အရှင်အာနန္ဒာနှင့် စပ်လျဉ်း၍…

Q. ဘုန်းဘုန်းဘုရား…
အရှင်အာနန္ဒာဟာ ဗဟုသုတအရာ၊ သတိမမေ့သည့်အရာ၊ ပညာလျင်သည့်အရာ၊ လုံ့လရှိသည့်အရာ၊ အလုပ်အကျွေးကောင်းအရာ ဧတဒဂ်ငါးခု ရတယ်လို့ ဘုန်းဘုန်းပို့စ်မှာ ဖတ်ရပါတယ်။ (၁) ပညာအရာမှာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာနဲ့ လုံ့လဧတဒဂ်ရတဲ့ အရှင်သောဏတို့နဲ့ အရှင်အာနန္နာရတဲ့ ဧတဒဂ် ဘယ်လို ကွာပါသလဲဘုရား။ (၂) ဒီလောက် ဥာဏ်ကြီးတဲ့ အရှင်အာနန္ဒာဟာ မြတ်စွာဘုရားကို လုပ်ကျွေးချင်လို့ သောတာပန် ဘဝမှာပဲ ဆက်နေတာလား၊ အထက်မဂ်တွေရအောင် အားမထုတ်ဘဲ ရပ်ထားတာလား ရှင်းပြစေလိုပါတယ်ဘုရား။
မျိုးဝေ

A. မေးခွန်းများကို တိုက်ရိုက်မဖြေခင် အရှင်အာနန္ဒာမထေရ်ရဲ့ ကြည်ညိုဖွယ်ဂုဏ်လေးကို ပြောပြလိုပါတယ်။ အရှင်အာနန္ဒာမထေရ်ဟာ မြတ်စွာဘုရားရှင်ရဲ့ အလုပ်အကျွေးရဟန်းတော် ဖြစ်တဲ့အပြင် ဘုရားရှင်နဲ့ တစ်ပြိုင်တည်း ဖွားတော်မူတဲ့ ပါရမီရှင် ဖွားဖက်တော်လည်း ဖြစ်ပါတယ်။ အလုပ်အကျွေးဆိုပေမယ့် ဘုရားရှင် ဘုရားဖြစ်ဖြစ်ချင်း အလုပ်အကျွေးဖြစ်လာတာ မဟုတ်ပါဘူး။ ၀ါတော်နှစ်ဆယ်နောက်ပိုင်းမှ ပရိနိဗ္ဗာန်ပြုတော်မူတဲ့အထိ လုပ်ကျွေးတော်မူခဲ့တာပါ။ အရှင်အာနန္ဒာရဲ့ ထူးခြားကြည်ညိုဖွယ်ကောင်းတဲ့ အချက်က အလုပ်အကျွေးမဖြစ်ခင် မြတ်စွာဘုရားရှင်ကို အချက်လေးချက်စီ တောင်းဆိုပါတယ်။ အဲဒါတွေက လက်မခံဘဲ ပယ်တဲ့ဆုလေးဆုနဲ့ ယူတဲ့ဆုလေးဆုပဲ ဖြစ်ပါတယ်။ အရှင်အာနန္ဒာမထေရ် ပယ်တဲ့ဆုလေးဆုမှာ
၁။ မြတ်စွာဘုရားရှင် ရရှိတော်မူထားသည့် မွန်မြတ်သော ဆွမ်းကွမ်းပစ္စည်းများဖြင့် မိမိအား မချီးမြောက်ရန် (ထိုချီးမြောက်မှုကို လက်မခဲဘဲပယ်တော်မူခြင်း)
၂။ မွန်မြတ်သော သင်္ကန်းပစ္စည်းတို့ဖြင့် မချီးမြောက်ရန် (ထိုအချက်ကို လက်မခံဘဲ ပယ်တော်မူခြင်း)
၃။ ဘုရားရှင် ကျိန်းတော်မူသော ဂန္ဓကုဋီတိုက်သို့ဝင်၍ မိမိကိုလည်း အိပ်ခွင့်မပြုရန် (ထိုအချက်ကို လက်မခံဘဲ ပယ်တော်မူခြင်း)
၎။ ဆွမ်းဖိတ်သော ဒါယကာတို့အိမ်သို့ မိမိအား အမြဲခေါ်၍ ကြွတော်မမူရန် (ထိုအချက်ကိုလည်း လက်ခမံဘဲ ပယ်တော်မူခြင်း)
ဒီလေးချက်က အရှင်အာနန္ဒာမထေရ် ပယ်တော်မူတဲ့ ဆုလေးဆုပါ။ အရှင်အာနန္ဒာပယ်တော်မူတဲ့ အချက်တွေကို ကြည့်ပါက အရှင်မြတ်ရဲ့ဂုဏ်တွေကို ပိုပြီးကြည်ညိုစရာ တွေ့ရပါတယ်။ သာမန်သူများဆိုရင် အခွင်အရေးကိုပင် တကူးတက တောင်းဆိုနေကြတာပါ။

နောက် ယူတဲ့ဆုက
၁။ အရှင်အာနန္ဒာက မိမိကိုယ်တိုင် ၀န်ခံပြီး ဖိတ်မာန်ထားတဲ့ ဆွမ်းကို မြတ်စွာဘုရားရှင်မှ ခံယူတော်မူပေးရန် (ဒီအချက်ကို ဘုရားရှင်ထံမှ သဘောတူရယူတော်မူခြင်း)
၂။ အနီးအဝေး အရပ်အသီးသီးမှ ဘုရားဖူးရန် ရောက်လာသူများ ဘုရားဖူးဖို့အတွက် အရှင်အာနန္ဒာကို ချည်းကပ်အကူတောင်းလို့ အရှင်အာနန္ဒာမှ လျှောက်ထားတဲ့အခါ ဘုရားရှင်က လက်ခံဖူးမြင်ခွင့်ပြုရန် (ဒီအချက်ကို ဘုရားရှင်ထံမှ သဘောတူ ရယူတော်မူခြင်း)
၃။ အရှင်အာနန္ဒာအနေဖြင့် တစ်စုံတစ်ခုသော တရားမှာ ယုံမှားသံသယရှိလို့ ဘုရားရှင်ကို ဆည်းကပ်မေးလျှောက်သည့်အခါ ဘုရားရှင်မှ ဆည်းကပ်လျှောက်ထားခွင့်ပြုရန် (ဒီအချက်ကို ဘုရားရှင်ထံမှ သဘောတူ ရယူတော်မူခြင်း)
၎။ အရှင်အာနန္ဒာမပါဘဲ ဘုရားရှင်အနေဖြင့် တစ်ခြားတစ်နေရာရာသို့ ကြွရောက် တရားဟောတော်မူတဲ့အခါ မိမိအားတစ်ဖန် ပြန်ပြီးဟောကြားပေးရန် (ဒီအချက်ကိုလည်း ဘုရားရှင်ထံမှ သဘောတူ ရယူတော်မူခြင်း)
ဒီလေးချက်က အရှင်အာနန္ဒမထေရ် ယူတော်မူတဲ့ ဆုလေးပါးပါ။ အလုပ်အကျွေးမဖြစ်ခင် ပယ်တဲ့ဆု၊ ယူတဲ့ဆုတွေကို တောင်းဆိုပြီးဘုရားရှင်က ခွင့်ပြုတဲ့အချိန်မှ စ၍ တစ်စက်လေးမျှ ချို့ယွင်းချက်မရှိအောင် ပြုစုလုပ်ကျွေးတော်မူပါတယ်။ ဒီလို အဖက်ဖက်က ပြည့်စုံတော်မူတဲ့အတွက် မြတ်စွာဘုရားရှင်မှ အရှင်အာနန္ဒာ မထေရ်အား ထူးချွန်ဆု ဧတဒဂ် ငါးတန်နဲ့ သံဃာ့ပရိတ်သတ်အလယ်မှာ ချီးမြှောက်တော်မူပါတယ်။ အရှင်အာနန္ဒာ ရတော်မူတဲ့ ဧတဒဂ်ငါးမျိုးကို ပါဠိတော်မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

``ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဗဟုဿုတာနံ ဘိက္ခူနံ၊ သတိမန္တာနံ ဘိက္ခူနံ၊ ဂတိမန္တာနံ ဘိက္ခူနံ၊ ဓိတိမန္တာနံ ဘိက္ခူနံ၊ ဥပဋ္ဌာပကာနံ ယဒိဒံ အာနန္ဒော`` ဒီစကားရပ်ကို တိုက်ရိုက်ပြန်ပြရရင်…
၁။ ရဟန်းတို့ အကြားအမြင် ဗဟုသုတများခြင်း ရှိကုန်သော ရဟန်းတို့တွင် အရှင်အာနန္ဒာသည် အသာဆုံး အမြတ်ဆုံးပေးတည်း။ (ဗဟုသုတအရာတွင် ဧတဒဂ်ရတော်မူခြင်း)
၂။ သတိရှိကုန်သော ရဟန်းတို့တွင် အသာဆုံး၊ အမြတ်ဆုံးပေးတည်း။ (သတိအရာတွင် ဧတဒဂ်ရတော်မူခြင်း)
၃။ သိစွမ်းနိုင်သည့် ပညာရှိကုန်သော ရဟန်းတို့တွင် အသာဆုံး၊ အမြတ်ဆုံးပေတည်း။ (ပညာအရာ ဧတဒဂ်ရတော်မူခြင်း)
၎။ လုံ့လရှိကုန်သော ရဟန်းတို့တွင် အသာဆုံး၊ အမြတ်ဆုံးပေတည်း။ (၀ိရယအရာ ဧတဒဂ် ရတော်မူခြင်း)
၅။ အလုပ်အကျွေးရဟန်းတို့တွင် အသာဆုံး၊ အမြတ်ဆုံးပေတည်း။ (အလုပ်အကျွေးအရာတွင် ဧတဒဂ် ရတော်မူခြင်း)။

(၁) ဒီငါးချက်ဟာ အရှင်အာနန္ဒာ ရတော်မူတဲ့ ဧတဒဂ်များဖြစ်ပါတယ်။ ဒီအချက်တွေထဲမှာ ပညာအရာ ဧတဒဂ်ရတော်မူတယ်ဆိုတာ အရှင်သာရိပုတ္တရာရရှိတော်မူတဲ့ ပညာဉာဏ်ကြီးမားမှုမှာ အသာဆုံးဆိုတဲ့ ဧတဒဂ်မျိုးမဟုတ်ပါဘူး။ အရှင်အာနန္ဒာရဲ့ ပညာအရာ ဧတဒဂ်က ဘုရားရှင်ဟောတော်မူတဲ့အတိုင်း အလုံးစုံသော ပုဒ်တို့ကို သိစွမ်းနိုင်တဲ့ ပညာကို ပြောတာပါ။ ဒီလိုပညာမျိုးမှာသာ အသာဆုံးလို့ ဆိုလိုတာပါ။ အရှင်သာရိပုတ္တရာရဲ့ ပညာဉာဏ်ကြီးမားမှုကတော့ အလုံးစုံသောအရာတွေမှာ ဉာဏ်ပညာကြီးမားမှုလို့ နားလည်နိုင်ပါတယ်။ ဒါကြောင့် အရှင်အာနန္ဒာရတဲ့ ပညာအရာ ဧတဒဂ်နှင့် အရှင်သာရိပုတ္တရာရဲ့ ဧတဒဂ်မတူပါဘူး။

နောက် အရှင်အာနန္ဒာရဲ့ လုံ့လအရာ ဧတဒဂ်ကလည်း အရှင်သောဏရတဲ့ ဧတဒဂ်နဲ့ မတူပါဘူး။ အရှင်သောဏက ထက်သန်ပြင်းပြသော လုံ့လအရာမှာ ဧတဒဂ်ရတာဖြစ်ပြီး အရှင်အာနန္ဒာကတော့ ဘုရားရှင်၏ စကားတော်ကို သင်ခြင်း၊ ဆောင်ခြင်း၊ သရဇ္ဈာယ်ခြင်းနှင့် ဘုရားရှင်ကို ဆည်းကပ်လုပ်ကျွေးခြင်း ဆိုတဲ့ လုံ့လအရာတို့မှာ အသာဆုံးအမြတ်ဆုံးလို့ ဆိုပါတယ်။ ဒါကြောင့် အရှင်သောဏရဲ့ လုံ့လအရာ ဧတဒဂ်နဲ့ အရှင်အာနန္ဒာရဲ့ လုံ့လအရာ ဧတဒဂ်တို့ဟာလည်း တူသလိုလိုနဲ့ မတူပါဘူး။

(၂) မှန်ပါတယ်။ အရှင်အာနန္ဒာဟာ ဘုရားရှင်ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ပထမသင်္ဂါယနာတင်ချိန်မှ ရဟန္တာအဖြစ်ကို ရောက်တော်မူပါတယ်။ ပညာဉာဏ်ကြီးပါလျက်နဲ့ ဘာကြောင့် ဘုရားရှင် သက်တော်ထင်ရှား ရှိချိန်မှာ ရဟန္တာမဖြစ်တာလဲဆိုတဲ့ အချက်ကတော့ ပါဠိတော်စာပေမှာ တိုက်ရိုက်မလာဘဲ ရဟန္တာဖြစ်တဲ့ အချိန်တွင် ဣရိယာပုတ်လေးပါးမှလွတ်ပြီး ရဟန္တာ ဖြစ်တော်မူကြောင်းပဲ တိုက်ရိုက်တွေ့ရပါတယ်။ ဘုန်းဘုန်းအမြင်ကတော့ အချိန်မတန်သေးတဲ့ အတွက်ကြောင့်လို့ မြင်ပါတယ်။ နောက်တစ်ချက်က ဒကာပြောသလို ဘုရားရှင်ကို အားရပါးရနဲ့ အချိန်ပြည့်လုပ်ကျွေးလိုတဲ့အတွက် ဆက်ပြီး တရားအားမထုတ်ဘဲ ရပ်ထားတာလဲ ဖြစ်နိုင်ပါတယ်။ ပြီးတော့ အရှင်မြတ်ရဲ့ အလုပ်အကျွေးဖြစ်ပြီး အချိန်တွေကို ပြန်ကြည့်မယ်ဆိုရင် အလွန်အမတန် အလုပ်ရှုပ်တာကို တွေ့ရပါတယ်။ ဘုရားရှင်ထံကိုပဲ တစ်နေ့၁၈ကြိမ် အခစားရောက်တယ်လို့ဆိုပါတယ်။ ရောက်တိုင်းရောက်တိုင်းလည်း သူကိုယ်တိုင်မေးတဲ့ မေးခွန်းတွေရော တစ်ခြားသူများကတစ်ဆင့် မေးစေတဲ့မေးခွန်းတွေရော ပါပါသွားတယ်လို့ ဆိုပါတယ်။ ဒီလိုဘုရားရှင်အကျိုး အများအကျိုးတွေကို ပြင်းထန်စွာလုပ်နေရတဲ့ အတွက်တရားအားထုတ်မှုမှာ အချိန်နည်းသွားတာလည်း ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ အချိန်မတန်သေးလို့ပဲ ဖြစ်ပါတယ်။ အချိန်တန်တော့လည်း ထူးခြားစွာ ရဟန္တာဖြစ်သွားတော်မူတာပါပဲ။

1 မှတ်ချက်များ (...ရေးရန်):

  • နန့်ရွှေခင် says:
    Saturday, May 02, 2009

    မြတ်စွာဘုရား ပရိနိဗာန်စံတာ ၂၅၅၃ ခုနှစ် ရှိပြီဆိုတာ ပညာရှင် အချို့က မြတ်စွာဘုရားအလောင်းတော်ဟာ ဘီစီ ၄၈၃ မှာ ဖွားပြီး ဘုရားဖြစ်ပြီး ၄၅ ဝါ၊ ဘီစီ ၅၆၃ မှာပရိနိဗာန် စံတဲ့အတွက် မဟာဝံသက လက်ခံထားတဲ့ ဘီစီ ၅၄၄ မှာ ဖွားတော်မူတာ မဟုတ်ဘူး။ ၆၁ နှစ် လျှော့ရမယ်လို့ ဆိုကြောင်း ဖတ်ရပါတယ်။ ဒါဆို မြတ်စွာဘုရား ဖွားတော်မူတာ ၂၆၃၃ နှစ်၊ ပရိနိဗာန် စံတော်မူတာ ၂၅၅၃ နှစ် ရှိပြီဆိုတာကို ၆၁ နှစ် လျှော့ရမှာလားဘုရား။ တပည့်တော်တို့ သတ်မှတ်လာတဲ့ သာသနာ့သက္ကရာဇ်နဲ့ မြတ်စွာဘုရားအလောင်းတော် ဖွားမြင်နှစ်များဟာ အမှန်လား၊ ၆၁ နှစ် လျှော့ရမှာလား သိလိုပါတယ်ဘုရား။
    တပည့်တော်တို့ ကိုးကွယ်ရာ ဘုရားရှင်နဲ့ ပတ်သက်တဲ့ အရေးကြီးသော နှစ်ကာလများဖြစ်၍ အမှန်ကို အရေးတကြီး သိလိုလှပါတယ်။ ရှင်းပြပေးတော်မူပါဘုရား။


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ