Showing posts with label တွေးမိသမျှ. Show all posts
Showing posts with label တွေးမိသမျှ. Show all posts

အဆင့်အတန်းဆိုတာ


တစ်လောက ကျောင်းမှာလူစုံတော့ ဟိုပြောဒီပြော ပြောကြရင်း နိုင်ငံခြားကို ရောက်နေတဲ့သူချင်း အတူတူ အဆင့်အတန်းခွဲပြီး ဆက်ဆံတဲ့အကြောင်း ပြောဖြစ်ကြပါတယ်။ နိုင်ငံခြားရောက်နေတဲ့ အစိုးရဝန်ထမ်းတွေကလည်း ငါအစိုးရဝန်ထမ်းဆိုတဲ့ မာနနဲ့ ကျန်တဲ့သူတွေကို မတူသလို ဆက်ဆံတတ်ကြောင်း၊ ကျောင်းတက်နေတဲ့ ကျောင်းသားတွေကလည်း အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေကို သူတို့လောက် အဆင့်မရှိသလို၊ ပညာမတတ်သလို အထင်သေးတတ်ကြောင်း၊ အလုပ်သမားတွေ ရှုထောင့်ကကျတော့လည်း သူတို့ဟာ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားမှာ အလုပ်လာလုပ်နေရပေမယ့် သူတို့အဆင့်အတန်းဟာ ကျောင်းသားတွေ ဝန်ထမ်းတွေလောက် မနိမ့်ကျကြောင်း အားလုံးဟာ ကိုယ့်အဆင့်အတန်းနဲ့ ကိုယ့်မာနနဲ့ကိုယ်ရှိကြကြောင်း ဘယ်သူ့ကိုမှ ခွဲခြားပြီး ဆက်ဆံစရာ အကြောင်း မရှိကြောင်း စသဖြင့် ပြောဖြစ်ကြပါတယ်။

တကယ်တော့ ဘယ်သူတွေ ဘယ်လိုပဲ အဆင့်အတန်းတွေ သက်မှတ်ကြပါစေ သူတို့တွေရဲ့ သတ်မှတ်ချက်တွေဟာ ရာထူးတွေ၊ ဂုဏ်တွေ၊ လောကီပညာတွေ၊ ငွေတွေလောက်ပဲ ဦးစားပေးသတ်မှတ်ကြတာပါ။ အဲဒီ ရာထူးဌာနန္တရာ၊ ဂုဏ်ပဝါတွေဆိုတာ အမှန်တော့ အဆင့်မြင့်တဲ့ အဆင့်အတန်းတွေမဟုတ်ပါဘူး။ တဒင်္ဂအရှိကို အဟုတ်ထင်ပြီး မာနဝင်နေကြတဲ့ သဘောပဲဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် အဆင့်အတန်းဆိုတာ အကျင့်သိက္ခာနဲ့ အသိပညာ မြင့်မားမှုကို ဆိုတာပါ။ ရာထူးဌာနန္တရာ၊ ဂုဏ်ပါဝါတွေ ရှိနေပေမယ့် အကျင့်မကောင်းဘူး၊ အသိမရှိဘူးဆိုရင် အဲဒီသူဟာ အဆင့်မရှိတဲ့ သူပါပဲ။ အကျင့်ကောင်းတယ်၊ အသိရှိတယ်ဆိုရင် အဲဒီသူဟာ ရာထူးဌာန္တရာ၊ ဂုဏ်ပါဝါတွေ မရှိပေမယ့် အဆင့်မြင့်နေတဲ့သူပါပဲ။ ဂုဏ်အဆင့်အတန်းတွေထဲမှာ သီလဂုဏ်၊ ပညာဂုဏ်တွေဟာ အဆင့်အမြင့်ဆုံး အဆင့်အတန်းတွေပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် ဘာမှအကြာကြီး မဟုတ်တဲ့ လောကကြီးမှာ တဒင်္ဂ အရှိတရားတွေအပေါ်မှာ မာနဝင်ပြီး အဆင့်အတန်း ခွဲခြားဖို့ထက် အကျင့်သိက္ခာနဲ့ အသိပညာ ကောင်းအောင်သာ ကြိုးစားပြီး ကိုယ့်ကိုကိုယ် အဆင့်မြင့်အောင် နေထိုင်ခြင်းကသာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

ဆုံနိုင်ခွင့် (သို့) ပါရမီဖြည့်ဖက် (၂)



ဒီဘဝမှာ အဲဒီလို နားလည်မှုတွေနဲ့ အကောင်းဆုံး ဆုံနိုင်ခွင့်ကို တည်ဆောက်ပြီးပြီဆိုရင် နောင်ဘဝအဆက်ဆက် ဆုံနိုင်ခွင့်အတွက်ကတော့ မြတ်စွာဗုဒ္ဓဟောညွန်ပြတဲ့ လမ်းစဉ်ဟာ အကောင်းဆုံးနဲ့ လက်တွေ့ကျင့်သုံးဖို့ အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓက သတ္တဝါတိုင်း၊ သတ္တဝါတိုင်း ဘဝတိုင်းမှာ အတူဆုံနိုင်မယ့် ဆုံနိုင်ခွင့်အတွက် နှစ်ဦးနှစ်ဘက်လုံးက 
၁။ သမသဒ္ဓါ 
တူညီတဲ့ ယုံကြည်ချက်
၂။ သမသီလ
တူညီတဲ့ အကျင့်သိက္ခာ
၃။ သမစာဂ
တူညီတဲ့ ပေးကမ်းစွန့်ကြဲမှုနဲ့
၎။ သမပညာ
တူညီတဲ့ အသိဉာဏ်ပညာ ဆိုတဲ့ အချက်လေးချက်နဲ့ ပြည့်စုံမှုရှိကြရမှာ ဖြစ်ကြောင်း မိန့်တော်မူပါတယ်။ ဒီလမ်းညွန်ချက်ကို မြတ်ဗုဒ္ဓက နကုလာမာတာ၊ နကုလပီတာ ဆိုတဲ့ ပုဏ္ဏားအိုကြီး နှစ်ဦးနဲ့ တွေ့ဆုံချိန်မှာ မိန့်တော်မူခဲ့တာ ဖြစ်ပါတယ်။ 

အခါတစ်ပါး ရှင်တော်မြတ်ဘုရားဟာ ဘဂ္ဂတိုင်း၊ သုသုမာရဂိရမြို့ ဘေသကဠတောမှာ သီတင်းသုံးနေတော်မူချိန်က ဖြစ်ပါတယ်။ တစ်နေ့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ နံနက်စောစော သင်္ကန်းကို ပြင်ဝတ်၊ သပိတ်ကို ယူတော်မူပြီး နကုလပိတာသူကြွယ်အိမ်ကို ကြွတော်မူကာ ခင်းထားတဲ့နေရာမှာ သီတင်းသုံးနေတော်မူပါတယ်။ အဲဒီအချိန်မှာ နကုလပိတာသူကြွယ်နဲ့ နကုလမာတာ သူကြွယ်မတို့ဟာ မြတ်စွာဘုရားရှင်ကို ရှိခိုးပြီး သင့်တော်တဲ့နေရာမှာ ထိုင်နေရင်း နကုလပိတသူကြွယ်က 

“အရှင်ဘုရား တပည့်တော်ဟာ ငယ်စဉ်ကတည်းက ငယ်ရွယ်နုပျိုသူ နကုလမာတာကို ထိမ်းမြားလက်ထပ် ယူဆောင်ခဲ့ချိန်ကစလို့ စိတ်နဲ့တောင်မှ နကုလမာတာကို ကျော်လွန်ပြီး တခြားတစ်ယောက်ယောက် အပေါ်မှာ ပြစ်မှားဖူးခဲ့ခြင်း မရှိသလို ကိုယ်နဲ့ကတော့ အထူးပြောစရာ မရှိအောင် စောင့်ထိန်းကျင့်ကြံခဲ့ပါတယ်ဘုရား၊ တပည့်တော်တို့ဟာ ဒီဘဝမှာလည်းပဲ တစ်ဦးနဲ့တစ်ဦး ချစ်ခင်မြတ်နိုး ရှုမြင်ခြင်းကို လိုလားကြသလို နောင်ဘဝဘဝတွေမှာလည်း တစ်ဦးနဲ့တစ်ဦး ချစ်ခင်မြတ်နိုး ရှုမြင်ခြင်းကို လိုလားပြီး အဲဒီဆုံနိုင်ခွင့်ကို ဘဝဆက်တိုင်း ရရှိလိုပါတယ်ဘုရား” လို့ မြတ်စွာဘုရားကို လျှောက်ပါတယ်။ 

အဲဒီအချိန်မှာ အနီးမှာ ရှိနေတဲ့ နကုလမာတာ သူကြွယ်မကလည်း
“အရှင်ဘုရား နကုလပိတာ သူကြွယ်ဟာ ငယ်စဉ်ကတည်းက တပည့်တော်မကို ထိမ်းမြားလက်ထပ် ယူဆောင်ချိန်ကစလို့ တပည့်တော်မ အနေနဲ့လည်း နကုလပိတာကို ကျော်လွန်ပြီး တခြားတစ်ယောက်ယောက် အပေါ်မှာ ပြစ်မှားဖူးခဲ့ခြင်း မရှိသလို ကိုယ်နဲ့ကတော့ အထူးပြောစရာ မရှိအောင် စောင့်ထိန်းကျင့်ကြံခဲ့ပါတယ်ဘုရား၊ တပည့်တော်တို့ဟာ ဒီဘဝမှာလည်းပဲ တစ်ဦးနဲ့တစ်ဦး ချစ်ခင်မြတ်နိုး ရှုမြင်ခြင်းကို လိုလားကြသလို နောင်ဘဝဘဝတွေမှာလည်း တစ်ဦးနဲ့တစ်ဦး ချစ်ခင်မြတ်နိုး ရှုမြင်ခြင်းကို လိုလားပြီး အဲဒီဆုံနိုင်ခွင့်ကို ဘဝဆက်တိုင်း ရရှိလိုပါတယ်ဘုရား” လို့ မြတ်စွာဘုရားကို အားကျမခံ ထပ်မံလျှောက်ထားပါတယ်။

ဒီတော့ မြတ်စွာဘုရားက “ဒကာ၊ ဒကာမတို့ လင်မယားနှစ်ဦးလုံးတို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရန် တမလွန် ဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရန် အကယ်၍ အလိုရှိကုန်အံ့၊ နှစ်ဦးလုံးတို့သည် တူမျှသော သဒ္ဓါတရား ရှိကုန်ရာ၏၊ တူမျှသော သီလရှိကုန်ရာ၏၊ တူမျှသော စွန့်ကြဲမှု 'စာဂ' ရှိကုန်ရာ၏၊ တူမျှသော ပညာ ရှိကုန်ရာ၏၊ ယင်းသို့ဖြစ်သော် ထိုလင်မယားနှစ်ဦးတို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရကုန်၏၊ နောင်တမလွန် ဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရကုန်လတ္တံ့”လို့ တရားစကား မိန့်ကြားတော်မူလိုက်ပါတယ်။

“- လင်မယားနှစ်ဦးလုံးတို့ပင် သဒ္ဓါတရားနှင့်လည်း ပြည့်စုံကုန်၏၊ အလှူခံတို့၏ စကားအဓိပ္ပါယ်ကိုလည်း သိကုန်၏၊ ကိုယ် နှုတ် နှလုံးကို စောင့်စည်းကြကုန်၏၊ ထို လင်မယားနှစ်ဦးလုံးတို့သည် အချင်းချင်း ချစ်ဖွယ်သော စကားကို ပြောဆိုကြကုန်လျက်တရားသဖြင့် အသက်မွေးကြကုန်၏။
- တူမျှသော သီလရှိကုန်သော လင်မယား နှစ်ဦးလုံးတို့အား အကျိုးစီးပွါးတို့သည် များပြားကုန်၏၊ ချမ်းသာစွာ နေရခြင်းသည်လည်း ဖြစ်၏၊ ရန်သူတို့ နှလုံးမသာဖွယ် ဖြစ်ကုန်၏။ တူမျှသော သီလရှိကုန်သော လင်မယား နှစ်ဦးလုံးတို့သည် ဤလူ့ဘဝ၌တရားကို ကျင့်ကြကုန်၍ နတ်ပြည် လောက၌ အလုံးစုံသော ကာမဂုဏ်အာရုံတို့ကို လိုတိုင်းရကုန်လျက် နှစ်နှစ်သက်သက် မွေ့လျော်ရကုန် သတည်း။” (ပဌမ သမဇီဝီသုတ်၊ ပညာဘိသန္ဒဝဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်) 

ဒီအကြောင်းအရာကတော့ ဘဝဆက်တိုင်း ဆုံနိုင်ခွင့် ပိုင်ဆိုင်လိုကြတဲ့ ပါရမီဖက်များအတွက် မြတ်ဗုဒ္ဓရဲ့ လမ်းညွန်ချက်ပဲ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်ရဲ့ ဒီဆုံနိုင်ခွင့် လမ်းညွန်လေးချက်ကိုကြည့်ရင် ဘဝတိုင်း ဆုံချင်ကြတဲ့ သူတွေအတွက် လိုက်နာကျင့်သုံးသင့်တဲ အချက်တွေဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဘုရားရှင်က ဘယ်သူမဆို ဘဝတိုင်းမှာ ဆုံချင်ကြရင် ယုံကြည်ချက်တူအောင်၊ အကျင့်သိက္ခာတူအောင်၊ စွန့်လွှတ်မှုတူအောင်၊ အသိပညာတူအောင် ကြိုးစားရမယ်လို့ လမ်းညွန်ပေးထားချက်ဟာ လက်တွေ့ပိုင်းမှာ အတော်ယုတ္တိကျတဲ့ အချက်ပဲဖြစ်ပါတယ်။ ဆုံနိုင်ခွင့်ဆိုတာဟာ တစ်ဦးတည်းနဲ့ လုပ်ယူလို့ ရတဲ့အရာ မဟုတ်တဲ့အတွက် နှစ်ဦးနှစ်ဖက် ဆုံနိုင်ဖို့ နှစ်ဦးစလုံး တူညီမှုတွေ ရယူနိုင်မှ ဖြစ်တယ်ဆိုတာ သဘာဝကျတဲ့ ကြောင်းကျိုးဆက်စပ်မှု သဘောပဲ ဖြစ်ပါတယ်။ 

ဒီအကြောင်းကို မင်္ဂလာဆွမ်းကျွေးတစ်ခုမှာ ဘုန်းဘုန်းဟောပေးဖူးပါတယ်။ အဲဒီတုန်းကတော့ ကဗျာလေး တစ်ပုဒ်ပါစပ်ပြီး ရှင်းလင်းဟောပြောပေးဖြစ်ခဲ့ပါတယ်။ အဲဒီကဗျာလေးကို ဒီနေရာမှာ အလျဉ်းသင့်တုန်း ပြန်လည်မျှဝေလိုက်ပါတယ်။

ယုံကြည်ချက်တူ
အကျင့်တူ၍
အလှူလည်းမျှ
အသိမျှမူ
တူမျှအပြား
ဤလေးပါးက
အမျှတူသူ
များထိုသူကို
အခုလည်းဆုံ
နောင်လည်းဆုံ၍
သံသရာတစ်လျှောက်
အတူလျှောက်ရန်
အထောက်အမှန်
အကြောင်းဖန်၏။ ။ 

ဒီကဗျာထဲက အတိုင်းပါပဲ။ ဘယ်သူမဆို ဘဝမှာ တစ်ဦးနဲ့တစ်ဦး သံယောဇဉ် မပြတ်နိုင်သေးဘဲ ဘဝတိုင်းမှာ အတူဆုံကြဖို့နဲ့ တစ်ဦးရဲ့ လိုအပ်ချက်ကို တစ်ဦးက ဖြည့်ဆည်းပေး၊ ကောင်းတဲ့အလုပ်လေးတွေမှာ တစ်ဦးနဲ့တစ်ဦး ပါရမီလေးတွေ ဖြည့်ပေးနိုင်ဖို့အတွက် ယုံကြည်ချက်လည်းတူ၊ အကျင့်သီလလည်းတူ၊ ပေးကမ်း လှူဒါန်းတာလည်းတူ၊ အသိပညာလည်း တူကြရမှာ ဖြစ်ပါတယ်။ ဒါမှလည်း သံသရာခရီးမှာ အတူဆုံနိုင်ကြမှာ ဖြစ်ပါတယ်။ 

ဆက်ရန် ….

Read more »

သတိပြုဆင်ခြင်ပါ



အကောင်းအဆိုး ဆိုတာ
အကြောင်းအကျိုးဆုံရင် ကြုံလာကြတာပဲ။
အကောင်းတွေဆုံလို့လည်း မကောင်းတွေ ကုန်ပြီလို့ မတွေးနဲ့။
မကောင်းတွေဆုံလို့လည်း အကောင်းတွေ မကြုံတော့ဘူးလို့ မတွက်နဲ့။
ကုန်ချိန်တန်ကုန်၊ ဆုံချိန်တန်ဆုံ၊ ကြုံချင်တန် ကြုံနေကြမှာပဲ။
ကြုံဆုံလာတဲ့ အခါမှာသာ ခံနိုင်ရည်ရှိအောင် ကြိုးစားကြဖို့ပါ။
ကောင်းလို့လည်း စိတ်ဓာတ်တွေ မပြောင်းမိစေနဲ့။
မကောင်းလို့လဲ မကောင်းတာတွေမှာ မပေါင်းမိစေနဲ့။
အကောင်းရောက်တဲ့အခါ သတိမပျောက်စေနဲ့။
မကောင်းရောက်တဲ့အခါ အကောင်းမပျောက်စေနဲ့။
ကောင်းရင်သတိထား အဆိုးလာတတ်တယ်။
ဆိုးရင်ကုသိုလ်ပွား အကျိုးများလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် အရေးကြီးဆုံးက သတိမပျောက်ဖို့နဲ့ ကုသိုလ်မပျက်ဖို့ပဲဆိုတာ
မမေ့ပါနဲ့။

မေတ္တာဖြင့် 
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

ဆုံနိုင်ခွင့် (သို့) ပါရမီဖြည့်ဖက် (၁)



“ပါရမီဖြည့်ဖက်
အသာတကြည်ထွေးဖက်
သံသရာခရီးတစ်လျှောက်
ဆုံနိုင်ခွင့်ဖောက်ရင်း
နိဗ္ဗာန်ရွှေပြည်အရောက်
အတူလျှောက်ကြစို့”

“ဆုံနိုင်ခွင့် (သို့) ပါရမီဖြည့်ဖက်”ဆိုတဲ့ ဒီခေါင်းစဉ်လေးက ခေတ်ဆန်နေပြီး သီချင်းခေါင်းစဉ်လိုလို ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ခေတ်လူငယ်တစ်ယောက်က မေးလာတဲ့ အမေးလေးအပေါ်မူတည်ပြီး မှတ်မိလွယ်အောင် ဒီလိုအမည်လေး ပေးလိုက်တာပါ။ ကြာပါပြီ ဒကာလေးတစ်ယောက် မေးထားဖူးတဲ့ မေးခွန်းလေးတစ်ခုပါ။ သူက “အရှင်ဘုရား နားနဲ့မနာ ဖဝါးနဲ့ နာပါဘုရား။ တပည့်တော်မှာ ချစ်သူရှိပါတယ်၊ တပည့်တော်လည်း သူ့ကိုအရမ်းချစ်သလို၊ သူကလည်း တပည့်တော်ကို သိပ်ချစ်ပါတယ်ဘုရား၊ ရိုးသားစွာ ဝန်ခံရရင် တပည့်တော်တို့နှစ်ယောက် ဒီဘဝမှာ နိဗ္ဗာန်အထိ ရောက်ဖို့ဆန္ဒမရှိသေးပါဘူး၊ ဒါပေမယ့် သံသရာခရီးမှာတော့ ဘဝတိုင်းအတူဆုံပြီး တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုနဲ့ ပါရမီတွေ ရသလောက်ဖြည့်ချင်ပါသေးတယ်၊ အဲဒါ တပည့်တော်တို့နှစ်ယောက် ဘဝတိုင်းမှာ အတူဆုံနိုင်ဖို့အတွက် ဘယ်လိုကျင့်သုံး နေထိုင်ပြီး ဘယ်လိုကုသိုလ်မျိုးတွေ လုပ်သင့်တယ်ဆိုတာ လမ်းညွှန်ပေးတော်မူပါဘုရား” လို့ မေးလျှောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ သူ့အမေးအတိုင်း ဒီဘဝအတွက်ရော နောင်သံသရာ အတွက်ပါ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်နဲ့ ဆုံနိုင်ခွင့် ရစေမယ့် အကြောင်းလေးတွေကို ဟောပြောပေးဖြစ်ခဲ့ပါတယ်။ အခုတော့ အဲဒီလို အလားတူ မေးခွန်းမျိုးလေးတစ်ခု မေးထားတာရှိလို့ ဒီစာစုလေးရေးပြီး အဖြေပေးလိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။ 

ဒီမေးခွန်းနဲ့ပတ်သက်ပြီး အဖြေပေးဖို့ အဖြေရေးရင်း ဂေါတမ မြတ်စွာဘုရား အလောင်းတော် သုမေဓာ ရှင်ရသေ့ဘဝက ဒီပင်္ကရာ မြတ်စွာဘုရားထံမှာ ဗျာဒိတ်တော် ခံယူနေတဲ့အချိန် ရှင်ရသေ့ဘေးမှာ ရှင်ရသေ့နဲ့အတူ ဘဝဆက်တိုင်း ပါရမီဖြည့်ဖက်အဖြစ် အတူဆုံပြီး နောက်ဆုံးမှာ နိဗ္ဗာန်ကို အတူဝင်ပါရစေဆိုကာ ဆုပန်ခဲ့တဲ့ ယသော်ဓရာ အလောင်းတော် သုမိတ္တအမည်ရတဲ့ ပုဏ္ဏားပျိုမလေးရဲ့ ပုံရိပ်ကို သတိပြုမိဖြစ်ခဲ့ပါသေးတယ်။ စင်္ကာပူမှာ ရောက်နေတဲ့ ဒကာမလေး တစ်ယောက်ကလည်း သူ့ဘဝမှာ အဲဒီသုမေဓာ ရှင်ရသေ့ဘေးက ကြားပန်းလေးတွေကိုင်ပြီး ပါရမီဖြည့်ဖက်အဖြစ် ရွေးချယ်ခဲ့တဲ့ သုမိတ္တာလို အမျိုးသမီးလေးကို အားကျကြောင်း အဲဒီလိုပဲ ပါရမီ ဖြည့်ဖက်ကောင်းတွေ ဖြစ်ချင်ကြောင်း လျှောက်ထားဖူးပါတယ်။ 

မှန်ပါတယ်။ ဘုရားလောင်း သုမေဓာ ရှင်ရသေ့ဘဝကနေ ပါရမီဖြည့်လာခဲ့တဲ့ သုမိတ္တာ ပုဏ္ဏေးမလေးဟာ ဂေါတမ မြတ်စွာဘုရား နောက်ဆုံးဘုရား ဖြစ်တော်မူမယ့် သိဒ္ဓတ္တမင်းသားဘဝမှာလည်း ယသော်ဓရာအမည်နဲ့ ဘဝတိုင်းအတူဆုံကာ ပါရမီဖြည့်ဖက်ကောင်းအဖြစ် နိဗ္ဗာန်ကို ဝင်စံသွားနိုင်ခဲ့ပါတယ်။ ဘဝတိုင်းဆုံနိုင်ဖို့အတွက် ပါရမီကောင်းတွေဖြည့်ဆည်းပြီး ကောင်းမှုမျိုးစေ့လေးများကို အတူတူစိုက်ပျိုးရင်း အဲဒီမျိုးစေ့ရဲ့ အသီးအပွင့်အဖြစ် ဆုံနိုင်ခွင့်တစ်ခုကို ရယူခဲ့ကြတဲ့ သူတော်ကောင်းကြီးများရဲ့ သမိုင်းကြောင်းလေးတွေကို အားကျကာ တစ်ချို့က အဲဒီလို ပါရမီဖြည့်ဖက်အဖြစ် ဆုံနိုင်ခွင့် ဆက်လိုကြတာ ဖြစ်ပါတယ်။ သူတို့အတွက်ကတော့ ဒီဘဝမှာ ကိလေသာကုန်ခမ်း နိဗ္ဗာန်စံမြန်းရေးထက် သံသရာခရီအတွက် အတူခရီးဆက်ပြီး ဆုံနိုင်ခွင့်နဲ့ အတူလက်တွဲကြဖို့က ပိုအရေးကြီးကောင်း ကြီးနေမှာ ဖြစ်ပါတယ်။ ဒါကလည်း သူတို့လေးတွေရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်ပဲ ဖြစ်ပါတယ်။ သံသရာရှည်ပေမယ့် သံယောဇဉ်ကြိုးကို မဖြတ်ချင်သေးတဲ့ သူတို့အတွက်ကတော့ ဒီလိုဆုံနိုင်ခွင့်မျိုးကို တောင့်တတာဟာ အပြစ်ပြောစရာ မဟုတ်ပါဘူး။ အနာဂတ်ဘဝဟာ ဘာမှမသေချာပေမယ့် သေချာအောင် လုပ်ဆောင်ပြီး ဆုံနိုင်ခွင့်အတွက် တွဲလက်ဆက်ဖို့ဆိုတာဟာ အကြောင်းအကျိုး ညီညွတ်ရင် ဖြစ်နိုင်ပါတယ်။ 

တကယ်တော့ ဆုံနိုင်ခွင့် ရစေဖို့ ပါရမီဖြည့်ကြတယ်ဆိုတာ ဒါန၊ သီလ၊ ဘာဝနာ စတဲ့ ကုသိုလ်ကောင်းမှုတွေ လုပ်ကြတာပဲ ဖြစ်ပါတယ်။ ဒီကုသိုလ် အစွမ်းတွေ ကိုယ့်သန္တာန်မှာ ပြည့်လာအောင်၊ အဲဒီ ကုသိုလ်အစွမ်းတွေနဲ့ ကိုယ့်အကျိုး၊ သူ့အကျိုးကို ဆောင်နိုင်အောင် အားထုတ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလို ကုသိုလ်အလုပ်တွေ အားထုတ်တဲ့အခါ တစ်ဦးတည်း လုပ်ကြသလို စိတ်တူကိုယ်တူ ဝါသနာ တူတဲ့သူတွေနဲ့ အတူလုပ်ကြတာလည်း ရှိပါတယ်။ တစ်ဦးတည်းလုပ်ပြီး ဒီအစွမ်းတွေနဲ့ သံသရာမှသည် နိဗ္ဗာန်အထိ ခရီးဆက်ကြသူတွေ ရှိသလို နှစ်ဦးသုံးဦးမှသည် အစုအဖွဲ့လိုက် အတူတကွ ပြုလုပ်ကြရင်း ဘဝတိုင်း ကောင်းစားရေးအတွက် အားဖြည့်ကြတဲ့ သူတွေလည်း ရှိတတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါန၊ သီလ၊ ဘာဝနာ စတဲ့ ကုသိုလ်ကောင်းမှုလေးတွေ လုပ်ကာ ပါရမီဖြည့်ကြသူတွေ အနေနဲ့ တစ်ဦးတစ်ယောက်တည်းလည်း သံသရာ ခရီးကို လျှောက်နိုင်ကြသလို နှစ်ဦးသဘောတူလည်း သံသရာ ခရီးတစ်လျှောက် ဆုံနိုင်ခွင့်ဖောက်ရင်း နိဗ္ဗာန်အထိ လျှောက်နိုင်ကြတာ ဖြစ်တဲ့အတွက် ဘဝတိုင်း အတူဆုံချင်တဲ့ သူတွေအနေနဲ့ ကုသိုလ်ကောင်းမှုတွေကို အတူဆည်းပူးပြီး ပါရမီဖြည့်ဖက်များအဖြစ် ရွေးချယ် လျှောက်လှမ်းနိုင်ကြတာ ဖြစ်ပါတယ်။

အဲဒီလို ပါရမီဖြည့်ဖက်အဖြစ် ဆုံနိုင်ခွင့်တည်ဆောက်တဲ့ အခါမှာ အတိတ်ဘဝရဲ့ အကျိုးပေးတွေကို အကြောင်းခံ၊ ဒီဘဝမှာ တစ်ဦးအကျိုးကို တစ်ဦးကဆောင်ရင်း နှစ်ဦးနှစ်ဖက် ညီညွတ်မှုကို တည်ဆောက်ပြီး စေတနာကောင်းနဲ့ အကျင့်ကောင်းကို အခြေခံကာ အဖြေမှန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ခရီးဆက်ကြဖို့ပဲ ဖြစ်ပါတယ်။ နောင်သံသရာမှာ ဆုံနိုင်ခွင့်ရဖို့အတွက် လက်ရှိပစ္စုပ္ပန် ဘဝမှာလည်း လက်ချင်းဆက်နိုင်ဖို့ဟာ အရေးကြီးလှတာ ဖြစ်ပါတယ်။ ဒီဘဝမှာ အချစ်တွေနဲ့ မြဲနေနိုင်မှ နောင်သံသရာအထိလည်း အတူတွဲနေနိုင်ကြမှာ ဖြစ်ပါတယ်။ ဘဝတိုင်းဆုံချင်ပေမယ့် လက်ရှိဘဝမှာ ကတုံကယင်နဲ့ဆိုရင် ဆုံနိုင်ခွင့်ဟာ ဝေးလွင့်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ 

ဗုဒ္ဓစာပေ အဖွင့်တွေမှာတော့ သတ္တဝါတွေ လက်ရှိဘဝမှာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ရင်းနှီးစွာ နေထိုင်နိုင်တဲ့ အကြောင်း(၂)ချက် ရှိကြောင်းဖွင့်ဆိုပြပါတယ်။ 
“ပုဗ္ဗေဝ သန္နိဝါသေန၊ ပစ္စုပ္ပန္န ဟိတေနဝါ။
ဧဝံ တံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ။ (ဝိ၊ ဋ္ဌ၊ ၁၊ ပ၊ ၃၅။)
  • - ရှေးဘဝ များစွာက အတူတကွ နေထိုင် စားသောက်ခဲ့ဖူးသောကြောင့်လည်းကောင်း၊
  • - ယခုဘဝ၌ အကျိုးကို ဆောင်ရွက်ပေးသောကြောင့်လည်းကောင်း 
ဤအကြောင်းတစ်မျိုးမျိုးကြောင့် သတ္တဝါတို့သည် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ကြသည်”တဲ့။ ဒါက စာပေအဖွင့်တွေမှာ လာတဲ့ သတ္တဝါတွေ လက်ရှိဘဝမှာ တစ်ဦးနဲ့ တစ်ဦး ချစ်ခင်ခြင်းရဲ့ အကြောင်း တစ်စိပ်တစ်ဒေသပဲ ဖြစ်ပါတယ်။ 

ဒီအကြောင်းတရားအပြင် ဘဝတိုင်းဆုံနိုင်ဖို့အတွက် လက်ရှိဘဝလေးမှာ အဖုအထစ်တွေမရှိ အတူညှိနိုင်ဖို့ကလည်း လိုအပ်လှတာ ဖြစ်ပါတယ်။ အဲဒီအတွက် အတူလက်တွဲဖော်တွေကြားမှာ နားလည်မှု ရှိနေဖို့ လိုပါတယ်။ ”Love is understanding- အချစ်ဆိုတာ နားလည်ခြင်းပဲ”လို့ ဆိုတဲ့အတိုင်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ရှိနေကြရင် ချစ်စကိုရှည်စေပြီး မုန်းစကို တိုနေစေမှာ ဖြစ်ပါတယ်။ နားလည်မှု ရှိနေမှ သံသယတွေ ပျောက်နေမှာဖြစ်ပြီး သံသယတွေ မရှိမှလည်း တစ်ယောက်နဲ့တစ်ယောက် အဖုအထစ်မရှိ လက်တွဲနိုင်မှာ ဖြစ်တဲ့အတွက် အရေးကြီးဆုံက နားလည်မှု ရှိကြဖို့ပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ နားလည်မှုလွဲလာပြီဆိုရင် သံသယတွေ တိုးလာတတ်ပြီး အဲဒီသံသယတွေကပဲ မကျေနပ်ချက်တွေ၊ အလိုမကျမှုတွေ၊ အစာမကြေတာတွေ စသဖြင့် ဖြစ်ပေါ်လာကာ နောက်ဆုံပေါက်ကွဲတဲ့ အဆင့်အထိ ရောက်သွားကြတော့တာ ဖြစ်ပါတယ်။ အဲဒီအဆင့် ရောက်သွားပြီဆိုရင်တော့ ဘဝလက်တွဲဖော် အဖြစ်ဟာ အတော်ကို ပြန်လည်တည်ဆောက်ယူမှ ရနိုင်ကြတာ ဖြစ်ပါတယ်။ အရင်းစစ်တော့ နားလည်မှုလွဲရာကနေ စခဲ့ကြတဲ့ အချစ်ပြယ်မှုဟာ နောင်ဘဝမပြောနဲ့ ဒီဘဝမှာကိုပဲ မဆုံချင်ကြတဲ့အထိ သက်ရောက်သွားနိုင်တာ ဖြစ်ပါတယ်။ နောင်ဘဝဆက်တိုင်း ဆုံနိုင်ခွင့်ဟာ လက်ရှိဘဝရဲ့ ဆုံမှတ်အပေါ်မှာ အဓိက မူတည်နေတယ်ဆိုတာ သတိပြုကြရမှာ ဖြစ်ပါတယ်။ ဘဝတိုင်း ဆုံနိုင်ဖို့အတွက် လက်ရှိဘဝမှာပဲ တစ်ဦးနဲ့တစ်ဦး နာလည်မှုကို အခြေခံတဲ့ တွဲလက်ညီတဲ့ ဆုံနိုင်ခွင့်ကို အရင်ဆုံး ကြိုးစားတည်ဆောက်ကြရမှာ ဖြစ်ပါတယ်။

Read more »

အားငယ်သူအတွက် ဆေးတစ်ခွက်


သိပ်တော်ပြီး သိပ်အရည်အချင်းရှိတဲ့ ဒကာတစ်ယောက်။ အတိတ်ကံဝဋ်ကြွေးကြောင့် သူ့ဘဝလေး ဒုက္ခိတ ဘဝရောက်ခဲ့ရတယ်။ အားမပျက်ဖို့၊ အားမလျော့ဖို့၊ ဘဝကို အရှုံ့းမပေးဖို့ အလျဉ်းသင့်သလို သတိပေးနေရတယ်။ 

သူဘက်ကကြည့်တော့လည်း ဒီဝဋ်ကြွေးကြီးနဲ့အသက်ရှင်နေရတာကို မနှစ်မြို့လှပေဘူးပေါ့။ ဘာတတ်နိုင်မှာလည်း ဘုရားရဟန္တာတွေတောင်မှပဲ ဝဋ်ကြွေးတော်ကို တန်ခိုးတော်နဲ့ မတှန်းလှန်ခဲ့ဘူး။ ပေးဆပ်ဖို့လိုရင်တော့ ပေးဆပ်ကြရမှာပဲပေါ့။

တစ်ခု သတိပြုရမှာက စိတ်ဆိုတာက တစ်ယောက်တည်း ရှိနေတဲ့အခါ၊ ဖိအားတွေ များနေတဲ့အခါ၊ သိပ်ပင်ပန်း ဆင်းရဲလာတဲ့အခါ ထွက်ပေါက်တွေကို ရှာကြံတွေးနေတတ်ပါတယ်။ ရှာကြံတွေးတဲ့အခါမှာလည်း ကောင်းတဲ့အတွေးတွေက အဖြစ်နည်းတတ်ပြီး မကောင်းတဲ့အတွေးတွေပဲ အဖြစ်များနေတတ်တယ်။ ဆိုးလိုက်တဲ့ ငါ့ဘဝ သေတာပဲ ကောင်းတယ်ဆိုတဲ့ အတွေးမျိုးနဲ့ ကိုယ့်ကိုယ်ကို သတ်သေဖို့အထိ စဉ်းစားတတ်ပါတယ်။ တရားအသိ၊ တရားနဲ့ မညှိမိရင် အဲဒီအတွေးကို လက်တွေ့အကောင်အထည် ဖော်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။ 

တကယ်လို့များ သေပြီးတာပဲဆိုတဲ့ အတွေးမျိုးနဲ့သာ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့အထိ လုပ်ဖြစ်ခဲ့ရင် အဲဒီလုပ်ရပ်ကြောင့် ကောင်းတဲ့ဘဝမှာ ဖြစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီဘဝဒီခန္ဓာ ပြတ်ရင်ပြီးတာပဲ ဆိုတဲ့ ယုံကြည်မှုဟာ အယူလွဲမှားတဲ့ ဥစ္ဆေဒဒိဋ္ဌိ အယူအဆပဲ ဖြစ်ပါတယ်။ အဲဒီအယူအဆဟာ သတ္တဝါတွေကို အပါယ်လားစေတတ်တဲ့ သဘောရှိပါတယ်။ 

အမှန်တော့ ဝဋ်ကြွေးတွေနဲ့ ပေးဆပ်နေရတဲ့ သူတွေရဲ့ ဘဝမှာ စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေဖို့ ကိုယ့်စိတ်ကို ပြုပြင်ဖို့နဲ့ ပတ်ဝန်းကျင်ရဲ့ ဖေးမမှုတွေကို ရယူဖို့ အထူးလိုအပ်လှတာ ဖြစ်ပါတယ်။ နာကျင်နေတဲ့ ခန္ဓာကိုယ်ကြီးအတွက် ခံစားချက်ကို တရားအသိ၊ ပညာအသိ၊ အပ္ပမာဒ သတိတရားတွေနဲ့ ရှုပွားနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ စိတ်ထွက်ပေါက်ကို စာဖတ်၊ စာရေး၊ တရားနာ၊ တရားမှတ်၊ မေတ္တာပွား၊ ဂုဏ်တော်ပွားတဲ့ အလုပ်တွေနဲ့ ကိုယ့်စိတ်ကို စိတ်ရိုင်းတွေ မဝင်နိုင်အောင် ကြိုးစားကြည့်ဖို့ လိုပါတယ်။

တိုးတက်ပွင့်လင်းလာတဲ့ ဒီနေ့လို ခေတ်ကြီးမှာ အင်တာနက်ကနေ တရားနာ၊ တရားစာဖတ်၊ အထွေထွေ ဗဟုသုတတွေ ရှာကြံဖတ်ပြီး ကိုယ့်စိတ်ကိုယ် ဖြေလို့လည်း ရနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ ကိုယ်ကိုယ်တိုင်က ရွေးချယ်တတ်ဖို့တော့ လိုပါတယ်။ ဒီနေ့ခေတ်စားနေတဲ့ ဖေ့စ်ဘုက်လို လူမှုကွန်ယက်မျိုးကို အသုံးပြုပြီးလည်း ကိုယ့်စိတ်ထွက်ပေါက်ကို ရှာလို့ရနိုင်တတ်ပါတယ်။ ဒါပေမယ့် ဖေ့စ်ဘုက်ခ်မှာက ကောင်းကျိုးပြုတာတွေ ရှိသလို မကောင်းတာတွေကလည်း အများကြီး ရှိနေတတ်ပါတယ်။ တင်သမျှစာတွေ၊ တက်သမျှပို့စ်တွေကို လိုက်ဖတ်လိုက်ခံစားပြီး နေမယ်ဆိုရင်တော့ တစ်ချို့ပို့စ်တွေက စိတ်ဓာတ်ခွန်အား ဖြစ်ဖို့ထက် စိတ်ရိုင်းတွေသာ ဝင်သွားစေတတ်တာက ပိုများတတ်ပါတယ်။ 

အင်တာနက် စာမျက်နှာအချို့ဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ၊ အပြစ်တင်မှုတွေကို အကာအကွယ်မရှိ လုပ်နေကြတာ ဖြစ်တဲ့အတွက် အဲဒီလို စာမျက်နှာတွေကများ ကိုယ်လေးစားရတဲ့ သူ၊ ကိုယ်မြတ်နိုးရတဲ့သူ၊ ကိုယ်ကြည်ညိုရတဲ့ သူတစ်ဦးဦးကို အပြစ်ပြော ဝေဘန်ပုတ်ခတ်လာတဲ့အခါ ကိုယ့်စိတ်ထဲမှာ မခံမရပ်နိုင်ဖြစ်ပြီး ပြန်လည်တုန့်ပြန်မိရာက ကိုယ်ပါအဲဒီ ရောဂါတွေ ကူးစက်ခံရကာ စိတ်ထဲမှာ အဲဒီအတွေးတွေနဲ့ လေးလံနေစေတဲ့အပြင် ဒီဒဏ်တွေကလည်း ဒုက္ခိတဘဝနဲ့ အကြွေးတွေကို ပေးဆပ်နေရတဲ့ ကိုယ့်ဘဝအတွက် အားမဖြစ်ဘဲ အပြစ်ဖြစ်စေတတ်တာကို သတိပြုကြရမှာ ဖြစ်ပါတယ်။ 

အဓိကကတော့ ကိုယ်ကိုယ်တိုင်ရဲ့ ခံယူမှုနဲ့ စိတ်သဘောထားအပေါ် မူတည်နေတာပဲ ဖြစ်ပါတယ်။ လောကမှာ အကောင်းအဆိုးဆိုတာ အမြဲဒွန်တွဲနေတာ ဖြစ်တဲ့အတွက် ဘယ်လိုအရာမျိုးမှာပဲ ဖြစ်ဖြစ် ကိုယ့်အခြေအနေနဲ့ ချိန်ထိုးပြီး ကိုယ့်အတွက်ကောင်းမယ့်ဟာကိုသာ ယူပြီး ကိုယ့်အတွက် အကျိုးမရှိမယ့် အရာတွေဆို မယူမိဖို့၊ မခံစားမိဖို့ လိုပါတယ်။ ခံစားရင် အမှန်တရားလည်း မမှန်များတတ်ပြီး ကိုယ်သာ အခံများတတ်တယ်ဆိုတာ သတိပြုဖို့လိုပါတယ်။ 

ပြောချင်တာက သိပ်တော်တဲ့ ကိုယ့်ဒကာနဲ့ ကိုယ့်ဒကာလို အားငယ်နေတဲ့သူတွေ အနေနဲ့ ဘဝရဲ့ ဝဋ်ကြွေးတွေကို ပေးဆပ်နေရတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို စိတ်ဓာတ်ရော၊ ပံ့ပိုးမှုတွေမှာပါ အားရှိနေအောင် ကြိုးစားဖို့လိုကြောင်း။ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေ ဖြစ်စေဖို့ အားဖြစ်စေမယ့် တရားတွေ၊ စာတွေနဲ့ ပံ့ပိုးဖို့လိုသလို၊ အားမဖြစ်စေမယ့်၊ စိတ်ကို အနှောက်အယှက် ဖြစ်စေမယ့်၊ စိတ်မှာ ဘဝင်မကျမှုတွေ တိုးစေမယ့် စာတွေ၊ အပြုအမူ အပြောအဆို စတာတွေကို လိုက်ခံစားပြီး ကိုယ့်စိတ်ကို ပင်ပန်းအောင် မလုပ်ဖို့နဲ့ ပေးဆပ်နေရတဲ့ ကိုယ့်ဘဝကို ဆိုးလှချည်လားဆိုတဲ့ အတွေးတွေနဲ့ အားငယ်စိတ်ပျက်မှုတွေ မဖြစ်စေဘဲ ကံကြွေးပါလို့ ပေးဆပ်နေရတယ်လို့ သဘောထားပြီး အပြစ်တွေ ထပ်မတိုးအောင်သာ သတိတရားနဲ့ ကြိုးစားနေထိုင်ဖို့လိုကြောင်း စသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် အားနည်းနေတဲ့ ကိုယ့်ဘဝမှာ အားတွေဖြစ်စေဖို့ စိတ်ဓာတ်ခွန်အား ဖြစ်စေမယ့် ဓမ္မအသိ၊ ဘဝအသိများနဲ့ ညှိကာ ကိုယ့်ကိုယ်ကို သတိနဲ့သာ ဆင်ခြင်ပြီး နေထိုင်ကြဖို့ တိုက်တွန်းရင်း အားငယ်သူများအတွက် အားဆေးတစ်ခွက်အဖြစ် အသိတစ်ခု အမျှပြုလိုက်ပါတယ်။

မေတ္တာဖြင့်

မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

မကျေနပ်ချက်ကို လျော့ချကြည့်ခြင်း


လူအတော်များများက တစ်ယောက်နဲ့တစ်ယောက် တည့်နေတုန်းကတော့ ဘာအပြစ်မှ မမြင်ကြဘူး။ မတည့်လို့ကတော့ ဘယ်လောက်ကောင်းကောင်း အကောင်းကို မမြင်ကြတော့တာပါ။ အရင်တုန်းက ဘယ်လောက်ပဲ ကောင်းခဲ့ကောင်းခဲ့ တစ်ချက်လောက်များ မကောင်းဖြစ်ခဲ့ရင် အဲဒီ ကောင်းတဲ့အချက်တွေဟာ အလိုလိုကို ပျောက်ကုန်ကြတော့တာပါ။ 

အမှန်တော့ အဲဒီလို မဖြစ်သင့်ပါဘူး။ လူတိုင်းမှားတတ်တဲ့ သဘောလေးကို နားလည်ပြီး သူ့နေရာက ဖြည့်ပြီးတွေးကြည့် စေချင်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် သူများက ကိုယ့်ကိုမုန်းသွားမှာ အထင်လွဲသွားမှာ ကြောက်ကြတာပါပဲ။ ဒီအမုန်းကြီးကိုတော့ သီးသန့်လုပ်ယူကြတာ မဟုတ်ပါဘူး။ ကိုယ်နဲ့အယူအဆ မတူကြလို့သာ မကြိုက်တာတွေ၊ မကျေနပ်တာတွေ၊ အမုန်းတရားတွေ ဖြစ်သွားတဲ့ သဘောပါပဲ။ 

တစ်ချို့ကိစ္စတွေမှာ “ဒါဟာ သူ့ပုံစံပဲ၊ သူ့အကျင့်ပဲ၊ သူက ဒီလိုပြောဆိုပြုမူတတ်တယ်၊ သူတမင်လုပ်တာ မဟုတ်ပါဘူး” စသဖြင့် ဖြေတွေးပြီး ခွင့်လွတ်နားလည်ပေးနိုင်ရင် သူ့အပေါ်မှာ ဖြစ်ပေါ်နေတဲ့ ကိုယ့်ရဲ့အလိုမကျမှုဟာ ပြေလျော့သွားနိုင်တာ ဖြစ်ပါတယ်။ အဲဒါလေး ပြေသွားတာနဲ့ အရင်ဆုံး သက်သောင့်သက်သာ ဖြစ်သွားတာလည်း ကိုယ်ကိုယ်တိုင်ပါပဲ။ တစ်ခါတလေ ကိုယ်ကသူများအပေါ် မကျေနပ်သလို သူတို့ကလည်း ကိုယ့်အပေါ် အဲဒီလို တုန်ပြန်မှုတွေလည်း ရှိနေတတ်တယ်ဆိုတာ သတိပြုပြီး အချင်းချင်း နားလည်ခွင့်လွှတ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ 

ဘာမှအကြာကြီး မဟုတ်ဘူးဆိုတဲ့ နိယာမလေးကို ဆင်ခြင်ကြည့်ပြီး နေရတဲ့အခိုက်လေးမှာ မကျေနပ်ချက် အာဃာတတွေနဲ့ နေမယ့်အစား နားလည်မှုလေးတွေ၊ ခွင့်လွှတ်သည်းခံမှုလေးတွေနဲ့ နေထိုင်ကြမယ်ဆိုရင် အချင်းချင်း မကျေနပ်ချက်တွေကို လျော့ချနိုင်ကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ 

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ