Showing posts with label အထွေထွေမှတ်စုများ. Show all posts
Showing posts with label အထွေထွေမှတ်စုများ. Show all posts

ဝါခေါင်လပြည့်နေ့ (သို့) မေတ္တာအခါတော်နေ့


မနက်ဖြန် (21-8-2013)ဟာ မြန်မာသက္ကရာဇ် ၁၃၇၅ခုနှစ်နှစ်ရဲ့ ဝါခေါင်လပြည့်နေ့ အခါသမယပဲ ဖြစ်ပါတယ်။ ဝါခေါင်လပြည့်နေ့ကို မြန်မာဗုဒ္ဓဘာသာများက မေတ္တာအခါတော်နေ့လို့ သတ်မှတ်ကာ ထူးထူးခြားခြား ကုသိုလ်များ ပြုလုပ်လေ့ရှိကြပါတယ်။မြန်မာ့ယဉ်ကျေးမှုဟာ ဗုဒ္ဓဘာသာကို အခြေခံထားတဲ့ ယဉ်ကျေးမှုလို့ ပြောလို့ရလောက်အောင် မြန်မာနိုင်ငံရဲ့ လအသီးသီးမှာလည်း ဘာသာတရားကို အခြေခံထားတဲ့ နေ့ထူးနေ့မြတ်များ ရှိနေပါတယ်။ ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့၊ ၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ စသဖြင့် သတ်မှတ်ကြသလို ၀ါခေါင်လပြည့်နေ့ကိုလည်း မေတ္တာအခါတော်နေ့လို့ သတ်မှတ်ကာ ကုသိုလ်ကောင်းမှု အထူးထူးကို ပြုလုပ်ကြပါတယ်။ ဒီဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ သတ်မှတ်တာကတော့ ဗုဒ္ဓလက်ထက်က ဗုဒ္ဓဘုရားရှင် ဟောတော်မူတဲ့ မေတ္တာသုတ်ကို အကြောင်းပြုပြီး သတ်မှတ်ကြခြင်း ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟာ ဒီမေတ္တာသုတ်ကို ၀ါခေါင်လပြည့်နေ့မှာ ဟောတော်မူခဲ့တာ ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုနဲ့ မြန်မာဗုဒ္ဓဘာသာများက ၀ါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို သတ်မှတ်ကြခြင်း ဖြစ်ပါတယ်။

ဒီမေတ္တာသုတ်ကို ဟောရခြင်းရဲ့ အကြောင်းကို ဗုဒ္ဓစာပေတွေမှာ ဖော်ပြပါရှိပါတယ်။ စာပေအဖွင့်တွေအရ ဗုဒ္ဓလက်ထက်က ရဟန်းတော်များဟာ ၀ါဆိုခါနီး ရောက်တဲ့အခါ အားထုတ်စရာ ကမ္မဋ္ဌာန်း တစ်ခုခုကိုယူပြီး တောရွာတောအုပ် စတဲ့အရပ်တွေမှာ ၀င်ရောက်ပြီး ၀ါတွင်းကာလ တရားဓမ္မနဲ့ ကမ္မဋ္ဌာန်း အလုပ်များ အားထုတ်လေ့ ရှိတယ်ဆိုတာ သိရပါတယ်။ ဒီအစဉ်အလာအတိုင်း မထင်မရှား ရဟန်းငါးရာဟာလည်း ကမ္မဋ္ဌာန်းကိုယူပြီး ဟိမ၀န္တာအနီး တောအုပ်တစ်ခုသို့ ၀င်ရောက်ကာ နီးစပ်ရာ သစ်ပင်များအောက်မှာ ကမ္မဋ္ဌာန်း တရား အားထုတ်ကြပါတယ်။ ဒီအခါမှာ အဲဒီ သစ်ပင်အသီးသီးမှာရှိတဲ့ ဘုမ္မစိုး၊ ရုက္ခစိုးစတဲ့ နတ်တွေဟာ သီလသမာဓိနဲ့ ပြည့်စုံတဲ့ ရဟန်းတော်များ ရောက်လာတဲ့အတွက် သစ်ပင်တွေအပေါ်မှာ မနေသာတော့ပဲ ဒုက္ခရောက်ကြရပါတယ်။ ဒီလိုဒုက္ခရောက်တော့ အဲဒီဘုမ္မစိုး၊ ရုက္ခစိုးစတဲ့ နတ်တွေဟာ ကြောက်မက်ဖွယ်ရာ အမျိုးမျိုးနဲ့ ရဟန်းတော်များ နေလို့မရအောင် ချောက်လန့်တဲ့အတွက် ရဟန်းတော်များဟာ ကြောက်ကြောက်လန့်လန့်ဖြစ်ကာ တရားလည်း အားထုတ်မရဖြစ်ပြီး နောက်ဆုံးဝါတွင်းကြီးမှာပဲ ဘုရားရှင်ထံ ပြန်ရောက်လာကာ အကျိုးအကြောင်း လျှောက်ပြကြပါတယ်။ ဘုရားရှင်က ရဟန်းငါးရာကို မေတ္တာသုတ်ကို သင်ပေးပြီး မေတ္တာပို့ရင်း ကမ္မဋ္ဌာန်း အားထုတ်ကြဖို့ ညွန်ကြားပေးလိုက်ကာ အဲဒီတောအုပ်ကို ပြန်စေပါတယ်။ ရဟန်းတော်များလည်း ဘုရားရှင် ညွန်ကြားတဲ့အတိုင်း မေတ္တာပို့သတဲ့အတွက် ရုက္ခစိုး၊ ဘုမ္မစိုးနတ်တွေဟာ ရဟန်းတော်များရဲ့ မေတ္တာကိုယူရင်း တစ်ဖန်ပြန်ပြီး ရဟန်းတော်များကို စောင့်ရှောက်တဲ့အတွက် ကမ္မဋ္ဌာန်းတရားကို အေးအေးဆေးဆေး အားထုတ်ခွင့်ရခဲ့ ကြတယ်လို့ စာပေမှာ ဖော်ပြပါတယ်။

ဘုရားရှင်ဟာ အဲဒီရဟန်းငါးရာကို မေတ္တာသုတ်ကို သင်ပေးရင်း မေတ္တာတရားတော်ကို ဟောကြားတော်မူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမေတ္တာရား ဟောကြားတော်မူတဲ့နေ့ကို အစွဲပြုပြီး မြန်မာဗုဒ္ဓဘာသာတွေဟာ ၀ါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ သတ်မှတ်ကြတာ ဖြစ်ပါတယ်။ ဘုရားရှင် ဟောကြားတော်မူတဲ့ မေတ္တာသုတ်ဟာ ဒီနေ့ပရိတ်ကြီး ၁၁သုတ်မှာပါတဲ့ မေတ္တာသုတ်ပဲ ဖြစ်ပါတယ်။ ပိဋကတ်တော်မှာတော့ ခုဒ္ဒကနိကာယ်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ ဒီမေတ္တာသုတ်လာ မေတ္တာပွားနည်းကိုပဲ တိပိဋက မင်းကွန်းဆရာတော် ဘုရားကြီးက “လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ” စသဖြင့် အလွယ်တကူ မေတ္တာပွားနိုင်အောင် လင်္ကာဆောင်ပုဒ်လေးများနဲ့ လူအများကို ရွတ်ပွားစေခဲ့တာ ဖြစ်ပါတယ်။

ဆရာတော်ကြီးရဲ့ မေတ္တာပွားနည်းကိုယူပြီး ဘုန်းဘုန်းတို့လည်း တရားဟောတဲ့အခါ ငါးပါးသီလ ပေးပြီးတာနဲ့ ဒီမေတ္တာပွားနည်းကို ရှေ့ကချပေးရင်း ပွားစေခဲ့ပါတယ်။ အထူးသဖြင့်
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ…
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ…
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ… ဆိုတဲ့ အပိုဒ်လေးတွေကို ထပ်ခါထပ်ခါ ရွတ်ပွားစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ခေတ် လူအတော်များများဟာ ဘယ်မှာနေနေ၊ ဘယ်သူနဲ့တွေ့တွေ့ ဒီမေတ္တာဓာတ်တွေ ကင်းနေကြတာကို တွေ့နေမြင်နေရလို့ပဲ ဖြစ်ပါတယ်။ လူအချင်းချင်း မေတ္တာထားဖို့ နေနေသာ တစ်ယောက်နဲ့ တစ်ယောက် တွေ့ရင် ဘယ်လိုလှည့်ပတ်လိုက်ရမလဲ၊ ဘယ်လို နှိမ်ချလိုက်ရမလဲ၊ ဘယ်လို ဒုက္ခပေးလိုက်ရမလဲ… လို့ချည်းပဲ စဉ်းစားနေကြတော့ မေတ္တာတရားတွေလည်း ခေါင်းပါးပြီး၊ ရန်ငြိုးဖွဲ့ကြ၊ နိုင်ထက်စီးနင်းလုပ်ကြ၊ ညှင်းပန်းနှိပ်စက် လုပ်ကြတာတွေပဲ များနေတော့တာ ဖြစ်ပါတယ်။ ဒီလို မေတ္တာတရားတွေ ခေါင်းပါးလာကြတဲ့အတွက် လောကကြီးမှာ ဘယ်နိုင်ငံပဲကြည့်ကြည့် ငြိမ်းချမ်းမှုမရှိဘဲ တစ်ဦးနဲ့တစ်ဦး တိုက်ကြခိုက်ကြတာတွေပဲ ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လူအချင်းချင်း အတူတူ တစ်ဦးအပေါ်တစ်ဦး ရိုးသားကြဖို့၊ လေးစားကြဖို့၊ ချမ်းသာကိုပေးကြဖို့ မေတ္တာတရား များများထားကြပါလို့ ဆိုကြခြင်း ဖြစ်ပါတယ်။

သိကြတဲ့အတိုင်း မေတ္တာဆိုတာ ချစ်ခင်ခြင်း၊ အကျိုးလိုလားခြင်း သဘောကို ဆောင်တဲ့အတွက် လူအသီးသီးမှာ ဒီမေတ္တာတရားတွေ များများရှိလေ တစ်ဦးနဲ့တစ်ဦး အကျိုးတရားတွေကို များများဆောင်လေ၊ တစ်ဦးချမ်းသာအောင် တစ်ဦးက စောင့်ရှောက်ကြလေ ဖြစ်ကြမှာပါ။ “မေတ္တာဆိုတာ အလျားအနံ မရှိပေမယ့် အသွားအပြန်တော့ ရှိတယ်”ဆိုတဲ့ စကားလိုပဲ မေတ္တာဓာတ်ဟာ မမြင်နိုင်တဲ့ အစွမ်းတွေ ရှိတဲ့အတွက် ကိုယ်ကသူတပါးကို မေတ္တာထားလေလေ သူတပါးကလည်း ကိုယ်ကိုမေတ္တာနဲ့ ပြန်တုံ့ပြန်လေ ဖြစ်မှာပါ။ ကိုယ်ကိုယ်တိုင်က အရင်ဆုံး မေတ္တာထားနိုင်မှ သူတပါးကလည်း ကိုယ့်ကိုပြန်ပြီး မေတ္တာထားလာမှာ ဖြစ်ပါတယ်။ ဒီလို တစ်ဦးနဲ့တစ်ဦး အပြန်အလှန် မေတ္တာထားပြီး သူ့အကျိုး မပျက်စီးအောင်၊ သူတပါးဒုက္ခ မရောက်အောင် နေနိုင်ကြမယ်ဆိုရင် လောကကြီးမှာ ရန်သူဆိုတာ ရှိမှာမဟုတ်ဘဲ ငြိမ်းချမ်းမှုတွေနဲ့ အေးမြနေကြမှာ ဖြစ်ပါတယ်။ ဒီတော့ကား ဘယ်သူတွေ ဘယ်လိုပဲ ဖြစ်ကြပါစေ။ ကိုယ်ကစပြီး သူတပါးအပေါ်ကို မေတ္တာထားနိုင်အောင် ကြိုးစားပြီး မေတ္တာစိတ်လေးတွေနဲ့ နေထိုင်ပြောဆို ပြုမူဆက်ဆံနိုင်အောင် လေ့ကြည့်ကြဖို့ လိုပါတယ်။ ကိုယ်ကမေတ္တာ အားကောင်းလာရင် ရန်သူတောင်မှ ကိုယ့်ကိုပြန်ပြီး မေတ္တာနဲ့ တုံ့ပြန်လာမယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အခုလို မေတ္တာအခါတော်နေ့မှာ အားလုံးရဲ့ သန္တာန်မှာ မေတ္တာစိတ်လေးတွေ ကိန်ပြီး ဒေါသလေးတွေ ငြိမ်းကြစေဖို့၊ တစ်ဦးနဲ့တစ်ဦး မေတ္တာလေးတွေ ထားကြည့်ကြဖို့၊ တစ်ဦးချင်းရဲ့ စိတ်မှာ ဘယ်သူ့ဘယ်သူ အပေါ်မှ လှည့်ပတ်ခြင်း၊ ညှင်းစဲခြင်း၊ ဒုက္ခပေးခြင်း စတဲ့ မကောင်းတာတွေ မကိန်းရအောင် ကောင်းတဲ့စိတ်ထားလေးတွေ ထားနိုင်ကြဖို့ မေတ္တာများများ ပွားကြည့်ကြပါလို့ မေတ္တာအခါတော်နေ့ကို သက်သေပြုကာ မေတ္တာတရား ပို့သပေးရင်း အသိပေးစကား ပါးလိုက်ရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလို မေတ္တာ အခါတော်နေ့လေးမှာတော့ မှတ်မှတ်ရရ အနေနဲ့ ဘုရားရှင်ဟောတော်မူခဲ့တဲ့ ဒီမေတ္တာပို့လေးကို ရွတ်နိုင်သမျှရွတ်ပွားရင်း ကိုယ့်သန္တာန်မှာ အခိုက်အတန့်ပဲ ဖြစ်ဖြစ် မေတ္တာဓာတ်များ ကိန်းစေဖို့ မေတ္တာဘာဝနာ ပွားကြည့်ကြပါလို့ တိုက်တွန်းရင်း မေတ္တာသုတ်ကို မြန်မာဆောင်ပုဒ်ပြု သီးကုံးပေးထားတဲ့ မင်းကွန်းဆရာတော်ကြီးရဲ့ မေတ္တာပို့လေးကို တင်ပြလိုက်ပါတယ်။ အားလုံး တစ်ဦးအပေါ်တစ်ဦး မေတ္တာစိတ်နဲ့ ဆက်ဆံပေါင်းသင်းနိုင်ကြပါစေ…။

၁။ လုံးစုံများစွာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၂။ ကြောက်တတ်၊ မကြောက်တတ်၊ နှစ်ရပ်များစွာ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၃။ မြင်အပ်၊ မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၎။ ဝေးနေ၊ နီးနေ၊ နှစ်ထွေများစွာ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၅။ ဘ၀ဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၆။ ရှည် တို အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၇။ ကြီး ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၈။ ဆူ ကြုံ အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

ပရိတ် (သို့) အရံအတား


မြန်မာဗုဒ္ဓဘာသာအများ ရွတ်ပွားသရဇ္ဈာယ် ပူဇော်လေ့ရှိကြသည့် ပရိတ်ဟူသော စကားသည် ပရိတ္တဟူသော ပါဠိစကားကို မြန်မာမှုပြုထားသည့် ပါဠိပျက် ဝေါဟာရတစ်ခုဖြစ်သည်။ ပရိတ္တဟူသည် အရံအတားဟု အဓိပ္ပါယ်ရ၏။ မိမိထံသို့ ကျရောက်လာမည့် ဘေးအန္တရာယ်များ မကျရောက်လာစေရန် သစ္စာတရားဖြင့် အဓိဋ္ဌာန်ထားကာ ပရိတ်အရံအတားဖြင့် တားဆီးကာကွယ်ခြင်းပင် ဖြစ်၏။ ဤပရိတ်တော်များသည် မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကပင် ဘုရားရှင်နှင့် တပည့်ရဟန္တာထေရ်ရှင်များက ဘေးရန်အန္တရာယ်များ ကျရောက်နေသည့် အရပ်ဒေသ၊ ပုဂ္ဂိုလ်များထံ ကြွရောက်၍ ရွတ်ပွားချီးမြှင့်တော်မူကာ အန္တရာယ်များ ကင်းရှင်းစေရန် အရံအတားပြုပေးထားသည့် အစစ်အမှန် ဒေသနာတော်များပင် ဖြစ်၏။ ဆိုင်ရာ အခြေအနေသို့လိုက်ကာ သင့်လျော်သည့် ပရိတ်တော်ကို ရွတ်ပွားပေးတော်မူခဲ့သည့် မြတ်ဗုဒ္ဓနှင့် တပည့်သား သံဃာတော်များ၏ ပရိတ်တော်များသည် ပိဋကတ်တော်များတွင် အခိုင်အမာ မှတ်တမ်းအဖြစ် ရှိနေပြီးဖြစ်၏။ ယနေ့ခေတ် မြန်မာဗုဒ္ဓဘာသာဝင်များ ရွတ်ပွားပူဇော်လျက်ရှိသည့် ပရိတ်ကြီး (၁၁)သုတ်ဟူသည် ပိဋကတ်တော်တွင် မှတ်တမ်းတင်ထားသည့် ပရိတ်တော်များအား ရွေးနှုတ်ကာ အလွယ်တကူ ပူဇော်နိုင်ရန် ပြုလုပ်ထားသည့် ဘုရားဟော မူရင်းများပင် ဖြစ်ပါ၏။

ပရိတ်တော်များ၏ အဓိက အချက်မှာ ရတနာသုံးပါး၏ ဂုဏ်တော်များနှင့် ကံစွမ်းများကို အထင်အရှား ထုတ်ဖော်ပူဇော်ရင်း သစ္စာပြုထားချက်များပင် ဖြစ်၏။ ကတိသစ္စာတည်သောခါဝယ် သြဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏ဟူသော စာဆိုအတိုင်း သစ္စာကို အခြေပြုကာ ကျရောက်လာမည့် ဘေးအန္တရာယ်များကို ဂုဏ်တော်အစွမ်း၊ ကုသိုလ်အစွမ်း၊ သစ္စာအစွမ်းများဖြင့် အရံအတားပြု ကာကွယ်ပေးခြင်းပင်ဖြစ်၏။ ပရိတ်တော်များ၏ အကျိုးသက်ရောက်မှုသည် ကျရောက်လာမည့် ဘေးအန္တရာယ်များ မကျရောက်စေရန်နှင့် ကျရောက်ပြီး ဘေးအန္တရာယ်များ ပပျောက်စေရန် အထူးအကျိုးပြုပေးခြင်းပင် ဖြစ်၏။ 

ထို့ကြောင့်လည်း ဗုဒ္ဓဘာသာ မြန်မာများက မိမိတို့ အိမ်ဂေဟာများသို့ ပင့်ဖိတ်ကာ သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူပူဇော်ပြီး အန္တရာယ်ခပ်သိမ်း ပပျောက်ငြိမ်း၍ ကောင်းကျိုးချမ်းသာ ဖြစ်ပါစေရန် ပရိတ်တော်များကို ရွတ်ပွားသရဇ္ဈယ်စေခြင်း ဖြစ်၏။ မိမိတို့ အိမ်ဂေဟာ အနီးဝန်းကျင် အတွင်းရှိ မြင်အပ်၊ မမြင်အပ်သည့် အနှောက်အယှက်များ၊ အန္တရာယ်များ မကျရောက်စေရန် ပရိတ်တရား ရွတ်ပွားစေကြခြင်း ဖြစ်၏။ 

သတိပြုရမည်မှာ အန္တရာယ်ဟူသည် အပြင်အန္တရာယ်နှင့် အတွင်းအန္တရာယ်ဟူ၍ နှစ်မျိုးရှိရာတွင် ပရိတ်တော်များကား အပြင်အန္တာရာယ်ကိုသာ အထူးသဖြင့် အရံအတားပြု ကာကွယ်ပေးခြင်း ဖြစ်ပြီး အတွင်းအန္တရာယ်များကိုကား မိမိ၏ သတိ၊ ပညာများဖြင့်သာ မိမိကိုယ်တိုင် အရံအတားပြု ကာကွယ်ကြရမည်သာ ဖြစ်ပါ၏။ အတွင်းအန္တရာယ်ဟူသည်ကား မိမိကိုယ်ကို ပူလောင်စေသည့် လောဘ၊ ဒေါသ၊ မောဟ၊ မာနစသည့် ကိလေသာတရားများပင် ဖြစ်ပါ၏။ ထိုအတွင်းအန္တရာယ်များ အတွက်ကား ပရိတ်တရားများထက် မိမိ၏ သတိပညာတရားများက ပို၍လိုအပ်လှသည်သာ ဖြစ်၏။ သို့သော် ပရိတ်ရွတ်ကာ သမထအကျင့်အဖြစ် သမာဓိများ တိုးပွားနေလျှင်ကား အတွင်းရန်ဖြစ်သည့် ကိလေသာ တရားမျးကို အတိုင်းအတာ တစ်ခုအထိ အရံအတား ပြုပေးနေမည်သာ ဖြစ်ပါ၏။ 

ပရိတ်တော်များ၏ ဖွင့်ဆိုမှုများသည် မေတ္တာတရားကို အခြေခံကာ ဂုဏ်တော်များဖြင့် ထုံလွှမ်းထားသည့် ဖွင့်ဆိုမှုများ ဖြစ်သဖြင့် ရွတ်ပွားပူဇော်သူများကို အပြင်အန္တရာယ်များဖြစ်သည့် မကောင်းသည့် နတ်များ၊ နာနာဘာဝများ၏ နှောက်ယှက်မှုများမှ တားဆီးပေးပြီး သူတော်ကောင်းများ၏ တန်ပြန်ချစ်ခင်နှစ်သက် မြတ်နိုးမှုကို ရရှိစေနိုင်ပေ၏။ ပရိတ်ဒေသနာတော်များသည် မည်သည့်သတ္တဝါကိုမျှ ဆင်းရဲဒုက္ခရောက်စေသည့် အကြောင်းအရာ ဖွင့်ဆိုချက်များ မပါရှိသဖြင့် ပရိတ်ရွတ်ခြင်းအားဖြင့် ရွတ်ဆိုသူများအား တစ်စုံတရာ ဆိုးကျိုးဖြစ်ပေါ်နိုင်ဖွယ်အကြောင်း မရှိလှပေ။ ထို့အပြင် ဤပရိတ်ဒေသနာတော်များ၏ ထူးခြားမှုအဖြစ် ရွတ်ဆိုပူဇော်သူ၏ စိတ်စေတနာနှင့် မေတ္တာတရားအပေါ်အခြေခံကာ သိသာသည့် တန်ပြန်အကျိုးပေး သက်ရောက်မှုများကိုပင် ရရှိခံစားနိုင်မည်မှာ အသေအချာပင် ဖြစ်၏။ ဤသည်မှာ လက်တွေ့ကျင့်ကြံသူများ လက်တွေ့ခံစားနိုင်သည့် တရားတော်၏ သန္နိဋ္ဌိကဂုဏ်တော် အဖွင့်အတိုင်းပင် ဖြစ်၏။ 

သို့သော် ပရိတ်တရား ရွတ်ပွားပူဇော်ခြင်းအားဖြင့် ဓမ္မာနုဿတိ ဘာဝနာဖြစ်နေပြီး အပြင်ရန်များကို မေတ္တာတရားဖြင့် အရံအတားပြုပေးနေမည် ဖြစ်သော်လည်း မိမိ၏ အတွင်းရန်များဖြစ်သည့် လောဘ၊ ဒေါသ၊ မောဟ၊ မာန စသည့် ကိလေသာတရားများကိုကား ပရိတ်ရွတ်ပေးသည့် သံဃာတော်များ၊ ပရိတ်ရွတ်ပေးသည့် ပုဂ္ဂိုလ်များက ကင်းငြိမ်းသွားစေရန် အရံအတား အကာအကွယ် ပြုပေးနိုင်မည်မဟုတ်ဘဲ မိမိ၏ အတွင်းရန်များကို မိမိ၏ သတိတရား၊ ပညာတရား သမထ၊ ဝိပဿနာ ကျင့်စဉ်များဖြင့်သာ အရံအတားပြု ကားကွယ်ပေးနိုင်မည်ဖြစ်၏။ 

ဆိုလိုသည်မှာ ပရိတ်တော်များ ရွတ်ပွားသရဇ္ဈာယ်ခြင်းနှင့် ပတ်သက်၍ ပရိတ်တော်ဟူသည် အပြင်ပမှ ကျရောက်လာမည့် မြင်အပ်မမြင်အပ်သည့် အန္တရာယ်များကို အရံအတားပြု တားဆီးကာကွယ်ပေးနိုင်သည့် ဓမ္မဒေသနာများ ဖြစ်သဖြင့် ရွတ်ပွားသူများ၊ ရွတ်ပွားပေးသူများ အနေဖြင့် အပြင်အန္တရာယ်များကို ပရိတ်တော်များဖြင့် အကာအကွယ် အရံအတား ပြုထားနိုင်သော်လည်း အတွင်းအန္တရာယ်များ ဖြစ်သည့် ကိလေသာရန်များကိုကား တစ်စုံတယောက်က မကျရောက်စေရန် အရံအတား ကာကွယ်မှုများ မလုပ်ပေးနိုင်ဘဲ မိမိကိုယ်တိုင်သာ သတိကို အခြေခံသည့် သီလ၊ သမာဓိ၊ ပညာ အကျင့်တရားများဖြင့် အရံအတားပြု ကာကွယ်ကြရမည် ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ မိမိသည်သာ မိမိ၏ အတွင်းအန္တရာယ်များကို ကာကွယ်ရမည်သာ ဖြစ်ပါ၏။

ထို့ကြောင့် မြတ်ဗုဒ္ဓ၏ ပရိတ်တရား ဒေသနာတော်များကို ရွတ်ပွားပူဇော်ကာ အန္တရာယ်များမှ အရံအတားပြု ကာကွယ်လိုကြသည့် သူများအနေဖြင့် အတွင်းအပြင် အန္တရာယ်များကို ပရိတ်တရား ရွတ်ပွားပူဇော် နာယူခြင်း အားဖြင့်လည်းကောင်း သီလကို အခြေခံသည့် သမထဘာဝနာ၊ ဝိပဿနာ ဘာဝနာများကို ဆောက်တည်ကျင့်ကြံခြင်း အားဖြင့်လည်းကောင်း ကာကွယ်ကြရမည် ဖြစ်ပါကြောင်း ပရိတ် (သို့) အရံအတားအကြောင်း တစ်စိပ်တဒေသ အသိမျှလိုက်ရပါသည်။ 

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

ဗုဒ္ဓလက်ထက် အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ (၅)ဦး


မိလိန္ဒပဥှပါဠိတော် (၁၀ဂ)တွင် ဂေါတမဘုရားရှင် သာသနာတော် အတွင်း၌ အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ ငါးဦးရှိကြောင်း ဖော်ပြထား၏။ ထိုငါးဦးမှာ
(၁) စိဉ္စမာဏ
(၂) သုပ္ပဗုဒ္ဓ
(၃) အရှင်ဒေဝဒတ်
(၄) နန္ဒကဘီလူး
(၅) နန္ဒလုလင် တို့ပင် ဖြစ်သည်။ 

၁။ စိဉ္စမာဏ
စိဉ္စမာဏသည် ဘုရားလက်ထက် တိတ္တိဆရာကြီးများ၏ စေခိုင်းမှုကြောင့် မြတ်စွာဘုရားရှင်အား အမျိုးမျိုး စွပ်စွဲခဲ့သူ ဖြစ်သည်။ စိဉ္စမာဏသည် မြတ်ဗုဒ္ဓအား လူအများ အထင်လွဲမှားစေရန် ရည်ရွယ်၍ ညနေချမ်းလူများ မြင်ရချိန်တွင် ဘုရားကျောင်းတော်အတွင်း ဝင်သွားပြီး မနက်စောစော လူအများကျောင်းကို လာချိန်တွင် ဘုရားကျောင်းတော်မှ ပြန်ထွက်လာဟန် ပြုမူနေထိုင်ခဲ့ပြီး အတော်အတန် ကြသည့်အခါ ရဟန်းဂေါတမနှင့် ကိုယ်ဝန်ရသည့် ပုံစံဖြင့် မိမိဝမ်းဗိုက်တွင် ပြင်ချပ်ချည်ကာ တရားဟောနေသည့် ဘုရားရှင်အား တရားနာပရိတ်သတ်ကြားတွင် စွပ်စွဲလေ၏။ မြတ်ဗုဒ္ဓက မေတ္တာတရားဖြင့်သာ နေတော်မူချိန် နတ်သားလေးယောက်တို့က ကြွက်ယောင်ဖန်းဆင်းပြီး စိဉ္စမာဏ၏ ကိုယ်ဝန်အတုကို ကိုက်ဖြတ်ကာ အမှန်ကို ဖော်ထုတ်ပေးခဲ့သည်။ ထိုအခါမှသာ တရားနာပရိတ်သတ်များလည်း အမြင်ရှင်းကာ ထိုအမျိုးသမီးအား ရိုက်ပုတ်ပြီး ကျောင်းအပြင်သို့ နှင်ထုတ်လိုက်ကြလေသည်။ စိဉ္စမာဏသည် ဘုရားရှင် မျက်ကွယ်သို့ ရောက်သည့်ခဏမှာပင် မြေမျိုခံခဲ့ရလေတော့သည်။ အဝီစိငရဲမှ မီးလျှံများသည် စိဉ္စမာဏအား ရစ်ပတ်၍ အဝီစိငရဲသို့ ခေါ်ဆောင်သွားခဲ့လေသည်။ 

၂။ သုပ္ပဗုဒ္ဓ
သုပ္ပဗုဒ္ဓသည် ဘုရားရှင် သိဒ္ဓတ္ထမင်းသား ဘဝက တော်စပ်ခဲ့ရသည့် ယောက္ခမ သကျသာကီဝင် မင်းမျိုးဖြစ်၏။ ဒေဝဒတ်နှင့် ယသော်ဓရာတို့၏ အဖေ၊ သိဒ္ဓတ္ထမင်းသား၏ ဦးရီးတော်လည်း ဖြစ်၏။ သုပ္ပဗုဒ္ဓသည် တူတော်သိဒ္ဓတ္ထမင်းသာ ဘုရားအဖြစ်ကို ရောက်ပြီးနောက်ပိုင်း သမီးတော် ယသော်ဓရာကို ထားခဲ့သည့် အကြောင်း၊ သားတော် ဒေဝဒတ်၏ ရန်သူအရာ၌တည်ခဲ့သည့် အကြောင်း၊ မိမိထက်ငယ်ရွယ်သူ တူတော်မောင် တစ်ယောက်အပေါ် ရိုသေလေးစားမှု မပြုလိုသည့်အကြောင်း စသည့်အကြောင်းများဖြင့် ဘုရားရှင်အပေါ် ရန်ငြိုးထားသူ ဖြစ်သည်။ တစ်နေ့တွင် ဘုရားရှင်ကြွတော်မူရာ လမ်းကိုပိတ်ပင်တားဆီး၊ ဘုရားရှင်တို့၏ ခရီးလမ်းကို နှောက်ယှက်ဖျက်ဆီးသည်ကို အကြောင်းပြု၍ ဘုရားရှင်က ဦးရိးတော်သည် ဤအကုသိုလ်ကြောင့် (၇)ရက်လွန်သည့်အခါ ပြဿဒ်ခြေရင်း လှေခါးရင်းတွင် မြေမျိုခံရမည် ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။ ထိုအကြောင်းကို သုပ္ပဗုဒ္ဓ ကြားသိသည့်အခါ မြတ်စွာဘုရားစကား မမှန်အောင်နေပြီး မုသာဝါဒဖြင့် စွပ်စွဲမည်ဟု နှလုံးပိုက်ကာ ဘုံ(၇)ဆင့်ရှိသည့် ပြဿဒ်ထက်ဝယ် နေခဲ့လေ၏။ သို့သော် (၇)ရက်မြောက်သည့်နေ့တွင် ရှင်ဘုရင်၏ မင်္ဂလာစီးတော်မြင်း၏ မြည်ဟီးကာ သောင်းကျန်းနေသည်ကို အကြောင်းပြုပြီး စီးတော်မြင်အား တားဆီးရန် သတိလက်လွတ်ဖြင့် ပြဿဒ်ထက်မှ ဆင်းသက်မိရာက လှေကားခြေရင်းတွင် မြေမျိုကာ အဝီစိငရဲသို့ ကျရောက်ခဲ့ခြင်း ဖြစ်သည်။ ဘုရားရှင်တို့၏ စကားတော်သည် လွဲချော်ရိုးထုံးစံမရှိသည့်အလျောက် (၇)ရက်မြောက်လျင် မြေမျိုခံရမည့် သုပ္ပဗုဒ္ဓ္ပသည်လည်း မဖြစ်မနေ အကြောင်းဖန်ကာ မြေမျိုသေဆုံးခဲ့ခြင်း ဖြစ်သည်။ 

၃။ အရှင်ဒေဝဒတ်
ဒေဝဒတ် မြေမျိုခြင်းအကြောင်းကား အတော်များများ သိထားပြီး ဖြစ်၏။ မြတ်ဗုဒ္ဓ၏ ယောက်ဖတော်လည်းဖြစ်၊ ညီကိုတော်လည်း ဖြစ်သည့် ရှင်ဒေဝဒတ်သည် ရဟန်းအဖြစ်ကို ရရှိပြီးနောက် မိမိနောက်မှ ရောက်လာကြသည့် အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာနတို့ကို ဘုရားရှင်က အဂ္ဂသာဝက ရာထူးများ ပေးအပ်လိုက်ချိန်မှစ၍ ဘုရားရှင်အပေါ် ရန်ငြိုးဖွဲ့မှုများ တိုးပွားလာခဲ့ခြင်း ဖြစ်သည်။ ဘုရားရှင်ကို အမျိုးမျိုး အတိုက်အခံပြု ဆန့်ကျင်ဘက်ပြုကာ ဘုရားကို သွေးစိမ်းတည်အေငာ် လုပ်ခြင်း၊ ညီညွတ်နေသည့် သံဃာတော်များ ကွဲပြားသွားအောင် သံဃာသင်းခွဲခြင်း စသည့် ပဉ္စာနန္တရိယကံများအထိ ကျူးလွန်မိခဲ့သည်။ မြတ်ဗုဒ္ဓနှင့် လမ်းခွဲကာ နောက်ပါတပည့်များနှင့် နေပြီးမကြာခင်မှာ ရောဂါစွဲကပ်လာခဲ့သည့် ရှင်ဒေဝဒတ်သည် မိမိ၏အမှားများအပေါ် နောင်တတရားများ ဖြစ်ခဲ့လေ၏။ နောက်ဆုံး ဘဝနိဂုံးမချုပ်ခင် မြတ်စွာဘုရားအား ဖူးမြော်လိုကြောင်း တပည့်များအား တိုးလျိုးတောင်းပန်သဖြင့် တပည့်များက ထမ်းစင်ဖြင့် ဘုရားရှင်ရှိရာ ဇေတဝန်ကျောင်းတော်သို့ ပို့ဆောင်စဉ် ကျောင်းဘေးနားရှိ ရေကန်နားအရောက် တပည့်များက ထမ်းစင်ကိုချပြီး ရေကန်ဘက်အသွား တပည့်များအလာကို မစောင့်နိုင်ဘဲ ဘုရားကျောင်းတော်ကို မိမိကိုယ်တိုင် အားပြုရုန်းထလျက် ထမ်းစင်ပေါ်မှ အဆင်းမှာပင် မဟာပထဝီမြေကြီး ကွဲအက်ကာ အရှင်လတ်လတ် မြေမျိုခံခဲ့ရခြင်း ဖြစ်သည်။ 

၎။ နန္ဒကဘီလူး
နန္ဒကဘီလူးသည် သူတော်ကောင်း ဓာတ်ခံအလွန်နည်းပါးသည့် ဘီလူးဖြစ်သည်။ ထို့ကြောင့် သူတော်ကောင်းများ အပေါ်တွင်လည်း မနောကံအပြင် ဝစီကံ၊ ကာယကံတွေနဲ့များဖြင့် ကိုယ်ထိလက်ရောက် ဆော်ကားလေ့ရှိသည်။ တစ်ချို့ဆော်ကားမှု အပိုင်းများသည် လက်တွေ့ပိုင်းမှာ အကျိုးသက်ရောက်မှု မရှိသော်လည်း ပညာရှိသူတော်ကောင်း၊ သီလသမာဓိပညာ အားကောင်းသည့် အရိယာသူတော်ကောင်းများကို ဆော်ကားမိပါက လက်တွေ့ခံရသည်ကို နန္ဒကဘီးလူး သဘောပေါက်သွားခဲ့သည်။ တစ်နေ့ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ဂိဇ္ဈဂုတ်တောင်တွင် တရားအားထုတ်နေစဉ် နန္ဒကဘီလူး ရောက်ရှိလာပြီး တရားအားထုတ်၍ မရအောင် အမျိုးမျိုး နှောက်ယှက်လေသည်။ နောက်ဆုံး မထေရ်မြတ်၏ ဦးခေါင်းတော်ကို ကိုယ်ထိလက်ရောက် ရိုက်ပုတ်သည်အထိ ဆော်ကားနှောက်ယှက်ခဲ့သည်။ ထိုအကုသိုလ် အကျိုးကြောင့် နန္ဒကဘီလူးသည် မြေကြီးကွဲအက်ကာ အဝီစိငရဲမှ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။ နန္ဒကဘီလူးသည် လက်တွေ့ဘဝတွင် သူတော်ကောင်းကို စော်ကားမိသဖြင့် အရှင်လတ်လတ် မြေမျိုးခဲ့ရလေသည်။ 

၅။ နန္ဒလုလင်
နန္ဒလုလင်သည် ရဟန္တာမထေရ်မကို ဆော်ကားမိသဖြင့် အရှင်လတ်လတ်မြေမျို ခံခဲ့ရသူဖြစ်သည်။ သူဆော်ကားခံရသူမှာ ဥပ္ပလဝဏ် ထေရီမဖြစ်သည်။ ဥပ္ပလ၀ဏ်ထေရီမသည် တန်ခိုးကြီးသောအရာ၌ အမြတ်ဆုံး ဧတဒဂ်ဘွဲ့ရ ရဟန္တာထေရီမတစ်ဦး ဖြစ်ပေသည်။ ထေရီမသည် တန်ခိုးကြီးသည်သာမက ဥပဓိသမ္ပတ္တိနှင့်လည်း ပြည့်စုံသဖြင့် ထေရီမဖြစ်သော်လည်း လူယောက်ျားများ၏ စိတ်ဝင်စားမှုကို ခံရသူဖြစ်သည်။ ထိုအထဲတွင် နန္ဒလုလင်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ တစ်နေ့သော် နန္ဒလုလင်သည် လူသူကင်းဆိတ်ချိန်တွင် ထေရီမ၏ ကျောင်းသင်္ခမ်းသို့ ရောက်ရှိလာပြီး ထေရီမအား အဓမ္မပြုကျင့်လေသည်။ ရဟန္တာဖြစ်နေသည့် ထေရီမအား ဆော်ကားမိသဖြင့် ယင်းအကုသိုလ်ကံ အကျိုးကြောင့် နန္ဒလုလင်မှာ မြေကြီးကွဲအက်၍ အရှင်လတ်လတ် မြေမျိုခြင်းကို ခံခဲ့ရပြီး အဝီစိငရဲသို့ ကျရောက်သွားခဲ့လေသည်။ 

ဤကား ဒိဋ္ဌဓမ္မဝေဒနီယကံ၏ အကျိုးဆက်အဖြစ် လက်ရှိဘဝမှာပင် သူတော်ကောင်းကို ဆော်ကားမိသဖြင့် အရှင်လတ်လတ်မြေမျိုခံခဲ့ရသည့် ပုဂ္ဂိုလ်ငါးဦးအကြောင်း တစေ့တစောင်းပင် ဖြစ်ပါသည်။ ဓမ္မစာပေပရိတ်သတ် တစ်ဦးဖြစ်သည့် ဒကာမ ဒေါ်ယုလှိုင်မိုး၏ တောင်းဆိုချက်ကို အကျဉ်းချုပ်၍ ရေးသားဖော်ပြလိုက်ပါသည်။ အများသူငါ ဗဟုသုတ တိုးစေရန်လည်း တစ်ဆင့်ပြန်လည် မျှဝေလိုက်ပါသည်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

ဝိနည်းတတ်သူ များထိုသူသို့


ဝိနည်းနဲ့ ပတ်သက်လာရင် ခုနောက်ပိုင်းလူတွေဟာ သံဃာတော်များရဲ့ ဝိနည်းကျင့်ဝတ်တွေကို တော်တော်သိလာနေတဲ့ သဘောရှိပါတယ်။ ရဟန်းတော်များ ဘာလေးပဲလုပ်လိုက်လုပ်လိုက် ဝိနည်းနဲ့ မညီဘူး၊ သံဃာ့ကျင့်ဝတ်နဲ့ မညီဘူး၊ သံဃာအလုပ် သံဃာမလုပ်ဘူး စသဖြင့် ဝေဘန်နိုင်လာတဲ့အထိ သူတို့တွေ ဝိနည်းတော်အပေါ်မှာ ကျွမ်းကျင်လာတော့တာပါ။ လူတွေဝိနည်းသိလာတာ ကောင်းပါတယ်။ ဒါမှလည်း ရဟန်းတော်များနဲ့ အပ်စပ်ရာရာကို အာပတ်လွတ်အောင် စီမံဆောင်ရွတ်နိုင်မှာ ဖြစ်ပါတယ်။ ရဟန်းတော်များနဲ့ ဒကာဒကာမ ဆက်ဆံရေးအပိုင်းမှာ ရဟန်းတော်များကို အပ်စပ်အောင် လုပ်ပေးနိုင်တဲ့ ကပ္ဗိယကာရကတွေ အများကြီး လိုအပ်ပါတယ်။ လူများက ရဟန်းတော်များရဲ့ ဝိနည်းကို နားလည်ပြီး ရဟန်းတော်များကို အပ်စပ်အောင် လုပ်ပေးတာတွေ ရှိလာရင် တစ်ချို့တချို့ ရဟန်းငယ်များလည်း ဝိနည်းတော်နဲ့ မညီတဲ့ အပြုအမူတွေ အပေါ်မှာ သတိပြု ဆင်ခြင်လာနိုင်တဲ့အထိ ကျေးဇူးများနိုင်တာဆိုတော့ လူပုဂ္ဂိုလ်များ ဝိနည်းတတ်လာတာဟာ ကောင်းတဲ့လက္ခဏာပဲ ဖြစ်ပါတယ်။ 

ဒါပေမယ့် ခက်တာက တစ်ချို့ လူတွေက ဝိနည်းကို ဘာမှန်းမသိဘဲ သူများဝိနည်းနဲ့ မညီဘူးဆိုလို့ လိုက်ပြီးမညီရာက သံဃာတော်များရဲ့ ပေါ့ပါးတဲ့ အာပတ်လေးတွေ အပေါ်မှာကိုပဲ သံဃာမဟုတ်တော့သလို အပြစ်တင် ဝေဘန်လာရာကနေ ပုဂ္ဂိုလ်အကြောင်းပြုပြီး သံဃာကို ဆော်ကားတဲ့အထိ လွဲလာနေတော့တာ မကောင်းလှပါဘူး။ ဆိုကြပါစို့။ အင်တာနက်ပေါ်မှာ ဓာတ်ပုံတွေ တင်တဲ့ကိစ္စ၊ နိုင်ငံခြားရောက် ကျောင်းသားရဟန်းတော်များ ကိုယ်တိုင်ဈေးဝယ်ပြီး ချက်ပြုတ်နေတဲ့ ကိစ္စ၊ ရာသီဥတု ဆိုးလွန်းတဲ့ နိုင်ငံရောက် ရဟန်းတော်များ အဝတ်အစား ဝတ်တဲ့ကိစ္စ စတာတွေက အစ ဝေဘန်အပြစ် ပြောနေတာတွေဟာ အတော်အသင့် ဝိနည်းတော်အရ မညီညွတ်မှုများ ဖြစ်နေပေမယ့် ရဟန်းမဟုတ်တော့တဲ့အထိ ကျူးလွန်တဲ့ အာပတ်မျိုးမဟုတ်ဘူးဆိုတာ သတိပြုကြရမှာပါ။ 

အမှန်တော့ သံဃာတော်များရဲ့ ဝိနည်းကျင့်ဝတ် (၂၂၇)ပါးမှာ ဂရုက အာပတ်လို့ခေါ်တဲ့ ကြီးလေးတဲ့ အာပတ်၊ လဟုက အာပတ်လို့ခေါ်တဲ့ ပေါ့ပါးတဲ့အာပတ်နဲ့ မကြီးမလေးတဲ့ အာပတ်စသဖြင့် အာပတ်အဆင့်တွေ အများကြီး ပညတ်ပေးထားပါတယ်။ အဲဒီအထဲကမှ ပါရာဇိက အာပတ် (ကျူးလွန်ရင် သာသနာတော်ကနေ ဆုံးရှုံးသွားတဲ့ အာပတ်မျိုး) လေးမျိုး (၁။ ရဟန်းဘဝဖြင့် မေထုန်မှီဝဲခြင်း၊ ၂။ ရဟန်းဘဝဖြင့် သူများပစ္စည်းကို ခိုးယူခြင်း၊ ၃။ ရဟန်းဘဝဖြင့် လူအသက်ကို သတ်ခြင်း၊ ၄။ ရဟန်းးဘဝဖြင့် ဈာန်မဂ်ဖိုလ်နဲ့ ပတ်သက်တဲ့ တရားတွေကို မရဘဲ ရတယ်ဟု လိမ်ညာပြောဆိုခြင်း)ကတော့ အဓိက အရေးကြီးဆုံး အာပတ်ကြီးဖြစ်ပြီး သံဃာဒိသိသ် အာပတ် (သံဃာတော်များ အနည်း ၂၀အထက် ရှိမှသာ ပြန်လည်ကုစားလို့ ရတဲ့အာပတ်မျိုး) ဆယ့်သုံးမျိုးကတော့ ဒုတိယ အကြီးဆုံး အာပတ်ဖြစ်ပါတယ်။ ပါရာဇိက အာပတ်လို့ခေါ်တဲ့ အာပတ်လေးမျိုးထဲက တစ်ခုခုကို မကျူးလွန်မိသေးရင် ကျန်တဲ့အာပတ်တွေကို ကျူးလွန်မိပေမယ့် အဲဒီ ရဟန်းဟာ ရဟန်းဘဝနဲ့ပဲ ရှိနေသေးတာ ဖြစ်ပါတယ်။ ကျူးလွန်မိတာတောင်မှ ကာယကံရှင် ကိုယ်တိုင်က ဝန်မခံဘူးဆိုရင် ကျန်တဲ့သူတွေက ရဟန်းမဟုတ်ဘူးလို့ ဆုံးဖြတ်ဖို့ အတော်ခက်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ 

ပါရာဇိက ကျထားတဲ့ ရဟန်းတော်ပင် ဖြစ်နေပေမယ့် လူပုဂ္ဂိုလ်များအပိုင်းက “သံဃဿ ဒေမ”ဆိုပြီး သံဃာ့ဂုဏ်ကို အာရုံပြုထားတယ်ဆိုရင် အကျိုးတရားက အပြည့်ရနေတာ ဖြစ်ပါတယ်။ ပါရာဇိကကျတဲ့ ရဟန်းဟာ သူဝိနည်းမကြောက်လို့ ဆက်ပြီးကျူးလွန်နေတယ်ထားဦး ဒါဟာ အဲဒီပုဂ္ဂိုလ်ပဲ ခံရမယ့် အပိုင်းဖြစ်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးကိုကြည့်ပြီး သံဃာတော်တွေအပေါ်မှာ ဝါးလုံးရှည်နဲ့သိမ်းရမ်းပြီး ဝေဘန်ပြစ်တင်နေတာဟာ သူ့အပြစ်ကို ကိုယ့်အပြစ် လုပ်တဲ့သဘောမျိုးပဲ ဖြစ်တဲ့အတွက် ဝိနည်းသိပ်တတ်တဲ့ လူပုဂ္ဂိုလ်တွေအနေနဲ့ သတိပြုရမယ့် အချက်ပဲ ဖြစ်ပါတယ်။ အကောင်းသဘော၊ အပြုသဘော၊ သာသနာကို သန့်ရှင်းစေချင်တဲ့ စေတနာမနောနဲ့ ဝေဘန်တာဟာ ဝေဘန်ပိုင်ခွင့် ရှိပေမယ့် ပုဂ္ဂိုလ်နဲ့ သံဃာတော်ကို ကွဲပြားအောင် ခွဲခြားပြီး အပြစ်မဖြစ်အောင် သတိပြုကြဖို့ အထူးလိုအပ်လှတာ ဖြစ်ပါတယ်။ 

တစ်ခါတလေ ရဟန်းတော်များရဲ့ ဝိနည်းသိက္ခာပုဒ်တွေမှာ လူတွေအမြင်ကကြည့်ရင် အတော်ကို အရုပ်ဆိုးပြီး ခွင့်မလွတ်နိုင်လောက်တဲ့ အပြုအမူမျိုး ဖြစ်နေပေမယ့် ဝိနည်းပညတ်ချက် အနေနဲ့တော့ ဒေသနာကြားရင် ပျောက်သွားတဲ့ ပေါ့ပါးတဲ့ လဟုက အာပတ်မျိုး ဖြစ်နေတတ်ပါတယ်။ ဥပမာ ညနေစာစားတာတို့၊ အင်တာနက်မှာ ဟိုကြည့်ဒီကြည့်ကြည့် ဟိုပြောဒီပြော လုပ်တာတို့၊ ယုတ်စွအဆုံး အရက်သေစာ မူးယဇ်ဆေးဝါး သောက်စားသုံးစွဲတာတို့ စတာတွေဟာ ဝိနည်းပညတ်ချက် ရှုထောင့်ကကြည့်ရင် ဒေသနာကြားပြီး အာပတ်ဖြေရင် ပျောက်တဲ့အာပတ်မျိုးတွေ ဖြစ်နေတာပါ။ ဒါတွေကို မသိတော့ အဲဒီအပြုအမူတွေ ရှိနေတဲ့ ရဟန်းတော် အချို့ကိုကြည့်ပြီး တစ်ချို့က ဇွတ်အတင်း ဝေဘန်ပြစ်တင် ပြောဆိုကာ သံဃာတော်များအထိ စော်ကားသလိုမျိုး လုပ်သွားမိတတ်ပါတယ်။ အဲဒါဆိုရင် လူပုဂ္ဂိုလ်တွေအနေနဲ့ သံဃာပြစ်မှားတဲ့ အပြစ်မျိုး ဖြစ်သွားတတ်တာကို သတိထားရမှာ ဖြစ်ပါတယ်။ 

ဒီလိုရေးလိုက်လို့ ရဟန်းတော်များဘက်က ကာကွယ်ပြီး ရေးတယ်လို့မထင်ပါနဲ့။ အရှိသဘော၊ အမှန်သဘောကို ပြောတာဖြစ်ပါတယ်။ ရဟန်းတော်များဘက်ကလည်း အထူးဆင်ခြင်ရမှာက ကိုယ့်ရဲ့အပြုအမူကြောင့် လူဒကာဒကာမများ အပြစ်ဖြစ်သွားစေတဲ့ အလုပ်မျိုးဆိုရင် ကိုယ်မကြောက်လို့ ကိုယ်လုပ်တယ်ပဲထားဦး လူရှေ့သူရှေ့ မှာ လူတွေအပြစ်တွေ့စေမယ့် အနေအထားမျိုး မဖြစ်အောင် ဘာပဲဖြစ်ဖြစ် ထိန်းသိမ်းသင့်လှပါတယ်။ မိမိကြောင့် အများသံဃာနဲ့ ဗုဒ္ဓသာသနာတော်ကို ညစ်နွမ်းစေမယ့် အပြုအမူမျိုး အထူးဆင်ခြင်သင့်လှပါတယ်။ လူဟာ လူ့အသိနဲလူညှိပြီး ဝေဘန်ပြစ်တင်တတ်ကြပေမယ့် ရဟန်းတော်များဘက်ကလည်း ကိုယ့်အပြုအမူကြောင့် လူတွေအပြစ်တွေ ဖြစ်စေမယ့် သဘောမျိုးကို ရှောင်ကြဉ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ မဟုတ်ရင် ကိုယ်လည်းမကောင်း သူတို့လည်း အပြစ်ရသွားတတ်ပါတယ်။ 

ထားပါတော့။ ပြောချင်တာက ဝိနည်းသိပ်တတ်ပြီး သိပ်တော်နေကြတဲ့ ဝေဘန်ရေး ဆရာတွေကို ပြောချင်တာပါ။ အပြုသဘောနဲ့ ပြောတာဟာ ကောင်းပေမယ့် ပုဂ္ဂိုလ်ရေးအစွဲ၊ မုန်းတီးရေး အစွဲ၊ ကိုယ့်အယူအဆနဲ့ မတူတဲ့အစွဲ စတဲ့စတဲ့ အစွဲတွေနဲ့ ပုဂ္ဂိုလ်နဲ့ သံဃာမကွဲပြားဘဲ ရဟန်းတော်များအပေါ် အပြစ်ပြော ဝေဘန်နေတာတွေဟာ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ အမျိုးဘာသာ၊ သာသနာအတွက်လည်း အကျိုးမရှိ၊ တိုင်းပြည်အတွက်လည်း အကျိုးမရှိဘဲ သံဃာတော်ကို စော်ကားတဲ့ သဘောမျိုး ဖြစ်နေခဲ့ရင် ဒါတွေကို သတိပြုဆင်ခြင်ပြီး ကိုယ်စွမ်းနိုင်တဲ့ဘက်က အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ကြဖို့ ပြောလိုတာ ဖြစ်ပါတယ်။ အပြင်မှာ အပုတ်ချနေကြတဲ့ သရုပ်ပြတွေကြောင့် ဗုဒ္ဓဘာသာဟာ မဟုတ်မဟတ်တွေ ဖြစ်နေတဲ့အချိန်မှာ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ အနေနဲ့ အများအမြင်မှာ ကိုယ်ကိုးကွယ်ရာကို ပိုပြီး အထင်မမှားရအောင် ဟုတ်နေသည်ထားဦး ကိုယ်တွေက ဖေးဖေးမမလေးနဲ့ ကာကွယ်ကြဖို့ပါ။ အဆိပ်ပင်ရေလောင်းဖို့ ပြောနေတာမဟုတ်ပါဘူး။ နိုင်ငံလူမျိုးဘာသာနဲ့ ပတ်သက်လာတဲ့ အပိုင်းတွေမှာ ကိုယ့်ဘာသာကို ကိုယ်ကအပုတ်ချနေတာတွေ မဖြစ်အောင် ဝိုင်းဝန်းထိန်းသိမ်းကြဖို့ပါ။ အရေးကြီးနေတဲ့ အချိန်မှာ ဆရာဒကာ ညီညွတ်စွာနဲ့ အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်အောင် ကိုယ့်အထုတ် ကိုယ်ဖြေပြတဲ့ အပြုအမူမျိုး အထူးရှောင်ကြဉ်ကြဖို့ အကြံပြုလိုတာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဆုတ်ကပ်ရောက်လာတဲ့ အခုလိုခေတ်ကြီးမှာ သာသနာတော်နဲ့ အမျိုးဘာသာကို နှစ်ပေါင်း (၂၅၀၀)ကျော်လာတဲ့အထိ ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့၊ အမျိုးသားရေးအပေါ်မှာ ဘယ်တော့မှ သစ္စာဖောက်လေ့မရှိတဲ့ သံဃာတော်များအပေါ်မှာ ဝိနည်းသိပ်တတ်၊ စာသိပ်တတ်တဲ့ ပညာရှင် ဗုဒ္ဓဘာသာဝင် ဒကာဒကာမများ အနေနဲ့ ကိုယ်ကိုးကွယ်တဲ့ အကိုးကွယ်ခံ ပုဂ္ဂိုလ်တွေကို လူသိရှင်ကြား ပေါ်ပေါ်ထင်ထင် ဝေဘန်အပြစ်တင်နေကြမယ့်အစား ဒါတွေကို သိုသိုသိပ်သိပ်နဲ့ အကောင်းဆုံးဖြစ်အောင် ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုသာ အဖြေရှာပြီး ဆရာနဲ့ဒကာ၊ ဒကာနဲ့ဆရာ ညီညီညာညာနဲ့ အမျိုးဘာသာ သာသနာတော်ကို အတူလက်တွဲပြီး ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြပါစို့လို့ တိုက်တွန်းရင်း “ငါတို့ အဓိဋ္ဌာန်” ဆိုတဲ့ အဓိဋ္ဌာန်ချက်လေးနဲ့ပဲ ဘုန်းဘုန်းရဲ့ အပြုသဘော ဝေဘန်ချက်ကို အဆုံးသတ်လိုက်ပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ

“ငါတို့အဓိဋ္ဌာန်”
- ဗုဒ္ဓမြတ်စွာ၊ ပွင့်ထွန်းလာ၊ မှန်စွာငါတို့ ချမ်းသာဖို့။
- တရားဒေသနာ၊ ဟောညွန်တာ၊ မှတ်စွာငါတို့ ငြိမ်းချမ်းဖို့။
- တပည့်သားသံဃာ၊ ကိုးကွယ်ရာ၊ မှန်စွာငါတို့ အကျိုးများဖို့။
- ရတနာသုံးဖြာ၊ ကိုးကွယ်ရာ၊ မှန်စွာငါတို့ ဆည်းကပ်စို့။
- အမျိုးဘာသာ၊ စောင့်ရှောက်ကာ၊ မှန်စွာငါတို့ ကာကွယ်စို့။ ။

Read more »

အဓိဋ္ဌာန်ပြုပါ၏


ငါတို့အဓိဋ္ဌာန်
-------------
  • ဗုဒ္ဓမြတ်စွာ၊ ပွင့်ထွန်းလာ၊ မှန်စွာငါတို့ ချမ်းသာဖို့။
  • တရားဒေသနာ၊ ဟောညွန်တာ၊ မှတ်စွာငါတို့ ငြိမ်းချမ်းဖို့။
  • တပည့်သားသံဃာ၊ ကိုးကွယ်ရာ၊ မှန်စွာငါတို့ အကျိုးများဖို့။
  • ရတနာသုံးဖြာ၊ ကိုးကွယ်ရာ၊ မှန်စွာငါတို့ ဆည်းကပ်စို့။
  • အမျိုးဘာသာ၊ စောင့်ရှောက်ကာ၊ မှန်စွာငါတို့ ကာကွယ်စို့။ ။


Read more »

မိစ္ဆာဒိဋ္ဌိ (သို့) အယူမှားခြင်း


ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်ရင် အခြားအခြား ဘာသာအယူဝါဒတွေဟာ လွဲမှားနေတဲ့ မိစ္ဆာဒိဋ္ဌိတွေလို့ ပြောရမှာဖြစ်ပါတယ်။ ဒါဆိုရင် အခြားဘာသာတွေရဲ့ ရှုထောင့်ကကြည့်ရင်လည်း သူတို့က ဗုဒ္ဓဘာသာကို မှားယွင်းတဲ့ မိစ္ဆာဒိဋ္ဌိလို့ ပြောကြမှာ ဖြစ်ပါတယ်။ အားလုံးကတော့ ကိုယ့်ယုံကြည်မှုနဲ့ကိုယ် ကိုယ့်အယူဝါဒသာ အမှန်လို့ ပြောကြမှာ ဖြစ်ပါတယ်။ တစ်ချို့လည်း မှားမှန်းသိသိနဲ့ပဲ အယူဝါဒတစ်ခုကို ဇွတ်မှိတ်ပြီး လက်ခံနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘုရားရှင်လက်ထက် ဘုရားနဲ့ ခေတ်ပြိုင် ပေါ်ထွက်ခဲ့ကြတဲ့ တိတ္တိဆရာကြီးတွေမှာ သူ့ပရိတ်သတ်နဲ့သူ ရှိနေကြတာ ဖြစ်ပါတယ်။ ဒါဟာ အယူဝါဒနဲ့ ပတ်သက်ပြီး အသက်သာ အသေခံသွားမယ် အလွယ်တကူ စွန့်လွှတ်ဖို့ ခက်ခြင်းရဲ့ ပြယုဂ်တစ်ခုပဲ ဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် မှန်ကန်တဲ့ အယူဝါဒ ဆိုတာဟာ ဘယ်လိုပေတံနဲ့ တိုင်းတိုင်း၊ ဘယ်လိုမှတ်ကျောက်မျိုးပဲ တင်တင်၊ ဘယ်လိုဆန်းစစ်မှုမျိုးပဲ လုပ်လုပ်၊ ဘယ်လိုပုဂ္ဂိုလ်မျိုး အတွက်ပဲ ဖြစ်ဖြစ်မှန်ကန်ပြီး ယုတ္တိကျနေဖို့ လိုပါတယ်။ ဒီဘာသာဝင်အတွက် မှန်တယ်၊ ဟိုဘာသာဝင်အတွက်တော့ မှားတယ် စတာတွေဟာ သဘာဝနိယမ သဘောအားဖြင့် ကြည့်ရင် ဒါဟာ ယုတ္တိမကျဘူး၊ မမှန်ကန်ဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ 

ဗုဒ္ဓဘာသာရဲ့ အဆုံအမတွေကတော့ သဘာဝနိယာမနဲ့ ယုတ္တိဘေဒကို အချိန်မရွေး လက်ခံဆန်းစစ်ကြည့်နိုင်တာ ဖြစ်ပါတယ်။ ဘုရားဟော ဒေသနာတွေကိုကြည့်မယ်ဆိုရင်လည်း ဘုရားရှင်က မှန်တဲ့အရာတွေကိုပဲ ဟောတော်မူတာ ဖြစ်ပါတယ်။ မှန်အောင်တမင်လုပ်ပြီးဟောတော်မူတာ ဘာတစ်ခုမှ မရှိပါဘူး။ လက်တွေ့အားဖြင့် သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမုပ္ဗါဒ်နဲ့ ကမ္မဝါဒတွေကိုကြည့်ရင် အလွယ်တကူ သိနိုင်ကြမှာ ဖြစ်ပါတယ်။ ဒီတရားတော်တွေဟာ ဗုဒ္ဓဘာသာဝင်များအတွက်သာ သီးသန့်ဟောထားတာ မဟုတ်ပါဘူး။ သတ္တဝါအားလုံးအတွက် ဟောတော်မူထားတာ ဖြစ်ပါတယ်။ လက်တွေ့လိုက်နာ ကျင့်သုံးသူများအတွက် ကိုယ်ကျင့်နိုင်တဲ့ အတိုင်းအတာအတိုင်း အကျိုးသက်ရောက်မှုကို ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒီနိယာမဟာ အမည်ခံများအတွက်မဟုတ်ဘဲ လက်တွေ့ကျင့်သုံးသူများ အတွက်ပဲ ဖြစ်ပါတယ်။ 

သဘာဝနိယာမ ရှုထောင့်အရ တကယ်မရှိတာကို ရှိသယောင်ထင်မှတ်နေတဲ့အတွက် အယူမှား မိစ္ဆာဒိဋ္ဌိလို့ ဆိုရမယ့် အယူအဆ အချို့ကတော့

(၁) လောက၌ ဖန်ဆင်းရှင်ရှိ၏၊ မြေကြီး၊ တောတောင်၊ စကြာဝဠာ၊ သမုဒ္ဒရာတို့နှင့် သတ္တဝါအားလုံးကို ထိုဖန်ဆင်းရှင်က ဖန်ဆင်း၏ဟု မှားယွင်းစွာ ယူဆသည့် ဖန်ဆင်းရှင် (ဣဿရနိမ္မာန) ဝါဒ
(၂) လောက၌ ကုသိုလ်ကံ အကုသိုလ်ကံဟူသည် မရှိ၊ ကောင်းမှုကိုပြုသော်လည်း ကောင်းမှုကုသိုလ်မမည်၊ မကောင်းမှုကို ပြုသော်လည်း မကောင်းမှု အကုသိုလ်မမည်ဟု ယူဆသည့် အကြောင်းကိုပယ်ခြင်း အကိရိယဒိဋ္ဌိ
(၃) ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးတရားဟူသည် မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံတို့ကို ပြုလုပ်သော်လည်း မည်သည့်ကောင်းကျိုး မကောင်းကျိုးကိုမျှ မခံစားရဟု ယူဆသည့် အကျိုးကိုပယ်ခြင်း နတ္ထိကဒိဋ္ဌိ
(၄) ကုသိုလ်ကံ အကုသိုလ်ကံဟူသည် မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဟူသည်လည်း မရှိဟု ယူဆသည့် အကြောင်းအကျိုး နှစ်မျိုးလုံးကိုပယ်ခြင်း အဟေတုကဒိဋ္ဌိ
(၅) လောက၌ ငါ၊ ငါ့ဥစ္စာ၊ ငါ့အတ္တဆိုတာရှိတယ်လို့ ယူဆခြင်းသက္ကာယဒိဋ္ဌိနှင့် လူသာသေတာ၊ ငါ င့ါလိပ်ပြာက မသေဘူးစသဖြင့် မမြဲခြင်းသဘောကို မြဲသည်ဟု အယူရှိခြင်း သဿတဒိဋ္ဌိ
(၆) လောက၌ အရာအားလုံးသည် နောင်ဘဝဟူသည် မရှိ ဒီဘဝပြီးလျှင် အကုန်ပြတ်သည်၊ ကောင်းတာမကောင်းတာ မှန်သမျှသည်လည်း ဒီဘဝပြီးလျှင် ဘာမှမရှိ အကုန်ပြတ်သည် စသည်ဖြင့် ယူဆသည့် ဥစ္ဆေဒဒိဋ္ဌိ စတဲ့ အယူအမှား မိစ္ဆာဒိဋ္ဌိများပဲ ဖြစ်ပါတယ်။ 

သတ္တဝါ တစ်ဦးဦးဟာ ဒီအယူဝါဒ တစ်ခုခုကို လက်ခံလိုက်နာ ကျင့်သုံးနေမယ်ဆိုရင် ဒါဟာ အယူမှား မိစ္ဆာဒိဋ္ဌိ ဖြစ်နေတာဖြစ်ပြီး မှန်ကန်တဲ့အယူ သမ္မာဒိဋ္ဌိနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတော့တာ ဖြစ်ပါတယ်။ အဲ…မှန်ကန်တဲ့ အယူ သမ္မာဒိဋ္ဌိ ဖြစ်အောင်ဆိုရင်တော့ ဒီအယူအမှားတွေကို ရှောင်ကြဉ်ပြီး သစ္စာလေးပါးကို အမှန်အတိုင်း သိရှိနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ အယူမှန်ခြင်း သမ္မာဒိဋ္ဌိဆိုတာ ဆင်းရဲခြင်း အမှန်တရား၊ ဆင်းရဲဖြစ်ကြောင်း အမှန်တရား၊ ဆင်းရဲချုပ်ရာ အမှန်တရား၊ ဆင်းရဲချုပ်ရာ လမ်းစဉ်အမှန်တရားကို ဆိုတာ ဖြစ်တဲ့အတွက် သတ္တဝါတိုင်းဟာ သစ္စာတရားကို သိရှိအောင် ကြိုးစားကြရတာ ဖြစ်ပါတယ်။ သစ္စာကို သိသွားပြီဆိုရင် အယူမှားခြင်း မိစ္ဆာဒိဋ္ဌိကိုလည်း ပယ်ပြီးဖြစ်တဲ့အတွက် ဒါဟာ သတ္တဝါတိုင်း အရယူနိုင်တဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။ 

ဆိုလိုတာက လူဟာ အစွဲမကင်းတဲ့ အတ္တသမားများ ဖြစ်တဲ့အလျောက် ကိုယ်စွဲမိစွဲရာကို အမှန်လို့ထင်နေတတ်ပြီး ကိုယ်နဲ့မတူတဲ့ အယူအဆအပေါ်မှာ အယူမှားလို့ ယူဆတတ်ကြတဲ့အတွက် ကိုယ့်အယူဝါဒကို အလွယ်တကူ စွန့်လွှတ်ဖို့ ခက်တတ်ကြောင်း၊ ပညာရှိ သတိရှိတဲ့ သူတွေကတော့ အဲဒီအယူအစွဲတွေက ရုန်းထွက်ပြီး မှန်ကန်တဲ့ အယူဝါဒကို လက်ခံလိုက်နာ ကျင့်သုံးနိုင်အောင် ကြိုးစားတတ်ကြောင်း၊ အယူမှန်တစ်ခုဟာ ဘယ်လိုပဲ ဆန်းစစ်ပါစေ ယုတ္တိကျပြီး မပြောင်းလဲဘဲ ရှိနေတတ်တဲ့အတွက် ကိုယ့်အယူအဆကို သဘာဝ ဓမ္မနဲ့ ချိန်ထိုးကာ စိစစ်ဝေဘန် လက်ခံကြည့်ကြရမှာ ဖြစ်ကြောင်း၊ အယူမှားကို ရှောင်ပြီး အမှန်သစ္စာကို လက်ခံနိုင်မှသာ အယူမှန် သမ္မာဒိဋ္ဌိ ဖြစ်လာမှာ ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘယ်သူက ဘယ်ဘာသာကို ကိုးကွယ်ပြီး မိစ္ဆာဒိဋ္ဌိလို့ ဘယ်လိုပဲ ပြောနေပါစေ အယူမှား မိစ္ဆာဒိဋ္ဌိဆိုတာ တကယ်မရှိတာကို အရှိလို့ထင်၊ ငါမဟုတ်တာကို ငါလို့ထင်ပြီး ကိုယ့်ကံကိုယ် ပစ်နေကြတဲ့ လုပ်ရပ်များသာ ဖြစ်တဲ့အတွက် လက်ရှိကိုယ်လက်ခံကျင့်သုံးနေတဲ့ အယူဝါဒကိုသာ သဘာဝဓမ္မ၊ ကမ္မနိယာမ၊ သစ္စဓမ္မ ရှုထောင့်များနဲ့ ချိန်ထိုးပြီး မှန်ကန်တဲ့ အယူဝါဒဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ