောင်အနာဂတ်ကာလများတိုင်အောင် မလိုလားမတောင့်တအပ်သည့် အရာများမတွေ့ကြုံကြရဘဲ ကောင်းသည့်နှစ်သက်ဖွယ်အာရုံများဖြင့်သာ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုမွန်းကောင်းတောင်းလိုက်ရပါသည်။

စိတ္တသုခ၊ ပြည့်စုံကြ၊ ဒုက္ခထွေထွေ၊ ကင်းပါစေ…

မေတ္တဖြင့်
ဘုန်းဘုန်းဦးဝိစိတ္တ

Read more »

သိလျက် အပြစ်ကျူးလွန်သူနှင့် မသိ၍ အပြစ်ကျူးလွန်သူ မည်သူက ပိုအပြစ်ကြီးသနည်း...

Q. အရှင်ဘုရား…
မကောင်းမှုအကုသိုလ် တစ်ခုခုကို ကျူးလွန်ရာတွင် အပြစ်ရှိမှန်းသိလျှက် ကျူးလွန်သူနှင့် အပြစ်ရှိမှန်းမသိ၍ ကျူးလွန်သူ မည်သူက ပိုပြီးအပြစ်ကြီးပါသနည်း။ ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား။ ဦးတင်ပါတယ်ဘုရား။
(မျိုးအောင်)


A.ကမ္မနိယာမ သဘောအရ အပြစ်ရှိပါလျက် အပြစ်မရှိဘူးလို့ ထင်မြင်ခြင်း(အပြစ်ကို အပြစ်လို့ မသိခြင်း)ဟာ မှားယွင်းတဲ့အမြင်၊ မှားယွင်းတဲ့အယူဖြစ်လို့ မိစ္ဆာဒိဋ္ဌိ ဖြစ်ပါတယ်။ ဒီလို မိစ္ဆာဒိဋ္ဌိအယူရှိပြီး အပြစ်မရှိဘူးလို့ ယူဆကာ အပြစ်ကို အပြစ်မမြင်တဲ့ ပုဂ္ဂိုလ်ဟာ မကောင်းမှုကို ပြုလုပ်တဲ့အခါ ကြောက်ရွံ့ခြင်းမရှိ ရဲရဲတင်းတင်း ပြုလုပ်မိတတ်ပါတယ်။ အဲလို မကြောက်မရွံ့ပြုလုပ်တဲ့အတွက် အကုသိုလ်ရဲ့ အကျိုးပေးမှုဟာလည်း ပိုပြီးကြီးလေးတတ်ပါတယ်။ ဥပမာပြောရရင် မီးရဲရဲတောက်နေတဲ့ သံတုံးသံခဲတွေကို ရွှေလို့ထင်ပြီး ကိုင်တဲ့သူဟာ ပိုပြီးပြင်းထန်နာကျင်စွာ ပူလောင်ခံရသလို အပြစ်ကို အပြစ်လို့မသိဘဲ ကျူးလွန်သူအတွက် အကုသိုလ်ရဲ့ အကျိုးပေးမှုဟာလည်း ပိုပြီးပြင်းထန်တတ်တဲ့သဘောပါ။ ဒီလိုပါပဲ အပြစ်ကို အပြစ်လို့ သိပြီး ကျူးလွန်တဲ့သူဟာ မလွဲမရှောင်သာလို့ လုပ်ရပေမယ့် အပြစ်လို့သိနေတဲ့အတွက် ကြောက်ရွံ့တွန့်ဆုတ်ပြီး လုပ်ရတဲ့သဘောရှိပါတယ်။ ဒီလို အသိရှိနေတဲ့အတွက်လည်း ကျူးလွန်ရပေမယ့် ထိမ်းထိမ်းသိမ်းသိမ်း ကျူးလွန်လေ့ရှိပါတယ်။ အဲဒါကြောင့် တန်ပြန်သက်ရောက်တဲ့ အကုသိုလ်အကျိုးဟာလည်း ပြင်းပြင်းထန်ထန် ကြီး မလာတတ်ပါဘူး။ ဥပမာပြောရရင် မီးရဲရဲတောက်နေတဲ့ သံတုံးသံခဲတွေကို မီးရဲရဲတောက်နေတာကို သိတဲ့အတွက် မလွဲသာလို့ ကိုင်ရပေမယ့် အပူသက်သာအောင်ကိုင်တဲ့ သဘောမျိုးပါ။

ဒီလိုဆိုရင် ရာဇသတ်ဥပဒေကိုလည်းကောင်း ဘုရားပညတ်တော်ကိုလည်းကောင်း သိလျက်လွန်ကျူးသူတွေဟာ လောကကြောင်းအရ ဘာကြောင့် ကြီးလေးတဲ့အပြစ်ကို ခံရတာလဲလို့ စောဒက တက်စရာရှိပါတယ်။ မှန်ပါတယ်။ လောကကြောင်းအရ သတ်မှတ်ထားတဲ့ ဥပဒေစတာတွေကို သိလျက်ကျူးလွန်တဲ့သူဟာ ဒီဥပဒေပညတ်ချက်များကို ကျူးလွန်တဲ့အပြစ်အပြင် ဥပဒေပညတ်စတာတွေကို မလေးစားတဲ့ အဂါရ၀စိတ်များပါ ရှိနေတဲ့အတွက် လောကကြောင်းအရ သိလျက်နဲ့ကျူးလွန်တာဟာ ပိုပြီးကြီးလေးတဲ့ အပြစ်ဖြစ်တာပါ။ ဒါ့အပြင် ဒီဥပဒေ ပညတ်များကို မသိနားမလည်ခြင်းဟာ မှားယွင်းတဲ့မိစ္ဆာဒိဋ္ဌိ မဟုတ်ပါ။ သတိမမူမိလို့ မောဟဖုံးလွှမ်းမှုသာဖြစ်ပါတယ်။ ဒါကြောင့် လောကသတ်မှတ်ချက် ဥပဒေများ၊ ၀ိနည်းပညတ်ချက်များကို မသိလို့ ကျူးလွန်ခြင်းဟာ ဥပဒေပညတ်တဲ့ပုဂ္ဂိုလ်များကို မလေးစားတဲ့ အဂါရ၀စိတ် မရှိတဲ့အတွက် အပြစ်ပေးတဲ့အခါလည်း ညှာညှာတာတာပေးခြင်း ဖြစ်ပါတယ်။ အပြစ်ခံရတဲ့အခါမှာလည်း သိလျက်ကျူးလွန်သူထက် ပိုပြီးလျော့လျော့ပေါ့ပေါ့ပဲ ခံရခြင်းဖြစ်ပါတယ်။ (မဟာဂန္ဓရုံဆရာတော်ရဲ့ သဂြိုဟ်ဘာသာဋီကာကို ကိုးကားပါသည်။)

ဒါကြောင့် အချုပ်ပြောရရင် အကုသိုလ်အပြစ်ကို အပြစ်လို့ မမြင်တာဟာ မှားယွင်းတဲ့မိစ္ဆာဒိဋ္ဌိဖြစ်တဲ့အတွက် အပြစ်ကို အပြစ်လို့မသိဘဲ ကျူးလွန်တာနဲ့ အပြစ်ကိုအပြစ်လို့ သိပေမယ့် မလွဲမရှောင်သာလို့ ကျူးလွန်လိုက်ရတာ နှစ်မျိုးမှာ အပြစ်ကို မသိဘူးဘဲ ကျူးလွန်တာက ပိုပြီးကြီးလေးပါတယ်။ လောကကြောင်းအရ သတ်မှတ်ချက်များမှာတော့ သိလျက်ကျူးလွန်တာက ပိုပြီးအပြစ်ကြီးပါတယ်။

Read more »

ဘုရားရှင်တို့၏ ဓမ္မတာ (၃၀)...

Q. ဘုန်းဘုန်းဘုရား…
ပြီးခဲ့တဲ့ ကိုဝင်းလတ်ရဲ့ အမေးကိုဖြေကြားရာတွင် ဘုရားရှင်တို့၏ ဓမ္မတာ(၃၀)ထဲက ဓမ္မတာနှစ်ခုကို ဖော်ပြထားတာ ဖတ်ရှုမှတ်သားရပါတယ်ဘုရား။ ဓမ္မတာ(၃၀)ကို အပြည့်အစုံ သိချင်ပါတယ်။ ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား။ ရိုသေစွာရှိခိုး ကန်တော့လျှက်…
(မဥမ္မာ-ခေတ္တစင်္ကာပူ)


A. မဟာပဒါနသုတ်နှင့် ဗုဒ္ဓ၀င်အဋ္ဌကထာတို့မှာ လာရှိတဲ့အတိုင်း နားလွယ်လည်အောင် ဖော်ပြရရင်…
(၁) ဘုရားရှင်တို့သည် နောက်ဆုံးဘုရားဖြစ်မည့် ဘ၀တွင် မယ်တော်ဝမ်း၌သာ ပဋိသန္ဓေနေရခြင်း (ပဋိသန္ဓေတည်နေမှုဟာ အမျိုးမျိုးရှိတဲ့အတွက်ကြောင့်ပါ)
(၂) မယ်တော်ဝမ်း၌ တင်ပလ္လင်ခွေလျက် ရှေ့သို့မျက်နှာပြုနေတော်မူခြင်း
(၃) မယ်တော်သည် အလောင်းတော်မြတ်ကို ရပ်လျက်သာ ဖွားမြင်ရခြင်း
(၄) တောအရပ်၌သာ ဖွားမြင်ရခြင်း
(၅) ဖွားမြင်ပြီးပြီးချင်း မြောက်ဖက်သို့ ခုနှစ်ဖ၀ါးလှမ်းပြီး ခြင်္သေ့သံဖြင့် ကြုံးဝါးတော်မူခြင်း
(၆) သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်လေးပါးကို မြင်ပြီးနောက် သားတစ်ယောက်မွေးပြီးပြီးချင်း တောထွက်တော်မူခြင်း
(၇) အရဟတ္တဓဇခေါ် ကြာသင်္ကန်းတော်ဖြင့် ရဟန်းအသွင်ကိုယူပြီးမှ ဒုက္ကရစရိယအကျင့်ကို ၇-ရက်အနည်းဆုံး ကျင့်ရခြင်း
(၈) ဘုရားဖြစ်မည့်နေ့၌ နို့ဃနာဆွမ်းကို ဘုဉ်းပေးတော်မူရခြင်း
(၉) မြက်ခင်းပလ္လင်တော်ပေါ်၌သာ သဗ္ဗညုအဖြစ်သို့ ရောက်တော်မူခြင်း
(၁၀) ဗောဓိပလ္လင်ပေါ်၌ အာနာပါနကမ္မဋ္ဌာန်းကိုစီဖြန်းလျက် ပရိကံပြုတော်မူခြင်း
(၁၁) မာရ်စစ်သည်တို့ကို အောင်တော်မူခြင်း
(၁၂) ၀ိဇ္ဇာသုံးပါး၊ စရဏစသည့် ကျေးဇူးဂုဏ်အထူးတို့ကို ရတော်မူခြင်း
(၁၃) ဗောဓိပင်၏အနီးအနား သတ္တဌာနများ၌သာ ဖိုလ်ချမ်းသာကို ခံစားလျက် ၄၉-ရက် သီးတင်းသုံးနေတော်မူခြင်း
(၁၄) တရားဟောတော်မူရန် ဗြာဟ္မာမင်းက တောင်းပန်ရခြင်း
(၁၅) ဣသိပတန မိဂဒါဝုန်တော၌သာ တရားဦး ဓမ္မစကြာဒေသနာကို ဟောတော်မူခြင်း
(၁၆) တပို့တွဲလပြည့်နေ့၌သာ အင်္ဂါလေးပါးရှိသော အစည်းအဝေးကြီး၌ ပါတိမောက်ပြတော်မူခြင်း
(၁၇) ဇေတ၀န်ကျောင်းတော်၌သာ နိဗဒ္ဓ၀ါသ်(အမြဲနေခြင်း) ပြုတော်မူခြင်း
(၁၈) သာဝတ္ထိပြည်မြို့တံခါး၌ တံခိုးပြာဋိဟာ ပြတော်မူခြင်း
(၁၉) တာဝတိံသာနတ်ပြည်၌သာ အဘိဓမ္မာဒေသနာကို ဟောတော်မူခြင်း
(၂၀) သင်္ကဿနဂိုရ်ပြည်မြို့တံခါး၌သာ တာဝတိံသာ နတ်ပြည်မှ ဆင်းသက်တော်မူခြင်း
(၂၁) ဖလသမာပတ်ကို အမြဲမပြတ်ဝင်စားတော်မူခြင်း
(၂၂) နံနက်အခါ ညဥ့်အခါတို့၌ ကျွတ်ထိုက်သည့် ဝေနေယျသတ္တ၀ါတို့ကို ကြည့်တော်မူခြင်း
(၂၃) အကြောင်းဝတ္ထုပေါ်ပေါက်လာလျှင် ၀ိနည်းဥပဒေကို ပညတ်တော်မူခြင်း
(၂၄) အကြောင်းအတ္ထုပ္ပါတ်တိုက်ဆိုင်ပေါ်ပေါက်လာသော် အတိတ်ဇာတ်တော်တရားကို ဟောတော်မူခြင်း
(၂၅) ဆွေတော်မျိုးတော်တို့ အစည်းအဝေးတွင် ဗုဒ္ဓ၀င်တရားကို ဟောတော်မူခြင်း
(၂၆) အာဂန္တုရဟန်းတို့နှင့် ပဋိသန္ထာရ(နှုတ်ဆက်စကား၊ လောက၀တ်) ပြုတော်မူခြင်း
(၂၇) ဒါယကာတို့ပင့်၌ ၀ါဆိုဝါကပ်ပြုတော်မူပါက ၀ါကျွတ်လျင် ဒါယကာတို့ကို အသိပေးပြီးမှ ကြွသွားတော်မူခြင်း
(၂၈) အခါငါးပါးတို့၌ ဗုဒ္ဓကိစ္စငါးပါးကို ပြုတော်မူခြင်း
(၂၉) ပရိနိဗ္ဗာန်ပြုမည့်နေ့၌ သားပြွမ်းဆွမ်းကို ဘုဉ်းပေးတော်မူခြင်း
(၃၀) ကုဋေနှစ်သန်းလေးသိန်းသော သမာပတ်တို့ကို ၀င်စားတော်မူပြီးမှ ပရိနိဗ္ဗာန်ပြုတော်မူခြင်း တို့ ဖြစ်ပါတယ်။ ဖတ်ရှုကြည်ညိုသဒ္ဓါတရားများ တိုးပွားပါစေ…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ