ဂုဏ၀န္တေ ပဿန္တိ ဇနာ…

``ဂုဏ၀န္တေ ပဿန္တိ ဇနာ`` ဒီစာကြောင်းလေးကို ဂုဏ်ရှိမှ လူမြင်၏လို့ တိုက်ရိုက်အဓိပ္ပါယ် ယူနိုင်ပါတယ်။ ခတ်ရိုင်းရိုင်းပြောရရင် အမြီးရှည်မှ လူရာဝင်တယ်၊ လူအထင်ကြီးတယ်လို့ အလွယ်နားလည်နိုင်ပါတယ်။ အားလုံးသိတဲ့အတိုင်း ခေတ်ကာလ အနေအထားအရ လူတွေဟာ များသောအားဖြင့် တစ်ဦးနဲ့တစ်ဦး ကြည့်တဲ့အခါ၊ ဆက်ဆံတဲ့အခါ ဒီဂုဏ်တွေကို ကြည့်ပြီးဆက်ဆံ ပြောဆိုနေကြတာကို တွေ့ရပါတယ်။ ယနေ့ခေတ်လူတွေ အထင်ကြီး သတ်မှတ်ကြတဲ့ ဂုဏ်တွေကတော့ ပညာဂုဏ်၊ ရာထူးဂုဏ်၊ ငွေဂုဏ်စတာတွေ ပါပဲ။ တကယ်တော့ ပညာဂုဏ်ဆိုတာထက် နောက်ကတပ်လို့ရတဲ့ ဘွဲ့ဒီဂရီတွေနဲ့ ရာထူးဂုဏ်လို့ပြောကြတဲ့ အပွင့်တွေ၊ အခက်တွေ၊ အရစ်တွေ စတာတွေကို ပိုပြီးမြင်ကြ၊ ကြည့်ကြ၊ ဆက်ဆံကြ၊ အရေးတယူပြုနေကြ တာတွေပါ။ ဒါကြောင့်လည်းပဲ လူတွေကြားမှာ အမျိုးမျိုးသော ဘွဲ့ထူးတွေ၊ ရာထူးတွေ၊ ဂုဏ်ထူးတွေ မရှိရှိတာ ရှာကြံတပ်နေကြရတာ ဖြစ်မှာပါ။ ဒီလို မရှိရှိတာ ရှာကြံတပ်ရာကနေပြီး နောက်ဆုံးတော့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးတွေဟာ အကြွားသန်တဲ့ လူမျိုးတွေ ဖြစ်လာပါတော့တယ်။ ငကြွားတွေ ဖြစ်လာပါတော့တယ်။

ကြွားတာကတော့ ကမ်းကုန်အောင်ပါပဲ။ ဘာလေးပဲလုပ်လုပ်၊ ဘာပွဲလေးပဲ လုပ်လုပ် စုံနေအောင်ကို တပ်ပါတော့တယ်။ မင်္ဂလာဆောင်မှာရော၊ မွေးနေ့ပွဲမှာရော၊ ပါတီပွဲတွေမှာရော တပ်လိုက်တဲ့အမြီးတွေ စိုင်းဘုတ်တောင် မဆန့်ဖြစ်ရပါတယ်။ တစ်ချို့ဆို နိုင်ငံခြားမှာသွားပြီး သူများခိုင်းတာ အောက်ခြေသိမ်းလုပ်နေရ တာကိုပဲ ဂုဏ်ယူဝင့်ကြွားစွာ ဘယ်နိုင်ငံ၊ ဘယ်မြို့၊ ဘယ်အလုပ်ရုံမှာ ဘာလိုလို ညာလိုလိုဖြစ်အောင် တပ်လိုက်ကြပါသေးတယ်။ ယုတ်စွအဆုံး သေတာတောင်မှ နာရေးကြောငြာတွေမှာ ရှိသမျှဟာတွေကို ရှာကြံပြီး အမြီးရှည်အောင် လုပ်ကြပါသေးတယ်။ သေတဲ့သူက သေသွားပေမယ့် ကျန်ခဲ့တဲ့သူတွေအတွက်က ကြွားပေးရဦးမှာကိုး။ ကြုံတုန်းဘုန်းဘုန်းတို့လည်း ကြွားလိုက်ရဦးမယ်။ ဘုန်းဘုန်းတို့က နိုင်ငံခြားမှာ နေတာဆိုတော့ နိုင်ငံခြားသားအသိများရဲ့ လိပ်စာကဒ်တွေ၊ မြန်မာပြည်မှာရှိတဲ့ သူတွေရဲ့ လိပ်စာကဒ်တွေ အစုံရှိပါတယ်။ ဒီလိပ်စာကဒ်တွေ ယှဉ်ကြည့်လိုက်တော့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးများရဲ့ ကဒ်တွေက ပိုပြီးစာတွေများနေတာကို တွေ့ရပါတယ်။ ရှင်းအောင်ပြောရရင် နာမည်ရဲ့နောက်မှာ ဘွဲ့၊ ဒီဂရီ၊ ရာထူးဌာနန္တရတွေ အကုန်တပ်ထားတာကို ပြောတာပါ။ နိုင်ငံခြားသားများရဲ့ ကဒ်တွေမှာတော့ အမည်လောက်ပဲတပ်ပြီး လိုအပ်မှ လက်ရှိလုပ်နေတဲ့ နေရာ၊ ရာထူးလေးကို တပ်ကြတာတွေ့ရပါတယ်။ ထားပါတော့…။

အမှန်တော့ ဒီလိုနောက်က ဘွဲ့ထူးဂုဏ်ထူးတွေ တပ်ရတာကလည်း တပ်တဲ့သူတွေက တပ်ချင်လို့တပ်ကြတာ မဟုတ်ပါဘူး။ ခေတ်ကာလ အခြေအနေအရ တပ်ကြရတာပါ။ အထူးသဖြင့် အပေါ်ယံအပြင်ကိုပဲ ကြည့်တတ်တဲ့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးများရဲ့ အကြည့်တွေကြောင့် တပ်ရတာပါ။ ယနေ့ခေတ် မြန်မာလူမျိုးများဟာ အရည်အချင်းထက် အရေအတွက်ကိုပိုပြီး ဦးစားပေးနေတာကြောင့်လည်း တစ်ချို့မတပ်ချင်ပေမယ့် အရေအတွက်လေးတွေ ပြနေရတဲ့ အနေအထားပါ။ ဒါမှလည်း အလုပ်လုပ်တဲ့အခါမှာ အဆင်ပြေချောမွေ့ကြတာပါ။ ကိုယ်ကိုယ်တိုင်က အရည်အချင်းတွေ တဖြည်းဖြည်း နည်းလာကြတော့ သူများကို ကြည့်တဲ့အခါမှာလည်း အဲဒီသူရဲ့ ပင်ကိုယ်အရည်အချင်းထက် နောက်ဆုံးအလွယ်တကူ သိလို့ရတဲ့ နောက်က ဘွဲ့ဒီဂရီလေးတွေကိုပဲကြည့်ပြီး အင်း… ဒီလူကတော့ ဒီလိုတော့ ဖြစ်လိမ့်မယ်လို့ ယူဆကြတော့တာပါ။ ကိုယ်ကိုယ်တိုင်က မသိထားတဲ့အခါကျတော့ ဘွဲ့ထူး၊ ဂုဏ်ထူးရှိတဲ့သူ ပြောတာကိုပဲ အမှန်လို့ မှတ်ယူကြတော့တာပါ။

လူမပြောနဲ့ ဘုန်းကြီးတွေပြောတာကိုလည်း အဲဒီလို တွက်ကြပါတယ်။ ဓမ္မာစရိယ ဘီအေ၊ အမ်မ်အေ စတဲ့ဘွဲ့ရ ဘုန်းကြီးကလည်း ခန္ဓာငါးပါးရှိကြောင်း၊ သစ္စာလေးပါးရှိကြောင်း စတာတွေပြောသလို ဘာဘွဲ့မှ မရတဲ့ ဘုန်းကြီးလည်း တစ်ထပ်တည်းစာပေအတိုင်း ပြောပါတယ်။ အဲဒီအခါမှာ မှတ်သားနာယူ၊ နားထောင်တဲ့သူက ဘယ်လိုတွေးလိုက်လဲဆိုတော့ ``အင်း… ဒီဘုန်းဘုန်းပြောတာက ပိုပြီးမှန်နိုင်တယ်၊ တိကျနိုင်တယ်… ဘာဖြစ်လို့လည်းဆိုတော့ အဲဒီဘုန်းဘုန်းက ဓမ္မာစရိယရော လောကီဘွဲ့တွေရော ရထားတာလေ…``လို့ သူ့အမြင်နဲ့ သူသိသလောက်နဲ့၊ သူရှိတဲ့အရည်အချင်းလောက်နဲ့ တိုင်းတာ ဆုံးဖြတ်လိုက်ပါတယ်။ အမှန်တော့ နှစ်ပါးလုံးတိတိကျကျ မှန်မှန်ကန်ကန် ပြောဆို ဟောပြောကြတာပါ။ ဒါပေမယ့် မြင်တဲ့သူက တရားထက် နောက်က ဂုဏ်ကိုသွားမြင်လိုက်တာပါ။ ဒီလို အခြေအနေမျိုးက မြန်မာပြည်မှာ အများကြီးပါ။ ဒါကြောင့်လည်း လူ့လောကမှာရော ဘုန်းကြီးလောကမှာပါ အရည်အချင်းထက် အရေအတွက်တွေ များအောင် လုပ်လာကြတော့တာပါ။ အဲလိုမှ မလုပ်ရင်လည်း အလုပ်လုပ်တဲ့အခါမှာ အဆင်မပြေကြတော့တဲ့ အနေအထားတွေ ဖြစ်လာပါတယ်။ ဘုန်းဘုန်းတို့ လူမျိုးတွေကလည်း သိတဲ့အတိုင်းပဲ ဘုရားတောင်မှ ရွှေရှိမှ ကိုးကွယ်ချင်ကြတာလေ… ရွှေမရှိတဲ့ဘုရား လူမလာကြပါဘူး။ ဒါကြောင့် လူလာအောင် လူမြင်အောင်ဆိုပြီး နောက်က မရှိရှိတာ ရှာတပ်ကြရခြင်း ဖြစ်ပါတယ်။ တပ်သူရဲ့ အပြစ်မဟုတ်ပါဘူး… မြင်သူတွေက ဒီလိုမြင်လာကြတာကိုး…။ ဒါကြောင့် တစ်ချို့ အလုပ်ကြီးလုပ်တဲ့ ရဟန်းတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ ပထမလူအထင်ကြီးအောင် လုပ်ပြကြရတာပါ။ လူအထင်ကြီးအောင်ဆိုတော့ လူတွေမြင်တတ်တဲ့ ရာထူး၊ ဘွဲ့ထူး၊ ဘာဂုဏ်၊ ညာဂုဏ်တွေ အရင်ပြပြီး ဆွဲဆောင်ကြရတာပါ။ ခုဆိုရင် နောက်က အမြီးတပ်သူတွေများလာတော့ သာမန်အမြီးလောက်နဲ့တောင် မရတော့ဘူး… ဒေါက်တာဆိုလား… ဘာဆိုလားတာတွေတောင် ရအောင်လုပ်ပြီး တပ်လာရပြန်ပါတယ်။ သာမန်ဘွဲ့လောက်ဆို သိပ်ပြီးအထင်ကြီးမှုက မရှိကြလေတော့ ဒေါက်တာဘွဲ့ရအောင် လုပ်လာရပြန်ပါတယ်။ ဒီဘွဲ့တောင်မှ ပြည်တွင်းဘွဲ့ဆို သိပ်အထင်မကြီးလို့ ပြည်ပဘွဲ့ကို ရအောင်လုပ်ရပြန်ပါတယ်။ ဒီလိုသာ လူအထင်ကြီးအောင် လိုက်လုပ်နေရမယ် ဆိုရင်တော့ ဆုံးမှာမဟုတ်တော့ပါဘူး။ လူတွေမြင့်ဖို့အတွက် ဂုဏ်တွေရှိအောင် လုပ်နေရမယ်ဆိုရင် ပြီးမှာမဟုတ်တော့ပါဘူး။

တကယ်တော့ ဘုန်းဘုန်းတို့ လူတွေဟာ အမြင်တွေလွဲနေကြတာပါ။ မှန်ပါတယ်။ ဘာသာတရား ရှုထောင့်ကကြည့်ရင်လည်း ဂုဏ်ကိုကြည့်ရပါမယ်။ မြင်တတ်ရပါမယ်။ ကိုယ်ကိုးကွယ် ဆည်းကပ်မယ့် ပုဂ္ဂိုလ်ရဲ့ ဂုဏ်ကိုကြည့်ပြီး ကိုးကွယ်တတ်ရပါမယ်။ ဒါပေမယ့် ဒီကနေ့ လူတွေမြင်ကြတဲ့ ဘွဲ့ထူး၊ ရာထူးဂုဏ်၊ ငွေဂုဏ်ကြေးဂုဏ်၊ ကျော်ကြားမှုဂုဏ်တွေ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ရော၊ ကိုယ်အထင်ကြီးခံ၊ ကိုးကွယ်ခံမယ့်သူများ ပြည့်စုံရမယ့်၊ ရှိသင့်တဲ့ဂုဏ်တွေက ကိုယ်ကျင့်သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေပါ။ ဒီဂုဏ်တွေကသာ တကယ့်စစ်မှန်တဲ့ ဂုဏ်တွေပါ။ ဒေါက်တာတွေ၊ လောကသတ်မှတ်ထားတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ ဘယ်လောက်ပဲ ရရှိနေပါစေ ကိုယ်ကျင့်သီလမကောင်းဘူး၊ အကျင့်စရိုက်မကောင်းဘူးဆိုရင် ရထားတဲ့ ဘွဲ့ဒီဂရီတွေဆိုတာ အလကားပါ။ ဒီလို ကိုယ်ကျင့်သီလမကောင်းဘဲ တခြားဘွဲ့တွေနဲ့ အထက်ရောက်နေခဲ့မယ်ဆိုလည်း ခဏပါပဲ။ မမြဲပါဘူး။ ကိုယ်ကျင့်သီလမြဲမှ ကိုယ်လည်းမြဲမှာပါ။ ဒီလို သီလ၊ သမာဓိ၊ ပညာဂုဏ်တွေ ရှိနေမယ်၊ ပြည့်စုံနေမယ်ဆိုပါက တစ်ခြားအရာတွေဟာ တောင့်တစရာ မလိုဘဲ အလိုလိုရောက်လာမှာပါ။ အဓိကကတော့ ကိုယ့်ကိုယ်ကို အကျင့်သီလဂုဏ်ရှိအောင် အရင်ကြိုးစားဖို့ လိုပါတယ်။ ဒီဂုဏ်တွေသာ ရှိထားမယ်ဆိုရင် လူအထင်ကြီးအောင်၊ ထင်ပေါ်ကျော်ကြားအောင် တကူးတက လုပ်စရာကို မလိုဘဲ သူ့အလိုလို လှူဒါန်းပေးကမ်း၊ ပူဇော်ချီးမြှောက်မယ့်သူတွေ ရရှိ၊ ရောက်ရှိလာမှာပါ။

အမှန်တော့ ဂုဏ်ရှိမှ လူရာဝင်တဲ့၊ လူအထင်ကြီးတဲ့ လောကကြီးမှာ လူတွေအထင်ကြီးဖို့အတွက် ဘွဲ့ထူးရာထူး၊ ဂုဏ်ထူးတွေ ရအောင်၊ များအောင် ကြိုးစားတာထက် ကိုယ့်ကိုယ်ကို ကိုယ်အထင်ကြီးနိုင်အောင်၊ ကိုယ့်ကိုယ်ကို ကိုယ်ကြည့်ညိုနိုင်အောင် အရင်လုပ်ဖို့လိုပါတယ်။ လောကလူသားတွေကတော့ ကိုယ့်ရဲ့နောက်က အမြီးကိုကြည့်ပြီး အထင်ကြီးတတ်ကြပေမယ့် ကိုယ့်ကိုယ်ကိုကတော့ ဒီဂုဏ်တွေထက် ကိုယ်ကိုယ်တိုင်ပဲ သိနိုင်တဲ့ ``ငါဘယ်လောက် အကျင့်သီလကောင်းတယ်`` ဆိုတဲ့ အချက်ကသာ အထင်ကြီးနိုင်၊ ကြည်ညိုနိုင်တာပါ။ ဒါကြောင့် ``လောကလူတွေ မြင်ဖို့မလိုပါဘူး၊ ကိုယ့်ကိုယ်ကို မြင်ဖို့လိုပါတယ်။ လောကလူတွေ အထင်ကြီးဖို့ မလိုပါဘူး ကိုယ့်ကိုယ်ကိုသာ အထင်ကြီးဖို့လိုပါတယ်။ လောကလူတွေ ကြည်ညိုအောင် ကြိုးစားဖို့ မလိုပါဘူး၊ ကိုယ့်ကိုယ်ကိုသာ ကြည်ညိုနိုင်အောင် ကြိုးစားဖို့ လိုပါတယ်။`` လို့ ဆိုလိုက်ရခြင်း ဖြစ်ပါတယ်။ အာလုံး ကိုယ့်ကိုယ်ကို ကြည်ညိုနိုင်ကြပါစေ…

2 မှတ်ချက်များ (...ရေးရန်):

  • Dr Phyo Wai Kyaw says:
    Monday, May 04, 2009

    ခပ်ငယ်ငယ်တုန်းက အချို့သော ကိုယ့်ထက်ကြီးတဲ့ ပုဂ္ဂိုလ်ကြီးတွေက လူရိုးဟာ သချိုင်းမှာပဲရှိတယ် လို့ မကြာခဏပြောသံကြားရတယ်။(စကားလုံး အတွက် သည်းခံပါ့ဘုရား)သူတို့က အဲဒီလိုခံယူထား ဟန်တူပါတယ်။

    အဲဒီနောက်တော့ အားလုံး ပျက်စီးတော့တာပဲ။ ယခုတော့ သံဃာတော်များရဲ့ တရား စာအုပ်နဲ့ တခြား မီဒီယာတွေကြောင့် ဗုဒ္ဓ၀ါဒ ခံယူချက်အမှန်တွေ နားရည်ဝလာရတော့ ကိုယ်ကျင့်နဲ့ပတ်သက်ရင် အဆိုပါပုဂ္ဂိုလ်ကြီးတွေ နည်းနည်းတော့ မြင့်မား လာပြီနဲ့တူပါရဲ့။

    တပည့်တော်ကတော့ ကိုယ်ကျင့်သီလကောင်းတဲ့ ပုဂ္ဂိုလ်တွေအများကြီးကြုံခဲ့ရလို့ အလုပ်တွေလည်း တွဲလုပ်ခဲ့ရလို့ ၀မ်းသာခဲ့ရပါတယ်။

    ယခုလို အငြင်းအခုန်များတဲ့ခေတ်မှာ ကိုယ်တိုင်ကလည်း ကိုယ်ကျင့်သီလကောင်းသင့်သလို ကိုယ်ကျင့်သီလရှိတဲ့ ပုဂ္ဂိုလ်ကို ရွေးချယ်ပေါင်းသင်းဖို့ ပိုအရေးကြီးမယ် ထင်ပါရဲ့ဘုရား။ ကိုယ်ကျင့်မကောင်းတဲ့ သူရဲ့စကားနောက်ကို လိုက်မိတဲ့လူတွေ ဒုက္ခ ရောက်ကြရတာ တွေ့ရတယ်ဘုရား။

    ဦးတင်ပါသည်ဘုရား
    (သီလ အကြောင်းကို မကြာခဏလေး မိန့်ကြားပေးပါဘုရား။ တပည့်တော် အမြင်ထဲက လိုအပ်ချက်များကိုလည်း ပြုပြင် ဆုံးမတော်မူပါ။)

  • Anonymous says:
    Wednesday, May 06, 2009

    ပုထုဇင်လူသားတွေအားလုံးဟာ ဂုဏ်ပုဒ် အမျိုးအပေါ် မှာ သာယာနေတတ်ကြတာ မှန်ပါတယ်ဘုရား။ကြွားဝါ တတ်သောလူပုဂ္ဂိုလ် များကစခဲ့ကြတော့ အခုလောကကြီးက နောက်တွဲလေးတွေနဲ့မှ တင့်တယ်ကုန်ကြတာပါပဲဘုရား။ လူသာမာန်မဆိုထားနဲ့ ရဟန်းတော်များပင် မိမိ ထံမှာ ဘယ်အရာရှိဒါယကာ၊ ဒါယိကာမ ကဖြင့် ကျောင်းမှာ ဘယ်လိုလှူထားတယ် ဆိုတာ ဖေါ်ပြနေကြတာ ပါပဲဘုရား။ တပည့်တော်တို့ နိုင်ငံခြားမှာလဲ ဒီလိုပါပဲ...ကျောင်းထဲမှာ ပစ္စည်းတွေကို ဘယ်သူကဖြင့် ဘယ်လို လှူထားတယ်ဆိုတာ စာလုံးကြီးကြီးတွေနဲ့ ကြေငြာထားတာ မြင်ဘူးပါတယ်ဘုရား။ သင့်တော်ရုံ ကြည့်ကောင်းအောင် မဟုတ်တော့ဘဲ ပြူးပြူးပြဲပြဲ ကြီးကို ရေးကြလေတော့ နိုင်ငံခြားသားတွေ ကျောင်း လာတဲ့အခါ မျက်စိရှုတ်စရာတွေ ဖြစ်နေတာပေါ့ ဘုရား။ခေတ်မီနေတဲ့ နိုင်ငံခြားမှာ ရှိတဲ့ ကျောင်းမှာ ခေတ်မီမော်ဒန် ပစ္စည်းတွေတော့ ပြည့်စုံပါ၇ဲ့ ခေတ်မမီတဲ့ နိုင်ငံက လာပြီးလှူကြတာဆိုတော့ ခေတ်မမီတဲ့ အပြင်အဆင်တွေ ဖြစ်ကုန်တာပေါ့ဘုရား။ ခက်တာကလဲ ကျောင်းလူကြီးတွေက အဲဒီလို ပြူးပြူးပြဲပြဲ ကြေငြာပေးမှ အလှူရှင်ပီတိဖြစ်ဆိုပဲ ဘုရား။ လိုတာထက်ပိုရင် ကောင်းပါ့မလားဘု၇ား။
    အရှင်ဘု၇ားမိန့်သလို သီလ၊သမာဓိ၊ပညာ ဂုဏ်နဲ့ နောက်မှီးတွဲပါ ဂုဏ်တွေ ကို ပိုင်းပိုင်ခြားခြားသိအောင် အခုလို ဆုံးမတာ ကျေးဇူးတင်ပါတယ်ဘုရား။အရှင်ဘုရား ကို ဦးတင်ပါတယ်ဘု၇ား။


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ