ရုပ်ဖောက်ပြန်ခြင်းကြောင့်လား… အောက်လမ်းပယောဂကြောင့်လား..

Q. ဘုန်းဘုန်း
တပည့်တော် စိုင်းစိုင်း ရိုသေစွာ လျှောက်ထားမေးမြန်းပါသည်ဘုရား။ တပည့်တော် မေးလိုသည်မှာ ထေရဝါဒနှင့် ဆိုင်မဆိုင် သာသနာရေး မေးခွန်း ဟုတ်မဟုတ် မပြောတတ်သဖြင့် သီးခြားစာနှင့် လျှောက်ထားမေးမြန်းပါသည်ဘုရား။ တပည့်တော်သည် ကျန်းကျန်းမာမာကြီး နေလာရာကနေ ... နေထိုင်မကောင်းသလိုလို၊ မိမိမှာ ရောဂါဝေဒနာ တစ်ခုခု ရှိနေ၍ အားနည်းပျော့ခွေသလို ခံစားလာရပါသည်။ အမြဲ မူးဝေ ပျော့ခွေနေခြင်း၊ အပင်ပန်း မခံနိုင်ခြင်းများကြောင့် အလုပ်နှင့် ဘဝရပ်တည်ရေးပါ ထိခိုက်လာပါသည်။ ဆရာဝန်နှင့် ပြတော့လည်း သွေးအားနည်းသလို၊ အာဟာရ ချို့တဲ့သလိုသာ အဖြေထွက်ပြီး ဤမျှ ဝေဒနာခံနေရအောင် ရောဂါကြီးကြီးမားမား မတွေ့ပါ။ တပည့်တော်မှာ ယခင်က အပင်ပန်း အကြမ်းတမ်း ခံနိုင်အောင် ကျန်းမာသန်စွမ်းပြီး လူငယ်ဘာဝ ပျော်ပျော်ပါးပါး နေခဲ့သူ ဖြစ်ပါသည်။ စာများလည်း မကျက်မှတ်နိုင်တော့ဘဲ ပညာရေးပါ ထိခိုက်လာပါသည်။ အမြဲတမ်း နုံးချိအားနည်းပြီး အိမ်ထဲက မထွက်ချင်၊ အိပ်ရာထဲက မထချင်အောင် ဖြစ်နေသဖြင့် မိတ်ဆွေများနှင့်ပါ လူမှုရေး လစ်ဟင်းပြီး ယခင်လို မဟုတ်တော့ဘဲ အပေါင်းအသင်း နည်းပါးလာပါသည်။


တပည့်တော် ယခင်က လူပြုစားခြင်းဆိုသည်ကို အယုံအကြည် မရှိပါ။ အောက်လမ်းနည်းများကိုလည်း အယုံအကြည် မရှိသူ ဖြစ်ပါသည်။ တပည့်တော်ဘဝမှာလည်း ပြန်စဉ်းစားမိသလောက် ဘယ်သူ့ကိုမှ ပျက်စီးအောင် မလုပ်ခဲ့ဖူးပါ။ မည်သူ့ကိုမှလည်း မပြိုင်ဆိုင်ပါ။ မိမိက မပြိုင်ဆိုင်သော်လည်း မိမိကို ပြိုင်ဆိုင်သူ၊ လိုသူ မလိုသူကတော့ သဘာဝအလျောက် ရှိပါသည်။ ငါ့ကို ရန်ပြုမည့်သူ မရှိ၊ မလိုသူ မရှိဟုတော့ သေချာပေါက် ပြောနိုင်သူ မဟုတ်ပါ။ ယခုမူ ဝေဒနာ ခံစားရခြင်း လမှ နှစ်ချီလာသောအခါ မပျောက်လျှင်လဲ သေသွားတာ ကောင်းမယ်ဆိုသည့်အထိ စိတ်ဓာတ်ကျလာပါသည်။ အကယ်၍ မိတ်ဆွေများ ပြောတတ်သလို မလိုသူ တစ်ဦးဦးက အောက်လမ်းနည်းဖြင့် တစ်စုံတစ်ခု လုပ်ခြင်း၊ ပျက်စီးအောင် ကြံခြင်း ဖြစ်ပါက လွန်မြောက်လိုပါသည်။ တစ်ဖက်လူကို ဘယ်သူဖြစ်ဖြစ် ပြန်ဒုက္ခပေးလိုစိတ်တော့ မရှိပါ။

ထို့ကြောင့် အောက်လမ်းနည်း ဖြစ်ခဲ့ပါက ဘယ်လို နှုတ်ရမည်ကို တပည့်တော် နားမလည် မကျွမ်းကျင်သဖြင့် ဘုန်းဘုန်းထံ မေးမြန်းလျှောက်ထားခြင်း ဖြစ်ပါသည်။ တပည့်တော်မှာ စာမကျက်နိုင်၊ အလုပ်ကောင်းကောင်းမလုပ်နိုင်သဖြင့် ပညာရေးနှင့် အလုပ်အကိုင် ထိခိုက်နေခြင်း ဖြစ်ပါသည်။ မလိုသူလုပ်ရပ် ဖြစ်ပါက ပညာရေး၊ လူမှုရေးနှင့် အလုပ်အကိုင်ကို ပျက်စီးစေရန် ဦးတည် ထိုးနှက်ခြင်း ဖြစ်မည်ဟု ထင်ပါသည်။
တပည့်တော်မှာ ဖခင်ကို ရှာကျွေးနေရာ မွေးချင်းမောင်နှမများက ၄င်းတို့ လိုသမျှ ငွေကို မပေးဘဲ ဖခင်ကိုသာ ဦးစားပေး လုပ်ကျွေး ဝင်ငွေအပ်နှံနေသဖြင့် မကျေနပ်ခံရခြင်းတော့ ရှိပါသည်။ အလုပ်အကိုင်တွင်လည်း မနာလိုသူ၊ အလုပ်အဆင်ပြေကြောင်း ကြားရလျှင် မကျေနပ်ဘဲ အဆင်မပြေ ဒုက္ခရောက်ကြောင်းသာ ကြားလိုသူလည်း ရှိပါသည်။ ပညာရေးမှာလည်း မည်သူ့ကိုမှ မပြိုင်ဆိုင်သော်လည်း အလားတူ မကျေနပ်သူ ရှိပါသည်။ အချို့ ပြုစားခံရသူများ ဖြစ်တတ်သလို သူများထံမှ ငွေချေးပြီး ပြန်မဆပ်ခြင်းမျိုးတော့ မရှိပါ။ ငွေလည်း အလွန် ချေးခဲပါသည်။

ဦးဇင်းတစ်ပါးက အောက်လမ်းအတတ်ဆိုသည်မှာ ဖြစ်နိုင်ကြောင်း၊ ရဟန်းတော်များကိုပင် မလိုသူက လုပ်တတ်ကြောင်း၊ ဦးဇင်းကိုယ်တိုင်လည်း ခံရဖူးကြောင်း အမိန့်ရှိပါသည်။ ထိုဦးဇင်းမှာ အခြား သိနားလည်သည့် ဦးဇင်းတစ်ပါးက ကုပေးသဖြင့် ပျောက်ကင်းခဲ့ရကြောင်း အမိန့်ရှိပါသည်။ တပည့်တော်လည်း အလားတူ ပျောက်လိုပါသည်။ ရိုးရိုးလူကို မေးခြင်းထက် သီလသမာဓိ သာလွန်သော သံဃာတော်များကို မေးလျှောက်လျှင် ပိုကောင်းမည်ဟု ထင်သဖြင့် ဘုန်းဘုန်းထံ မေးလျှောက်ခြင်း ဖြစ်ပါသည်။ ဗုဒ္ဒနည်းနှင့် ဖြစ်စေ၊ လောကီနည်းနှင့် ဖြစ်စေ ပျောက်ကင်းအောင် မည်သို့ လုပ်ရမည်ကို ဂရုဏာရှေ့ထား အမိန့်ရှိပေးပါဘုရား။
ရိုသေစွာဖြင့်
စိုင်းစိုင်း

ဘုန်းဘုန်းဘုရား
တပည့်တော် အောက်လမ်းနည်း၊ လူပြုစားခြင်း စသည်များကို ယုံတမ်းစကား အဖြစ်သာ မှတ်ယူပြီး လုံးဝ အယုံအကြည် မရှိခဲ့သူ ဖြစ်ပါတယ်ဘုရား။ ယခု တပည့်တော်ဟာ ယခင်က ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွ နေခဲ့ရာကနေ အမြဲ မူးဝေထိုင်းမှိုင်းလာပြီး အားကုန်ခန်းနွမ်းနယ်သလို ဖြစ်ကာ အိပ်ရာထဲပဲ အမြဲ လှဲနေလိုတာ၊ မကြာခဏ နေမကောင်း ဖြစ်လွယ်တာ၊ စာတွေ စူးစိုက်ကျက်မှတ်လို့မရ ဘာကိုမှ ယခင်လို ရည်မှန်းချက်ထား စူးစိုက်လုပ်ကိုင်လို့မရ ဖြစ်တာတွေ ကြုံတွေ့လာရပါတယ်။ ဒီလို ဖြစ်နေတာ ယခုဆို လပိုင်းမကတော့ဘဲ နှစ်ချီလာပါပြီဘုရား။ ခန္ဒာကိုယ်မှာ ရောဂါတစ်ခုခု ရှိနေလို့လားလို့ ဆရာဝန်နဲ့ ပြသတော့လဲ သွေးအားနည်းတာမျှသာ တွေ့ပါတယ်။ ယခင်က ဒီလောက်နဲ့ တပည့်တော် ဒီလို မူးဝေချိနဲ့မနေဖူးပါ။ အရင်က အပေါင်းအသင်းဆံ့ လူမှုရေး များပြားရာကနေ အခု ကိုယ်မှာ အမြဲ အားမရှိ မူးဝေချိနဲ့သလို ဖြစ်နေလို့ ယခင်လို အများနဲ့ မရောနှောဘဲ လူမမာတို့ဘာဝ မိမိအခန်းမှာသာ သက်သာသလို နေရတဲ့အတွက် မိတ်လည်း ပျက်လာပါတယ်။ တပည့်တော်မှာ ဒီလို ဖြစ်လာရတာကို အောက်လမ်း၊ ပယောဂ စတာတွေကို လက်မခံ၊ အယုံအကြည် မရှိပဲ ဒါ ရိုးရိုး ရောဂါဘယ တစ်ခုခုကြောင့်သာ ဖြစ်ရမယ် မှတ်ပြီး ဆေးစား ဆေးသောက်ပေမယ့် မရေမရာနဲ့ ပျောက်လဲ မပျောက်နိုင်ဘဲ ဆေးဝါး ဓာတ်စာဖိုးသာ ကုန်လာပါတယ်။ ဒါကြောင့် မဖြစ်နိုင်ဘူးလို့ ငြင်းနေမယ့်အစား အကယ်၍ တကယ် ဖြစ်နေရင် ဘယ်လို လုပ်ရမလဲဆိုတာ သိလိုလာပါတယ်ဘုရား။

တပည့်တော် ဘယ်သူ့ကိုမှ ဒုက္ခရောက်အောင် မလုပ်ဖူးပါဘူးဘုရား။ ကိုယ့်အပေါ် မနှစ်လိုတဲ့ သူတွေကိုတောင် သူတို့ ပျက်စီးနစ်နာအောင် ဘာမှ မကြံစည်တတ်ပါ။ ပညာရေး အလုပ်အကိုင် စသည်တို့မှာ တပည့်တော်က မပြိုင်ဆိုင်သော်လည်း တပည့်တော်ကို ပြိုင်ဆိုင်သူ၊ အောင်မြင်လျှင် မလိုသူများတော့ လောကသဘာဝအလျောက် ရှိပါတယ်။ ဖခင်ကို ရှာဖွေကျွေးမွေးနေတော့ သူတို့ကိုသာ ပုံချစ်ပြီး အဓိက ရှာကျွေးပံ့ပိုးစေချင်တဲ့ မအေတူ မောင်နှမများက မကြည်ဖြူခြင်းလဲ ရှိပါတယ်။ တပည့်တော် မအောင်မြင် ဒုက္ခဆင်းရဲတွေရောက် ရုန်းကန်ရစဉ်က တချိန်က ရှာကျွေးခဲ့ဖူးတဲ့ မအေတူ မောင်နှမများက မျက်နှာလွှဲနေပြီး ဖခင်ကသာ စောင့်ရှောက်ခဲ့လို့ ပြန်ကောင်းစားချိန်မှာ မအေတူ မောင်နှမများကို လှည့်မကြည့်တော့ဘဲ ဖခင်ကိုသာ ဦးထိပ်ထား လုပ်ကျွေးခြင်း ဖြစ်ပါတယ်။

အမှောင့်ပယောဂ တစ်ခုခုကြောင့် ဖြစ်ခဲ့ရင် မလိုမုန်းထား ကြံစည်သူ ဘယ်သူ ဖြစ်မလဲ တပည့်တော် မသိပါ။ သူတို့ကို တပည့်တော် ဖြစ်သလို ဖြစ်စေလိုစိတ်လဲ မရှိပါ။ ဘာမှလဲ လက်တုံ့မပြန်လိုပါ။ ခံစားနေရတဲ့ အဆင်မပြေမှုများက လွတ်ချင်တာသာ ရှိပါတယ်။ တပည့်တော် အသက် ၂၀ ကျော်ကတည်းက ငါးပါးသီလကို ကြိုးစား ထိန်းသိမ်းစောင့်ရှောက်လာတာ ယခု အသက် ၃၀ ကျော်အထိ ဖြစ်ပါတယ်ဘုရား။ တတ်နိုင်သမျှ ကိုယ်စွမ်း ရှိသမျှတော့ မြဲအောင် ကြိုးစားပါတယ်။ ဥပုသ်လဲ အလျဉ်းသင့်သလို ဆောက်တည်လေ့ရှိပါတယ်။ ဒါနမှုအနေနဲ့တော့ သံဃာတော်များကို ဆွမ်း သင်္ကန်းဆေးဝါး အသုံးအဆောင်များ လှူဒါန်းခြင်း သံဃိကဒါနနဲ့ ဆင်းရဲသားများ လူအိုလူနာများကို လှူဒါန်းခြင်း ဒါနကို အမြဲ ပုံမှန်ပြုပါတယ်။ ဘာဝနာအနေနဲ့တော့ မေတ္တာ ဘာဝနာ တတ်နိုင်သမျှ ပွားပါတယ်။

တပည့်တော် ပျက်စီးအောင် တစ်ပါးသူ တစ်ဦးဦးက လုပ်ခြင်း တကယ်ဟုတ်နေရင် ဘယ်လို ပြေပျောက်အောင် လုပ်ရမလဲ သိလိုတဲ့အတွက် ဆရာတော်ဘုရားကို မေးမြန်းလျှောက်ထားခြင်း ဖြစ်ပါတယ်ဘုရား။ တပည့်တော်က ဒါတွေ မဖြစ်နိုင်ဘူး၊ မယုံဘူး နေလာရာကနေ အချိန်တွေ ကြာလာပြီး မပျောက်လို့ အားကိုးတကြီး လျှောက်ထားမေးမြန်းခြင်း ဖြစ်ပါတယ် ဘုရား။ လောကီဆရာများကို မေးမြန်းပြီး သိရမယ့် လောကီအစီအရင်များဟာ တစ်ဖက်သူ ဒဏ်ပြန်ထိစေမယ့် အမှု ဖြစ်နေပါက ဘုရားမကြိုက်မှာစိုးလို့ တပည့်တော် မလုပ်လိုပါ။ ဘုရားသားတော် သံဃာတော်ကို မေးမြန်းပြီး ဗုဒ္ဓဆေးနဲ့ ကုတာ အကောင်းဆုံး ထင်လို့ လျှောက်ထားရခြင်း ဖြစ်ပါတယ်။ တကယ်လို့ ဗုဒ္ဓဝါဒမှာ ဒါတွေ မရှိဘူး၊ အယူမှားတွေ ဆိုရင်လဲ အားမနာတမ်း အမိန့်ရှိစေလိုပါတယ်ဘုရား။ တပည့်တော် နာခံပါ့မယ်။
ရိုသေစွာဖြင့်
မင်းမင်း


A. အီးမေးလ်မှ ရှေ့ဆင့်နောက်ဆင့် ရောက်လာတဲ့ မေးခွန်းရှင်နှစ်ဦးရဲ့ မေးခွန်းဟာ တစ်ဦးတည်းလို့ ဆိုရလောက်အောင် အကြောင်းအရာ အဖြစ်အပျက်များ တိုက်ဆိုင်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် နှစ်ဦးလုံးအတွက် တစ်ခါတည်း ဖြေပေးဖို့ ရည်ရွယ်လိုက်ပါတယ်။ အောက်လမ်းပယောဂများ အကြောင်းမပြောခင် ရုပ်တရားအကြောင်းကို အရင်ပြောလိုပါတယ်။ သိပြီးတဲ့အတိုင်းပဲ ခန္ဓာကိုယ်ကြီးကို ရလာပိုင်ဆိုင်လာတဲ့အတွက် ဖောက်ပြန်ခြင်း၊ ပြောင်းလဲခြင်းသဘောကတော့ အချိန်မရွေး၊ အသက်အရွယ်မရွေး၊ ကာလဒေသမရွေး လာနေမှာဖြစ်ပါတယ်။ အရင်တုန်းက ဘာမှမဖြစ်ဘဲ ခုမှဖြစ်ရကောင်းလားလို့ ဟိုတွေးဒီတွေး ဟိုထင်ဒီထင်လည်း မဖြစ်စေချင်ပါ။ ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက် ဆိုတာမျိုးလည်း မဖြစ်စေချင်ပါ။ တကယ်တော့ ရုပ်တရားဆိုတာ တစ်ခြားမဟုတ်ပါဘူး။ ရုပ္ပတီတိ ရူပံ- ဖောက်ပြန်တတ်တဲ့သဘောကြောင့် ရုပ်မည်တယ်လို့ ဆိုတဲ့အတွက်ကြောင့် ရုပ်ရဲ့သဘာဝ လက္ခဏာဟာ ဖောက်ပြန်ခြင်းသဘောရှိနေတာပါ။ ဒီလိုဖောက်ပြန်ခြင်း သဘောရှိတဲ့ ရုပ်တရားကို ပိုင်ဆိုင်ထားတဲ့သူမှန်သမျှ ရုပ်တရားရဲ့ ဖောက်ပြန်ပြောင်းလဲခြင်း သဘောကို ရင်ဆိုင်တွေ့ကြရမှာပါ။ ဘယ်သူမှ ရှောင်တိမ်းလို့ မရပါဘူး။ အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး ဖောက်ပြန်နေမှာပါ။ အကြောင်းအမျိုးနဲ့ ဖောက်ပြန်နေမှာပါ။

အဘိဓမ္မာအလိုအရ ရုပ်တရားဖောက်ပြန်ခြင်းအကြောင်း လေးမျိုးရှိပါတယ်။ ၁၊ ကံကြောင့်လည်း ဖောက်ပြန်ပါတယ်။ ၂၊ စိတ်ကြောင့်လည်း ဖောက်ပြန်ပါတယ်။ ၃၊ ဥတုကြောင့်လည်း ဖောက်ပြန်ပါတယ်။ ၄၊ အာဟာရကြောင့်လည်း ဖောက်ပြန်တတ်ပါတယ်။ ဒီလေးမျိုးထဲမှာ ကံကြောင့် ရုပ်တရားဖောက်ပြန် ပြောင်းလဲမယ်ဆိုရင် အကုသိုလ်အကျိုးဆက်များရဲ့ တန်ပြန်အကျိုးပေးမှုဖြစ်တဲ့အတွက် ကုသဖို့ ခက်ခဲပါတယ်။ စိတ်ကြောင့် ဖောက်ပြန်ရင်တော့ စိတ်နဲ့ပဲ ပြန်လည်ကုစားရပါမယ်။ ဥတုနဲ့ အာဟာရကတော့ ရာသီဥတုကို ကာကွယ်နိုင်မယ့် အ၀တ်အထည်များ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များကို သင့်လျော်အောင် လုပ်ပေးခြင်းဖြင့် ကုလို့ရပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အခြေအနေကို ကိုဆင်ခြင်ပြီး ဒီလေးမျိုးနဲ့ ညှိကြည့်ပါ။ ဘာကြောင့် ဖောက်ပြန်တယ်ဆိုတာ အတိအကျ မပြောနိုင်တဲ့အတွက် ကုလို့ရတဲ့နည်းနဲ့ ကုသကြည့်နိုင်ပါတယ်။ ဘယ်လိုမှ မရနိုင်ရင်တော့ တရားရှာ ကိုယ်မှာတွေ့ဆိုသလို တရားနဲ့သာ ဖြေနိုင်အောင်၊ ရှာနိုင်အောင် ကြိုးစားစေချင်ပါတယ်။ သေချာတာကတော့ ရုပ်တရားကြီး ရထားလို့ ဒီလိုအဖြစ်တွေနဲ့ ကြုံတွေ့နေရတာပါ။

နောက်တစ်ချက်က အောက်လမ်းပယောဂ စတာတွေပါ။ လောကီနည်းအရ ဒါတွေက ရှိပါတယ်။ တစ္ဆေ၊ အစိမ်းသရဲ စတာတွေလည်း ရှိပါတယ်။ နတ်ဆိုးများ၊ တန်ခိုးရှိတဲ့ မိစ္ဆာနတ်များ၊ ဘီးလူးသရဲများ စတာတွေဟာ လူကိုအမျိုးမျိုး ဒုက္ခပေးလေ့ရှိကြောင်း စာပေတွေမှာ ဖော်ပြတာတွေ ရှိပါတယ်။ ဒီနတ်ဆိုးများရဲ့ ဖမ်းစား၊ နှောက်ယှက်ခြင်းများ ခံရတဲ့အတွက် ဒုက္ခရောက်ရတဲ့အကြောင်း၊ တစ်ခါတစ်ရံ ပရိတ်အရံအတားများ ရွတ်ဖတ်ခြင်းများဖြင့် ထိုရန်များမှ ကာကွယ်သင့်ကြောင်း ဟောကြားဖော်ပြထားတာတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီနတ်ဆိုး အစိမ်းသရဲဆိုတာတွေ ရှိတယ်ဆိုတာ လက်ခံလို့ရပါတယ်။ ၀ိနည်း ပါရာဇိကဏ် အဋ္ဌကထာ၊ ပါဏာတိပါတ အဖွင့်မှာလည်း ၀ိဇ္ဇာမယ ပယောဂ- ဓာတ်ရိုက် ဓာတ်ဆင် ဂါထာမန္တရား စသော အစီ အရင်တို့ဖြင့် သေအောင်လုပ်ခြင်းဟူသော ပယောဂတစ်ခုကို ဖွင့်ပြထားတာ ရှိပါတယ်။ ဒါတွေကို ကြည့်ပါက ဒီလောကီအစီအရင်များ ရှိတယ်ဆိုတာ မှန်းဆသိနိုင်ပါတယ်။ ဗုဒ္ဓကတော့ ဒီလောကီနည်းများဟာ ဘ၀လွတ်မြောက်ရာ အမှန်လမ်းစဉ်များ၊ အကျိုးရှိတဲ့နည်းပညာများ မဟုတ်တဲ့အတွက် အထူးတလည် မဟောပါဘူး။ အားမပေးပါဘူး။ ရဟန်းများဆိုရင် မလုပ်ဖို့ပင် တာမြစ်ပိတ်ပင်ပါတယ်။ လူပုဂ္ဂိုလ်များအနေဖြင့်လည်း ဒီလိုအတတ်ပညာမျိုးနဲ့ အသက်မွေးဝမ်းကြောင်း မပြုတာကောင်းပါတယ်။ အားလည်းအားမပေးပါဘူး။ ဒါပေမယ့် ဒီရောဂါများ ကိုယ်ကိုယ်တိုင် စွဲကပ်လာရင်တော့ ကိုယ့်ရဲ့ကိုယ်ကျင့်သီလလည်း မထိခိုက်ဘူး၊ သရဏဂုံလည်း မထိခိုက်ဘူး၊ သူများတွေလည်း အကျိုးမယုတ်ဘူး ဆိုရင်တော့ ကျွမ်းကျင်တဲ့ဆရာများနဲ့ ပြသကုသနိုင်ပါတယ်။ အကောင်းဆုံးနည်းကတော့ ကိုယ့်ကိုယ်ကို ကိုယ်ကျင့်သီလလုံခြုံအောင်လုပ်၊ မေတ္တာပို့အမျှဝေ၊ သစ္စာဆိုပြီး အကောင်းဆုံးဖြစ်အောင် နေထိုင်ခြင်းဟာ အကောင်းဆုံးပါ။ အမှန်တော့ ပြုစားခံရတယ်ဆိုရင်လည်း ကံနိမ့်နေတဲ့အတွက် ပြုစားခံရတာပါ။ ကောင်းတာတွေအမြဲလုပ်နေ၊ ကိုယ်ကျင့်သီလတွေ ထာဝရလုံနေပေမယ့် အဆိုးတွေနဲ့ ကြုံတွေ့နေရတာတွေလည်း ရှိတတ်ပါတယ်။ ကောင်းတာတွေလုပ်နေပေမယ့် အတိတ်ကံအကျိုးပေးချိန် ရောက်လာရင် ပြန်ပေးဆပ်ရတာ၊ ပြန်ခံရတာတွေလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် ဘာမဆို အတိတ်ကံကိုပဲ ပုံချလို့ မရပါဘူး။ ပစ္စုပ္ပန်မှာလည်း ကောင်းနေဖို့ ကောင်းအောင်လုပ်နေဖို့ လိုပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်နေတဲ့ ကောင်းတဲ့အလုပ်တွေကိုတော့ ရပ်မပြစ်ဖို့ လိုပါတယ်။ စောင့်ထိန်းမြဲသီလကိုတော့ ဘာတွေပဲဖြစ်ဖြစ်၊ ဘယ်လိုပဲကြုံကြုံ မဆုတ်မနစ် ထိန်းနိုင်အောင် ကြိုးစားစေချင်ပါတယ်။ နောက်ဆုံး သေတာထက်ပိုပြီး ဖြစ်စရာအကြောင်း မရှိဘူးလို့ အဆုံးအထိတွေးပြီး အသိသတိယှဉ်ကာ ကြုံလာသမျှ ဒုက္ခများကို ရင်ဆိုင်နိုင်အောင် ကြိုးစားရင်း သီလ၊ သမာဓိ၊ ပညာကုသိုလ်တရားတွေသာ များများဖိလုပ်စေချင်ပါတယ်။ အချိန်တန်ရင်တော့ အားလုံးပြီးသွားမှာ၊ ကျော်လွှားသွားမှာပါလို့ပဲ အကြံပြုပါတယ်။
ဒါကြောင့် ရုပ်ဖောက်ပြန်တာပဲဖြစ်ဖြစ်၊ အောက်လမ်းပယောဂတွေကြောင့်ပဲ ဖြစ်ဖြစ် ဖောက်ပြန်တာတော့ ဖောက်ပြန်တာပဲ ဖြစ်တဲ့အတွက် အကယ်၍ အောက်လမ်းပယောဂဖြစ်လို့ သေချာတယ် ကုလိုတယ်ဆိုရင်လည်း အရင်ဆုံးမိမိကိုယ်ကို ကိုယ်ကျင့်သီလလုံခြုံအောင် ကြိုးစားပြီး ကိုယ်စောင့်နတ်များ အပါအ၀င် သုံးဆယ့်တစ်ဘုံ ရှိရှိသမျှ နတ်အပေါင်းတို့အား အမျှအတမ်းပေးဝေကာ ရတနာသုံးပါးနဲ့ ပတ်သက်တဲ့ သစ္စာဆို၍ သီလမကျိုး၊ သရဏဂုံမပျက်တဲ့ နည်းကိုရှာပြီး ကုကြည်ပါဟု တိုက်တွန်းလိုက်ပါတယ်။

3 မှတ်ချက်များ (...ရေးရန်):

  • Anonymous says:
    Tuesday, April 21, 2009

    ဘုန်းဘုန်းဘုရား
    သံဃာတော်များကို လူဆိုးတစ်စုက ကျောင်းတိုက်များတွင်း ဝင်ရောက် ရှာဖွေလို့ သံဃာတွေ အနီးအနား အိမ်တွေဆီ ပြေးလွှားပုန်းတဲ့အခါ ဝှက်ပေးပြီး လာမေးရင် သံဃာများ မရှိပါဘူး၊ အိမ်သားများသာ ရှိပါတယ်လို့ လိမ်ညာဖြေကြားသူ ဒကာဒကာမများ အပြစ်ရှိပါသလား သိလိုပါတယ်။
    ဒီနေရာမှာ လိမ်တာမှ တော်ရုံတန်ရုံ စိတ်မပါ့တပါ့ မဟုတ်ဘဲ ပိပိရိရိ ယုတ္တိရှိရှိ လိမ်ညာခြင်း၊ ဘာတွေ လိမ်ရမလဲဆိုတာ အိမ်တံခါးကို လာမခေါက်ခင်ထဲက ကြိုစဉ်းစားကြံစည်နေခြင်း၊ မရှိဘူး လိမ်ရုံတင်မက ဘယ်ကို ပြေးကြတာ တွေ့တယ်ဆိုပြီး ရှာမတွေ့နိုင်တဲ့ နေရာတစ်ခုခုကို လွှဲပြောလိုက်ပြီး အလိုက်မှားအောင် လိမ်ပြီးရင်း ထပ်လိမ်လိုက်ခြင်း၊ နောက်ရက်တွေမှာလဲ သံဃာတွေ လွတ်အောင် ဘယ်လိုလိမ်ပေးလိုက်တာဆိုပြီး အသီးသီး ကျူးလွန်ခဲ့တဲ့ မုသာဝါဒတွေကို အိမ်နီးချင်းအိမ်ရှင်တွေ အပြန်အလှန် ပြောဆိုရယ်မောပြီး ကျေနပ်ပီတိဖြစ်နေခြင်းတွေဟာ တပည့်တော်တို့ ဒကာဒကာမတွေအတွက် အပြစ်ကြီးလေးမလေး သိချင်ပါတယ်။ မုသာဝါဒကံကို ကျူးလွန်ရာမှာ မပြုမီ၊ ပြုဆဲ၊ ပြုပြီး စေတနာတွေ အားကောင်းမိတဲ့အတွက် အပြစ်ကြီးနိုင်မလားဘုရား။

  • မှန်ပါတယ်။ ဒီလို အင်္ဂါရပ်တွေနဲ့ ပြည့်စုံတဲ့အတွက် မုသာဝါဒ သိက္ခာပုဒ်ကို ကျူးလွန်ရာရောက်ပါတယ်။ ဒါပေမယ့် စေတနာ ရည်ရွယ်ချက် က ကောင်းနေတဲ့အတွက် မကောင်းတဲ့ တန်ပြန်သက်ရောက်မှု၊ အကျိုးပေးမှု အထိဖြစ်နိုင်တဲ့ ကံပြောက်တဲ့ ကျူးလွန်မှုလို့ ပြောရန် ခက်ပါတယ်။ နောက်တစ်ခါက်က ရတနာ သုံးပါးနဲ့ ပတ်သက်ပြီး ကာကါယ်တာ ဖြစ်တဲ့အတွက် သဒါတရားကြီးမှုလို့ ပြောနိုင်ပါတယ်။ တကယ်လို့ လိမ်တာပေါ်သွားရင် ကိုယ့်အတွက်လည်း ခံရမယ်ဆိုတာ သိရက်နဲ့ ဘုရားသားတော် သံဃာတော်များဖြစ်တဲ့ သံဃာရတနာကို ကိုယ့်အကျိုးကို မငဲ့ကွက်ဘဲ ကာကွယ်တဲ့ ရည်ရွယ်ချက်ဟာ ကောင်းတဲ့အတွက် အပြစ်ကြီးမဖြစ်နိုင်ပါဘူး။ အကယ်မုသာဝါဒ ကံမြောက်တဲ့အထိ အပြစ်ကျူးလွန်မိတယ်ဆိုဦးတော့ ဒီဘ၀မှာ တိုက်ရိုက်ငရဲကျနိုင်တဲ့ ပဉ္စာနန္တရိယ ကံကြီးကျူးလွန်တာ မဟုတ်တဲ့အတွက် ကျန်တဲ့အကုသိုလ်ကံများဟာ ကုသိုလ်ကောင်းမှုကို များများလုပ်ပေးခြင်းဖြင့် ကျော်လွှားသွားနိုင်ပါတယ်။ အဓိကကတော့ စေတနာအင်္ဂါရပ်တွေ ပြည့်စုံပေမယ့် စေတနာကောင်း၊ စေတနာဆိုးဆိုတာ ရှိတဲ့အတွက် မုသာဝါဒ သိကပြုဒ်ကို ကျူးလွန်တယ်ဆိုပေမယ့် စေတနာ ရည်ရွယ်ချက်က ကောင်းနေတဲ့အတွက် တန်ပြန်သက်ရောက်မှုလည်း ကောင်းနေမှာပါ။ ကိုယ့်လုပ်ရပ်အပေါ် နောင်တပူပန်မှု မဖြစ်ဖို့လိုပါတယ်။

  • ဝင်းမောင် says:
    Wednesday, April 22, 2009

    အရှင်ဘုရား
    အရင်က တပည့်တော် ၈ ပါးသီလ စောင့်ရင် ကြမ်းပေါ်မှာပဲ အိပ်ပါတယ်။ အခု လက်ရှိ နေတဲ့ အိမ်မှာ အပျင်းထူပြီး အိပ်ခါနီး အိပ်ရာ မခင်းချင်တာနဲ့ အသင့် ရှိနေတဲ့ ဆိုဖာပေါ် တက်အိပ်ပါတယ်။ ဆိုဖာ ဝယ်တုန်းကလဲ ဥပုသ်စောင့်တဲ့အခါ ထိုင်လို့နေလို့ရအောင် သားရေဆိုဖာမဝယ်၊ မွှေးပွဆိုဖာ မဝယ်ပဲ ရိုးရိုးဆိုဖာထဲက အခင်း သိပ်မနူးညံ့ မပျော့ပျောင်းတာကို ရွေးဝယ်ပါတယ်။ ဒါပေမယ့် ဆိုဖာက ဆိုဖာပဲဆိုတော့ ကြမ်းပြင်ထက်တော့ နူးညံ့နေပါတယ်။ တပည့်တော် အိပ်ရတာ ဇိမ်ရှိလိုက်တာ ဆိုတာမျိုးလဲ မဖြစ်မိပါဘူး။ ရေရှည်မှာ ခါးနာမှာစိုးလို့ ရိုးရိုးခုံတို့ ကွပ်ပျစ်တို့လို အခင်းမာမာကို ပိုကြိုက်ပါတယ်။ အိမ်ခန်းမှာ အဲဒါတွေ မရှိလို့ အိပ်ခါနီး အခင်းတွေ ဘာတွေ ထခင်းစရာ မလိုတဲ့ ဆိုဖာပေါ် အလွယ်အိပ်တာပါ။ ဥပုသ်ကျိုးပါသလားဘုရား


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ