မျှစ်တစ်ချောင်းနဲ့ အပြစ်တစ်ကြောင်း…

လွန်ခဲ့တဲ့ တစ်လကျော်လောက်က ဖြစ်ပါလိမ့်မယ်။ ကျောင်းမှာ ဘုန်းကြီးဝေယျာဝစ္စ လုပ်ပေးမယ့်သူ မရှိဘူးဆိုလို့ ဝေယျာဝစ္စလုပ်ဖို့ ဒကာလေးတစ်ယောက် ကျောင်းကိုရောက်လာပါတယ်။ ကျောင်းရောက်တော့ ဘုရားနဲ့ ဘုန်းကြီးကို ရှိခိုးဦးချပြီး နောက်နေ့အတွက် ဘုန်းကြီးကပ်ရမယ့် ဆွမ်းဆွမ်းဟင်းများ ရှိမရှိ၊ ဘာတွေလိုမလို လိုက်ကြည့်ရင်း အလှည့်ကျလာပို့ထားတဲ့ ဆွမ်းဟင်းတွေထဲက မျှစ်သုပ်ခွက်ကိုကြည့်ပြီး သူ့စိတ်ထဲမှာ တစ်ခုခုဖြစ်သွားပါတယ်။ သူ့စတိုင်လ်လေးကလည်း စိတ်ထဲမှာ တစ်ခုခုမရှင်းတာရှိရင်၊ ဒါမှမဟုတ် ဘ၀င်မကျတာရှိရင် တိုက်ရိုက်ပြောဆို မေးမြန်းတတ်တဲ့ စတိုင်လ်လေးဆိုတော့ ဟိုကြည့်ဒီကြည့်လုပ်ရင်း စာဖတ်နေတဲ့ ဘုန်းဘုန်းအနားကို ရောက်လာပြီး မေးပါတော့တယ်။ “အရှင်ဘုရား… သူများလာပို့ထားတဲ့ ဆွမ်းဟင်းကိုကြည့်ပြီး အထူးသဖြင့် အချောင်းလိုက်သုပ်ထားတဲ့ မျှစ်သုပ်ကိုကြည့်ပြီး တပည့်တော်စိတ်ထဲမှာ ဒီလူတွေ ဒီလောက်မှ မသိကြဘူးလား…၊ ဘုန်းကြီးဆွမ်းဟင်းကို ဒီလိုပဲ ဖြစ်သလို လုပ်ပေးရလား… စတဲ့ အတွေးတွေဖြစ်မိပါတယ်။ အဲဒါ တပည့်တော် အပြစ်ဖြစ်ပါသလားဘုရား“ ဆိုပြီး မေးလျှောက်ပါတယ်။

“အင်း… ဖြစ်တယ်“လို့ပဲ ဘုန်းဘုန်းအဖြေပေးလိုက်ပါတယ်။ ပြီးတော့မှ “ဒကာလေး စိတ်စေတနာကို ဘုန်းဘုန်းနားလည်ပါတယ်၊ ဒကာလေးရဲ့ စေတနာကတော့ ဘုန်းဘုန်းကို အကောင်းဆုံးဖြစ်အောင် သေချာကျကျနန သပ်သပ်ရပ်ရပ် ပြင်ဆင်ချက်ပြုတ် ကပ်လှူစေချင်တဲ့ သဘောနဲ့ ဒီလိုတစ်ဘက်သူအပေါ် အပြစ်တင်တဲ့ အတွေးဖြစ်တာနေမှာပါ၊ ဒါပေမယ့် တစ်ဘက်ကို ပြန်တွေးကြည့်ရင် သူတို့ဟာ အလုပ်မအားတဲ့ကြားက အလုပ်ပြီးတာနဲ့ မနားတမ်းချက်ပြုတ်ပြီး ကျောင်းကိုလာပို့ ပေးရတဲ့အခြေအနေပါ၊ အလုပ်ကထွက် အေးအေးဆေးဆေး အနားယူရမယ့် အချိန်မှာ မနားဘဲ ဘုန်းဘုန်းဆွမ်းအတွက် အဆင်ပြေပါစေဆိုတဲ့စိတ်နဲ့ ကြိုးကြိုးစားစား အပတ်စဉ်ချက်ပြုတ် လာပို့နေတာပါ၊ သာမန်စိတ်နဲ့ဆိုရင် အမြဲဒီလို လုပ်နိုင်ဖို့ မလွယ်ပါဘူး၊ နောက်တစ်ချက်က သူတို့လာပို့တဲ့ ဟင်းလေးတွေမှာ ဒကာမများ ချက်ပြုတ်လှူဒါန်းသလိုမျိုး သပ်ရပ်သေသပ်မှု အရသာရှိမှု ရှိချင်မှရှိမယ် သူတို့အတွက် ချက်ထားတာတွေ သူတို့စားတာတွေထက်တော့ ပိုပြီးကောင်းအောင် ပိုပြီးပြည့်စုံအောင် လုပ်ပြီးလာပို့တာဆိုတာကတော့ လုံးဝကို သေချာပါတယ်၊ တကယ်တော့ ဒီကလေးတွေဟာ နိုင်ငံခြားတိုင်းပြည်မှာ ရောက်နေလို့ မဖြစ်မနေ ချက်ပြုတ်စားသောက်ရမယ့် အနေအထားမို့ စမ်းသပ်ချက်ပြုတ်ရင်း ဟင်းတစ်ခွက်ဖြစ်အောင် လုပ်တတ်တဲ့သူတွေပါ၊ အိမ်မှာဆိုသူတို့ဟာ ဘဲဥတောင် မပြုတတ်တဲ့သူတွေပါ၊ ဒီလို ကလေးတွေက ချက်ပြုတ်လှူဒါန်းတဲ့ဟင်း ဒီလောက်ကောင်းနေတာတောင် တော်လှပြီ၊ ဘုန်းဘုန်းကတော့ မအားတဲ့ကြားက ချက်ပြုတ်လာပို့တဲ့ သူတို့စေတနာလေးကို စဉ်းစားရင်းနဲ့တောင် သူတို့ရဲ့ဟင်းလေးတွေက အရသာရှိနေပါပြီ၊ တကယ်စားရမယ့် ဘုန်းဘုန်းကိုယ်တိုင်တောင် ဘာမှမပြော အပြစ်မတင်ပဲနဲ ဘေးကနေကြည့်တဲ့ ဒကာလေးအနေနဲ့ အပြစ်တင်မစောဖို့ သူတပါးရဲ့ လုပ်ရပ်လေးတွေကိုကြည့်ပြီး အကုသိုလ်မဖြစ်ဖို့ သူတို့လေးတွေရဲ့ နေရာကကြည့်ပြီး တွေးတတ်ဖို့ မြင်တဲ့ကြည့်တဲ့အခါမှာ အကုသိုလ်ဖြစ်စေမယ့် မကောင်းတဲ့အမြင်အကြည့်တွေ မဖြစ်စေဘဲ ကုသိုလ်ဖြစ်စေမယ့် ကောင်းတဲ့အမြင်အကြည့်လေးတွေနဲ့ ကြည့်တတ်အောင် ကြိုးစားဖို့လိုပါတယ်“ ဆိုပြီး သူ့စိတ်ထဲမှာ ဖြစ်နေတဲ့ အပြစ်တင်အတွေးလေးကို ပျောက်သွားအောင်၊ နောင်ဒီလိုမျိုး အကုသိုလ်အပြစ် ဖြစ်စေမယ့် အတွေးမျိုး မဖြစ်အောင် သေသေချာချာ ရှင်းလင်းပြောပြပေးလိုက်ပါတယ်။ ဒီတော့မှ ဒကာလေးဟာ ကောင်းကောင်းနားလည်သွားပြီး သူ့ရဲ့ ဒီအဖြစ်လေးကို စွဲစွဲမြဲမြဲ သဘောပေါက်သွားကာ နောက်ပိုင်းမှာ ဒီလိုမဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ခံယူချက်ပါရသွားပါတော့တယ်။ နောက်နေ့ အချောင်းလိုက်သုပ်ထားတဲ့ မျှစ်သုပ်ကို ဘုန်းကြီးကပ်ပြီး ကျန်တာအဲဒီဒကာလေး စားမိတော့ စားလို့အတော်ကောင်းကြောင်း ညကအပြစ်တင်စောမိတဲ့ သူ့ရဲ့စိတ်အတွေးအတွက် သင်္ခန်းစာရမိကြောင်း ထပ်လျှောက်ပါတယ်။

ဟုတ်ပါတယ်။ အကုသိုလ်အပြစ်ဆိုတာ အလွန်ဖြစ်ဖို့လွယ်ပါတယ်။ ဟိုတုန်းက ဘုန်းဘုန်းရေးခဲ့ဖူးသလိုပဲ အကုသိုလ်တွေဟာ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တွေကို အမှီပြုပြီးတော့ အချိန်မရွေး ဖြစ်နေတတ်တာပါ။ ကိုယ်က ဒီအာရုံတွေကို သတိလေးနဲ့ ထိန်းနေနိုင်မှ အပြစ်အဖြစ် သက်သာတာပါ။ ဒီ ဒကာလေးရဲ့ အဖြစ်ကိုကြည့်ရင် မျှစ်သုပ်ကိုကြည့်ပြီး သူ့စိတ်ထဲမှာကို အမျိုးမျိုး အတွေးတွေ၊ အပြစ်တွေ ဖြစ်ခဲ့တာပါ။ ဆွမ်းဟင်းလာပို့ပြီး ပြန်သွားတဲ့ ဒကာလေးများကတော့ သူတို့ချက်ပြုတ် ထားတာလေးကို ကျောင်းသွားပို့လှူဒါန်းလိုက်တဲ့ စိတ်စေတနာလေးနဲ့ ပြန်သွားခဲ့ပြီးပါပြီ။ ကုသိုလ်စိတ်လေးတွေနဲ့ ကိုယ့်နေရာလေးမှာ အေးအေးဆေးဆေး နေနေပါပြီ။ အဲလို မဖြစ်တာက ကျောင်းမှာကျန်ခဲ့တဲ့ ဒကာလေးပါ။ အလကားနေရင်း သူများအလှူကို အမှီပြုပြီး အကုသိုလ်လေးတွေ ရလိုက်တာပါ။ ဒီအကုသိုလ်စိတ်ဖြစ်တဲ့ အတွက် အရင်ဆုံးရလိုက်တာ၊ ခံစားလိုက်ရတာက သူကိုယ်တိုင်ပါ။ ဒါပေမယ့် ဒီဒကာလေးရဲ့ ကောင်းတဲ့စိတ်လေးက သူစိတ်ထဲမှာ ဖြစ်တာကို ချက်ချင်းပြန်လျှောက်ပြီး မှားမှန်းသိတဲ့အတွေးကို အမှန်ရောက်အောင်၊ အကုသိုလ်ကနေ ကုသိုလ်ဖြစ်အောင် လုပ်နိုင်လိုက်တာပါ။ ဒါတွင်မကသေးပါဘူး။ သူဖြစ်သလို သူများတွေလည်း အပြစ်တင်မစောရအောင် ဒီအကြောင်းလေးကို ပြန်ပြီးတင်ပြပေးဖို့ လျှောက်ထားလာတဲ့ သူရဲ့စေတနာကတော့ အမတန်ချီးကျူးစရာပါ။ အပြစ်ကိုထောက်ပြ ပြောဆိုတာကို မကြိုက်တဲ့ လောကကြီးမှာ အပြစ်ကိုပြောပြစေပြီး သူများတွေကို အတုယူစေတာဟာ သိပ်ကောင်းတဲ့လုပ်ရပ်လေးပါ။

ဒီနေရာမှာ ဘုန်းဘုန်းတို့ ပရိတ်သတ်များ လေ့ကျင့်သင့်တာလေးက အပြစ်တင်မစောအောင် လေ့ကျင့်ကြဖို့ပါ။ သိတဲ့အတိုင်းပါပဲ။ လူတွေဟာ ကိုယ့်ကိုယ်ကိုသာ မမြင်တတ်ကြတာ။ သူများအပြစ်ကတော့ သိပ်မြင်တတ်ကြပါတယ်။ အပြစ်တင်တတ်တဲ့ အကျင့်ကလည်း မြန်သလားမမေးနဲ့။ ဘာမှမစဉ်းစား၊ မဆင်ခြင်၊ မစူးစမ်းတော့ဘဲ ကိုယ့်အတွေး ကိုယ့်အမြင် ကိုယ်လိုချင်တာနဲ့ အန်ဝင်ခွင်ကျ မဖြစ်တာနဲ့ ချက်ခြင်းကို အပြစ်ပြောဖြစ်ကြပါတယ်။ အပြစ်တင်စောတတ်ကြပါတယ်။ အပြစ်တင်တတ်တဲ့ ဒီအကျင့်ကတော့ ကိုယ့်အတွက်ရော အများအတွက်ပါ မကောင်းသလို အခုဘ၀ရော နောင်ဘ၀အတွက်ပါ မကောင်းပါဘူး။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အကြောင်းအရာတစ်ခုကို သေချာစဉ်းစား စုံစမ်းခြင်းမရှိဘဲ အပြစ်တင်မစောကြဖို့ အရေးကြီးတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

တကယ်တော့ အပြစ်တင်တတ်တဲ့ အကျင့်ရှိတာ လူတစ်ယောက်အတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ အပြစ်တင်တတ်တယ်ဆိုကတည်းက အပြစ်ကြည့်တတ်လို့ အပြစ်တင်တတ်တာပါ။ အပြစ်ကြည့်တတ်ပြီဆိုရင်တော့ ကုသိုလ်စိတ်နဲ့ ကြည့်တာမဟုတ်ဘူး ဆိုတာသေချာပါတယ်။ ဒါဆိုရင် အကုသိုလ်ပဲပေါ့။ ဟုတ်ပါတယ်။ အပြစ်ဆိုတာ လူတစ်ယောက်ရဲ့ အားနည်းချက် မကောင်းတဲ့အချက်ပဲ ဖြစ်ပါတယ်။ အဲဒီအပြစ်ကို ကြည့်တတ်တဲ့သူဆိုရင်လည်း မကောင်းတဲ့အချက်ကို မြင်တတ်တဲ့အတွက် မကောင်းတဲ့စိတ်ပဲ အရင်ဖြစ်မှာပါ။ မကောင်းတဲ့စိတ်ဖြစ်ရင် အကုသိုလ်စိတ်ဖြစ်ပြီး အယောနိသော မနသိကာရ ဆိုတဲ့ မကောင်းတဲ့ နှလုံးသွင်းစိတ်ထား ဖြစ်ပါတယ်။ အယောနိသောမနသိကာရ ဖြစ်နေတဲ့ သူတစ်ယောက်ဟာ ကုသိုလ်ဖြစ်ဖို့လည်း ခက်သွားတတ်ပါတယ်။ ဒါကြောင့် ဘာပဲကြည့်ကြည့် ဘာပဲတွေးတွေး အကုသိုလ်မဖြစ်အောင် ယောနိသောမနသိကာရ စိတ်လေးနဲ့ အကောင်းဘက်က ကြည့်တတ်အောင် ကြိုးစားသင့်ပါတယ်။ အဲဒီလို အကောင်းဘက်က ကြည့်တတ်ကြမယ်ဆိုရင် ဘာကိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် အမှီပြုပြီး အကုသိုလ်စိတ်ဖြစ်ဖို့ ခက်ခဲသွားတတ်ပါတယ်။

မှန်ပါတယ်။ အပြစ်တွေဖြစ်ဖို့များ အကုသိုလ်တွေဖြစ်ဖို့များ ကိလေသာအာရုံတွေများတဲ့ လောကကြီးမှာ သာမန်ပုထုဇင်တွေ ဖြစ်နေကြတဲ့ ဘုန်းဘုန်းတို့တတွေဟာ ကုသိုလ်မဖြစ်ချင်နေပါစေ အကုသိုလ်တွေမဖြစ်အောင် အကုသိုလ်တွေ အဖြစ်နည်းအောင် အတတ်နိုင်ဆုံး ကိုယ့်စိတ်လေးကို သတိတရားလေးနဲ့ ထိန်းပေးကြဖို့ လိုပါတယ်။ ဒီလို ထိန်းပေးတဲ့အခါမှာ အရင်ဆုံးရှိရမှာက ယောနိသောမနသိကာရဆိုတဲ့ အကုသိုလ်မဖြစ်အောင် တွေးတတ်တဲ့ စိတ်လေးရှိဖို့လိုပါတယ်။ ဒီစိတ်လေးသာ လူတိုင်းမှာ ရှိထားကြမယ်ဆိုရင် လောကကြီးမှာ တစ်ဦးနဲ့တစ်ဦး အပြစ်မြင်တတ်တဲ့ အကျင့်လေးတွေ၊ အပြစ်တင်စောတဲ့ စိတ်ဓာတ်လေးတွေ တဖြည်းဖြည်း နည်းသွားကြမှာ အမှန်ပါပဲ။

ဒါကြောင့် မျှစ်တစ်ချောင်းကို အကြောင်းပြုပြီး အပြစ်တင်စောတတ်တဲ့၊ အယောနိသော မနသိကာရကြောင့် အပြစ်တစ်ကြောင်း ဖြစ်သွားခဲ့ရတဲ့ ဘုန်းဘုန်းတို့ ဒကာလေးရဲ့ အဖြစ်လေးကို အတုယူပြီး ဘုန်းဘုန်းတို့ ပရိတ်သတ်များအနေဖြင့်လည်း နေရတဲ့အခိုက်လေးမှာ ကိုယ်သန္တာန်မှာ အကုသိုလ်အပြစ်တွေ အဖြစ်နည်းစေဖို့ ဘာကိုပဲဖြစ်ဖြစ်၊ ဘယ်သူ့ကိုပဲဖြစ်ဖြစ် အပြစ်တင်မစောကြဖို့၊ သူတပါးကို အမှီပြုပြီး ကိုယ့်သန္တာန်မှာ အကုသိုလ်တွေ မဖြစ်ဖို့ သတိပညာတရားလေးများဖြင့် ကိုယ့်ရဲ့ ကိုယ်နှုတ်နှလုံးကို ထိန်းသိမ်းစောင့်ရှောက်ကြပါဟု ဒီ “မျှစ်တစ်ချောင်းနဲ့ အပြစ်တစ်ကြောင်း” ဆိုတဲ့ စာစုလေးနဲ့ ဓမ္မလက်ဆောင် ပါးလိုက်ရပါတယ်။
မှတ်ချက်။ ။ ဒီစာစုလေး ရေးဖြစ်အောင် လျှောက်ထားတင်ပြလာတဲ့ ဘုန်းဘုန်းရဲ့ ဝေယျာဝစ္စတွေလုပ်ပေးတဲ့ ဒကာလေးကို ကျေးဇူးတင်စွာဖြင့် ဤစာစုလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။

2 မှတ်ချက်များ (...ရေးရန်):

  • ဝင်းရန်နိုင် says:
    Saturday, June 27, 2009

    ဘုန်းဘုန်း
    တပည့်တော် လှူရတာ ဝါသနာပါပါတယ်။ အခု ထေရဝါဒသာသနာ မရှိတဲ့ နိုင်ငံ ရောက်နေတော့ အဝေးကနေ မြန်မာပြည်ထဲကို လှမ်းပြီး အလှူအတန်း လုပ်ပေမယ့် ကိုယ်တိုင် လက်နဲ့ လုပ်ရသလို အားမရပါဘူး။ ပီတိဖြစ်တာလဲ များသောအားဖြင့် ကိုယ်တိုင် လက်နဲ့လုပ်ရရင် ပိုဖြစ်တယ် ထင်ပါတယ်။ ဒါနကုသိုလ် များများဝဝ လုပ်ရအောင် ဘယ်လိုလုပ်ရမလဲ ဘယ်လိုဓိဌာန်ရမလဲဘုရား။
    တရားတွေကို နတ်တွေ ကြားအောင် နှုတ်က ရွတ်တာ ဓမ္မအလှူပေးရာ ရောက်ပါသလား။ စိတ်ဝင်တစား တရားနာမယ့် နတ်တွေ အနားမှာ ရှိမရှိ မသိရင် ဘယ်လို လုပ်ရပါ့မလဲ။ ကိုယ်ပေးနေတဲ့အလှူကို ယူသူ ရှိမှ ရှိရဲ့လား သိချင်လို့ပါ။

  • ချမ်းသာအောင် says:
    Sunday, June 28, 2009

    တပည့်တော် ဖခင်ကြီးဟာ အသက်ရလာပေမယ့် ဘုရားတရားအလုပ်ကို စိတ်အားထက်သန်ခြင်း မရှိသေးပါဘူး။ အလှူအတန်း စိတ်ထက်သန်ပြီး သူ့ကိုယ်သူလဲနှိမ့်ချတတ်သူ ဖြစ်တဲ့အတွက် တရားဓမ္မကို စိတ်ပါဖို့သာ လိုတယ်၊ စိတ်ပါအောင် ဘေးက လှုံ့ဆော်ပေးနိုင်ရင် ဆက်မလုပ်ဖွယ် မရှိဘူးလို့ တပည့်တော် ထင်ပါတယ်။ အဖေက စိတ်မပါ စိတ်ဝင်စားပုံမပြ ဖြစ်နေလို့ ဘယ်လိုလုပ်ရမလဲ အကြံဥာဏ်ပေးပါဘုန်းဘုန်း။
    အဖေက အများကောင်းဖို့ဆို သတ်စရာရှိ သတ်ဖို့လိုတယ်၊ လိမ်စရာရှိ လိမ်ဖို့လိုတယ်..ဆိုတဲ့ လူတွေကို ဆရာတင် ပေါင်းမိလို့ ဘာသာရေးကို လုပ်ရမှာ ရှက်သလို ဖြစ်နေတာလို့ တပည့်တော် ထင်ပါတယ်။ တပည့်တော် အဖေ့ကို အဝေးကနေ စိတ်မှန်းပြီး တရားဟောတာ လုပ်ကြည့်ပါတယ်။ တပည့်တော် သိထားသမျှ ငါးပါးသီလ စောင့်ဖို့၊ တရားရှုမှတ်ဖို့၊ သံဃာတွေကို လှူဖို့တန်းဖို့ စတဲ့ တရားအသိလေးတွေ အဖေ့ကို ရည်မှန်းပြီး မကြားနိုင်မှန်း သိပေမယ့် ပြောတာပါ။ ဒါဟာ အစွမ်းရှိပါသလားဘုန်းဘုန်း။ တပည့်တော်က အဖေ့ကို တိုက်ရိုက်ပြောရင် လက်မခံလောက်ဘူး ထင်လို့ ဒီနည်း သုံးကြည့်တာပါ။ လူကို မမြင်ရ မတွေ့ရဘဲ ဒီလို အဝေးက ရည်စူးပြီး တရားဟောတာ အကျိုးရှိမရှိ လုပ်အပ်မလုပ်အပ် သိချင်ပါတယ်။


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ