နိဗ္ဗာန်သည် ဘုံဌာနတစ်ခုလား...

Q.ဘုန်းဘုန်းဘုရား…
နိဗ္ဗာန်အကြောင်းသိချင်ပါတယ်ဘုရား။ နိဗ္ဗာန်ဟာ ဘုံဌာနတစ်ခုပါလား။ နိဗ္ဗာန်ရောက်တယ်၊ ရတယ်ဆိုတာ ဘယ်လိုသဘောမျိုးကို ပြောတယ်ဆိုတာ သဘောမပေါက်ပါ။ ရှင်းလင်းပြောကြားပေးပါဘုရား။
(အောင်အောင်၊ ခေတ္တ-စင်္ကပူ)


A. နိဗ္ဗာန်ဟာ ဘုံဌာနတစ်ခု မဟုတ်သလို ကောင်းကင်ဘုံလည်း မဟုတ်ပါ။ နိဗ္ဗာန်ဟာ နိဗ္ဗာနဆိုတဲ့ ပါဠိစကားကို မြန်မာမှုပြုထားတာပါ။ နိဝါနဆိုတဲ့အဖွင့်အရ (၀ါန-တဏှာ၊ နိ-မရှိခြင်း၊ ကင်းခြင်း) ကိလေသာ၊ တဏာကင်းရာကုန်ရာကို နိဗ္ဗာန်လို့ အလွယ်နားလည် သဘောပေါက်နိုင်ပါတယ်။ ပိုပြီး နားလည်သဘောပေါက်နိုင်ဖို့ ဗုဒ္ဓစာပေလာ နိဗ္ဗာန်နဲ့ ပတ်သက်လို့ ဟောကြားဖွင့်ပြထားချက်အချို့ကို အရင်ဖော်ပြလိုပါတယ်။

“- ငါ့ရှင် သာရိပုတ္တရာ…အဘယ်ကို နိဗ္ဗာန်ဟု ဆိုအပ်သနည်းဟူသော ဇမ္ဗုခါဒက ပရိဗိုဇ်၏အမေးကို အရှင်သာရိပုတ္တရာမထေရ်က “ရာဂ၊ ဒေါသ၊ မောဟတို့၏ကုန်ရာ သဘောတရားကို နိဗ္ဗာန်ဟု”ဆိုကြောင်း မိန့်တော်မူ၏။ (သံယုတ္တနိကာယ်၊ ဇမ္ဗုခါဒကသံယုတ်၊ နိဗ္ဗာနပဥှာသုတ်)
- အို…နတ်သား..လောကသည်လည်းကောင်း၊ လောက၏ဖြစ်ကြောင်းသည်လည်းကောင်း၊ လောက၏ချုပ်ရာ နိဗ္ဗာန်သည်လည်းကောင်း၊ နိဗ္ဗာန်သို့ရောက်ကြောင်း လမ်းစဉ်သည်လည်းကောင်း တစ်လံမျှလောက် ရှည်လျားသော ဤခန္ဓာကိုယ်အတွင်း၌သာ ရှိသည်ဟု ငါဘုရားဟောတော်မူ၏။ (သဂါထာဝဂ္ဂသံယုတ်၊ ရောဟိတဒေ၀ပုတ္တသုတ်)
- ရုပ်ဝေဒနာစသည်တို့၏ မမြဲသော၊ ဆင်းရဲသောသဘောကို ဟုတ်မှန်သည့်အတိုင်း ၀ိပဿနာပညာဖြင့် ရှုသော ပုဂ္ဂိုလ်အား စိုးရိမ်ပင်ပန်းခြင်းသည်မရှိ၊ ထိုသို့တောင့်တခြင်းမရှိ ချမ်းသာစွာနေရသော ပုဂ္ဂိုလ်ကို တဒင်္ဂနိဗ္ဗုတ ပုဂ္ဂိုလ်ဟု ခေါ်ဆိုအပ်၏။ (ခန္ဓသံယုတ်၊ အတ္တဒီပသုတ်)
- အိုပုဏ္ဏား…ရာဂ၊ ဒေါသ၊ မောဟကို ပယ်သည်ရှိသော် မိမိဆင်းရဲခြင်း၊ သူတစ်ပါးဆင်းရဲခြင်းကို မကြံ။ စိတ်ကိုမှီ၍ဖြစ်သော ဆင်းရဲခြင်း၊ နှလုံးမသာယာခြင်းသည် မဖြစ်။ ဤသို့လျှင် နိဗ္ဗာန်ကို မျက်မှောက်ထင်ထင် ကိုယ်တိုင်သိမြင်အပ်သည် ဖြစ်၏။ (အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ သန္ဒိဋ္ဌိကနိဗ္ဗာနသုတ်)“


အထက်ပါဖွင့်ဆိုချက်များအရ နိဗ္ဗာန်ဆိုတာ ရာဂ၊ ဒေါသ၊ မောဟစတဲ့ ကိလေသာတို့ ကင်းရာကုန်ရာ သဘောတရားကိုဆိုတဲ့အတွက် ဘုံဌာနတစ်ခုမဟုတ်တာ ထင်ရှားပါတယ်။ ပြီးတော့ ဒီနိဗ္ဗာန်ဟာ တစ်ခြားမှာ ရှာစရာမလိုဘဲ ကိုယ့်ခန္ဓာထဲမှာပဲ ၀ိပဿနာဉာဏ်ဖြင့် ရှာဖွေရရှိနိုင်ပြီး နိဗ္ဗာန်ရဲ့ အရသာကို မျက်မှောက်ဘ၀မှာပဲ ရရှိခံစားနိုင်တယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ တကယ်တော့ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်သွားတာဟာ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားတာပါ။ ကိလေသာကုန်သွားတဲ့ ပုဂ္ဂိုလ်တိုင်းဟာ နိဗ္ဗာန်ရဲ့ အရသာကို ခံစားရတဲ့ပုဂ္ဂိုလ်တွေဖြစ်သလို မျက်မောက်ဘ၀မှာပဲ နိဗ္ဗာန်ကို မျက်မှောက်ပြုသူတွေပါ။ သေပြီးနောက်မှ နိဗ္ဗာန်ကို မျက်မှောက်ပြုတာ ရောက်တာမဟုတ်ပါဘူး။ နိဗ္ဗာန်ကို မျက်မှောက်ပြုတယ်ဆိုတာ နောက်ထပ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတွေ မရှိတော့ဘဲ ဒုက္ခအားလုံးချုပ်ငြိမ်းသွားတာကို ပြောတာပါ။

ဒီသဘောအရ နိဗ္ဗာန်ဆိုတာ ဘုံဌာနမဟုတ်သလို နိဗ္ဗာန်ရောက်တယ်ဆိုတာ တစ်ခြားဘုံဌာနတစ်ခုကို ရောက်သွားတာမဟုတ်ဘဲ လောဘ၊ ဒေါသ၊ မောဟစတဲ့ကိလေသာ အားလုံးကုန်ခမ်းသွားတာကိုဆိုလိုပြီး ယခုမျက်မှောက်ဘ၀မှာပဲ နိဗ္ဗာန်ကို ရရှိရောက်ရှိနိုင်တယ်ဆိုတာ နားလည်သဘောပေါက်နိုင်ပါတယ်။

Read more »

ဘာသာရှိ၊ ဘာသာမဲ့...

Q.အရှင်ဘုရား…
အခုနောက်ပိုင်းမှာ ဘယ်ဘာသာမှ မကိုးကွယ်တဲ့ ဘာသာမဲ့များပိုပိုများလာတာကို တွေ့ရပါတယ်။ ဘာသာမဲ့တစ်ယောက်ရဲ့ ပစ္စုပ္ပန် သံသရာအတွက် ဖြစ်ပေါ်လာနိုင်မယ့် အခြေအနေလေးကို သိချင်ပါတယ်ဘုရား။ ကျေးဇူးတင်ပါတယ်။
(မင်းမင်း၊ ခေတ္တ-U.S.A)


A. ဘာသာတရား ကိုးကွယ်မှုမကိုးကွယ်မှုထက် ဗုဒ္ဓဘာသာအလိုအရ ကိုယ်လုပ်တဲ့အလုပ်အကိုင်၊ အပြောအဆို၊ အကြံအစည်ကသာ ပိုပြီးအဓိကကျပါတယ်။ ကိုယ်လုပ်တဲ့ ကောင်းကံ ဆိုးကံတွေကသာ ကိုယ့်ဘ၀အကောင်း အဆိုးကို ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်။ ဟိုဘာသာ ဒီဘာသာ အမည်ခံပြီး ဘာသာတရားရဲ့ အဆုံးအမအတိုင်း မလိုက်နာမကျင့်ရင်လည်း ဘာသာတရားကိုးကွယ်မှုဟာ ဘာမှအဓိပ္ပါယ် မရှိပါဘူး။ ဘယ်ဘာသာမှ မကိုးကွယ်ပေမယ့် ကိုယ်လုပ်တဲ့အလုပ်တွေက ကောင်းနေမယ်ဆို ကောင်းကျိုးရမှာ ၊ ကောင်းကျိုးဖြစ်စေမှာပါ။ ကိုယ်လုပ်တဲ့အလုပ်က ဆိုးနေမယ်ဆိုရင်တော့ ဆိုးကျိုးသာ ဖြစ်စေမှာပါ။ ကံတရားရဲ့ အကျိုးပေးမှုက ဗုဒ္ဓဘာသာဝင်မှ၊ ခရစ်ယန်ဘာသာဝင်မှရယ်လို့ မျက်နှာလိုက်ပြီး အကျိုးပေးတယ်ဆိုတာ မရှိပါဘူး။ ဘယ်သူမဆို ကောင်းတာလုပ်ရင် ကောင်းကျိုး၊ ဆိုးတာလုပ်ရင်ဆိုးကျိုးကို ဖြစ်စေမှာပါ။

ဒါပေမယ့် ဘာသတရားကိုးကွယ်ကိုင်းရှိုင်းသူနဲ့ ဘာသာမဲ့တစ်ယောက်ရဲ့ ထူးခြားမှုက ဘာသာမဲ့တစ်ယောက်ဟာ ဘာသာတရားရဲ့ ညွန်ပြသင်ကြားမှုတွေ မရှိတဲ့အတွက် ကိုယ်လုပ်တဲ့ အလုပ်တွေဟာ တကယ်အပြစ်ကင်းမကင်း မှန်မမှန် သိဖို့ခက်ခဲပါတယ်။ ကိုယ်ကမှန်တယ်လို့ထင်ပြီး လုပ်ပေမယ့် မှားနိုင်တာလေးတွေ ရှိတတ်ပါတယ်။ ပုထုဇင်များဖြစ်လို့လည်း ပိုပြီးအမှားတွေ လုပ်မိတတ်ပါတယ်။ ဥပမာအားဖြင့် မရှိဆင်းရဲ့သားတွေကို ကူညီဖို့အတွက် ချမ်းသာတဲ့ သူတွေဆီးက ခိုးယူ၊ ဓားပြတိုက်ပြီး ကူညီတာမျိုးကို ကြည့်မယ်ဆိုရင် မရှိဆင်းရဲ့သားတွေကို ကူညီတာကတော့ ကောင်းပါတယ်။ ဒါပေမယ့် တစ်ဘက်က သူများပစ္စည်းခိုးယူ လုယက်တာကတော့ မကောင်းပါဘူး။ ဘာသာတရားက အဲဒီလို အစွန်းရောက်မှုမျိုး မဖြစ်အောင် ဟိုဘက်ဒီဘက် အစွန်းက လွတ်တဲ့နည်းကို ညွှန်ပြပေးပါတယ်။ ဘာသာတရားကိုးကွယ်တယ်ဆိုတာ အဲဒီလိုအမှားတွေ နည်းအောင်၊ မရှိအောင် ဘာသာတရားရဲ့ အဆုံးအမအတိုင်း လိုက်နာဆောင်ရွက်နိုင်အောင်၊ လုပ်တဲ့အလုပ်တွေမှာ အပြစ်မရှိအောင် ကိုးကွယ်တာပါ။

ဒါကြောင့် ဘာသာတရားကိုးကွယ်မှု၊ မကိုးကွယ်မှုထက် ကိုယ်လုပ်တဲ့အလုပ်ကသာ အဓိကကျတဲ့အတွက် ကိုယ်လုပ်တဲ့အလုပ်ဟာ အစွန်းမရောက်ဘူး မှန်ကန်မယ်လို့ ကိုယ်ကိုယ်တိုင် ယုံကြည်တယ်ဆိုရင်တော့ မကိုးကွယ်လည်း ဖြစ်ပါတယ်။ အဲဒီလိုမှမဟုတ်သေးရင်တော့ ဘာသာတရားရဲ့ အဆုံးအမကိုယူပြီး ကိုယ်လုပ်တဲ့ အလုပ်တွေမှာ အပြစ်ကင်းအောင် ဘာသာတရားရဲ့ အညွှန်အပြသင်ကြားမှုကို ယူနိုင်ပါတယ်။ နောက်ဆုံးတော့ ကိုယ်လုပ်တဲ့ကောင်းကံ ဆိုးကံတွေကို ကိုယ်သာခံစားရမှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်တိုင်သာ စဉ်းစားဆုံးဖြတ်ပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်။

Read more »

သြကာသရှင်းတမ်း

ဒီပို့စ်လေးကတော့ ဗုဒ္ဓဘာသာဆိုပေမယ့် အမည်ခံဗုဒ္ဓဘာသာသာ ဖြစ်နေကြသူများ၊ မိရိုးဖလာဗုဒ္ဓဘာသာများ၊ သူများဆိုလို့သာ လိုက်ဆိုနေရ၊ လိုက်ကန်တော့နေရပေမယ့် ဆိုလိုရင်းအဓိပ္ပါယ်ကို ကောင်းကောင်းနားမလည်သူများ၊ ဘာသာရေးပွဲများရှိတိုင်း အစဉ်အလာအရ လိုက်ဆိုနေသော်လည်း သြကာသရဲ့အဓိပ္ပါယ်နဲ့ ဒီကန်တော့ချိုးမှာပါတဲ့ စကားလုံးတစ်ခုချင်းကို သေချာနားလည် သဘောမပေါက်သေးသူများအတွက် ရည်ရွယ်ပြီး အများနားလည်အောင် ရှင်းလင်းတင်ပြထားတဲ့ ပို့စ်လေးဖြစ် ပါတယ်။ နားလည်ပြီးဖြစ်နေသူများအတွက် နားဖူးထပ်မံပေါ့။ ဒီသြကာသရှင်းတမ်းလေးကို ပြောဖို့အတွက် အရင်ဆုံး သြကာသကန်တော့ချိုးကို တင်ပြရပါမယ်၊ ပြီးတော့မှ တစ်ခုချင်းကို ရှင်းပြပါမယ်။

..သြကာသ သြကာသ သြကာသ၊ ကာယကံ ၀စီကံ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှါ၊ ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

ဒီသြကာသ ကန်တော့ချိုးမှာ ရှိခိုးဝန်ချတောင်းပန်မှုအပိုင်းနဲ့ ဆုတောင်းတဲ့အပိုင်း နှစ်ပိုင်းရှိပါတယ်။ ဒီအပိုင်းတွေကို အသေးစိပ်ရှင်းပြရရင် သြကာသကတော့ ပါဠိစကားလုံးပါ။ အခွင့်၊ အခွင့်တောင်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ရှိခိုးဝန်ချတောင်းပန်ခွင့် ပြုဖို့စကားပလ္လင်ခံတဲ့ သဘောပါ။ သုံးကြိမ်ဆိုတာက ပိုပြီးလေးနက်အောင်လို့ပါ။ နောက် ကာယကံ၊ ၀စီကံ မနောကံမှာ ကာယကံက ကိုယ်ဖြင့်ပြုလုပ်တဲ့အမှု၊(စေတနာ)၊ ၀စီကံက နှုတ်ဖြင့်ပြောဆိုတဲ့အမှု(စေတနာ)၊ မနောကံက စိတ်ဖြင့်ကြံစီတဲ့အမှု(စေတနာ) ကိုဆိုလိုတာပါ။ ကိုယ်နှုတ်နှလုံး သုံးပါးမှာ ကိုယ်အမူအရာနဲ့ ဖြစ်စေ၊ စကားဖြင့် ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ ဒီသုံးမျိုးဖြင့် ပြုလုပ်ခြင်းကို ကံသုံးပါးလို့ ဆိုပါတယ်။ ဒီသုံးပါးမှာ တစ်ပါးပါးနဲ့ ပြစ်မှာမိတာတွေကို ၀န်ချတောင်းပန်မှု ပြုခြင်းဖြင့် ကျေပျောက်စေလိုတဲ့ သဘောပါ။ (ဒီနေရာမှာ ပြောတဲ့ကံသုံးပါးနဲ့ ဒုစရိုက်ဆယ်ပါးမှာ လာတဲ့ ကာယကံ၊ ၀စီကံ၊ မနေကံတွေနဲ့တော့ မတူပါဘူး။ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောရရင် ဒုစရိုက်ဆယ်ပါးမှာ ကာယကံသုံးပါး၊ ၀စီကံလေးပါး၊ မနောကံက သုံးပါးရှိပါတယ်။ ကာယကံသုံးပါးက ပါဏာတိပါတ-သက်ရှိသတ္တ၀ါကိုသတ်ဖြတ်ခြင်း၊ အဒိန္နဒါန-ပိုင်ရှင်မပေးတဲ့ သူတစ်ပါးဥစ္စာကို ခိုးယူခြင်း၊ ကာမေသုမိစ္ဆာစာရ-သူတစ်ပါးသားမယားကို ပြစ်မှားလွန်ကျူးခြင်းတို့ဖြစ်ပြီး ၀စီကံလေးပါးက မုသာဝါဒါ-လိမ်ညာပြောဆိုခြင်း၊ ပိသုဏ၀ါစာ- ချောပစ်ကုန်းတိုက်သော စကားကိုပြောဆိုခြင်း၊ ဖရုသ၀ါစာ-ကြမ်းကြုတ်သောစကားကို ပြောဆိုခြင်း၊ သမ္ဖပ္ပလာပ-အကျိုးမရှိ ပြိန်ဖျင်းသော စကားကိုပြောဆိုခြင်းတို့ဖြစ်ကာ မနောကံသုံးပါကတော့ အဘိဇ္ဈာ-အလိုကြီးခြင်း၊ တပ်မက်ခြင်း၊ ဗျာပါဒ-မကောင်းကြံခြင်း၊ စောင်းမြောင်းခြင်း၊ မိစ္ဆာဒိဋ္ဌိ- မှားယွင်းသောအမြင်အယူတို့ပဲ ဖြစ်ပါတယ်။ ဒါတွေက မကောင်းတဲ့စရိုက် ဆယ်ပါးဖြစ်ပါတယ်။ ဒီဆယ်ပါးကို ကျူးလွန်မိပါက ၀န်ချတောင်းပန်ရုံနဲ့ မကျေပျောက်ပါဘူး။ သူ့ကံအကျိုးပေးမှု ပေါ်ပြီးမှ ကျေပျောက်ပါတယ်။)သဗ္ဗဒေါသနဲ့ ခပ်သိမ်းသောအပြစ်က အဓိပ္ပါယ်အတူတူပါပဲ။ ပါဠိနဲ့ မြန်မာကိုတွဲပြီး ရေးထားတာပါ။ ရှိခိုးဝန်ချတောင်းပန်မှုအပိုင်းမှာ အဓိကသိထားသင့်တာတွေကတော့ ဒီလောက်ပါပဲ။

ဆုတောင်းတဲ့အပိုင်းမှာတော့ သိထားသင့်တဲ့အပိုင်းတွေက များပါတယ်။ တစ်ခုချင်းရှင်းပြရရင်…

အပါယ်လေးပါး (အပါယ=ပျက်စီး၍ကျရောက်အပ်သော ချမ်းသာကင်းရာအရပ်)
၁။ ငရဲ၊ ၂။ တိရစ္ဆာန်၊ ၃။ ပြိတ္တာ၊ ၄။ အသုရကာယ် (အသုရကာယ-ယုတ်ညံ့သောအသုရကာယ်နတ်အပေါင်း)

ကပ်သုံးပါး (ကပ္ပ=သတ္တ၀ါတို့၏အပြစ်ကံအလျောက်စီရင်ခံရခြင်း)
၁။ ဒုဗ္ဘိက္ခန္တရကပ် = အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်း
၂။ သတ္ထန္တရကပ် = တိုက်ခိုက်သတ်ဖြတ် စစ်မက်များဖြစ်ပွားခြင်း
၃။ ရောဂန္တရကပ် = အနာရောဂါ ကျရောက်သေကျေ ပျက်ဆီးခြင်း

ရပ်ပြစ်ရှစ်ပါး (မဂ်ဖိုလ်နိဗ္ဗာန်မရနိုင်သော ဘ၀ဖြစ်တည်မှု)
၁။ ငရဲဘုံ၌ဖြစ်ခြင်း၊ ၂။ တိရစ္ဆာန်ဘုံ၌ဖြစ်ခြင်း၊ ၃။ ပြိတ္တာဘုံ၌ဖြစ်ခြင်း၊ ၄။ အသညသတ်ဘုံ၊ အရူပဗြဟ္မာဘုံ၌ဖြစ်ခြင်း၊ ၅။ ပစ္စန္တရစ်အရပ်ခေါ် သာသနာမရှိသောအရပ်၌ဖြစ်ခြင်း၊ ၆။ မှားယွင်းသောမိစ္ဆာဒိဋ္ဌိအယူရှိခြင်း၊ ၇။ သုဂတိအဟိတ်ပဋိသန္ဓေနေခြင်း (မွေးရာပါ၊ ဆွံ့၊ အ၊ နားမကြားခြင်းစသည်) ၈။ တိဟိတ်ပဋိသန္ဓေ (ခြေလက်အင်္ဂါအစုံအလင်)ဖြစ်သော်လည်း ဘုရားမပွင့်သော ကမ္ဘာ၌ဖြစ်ခြင်း

ရန်သူမျိုးငါးပါး
၁။ ရေ၊ ၂။ မီး၊ ၃။ မင်း၊ ၄။ ခိုးသူ၊ ၅။ မချစ်မနှစ်သက်သူ (အမွေခံသားဆိုးသမီးဆိုး)

ဝိပတ္တိတရားလေးပါး (ပျက်ဆီးခြင်းသို့ရောက်ခြင်းတရား)
၁။ ဂတိဝိပတ္တိ = အပါယ်လေးဘုံ၌ဖြစ်ရခြင်း
၂။ ဥပဓိဝိပတ္တ = ကိုယ်အင်္ဂါချို့ယွင်းသော ခန္ဓာကိုယ်အတ္တဘောကိုရခြင်း
၃။ ကာလ၀ိပတ္တိ = မကောင်းယုတ်မာသော မင်းတို့၏လက်ထက်၌ ကာလဖောက်ပြန်ခြင်း
၎။ ပယောဂ၀ိပတ္တိ = မကောင်းမှုတို့နှင့်အသက်မွေးခြင်း (အသက်မွေးရခြင်း)

ဗျသနတရားငါးပါး (ပျက်ဆီးခြင်းတရား)
၁။ ဉာတိဗျသန = ဆွေမျိုးတို့ပျက်ဆီးခြင်း
၂။ ဘောဂဗျသန = စည်းစိမ်ဥစ္စာများပျက်ဆီးခြင်း
၃။ ရောဂဗျသန = အနာရောဂါနှိပ်စက်၍ ပျက်ဆီးခြင်း
၎။ သီလဗျသန = အကျင့်သီလပျက်ဆီးခြင်း
၅။ ဒိဋ္ဌိဗျသန = မှန်ကန်သည့်အယူဝါဒ ပျက်ဆီးခြင်း

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ